အခန်း ၁၅၉၆
Vol. 107 Ch. 1596
Chapter 1596 မှော်ခေါင်းတလားသုံးခု
ပြောလိုက်သည့်သူက လျှိုကျားလွေ့ ဖြစ်နေ၏။
လျှိုကျန်းဟောင်သည် သူ့စကားကို ကြားသောအခါ မာမာထန်ထန် ကြည့်လိုက်သည်။
“မင်း ဘာလုပ်တာလဲ၊ မင်းလောက်လေးနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ”
“အဲ့မှာ ဟိုမကောင်းဆိုးဝါးတွေ ရှိတယ် မဟုတ်ဘူးလား၊ သူတို့ကို ကျွန်တော့် အမိန့် နာခံခိုင်းလိုက်ပါ၊ အဲ့လိုဆိုရင် ကျွန်တော် ယဲ့ဖန်ကို မသတ်ဘဲ ရှိနိုင်ပါ့မလား”
လျှိုကျားလွေ့က စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူ ယဲ့ဖန်ကို သတ်နိုင်သည်နှင့် ခေတ်အဆက်ဆက်တွင် ကြီးမြတ်သောသူ ဖြစ်လာပေလိမ့်မည်။ ဤသည်က သူ တွေးမိရုံနှင့်တင် စိတ်လှုပ်ရှားမိသည်။
တစ်ဖက်လူအား သူကိုယ်တိုင် သတ်စရာမလိုချေ။ မကောင်းဆိုးဝါးများကသာ တစ်ဖက်လူကို သတ်ပေလိမ့်မည်။ သူက အနောက်၌ ထိုင်နေပြီး နာမည်ခံ၍ အခွင့်ထူးခံရုံပင်။
“ပါးစပ်ပိတ်ထား၊ စစ်မြေပြင်ဆိုတာ အပြောင်းအလဲ မြန်တယ်၊ မင်း ဘယ်လိုလုပ် အရူးလုပ်လို့ ရမှာလဲ”
လျှိုကျန်းဟောင်က လျှိုကျားလွေ့ကို မာမာထန်ထန် စိုက်ကြည့်လိုက်သည်။
*ယဲ့ဖန်ကို သူတော်ကောင်းများ မှတ်နေလား*
ရန်သူကို အနိုင်ရခဲ့သည်ကလည်း တစ်ခါ၊ နှစ်ခါ မဟုတ်ပေ။ လျှိုကျားလွေ့က ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းပင်။
“ကိစ္စမရှိပါဘူး၊ ဒီမကောင်းဆိုးဝါးတွေက အစွမ်းအစတော့ ရှိသေးတာပဲလေ၊ မင်းရဲ့သားက လူအုပ်နောက်မှ နေနေသရွေ့ ယဲ့ဘုရင်က သူ့ကို ဘာမှမလုပ်နိုင်ပါဘူး”
ယွိရွှယ်လုံချန်က ပြုံး၍ လျှိုကျားလွေ့ထံ အမှတ်တံဆိပ်တစ်ခု ပစ်ပေးလိုက်သည်။
“ဒါကို ယူသွား၊ အဲ့မကောင်းဆိုးဝါးတွေ မင်းအမိန့်ကို နာခံလိမ့်မယ်”
ဤသည်ကိုမြင်သော် လျှိုကျားလွေ့ အလွန် စိတ်လှုပ်ရှားသွားပြီး အသံပင် တုန်လာသည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
လျှိုကျန်းဟောင်သည် စိတ်ထဲ၌ အခါတစ်သောင်းမက ဝန်လေးနေသော်လည်း လျှိုကျားလွေ့ကို သွားခွင့်ပေး လိုက်ရသည်။
ထိုအခိုက်တွင် ယဲ့ဖန်နှင့် လီဝေ့တို့ကလည်း လျှောက်နေကြပြီး သူတို့၏ အနောက်တွင် သွေးချောင်းစီး နေလေသည်။
တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။
