← Chapters

အခန်း ၁၅၉၃

Vol. 107 Ch. 1593

အခန်း ၁၅၉၃

Vol. 107 Ch. 1593

Chapter 1593 မင်းကို မျက်နှာသာပေးတဲ့အနေနဲ့ သူ့ကို စုတ်ဖြဲပစ်ရတာပေါ့

“မင်းက ဆင်တစ်ကောင်လုံးကိုတောင် မျိုချချင်တဲ့အထိ လောဘကြီးတာပဲ၊ ငါ မင်းကို ရွှေဒင်္ဂါးတစ်သောင်း ပေးပြီးပြီပဲ”

ယဲ့ဖန် သက်ပြင်းချလိုက်သည်။ အစက သူ တရားလွန် မလုပ်ချင်သော်လည်း တစ်စုံတစ်ယောက်က သေချင်နေ ပါတကား။

“ဒါပေမဲ့ ဒီအမျိုးသမီးက ပိုလိုချင်တယ် ဆိုရင်ရော၊ စီးပွားရေး လုပ်တယ်ဆိုတာ မလွယ်မှန်း ရှင်လည်း သိပါတယ်၊ ကျွန်မ အခုမှ ဝဖီးနေတဲ့ သိုးတစ်ကောင်ကို မိတာလေ၊ ဘယ်လိုလုပ် မသတ်ဘဲ ထားနိုင်မှာလဲ”

ရင်စန်းနျန်းက တခစ်ခစ် ရယ်နေ၏။ ယဲ့ဖန်က သူမအကြံအစည်ကို ကြိုမြင်နေသော်လည်း သူမက တည်ငြိမ် နေဆဲပင်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်တို့နှစ်ယောက်သည် သူမ၏ အနက်ရောင်ဆိုင်ထဲ၌ ရှိနေဆဲဖြစ်ကာ သူတို့ ဤနေရာ၌ ရှိနေသရွေ့ သူမတို့ လက်ခုပ်ထဲမှ ရေသဖွယ် ဖြစ်နေမည်ဖြစ်ပြီး သတ်နိုင်ပေမည်။

ဤဆိုင်အတွင်းမှ သူတော်စင်သခင်အဆင့် ဆယ်ယောက်ကျော်အပြင် သူမလူ နတ်ဘုရင်အဆင့်ကိုပါ ပေါင်းလိုက်လျင် ဤအပြင်လူနှစ်ယောက်ကို သတ်ရန် လွယ်လွန်းနေသည် မဟုတ်ပါလော။

သူမစိတ်ထဲတွင် ယဲ့ဖန် တောင်ပံပေါက်လျင်တောင်မှ ပြေးမလွတ်နိုင်ဟု တွက်ထားသည်။

“ညှိနှိုင်းလို့မရတော့ဘူးလား”

ယဲ့ဖန်က သုန်မှုန်နေသော အပြုံးနှင့်အတူ ပြန်မေးလိုက်သည်။ ထိုအသံ နူးညံ့ပုံ ပေါ်သော်လည်း ဘေးဘက်မှ လီဝေ့ တုန်လှုပ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် သူမ ယဲ့ဖန်အကြောင်းကို သိနေသောကြောင့်ပင်။ ယဲ့ဖန်၏ အကျင့်စရိုက်တွင် တောင်းပန်တိုးလျှိုး စကားပြောခြင်းနှင့် နူးညံ့စွာ အညံ့ခံခြင်းတို့ မပါဝင်သည်ကို သူမ သိနေသောကြောင့်ပင်တည်း။

ထိုစကား၏ အဓိပ္ပာယ်က ရင်စန်းနျန်းနှင့် အခြားသူများကို အခွင့်အရေး ပေးနေခြင်းပင်။ ၎င်းကို ဆုပ်ကိုင်သည်၊ မဆုပ်ကိုင်သည်က သူတို့၏ ကိုယ်ပိုင် ကံတရားသာ။

