← Chapters

အခန်း ၁၅၇၉

Vol. 106 Ch. 1579

အခန်း ၁၅၇၉

Vol. 106 Ch. 1579

Chapter 1579 အမှောင်ထု နိုးထခြင်း

ယဲ့ဖန် ယခုတစ်ခေါက် ပေါ်လာခြင်းက အင်အားစုအားလုံးကို စုစည်း၍ မြေအောက်လောက ဘုရင်မကို တိုက်ခိုက်ရန် ဖြစ်သည်ဟု သူတို့ ထင်ထားမိသည်။ သို့သော် ယဲ့ဖန်က ထိုသူများကို ရှင်းလင်းပြီးသား ဖြစ်နေမည်ဟု သူတို့ ထင်မထားမိချေ။

*စစ်ပွဲက ပြီးသွားပြီတဲ့*

ဤမျှ အလွယ်တကူ ပြီးဆုံးသွားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ အလွန် မမျှော်လင့်ထားသော အဖြစ်ပင်။

အစက ယဲ့ဖန် ပြန်လာလျင်တောင်မှ သူတို့ မြေအောက်လောက ဘုရင်မကို နှစ်ပေါင်းများစွာ ခုခံတိုက်ခိုက် ရလိမ့်မည်ဟု သူတို့ ထင်မထားမိသည်။ သို့သော် မထင်မှတ်ဘဲ ယဲ့ဖန်က ပေါ်ပေါ်လာခြင်းမှာပင် သူတို့အား သတင်းကောင်းကို ပေးလာ၏။

“စစ်ပွဲ ပြီးသွားပြီ၊ စစ်ပွဲ ပြီးသွားပြီ၊ အဲ့လူယုတ်မာတွေအားလုံး အပြစ်ပေးခံလိုက်ရပြီဟေ့”

“ငါ အိပ်မက်မက်နေတာလား၊ ငါတို့နိုင်ငံက ပြန်ပြီး ငြိမ်းချမ်းတော့မှာလား”

“အိမ်ပြန်မယ်၊ နောက်ဆုံးတော့ ငါ အိမ်ပြန်နိုင်ပြီကွ”

ထိတ်လန့်ခြင်း၊ ဝမ်းသာပီတိဖြစ်ခြင်းတို့ကို လှိုက်လှိုက်လှဲလှဲ ခံစားလာရသည်။ နာကျင်စွာ အော်ငိုသော ငိုသံများကလည်း အင်ပါယာအနှံ့ ပျံ့လွင့်နေ၏။

နောင်မျိုးဆက်များတွင် ဤနေ့အား နတ်ဆိုး ကယ်တင်ခြင်းနေ့ဟု ခေါ်တွင်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေ့၌ နတ်ဘုရားများ စွန့်ပစ်ခြင်းခံလိုက်ရသောမြေက နတ်ဆိုးတစ်ကောင်၏ ကယ်တင်ခြင်း ခံလိုက်ရ သောကြောင့်ပင်တည်း။

သူတို့ အားပေးကြွေးကြော်ကြပြီး ငိုကြွေးမြည်တမ်းကြကာ အောင်ပွဲခံကြသည်။ အကြောင်းမှာ ယနေ့သည် သူတို့ ဒုက္ခခံစားရသည့် နောက်ဆုံးနေ့ရက် ဖြစ်လာမည် ဖြစ်ပြီး အင်ပါယာတစ်ခုလုံးကို လွှမ်းခြုံထားသည့် အိပ်မက်ဆိုးက ပြီးဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။

ဧကရာဇ် ယွီရှန်နှင့် မြေအောက်လောက ဘုရင်မတို့၏ ခေါင်းပြတ်များကို မြို့တံတိုင်း၌ ချိတ်ဆွဲထားသည်ကို မြင်ပြီး လူတိုင်း မယုံနိုင် ဖြစ်နေကြသည်။

