အခန်း ၁၅၉၄
Vol. 107 Ch. 1594
Chapter 1594 တကယ့် နတ်ဆိုး
ထိုစကားက လူတိုင်းအား ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။
*ဒီလူပြောတဲ့ ကောင်းပြီလေ ဆိုတာက ဒါကို ပြောချင်တာကိုး*
ရင်စန်းနျန်း ချက်ချင်း အံ့ဩသွားပြီး ယဲ့ဖန်က သူမတို့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ကြောင်း သိလိုက်သည်။
ယဲ့ဖန်၏ စကားသံ ထွက်လာသောအခါ ရင်စန်းနျန်းက ယဲ့ဖန်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
*ကောင်းပြီလေ၊ မင်းက သူ့ကို သိပ်ချစ်မှတော့ သူ့ကို မင်းရှေ့မှာ စုတ်ဖြဲပစ်မယ်*
*မင်းကို ဆိုးရွားအောင် လုပ်မယ်၊ မင်းကို ဆောက်တည်ရာမရအောင် လုပ်မယ်*
ဤသည်က နတ်ဆိုးကို ဒေါသထွက်အောင် လုပ်မိသည့်အတွက် တန်ကြေးပင်။
ဝူမန် သွေးအန်လာသည်။ သူသည် အစကတည်းက ဒဏ်ရာ ရနေသူ ဖြစ်သည်။ ယဲ့ဖန်ထံ၌ ရင်ဘတ် ထိုးဖောက်ခံရပြီး ခြေထောက်ပါ ဖြတ်တောက် ခံလိုက်ရပြီးနောက် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်ကာ သေလုမျောပါး ဖြစ်လာသည်။
သို့သော် သူသည် စိတ်မာသော လူတစ်ယောက် ဖြစ်သည်။ သူသည် ကျောင်းဆရာသဖွယ် နူးညံ့ပုံပေါက်သော်လည်း အရိုးထဲအထိ မာကြောသူ ဖြစ်လေသည်။
ခြေထောက်တစ်ဖက် စုတ်ဖြဲခံရသော်ငြားလည်း ဘာအော်သံမှ မထွက်ပေ။
ဝူမန်တစ်ယောက် လှောင်ပြောင်နင်းချေခံနေရသည်ကို မြင်ပြီး သူတော်စင်သခင်အဆင့်များအားလုံး စိတ်ဓာတ်ကျကာ အမြန်ဆုံးနှုန်းဖြင့် အရပ်မျက်နှာအနှံ့သို့ ချက်ချင်း ထွက်ပြေးကြသည်။
သူတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်ပြီး မရေတွက်နိုင်လောက်အောင် လူသတ်ဖူးသည်။ သို့သော် ယခုအချိန်တွင်မူ သူတို့သည် အရှေ့မှ ချောမောသော လူငယ်လေးကြောင့် ကြောက်လန့်နေ၏။
အင်မော်တယ် ဧကရာဇ်အဆင့်တဲ့လား။ သူတို့ လူဦးရေကို နှစ်ဆတိုးလိုက်လျင်တောင်မှ သူတို့က ယဲ့ဖန်၏ ပြိုင်ဘက် မဖြစ်နိုင်ပါ။
သို့သော် သူတို့ ပြတင်းပေါက်နှင့် တံခါးပေါက်အနားသို့ နီးကပ်လာချိန်တွင် ကြောက်စရာကောင်းသော အသံတစ်သံက လေတိုးသံနှင့်အတူ နားစည်ထဲသို့ ရိုက်ခတ်လာ၏။
“ငါ မင်းတို့ကို သွားခိုင်းလား”
ဖိအားတစ်ခုက ဝုန်းခနဲ ထွက်ပေါ်လာသည်။
“ဘုန်း ဘုန်း”
