← Chapters

အခန်း ၁၆၀၀

Vol. 107 Ch. 1600

အခန်း ၁၆၀၀

Vol. 107 Ch. 1600

Chapter 1600 ကြက်ကိုသတ်၍ ကြက်ဥကို ယူခြင်း

“ငါ့ကို တားရဲတဲ့လူတိုင်း သေရမယ်”

ထိုစကားက ယဲ့ဖန်၏ ရည်ရွယ်ချက်ကိုသာမက သူတို့၏ ကံတရားကိုလည်းပဲ ပြသနေ၏။ ယဲ့ဖန်၏ စိတ်ထဲမှ လူသတ်ချင်စိတ်သည် ရပ်တန့်မရနိုင်တော့ချေ။

ယွိရွှယ်လုံချန်နှင့် ကျန်နှစ်ယောက်သည် မီးကိုငြှိမ်းရန် ကြိုးစားသော်လည်း ရလဒ်ကို မီးကိုတိုးသော ပိုးဖလံများသဖွယ် ဖြစ်သွားကြသည်။

“ဘယ်လိုလုပ် မင်းက ဒီလောက် သန်မာနေတာလဲ”

ယွိရွှယ်လုံချန် ဒယိမ်းဒယိုင်ဖြင့် ထရပ်ပြီး ယဲ့ဖန်အား မယုံသင်္ကာဖြင့် ကြည့်လာသည်။

*ရန်သူတစ်ယောက်ကို သုံးယောက် ပေါင်းချတာတောင်မှ မနိုင်ဘူးလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ငါက သန်မာလွန်းတာ မဟုတ်ဘူး၊ မင်းတို့က ပျော့ညံ့လွန်းတာ”

ယဲ့ဖန်က ယွိရွှယ်လုံချန်ကို အထင်သေးစွာ ကြည့်နေသည်။ ထိုစကားက သူတို့သုံးယောက်၏ မျက်လုံးများကို မီးဝင်းဝင်း တောက်သွားစေသည်။ သူတို့ တစ်ခါမှ ဤသို့ အရှက်မကွဲဖူးပေ။

“မင်း ငါတို့ကို ဖိအားပေးတာပဲ၊ အခု ငါ မင်းကို ဒီလောကမှာ အသက်ရှင်ရတာကို နောင်တရသွားအောင် လုပ်ပစ်မယ်”

ယွိရွှယ်လုံချန်က အော်ဟစ်လာပြီး သူ့မျက်လုံးတွင်မှ လူသတ်ချင်စိတ်ကလည်း မြင့်တက်လာ၏။

“သွေးနတ်ဘုရား စောင်မတော်မူပါ”

သုံးယောက်လုံး ဟစ်ကြွေးလာပြီးနောက် အော်ဂလီဆန်စရာကောင်းသော အသားပိုတစ်ခုကို ထုတ်ယူ၍ ချက်ချင်း စားပစ်လိုက်သည်။

ထိုအခါ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် သွေးမြူခိုးတစ်ခု ပေါ်ထွက်လာပြီး ကြမ်းကြုတ်သော စွမ်းအင်လှိုင်းတစ်ခု ပေါ်လာသည်။

သူတို့သုံးယောက်၏ ဒဏ်ရာများသည်လည်း သိသိသာသာ လျင်မြန်စွာ ပျောက်ကင်းလာသည်။

“ဒါ … ဒါက အံ့ဩဖို့ ကောင်းလိုက်တာ၊ ပြင်းလိုက်တဲ့ စွမ်းအား၊ အဲ့ဒါက မှန်မှန်လေး စီးဝင်နေတယ်”

တစ္ဆေဘုရင်က အလန့်တကြား ပြောလာသည်။

“ကြမ်းကြုတ်တဲ့ သတ်ဖြတ်ချင်စိတ်ကလည်း အရူးအမူး ကြီးထွားလာပြီ၊ ဒီခံစားချက်က မိုက်တယ်၊ ဒါ သွေးနတ်ဘုရား ကောင်းချီးပေးတဲ့ ခွန်အားလား၊ ငါ အရာအားလုံးကို လွှမ်းမိုးနိုင်သလို ခံစားနေရတယ်”