“ကျွန်မတို့ ညှိနှိုင်းလို့ မရတာ မဟုတ်ပါဘူး”

ယဲ့ဖန်၏ လေသံက ပျော့ပျောင်းလာသည်ကို ကြည့်ပြီး ရင်စန်းနျန်း၏ အပြုံးက ပို၍ ပီပြင်လာသည်။

“သခင်လေး ပါလာသမျှ ပိုင်ဆိုင်မှုအားလုံးကို လွှဲပေးတာနဲ့ ဒီကနေ ထွက်သွားလို့ရပါတယ်၊ သွေးသန့်စင်ခြင်း နိုင်ငံရဲ့ စည်းမျဉ်းက ကိုယ် ချမ်းသာတာကို လူမသိစေနဲ့တဲ့၊ သားလေး မှတ်ထားနော် ခစ်ခစ် …”

“အာ ဟုတ်သားပဲ၊ ပြီးတော့ ရှင့်ဓားနဲ့ ဘေးနားက မိန်းမကိုလည်း ထားခဲ့၊ ကျွန်မလူက ရှင့်ဓားကို သိပ်သဘောကျ နေတာ၊ အဲ့တော့ အဲ့ဒါကို ကျွန်မ ရရမှ ဖြ်စမယ်၊ အဲ့မိန်းမကိုတော့ ကျွန်မက ဒုသခင်ကြီးကို ပေးမယ်လို့ ကတိပေးထားပြီးပြီ၊ ဒီတော့ သခင်လေး ဝေဒနာကို သည်းခံပြီး ချစ်ရသူကို ပေးနိုင်ရဲ့လား ကြည့်ရတာပေါ့”

ရင်စန်းနျန်းက မေးခွန်းထုတ်ပုံ ပေါက်နေသော်လည်း ထိုစကားတွင် မငြင်းနိုင်အောင် အေးစက်မှုတို့ ပါဝင်နေ၏။

ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။

“ဒါဆို ငါတို့ ညှိနှိုင်းဖို့မလိုတော့ဘူး”

“သခင်လေး မိန်းမတွေဆိုတာ အဝတ်အထည်လိုပါပဲ၊ ပြီးတော့ ပိုက်ဆံဆိုတာကလည်း ကိုယ့်အသက်နဲ့ အဝေးကြီး၊ ဘာလို့ ဒီလောက် ခေါင်းမာတာလဲ”

ရင်စန်းနျန်းက ပြောရင်း ခေါင်းညိတ်၍ အချက်ပြလိုက်သည်။ သူတော်စင်သခင်အဆင့် ဆယ်ယောက်ကျော်က အမှောင်ထဲမှ ထွက်လာပြီး ယဲ့ဖန်အား ဝိုင်းလာသည်။

သူတို့၏ မျက်နှာများက လေးနက်နေသည်။ အစောပိုင်းက ယဲ့ဖန်၏ လူသတ်လိုက်သော နည်းလမ်းက သူတို့ကိုလည်း အံ့အားသင့်စေခဲ့သည်။

“မိန်းမဆိုတာ အဝတ်အထည်လိုပဲ ဟုတ်လား၊ ဒါဆို ငါ မင်းကို ဝတ်ချင်တယ်၊ အဆင်ပြေလား”

ယဲ့ဖန်က ရင်စန်းနျန်းအား အပြုံးနှင့်အတူ ကြည့်လိုက်သည်။

“မင်းမှာ အဲ့လို အခွင့်အရေး မရှိဘူး”

သို့သော် ရင်စန်းနျန်း ပြန်မဖြေခင်မှာပင် အခြားအသံတစ်သံ ထွက်ပေါ်လာ၏။ ဝူမန် ခြေလှမ်းကြဲကြဲဖြင့် ဝင်လာပြီး လူမမာ အနေအထားနှင့် ရှိနေဆဲဖြစ်ကာ လက်ကိုင်ပုဝါဖြင့် ပါးစပ်ကိုအုပ်၍ ချောင်းဆိုးနေသည်။

