အခန်း ၁၅၈၈
Vol. 106 Ch. 1588
Chapter 1588 သူက ယဲ့ဘုရင်
ထိုစကား ထွက်လာသည်နှင့် လူတိုင်း တုန်လှုပ်သွားကြသည်။
*အရှင် ယဲ့ဘုရင်က ကျန်းကျန့်ရန်ကို သုတ်သင်တော့မှာလား*
“အရှင်မင်းမြတ် အဲ့လို မဟုတ်ပါဘူး၊ အင်ပါယာက ခွဲဝေချထားပေးတဲ့ စစ်သုံးစရိတ်က ဆွဲပုံးထဲက ရေတစ်စက် သာသာလောက်ပဲ ရှိတာပါ၊ အဲ့ဒါကြောင့် ဗိုလ်မှူးကြီးက ပူးပေါင်းတာကို လက်ခံပြီး စွန့်စားမှု လုပ်ရတာပါ”
ကျန်းကျန့်ရန်၏ တပ်ရေးက တီးတိုးပြောလာသည်။
“ပါးစပ်ပိတ်ထားစမ်း၊ မင်းကို ဘယ်တုန်းက ဝင်ပြောခွင့် ပေးထားလို့လဲ”
ကျန်းကျန့်ရန်က သူ့ကို စိုက်ကြည့်၍ ငေါက်လိုက်သည်။
“ဟုတ်ကဲ့”
တပ်ရေးက အင်တင်တင်ဖြင့် ခေါင်းငုံ့သွားသည်။
“ငါ မင်းကို ပထမအသုတ်မှာ ဘီလီယံ သုံးဆယ် ခွဲပေးတယ်၊ ဒုတိယတစ်ခေါက်မှာ ဘီလီယံ ခြောက်ဆယ် ပေးခဲ့တယ်၊ ဘယ်လိုလုပ် စစ်ရေးစရိတ်က မလုံလောက်ရတာလဲ”
ယဲ့ဖန်၏ မျက်နှာက မည်းမှောင်သွားလေသည်။ သူက မည်သူနည်း။ မြင့်မြတ်သော ကျူးလုံ ဧကရာဇ်ပင်။
ချင်ဧကရာဇ် သင်္ချိုင်းဂူထဲမှာ မြှုပ်ထားသော ပစ္စည်းများက များပြားလှပြီး လက်ဝတ်ရတနာများနှင့် ရွှေများက မရေတွက်နိုင်အောင် များလှသည်။ အဖိုးတန် လက်နက်များနှင့် ကျင့်စဉ်များစွာလည်း ရှိသေးသည်။
*ဘယ်လိုလုပ် ပိုက်ဆံမလောက်ဘဲ ရှိမှာလဲ*
သူ့စကားကိုကြားသော် ကျန်းကျန့်ရန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
“ကျွန်တော် ပထမအသုတ်မှာ ဆယ်ဘီလီယံပဲ ရပြီးတော့ ဒုတိယတစ်ခေါက်မှာ ဘီလီယံ နှစ်ဆယ်ပဲ ရပါတယ်”
စစ်ပွဲအပြီး ပြန်လည်တည်ဆောက်ရေးအတွက် ရန်ပုံငွေက မလုံလောက်သောကြောင့် ကျိုးလန်လင်ကဲ့သို့သော စစ်နယ်ရှင်နှင့် ပူးပေါင်း၍ ရန်ပုံငွေ ရှာဖွေရန်သာ တတ်နိုင်ခဲ့သည်။
ထိုစကားကြောင့် ယဲ့ဖန်၏ မျက်လုံးတွင်းမှ ဒေါသရိပ်က မြင့်တက်လာ၏။
“စစ်စရိတ် ဖြန့်ဝေရေးကို တာဝန်ယူထားတာ ဘယ်သူလဲ”
“ဝန်ကြီးအဖွဲ့က ငွေကို အတည်ပြုပြီးတော့ ရှုကျိုးရဲ့ ဘဏ္ဍာရေးဝန်ကြီးက ကျွန်တော်တို့ဆီ ပိုက်ဆံ ပို့တာပါ”
“ဆိုတော့ ရှုကျိုးရဲ့ ဘဏ္ဍာရေးဝန်ကြီး လက်ချက်ပေါ့၊ အဲ့ဝန်ကြီးက မင်းကို တော်ဝင် အစိုးရအဖွဲ့က ဘီလီယံ သုံးဆယ်ပဲ ပေးတယ်လို့ ပြောတာလား”