မောခူပူစာသည် သူ့ကိုယ်ထဲမှ ယန်စွမ်းအင် အရူးအမူး မြင့်မားလာသည်ကို ခံစားမိပြီး သွေးဆာနေသော စိတ္တဇသမားသဖွယ် စိတ်မထိန်းနိုင် ဖြစ်လာပြီး ကောင်းကင်ယံအထိ ပျံတက်ချင်စိတ် ဝင်နေသည်။

ဤသို့‌သော စွမ်းအင်က လမ်းပျောက်၍ ရူးမတတ် ဖြစ်စေသည်။

ယွိရွှယ်လုံချန်က အလွန် ကြီးမားသော စွမ်းအင်များ ပါဝင်သည့် လက်သီးတစ်လုံးအား လေထဲ ပစ်သွင်းလိုက်ပြီး လေဟာနယ်ပင် အက်ကွဲလာ၏။ အရှေ့၌ ရှိနေသော တောင်ဆယ်လုံးသည်လည်း အမှုန့်ဖြစ်သွားလေသည်။ ဤသည်ကို ကြည့်ပြီး ယွိရွှယ်လုံချန် ဝမ်းသာအားရ ဖြစ်သွားသည်။

“ဒီခံစားချက်က တကယ် မိုက်တယ်ကွ၊ ဟားဟားဟား”

“သွေးနတ်ဘုရား စောင်မတော်မူပါ ဟုတ်လား၊ ဒါ သွေးဝိညာဉ် တာအိုကျောင်းတော်ရဲ့ လျှို့ဝှက်သိုင်းကွက် မဟုတ်လား၊ သွေးနတ်ဘုရားရဲ့ စွမ်းအားကို ခန္ဓာကိုယ်ထဲ ထိုးသွင်းပြီး စိတ်အရမ်း ဖောက်လာပြီးတော့ မကောင်းဆိုးဝါး သွေးကလည်း ပွက်ပွက်ဆူလာမယ် မဟုတ်လား”

မကောင်းဆိုးဝါးများအားလုံး ချောက်ချားသော အမူအရာများ ဖြစ်လာကြသည်။

ဤသည်မှာ သွေးဝိညာဉ် တာအိုကျောင်းတော်၏ အမြင့်ဆုံး အခွင့်ထူး ဖြစ်ပြီး သွေးမျိုးနွယ်၏ အမြင့်ဆုံး အဆင့်အတန်း ရှိသူများသာ ဤအခွင့်ထူးကို ခံစားပိုင်ခွင့် ရှိသည်။

ဤမကောင်းဆိုးဝါး လူမျိုးများသည် သွေးနတ်ဘုရား၏ စောင်မခြင်းအကြောင်း ကြားဖူးကြလေသည်။ သွေးနတ်ဘုရား၏ စောင်မခြင်း ခံရသောလူတိုင်း အပြည့်အဝ ဆင့်ကဲပြောင်းလဲသွားကြသည်ဟု ဆို၏။ အဘယ်ကြောင့်ဆိုသော် သူတို့က သွေးနတ်ဘုရား၏ ဆဲလ်များကို စားသုံးလိုက်သောကြောင့်ပင်။

ယင်းသည် လောတွင် အပြီးပြည့်စုံလုနီးပါး ဖြစ်သော ဆဲလ်များဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များက လောက၌ အကောင်းဆုံးနီးပါးသော ဆင့်ကဲပြောင်းလဲခြင်း ဖြစ်ပေါ်လာပေမည်။

ကြောက်စရာကောင်းသော မိစ္ဆာအငွေ့အသက် တိုးပွားလာသည်ကို လူတိုင်း ခံစားမိသည်။ အတောမသတ်နိုင်သော သတ်ဖြတ်ချင်စိတ်တို့ကလည်း ပွက်ပွက်ဆူလာ၏။