ထိုနှစ်ယောက်သည် အင်မော်တယ် ဧကရာဇ်အဆင့်များ ဖြစ်ပြီး နှစ်ယောက်လုံး ယဲ့ဖန်ထံ၌ ခေါင်းဖြတ်သတ်ခြင်း ခံလိုက်ရသည်။ ဤသည်က မယုံနိုင်စရာ ကောင်းလှပေ၏။

ယဲ့ဖန်က သူတို့၏ အမြင်ကို ထပ်မံ၍ ဆန်းသစ်အောင် ပြုလုပ်သွားလေပြီ။

“လတ်စသက်တော့ သူက ငါတို့ အင်ပါယာရဲ့ စောင့်ရှောက်သူ သူတော်စင် ဖြစ်နေပါလား”

လူတိုင်း ခါးသက်စွာ ပြုံးလိုက်မိသည်။ သူတို့တော်တော်များများသည် ယခင်က ယဲ့ဖန်ကို အမှိုက်ကောင်အဖြစ် သတ်မှတ်ခဲ့ကြသည်။

ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် အင်ပါယာက ဘေးအန္တရာယ်ဆိုးများစွာ ကြုံတွေ့ခံစားရလိမ့်မည် မဟုတ်ဟု သူတို့ တွေးခဲ့ကြသည်။

ယခုအခါတွင်မှ သူတို့ အလွန်မှားခဲ့ကြောင်း သတိပြုမိသွားသည်။ သူတို့ အမုန်းဆုံးလူက အဆုံးသတ်၌ သူတို့အားလုံး၏ အသက်ကို ကယ်သွားလေသည်။

“ယဲ့ဘုရင် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

အမျိုးသားတစ်ယောက်က မြေကြီးကို ခေါင်းနှင့်တိုက်နေပြီး သွားတစ်ချောင်းပင် ကျွတ်လုနီးပါး ဖြစ်နေကာ သွားကြားမှ သွေးများ စိမ့်ထွက်လာသည်။ မျက်နှာက ညှိုးနွမ်းနေပြီး မျက်လုံးတွင် မျက်ရည်များ ပြည့်နှက် နေသည်။

သူ့သမီးနှင့် ဇနီးတို့သည် စစ်ပွဲတွင်း၌ သေဆုံးသွားပြီး သူ့မျက်စိရှေ့၌ မိစ္ဆာများ၏ စားသောက်ခြင်း ခံလိုက်ရသည်ကို တွေ့လိုက်ရပြီး သူ ခွေးရူးတစ်ကောင်လို အသက်ဆက်ရှင်နေရသည်။

သူ့ကိုယ်သူ သတ်သေရန် တွေးမိသော်လည်း မကျေမနပ်စိတ်နှင့် မသေချင်ခဲ့ချေ။ ထို့ကြောင့် သူ အသက်ဆက်ရှင်ပြီး တစ်နေ့ မြေအောက်လောက ဘုရင်မ အပြစ်ပေးခံရမည်ကို ကြည့်ရရန် မျှော်လင့်ခဲ့သည်။

သုံးနှစ်လုံးလုံး သူ့ဘဝက သေသည်ထက်ပင် ဆိုးခဲ့သည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ကို သူ တောင့်ခံထားခဲ့သည်။

ယခုအခါတွင် သူ၏ မျှော်လင့်ချက်က တကယ် ဖြစ်လာလေပြီ။ ဆိုးယုတ်သော လူသတ်သမားများ ဝဋ်ပြန်လည် လေပြီ။

သူ့ဇနီးနှင့် ကလေးတို့ တမလွန်၌ ငြိမ်းချမ်းစွာ အနားယူနိုင်လေပြီ။ ထို့အတူ သူသည်လည်း …

“ရွှစ်”

ဓားတစ်လက်က သူ့ရင်ဘတ်ထဲ ထိုးစိုက်သွားသည်။ ယခု သူ့ဇနီးနှင့် ကလေးတို့ကို သူ အဖော်လုပ်နိုင် ပေတော့မည်။