မကောင်းဆိုးဝါးများ တစ်ယောက်ပြီး တစ်ယောက်သည် ပြင်းထန်သော ဓားစွမ်းအင်အောက်၌ သွေးအိုင်ထဲလဲ၍ သေဆုံးနေကြသည်။
မကောင်းဆိုးဝါးများအားလုံး ကြက်သီးထလာပြီး သူတို့၏ မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်လာ၏။
*ဘာလို့ ဒီနိုင်ငံခြားသားက အရမ်း ကြောက်ဖို့ကောင်းနေတာလဲ၊ ဘာလို့ ငါတို့ထက် ပိုရက်စက်နေတာလဲ*
*ချီးပဲ*
*ဘယ်သူက မကောင်းဆိုးဝါးလဲ*
“ဘယ်လိုလုပ် ဒီမကောင်းဆိုးဝါးက ဓားကိုတောင် ဆွဲမထုတ်ဘဲနဲ့ လူတစ်သောင်းကို သတ်နိုင်ရတာလဲ”
မကောင်းဆိုးဝါးတစ်စုသည် တုန်ယင်နေပြီး မယုံနိုင်သလို ခံစားနေရသည်။
ဓားကို ဆွဲမထုတ်တာတောင်မှ ဤမျှ ပြင်းထန်သော ဓားစွမ်းအင် ထွက်နေလျင် ဓားကိုသာ ဆွဲထုတ်လိုက်ပါက မည်မျှ ကြောက်စရာ ကောင်းနေမည်နည်း။
နင်းချေခြင်း၊ လုံးဝ နင်းချေခြင်းပင်။
ခြေလှမ်းတိုင်း၌ လူတစ်ယောက်က လူတစ်သောင်းကို နင်းချေနိုင်နေသည် မဟုတ်ပါတကား။
သူ ဖြတ်သွားသည့် နေရာတိုင်း၌ သွေးများက ချောင်းသဖွယ် စီးဆင်းနေပြီး အလောင်းများက တောင်လိုပုံလာသည်။
မကောင်းဆိုးဝါးအားလုံး၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် ပြိုင်ဘက်ကင်း စစ်ရထားတစ်စင်းနှင့် တူနေပြီး ရန်သူတိုင်း၏ အရိုးကို ချိုးချေနိုင်သည်။
အလောင်းများ ပိုပို၍ များလာပြီး လမ်းမသည်လည်း သွေးများ ရွှဲစိုလာ၏။ သွေးများက မြစ်သဖွယ် ပေါင်းစပ်သွားပြီး လျှိုကျန်းဟောင်နှင့် သူ့သားရှိရာ အရပ်ဘက်သို့ စီးဆင်းနေသည်။
“ချီးပဲ၊ အဲ့ဒါ ဖုန့်ချီ လေ့ပေါင် မဟုတ်လား၊ သူက နတ်ဘုရင်အဆင့်လေ၊ အခု သူ အလောင်းတောင် ဖြစ်နေပြီလား”
“ဖုန့်လောင်အာ၊ ဒီမကောင်းဆိုးဝါးအိုးကြီးက သွေးဝိညာဉ် တာအိုကျောင်းတော်ရဲ့ ကြီးကြပ်ရေးမှူး မဟုတ်လား၊ သူ သေသွားပြီလား”
မကောင်းဆိုးဝါးတောင်က ညီအစ်ကို ခုနစ်ဖော်၊ ဒီညီအစ်ကို ခုနစ်ယောက်လုံးက သူတော်စင်သခင်အဆင့်တွေလေ၊ ညီအစ်ကို ခုနစ်ယောက် ပေါင်းတိုက်ရင် နတ်ဘုရင်အဆင့်ကိုတောင် ယှဉ်နိုင်တာ၊ ဒါပေမဲ့ အခု တစ်ဖက်လူက ဓားချီစွမ်းအင်လေးနဲ့ ညီအစ်ကို ခုနစ်ယောက်ရဲ့ ခေါင်းကို ထိုးဖောက်သွားပါလား”
ဘေးလူများ၏ နဖူးမှ ချွေးစေးများ တတောက်တောက် စီးကျလာသည်။ သူတို့၏ မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်နေလေသည်။
