← Chapters

အခန်း ၁၅၇၈

Vol. 106 Ch. 1578

အခန်း ၁၅၇၈

Vol. 106 Ch. 1578

Chapter 1578 အင်ပါယာ လွတ်လပ်ရေး ရခြင်း

“စစ်နတ်ဘုရားအိုကြီး”

စစ်နတ်ဘုရားအိုကြီး၏ ခန္ဓာကိုယ် မြေကြီးပေါ် လဲကျသွားသောအခါ လုံခွေနှင့် အခြားသူများ ပြိုင်တူ ငိုကြွေးလာကြသည်။

လုံခွေက အရင်ပြေးတက်သွားပြီး စစ်နတ်ဘုရားအိုကြီးကို ပွေ့၍ ရင်ဘတ်ထဲထည့်ကာ ဖက်ထားပြီး ယဲ့ဖန်အား မုန်းတီးသော အကြည့်ဖြင့် ကြည့်နေသည်။

ယဲ့ဖန်၏ ရက်စက်မှုနှင့်ပတ်သက်၍ အပြစ်တင်နေသလိုပင်။ သို့သော် ယဲ့ဖန်က မသိချင်ယောင်ဆောင်၍ ဓားကို ဓားအိမ်ထဲ ထည့်ကာ နောက်လှည့်၍ ထွက်သွားရန် ပြင်လေသည်။

“တိရစ္ဆာန်ကောင်၊ နင်က တိရစ္ဆာန်ကောင်၊ နင့်ကို ရှိသမျှ နည်းလမ်းတိုင်းနဲ့ ကာကွယ်ပေးခဲ့မိလို့ ကျေးဇူးပဲ သိလား”

လုံခွေက ယဲ့ဖန်ကို အော်ပြောလေသည်။

“ကြိမ်းမောင်းမနေနဲ့”

ပိုင်ရွှယ်က သူ့ကို ချက်ချင်း မာန်မဲလိုက်ပြီး အေးစက်စက် မျက်နှာနှင့် ပြောလိုက်သည်။

“ဒီလို လက်နက်မဲ့ အဘိုးအိုတစ်ယောက်ကို သတ်လို့ရလို့ သူရော အဆင်ပြေမယ်လို့ နင် ထင်နေလား”

“ခုနက စစ်နတ်ဘုရားအိုကြီးက သူ့ကို သတ်ပေးဖို့ ယဲ့ဖန်ကို တောင်းပန်နေတာ နင် မကြားလိုက်ဘူးလား၊ ဘာလို့ စစ်နတ်ဘုရားအိုကြီးက ယဲ့ဖန်ကို သူ့ကို သတ်ပေးဖို့ တောင်းဆိုတာလဲဆိုတာကို နင် တွေးကြည့်ဖူးလား”

ထိုစကားကြောင့် လုံခွေ မှင်တက်သွားသည်။

“ဘာလို့လဲဆိုတာ ယဲ့ဖန်သာလျင် အဲ့လိုလုပ်နိုင်တယ်ဆိုတာကို သူ သိလို့ပဲ၊ ယဲ့ဖန်က အခြားသူတစ်ယောက်ကို လုပ်ဖို့ ခိုင်းလိုက်လို့ ရတယ်၊ ဒါပေမဲ့ သူ အဲ့လိုမလုပ်ဘူး၊ သူ စစ်နတ်ဘုရားအိုကြီးကို မစော်ကားချင်လို့ သူကိုယ်တိုင် လုပ်ခဲ့တာပဲ”

“သူတောင်မှ နင်တို့အားလုံး သူ့ကို မုန်းမယ်ဆိုတာ သိတယ်၊ ဒီအတွက်ကြောင့်နဲ့ နင်တို့ သူ့ကို မုန်းမယ်ဆိုတာ စစ်နတ်ဘုရားအိုကြီး သိပင်မယ့်လည်း ယဲ့ဖန်ကို ဒီလိုလုပ်ခွင့်ပေးခဲ့သေးတယ်၊ ယဲ့ဖန်က အဲ့လောက် ကံဆိုးထိုက်လို့လား”