လူတိုင်း သူ့ကို ယူကြုံးမရသော အကြည့်တို့ဖြင့် ကြည့်နေသော်လည်း မည်သူမှ သူ့ကို မတားကြချေ။ အဘယ်ကြောင့်ဆိုသော် ဤသို့သော လူများ အများကြီး ရှိနေသည်ကို သူတို့အားလုံး သိနေသောကြောင့်ပင်။

ထိုလူ၏ နှလုံးသားက သေဆုံးပြီးသားဖြစ်သဖြင့် ယခု သေခြင်းတရားက သူ့အတွက် လွတ်မြောက်ရာသာ ဖြစ်သည်။

အပျက်အစီးက ဖြစ်ပြီးသွားပြီ ဖြစ်ကာ မကောင်းသောလူများ သူတို့နှင့် ထိုက်တန်သော ဝဋ်ကို ပြန်လည် သော်လည်း သူတို့က သေသွားသောသူများကို အသက်ပြန်ရှင်လာအောင် မလုပ်နိုင်ပေ။

သူတို့၏ မိသားစုကို ဆုံးရှုံးလိုက်ရသော အချိန်မှစ၍ သူတို့သည် သေဆုံးသွားပြီးသား ဖြစ်သည်။ ဤသို့သော မြင်ကွင်းမျိုးကို ကိုယ်တိုင် မြင်တွေ့ချင်၍သာ အသက် ဆက်နေရခြင်း ဖြစ်လေသည်။

“မြေအောက်လောက ဘုရင်မနဲ့ ကျန်တဲ့သူအားလုံးကို သုတ်သင်ပြီးပြီ။ မကြာခင် မင်းသမီး ပိုင်ရွှယ် နန်းတက်မယ်၊ ကျုံးကျိုး အင်ပါယာက သုံးနှစ်တာ စစ်ပွဲကနေ လွတ်မြောက်သွားပြီ။ ပြည်ပမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ လူတိုင်း အိမ်ပြန်လာနိုင်ပြီ”

ယဲ့ဖန်၏ စကားအဆုံး၌ ပြည်သူပြည်သားများ မျက်ရည်ကျကာ မြေကြီးပေါ် ဒူးထောက်ကျသွားသည်။

“ကျေးဇူးတင်ပါတယ် အရှင်ယဲ့ဘုရင်”

“ကျေးဇူးတင်ပါတယ် အရှင်ယဲ့ဘုရင်”

ယဲ့ဖန် ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ ကြွေးကြော်သံက ကောင်းကင်ယံသို့ ဟိန်းတက်သွားလေသည်။

“ကလေး မင်း ဒီလူကို မှတ်ကိုမှတ်ထားရမယ်၊ သူက အမေတို့ရဲ့ ကယ်တင်ရှင်ပဲ၊ သူက ငါတို့အင်ပါယာရဲ့ မဟာ သူရဲကောင်းပဲ၊ သူ မရှိရင် အမေတို့အတွက် လုံခြုံတဲ့ဘဝ ရှိလာမှာ မဟုတ်ဘူး”

“မင်း သူ့နာမည်ကို မှတ်မိနေမှရမယ်၊ သူ့နာမည်က ယဲ့ဘုရင်၊ သူက အင်ပါယာရဲ့ စောင့်ရှောက်သူ သူတော်စင်၊ နောက်အနာဂတ်မှာ တစ်စုံတစ်ယောက်က သူ့ကို စော်ကားကောင်း စော်ကားနိုင်တယ်၊ သူ့ကို အသေရေ ပျက်အောင် ပြောဆိုကောင်း ပြောဆိုနိုင်တယ်၊ ဒါမှမဟုတ် သူ့ကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုလာနိုင်တယ်။ ဒါပေမဲ့ မင်း သူ့ကို ယုံကြည်ရမယ်။ ဘာလို့လဲဆိုတော့ အဖေတို့အားလုံးက သူ့ရဲ့လူတွေမို့လို့ပဲ”