ယဲ့ဖန် မေးလိုက်သည်။ ကျန်းကျန့်ရန်က ခေါင်းညိတ်၍ ပြန်ဖြေလေသည်။
“တော်ဝင်မြို့တော်ကလည်း စစ်ပွဲအပြီး ပြန်လည်တည်ဆောက်ရေးကို ရင်ဆိုင်နေရတယ်၊ အခု ရန်ပုံငွေတွေက အကန့်အသတ်နဲ့ ဖြစ်တာကြောင့် ဒီလောက်ပဲ ပေးနိုင်တယ်၊ ကျန်တာအတွက် ငါ နည်းလမ်းရှာပေးမယ်လို့ ပြောပါတယ်”
“ကောင်းတယ် သိပ်ကောင်းတယ်”
ယဲ့ဖန်၏ မျက်နှာက သုန်မှုန် မည်းမှောင်လာသည်။ ယခု အင်ပါယာက ဆောင်းဦးရာသီကို ဖြတ်ကျော်နေရသည်။ လူအများစုက အိမ်ပစ်ရာပြစ် ပြေးနေရဆဲဖြစ်ပြီး အစားအသောက်နှင့် အဝတ်အစားက ပြဿနာ ဖြစ်နေ၏။
လက်ရှိတွင် အင်ပါယာတစ်ခုလုံး စစ်ပွဲအပြီး ပြန်လည်တည်ဆောက်ရေးကို ကြုံနေရသော်လည်း ယခုအထိ အသိစိတ် ပျောက်၍ လာဘ်စားချင်သောသူများ ရှိနေသေးသည်တဲ့လား။
*ဒါ ကျဆုံးချိန်လေ*
*ဘီလီယံ ကိုးဆယ်မှာ ခြောက်ဆယ်ကို လာဘ်စားတယ်ဆိုတော့ လောဘက တော်တော် ကြီးတာပဲ၊ တော်တော် အတင့်ရဲတာပဲ*
လီဝေ့နှင့် အခြားသူများလည်း သူတို့စကားများကို ကြားပြီးနောက် ဒေါသထွက်လာကြသည်။ အင်ပါယာက ချပေးလိုက်သော ရန်ပုံငွေ၏ သုံးပုံနှစ်ပုံကို တန်း၍ ဖြတ်စားခဲ့သည် မဟုတ်ပါလော။ သူတို့လောဘကြောင့် အပြစ်မဲ့သော မိသားစု ဘယ်လောက်များများကို မကယ်နိုင်ဘဲ ဖြစ်နေရသနည်း။
ခြစားသော အရာရှိများအား ရာစုနှစ်ပေါင်းများစွာ မုန်းတီးကြသည်။ အထူးသဖြင့် ယနေ့ခေတ်ကဲ့သို့ နိုင်ငံကပ်ဆိုး ဆိုက်နေသော အချိန်တွင် ဖြစ်သည်။
တစ်နိုင်ငံလုံး အင်ပါယာ ပြန်လည်ထူထောင်ရေးဖြင့် အလုပ်များနေကြသည်။ သို့မှသာ ပြည်သူများ တစ်ဖန် ပြန်၍ အေးအေးလူလူ နေထိုင်၍ အလုပ်လုပ်နိုင်ပြီး တင့်တောင့်တင့်တယ် နေနိုင်မည် ဖြစ်သည်။ ထိုသို့ဖြစ်နေတာ တောင်မှ အသိစိတ်ပျောက်၍ မသမာသောနည်းဖြင့် ငွေရှာနေသော လူတွေကလည်း ရှိနေသေး၏။
“ပြန်နေရာမချရသေးတဲ့လူတွေ ဘယ်လောက် ရှိလဲ”
ယဲ့ဖန် အေးစက်စွာ မေးလိုက်သည်။
“ရှုကျိုးတစ်ခုလုံးမှာ ပြန်နေရာမချနိုင်သေးတဲ့လူပေါင်း တစ်သန်းခွဲ ရှိပါတယ်၊ ကျွန်တော် ကယ်ဆယ်ရေး စခန်းရဲ့ ဆောက်လုပ်ရေးကို အရှိန်မြှင့်ထားခိုင်းပင်မယ့် …”
ကျန်းကျန့်ရန်၏ မျက်နှာက နာကျင်ဟန် ပေါ်နေသည်။သူတို့ ကျိုးလန်လင်တို့ သားအဖထံမှ ရန်ပုံငွေ ရခဲ့သော်လည်း ထိရောက်မှုက နည်းပါးနေသေးသည်။ နေရာမချရသေးသော သူများနှင့် အိမ်ပစ်ပြေးရသော လူများက တစ်သန်းကျော် ရှိနေသေးသည်။