သို့သော် ယဲ့ဖန်သည် အစမှအဆုံးတိုင် မည်သည့် အမူအရာလေးမှ မရှိပါ။ ဒေါသလည်း မရှိသလို ကျေနပ်အားရခြင်းလည်း မရှိချေ။ မသိလျင် ပုရွက်ဆိတ်ကို နင်းချေလိုက်သည်ဟုပင် ထင်မှတ်မှားရသည်။
သူ့အနောက်မှ လိုက်လာသော လီဝေ့သည် နတ်ဆိုးဆန်သော အသွင်အပြင်ကို ကြည့်ပြီး မတုန်လှုပ်ဘဲ မနေနိုင် ဖြစ်နေ၏။
အသတ်ခံလိုက်ရသူက ရန်သူ ဖြစ်သော်လည်း သူမ ကြောက်လန့်နေမိသည်။ ယဲ့ဘုရင်ကို အဖော်လုပ်၍ လိုက်လာခြင်းက ကျားကို အဖော်လုပ်မိသလိုပင် ကြမ်းတမ်းလှသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်တွင် သွေးတစ်စက်မှ ပေးနေခြင်း မရှိသော်လည်း သွေးဆာနေသော အရှိန်အဝါက အလွန် ပြင်းထန်လှသည်။
ထိုအခိုက်တွင် မကောင်းဆိုးဝါးများအားလုံး ချောက်ချားနေကြသည်။ ယဲ့ဖန် တစ်လှမ်း တိုးလာလျင် သူတို့ ဆယ်လှမ်း ဆုတ်ကြသည်။
သူတို့အရှေ့မှလူက လုံးဝကို လူသား မဟုတ်ဘဲ နတ်ဆိုးသာ ဖြစ်နေသည်။
အားလုံးက ယဲ့ဖန်ကို အလွန်တရာ ကြောက်ရွံ့စိတ်တို့ဖြင့် ကြည့်နေကြသည်။ မည်သူမှ သူ့လမ်းကို ထပ်မပိတ်ရဲ တော့ချေ။
“မင်းတို့အခုထိ နောက်မဆုတ်ချင်သေးဘူးလား၊ ဒါဆို မင်းတို့ အားလုံး သေလိုက်တော့”
ယဲ့ဖန်၏ အသံက အေးစက်နေပြီး လူသတ်ချင်သော အရှိန်အဝါက ဝုန်းခနဲ ထိုးတက်လာသည်။ ပြိုင်ဘက်ကင်းသော ဓားချီကလည်း တစ်ဟုန်ထိုး ထွက်ပေါ်လာလေသည်။
စကြဝဠာဓားကို ကိုင်၍ ဒေါသတကြီးဖြင့် အရပ်မျက်နှာအနှံ့ကို ခုတ်ပိုင်းလေသည်။ ထိုအခိုက်တွင် လူတစ်ရာမျှ ထပ်၍ သေဆုံးသွားသည်။
ဤမြင်ကွင်းက မကောင်းဆိုးဝါးများအားလုံးကို တုန်လှုပ်သွားစေသည်။ သူတို့ ဆက်မနေရဲတော့ဘဲ အမြန်ဆုံးနှုန်းဖြင့် အသည်းအသန် ထွက်ပြေးလေသည်။ ဤနတ်ဆိုးထံမှ ဝေးဝေးပြေးကြတော့သည်။
*ထွက်ပြေးရမယ်*
*ဒီနတ်ဆိုးက မြင်သမျှ အရာတိုင်းကို သတ်မှာပဲ*
လက်ရှိတွင် သူတို့ ဤနတ်ဆိုးကို ရင်ဆိုင်ရဲသည့် သတ္တိ မရှိတော့ချေ။ လက်ရှိတွင် ယဲ့ဖန်သည် မြို့လယ်ခေါင်သို့ ရောက်လာပြီး လူအုပ်ထဲမှ လျှိုကျားလွေ့ကို တွေ့လိုက်ရသည်။
လျှိုကျားလွေ့က အပြုံးကြီးပြုံး၍ ယဲ့ဖန်အား ဝံပုလွေတစ်ကောင်က သိုးပေါက်တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
“ယဲ့ဘုရင် မင်း ဘာမယ်လို့ ငါ ထင်မထားမိဘူး”