အင်ပါယာ သမိုင်းမှတ်တမ်း ၁၃၇၈ ခုနှစ်တွင် ကျုံးကျိုးအင်ပါယာသည် နတ်ဆိုးအငွေ့အသက် တိုင်းပြည်ဟု၍ တရားဝင် အမည်ပြောင်းလဲခဲ့သည်။

အင်ပါယာတွင်းမှလူများသည်လည်း ထိုအချိန်မှစ၍ သူတို့ကိုယ်သူတို့ နတ်ဆိုးများဟု ခေါ်တွင်ကြသည်။ နောင်မျိုးဆက်များ၌ ယင်းအား အမှောင်ထု နိုးထလာခြင်းဟု ခေါ်ဆိုလေသည်။

….

တစ်ချိန်တည်းမှာပင် ယွင်နိုင်ငံ၏ တော်ဝင်မြို့တော်တွင်း၌ လက်ရှိ ရှင်ဘုရင် ပိုင်လီဟုန်တစ်ယောက် ဒေါသထွက်နေပြီး အရှေ့မှ အမတ်များကို အော်ငေါက်နေ၏။

“မင်း ဘာပြောလိုက်တာလဲ၊ သူက ငါ့ကို ခြိမ်းခြောက် အကျပ်ကိုင်ရဲတယ်လား”

ယွင်နိုင်ငံ တည်ထောင်ချိန်ကတည်းက သူတို့ ဤသို့ တစ်ခါမှ အစော်ကား မခံရဖူးပါ။

ခြိမ်းခြောက်အကျပ်ကိုင်ခြင်း။ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း။ ဤသည်က သူတို့မျက်နှာကို ဖြတ်ရိုက်လိုက် သလိုပင်။

သံတမန်အမတ်တစ်ယောက်က ပြန်ပြောလာသည်။

“အရှင်မင်းမြတ်ကို ပြန်ဖြေကြားပါတယ်၊ သူက ပြန်ပေးငွေကို လုံလုံလောက်လောက် မပေးဘူးဆိုရင် လက်မှတ်ကို စုတ်ဖြဲပစ်မယ်လို့ ပြောပါတယ်”

*လက်မှတ်ကို စုတ်ဖြဲပစ်မယ် ဟုတ်လား*

ညီလာခံခန်းမတွင်းမှ မှူးမတ်များအားလုံး မျက်မှောင်ကြုတ်သွားပြီး အားလုံး၏ မျက်လုံးတွင် ခက်ထန်သော အရိပ်အယောင် ပေါ်လာပြီး ယဲ့ဖန်၏ မောက်မာမှုကြောင့် ဒေါသထွက်နေကြသည်။

သူတို့၏ မင်းသားကို ပြန်ပေးဆွဲပြီး သူတို့ကို ခြိမ်းခြောက် အကျပ်ကိုင်ရဲသည်တဲ့လား။ ယွင်နိုင်ငံက ဤသို့ အရှက်ရစရာ စော်ကားမှုမျိုးကို တစ်ခါမှ မခံစားဖူးပါ။

“အရှင်မင်းမြတ်၊ ကျွန်တော်မျိုးအမြင်မှာတော့ အဲ့သောက်ကျုံးကျိုး အင်ပါယာကို တန်းပြီး ဖျက်ဆီးလိုက် သင့်ပါတယ်၊ ကိုးပြည်နယ်အတွင်းမှာ ဘာအဆင့်မှာမရှိတဲ့ နိုင်ငံငယ်လေးက ကျွန်တော်မျိုးတို့ကို စိန်ခေါ်ရဲတယ် ဆိုတော့ ဒါ သေလမ်းရှာနေတာပဲ”

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ယောက်က ပြောလာသည်။ သူ့မျက်နှာက သုန်မှုန်နေပြီး သူ့စကားက စဉ်းလဲသည်။ သူ့တွင် ခြေရောလက်ပါ မရှိချေ။ ထိုခရမ်းရောင်ဝတ်စုံအောက်၌ ဦးခေါင်းသာလျင် ပြူးထွက်နေ၏။