ထိုစဉ် ကျန်းကျန့်ရန်၏ တပ်ရေးက ယဲ့ဖန်အား အစီရင်ခံစာတစ်ခုကို အလျင်အမြန် အပ်နှံလာသည်။
“အရှင်မင်းမြတ် ဒါက ရှုကျိုးက လူတွေရဲ့ လက်ရှိ အခြေအနေပါ”
ယဲ့ဖန် အစီရင်ခံစာကို ယူကြည့်လိုက်သည်။ သို့သော် သူ ဖတ်လေလေ ပိုထိတ်လန့်လေ ဖြစ်လာရပြီး မျက်နှာထားက အလွန် သုန်မှုန်လာ၏။
လူဦးရေ တစ်သန်းခွဲက နေစရာမရှိသေးဘဲ နေ့တိုင်း လူနှစ်ထောင်မျှ လမ်းပေါ်တွင် အေးခဲ၍ သေဆုံးနေရသည်။
စားစရာနှင့် ရေပြတ်လပ်မှုကြောင့် လူနှစ်သိန်းတိတိ စားဝတ်နေရေး ပြဿနာ ကြုံတွေ့နေရကာ နေ့တိုင်း လူငါးရာကျော် အဆာလွန်၍ သေဆုံးနေရသည်။
ဆေးဝါး ကိရိယာ ဆောက်လုပ်ရေးက နှေးကွေးနေပြီး နေ့စဉ် လူသုံးရာကျော် ရောဂါကြောင့် သေဆုံးနေ၏။
တူညီသော တင်ပြမှုများက စာမျက်နှာ နှစ်မျက်နှာစာ ရှိပြီး အားလုံးက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်က နှေးကွေးလွန်းသောကြောင့် ပြည်သူများ၏ အသက်ကို အာမမခံနိုင်ကြောင်း ပြသနေသည်။
ရောဂါကြောင့် သေသွားသော လူသုံးရာတွင် တစ်ဝက်ကျော်က ကိုယ်ခံအားမကောင်းသော ကလေးငယ်များ ဖြစ်နေသည်။
ဤအချိန်အတောအတွင်း ငတ်မွတ်ခြင်းနှင့် ရောဂါဘေးကြောင့် သေဆုံးသါားသော လူဦးရေက ငါးသောင်းနီးပါး ရှိနေ၏။
ဤသည်က ရှုကျိုးစီရင်စု တစ်ခုတည်းသာ ရှိသေးသည်။ ဤသို့သော အခြေအနေမျိုးက အင်ပါယာတစ်ခုလုံး၌ ဖြစ်ပွားနေမည်ကို စိုးရိမ်ရသည်။
“သေစမ်း၊ ဒီသောက်အမှိုက်ကောင်တွေ သေရမယ်”
“ငါ့ကို ဘဏ္ဍာရေးဝန်ကြီးဆီ ခေါ်သွားစမ်း”
ယဲ့ဖန်က ကျန်းကျန့်ရန်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းကျန့်ရန် သက်ပြင်းချလိုက်ပြီးနောက် လူတိုင်းကို ရှေ့မှဦးဆောင်၍ ထွက်သွားသည်။ လူတစ်စုသည် စစ်ကားများပေါ် တက်၍ ဘဏ္ဍာရေးဌာနသို့ ဦးတည်ထွက်ခွာလာကြသည်။
လမ်းတစ်လျှောက်တွင် ယဲ့ဖန်သည် လမ်းသွားလမ်းလာများစွာကို တွေ့ခဲ့ရသည်။ အားလုံးက အရေပြားများ ဝါနေပြီး ပိန်ခြောက်ကာ ဒယိမ်းဒယိုင် ဖြစ်နေသည်။
ထို့အပြင် လမ်းတစ်ဖက်၌ အမျိုးသမီးတစ်ယောက်သည် ဒူးထောက်၍ ဝမ်းနည်းစွာ ငိုကြွေးနေပြီး လက်ထဲတွင် ဗိုက်ဆာနေသော ကလေးကို ပွေ့ချီထားလေသည်။