ဤသူတော်စင်သခင်အဆင့်များသည် မြို့နံရံနှင့် တိုက်မိသွားသကဲ့သို့ ချင်ချင်း လွင့်ထွက်ကာ တစ်စစီ ပေါက်ကွဲ၍ သေဆုံးသွားကြသည်။ ပွဲချင်းပြီး သေဆုံးကြခြင်းပင်။
ဒုသခင်ကြီးသည် ဤမြင်ကွင်းကို မြင်ပြီး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားပြီး ပြင်းထန်စွာ တုန်လှုပ်လာ၏။
သူတော်စင်သခင်အဆင့် ဆယ်ယောက်ကျော်သည် သူ့အရှေ့မှလူ၏ လက်ထဲတွင် ပုရွက်ဆိတ်များသဖွယ် အသတ်ခံလိုက်ရလေသည်။ လွှမ်းမိုးချုပ်ကိုင်နိုင်ပုံက နတ်ဆိုးဆန်လုနီးနီးပါပင်။
ထိုသို့သောအချိန်၌ ယဲ့ဖန်က ပြုံးနေပြီး ဝူမန်အား စိုက်ကြည့်လာ၏။
“မင်း ငါ့ဓားကို လိုချင်တာလား”
“မလုပ်ပါနဲ့ လူကြီးမင်း သူ့ကို ထပ်မနှိပ်စက်ပါနဲ့တော့၊ ကျွန်မတို့ မှားမှန်း သိပါပြီ”
ရင်စန်းနျန်း မျက်ရည်လည်ရွဲဖြင့် ဆောက်တည်ရာမရ ငိုကြွေးနေသည်။
*နတ်ဆိုး*
*ဒီလူက တကယ့် နတ်ဆိုးပဲ*
*သွေးဆာပြီး ရက်စက်ပုံက မကောင်းဆိုးဝါးတွေထက်တောင် ဆိုးသေးတယ်*
လီဝေ့ မချိပြုံး ပြုံးနေပြီး စိတ်ထဲ၌ ခံစားချက်များ ရောပြွမ်းနေ၏။
*ဒါကို ဆိုးယုတ်တဲ့လူတွေ သူတို့နည်းအတိုင်း ပြန်ခံရတယ်လို့ ခေါ်မလား*
သို့သော် ယဲ့ဖန်က ယုတ်မာသူ မဟုတ်ပေ။ ယုတ်မာသောလူထက် ပို၍ ကြောက်စရာကောင်းသော နတ်ဆိုး တစ်ကောင်သာ။
ဤလူများ ဆောက်တည်ရာမရ သေဆုံးရပေလိမ့်မည်။ ယဲ့ဖန်က သူတို့ကို အခွင့်အရေး ပေးခဲ့သော်လည်း သူတို့က ဖမ်းဆုပ်ရမှန်း မသိခဲ့ပေ။ ယခု သူတို့ အကျိုးဆက်ကို ခံစားရပေတော့မည်။
“မင်းက အရမ်း လောဘကြီးတယ်လို့ ငါ ပြောခဲ့သားပဲ”
ယဲ့ဖန်က ကျောချမ်းဖွယ်ကောင်းသော အပြုံးမျိုး ပြုံးနေသည်။
“မင်း လုပ်ခဲ့တာကို ကြည့်လေ၊ မင်းအသက်ကို ကယ်နိုင်ရဲ့သားနဲ့၊ အခုတော့ မင်းတို့အားလုံး သေရတော့မယ် ဟားဟား”
ယဲ့ဖန်က ရင်စန်းနျန်း၏ လေသံအတိုင်း ပြန်ပြောလာသည်။ ထိုစကားကြောင့် ရင်စန်းနျန်းနှင့် အခြားသူများအားလုံး မျက်နှာ နီရဲသွားသည်။
ကိုယ့်မျက်နှာ ကိုယ်သာ ပြန်ချချင်မိတော့သည်။ သူတို့ အလွန် ဘဝမြင့်ခဲ့ပြီး ယဲ့ဖန်အား ရှင်းနိုင်မည်ဟု ထင်ခဲ့မိသည်က ရှက်စရာပင်။ ယခု ရလဒ်အနေဖြင့် အလှောင်ခံရလေပြီ။
ဤခံစားချက်က အလွန် နေရခက်လှသည်။ သူတို့ လက်ခုပ်ထဲမှ ငါးဟု သတ်မှတ်ထားခဲ့သော လူထံမှ သူတို့ အလှောင်ခံနေရသည် မဟုတ်ပါတကား။