ယွီရှန့်ရှီ၊ အာဇာနည်ဟု လူသိများသောသူ။ သူ၏ အာဇာနည် သူရဲကောင်းဘဝသည် မိစ္ဆာအကျင့်စရိုက်တို့နှင့် ပြည့်နေပြီး သတ်ဖြတ်ခြင်းတို့ ပြည့်နှက်နေခဲ့သည်။

ယွီရှန့်ရှီသည် အေးစက်မောက်မာပြီး ကောက်ကျစ်သော ကိုယ်ရည်ကိုယ်သွေး ရှိကာ အလွန် လျှို့ဝှက်ကြံစည် တတ်ပြီး ရက်စက်သော နည်းလမ်းများကို အသုံးပြုသူ ဖြစ်သည်။

တစ်ခါက သူသည် ဗုဒ္ဓဓာတ်တော်များကို လိုချင်သည့် အကြောင်းပြချက်ဖြင့် ညတွင်းချင်း ဒါဇင်ချီသော ဗုဒ္ဓကျောင်းတော်များကို ဖျက်ဆီးခဲ့ပြီး ဘုရားသားတော် သုံးသောင်းကို သတ်ဖြတ်ခဲ့သည်။ သူသည် အလွန် ရက်စက် ယုတ်မာသော လူသတ်သမားသာ။

လက်ရှိတွင် ယဲ့ဖန်က သူတို့ ယွင်နိုင်ငံအား ရိုင်းပျစွာ ပြောလာသည်ကို ကြားပြီး ဒေါသထွက်ကာ လူသတ်ချင်စိတ်ကို ထိန်းမရတော့ချေ။

“အရှင်မင်းမြတ်၊ ကျွန်တော်မျိုးကို သူနဲ့ အရင် ညှိနှိုင်းခွင့်ပေးပါ။ ယဲ့ဘုရင်နဲ့ ပတ်သက်တဲ့ ကောလာဟလ အချို့ကိုလည်း ကျွန်တော် ကြားဖူးပါတယ်။ သူက သာမန်အသိမရှိတဲ့ အရူးဖြစ်ပြီး ခြိမ်းခြောက်ပြောဆိုတာမျိုးကို အဖက်မလုပ်တဲ့သူလို့ ပြောကြပါတယ်။ တကယ်လို့ သူ့ကို အရမ်း ဖိအားပေးလိုက်ရင် အရှင်မင်းသား ဒုက္ခတွေ့မှာကို ကျွန်တော်မျိုး စိုးရိမ်ပါတယ်”

ထိုစဉ် နက်ရှိုင်းသော အရှိန်အဝါတစ်ခု ရှိသည့် လူတစ်ယောက် အရှေ့သို့ လျှောက်လာည်။ သူ၏ မျက်လုံးများက တောက်ပ၍ စိတ်ဝိညာဉ်အလင်းများ စီးဆင်းနေသလိုပင်။

ထိုလူသည် ယွင်နိုင်ငံ၏ အသိပညာ သင်္ကေတဖြစ်သော ယွီထျန်းရွှမ် ဖြစ်သည်။

သူသည် ရင့်ကျက်တည်ငြိမ်ပြီး ဗျူဟာချမှတ်ရာ၌ ကျွမ်းကျင်သည်။ သူသည် ပိုင်လီဟုန်၏ ညာလက်ရုံး ဖြစ်ပြီး ယွီရှန့်ရှီက ဘယ်လက်ရုံး ဖြစ်ပေ၏။

“ဘာလို့ အဲ့လောက် ဒုက္ခရှာနေမှာလဲ၊ ယဲ့ဖန်ကို သတ်လိုက်ပြီးရင် ကျုံးကျိုး အင်ပါယာ တစ်ခုလုံးကို ပြာချပြီး အရှင့်သားကို ကယ်လာရင် ရပြီ”