ဤအင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်သည် ယခင်ကထက် ဆယ်ဆမက ပို၍ ကြောက်စရာ ကောင်းနေ၏။

မွန်းကျပ်ဖွယ်ကောင်းသော ရက်စက်သည့် စွမ်းအင်က ဆက်လက် ပျံ့နှံ့လျက် ရှိသည်။

*နိုင်နိုင်တယ်*

ဤသည်ကိုကြည့်ပြီး လျိုကျန်းဟောင်၏ မျက်နှာတွင် လက်ကျန်သက်တမ်းတစ်ခုလုံးအတွက် ပျော်ရွှင်သွားသော အမူအရာ ပေါ်လာသည်။

*ဒီလူက အစွမ်းအစအချို့ ရှိတယ်ဆိုပင်မယ့်လည်း အခု အရင်ကနဲ့ မတူတော့တဲ့ လူသုံးယောက်နဲ့ ရင်ဆိုင်ရင် သေရဦးမှာပဲ*

“အရှင်မင်းမြတ် သတိထားပါ”

နတ်ဆိုးမျိုးနွယ်များကလည်း အော်ဟစ် သတိပေးလာသည်။ အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက် ပြောင်းလဲသွားသညက်ို သူတို့လည်း မြင်နေရသည်။

အကယ်၍ ယဲ့ဖန်သာ သူတို့နှင့် ရင်ဆိုင်မည်ဆိုလျင် ကောင်းကင်ဘုံသို့ တက်လှမ်းလိုခြင်းထက်ပင် ခက်ခဲမှာ စိုးရသည်။

“ဟားဟားဟား ခွေးမသားလေး ငါတို့သုံးယောက်ရဲ့ ခွန်အားက ဆယ်ဆ ပိုတိုးလာပြီကွ၊ မင်း သေဖို့သာ ပြင်ထား”

မောခူပူစာက အားပါးတရ ရယ်မောနေသည်။ အစောပိုင်းက ခံစားခဲ့ရသော အရှက်ကွဲမှုကို ယခု ပြန်လည် ဆေးကြောနိုင်ပေတော့မည်။ သူ့အရှေ့မှ လူငယ်လေး သေကိုသေရမည်။

ယွိရွှယ်လုံချန်တို့ သုံးယောက်လုံး၏ မျက်နှာတွင် ယုံကြည်ချက်တို့ ပြည့်နှက်နေ၏။

*ဘာ*

*ဆယ်ဆ ဟုတ်လား*

ထိုစကားကိုကြားသော် ဘေးပတ်ဝန်းကျင်မှလူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာ၏။

*သွေးနတ်ဘုရားရဲ့ စောင်မခြင်းက အဲ့လောက် ကြောက်ဖို့ကောင်းတာလား၊ အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်ရဲ့ ခွန်အားကို ဆယ်ဆ တိုးစေတယ် ဟုတ်လား၊ ကြောက်ဖို့ကောင်းလိုက်တာ*

*ဒါကို ဘယ်လိုတိုက်ခိုက်တော့မှာလဲ*

“ဟားဟားဟား ယဲ့ဘုရင် ကြည့်ရတာ နတ်ဘုရားကတောင်မှ ငါတို့ဘက်မှာပဲ ရပ်တည်တဲ့ပုံပဲ၊ လူကောင်းတွေက အသက်တိုပြီး လူဆိုးတွေက သက်ဆိုးရှည်တယ်လို့ အများပြောနေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ”

လျိုကျန်းဟောင်က ယဲ့ဖန်အား အလွန် သတ်ဖြတ်ချင်နေသော အကြည့်ဖြင့် ကြည့်နေသည်။

“ဘဝင်မြင့်နေတဲ့ကောင် ဒီတစ်ခါတော့ မင်းကို သူတို့လက်ထဲမှာ ပိုးဆိုးပက်စက် သေတာကို ငါ ကြည့်ဦးမယ်”

“ယွိရွှယ်လုံချန်”