ရင်စန်းနျန်းက ဆက်တိုက် အနူးအညွတ် တောင်းပန်နေပြီး မျက်ရည်များ စီးကျကာ နာကျင်နေလေသည်။ သူမ နောင်တရနေ၏။ သူမ တကယ် နောင်တရနေလေသည်။
သူမ၏ လောဘကြောင့်ပင် ဤသို့သော အန္တရာယ်ဆိုးအား သူမလူထံ သယ်ဆောင်လာမိသည်။ ဤသို့ ကြောက်စရာကောင်းသော နတ်ဆိုးကိုမှ သွားဆွခဲ့မိသည်။
ဝူမန်၏ သွေးအလိမ်းလိမ်းနှင့် သနားစရာကောင်းသော ပုံစံကို ကြည့်ပြီး သူမနှလုံးသားကို ဓားနှင့် ဝှေ့ယမ်းခံလိုက် ရသကဲ့သို့ ခံစားလိုက်ရသည်။ ဝူမန်သည် တစ်ချိန်က ရှုံးနိမ့်မှုကြောင့် အခြေအနေ မကောင်းချေ။ သူ့ခန္ဓာကိုယ်နှင့် အရိုးတို့က တစ်နေ့ထက်တစ်နေ့ အားနည်းလာသည်။
ဘာမဟုတ်သော အအေးမိခြင်းကပင် သူ့အား သေစေနိုင်လောက်သည်။ ယခု ဤကဲ့သို့ ဒဏ်ရာမျိုးကို သူ ခံစားနေရသဖြင့် မြန်မြန်မကုလျင် ဝူမန် သေချာပေါက် သေသွားပေလိမ့်မည်။
ဤသည်ကိုကြည့်ပြီး ရင်စန်းနျန်း မျက်ရည်လည်ရွဲဖြစ်ကာ ဝမ်းပန်းတနည်းဖြင့် ရှိုက်ငိုလေသည်။
“မင်း သတ်ချင်ရင် သတ်ပစ်လိုက်၊ ငါဆိုတဲ့ ဝူမန်က ဆယ့်ရှစ်နှစ်တိုင်တိုင် သိုင်းသမား ဖြစ်ခဲ့တာ၊ ငါ မျက်မှောင်ကြုတ်မိရင် မင်း ငါ့ကို ကြိုက်သလို သတ်လို့ရတယ်”
ဝူမန်က ယဲ့ဖန်ကို စူးစိုက်ကြည့်နေပြီး ထိုအကြည့်တွင် အမုန်းတရားတို့ ပြည့်နှက်နေကာ ယဲ့ဖန်အား နုတ်နုတ်စင်း သတ်ချင်စိတ် ပေါက်နေသည်။
“ရို့ မင်းက အတော် သန်မာတာပဲ၊ မင်း သေမှာမကြောက်တာနဲ့ ငါ မင်းကို မနှိပ်စက်ဘူးလို့ ထင်နေတာလား”
ယဲ့ဖန်က ဝူမန်အား သုန်မှုန်စွာ ကြည့်နေပြီး ရက်စက်သော အပြုံးမျိုး ပြုံးနေသည်။ ဤပုံစံက ဝူမန်အား ချက်ချင်း ထိတ်လန့်သွားစေ၏။
တစ်ဖက်လူက ဘာကို ပြောချင်နေသနည်း။ သူ့၌ သေသည်ထက် ပိုနာကျင်စရာကောင်းသော အရာ ရှိနေသလား။
ဝူမန်၏ ခန့်မှန်းချက်ကို အတည်ပြုမည့်အဖြစ် ဖြစ်လာသည်။ ယဲ့ဖန်က ရင်စန်းနျန်းထံ လျှောက်သွားပြီး တီးတိုး ပြောလိုက်သည်။
“မင်း သေချာပေါက် သေရမယ်၊ မင်းတို့အားလုံး … မသေဘဲမနေဘူး”
ယဲ့ဖန်သည် ဒူးထောက်ဝပ်တွားနေသော ရင်စန်းနျန်း၏ ခေါင်းပေါ် ခြေထောက်တစ်ဖက် မြှောက်တင်၍ သရော်လိုက်သည်။
“မဒမ် မင်းနဲ့ စလိုက်ကြမလား”
ထိုအခိုက်တွင် ယဲ့ဖန်သည် အဆိုးဆုံး ရာဇဝတ်မှုကို ကျူးလွန်နေသူနှင့် တူနေသည်။ ရင်စန်းနျန်းတို့ စုံတွဲသည် နတ်ဆိုး၏ လက်သည်းထဲ ကျရောက်သွားသည့် ကံဆိုးသော စုံတွဲ ဖြစ်သွားလေသည်။