သို့သော် မျက်လုံးတစ်စုံက ယဲ့ဖန်အား အေးစက်စွာ စိုက်ကြည့်နေ၏။

“ဘာလို့လဲဆိုတော့ မင်း မကြာခင် ဒီမှာ သေရမှာမို့လို့ပဲ”

ဤသည်ကိုမြင်သော် ဒုသခင်ကြီး စိတ်လှုပ်ရှားကာ တုန်ယင်လာသည်။

*ဒီမောက်မာတဲ့ကောင်က ရင်စန်းနျန်းကို ပေါ်တင်ကြီး ထိကပါး ရိကပါး လုပ်လိုက်တာပဲ၊ ရင်စန်းနျန်းက ဝူမန်ရဲ့ အပိုင်ပစ္စည်းဆိုတာကို ဘယ်သူက မသိဘဲ ရှိမှာလဲ*

*ဒီတစ်ခါတော့ သူ ဝူမန်ကို လုံးဝ ရန်စမိပြီ*

*ဝူမန်ရဲ့ နည်းလမ်းနဲ့ဆို သူ့ကို တစ်နှစ်ခွဲလောက် နှိပ်စက်ရင်တောင် ထူးဆန်းမှာ မဟုတ်ဘူး*

ရင်စန်းနျန်းက သက်ပြင်းချလိုက်ပြီး နောင်တရစွာ ပြောလိုက်သည်။

“သခင်လေး ဘာလို့ ဒီလို လုပ်ရတာလဲ၊ အစက အသက်ရှင်နိုင်ချေ နည်းနည်းလေး ရှိခဲ့တာကို၊ အခုတော့ ရှင် သေပြီ”

ပါးစပ်က နောင်တရသည်ဟု ပြောနေသော်လည်း မျက်နှာတွင် ကျေပ်အားရသော အပြုံးတစ်ခု ချိတ်ဆွဲထားသည်။ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း ယဲ့ဖန်ကို သင်ခန်းစာပေးရန် လိုနေပြီဟု တွေးမိသောကြောင့်ပင်။

သူ့မျက်နှာပေါ်မှ သနား၍ အထင်သေးသော အပြုံးက သူမကို အလွန် မပျော်မရွှင် ဖြစ်စေသည်။

ယဲ့ဖန်က ဝူမန်ကို တစ်ချက်ကြည့်လိုက်သည်။

“နတ်ဘုရင်အဆင့်တစ်ယောက်၊ မဟုတ်သေးဘူး ဒဏ်ရာ အပြင်းအထန် ရနေတဲ့ နတ်ဘုရင်အဆင့် မင်းက ငါ့ကို သတ်နိုင်တယ်လို့ ထင်နေတာလား”

“ခစ်ခစ် … ဒီကောင်လေးက တော်တော် အရှက်မဲ့တာပဲ၊ မင်းကို နည်းနည်းလောက် အလေးပေးလိုက်တာနဲ့ သူများထက် သာပြီ ထင်နေတာလား၊ နတ်ဘုရင်အဆင့်ကိုတောင်မှ အထင်သေးနေတယ်ဆိုတော့ နင်ကလည်း နတ်ဘုရင်အဆင့်လို့ ပြောချင်နေတာလား”

ယဲ့ဖန် ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး”

“ဒါဆိုလည်း ပါးစပ်ပိတ်ပြီး သေလိုက်တော့”

ရင်စန်းနျန်း၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင် ပေါ်လာသည်။ ဝူမန်ကလည်း ယဲ့ဖန်၏ လက်ထဲမှ စကြဝဋ္ဌာဓားကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“ငါ့ကို အဲ့ဓားပေး၊ ဒါဆို ငါ မင်းကို ပေါ့ပေါ့ပါးပါး သေအောင် လုပ်ပေးမယ်”