ယဲ့ဖန်က သူ့ကို တစ်ချက်ကြည့်ပြီးနောက် ဘေးဘီကိုဝေ့ကြည့်၍ ပြောလိုက်သည်။
“လျှိုကျန်းဟောင် ဘယ်မှာလဲ”
“မင်းကို သတ်ဖို့က ငါနဲ့တင် လုံလောက်တယ်၊ ဘာလို့ ငါ့အဖေက လှုပ်ရှားရမှာလဲ”
လျိုကျားလွေ့က လှောင်ရယ်၍ ထီမထင်သော အပြုအမူနှင့် ပြောလေသည်။
“အဲ့လိုလား”
ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး အသာ ပြုံးလာသည်။
“ရွှစ်”
ရုတ်တရက် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်က လျိုကျားလွေ့ထံ တိုးဝင်လာ၏။ လက်ပြတ် တစ်ခု လေထဲ မြောက်တက်လာပြီး သွေးများ တတောက်တောက် ကျနေပြီးနောက် မြေကြီးပေါ် ပြန်ပြုတ်ကျ လာသည်။
လျိုကျားလွေ့က ရင်းနှီးနေသော လက်မောင်းပြတ်ကို ကြည့်ပြီး အထင်သေးနေသော အကြည့်မှ သွေးပျက်သော အကြည့်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သွေးပျက်နေရာမှာ နာကျင်ကိုက်ခဲသလို ခံစားလာရသည်။
“အား...”
လျှိုကျားလွေ့ အလွန်နာကျင်စွာ အော်ဟစ်လိုက်မိသည်။ သူ့အောက်၌ ဤမြင်ကွင်းကို ကြည့်ရန် ခေါ်ထားသည့် ထောင်သောင်းချီသော မကောင်းဆိုးဝါးများ ချက်ချင်း ကြောက်လန့်ကုန်သည်။
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ယဲ့ဖန်နဲ့ မီတာတစ်ရာတောင် ဝေးတာကို ဘယ်လိုလုပ် သူက လျိုကျားလွေ့ကို တိတ်တဆိတ် ဒဏ်ရာရအောင် လုပ်နိုင်တာလဲ*
ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှသည်။
တိုက်တောင် မတိုက်ရသေးဘဲ သူတို့၏ ခေါင်းဆောင်က ဒုက္ခိတဖြစ်သွားခြင်းက သူတို့၏ စိတ်ကို အကြီးအကျယ် သက်ရောက်သွားစေသည်။
“အခု မင်း လုပ်နိုင်တယ်လို့ ထင်တုန်းပဲလား”
ယဲ့ဖန်က အားပါးတရ ရယ်လိုက်သည်။
“သူ့ကိုသတ်၊ သူ့ကိုသတ်ကြ”
လျိုကျားလွေ့က ဒဏ်ရာကို လက်ဖြင့်အုပ်၍ အသည်းအသန် အော်ဟစ်လိုက်ကာ ယဲ့ဖန်အား အရိုးထဲအထိ မုန်းတီး နေမိသည်။
*ဒီသောက်မျိုးမစစ်ကောင်က ငါ့ကို ဒဏ်ရာရအောင် လုပ်တယ်ပေါ့လေ*
*ငါ ကလေးဘဝကတည်းက ဘယ်သူမှ ငါ့ကို ဒီလို မဆက်ဆံရဲဘူးကွ*
*ယီးပဲ*
*သူ သေရမယ်*
ထိုအခိုက်တွင် ကောင်းကင်ယံမှ အရိပ်သုံးခု ကျဆင်းလာသည်။ သေချာကြည့်လိုက်သောအခါ ခေါင်းတလုံး သုံးခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းခေါင်းတလား သုံးခုမှ အလွန် ကြောက်စရာကောင်းသော မိစ္ဆာ အငွေ့အသက် ပေါ်လွင်နေပြီး ယဲ့ဖန်အား အရှိန်ဖြင့် ရိုက်ချလာသည်။