“သူ့ကိုလွှတ် ခွေးမသား သူ့ကို လွှတ်လိုက်စမ်း”
ဝူမန် ကျယ်လောင်စွာ အော်ဟစ်လာသည်။
“မင်း သူ့ဆံပင်တစ်ချောင်းကို ထိရဲရင် ထိကြည့်လိုက်၊ ငါ မင်းကို အလောင်းတောင် မရှိဘဲ သေအောင် လုပ်ပစ်မယ်”
ယဲ့ဖန်က နှုတ်ခမ်းစူပြလိုက်သည်။
“ငါက ဘာလို့ သူ့ဆံပင်ပဲ ထိရမှာလဲ၊ ငါ့ကို အရူးလို့ ထင်နေလား”
“ရွှစ်”
စကြဝဠာဓား၏ ဓားသွားက ရင်စန်းနျန်း၏ ရင်ဘတ်ထဲ ထိုးစိုက်သွားသည်။ ရင်စန်းနျန်း သွေးအန်လာပြီး ဓားစွမ်းအင်ကြောင့် ကိုယ်တွင်းကလီစာများ ပျက်စီးကုန်သည်။ သူမ အသက်ရှင်နိုင်တော့မည့်ပုံ မပေါ်ချေ။
“မင်း”
ဝူမန် ဒေါသပေါက်ကွဲကာ မျက်လုံးများက မီးဝင်းဝင်းတောက်လာပြီး ထရပ်ရန် ရုန်းကန်လေသည်။ သူ ချစ်ရသော အမျိုးသမီးက ယဲ့ဖန်၏ လက်ထဲ၌ ဆိုးရွားစွာ သေရတော့မည်ကို ကြည့်ပြီး သူ ကယောင်ချောက်ချား ဖြစ်လာသည်။
ရင်စန်းနျန်း၏ ခန္ဓာကိုယ် တုန်ယင်လာပြီး သူမမျက်နှာတွင် မချိပြုံးလေး ပေါ်လာ၏။
“အစ်ကိုဝူ ကျွန်မ တောင်းပန်ပါတယ်၊ ဒါတွေအားလုံးက ကျွန်မအမှားပါ”
သူမလောကကြောင့်သာ မဟုတ်လျင် သူမ ဤသို့ အဆုံးသတ်မည် မဟုတ်ပါ။ သူမ ဤအရာနှင့် ထိုက်တန်ပါသည်။
“အခု မင်း ကောင်းကောင်း ပြောနိုင်ပြီလား”
ယဲ့ဖန်က ဝူမန်အား အထင်သေးစွာ ကြည့်လိုက်သည်။ ဤအပြုအမူက တကယ်ကို နတ်ဆိုးအပြုအမူပင်။
ဝူမန်အား အညံ့ခံလာစေရန် အလို့ငှာ ရင်စန်းနျန်းအား ဓားဖြင့်ထိုးပြီး ဝူမန်အား အညံ့ခံလာအောင် ဖိအားပေး ခဲ့သည်။
ရက်စက်သည်။ သွေးအေးလှသည်။
လီဝေ့သည်လည်း အံ့အားသင့်နေ၏။ ယဲ့ဖန်၏ နတ်ဆိုးဆန်သော ပုံစံကို သူမ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ထိုအခိုက်တွင် သူမတောင်မှ ကြက်သီးထလာရသည်။
လီဝေ့သည် လူပြက်များကို အကြောက်ဆုံး ဖြစ်သည်။ လူပြက်များ၏ ရယ်သံက ကျောချမ်းစရာ ကောင်းလှသည်ဟု သူမ အမြဲ ခံစားမိသည်။
ယခု ယဲ့ဖန်၏ အပြုံးကလည်း ထိုလူပြက်၏ အပြုံးနှင့် တူနေသည်။ သို့သော် သူ့အပြုံးက အဆပေါင်းများစွာ ပို၍ ကျောချမ်းစရာ ကောင်းလှသည်။
“သူ့ကို လွှတ်လိုက်ပါ၊ ငါ တောင်းပန်ပါတယ်”
ဝူမန် ချက်ချင်း လေသံ ပြောင်းသွားသည်။ သူ့အခြေအနေကို သူ သတိပြုမိသွားလေသည်။
ယဲ့ဖန်က သရော်ပြုံး ပြုံးလိုက်သည်။
“သင်လို့ရသားပဲ”