အေးစက်၍ ခက်ထန်လှသည်။ ဝူမန် ထုတ်လွှတ်လိုက်သော လူသတ်လိုသည့် အငွေ့အသက်က ဒုသခင်ကြီးနှင့် အခြားသူများ၏ အငွေ့အသက်များ ပေါင်းလိုက်သည်ထက်ပင် အဆတစ်ရာမက ပြင်းထန်သေးသည်။

ဆိုင်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်လာပြီး ပြိုကျလုနီးပါး ဖြစ်လာ၏။

ယဲ့ဖန် ကြောက်လိမ့်မည်ဟု လူတိုင်း ထင်ထားသော်လည်း သူက ရွှတ်နောက်နောက် ပြုံးနေသည်။

“မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ငါ တော်တော်လေး ရစရာရှိသေးတာလေ၊ ငါက ပျော်စရာကောင်းတာတွေကို မကြိုက်ဘူး၊ ငါက သေတဲ့အထိ နှိပ်စက်ရတာကို ကြိုက်တယ်”

ဘေးလူများအားလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြပြီး ယခုကဲ့သို့ အချိန်၌ သူ ပြုံးနိုင်လိမ့်ဦးမည်ဟု သူတို့ မယုံနိုင် ဖြစ်နေကြသည်။

“ခွိ”

လီဝေ့ ရယ်လိုက်မိသည်။

*ဒီလို အရေးကြီးတဲ့ အခြေအနေမျိုးမှာ ရှင် နည်းနည်းလောက် ပိုပြီး အလေးအနက် ထားပေးလို့မရဘူးလား*

“မင်းလိုချင်တာကို ငါ လုပ်ပေးရတာပေါ့”

ဝူမန်၏ ပုံရိပ်က ဖျက်ခနဲ လှုပ်ရှားလာပြီး သူ၏ လက်ဝါးကို မြှောက်၍ ရိုက်ချလိုက်သည်။ သူ၏ ခွန်အားက တစ်ဟုန်ထိုး မြင့်တက်လာပြီး နတ်ဓားတစ်လက် ကျဆင်းလာသကဲ့သို့ ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ကျရောက် လာသည်။

ဤလက်ဝါးချက်က ယဲ့ဖန်၏ ခေါင်းကို တန်းရိုက်ခွဲရန် ကြံစည်ထားလေသည်။ ရင်စန်းနျန်း၏ အပြုံးက ပို၍ ထင်ရှားလာပြီး စွဲလမ်းနှစ်သက်ဟန် ပေါ်လာသည်။

ဝူမန် တိုက်ခိုက်သည်ကို သူမ ဘယ်နှစ်ကြိမ် ကြည့်ဖူးပါစေ ဝူမန်က အလွန် လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ချောမောသည်ဟု သူမ ခံစားမိဆဲပင်။ ဝူမန် လူသတ်သည့်ပုံစံက အလွန် စွဲမက်ဖွယ် ကောင်းလှသည်။

“ရွှစ်”

သွေးများ ပန်းထွက်လာလေသည်။

“သူ သေသွားပြီလား၊ နှမြောစရာပဲ၊ ငါ သူ့ကို နှိပ်စက်ချင်သေးတာကို”

ဒုသခင်ကြီးက ရယ်မောလာသည်။ ချက်ချင်းဆိုသလိုပင် သူသည် လီဝေ့အား မဖွယ်မရာ အကြည့်ဖြင့် ကြည့်လိုက်သည်။

“အလှလေး အခု မင်းက ငါ့အပိုင်ပဲ၊ စိတ်မပူနဲ့၊ ငါ မင်းကို ကောင်းကောင်း ပြုစုမှာပါ”

လီဝေ့က ခနဲ့တဲ့တဲ့ ပြုံးနေပြီး ဘာမှမပြောချေ။ ဤမြင်ကွင်းက ရင်စန်းနျန်းကို အံ့ဩသွားစေသည်။