ယွီရှန့်ရှီက ရက်စက်သော အကျင့်စရိုက် ရှိသဖြင့် ယဲ့ဖန်နှင့် အခြားသူများကို သတ်ချင်နေ၏။ ပိုင်လီဟုန်က ယွီထျန်းရွှမ်ကို ကြည့်လိုက်သည်။

“မောင်မင်းမှာ ဘာအကြံကောင်း ရှိလို့လဲ”

“သူ ပြောတဲ့ အခြေအနေကို သဘောတူလိုက်ပါ၊ ယဲ့ဘုရင် ဘာလိုချင်တာဖြစ်ဖြစ် ကျွန်တော်မျိုးတို့ ပေးမယ် ပြောလိုက်ပါ”

ယွီထျန်းရွှမ်က ပြုံး၍ ပြောလိုက်သော်လည်း ထိုအပြုံးက အတော်လေး ကြောက်စရာ ကောင်းသည်။

“အားလုံးပေးမယ် ဟုတ်လား၊ ဒါဆို ကျုပ်တို့ သိက္ခာကို ဘယ်လိုဆယ်မလဲ၊ ကျုပ်တို့ နတ်ဘုရားတွေနဲ့ ပြည်သူတွေကို ဘယ်လို မျက်နှာ ပြရမလဲ”

ယွီရှန့်ရှီက ယွီထျန်းရွှမ်ကို အေးစက်စွာ ကြည့်နေသည်။ အခြားအမတ်များကလည်း အချင်းချင်း တီးတိုးပြော လာကြကာ သူတို့သည်လည်း ယွီထျန်းရွှမ်၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပုံပင်။

သို့သော် ပိုင်လီဟုန်က ပို၍ တည်ငြိမ်နေပုံ ပေါ်နေပြီး မေးလိုက်သည်။

“မောင်မင်း ဘာကိုပြောချင်တာလဲ”

“ဒီလိုပါ အရှင်မင်းမြတ် ကျွန်တော်တို့ ရည်ရွယ်ချက်က အရှင်မင်းသားကို ကယ်ဖို့ပါ၊ ပြန်ပေးငွေ ပေးရတာထက် ယွင်နိုင်ငံရဲ့မ င်းသား အသတ်ခံရတာက ယွင်နိုင်ငံထက် ပိုပြီး အရှက်ရစရာ ကောင်းပါတယ်”

“ပြီးတော့ ကျွန်တော်မျိုးတို့ ယွင်နိုင်ငံတစ်ခုလုံးကို ယဲ့ဘုရင်ဆီ ပေးရင်တောင်မှ အဆုံးကျရင် ကျွန်တော်တို့ လက်ထဲ ပြန်ရောက်လာမှာ မဟုတ်ဘူးလား၊ ကျွန်တော်တို့ အရှင့်သားကို အောင်အောင်မြင်မြင် ကယ်ပြီးတာနဲ့ ယဲ့ဘုရင် သေလို့ရပြီ”

ယွီထျန်းရွှမ်က သုန်မှုန်စွာ ပြုံးနေသည်။ ရုတ်ချည်းဆိုသလိုပင် လူတိုင်း ယွီထျန်းရွှမ်၏ ရည်ရွယ်ချက်ကို နားလည် သွားကြသည်။

သူသည် ယဲ့ဖန်၏ အခြေအနေကို သဘောတူချင်ယောင်ဆောင်လိုက်ပြီး ပိုင်လီကျန့်ကို ကယ်ပြီးသည်နှင့် ချက်ချင်း လူသတ်၍ သူတို့ ပေးလိုက်သော ပြန်ပေးငွေကို ပြန်ယူမည် ဖြစ်သည်။

ထိုသို့ဆိုလျင် သူတို့သည် မင်းသားကို ကယ်နိုင်ရုံသာမက ယွင်နိုင်ငံ၏ သိက္ခာကိုလည်း ဆယ်နိုင်ပေမည်။