ပိုင်ရွှယ် အော်လုနီးပါး ဖြစ်နေသည်။ လုံခွေ မှင်တက်သွားသည်။ သူ့လက်မောင်းပေါ်မှ စစ်နတ်ဘုရားအိုကြီး၏ တည်ငြိမ်သော အပြုံးကို မြင်ပြီးနောက် သူမ အသိစိတ် လွတ်သွားလေသည်။

ပိုင်ရွှယ်ကလည်း စစ်နတ်ဘုရားအိုကြီးကို ကြည့်နေသည်။

“သူ အရမ်း ပင်ပန်းနေပြီ၊ သူ တစ်ဘဝလုံး တော်ဝင်မိသားစုအတွက် ကြိုးစားခဲ့တယ်၊ ဒါက သူ လိုချင်တဲ့ အသက်ရှူပေါက်လည်း ဖြစ်ချင်ဖြစ်မှာပဲ”

လုံခွေ ပြိုလဲသွားပြီး ထပ်မံ၍ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာသည်။ စစ်နတ်ဘုရားအိုကြီး၏ မျက်နှာပေါ်မှ အပြုံးက အရာအားလုံးကို ရှင်းပြနေလေပြီ။

လုံခွေသည် စစ်နတ်ဘုရားအိုကြီး ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သော မိဘမဲ့တစ်ယောက် ဖြစ်ပြီး သူမအတွက် စစ်နတ်ဘုရားအိုကြီးက သူမဖခင်လိုပင်။

ယခု သူမမျက်စိရှေ့၌ သူမဖခင် သေသွားသည်ကို ကြည့်နေရပြီး သူမ ဘာမှမတတ်နိုင်ခဲ့ချေ။ ပို၍ ဝမ်းနည်းစရာ ကောင်းသည်က သူမ မည်သူ့ကို မုန်းတီးရမလဲ မသိတော့ခြင်းပင်။

“နင် တစ်ယောက်ယောက်ကို မုန်းချင်တယ်ဆိုရင် သူ့ကိုမုန်း”

ပိုင်ရွှယ်က ပိုင်ကျန့်ချင်းအား ခက်ထန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ လုံခွေကလည်း ပိုင်ကျန့်ချင်းကို ကြည့်လာသည်။

ဤမြင်ကွင်းက ပိုင်ကျန့်ချင်းအား ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

“စစ်နတ်ဘုရားအိုကြီးကို ယဲ့ဖန်နဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ခိုင်းခဲ့တာ သူပဲ၊ ပြိးတော့ စစ်နတ်ဘုရားအိုကြီး တော်ဝင်မိသားစုအပေါ် ယုံကြည်မှု ပျောက်သွားအောင် လုပ်ခဲ့တာလည်း သူပဲ၊ အဲ့ဒါကြောင့် သူ သေသင့်တယ်၊ အရာအားလုံးက သူ့ကြောင့်ဖြစ်တာ”

ပိုင်ကျန့်ချင်း၏ လုပ်ရပ်များကြောင့်သာ မဟုတ်လျင် စစ်နတ်ဘုရားသည် တော်ဝင်မိသားစုနှင့် အင်ပါယာ တစ်ခုလုံးအပေါ်မှာတောင်မှ ယုံကြည်မှု ပျောက်ဆုံးသွားမည် မဟုတ်ပါ။

စစ်နတ်ဘုရားအိုကြီးသည် နိုင်ငံနှင့်လူမျိုးအတွက်သာလျင် အမှုထမ်းချင်ခဲ့ပြီး နတ်ရွာစံ ဧကရာဇ်၏ ယုံကြည်ကိုးစားခြင်း ခံခဲ့ရသည်။ သို့သော် အင်ပါယာက ငရဲခန်းအလား ဖြစ်လာသည်ကို သူ မြင်ခဲ့ရပြီး အရာအားလုံးကို ဖန်တီးခဲ့သည့် လူသတ်သမားက တော်ဝင်မျိုးနွယ် ဖြစ်နေခဲ့၏။