“နင် မကြောက်ဘူးလား”

“ငါက ဘာလို့ ကြောက်ရမှာလဲ”

လီဝေ့က အထူးတဆန်း ပြန်မေးလိုက်သည်။

“အရေးမပါလိုက်တာ၊ နင့်လူက သေသွားပြီလေ၊ နင် ချက်ချင်းလက်ငင်း ကစားစရာ ဖြစ်လာတော့မှာ’

ရင်စန်းနျန်းက အော်ဟစ်လိုက်ပြီး မျက်နှာက အလွန် ကြည့်ရဆိုးနေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း တစ်ခုခု မှားနေကြောင်း သတိထားမိသွားသောကြောင့်ပင်။

“ဪ အဲ့လို့လား”

လီဝေ့က ဂရုမစိုက်ဟန်ဖြင့် ရှိနေဆဲပင်။

*ဘာ*

*အဲ့လူက သူ့အတွက် သေသွားတာတောင် သူက ဘာမှမဖြစ်ဘူးလား*

*မဟုတ်သေးဘူး*

*တစ်ခုခုတော့ မှားနေပြီ*

ရင်စန်းနျန်း ကြက်သီးထသွားပြီး ဝူမန်ကို လှည့်ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဝူမန်က သူမတို့ကို ကျောပေးထားပြီး ယဲ့ဖန်ကို ကာထားသလို ဖြစ်နေသောကြောင့် ဘာဖြစ်နေသလဲ သူတို့ မသိချေ။

“တောက် တောက်”

“တောက် တောက်”

သွေးစက်များက ကြမ်းပြင်သို့ တတောက်တောက် ကျလာသည်။ ထို့နောက် ကြောက်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက အားလုံးရှေ့ ပေါ်လာသည်။

ဝူမန် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်လာပြီးနောက် ကြမ်းပြင်ပေါ် လဲကျကာ ရင်ဘတ်၌ အပေါက်ကြီးတစ်ပေါက် ဖြစ်နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။

ဝူမန်၏ မျက်နှာတွင် မယုံနိုင်ဟန်များ ပြည့်နှက်နေပြီး ဤမျှ အလွယ်တကူ ရှုံးသွားသည်ကို မယုံနိုင် ဖြစ်နေသည့်ပုံပင်။ သူတောင်မှ ဘာဖြစ်သွားသလဲ မသိချေ။

သူ၏ နတ်ဘုရင်အဆင့် ခွန်အားနှင့်ဆိုလျင် ယဲ့ဖန်အား အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။ ယဲ့ဖန်က သူတော်စင်သခင်အဆင့် ဖြစ်သောကြောင့် သူ့ကို မခုခံနိုင်ဘဲ သေလိမ့်မည်ဟု တွက်ခဲ့မိသည်။ ယခု သူ့အထင်က မှားနေသည့်ပုံပင်။

“ဘယ်လိုလုပ်ပြီး …”

ရင်စန်းနျန်း ရုတ်တရက် မျက်နှာ ဖြူရော်သွားပြီး ဤမြင်ကွင်းအား ငေးကြောင်၍ ကြည့်နေပြီး တစ်ခဏမျှ အသိလွတ်နေ၏။

*ငါ့လူက ရှုံးသွားတာလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ငါ့လူက ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးလေ*

*သူက လူတစ်ယောက်တည်းကိုပဲ ရှုံးဖူးတာလေ*

*သွေးဝိညာဉ် တာအိုကျောင်းတော်က အရှင်သခင်ကလွဲရင် သူ့ကို ပြိုင်ဘက်ကင်းတယ်လို့ သတ်မှတ်လို့ ရနေပြီကို*