ဤလူများသည် အစက စစ်ပွဲပြီးသွားလျင် သူတို့ ပုံမှန်ဘဝသို့ ပြန်သွားနိုင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် သူတို့ ယခုထိ ငရဲခန်းထဲ၌ နေနေရသေးသည်။
ထိုအခိုက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနအတွင်း၌ ဝဖိုင့်ဖိုင့် လူအိုကြီးတစ်ယောက်က ရုံးခန်းထဲ ထိုင်နေပြီး ငါးသောင်းတန် လက်ဘက်ရည်ကိုသောက်ကာ သိန်းထောင်ချီတန်သော ရွှေနာရီကို ပတ်ထားပြီး အလွန် အားရကျေနပ်သော မျက်နှာမျိုး ဖြစ်နေသည်။
သူ၏ ပေါင်ကြားထဲ၌ နှစ်လိုဖွယ်ကောင်းသော အတွင်းရေးမှူးမလေးက တက်တက်ကြွကြွ ပြုစုပေးနေ၏။
“မကောင်းတော့ဘူး ဝန်ကြီး၊ ကျန်းကျန့်ရန်က ဒီကို လူတွေခေါ်လာတယ်”
“ကျန်းကျန့်ရန်လား”
လင်းရှန်ဖုန့်၏ မျက်လုံးတွင် စိတ်မရှည်သော အရိပ်အယောင် ပေါ်လာ၏။
“ပိန်ညှောင်နေတဲ့ သူတောင်းစားက တော်တော် ဇွဲကြီးတာပဲ၊ အားနေ ငါ့ကို ပိုက်ဆံပဲ တောင်းနေတာ၊ ငါ့ကို ဘဏ်များ မှတ်နေလား မသိဘူး”
“ကျန်းကျန့်ရန်၊ အဲ့ဒါ ဗိုလ်မှူးကြီးကျန်းလား၊ သူက အခု အရှင် ယဲ့ဘုရင်ရဲ့ လက်အောက်က အင်အားကြီးတဲ့လူ ဖြစ်နေပြီလို့ ကျွန်မ ကြားဖူးတယ်”
အတွင်းရေးမှူးမလေးက လေးစားသော အမူအရာတို့ဖြင့် ခေါင်းမော့၍ ပြောလာသည်။
“အင်အားကြီးတဲ့လူ၊ ချီးကို အင်အားကြီးတဲ့လူလား၊ သူက ဒီသခင်ကြီးရှေ့မှာ ခွေးပေါက်နဲ့ တူမနေဘူးလား”
လင်းရှန်ဖုန့်က သရော်လေသည်။
“သူ ငါ့ကို မတောင်းရင် ငါ ပိုက်ဆံ မပေးဘူး၊ ငါ မပေးရင် သူနဲ့ သူ့စစ်သားတွေ ငတ်သေမှာပဲ၊ ဟားဟားဟား”
“ဒါကိုက ဝန်ကြီးလင်းရဲ့ ခံ့ညားထည်ဝါတဲ့ ဂုဏ်သိက္ခာပါပဲ”
အတွင်းရေးမှူးမလေးက မျက်နှာလုပ်သလို ပြုံး၍ လင်းရှန်ဖုန့်အား မျက်စိတစ်ဖက် မှိတ်ပြလေသည်။
“ရှောင်လျှို မင်း အရာရာတိုင်းကို အပေါ်ယံပဲ ကြည့်လို့မရဘူး၊ အဲ့ကောင်ရဲ့ မြင့်မြတ်တဲ့ အသွင်အပြင်ကို မကြည့်နဲ့၊ နောက်ဆုံးကျတော့ သူက တစ်ပြားတောင် မရှိတဲ့ သူရဲကောင်း ဖြစ်နေတယ် မဟုတ်လား၊ သူ ဘယ်လောက်ပဲ အင်အားကြီးပြီး ခံ့ညားနေပါစေ၊ မစားမသောက်ဘဲ မအိပ်ဘဲ နေနိုင်လို့လား”
“ပိုက်ဆံသာ ရှိရင် သူ့ကို ဒူးထောက်ခိုင်းပြီး ငါ့ကို အဖေလို့ ခေါ်ခိုင်းလို့ရတယ်”