လျိုကျန်းဟောင် ရုတ်တရက် ဟစ်အော်လိုက်သောအခါ သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခုက ယဲ့ဖန်ထံ တိုးဝင် တိုက်ခိုက်လာသည်။ သူက ယဲ့ဖန်ကို လွင့်ထွက်သွားအောင် လုပ်နိုင်လေသည်။

*အောင်မြင်ပြီ*

ယွိရွှယ်လုံချန် အောင်မြင်သွားသည်ကိုမြင်ပြီး လျိုကျန်းဟောင်နှင့် အခြားသူများ ပျော်ရွှင်စွာ ပြုံးလာကြသည်။

ယဲ့ဖန် မြေကြီးပေါ် ပြန်ကျလာသော်လည်း အရှိန်ကို မထိန်းနိုင်သေးချေ။ မြေကြီးတွင် ဆယ်မီတာမျှ ရှည်လျားသော စွတ်ကြောင်းရှည်ကြီး နှစ်ခု ဖြစ်လာပြီးမှ ရပ်တန့်သွားသည်။

“ဪ မင်း ငါ့တိုက်ကွက်ကို ခုခံနိုင်သေးတာလား၊ မင်းက နည်းနည်းတော့ အစွမ်း ရှိသားပဲ၊ ဘယ်လိုလဲ၊ ငါတို့ကြားက မတူညီမှုကို မင်း သတိပြုမိပြီလား၊ မင်း စိတ်ထဲမှာ နောင်တရသလို ခံစားလာရပြီ ဟုတ်တယ်မလား”

ယွိရွှယ်လုံချန်က အားပါးတရ ရယ်မောလေသည်။ ယဲ့ဖန်က သူ့တိုက်ခိုက်မှုကို မရှောင်ရှားနိုင်ကတည်းက သူ သေဆုံးရန် အချိန်တစ်ခုမျှသာ လိုတော့ပေသည်။

ဤသည်ကိုတွေးမိပြီး ယွိရွှယ်လုံချန်က ထောင်လွှားသော အမူအရာဖြင့် ပြောလာသည်။

“မင်း နောင်တရတယ်ဆိုရင် အခုချိန်က ထုတ်ပြောဖို့ အကောင်းဆုံးပဲ၊ မင်း ငါ့ကို ဒူးထောက်ပြီး တောင်းပန်မယ်ဆိုင် ငါ မင်းကို မြန်မြန်ဆန်ဆန် သေရအောင် လုပ်ပေးချင်စိတ် ဝင်လာရင် ဝင်လာမှာပေါ့”

သို့သော် ယဲ့ဖန်က သူ့ကိုယ်ပေါ်မှ ဖုန်မှုန့်များကိုခါပြီး အထင်သေး၍ အလေးမထားသော အမူအရာဖြင့် ကြည့်လာသည်။ ဤပုံစံက ယွိရွှယ်လုံချန်ကို ဒေါသထွက်သွားစေသည်။

*ဒီမျိုးမစစ်ကောင်က ငါ့ကို အထင်သေးတာလား*

“မင်း သေချင်နေပြီလား”

တစ္ဆေဘုရင်တို့ နှစ်ယောက်လည်း ဒေါသထွက်လာပြီး ရှေ့သို့ ဒေါသတကြီး တက်လာပြီး ယဲ့ဖန်ကို အတူတူ သတ်ရန် ကြံစည်လေသည်။

“ဘေးဖယ်နေ သူက ငါ့အပိုင်ပဲ”

ထိုအခိုက်တွင် ယွိရွှယ်လုံချန်က သတ်ဖြတ်ချင်နေသော အကြည့်တို့ဖြင့် အော်ငေါက်လာသည်။ ယဲ့ဖန် သူ့ကို ခွဲခဲ့သော အရှက်အား သူ့လက်နှင့်ပင် ပြန်ပေးဆပ်ခိုင်းမည်။

“ဟေ့ကောင် မင်းတော့ ဇာတ်သိမ်းပြီ၊ မင်းအသက်က ငါ့အပိုင်ပဲ”