*ဒါပေမဲ့ သူက ဒီကောင်လေးကို တိုက်ခိုက်လိုက်တာနဲ့ ချက်ချင်း ရှုံးသွားတာလား*

*မယုံနိုင်စရာ ကောင်းလိုက်တာ*

လူတိုင်း ရင်တဒိတ်ဒိတ် ခုန်သလို ခံစားနေရသည်။ သူတို့အားလုံး ဝူမန်၏ ခွန်အားကို ကောင်းကောင်း သိပါ၏။

သွေးသန့်စင်ခြင်းနိုင်ငံ၌ သူ့အား မလေးမစားမလုပ်ရဲသူ မည်သူ ရှိသနည်း။ ယခုကဲ့သို့ ရှုံးနိမ့်ခြင်းသည် တစ်ခါမှ မဖြစ်ဖူးချေ။

*ဒီလူက သောက်ကျိုးနည်း ဘာလဲ*

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဒုသခင်ကြီးတောင်မှ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။ ဝူမန်သည် သူတို့ခေါင်းဆောင်နှင့် ယှဉ်နိုင်သူ ဖြစ်သည်။

*ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရင်အဆင့်က ချက်ချင်း အထိနာသွားတာတဲ့လား*

သူတော်စင်သခင်အဆင့်များ၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေကြသည်။ သူတို့၏ စိတ်ထဲ၌ ပြိုင်ဘက်ကင်းသည်ဟု သတ်မှတ်ထားသော ဝူမန်က တစ်စုံတစ်ယောက်ကြောင့် ရှုံးသွားသည်တဲ့လား။

*အထင်မှားတာ*

*ဒါ အထင်မှားတာပဲ ဖြစ်ရမယ်*

“မင်း … မင်းကလည်း နတ်ဘုရင်အဆင့်လား”

ဝူမန်သည် ခက်ခက်ခဲခဲ ခေါင်းမော့၍ ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လာသည်။ ယဲ့ဖန်က သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ခြင်းအတွက် အဖြေက တစ်ခုတည်းသာ ရှိပေသည်။ ယင်းမှာ ယဲ့ဖန်ကလည်း နတ်ဘုရင်အဆင့် ဖြစ်နေခြင်းဟူသော အဖြေပင်။

သို့သော် ယဲ့ဖန်က ခေါင်းခါဆဲပင်။

“ငါက နတ်ဘုရင်အဆင့် မဟုတ်ဘူး”

*ဘာ*

*နတ်ဘုရင်အဆင့် မဟုတ်ဘူးလား*

ဝူမန် အံ့ဩသွားသည်။ နတ်ဘုရင်အဆင့် မဟုတ်သောသူက ဘယ်လိုလုပ် သူ့ကို ဒဏ်ရာ အပြင်းအထန် ရစေမည်နည်း။

“ဘာလို့လဲဆိုတော့ ငါက အင်မော်တယ် ဧကရာဇ်အဆင့် မို့လို့ပဲ”

သို့သော် ယဲ့ဖန် ဆက်ပြောလာသော စကားက ဝူမန်နှင့် အခြားသူများကို ကြက်သေ သေသွားစေသည်။

“အင်မော်တယ် … အင်မော်တယ် ဧကရာဇ် အဆင့်လား”

ဒုသခင်ကြီး အံ့အားသင့်သွားပြီး တစ်ကိုယ်လုံး တုန်လာသည်။ ထိုစကားက သူ့အား ဆောက်တည်ရာမရ ဖြစ်စေ၏။

*ဒါက သံပြားကို ကန်မိတာတောင် မဟုတ်ဘူး သံတောင်ကြီးကို သွားကန်မိတာ*

*သေစမ်း*

*အင်မော်တယ် ဧကရာဇ်အဆင့်က ငှက်တောင် ချီးမပါချတဲ့ ဒီနေရာကို ဘယ်လိုလုပ် ရောက်လာတာလဲ*

*ဒါ ပွဲသိမ်းပြီ မဟုတ်လား*

ရင်စန်းနျန်း၏ လှပသော မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နောင်တရလာသည်။ တစ်ဖက်လူက အတင့်ရဲပြီး မောက်မာကာ အကြောက်အလန့် မဲ့နေသည်က အံ့ဩစရာ မဟုတ်တော့ချေ။