“အဲ့အချိန်ကျရင် ယဲ့ဖန်တင် သေရုံမဟုတ်ဘဲ ကျုံးကျိုး အင်ပါယာထဲက လူတိုင်း သေမှာပါ၊ ကျွန်တော်မျိုးတို့ ယွင်နိုင်ငံက ကျွန်တော်မျိုးတို့နဲ့ ရန်သူဖြစ်ရင် ဘာဖြစ်မလဲဆိုတာ တစ်လောကလုံးကို သိအောင် လုပ်နိုင်ပါပြီ”

“ကောင်းပြီလေ၊ ငါ ဒီကိစ္စကို မင်းကို တာဝန်ပေးလိုက်မယ်၊ မင်းသားကို ကယ်ပြီး ယဲ့ဖန်ကိုသတ်ပါ၊ ပြီးရင် ကျုံးကျိုး အင်ပါယာတစ်ခုလုံးကို ပြာကျပစ်လိုက်”

ပိုင်လီဟုန်က ဒေါသတကြီး ပြောလိုက်သည်။

…

ထိုအချိန်တွင် ယဲ့ဖန်က တော်ဝင်နန်းတော်တွင်း၌ လမ်းလျှောက်လျက် ရှိသည်။

ရင်မိသားစု ကျဆုံးသွားပြီး အင်ပါယာတစ်ခုလုံး ပျက်စီးသွားခဲ့သည်။ ယခု အရေးအကြီးဆုံး တာဝန်မှာ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဖြစ်သည်။

မနက်ဖြန်တွင် ယဲ့ဖန်က အင်ပါယာတွင်း၌ အထိခိုက်ဆုံးနေရာများသို့ သွား၍ လူအများ၏ ခံစားချက်ကို စုံစမ်းမည်။ အင်ပါယာတစ်ခုလုံး ယနေ့ အခြေအနေသို့ ကျဆင်းသွားခြင်းကလည်း သူ့တွင် တစ်နည်းတစ်ဖုံ တာဝန် ရှိပေသည်။

ပိုင်ရွှယ်သည်လည်း အောင်မြင်စွာ နန်းတက်နိုင်ပြီး ဧကရီ ပိုင်ရွှယ်ဟူသော ဘွဲ့ရာထူးဖြင့် ထီးနန်း စိုးစံနိုင်လေပြီ။

ပြီးခဲ့သည့် ရက်များက ပြန်လည် တည်ဆောက်ရေးနှင့် ရန်ပုံငွေ ပြဿနာကြောင့် အလုပ်များပြီး ယဲ့ဖန်၏ မျက်နှာကိုပင် မတွေ့နိုင်ပေ။

ယနေ့ညတွင် လသာနေပြီး ကြယ်လေးများက မှိတ်တုတ်မှိတ်တုတ် လင်းထိန်နေကာ မြင်ကွင်းက သာယာကြည်နူးစရာ ကောင်းလှသည်။

သို့သော် ထိုအချိန်၌ နန်းတော်တွင်းသို့ လူရိပ်တစ်ခုက တိတ်တဆိတ် ခိုးဝင်နေသည်ကို ယဲ့ဖန် သတိပြုမိ သွားလေသည်။

ထိုသူက အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်နေ၏။ ခိုးဝင်ခြင်းပညာက ပြီးပြည့်စုံလှသည်။ သူ့အရှေ့မှလူက စကြဝဋ္ဌာ၏ နတ်ဆိုးဧကရာဇ် ဖြစ်နေသည်က စိတ်မကောင်းစရာပင်။ မည်သို့သော ခိုးကြောင်ခိုးဝှက် ပညာမဆိုသည် သူ့အတွက် ဟာသတစ်ပုဒ်သာ ဖြစ်သည်။

ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး သူ့စိတ်ထဲ၌ ယွင်နိုင်ငံမှလူများ သူတို့လူကို လာကယ်လေသလားဟု တွေးမိသွားသည်။