တော်ဝင်မိသားစု တစ်ခုလုံးကို သူ စိတ်ပျက်သွားခဲ့လေသည်။ သို့သော် အနာကျင်ရဆုံး အရာမှာ သူ ပိုင်ကျန့်ချင်းကို သတ်ချင်သည့် ရည်ရွယ်ချက် ရှိခဲ့သော်လည်း နတ်ရွာစံ ဧကရာဇ်အပေါ် ထားရှိသော သူ့သစ္စာတရားကြောင့် အရာအားလုံး သူ့ရှေ့၌ ဖြစ်ပျက်နေသည်ကို ကြည့်သာ ကြည့်နေခဲ့ရသည်။

နောက်ဆုံးတွင် သူသည် သူ့ကိုယ်သူ ဤနည်းဖြင့် အဆုံးသတ်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ တော်ဝင်မိသားစုက သူ ဆက်လက်၍ သစ္စာမခံနိုင်တော့အောင် ပြုလုပ်ခဲ့သောကြောင့်ပင်တည်း။

ထိုစကားကိုကြားပြီး ပိုင်ကျန့်ချင်း ငိုချင်သွားသည်။ လူတိုင်း၏ ကြမ်းကြုတ်၍ နာကျည်းသော အကြည့်များက သူ့ပေါ် ကျရောက်နေ၏။ မသိလျင် သူ့အား အပိုင်းပိုင်း ခုတ်ထစ်ချင်နေသလိုပင်။

ပေါင်လုံအဖွဲ့ဝင်တစ်သိုက်က ရှေ့သို့ ပြေးတက်လာသော်လည်း လုံခွေ၏ တားဆီးခြင်း ခံလိုက်ရသည်။ လုံခွေ၏ မျက်လုံးများက အေးစက်ခက်ထန်နေပြီး တစ်လုံးချင်း ပြောလာသည်။

“အားလုံး နောက်ဆုတ်၊ သူ့ကို ဒီလို သတ်တာက အပေါစား ဆန်မနေဘူးလား”

“ငါ သူ့ကို သေတဲ့အထိ နည်းနည်းစီ နှိပ်စက်မှာ”

ပိုင်ကျန့်ချင်း၏ မျက်နှာက သွေးမရှိတော့သလို ဖြူရော်သွားပြီး အကြောက်လွန်၍ ကျင်ငယ်ရည် ထွက်ကျလုနီးပါး ဖြစ်သွားလေသည်။

ထိုအခိုက်တွင် သူ၏ မသိစိတ်က နာကျင်မှုကို ရှောင်ရှားရန် ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသင့်ကြောင်း ပြောနေသည်။ သို့သော် သူ့၌ ထိုသို့လုပ်ရဲသည့် သတ္တိ မရှိပေ။

ထိုစဉ် ယဲ့ဖန်က တော်ဝင်မြို့တော် အလယ်၌ ရပ်နေပြီး ရှုဖူအား မေးလိုက်သည်။

“အစီအရင်က အသင့်ဖြစ်ပြီလား”

ရှုဖူ ခေါင်းညိတ်လေသည်။

“ကျွန်တော်မျိုးက ဒီအစီအရင်ကနေ ပြန်မွေးဖွားလာတာပါ၊ အရှင့်ရဲ့ လက်ရှိ အခြေအနေနဲ့ဆို ဒီမဟာအစီအရင်အတွင်း အသက်ပြန်သွင်းတာက ပြဿနာ မရှိပါဘူး”

ယဲ့ဖန် ပြုံးလိုက်သည်။

“ရှုဖူ ငါ့ဘေးမှာ မင်း ရှိတာ သိပ်ကောင်းတယ်”

အကြောင်းမှာ ရှုဖူသည် သူ့အတွက် အရာအားလုံးကို အမြဲ အရင် စဉ်းစားလေ့ ရှိသောကြောင့်ပင်။

“အရှင်က ကျွန်တော့်ကို မြှောက်နေပြန်ပါပြီ”

ရှုဖူ ဝမ်းသာ ကြည်နူးသွားသည်။ ယဲ့ဖန် ခြေတစ်ဖက် ဆောင့်နင်းလိုက်ပြီး မြေကြီးထဲသို့ ထည်ဝါသော စွမ်းအင်တစ်ခု စိမ့်ဝင်သွားပြီး မဟာ အစီအရင်အတွင်း စီးဝင်သွားလေသည်။