လင်းရှန်ဖုန့်က အလွန်အမင်း သွေးနားထင် ရောက်နေသည်။ သူသည် သေးငယ်သော ဒေသခံ ဝန်ကြီးတစ်ယောက် ဖြစ်သော်လည်း ကျန်းကျန့်ရန်ကို အရေးမလုပ်ချေ။
အဘယ်ကြောင့်ဆိုသော် ကျန်းကျန့်ရန်က သူ့ကို ပိုက်ဆံတောင်းသောကြောင့်ပင်။ သူ စိတ်ကောင်းဝင်နေလျင် ကျန်းကျန့်ရန်အား သူတောင်းစားကို ပေးသကဲ့သို့ တစ်သိန်း၊ နှစ်သိန်း ပေးလိုက်သည်။ သူ စိတ်မကြည်လျင်တော့ ကျန်းကျန့်ရန်အား လက်ညှိုးငေါက်ငေါက်ထိုး၍ ထွက်သွားရန် ပြောလေ့ရှိသည်။
အကြိမ်တိုင်း ကျန်းကျန့်ရန် သည်းခံရုံသာ တတ်နိုင်ခဲ့သည်။ သို့မဟုတ်ပါက သူ ပိုက်ဆံ ရမည် မဟုတ်သလို သူ့လက်အောက်မှလူများ ငတ်ပြတ်သွားပေလိမ့်မည်။
ထို့ကြောင့် ကျန်းကျန့်ရန်သည် ခွးတစ်ကောင်လို ဤသို့လာ၍ အောက်ကျို့နေရသည်။ အကြိမ်တိုင်း လင်းရှန်ဖုန့်၏ မထီလေးစား ပြောဆိုမှုများကို သည်းခံနေရပြီး ထိုသို့ အရှက်ကွဲခံပြီးမှ ပိုက်ဆံ မစို့မပို့အား ခက်ခက်ခဲခဲ ရအောင် ရုန်းကန်ရသည်။
ထို့ကြောင့် ယခု ကျန်းကျန့်ရန် ရောက်မလာသေးသော်လည်း လင်းရှန်ဖုန့်က ယခုတစ်ခေါက် သူ့ကို မည်သို့ လှောင်ပြောင်ရမလဲ တွေးနေ၏။
“ဒါပေမဲ့ ကျန်းကျန့်ရန်ကလည်း သူနဲ့အတူ လူတစ်ယောက်ကို ခေါ်လာပါတယ်၊ ကျန်းကျန့်ရန် ပုံစံက အဲ့လူအပေါ် အတော်လေး တလေးတစား ရှိပါတယ်”
ဝန်ထမ်းက သူ့ကို အလျင်အမြန် အသိပေးလာသည်။ သို့သော် လင်းရှန်ဖုန့်က အထင်သေးသော မျက်နှာထားနှင့် ဖြစ်နေဆဲပင်။
“သိကြားမင်းကို သူ ခေါ်လာလည်း အလကားပဲကွ၊ ဒီရှုကျိုးနယ်မြေမှာ ငါက အရှင်သခင်ပဲ၊ သူ ငါ့ကို အာခံရဲရင် သူ့စစ်သားအားလုံးကို ငါ ငတ်သေခိုင်းလိုက်မယ်”
“ဝန်ကြီးလင်းက အရမ်း ချုပ်ကိုင်နိုင်တာပဲ”
ရှောင်လျှိုက ခေါင်းမော့၍ လင်းရှန်ဖုန့်အား မျက်စိတစ်ဖက် မှိတ်ပြသည်။ ထိုမှတ်ချက်က လင်းရှန်ဖုန့်ကို ကျေနပ်သွားစေသည်။
ထိုအခိုက်တွင် ကျန်းကျန့်ရန်နှင့် ယဲ့ဖန်တို့ မြင်ကွင်းထဲ ဝင်လာ၏။ လူလာနေသည်ကို မြင်သော်အခါ ရှောင်လျှိုက အလျင်အမြန် ထရန် ပြင်လိုက်သည်။ သို့သော် လင်းရှန်ဖုန့်က သူမခေါင်းကို အတင်း ပြန်ဖိလိုက်ပြီး ယဲ့ဖန်နှင့် အခြားသူများအား မခန့်လေးစား ကြည့်လေသည်။
“ဘာကိစ္စ ရှိလို့လဲ”