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးတွင် ထိတ်လန့်ဟန် ပေါ်လာသည်။
“ဝုန်း”
ထို့နောက်တွင်မူ ခေါင်းတလား သုံးခုအား သူ့လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သို့သော် ၎င်းတို့က သူ့အား လွင့်ထွက်သွားစေ၏။
ယဲ့ဖန် နောက်သို့ မီတာတစ်ရာမျှ လွင့်ထွက်သွားပြီး လမ်းတစ်လျှောက် အိမ်များစွာနှင့် ဝင်ဆောင့်မိပြီး အရှိန်ကို ထိန်းရ ခက်နေသည်။
“မှော်ခေါင်းတလား သုံးခုပါလား”
ဤခေါင်းတလား သုံးခုကို မြင်ပြီး မကောင်းဆိုးဝါးများ ထိတ်လန့် သွားကြသည်။ ဤမှော်ခေါင်းတလား သုံးခုသည် သွေးဝိညာဉ် တာအိုကျောင်းတော်၏ အားအကောင်းဆုံး ပစ္စည်းများ ဖြစ်သည်။
“အပြစ်သား သတ်ဖြတ်သူ ခေါင်းတလား”
“ရွှေရောင်ကံကောင်းခြင်း ခေါင်းတလား”
“နတ်ဆိုးခေါင်းတလား”
ဤမှော်ခေါင်းတလား သုံးခုကို မြင်ပြီးနောက် မကောင်းဆိုးဝါးများ ကြောက်လန့်ကာ တုန်ယင်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤခေါင်းတလားသုံးခု ပေါင်းလိုက်လျင် သူတော်စင်အဆင့်ကိုပင် သတ်နိုင်သော ကြောင့်ပင်တည်း။
ဘာမှ ရှည်ရှည်ဝေးဝေး ပြောနေစရာ မလိုဘဲ သူတော်စင်အဆင့်ကိုပင် သတ်နိုင်သည်ဟူသော စကားတစ်ခုတည်းက ဤမှော်ခေါင်းတလားသုံးခုက မည်မျှ ကြောက်စရာကောင်းလဲ ပြသနေ၏။
“ဝေါ့”
ယဲ့ဖန် သွေးတစ်လုပ် အန်လာပြီး ခန္ဓာကိုယ်ထဲမှ ယန်စွမ်းအင် ကစဉ့်ကလျား ဖြစ်လာပြီး ကိုယ်တွင်းအင်္ဂါများ ပျက်ယွင်းလုနီးပါး ဖြစ်လာသည်ကို ခံစားလိုက်ရသည်။
ဤမှော်ခေါင်းတလား သုံးခုသည် အလွန်အမင်း ကြမ်းကြုတ်ပြီး ချီစွမ်းအင်က သဟဇာတ ဖြစ်ကာ သုံးခုကို ပေါင်းလိုက်လျင် အလွန် စွမ်းအားပြင်းလှသည်။
“ဒဏ်ရာရသွားပြီ၊ အဲ့နတ်ဆိုး ဒဏ်ရာရသွားပြီ”
ဤသည်ကိုမြင်သော် မကောင်းဆိုးဝါးများအားလုံး စိတ်လှုပ်ရှားကုန်သည်။ ဤနတ်ဆိုး ဒဏ်ရာရသွားသဖြင့် သူတို့ အနိုင်ရနိုင်မည့် မျှော်လင့်ချက် ရောင်ခြည်ကို ဝိုးတဝါး မြင်လိုက်ရသလို ခံစားလိုက်ရသည်။
“အရေးမပါလိုက်တာ၊ ဒါက သွေးဝိညာဉ် တာအိုကျောင်းတော်က ဖန်တိးထားတဲ့ မှော်ခေါင်းတလားလေ၊ သူတော်စင်အဆင့်ကိုတောင် လန့်သေအောင် လုပ်နိုင်တာ သူက ဘာမို့လို့လဲ၊ သူ သေမှာပဲ”