ထို့နောက် မဟာ အစီအရင်သည် အသက်ဝင်လာပုံရပြီး ကြီးမားသော နတ်ဘုရားစွမ်းအင်က ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အလင်းတန်းက တစ်လောကလုံးသို့ ထိုးဖောက်သွားသည်။

“ဘုတ် ဘုတ်”

ထို့နောက် အလင်းတန်းမှတစ်ဆင့် ကောင်းကင်ယံမှနေ၍ လူရိပ်များက ဖက်ထုပ်သဖွယ် ပြုတ်ကျလာသည်။

“ဒါက …”

ထန်မင်လီ၊ ကင်းမြီးကောက် လူသတ်သမား၊ နလန်ရှောင်နှင့် အခြားသူများအားလုံး မှင်တက်သွားသည်။ သူတို့ သေသွားပြီသော်လည်း ယခု ဘယ်လိုလုပ် အသက်ပြန်ရှင်လာရသနည်း။

ထို့နောက် မြေအောက်လောက ဘုရင်မနှင့် ဧကရာဇ် ယွီရှန်တို့၏ အလောင်းများကို သူတို့ မြင်လိုက်ပြီး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ သူတို့၏ မျက်လုံးတွင် မယုံနိုင်ဟန်များ ပြည့်နှက်လာ၏။ ဤသည်ကို ယုံနိုင်ပုံ မရချေ။

*ဘယ်လိုဖြစ်တာလဲ*

*ဒီလင်မယားက ဘယ်လိုလုပ် သေသွားတာလဲ*

ထိုစဉ် သူတို့သည် အနက်ရောင် နဂါးဝတ်ရုံ ဝတ်ထားသော အမျိုးသားတစ်ယောက်က သူတို့ကို ကျောပေးရပ် နေသည်ကို တွေ့လိုက်ရသည်။ ထိုသူတွင် ထည်ဝါသော အရှိန်အဝါနှင့် ကြံ့ခိုင်သော ရုပ်ခန္ဓာတို့ ရှိလေသည်။ သူ့တွင် မမြင်ရသော မောက်မာဟန် စီးမျောနေသည်။

“ဧကန္တ အဲ့ခွေးလင်မယားကို သူ သတ်လိုက်တာများလား”

နလန်ရှောင်က မသေချာ မရေရာစွာ မေးခွန်းထုတ်လာသည်။

“အဲ့ဒါပဲ ဖြစ်ရမယ်၊ ဒီလို လောကကိုတောင် လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါမျိုးက အံ့ဩဖို့ကောင်းတယ်”

ထန်မင်လီက အခိုင်အမာ ခေါင်းညိတ်ထောက်ခံပြီးနောက် ယဲ့ဖန်ထံ လျှောက်သွားသည်။ ထို့နောက် သူက ယဲ့ဖန်အား လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေ ပေးလိုက်သည်။

“ခင်ဗျားရဲ့ အကူအညီအတွက် တောင်းပန်ပါတယ်၊ လေးစားရတဲ့ ခင်ဗျားရဲ့ နာမည်ကို မေးလို့ရမလား”

ယဲ့ဖန်က နောက်သို့ တဖြည်းဖြည်း လှည့်လာသည်။ ယဲ့ဖန်၏ မျက်နှာကို မြင်လိုက်ရသော အခိုက်တွင် ထန်မင်လီ ကြက်သေ သေသွားသည်။

နလန်ရှောင်နှင့် အခြားသူများအားလုံးလည်း နားဝေတိမ်တောင်ဖြစ်ကာ သူတို့ မြင်နေရသော အရာကို မယုံနိုင် ဖြစ်နေကြသည်။

“အရှင်မင်းမြတ် … အရှင်မင်းမြတ်”

“ဒါ တကယ်ပဲလား၊ ငါ အိပ်မက် မက်နေတာ မဟုတ်ဘူးမလား”

“မဟုတ်ဘူး၊ ဒါ အိပ်မက်မဟုတ်ဘူး၊ ငါလည်း မြင်နေရတယ်၊ ဒါ အရှင်မင်းမြတ်၊ ဒါ တကယ်ပဲ အရှင်မင်းမြတ်ပဲ”