သူ စဉ်းစားချိန်ပင် မရလိုက်ခင်မှာပင် တစ်ဖက်လူက နီးကပ်လာသည်။ ထိုလူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ မုတ်ဆိတ်မွေးထူကာ ဘုရင်တစ်ပါးနှင့် တူပြီး ယဲ့ဖန်ရှေ့သို့ တန်းရောက်လာသည်။

ယဲ့ဖန် အံ့ဩသွားသည်။ အစက ရန်သူ လာသည်ဟု သူ ထင်လိုက်သည်။ ရန်သူဖြစ်လျင် သူ တန်း၍ ရှင်းပစ်သင့်သည်။

သူ့အား တိုက်ခိုက်မည့်အစား မျက်လုံးရွဲကြီးများဖြင့် ကြည့်လာသည်။ ထိုအကြည့်တွင် မထင်မှတ်ထား လောက်သော ပျော်ရွှင်မှုတို့ ပေါ်နေသည်။

အင်မော်တယ် ဧကရာဇ်အဆင့်က ယဲ့ဖန်ရှေ့ ရောက်လာသော်လည်း တိုက်လည်းမတိုက်၊ စကားလည်း မပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။

အဓိကမှာ ယဲ့ဖန်ကလည်း ဤလူလတ်ပိုင်းအရွယ်အမျိုးသားကို ရင်းနှီးနေသလို ခံစားနေရသည်။ ထို့ကြောင့် ထိုလူအပေါ် သူ အမြင်ကောင်း ရှိသလို ဖြစ်နေ၏။

“မင်းပုံစံက တော်တော် မြုံနေသလိုပဲ”

တစ်ခဏအတွင်း လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပါးစပ်ဟလိုက်သည်နှင့် ယဲ့ဖန်ကို အံ့ဩသွားစေမည့် စကားမျိုး ပြောလာတော့သည်။

ယဲ့ဖန် ပို၍တောင်မှ အံ့ဩသွားရသည်။

*ဒီအင်မော်တယ် ဧကရာဇ်အဆင့်လူက ဘာလဲဟ*

*ရိုင်းလှချည်လား*

ဤမျှ ရိုင်းပျသော အင်မော်တယ် ဧကရာဇ်အဆင့် လူတစ်ယောက်ကို ယဲ့ဖန် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ယဲ့ဖန်ကလည်း ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

“ငါ့ကို မြုံနေတဲ့လူနဲ့ ခိုင်းနှိုင်းတဲ့ လူတစ်ယောက်ကို ငါ အခုမှ မြင်ဖူးတာပဲ”

“ဟေ့ မင်း ဘာပြောတာလဲ ...”

အိုးရန်လင်း ချက်ချင်း စိတ်ပျက်သွားသည်။ သူ့ကဲ့သို့ အင်မော်တယ် ဧကရာဇ်အဆင့်ကို ဤသို့ ပြောရဲသည့် မောက်မာသော လူငယ်တစ်ယောက်ကိုလည်း သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းသာ။

ယဲ့ဖန်၌ ယန်စွမ်းအင် တစ်စက်မှ မရှိသောကြောင့် သူက ယဲ့ဖန်ကို အမှိုက်ကောင်အဖြစ် သတ်မှတ်နေသည်။ သို့သော် ယဲ့ဖန်က ဤမျှ မောက်မာလိမ့်မည်ဟု သူ ထင်မထားမိပေ။ အမှိုက်ကောင်မှန်း သိသာနေသော လူတစ်ယောက်က သူ့ကို ဤသို့ ပြောရဲသည်တဲ့လား။

“မင်းကိုယ်မင်း အသက်အပိုပါတယ်များ ထင်နေလား၊ အင်မော်တယ် ဧကရာဇ်အဆင့်ကို မြင်တာတောင် မင်း ဒူးမထောက်သေးဘူးလား”

အိုးရန်လင်းက ယဲ့ဖန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

All Chapters