ချက်ချင်းဆိုသလိုပင် မကောင်းဆိုးဝါး တစ်သိုက်က အပြုံးကြီး ပြုံးနေပြီး ယဲ့ဖန်အား မကျေမနပ် ကြည့်နေကြသည်။
ခေါင်းတလား သုံးခုက ယဲ့ဖန်ကို ဒဏ်ရာရအောင် လုပ်နိုင်ကြောင်း မြင်လိုက်သောအခါ လျိုကျားလွေ့က အားပါးတရ ရယ်မောလေသည်။
“ယဲ့ဖန် မင်း သေပြီသာမှတ်”
*သွေးဝိညာဉ် တာအိုကျောင်းတော်က ပြုလုပ်ထားတဲ့ ဒီလိုရတနာနဲ့ဆို ဒီကောင် ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ*
*ဒါ ပင်ကိုမှော်လက်နက်လေ*
ယဲ့ဖန်၏မျက်နှာက ရုတ်တရက် ဆိုးရွားသွားသည်။ သူတော်စင်အဆင့်ကို သတ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းက ပင်ကိုမှော်လက်နက်ပင်။
ပင်ကိုမှော်လက်နက်သည် တာအိုသဘောတရားနှင့် အတူတူပင်၊ လောကနှင့် တစ်သားတည်း ဖြစ်နေသော အရာဖြစ်ပြီး တာအို ဥပဒေသများလည်း ထွင်းထုထားသေးသည်။
သူ၏ ရုပ်ခန္ဓာက မည်မျှ သန်မာသနည်း။ ဤမှော်ခေါင်းတလား သုံးခုနှင့် တိုက်ခိုက်ခံရသော်လည်း ဒဏ်ရာသာ ရသည်က သူ့ခွန်အားက မည်မျှ တစ်မူထူးခြားကြောင်း ပြသနေ၏။
“မှော်ခေါင်းတလား သုံးခုတည်းက တစ်ခုတည်းကတောင် ယဲ့ဘုရင်ကို ဒဏ်ရာရအောင် လုပ်နိုင်နေပြီ၊ သုံးခုသာ ပြိုင်တူ တိုက်ရင် သူ လဲနေလောက်ပြီ မဟုတ်လား ဟားဟားဟား”
“ဟေ့ကောင် မင်း ငါတို့ သွေးသန့်စင်ခြင်းနိုင်ငံရဲ့ အရိပ်အောက်မှာ သေရတာက ဂုဏ်ယူစရာပဲကွ၊ နောက်ဘဝကျရင် မင်းမျက်လုံးကို သေချာကြည့်ပြီး ရန်မသင့်တဲ့လူကို ထပ်မစနဲ့ပေါ့ကွာ”
ဤသည်ကိုကြည့်ပြီး မကောင်းဆိုးဝါးများသည် ယဲ့ဖန်၏ ဆိုးရွားသော သေခြင်းကို မြင်ယောင်နေသကဲ့သို့ အားပါးတရ ရယ်နေကြသည်။
“သူ့မိန်းမကလည်း အတော် ကောင်းတာပဲ၊ သူ့ကို သတ်ပြီးရင် ငါတို့ သေသွားတဲ့ ညီအစ်ကိုတွေအစား သူ့မိန်းမကို လက်စားချေရအောင်”
ရုတ်တရက် လူတိုင်း၏ စော်ကားသော စကားများကို ကြားပြီး လျိုကျားလွေ့၏ အပြုံးက ပိုပီပြင်လာသည်။
“သူ့ကို အသေသတ်စမ်း”
ခေါင်းတလား သုံးခုလုံး ထပ်မံ၍ ဒေါသတကြီး လှုပ်ရှားလာလေသည်။
ယဲ့ဖန်”
လီဝေ့က စိုးရိမ်နေသော မျက်နှာနှင့် ယဲ့ဖန်အား အော်ခေါ်လိုက်သည်။ ခေါင်းတလား သုံးခုက ပြိုင်တူ လှုပ်ရှား လာသဖြင့် မှော်စွမ်းအင်က ကြီးမားလွန်းလှသည်။