လူတိုင်း တအံ့တဩ အော်ဟစ်လာသည်။ လူတစ်ယောက်ပြီး တစ်ယောက် ပြန်ရှင်လာပြီး ယဲ့ဖန်ကို တွေ့သည်နှင့် အငေးသား ဖြစ်သွားကြသည်။

“တကယ်ပဲ ခင်ဗျားလား၊ တကယ်ပဲ ခင်ဗျားလား”

ထန်မင်လီ တုန်လှုပ်နေပြီး မယုံနိုင်သော မျက်လုံးများဖြင့် ယဲ့ဖန်ထံ တစ်လှမ်းချင်း လှမ်းသွားသည်။ သူသည် တုန်ယင်နေသော လက်များဖြင့် ယဲ့ဖန်၏ လက်ကို ကိုင်ကြည့်သည်။ ယဲ့ဖန်၏ လက်ကို ထိကြည့်ပြီးနောက် သူ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းတော့သည်။

“အရှင်မင်းမြတ် ခင်ဗျား တကယ် ပြန်လာတာပဲ၊ ကျုပ်တို့ အချိန်အတော်ကြာအောင် စောင့်နေခဲ့တာ”

“အရှင်မင်းမြတ်”

ချက်ချင်းဆိုသလိုပင် လူအများသည် မြေကြီးပေါ် ဒူးထောက်၍ ယဲ့ဖန်အား အရိုအသေ ပေးလာကြသည်။ သူတို့အားလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလျက် ရှိသည်။

ယဲ့ဖန် တကယ် ပြန်လာလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပါ။

“ပြီးခဲ့တဲ့ သုံးနှစ်လုံး မင်းတို့ ပင်ပန်းသွားခဲ့ပြီ”

ယဲ့ဖန်သည် သူ့အရှေ့မှ လူလေးသောင်းကို ကြည့်၍ ဆက်ပြောလိုက်သည်။

“အခု ဒုက္ခတွေ ပြီးသွားပြီ၊ မင်းတို့အားလုံး လွတ်လပ်ပြီ”

“အရှင်မင်းမြတ် ကျွန်တော်တို့ လွတ်လပ်မှုကို မလိုအပ်ပါဘူး၊ ကျွန်တော်တို့ အရှင့်ကို တစ်သက်လုံး ခစားချင်ပါတယ်”

“ဟုတ်ပါတယ် အရှင်မင်းမြတ် ကျွန်တော်တို့ ဘာလွတ်လပ်မှုကိုမှ မလိုပါဘူး၊ ကျွန်တော်တို့ အရှင့်နောက် လိုက်ပြီး တိုက်ပွဲတွေ ဆင်နွှဲချင်ပါသေးတယ်”

လူတိုင်း မထွက်သွားချင်စိတ်ဖြင့် ပြောလာသည်။

စစ်ပွဲ ပြီးသွားပြီ ဖြစ်သဖြင့် သူတို့ အဖွဲ့ဖျက်သိမ်း၍ သူတို့နေရပ်သို့ ပြန်သွားကာ သူတို့မိသားစုဖြင့် အေးအေးချမ်းချမ်း နေနိုင်လေပြီ။ သို့သော် သူတို့က ထွက်မသွားချင်ကြချေ။

“ကောင်းပြီလေ၊ မင်းတို့က အသက်ထက်ဆုံး သစ္စာစောင့်သိချင်မှတော့ ငါကလည်း ပြန်ပေးဆပ်ရတာပေါ့”

ယဲ့ဖန်က မျက်ရည်ဖြင့် ရယ်ကာ ပြောလိုက်သည်။

“အရှင်မင်းမြတ် အသက်ရှည်ပါစေ”

“အရှင်မင်းမြတ် အသက်ရှည်ပါစေ”

“အရှင်မင်းမြတ် အသက်ရှည်ပါစေ”

လူတိုင်း သံပြိုင် ဟစ်ကြွေးကြပြီး မျက်ရည်များနှင့်အတူ ရယ်မော၍ စိတ်လှုပ်ရှားနေကြသည်။