ယွိရွှယ်လုံချန်က အော်ဟစ်ပြောဆိုလာပြီး မျက်လုံးတွင် ကြမ်းကြုတ်သော အရိပ်အယောင် ပေါ်နေပြီး သံကြိုး ဆယ့်နှစ်ချောင်းက လေဟုန်ကိုခွင်း၍ အရှေ့သို့ ရိုက်ခတ်လာသည်။

မသိလျင် သွေးနဂါး ဆယ့်နှစ်ကောင် ပျံသန်းလာပြီး လူ့ဝိညာဉ်ကို နုတ်ယူတော့မည့်ဟန်ဖြင့် ယဲ့ဖန်ထံ ရိုက်ခတ် လာသည်။

“သွေးဝိညာဉ် မှော်သံကြိုးပါလား”

လူတိုင်း အံ့ဩမှင်တက်သွားကြသည်။

“ဒါက လူတစ်သိန်းရဲ့ သွေးတွေ စွန်းထင်းနေတဲ့ မှော်သံကြိုးပဲ၊ အဲ့ထဲမှာ မှော်အစွမ်းနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ရစ်ပတ်နေပြီး အရမ်း ကြောက်ဖို့ကောင်းသလို သေစေနိုင်စွမ်းကလည်း ကြီးမားလွန်းတယ်”

လျိုကျန်းဟောင် ရယ်ပြီးရင်း ရယ်နေ၏။

“ဟေ့ကောင် ဒီလူတစ်သိန်းရဲ့ သွေးတွေနဲ့ စိမ်ပြီး လုပ်ထားတဲ့ မှော်သံကြိုးရဲ့ အစွမ်းကို မြည်းစမ်းကြည့်လိုက်တော့”

ထိုစကားများကို နားထောင်ပြီး တစ္ဆေဘုရင်တို့ နှစ်ယောက်လည်း စဉ်းလဲစွာ ပြုံးလာကြသည်။ ယဲ့ဖန်တစ်ယောက် သွေးဝိညာဉ် မှော်သံကြိုး၌ ချိတ်တွယ်ပြီး အသတ်ခံရသည်ကို မြင်ယောင်နေပုံရသည်။

မကောင်းဆိုးဝါးများကလည်း မျှော်လင့်ထားသော အပြုံးများနှင့် ယဲ့ဖန်အား မကောင်းသော ရည်ရွယ်ချက်တို့ဖြင့် စိုက်ကြည့်နေ၏။

လူတစ်သိန်း။ ယွိရွှယ်လုံချန်သည် သူ့ကိုယ်ပိုင် လက်နက် သွန်းလုပ်ရန်အတွက် လူတစ်သိန်းကိုပင် စတေးခဲ့သည်။ သူသည် တိရစ္ဆာန်အဆင့်သာ ရှိလေသည်။

ယဲ့ဖန်၏ မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များ ပို၍ ပေါ်လွင်လာသည်။

“မင်းက သူ့ထက် ပိုပြီး‌ သေသင့်တဲ့ပုံပဲ”

ရုတ်တရက် ယဲ့ဖန်၏ မျက်လုံးများမှ ကြောက်စရာကောင်းသော နတ်ဆိုး အလင်းများ ထွက်ပေါ်လာပြီး သံကြိုးများအား ဖျက်ဆီးလေတော့သည်။

“ဒါ မဖြစ်နိုင်ဘူး”

ယွိရွှယ်လုံချန် အလန့်တကြား အော်ဟစ်လာပြီး မျက်လုံးများ ပြူးကျယ်လာသည်။ အကြည့်တစ်ချက်က သူ၏ သွေးဝိညာဉ် မှော်သံကြိုးကို ဖျက်ဆီးနိုင်သည်တဲ့လား။ ဤသည်က စိတ်ကူးယဉ် ဆန်လွန်းလှသည်။

ယင်းက ယွိရွှယ်လုံချန်ကို နားဝေတိမ်တောင် ဖြစ်သွားစေသည်။ အခြားလူများအားလုံးသည်လည်း မှင်တက်သွားပြီး မျက်လုံးတွင် ထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်လာသည်။ ဤမြင်ကွင်းအား မယုံနိုင် ဖြစ်နေပုံရသည်။