*လတ်စသက်တော့ သူက အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်နေတာကိုး*

*ငါ့လူထက် ပိုသန်မာတဲ့ အင်မော်တယ် ဧကရာဇ်အဆင့်*

သူမ၏ မျက်လုံးတွင် ကြောက်စိတ်များ စိုးမိုးလာသည်။ သူမစိတ်ထဲမှ စိုးရိမ်စိတ်က တဖြည်းဖြည်း ကြီးထွားလာ၏။

သူမ လောဘမကြီးခဲ့သင့်ပေ။ အတိတ်က ဆိုင်သို့ လာတည်းသူများသည် အနည်းငယ် ချမ်းသာသူများ ဖြစ်လျင် သူမတို့က သူတို့ကို သတ်၍ မြေမြှုပ်လိုက်ကြပြီး ဘာပြဿနာမှ မဖြစ်ပေ။

ဆိုင်ကို ကာကွယ်ပေးသော ဝူမန်ကြောင့် ဤနေရာ၌ ပြဿနာ ရှာရဲသူ မရှိချေ။ ထို့ကြောင့် ယခုတစ်ခေါက်တွင်လည်း ရင်စန်းနျန်းက အတူတူပဲ ထင်ကာ ယဲ့ဖန်အား ဝဖီးနေသော သိုးတစ်ကောင်သဖွယ် သဘောထားပြီး ကြိုးကိုင်ခြယ်လှယ်၍ စိတ်ရှိသလို သတ်နိုင်သည်ဟု ထင်ခဲ့သည်။

သို့သော် ယခုအခါ၌ သူမ သေတွင်းတူးခဲ့မိသည့်ပုံပင်။ တစ်ခဏမျှ တွေဝေနေပြီးနောက် ရင်စန်းနျန်းက ယဲ့ဖန်ရှေ့၌ အလျင်အမြန် ဒူးထောက်လာသည်။

“သခင်လေး အသက်ချမ်းသာပေးပါ၊ သခင်လေး ဒီအမျိုးသမီး မှားမှန်း သိပါပြီ၊ ဒါတွေအားလုံးက ကျွန်မအမှားပါ၊ ကျေးဇူးပြုပြီး ကျွန်မလူကို ခွင့်လွှတ်ပေးပါ”

ယဲ့ဖန်က သူမကို အပြုံးနှင့် ကြည့်လာသည်။

“မင်းက သံယောဇဉ်ကြီးတဲ့လူပဲ၊ ဒီလိုဆိုမှတော့ ကောင်းပြီလေ …”

ရင်စန်းနျန်း အံ့ဩသွားသည်။

*ဘယ်လိုလုပ် ဒီလူက အကောင်းပြောနေတာလဲ*

*ဝူမန်က သူ့ကို သတ်ဖို့ ကြံစည်ခဲ့ပင်မယ့် သူက သဘောကောင်းလှချည်လား၊ ငါ အထင်မှားနေတာများလား*

ထိုစဉ် အားလုံး၏ ကြောက်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်က ဝူမန်၏ ခြေထောက်တစ်ဖက်ကို ချိုး၍ စုတ်ဖြဲလေသည်။

ရင်စန်းနျန်း၏ အမူအရာ ပျက်ယွင်းသွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လိုက်သည်။

*သူက မရပ်ဘူးလား*

ထို့နောက် ယဲ့ဖန်က ရင်စန်းနျန်းအား ဆိုးရွား‌သော အပြုံးမျိုး ပြုံးပြလေသည်။

“ကောင်းပြီလေ ငါ မင်းကို မျက်နှာသာပေးတဲ့ အနေနဲ့ … သူ့ကို စုတ်ဖြဲပစ်ရတာပေါ့”

All Chapters