“လူကြီးမင်း အားလုံးက ကျွန်မအမှားပါ၊ အဲ့ဒါကြောင့် ကျွန်မကို လွှတ်ပေးဖို့ မတောင်းဆိုပါဘူး၊ ဒါပေမဲ့ ရှင် သူ့ကို သူ့ကို လွှတ်ပေးနိုင်မလား၊ သူက ကျွန်မကို ကူညီဖို့ လာရုံသက်သက်ပါပဲ”
ရင်စန်းနျန်းက ယဲ့ဖန်ကို တောင်းပန်လေသည်။ ယဲ့ဖန် သူမကို လုံးဝ အလွတ်ပေးမည် မဟုတ်ကြောင်း သူမ သတိပြုမိပါသည်။
“မရဘူး”
ယဲ့ဖန်က သူမတောင်းဆိုမှုကို စဉ်းစားမနေဘဲ ငြင်းထုတ်လိုက်သည်။
“ဘာလို့လဲ”
ရင်စန်းနျန်း အသက်ထွက်မတတ် ငိုချင်သွားသည်။ ယဲ့ဖန်က ပြုံး၍ တစ်လုံးချင်း ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်း နာနာကျင်ကျင် သေရတာကို မြင်ချင်လို့လေ”
ရင်စန်းနျန်း ထိတ်လန့်သွားပြီး သူမမျက်နှာတွင် ခါးသီးမှုတို့ ပြည့်နှက်လာသည်။
“နင်က တကယ့် နတ်ဆိုးပဲ”
“ရွှစ်”
ရင်စန်းနျန်း၏ စကားအဆုံးတွင် ထက်ရှသော ဓားသွားက သူမလည်ပင်းကို ဖြတ်တောက်သွားပြီး ရင်စန်းနျန်း၏ ဦးခေါင်းက ကြမ်းပြင်ပေါ်သို့ ဖရဲသီးသဖွယ် လိမ့်ကျလာ၏။
အတောမသတ်နိုင်သော နောင်တတို့ဖြင့် သေဆုံးသွားလေသည်။ သူမ သေမည်ကို မကြောက်သော်လည်း သူမလူအား သူမနှင့်အတူ မသေစေချင်ပါ။ သို့သော် ယဲ့ဖန်က သူမကို ထိုသို့လုပ်ခွင့် မပေးချေ။
ဒုသခင်ကြီး ကြမ်းပြင်ပေါ် လဲကျသွားပြီး ပေါင်ခြံ၌ စိုစွတ်လာကာ ကြောက်လွန်းသဖြင့် ငိုပါငိုလာ၏။
*အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်*
ဤလူ၏ လူမဆန်မှုက သူတို့ ထင်ထားသည်ထက်ပင် ဆိုးနေသေးသည်။ ဝူမန်နှင့် ရင်စန်းနျန်းအား ခေါက်တုံ့ခေါက်ပြန် နှိပ်စက်ပြီးမှ သူတို့ကို အမုန်းတရားတို့နှင့် သေစေသည်။ ဤသည်ကမှ ရက်စက်သော သတ်ဖြတ်ခြင်း အစစ်ပင်။
ယခု ရင်စန်းနျန်း နောင်တတို့ဖြင့် သေသွားရသည်။ မကြာခင် ဝူမန်လည်း အမုန်းတရားတို့ဖြင့် သေရပေတော့မည်။
“ဆိုင်ရှင် နောင်ဘဝကျရင် အရမ်း လောဘ မကြီးနဲ့ပေါ့”
ယဲ့ဖန်က ပြုံးလိုက်ပြီး ရင်စန်းနျန်း၏ ဦးခေါင်းပြတ်ကို ဝူမန်ထံ ကန်ထုတ်ပေးလိုက်သည်။ ဝူမန်သည် ခေါင်းပြတ်အား တုန်ယင်နေသော လက်ဖြင့် ကောက်ယူ၍ သားရဲတစ်ကောင် နာကျင်ဒေါသထွက်စွာ ဟိန်းသကဲ့သို့ အော်ဟစ်လေသည်။
“စိတ်မပူပါနဲ့၊ ငါ ဓားချက်ကို မြန်မြန် ဖြတ်ခဲ့တာမို့ သူ နာနာကျင်ကျင်နဲ့ မသေခဲ့ပါဘူး”
ယဲ့ဖန်က မခိုးမခန့်အပြုံးနှင့် မထိတထိ ပြောနေဆဲပင်။ မသိပါက သူ၏ လက်ရာကို သဘောကျနေသလိုပင်။