“ပွဲသိမ်းပြီ”

ထို့နောက်တွင်မူ ယဲ့ဖန်၏ လက်ဝါးချက်က ယွိရွှယ်လုံချန်ပေါ် ကျရောက်လာကာ လောကကိုပင် ရှင်းလင်း နိုင်သော ချီစွမ်းအင် ထွက်ပေါ်လာသဖြင့် လူတိုင်း သေမတတ် ကြောက်ရွံ့သွားကြသည်။

လက်ရှိတွင် နတ်ဆိုးတစ်ကောင်၏ အသွင်အပြင်က ကြောက်မက်ဖွယ်ကောင်းနေ၏။ သူ၏ လက်ဝါးချက်သည် လေဟာနယ်ကို ခွင်းကာ အတောမသတ်နိုင်သော စွမ်းအင်ကို ထုတ်လွှတ်နေလေသည်။

“ဝုန်း”

မြေဆီလွှာ တုန်ခါသွားပြီး ဖုန်များ တထောင်းထောင်း လာ၏။ လူတိုင်း အလန့်တကြားဖြင့် နောက်ဆုတ်လိုက် သောကြောင့် မြေကြီးပေါ် ပစ်လဲကျမတတ် ဖြစ်သွားပြီး မျက်နှာတွင် ကြောက်ရွံ့ဟန်များ ပေါ်နေသည်။

တစ်ခဏအကြာတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက သူတို့ရှေ့၌ ပေါ်ပေါက်လာသည်။ ယွိရွှယ်လုံချန်သည် ယဲ့ဖန်၏ ရိုက်နှက်ခြင်း ခံလိုက်ရပြီး ခန္ဓာကိုယ်နှင့် ဦးခေါင်းတို့ ပျောက်ကွယ်သွားသည်။

*တကယ်ကြီး ယဲ့ဖန် ရိုက်သတ်တာကို ခံလိုက်ရတာပဲ*

*ဒါက*

အားလုံး၏ မျက်လုံးများ ပြူးကျယ်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေ၏။ အားလုံး ဝိညာဉ် ဆွဲထုတ်ခံထားရသကဲ့သို့ သတိလွတ်နေကြသည်။

*ခွန်အား ဆယ်ဆတိုးလာတဲ့ ယွိရွှယ်လုံချန်က ပြိုင်ဘက်ရဲ့ ရိုက်သတ်တာကို ခံလိုက်ရတာလား*

*ဒါက အတုအယောင်ပဲ*

*ဒါက ထင်ယောင်ထင်မှား ဖြစ်တာပဲ ဖြစ်ရမယ်*

*ဘယ်လိုလုပ် ဒီလို ကိစ္စမျိုး ဖြစ်ရတာလဲ*

*ထူးဆန်းတယ်*

*အရမ်း ထူးဆန်းလွန်းတယ်*

*ဒီလူက တကယ် ပြိုင်ဘက်ကင်းတာလား*

လျိုကျန်းဟောင် ငိုချင်စိတ် ပေါ်လာသည်။ ဤမြင်ကွင်းက အလွန် ကြောက်ဖို့ကောင်းလွန်းသဖြင့် သူ လက်မခံနိုင် ဖြစ်နေ၏။

သူ၏ လက်ရှိ စိတ်အခြေအနေက ရိုလာကိုစတာ စီးသကဲ့သို့ ဆက်တိုက် မြင့်လိုက်နိမ့်လိုက် ဖြစ်နေပြီး ဤသို့သော ပြောင်းလဲမှုကို လက်မခံနိုင် ဖြစ်နေသည်။ မျှော်လင့်ချက် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသဖြင့် သူ ပြိုလဲလုနီးပါး ဖြစ်လာ၏။

“မင်း”

ဤသည်ကိုမြင်သော် ကျန်အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံး ကြက်သီးထသွားပြီး ပါးဖြတ်ရိုက်ခံလိုက် ရသကဲ့သို့ ဖြစ်ကာ ဆက်မရယ်နိုင်တော့ပေ။