တစ်ဖက်လူ၏ မတော်တရော် အပြုအမူကို မြင်ပြီး ယဲ့ဖန်၏ မျက်လုံးတွင်းမှ ခက်ထန်သော အရိပ်အယောင်က ပိုပီပြင်လာသည်။
“မင်းက လင်းရှန်ဖုန့်လား”
“ငါ့ကို ဝန်ကြီးလင်းလို့ ခေါ်စမ်း၊ ဒီမျိုးမစစ်ကောင်က ဘယ်ကလာတာလဲ၊ သူ့မှာ လုံးဝ ယဉ်ကျေးမှု မရှိဘူး၊ သူက တကယ့်ကို ပညာမတတ်တာပဲ”
လင်းရှန်ဖုန့်က ချက်ချင်း သရော်လိုက်ပြီး ယဲ့ဖန်နှင့် အခြားသူများအား မထီမဲ့မြင် ကြည့်နေသည်။
“မင်း သေချင်နေပြီလား”
လင်းရှန်ဖုန့်က ယဲ့ဖန်အား စော်ကားလိုက်သော စကားအား ကြားသောအခါ ကျန်းကျန့်ရန် ဒေါသထွက်သွားသည်။ လင်းရှန်ဖုန့်က သူ့ကို အမြဲတစေ ရိုင်းပျခဲ့ပြီး ယခု သူ့သခင်ကြီးကိုတောင်မှ စော်ကားရဲသည်တဲ့လား။
“ဘာလဲ ကျန်းကျန့်ရန် ငါ မင်းကို မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတာပါ၊ မင်းက ဟုတ်လှချည်လား၊ မင်း ဒီလ စစ်အသုံးစရိတ်ကို မလိုချင်ဘူး၊ မင်း ပြောစရာရှိတာ မြန်မြန်ပြော၊ ငါ အခုတလော အလျင်လိုနေတယ်”
ယဲ့ဖန် အလွန် ဒေါသထွက်သွားပြီး အပြုံးနှင့် ပြောလိုက်သည်။
“ဒီစစ်အသုံးစရိတ်က အင်ပါယာက စစ်တပ်ကို ချပေးထးတာ၊ မင်းက မင်းသဘောနဲ့မင်း ထိန်းချုပ်ထားရဲတာလား၊ ဒါ ဥပဒေကို ချိုးဖောက်နေတဲ့ လုပ်ရပ်ပဲ”
“ဟာသပဲ၊ ငါက စစ်အသုံးစရိတ်ကို ဘယ်လိုလုပ် ထိန်းထားမှာလဲ၊ ငါ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး”
လင်းရှန်ဖုန့်က ကြောက်လန့်ချင်ယောင် ဆောင်ပြနေသော်လည်း သူ့အပြုံးက မခိုးမခန့်ပင်။
“စာရင်းဇယား တွက်ချက်မှုက နှေးနေရုံလေးပါ၊ ပြီးတော့ အပြင်အချက်အလက်တွေကလည်း မျိုးစုံနေတာပဲလေ၊ အဲ့တော့ မျာသောအားဖြင့် စစ်အသုံးစရိတ်က ဆယ်ရက်ကနေ လဝက်လောက် နောက်ကျတတ်တယ်၊ ဒါမှမဟုတ် နှစ်ဝက်၊ တစ်နှစ်လည်း ဖြစ်နိုင်တာပဲလေ”
ခြိမ်းခြောက်ခြင်း။ ပေါ်တင် ခြိမ်းခြောက်ခြင်းပင်။
*ငါ မင်းရဲ့ စစ်အသုံးစရိတ်ကို မနုတ်ရဲပင်မယ့် အချိန်ဆွဲထားရဲတယ်ကွ*
“ဒီလို မောက်မာနေပုံနဲ့ဆို သူ့နောက်မှ တစ်ယောက်ယောက် ရှိကိုရှိရမယ်”
ယဲ့ဖန် ရယ်လိုက်သည်။ ဘာမဟုတ်သော ဒေသခံ ဝန်ကြီးတစ်ယောက်က ဤမျှ ယုံကြည်ချက် ရှိနိုင်ရန် မဖြစ်နိုင်ပါ။ နောက်ကွယ်၌ တစ်ယောက်ယောက် ရှိကို ရှိနေပေလိမ့်မည်။
“မင်းအပူပါလား”