ညဉ့်နက်ချိန်တွင် အင်ပါယာတစ်ခွင်မှ ဖန်သားပြင်မှတွင် မြင်ကွင်းတစ်ခု ပေါ်လာပြီး အမျိုးသားတစ်ယောက်၏ မျက်နှာ ပေါ်လာလေသည်။

သူသည် အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ထည်ဝါခံ့ညားမှု အပြည့်ရှိပြီး ကြောက်စရာကောင်းသည်။

ထိုအခိုက်တွင် လူတိုင်း ခေါင်းမော့လာပြီး ဖန်သားပြင်အား တအံ့တဩ ကြည့်လာကြသည်။ သူတို့၏ မျက်နှာတွင် ကြောက်ရွံစိတ်နှင့် မျှော်လင့်ချက်မဲ့စိတ်များ ရှိနေသေးသည်။

အပျက်အစီးများကြား၌ နေပြီး နေ့တိုင်း အကြောက်တရား၏ နှိပ်စက်ခြင်း ခံရကာ မိစ္ဆာများ စားသည်ကို ခံရမည်ကို စိုးရိမ်နေရပြီး အသက်ရှင်ချင်စိတ် ပျောက်ဆုံးကာ ဖုတ်ကောင်များသဖွယ် ဖြစ်နေကြသည်။

ကလေးငယ်များ၏ မျက်နှာတွင်တောင်မှ ကလေးသဘာဝ ဖြူစင်ဟန် ပျောက်ဆုံးကာ ထိတ်လန့်စိတ်နှင့် ငေးကြောင်ကြောင် ဖြစ်စိတ်တို့သာ ပေါ်နေသည်။

လွန်ခဲ့သော သုံးနှစ်၏ အင်ပါယာအတွင်းမှ ဖရိုဖရဲဖြစ်မှုများက ပြည်သူများကို ဒုက္ခအလုံးစုံ ကြုံတွေ့ခံစားရစေ၏။ ချစ်သူများ၊ မိတ်ဆွေများ၊ မိသားစုများ ဆုံးရှုံးရသည့် နာကျင်မှုက ဘယ်သောအခါမှ ပြီးဆုံးမလဲ မသိကြပေ။

“မေမေ သူက ဘယ်သူလဲ”

ကောင်လေးတစ်ယောက်က မေးလာသည်။

“အမေ မသိဘူး”

အမျိုးသမီးက ခေါင်းခါလေသည်။ သို့သော် ယဲ့ဖန်ကို မြင်လိုက်ရချိန်တွင် ကြီးမားသော တစ်စုံတစ်ရာ ဖြစ်တော့မည်ဟု သူမ သိလိုက်သည်။ ထို့ကြောင့် သူမ တုန်လှုပ်နေမိသည်။

သူမသည်သာမက နိုင်ငံအတွင်း အသက်ရှင်နေ‌သေးသော ပြည်သူများသည် ယင်းကို သတိထားမိပြီး ဖန်သားပြင်ရှေ့၌ စုဝေးလာကာ ဖန်သားပြင်ပေါ်မှ ယဲ့ဖန်ကို ငေးကြည့်လာကြသည်။

“ငါက ယဲ့ဘုရင်ပဲ”

သူ စကားစလိုက်သည်နှင့် တစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

“ယဲ့ယဲ့ … ယဲ့ဘုရင်လား”

“ဘယ်လိုလုပ်၊ သူ မသေဘူးလား”

အင်ပါယာတွင်းမှ လူများအားလုံး အံ့ဩကုန်သည်။

*ဒီလူက လွန်ခဲ့တဲ့ သုံးနှစ်က သေသွားတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ဖန်သားပြင်မှာ ပေါ်လာတာလဲ”

ဤလူသည် ဧကရာဇ် ယွီရှန်နှင့် သူ့ဇနီးတို့ကို ယှဉ်နိုင်ချေ အများဆုံး ရှိသော လူဟု ကျော်ကြားသူ ဖြစ်သဖြင့် သူတို့ မျှော်လင့်ချက် ပြန်ပေါ်လာသည်။

“မဟုတ်မှလွဲရော နတ်ဘုရားတွေက ငါတို့ ဆုတောင်းကို ကြားပြီး ငါတို့ကို ကယ်တင်အောင်လို့ သူ့ကို ပြန်အသက်သွင်း လိုက်တာများလား”