ခေါင်းတလား သုံးခု ပြိုင်တူ တိုက်ခိုက်လာသောအခါ လေဟာနယ် အက်ကွဲလာပြီး ကောင်းကင် တာအိုသဘောတရားများ ပျက်စီးကာ ယဲ့ဖန်ထံသို့ ဖိအားများစွာဖြင့် ကျဆင်းလာသည်။
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။ သူ့ခွန်အားအား အဆုံးစွန်ထိ ထုတ်သုံးထားသည်။ လက်သီး နှစ်ဖက်လုံးကို အားကုန်သုံး၍ ထိုးနှက်လိုက်လေသည်။
“ဝုန်း”
သို့သော် သူသည် မှော်ခေါင်းတလား သုံးခုကြောင့် လွင့်ထွက်သွားရပြန်သည်။ ယခု ခေါင်းတလားသုံးခုက ပြိုင်တူ တိုက်ခိုက်လာသဖြင့် စွမ်းအင်က တစ်ဟုန်ထိုး မြင့်တက်နေပြီး ပို၍ ပြင်းထန်ကာ ကြမ်းကြုတ်လေသည်။
ယဲ့ဖန် ထပ်မံ၍ လွင့်ထွက်သွားရပြီး ယခုတစ်ခေါက် ဒဏ်ရာက ပို၍ ပြင်းထန်လေသည်။ ခန္ဓာကိုယ်က သွေးအလိမ်းလိမ်း ဖြစ်နေပြီး အရိုးများ ကျိုးနေသည်။
ရင်ညွန့်ရိုး၊ ဦးခေါင်းခွံ၊ လက်ချောင်းအရိုးများ။ ၎င်းတို့မှ ပျက်စီးလုနီးပါးကဲ့သို့သော ထူးဆန်းသည့် အသံများ ထွက်နေသည်။
တစ်ကိုယ်လုံးလည်း သွေးများ စိုရွှဲနေ၏။ သူ့တစ်ကိုယ်လုံး မြေကြီးပေါ်သို့ အားနည်းစွာ ဒူးထောက်ကျသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
*ရှုံးသွားပြီ*
*အဲ့လူ ရှုံးသွားပြီ*
*ခုနလေးတင် လူသတ်နေတဲ့ နတ်ဆိုးဘုရင်က အခု ငါတို့ရှေ့မှ ခွေးတစ်ကောင်လို ဒူးထောက်နေရပြီ၊ ဒီခံစားချက်က ဘယ်လို ပြောရမလဲ ... စောက်ရမ်း မိုက်တယ်ကွာ*
“မင်းတို့ မြင်လား၊ မင်းတို့ မြင်ကြလား၊ ယဲ့ဘုရင်က ငါ့ကို ဒူးထောက်နေပြီကွ၊ ဟားဟားဟား”
လျိုကျားလွေ့ အပျော်လွန်နေပြီး သူ့မျက်နှာတွင် စိတ်လှုပ်ရှားဟန် ပေါ်လွင်နေကာ တစ်ကိုယ်လုံး တုန်နေသည်။
ဤလောက၌ မည်သူက ယဲ့ဘုရင်ကို ဒူးထောက်အောင် လုပ်နိုင်သနည်း။ အခြားသူများ မလုပ်နိုင်သော အရာကို လျိုကျားလွေ့ဟူသော သူက လုပ်နိုင်ခဲ့လေပြီ။
“ယဲ့ဖန်”
ဤသည်ကိုမြင်သော် လီဝေ့ မျက်လုံးပြူးသွားသည်။
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
*ယဲ့ဖန် အင်ပါယာထဲမှာ နာမည်ကျော်လာကတည်းက ဒီလိုမျိုး တစ်ခါမှ ဒဏ်ရာ အကြီးအကျယ် မရဖူးပါဘူး*
ယဲ့ဖန်သည် မြေကြီးပေါ်၌ တစ်ဝက်တစ်ပျက် ဒူးထောက်လျက်သား ဖြစ်ကာ မလှုပ်မယှက် ရှိနေ၏။
လျိုကျားလွေ့ဘက်မှ လူတိုင်း အပြုံးကြီး ပြုံးနေကြသည်။ ဤမြင်ကွင်းက အလွန် ကြည်နူးစရာ ကောင်းလှသည်။
*ဒီအမှိုက်ကောင် သေတော့မှာပဲ*