“ငါ မင်းကို သတ်ပြီး အလောင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”
ဝူမန် ကြွေးကြော်လာသည်။ ထို့နောက် အရိုးများ တဂျွတ်ဂျွတ် မည်လာပြီး ပြေးတက်လာကာ ယဲ့ဖန်အား လက်သီးဖြင့် ထိုးလေသည်။
သူ စိတ်အေးသလို သက်ပြင်းချလိုက်သေးသည်။ သူ ယဲ့ဖန်နှင့်အတူ သေချင်နေ၏။ ယဲ့ဖန်က မတတ်သာဟန်ဖြင့် သက်ပြင်းချလေသည်။
“မင်းက ငါ့ကို ရက်စက်တာပဲလေ၊ ဘယ်လိုလုပ် ငါ့ကို ကြင်နာဖို့ မျှော်လင့်နေတာလဲ၊ ဒီနေ့ ငါ့ခွန်အားက မင်းလောက် မကောင်းရင် အခု ခေါင်းဖြတ်ခံရတာက ငါ့မိတ်ဆွေ ဖြစ်နေလောက်ပြီ၊ အော်ဟစ်ငိုကြွေး နေရမယ့်သူက ငါဖြစ်နေမှာ”
ဤလောကကြီးသည် အားကြီးသူက အားနည်းသူကို သားကောင်အဖြစ် လိုက်သော လောကပင်။
အကယ်၍ ယဲ့ဖန်သာ ရှုံးသွားပါက ရင်စန်းနျန်းနှင့် သူ့အမျိုးသားက သူ့ကို အလွတ်ပေးမည် မဟုတ်ပါ။ ထိုသို့ ဖြစ်ခဲ့လျင် သူတို့ စိတ်အခြေအနေပေါ် မူတည်၍ အပိုင်း ဘယ်လောက်အထိ နုတ်နုတ်စင်းနေမည်နည်း။
သို့သော် ဝူမန်က မကြားချေ။ သူ့မျက်လုံးများက သွေးကဲ့သို့ နီရဲကာ ပြူးကျယ်နေပြီး ယဲ့ဖန်ထံ ပြေးဝင်လာ၏။
ပြေးဝင်လာနေသော ဝူမန်ကို ကြည့်ပြီး ယဲ့ဖန်က ယင်ကောင်ကို မောင်းထုတ်သကဲ့သို့ လက်ကို အသာဝှေ့ယမ်း၍ အမှုန့်ဖြစ်အောင် ရိုက်သတ်လိုက်သည်။ ပြေးဝင်လာနေသော ဝူမန်သည် တစ်စက်ကလေးမှ မခုခံလိုက်ရဘဲ အမှုန့်ဖြစ်သွားလေသည်။
ဤသည်ကိုကြည်ပြီး ရုတ်တရက် လီဝေ့ မခံနိုင်သလို ခံစားလာရသည်။ ဤစုံတွဲက လူကောင်းများ မဟုတ်သော်ငြားလည်း အချင်းချင်း နက်ရှိုင်းစွာ ချစ်မြတ်နိုးကြသည်။
“ငါ့ကို မသတ်ပါနဲ့၊ ငါ့ကို မသတ်ပါနဲ့ …”
ဒုသခင်ကြီးက ခေါင်းကို တွင်တွင်ခါနေပြီး အသံပင် တုန်နေသည်။ သူ့ခန္ဓာကိုယ်က ဝိညာဉ်မရှိသလို ဖြစ်နေပြီး အမူအရာက ထိုင်းမှိုင်းနေသည်။
“စိတ်မပူနဲ့ မင်းက သူတို့ထက် ကံကောင်းတယ်၊ မင်း နာနာကျင်ကျင် မသေရဘူး၊ အနည်းဆုံးတော့ မင်း မသေခင် ငါ့ဆီမှာ နှိပ်စက်မခံရဘူးလေ”
ယဲ့ဖန်က ရယ်၍ ဒုသခင်ကြီးအား တစ်ချက်တည်းဖြင့် အသားပြားဖြစ်အောင် ပြောင်းလဲလိုက်သည်။
ထိုစည် အပြင်ဘက်မှ လင်းကြက်တွန်သံ ထွက်ပေါ်လာ၏။ ထိုအခါတွင်မှ လီဝေ့သည် ထိတ်လန့်နေရာမှ အသိဝင်လာပြီး ကြမ်းပြင်ပေါ်မှ သွေးများကိုကြည့်ပြီး ဝေါ့ခနဲ အန်ကာ နံရံကိုမှီ၍ ဒယိမ်းဒယိုင်လျှောက်ကာ အပြင်သို့ ထွက်သွားသည်။