ယဲ့ဖန် ပြန်ရှင်လာပြီး ဧကရာဇ် ယွီရှန်နှင့် သူ့မိန်းမကိုသတ်ကာ အင်ပါယာ လွတ်လပ်ရေး ရအောင် ယူဆောင်ပေးပါစေဟု သူတို့ အမြဲမပြတ် ဆုတောင်းမိသည်။ ယခု အိပ်မက်က တကယ် ဖြစ်လာလေပြီ။

“ကောင်းတယ်၊ ယဲ့ဘုရင် ပြန်လာပြီ၊ သူ စစ်သည် စုဆောင်းပြီး မြေအောက်လောက ဘုရင်မကို တိုက်ခိုက်မှာပဲ”

“ငါ သွားမယ်၊ ငါ သူ့ဆီ သွားခစားမယ်၊ ငါ သူ့ရဲ့ လက်သည်းခွံ ဖြစ်ပေးမယ်၊ သူ့အတွက် တိုက်ခိုက်မယ်”

“သမီးရေ နောက်ဆုံးတော့ အဖေ သမီးအတွက် လက်စားချေနိုင်မယ့် အခွင့်အရေး ရလာပြီ”

လူတိုင်း မျှော်လင့်ချက် ရောင်ခြည်ကို ပြန်မြင်ရသကဲ့သို့ ဖြစ်သွားပြီး အံ့ဩကာ ကျေနပ်သွားကြသည်။ သူတို့ တစ်ကိုယ်လုံး တုန်ယင်နေသည်။

ထို့အပြင် သူတို့သည် ယဲ့ဖန်နောက် လိုက်ပါ၍ သူ့အား တော်လှန်ရေးကို အတူတူ ပြန်စနိုင်အောင် ကူညီချင် နေကြသည်။

သို့သော် သူတို့ စကားအဆုံး၌ ယဲ့ဖန်၏ အသံ ပြန်ထွက်လာသည်။

“စစ်ပွဲ ပြီးသွားပြီ”

“မင်းတို့အားလုံး လွတ်လပ်သွားပြီ”

*ဘာ*

လူတိုင်း အံ့ဩသွားလေသည်။

*ယဲ့ဖန် ဘာပြောချင်တာလဲ*

*ဘာက ပြီးသွားတာ၊ ဘာကို လွတ်လပ်သွားတာလဲ*

ထို့နောက် ယဲ့ဖန်က ဖြည်းဖြည်းချင်း နေရာမှ ဖယ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဧကရာဇ် ယွီရှန်နှင့် သူ့မိန်းမ၏ ဦးခေါင်းများအား တော်ဝင်မြို့တော်၏ မြို့တံတိုင်း၌ ကြိုးဖြင့် ချည်နှောင်ချိတ်ဆွဲထားသည်ကို လူတိုင်း တွေ့လိုက်ရသည်။

ထိုနေရာတွင် တော်ဝင်စစ်သားများ၏ ခေါင်းပြတ်များ ရှိသည်။ ရင်မိသားစုဝင်များ၏ ခေါင်းပြတ်များလည်း ရှိသလို ရင်မိသားစု လက်အောက်မှ အင်အားစုများ၏ ခေါင်းပြတ်များလည်း ရှိနေသည်။

ထိုဦးခေါင်းပြတ်များကြားတွင် အထင်ရှားဆုံးမှာ မြေအောက်လောက ဘုရင်မနှင့် ဧကရာဇ် ယွီရှန်တို့၏ ခေါင်းပြတ်များပင်။

တိတ်ဆိတ်သွားသည်။ အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။

လူတိုင်း မျက်လုံး ပြူးသွားပြီး မြင်နေရသောအရာအား မယုံသင်္ကာဖြစ်နေကြ၏။

“ဝါး….”

အချိန်အတော်ကြာပြီးနောက် ဝမ်းနည်းပူဆွေးစွာ အော်ငိုလိုက်သံက အင်ပါယာတစ်ခွင်သို့ ပျံ့နှံ့လာသည်။

စစ်ပွဲက အမှန်တကယ် ပြီးဆုံးသွားလေပြီ။

All Chapters