မျက်စိရှေ့မှ ကြီးမားသော သက်ရောက်မှုက လူတိုင်းကို သတိမဝင်နိုင်စွမ်း ဖြစ်စေသည်။ အားလုံး သတိလက်လွတ် ဖြစ်ကာ စိတ်ရှုပ်ထွေးနေကြသည်။

ယနေ့ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ လူတိုင်း ဆောက်တည်ရာမရ ဖြစ်သွားစေ၏။

“မင်း ငါ့ညီကို သတ်ရဲတယ်ပေါ့လေ၊ ငါ မင်းကို သတ်မယ်”

ယဲ့ဘုရင်က ကြုံးဝါးလာပြီး ဒါဇင်ချီသော ဓားများ ဖန်တီးလိုက်သဖြင့် လေထဲတွင် မျက်စိကျိန်းလောက်သော ဓားအရောင်များ လက်လာပြီး အောက်သို့ အရှိန်ဖြင့် ကျဆင်းလာသည်။

“ဒေါင်”

သို့သော် ယဲ့ဖန်၏ ခန္ဓာကိုယ်၌ အဖြူရောင် အမှတ်အသားတစ်ချို့သာ ပေါ်နေပြီး ဘာဒဏ်ရာမှ မရသည်ကို သူတို့ ထူးဆန်းစွာ တွေ့လိုက်ရသည်။

တစ္ဆေဘုရင် ကြက်သီးထသွားပြီး တုန်လှုပ်လာသည်။

“မဖြစ်နိုင်ဘူး ဘယ်လိုလုပ် မင်းခန္ဓာကိုယ်က ဒီလောက် သန်မာနေရတာလဲ”

သူ၏ တာအိုဓားသည် တာအိုသဘောတရားကိုပင် ထိုးခွင်းနိုင်သော်လည်း ဤလူကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး တဲ့လား။

*ဒီလူက လူရောဟုတ်ရဲ့လား*

ဤသည်မှာ အလွန် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ယဲ့ဖန်က အစောပိုင်းက လက်ဝါးတစ်ချက်ဖြင့် အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက်ကို ရိုက်သတ်ခဲ့သည်။ ယခု အင်မော်တယ် ဧကရာဇ်အဆင့် နောက်တစ်ယောက်က အားကုန်သုံး၍ တိုက်ခိုက်သော်လည်း သူက ဘာဒဏ်ရာမှ မရပေ။ ဤအဖြစ်က အလွန် မွန်းကျပ်စရာ ကောင်းလှသည်။

*ကြောက်ဖို့ကောင်းတယ်*

*မိစ္ဆာ*

*သူက မိစ္ဆာပဲ*

“မင်း ငါ့ပစ္စည်းတွေ ယူသွားတယ်”

ယဲ့ဖန်က အေးစက်စက် မျက်လုံးများဖြင့် တစ္ဆေဘုရင်ကို ကြည့်လာသည်။ ထိုအကြည့်က တစ္ဆေဘုရင်အား ထိတ်လန့်တုန်လှုပ်သွားစေပြီး တစ်ကိုယ်လုံး တောင့်တင်းသွားစေသည်။

တစ်ခဏအတွင်း သူ အသည်းအသန် နောက်ဆုတ်မိလေသည်။ သူ၏ မသိစိတ်က မျက်စိရှေ့မှလူသည် တိုက်ခိုက်လာတော့မည်ဟု ပြောနေ၏။

သို့သော် သူ နောက်ဆုတ်နေစဉ်မှာပင် သူ့ရင်ဘတ်က ပွင့်ထွက်သွားသည်။ ဓားပျံတစ်လက်က သူ့ရင်ဘတ်အား ဖောက်ထွင်းလာခြင်းပင်။

၎င်းဓားသည် စကြဝဠာဓားပင်တည်း။

ဤအဖြစ်က ကြက်ကိုသတ်၍ ကြက်ဥကို ရယူခြင်းနှင့် တူနေ၏။

All Chapters