လင်းရှန်ဖုန့်က ယဲ့ဖန်ကို အထင်အမြင်သေးစွာ ကြည့်၍ ပြန်ချေပလေသည်။
“လင်းရှန်ဖုန့် ငါ သတင်းရထားပြီးပြီ၊ ကပ်ဘေးအလွန် ပြန်လည် တည်ဆောက်ရေး ရန်ပုံငွေကို အင်ပါယာက ဘီလီယံ ကိုးဆယ် ချထားပေးတာ၊ ဘာလို့ ငါ့လက်ထဲကို သုံးဆယ်ပဲ ရောက်လာတာလဲ”
ကျန်းကျန့်ရန်က မေးလိုက်သည်။ ထိုစကားကို ကြားသော် လင်းရှန်ဖုန့်၏ မျက်နှာ မည်းမှောင်သွားပြီး ကျန်းကျန့်ရန် ဘယ်လိုလုပ် သတင်းရသွားလဲ အံ့ဩသွားပုံ ရသည်။
တော်ဝင်မြို့တော်ရှိ သူတို့ဘက်မှ လူများက ထိုသတင်းကို လုံးဝ ပိတ်ဆို့ထားခဲ့သည်။ ဤကိစ္စကို ကိုယ်တိုင် ကိုင်တွယ်ရာတွင် ရာထူးကြီးသူများ ပါဝင်သဖြင့် သတင်း ထွက်လာရန် မဖြစ်နိုင်ပါ။
သို့သော် လင်းရှန်ဖုန့်သည် အရာရှိလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ ဖြစ်ပြီး သူ မမြင်ဖူးသော မုန်တိုင်းများ မရှိချေ။
တစ်ခဏမျှ အံ့ဩပြီးနောက် သူ ချက်ချင်း ပုံမှန်အတိုင်း ဖြစ်သွားပြီး အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။
“ကျန်းကျန့်ရန် မင်းလည်း အင်ပါယာရဲ့ ဗိုလ်မှူးကြီးပဲ၊မင်း လေတိုက်နှုန်းကို နားမထောင်ဘဲ မိုးရွာ၊ မရွာကို သိနိုင်လို့လား၊ မင်း ဘယ်လိုလုပ် ဒီလို အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ယုံရတာလဲ”
*ဘာ*
ကျန်းကျန့်ရန် ဒေါသထွက်သွားလေသည်။
“မင်း အခုချိန်အထိ ငြင်းချင်သေးတာလား”
“ဘာကို ငြင်းရမှာလဲ၊ ဘာမှမရှိတာကို မင်း ငါ့ကို ဘယ်လို ဝန်ခံအောင် လုပ်မှာလဲ၊ ငါ လာဘ်စားတယ်ပဲ ထားဦး၊ သက်သေ ဘယ်မလဲ၊ သက်သေရှိမှလာခဲ့”
လင်းရှန်ဖုန့်က မောက်မာမြဲ မောက်မာနေကာ ကြိုက်သလိုလုပ်ဟူသော အကြည့်ဖြင့် ကြည့်နေ၏။
“လင်းရှန်ဖုန့် မင်း အခေါင်းကို မမြင်ရမချင်း မငိုသေးဘူးနဲ့ တူတယ်”
ကျန်းကျန့်ရန်က အေးစက်စက် ခနဲ့လိုက်ပြီးနောက် ယဲ့ဖန်အား လက်ညှိုးထိုးပြသည်။
“သူ ဘယ်သူလဲ မင်း သိလား”
*ဟမ်*
လင်းရှန့်ဖုန်က ယဲ့ဖန်ကို မယုံသင်္ကာ ကြည့်လိုက်ပြီး ယဲ့ဖန်၏ နောက်ခံကို သိချင်စိတ် ဝင်လာသည်။
“သူက အရှင် ယဲ့ဘုရင်ပဲ၊ ကပ်ဘေးအလွန် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေ ဘီလီယံ ကိုးဆယ်ကို သူပဲ အတည်ပြု ပေးတာ”