အခန်း ၁၆၀၃
Vol. 107 Ch. 1603
Chapter 1603 တိရစ္ဆာန်က တိရစ္ဆာန်လို သေသင့်တဲ့ နည်းလမ်း ရှိတာပေါ့
ကောင်းကင်ယံမှ ကျဆင်းလာသော သွေးမြားများသည် ၎င်းဓားချီစွမ်းအင်ကို မခံနိုင်သဖြင့် လျင်မြန်စွာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလေသည်။
“ဝေါ့”
သွေးနတ်ဘုရားသည် သွေးတစ်လုပ်အန်လာသည်။ ဓားချီစွမ်းအင်က သူ့တစ်ကိုယ်လုံးနီးပါးကို ထိမှန်လာပြီး အပြင်းအထန် ထိခိုက်သွားစေသောကြောင့် ဒဏ်ရာ ကြီးကြီးမားမား ရလာသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း မျက်လုံးပြူးကာ မျက်နှာတွင် မယုံနိုင်ဟန်များ ပေါ်လာကြသည်။ သူတို့ စိတ်ရှုပ်ထွေးနေ၏။
*စောနတုန်းက သူ့ဓားချက်ကို သွေးနတ်ဘုရားက အသာလေး တားဆီးနိုင်ပါတယ်၊ ဘာလို့ အခုမှ အလုပ်မလုပ် တော့တာလဲ*
ယဲ့ဖန်က သွေးနတ်ဘုရားထံ တစ်လှမ်းချင်း လှမ်းလာပြီး ရှင်းပြလေသည်။
“ခုနတုန်းက ဓားချက်မှာ ခွန်အားကို ဆယ်ရာခိုင်နှုန်းပဲ သုံးထားတာ၊ အခု ဓားချက်မှာ သုံးဆယ်ရာခိုင်နှုန်း ထည့်ထားတယ်”
ထိုစကားကိုကြားသော် လူတိုင်း ထိတ်လန့်သွားကြသည်။ ဆယ်ရာခိုင်နှုန်းကတင် ဤမျှ သန်မာနေလျင် တစ်ရာ ရာခိုင်နှုန်း ထုတ်သုံးလာလျင် မည်မျှ ကြောက်စရာ ကောင်းမည်နည်း။
“ပြီးသွားပြီ”
ယဲ့ဖန်က သွေးနတ်ဘုရားကို အထင်သေးစွာ ကြည့်နေပြီး သူ့မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ဖြင့် စူးလက်နေ၏။
“ဟုတ်တယ် အဆုံးသတ်ချိန် တန်ပြီ”
သွေးနတ်ဘုရား၏ မျက်လုံးတွင်လည်း မုန်းတီးစိတ်တို့ ပေါ်နေပြီး ယဲ့ဖန်အား အေးစက်စက် စိုက်ကြည့်နေသည်။
“ငါ့လူတွေ သူ့ကို သတ်ကြစမ်း”
ကျယ်လောင်သော အသံတစ်သံက သွေးသန့်စင်ခြင်းနိုင်ငံ တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ သူ့အသံက ချောင်တိုင်းနီးပါးအထိ ပဲ့တင်ထပ်နေသည်။
ထို့နောက် သူ့ခြေထောက်အောင်တွင် ကြီးမား၍ ရှုပ်ယှက်ခက်ကာ မသင်္ကာဖွယ်ကောင်းသော သွေးအမှတ်အသား အစီအရင်တစ်ခု ပေါ်လာသည်။
သူက မကောင်းဆိုးဝါးတိုင်းကို ဤနေရာသို့ ဆင့်ခေါ်နေခြင်းပင်။ သူ့ခေါ်သံကို ကြားသည့် မည်သူမဆို ချက်ချင်း ဤနေရာ၌ ပေါ်လာပေလိမ့်မည်။
သူ့ခန္ဓာကိုယ်အစစ်က ဤနေရာ၌ မရှိသောကြောင့် ယဲ့ဖန်ကို မသတ်နိုင်ပေ။ သို့သော် ကိုးကွယ်သူများ၏ ခွန်အားကိုသုံး၍ ယဲ့ဖန်အား သေအောင် ဝိုင်းတိုက်ခိုင်းနိုင်သည်။
သန်းချီသော လူများ၏ ခွန်အားနှင့်ဆိုလျင် အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ ခုခံနိုင်မည် မဟုတ်ပါ။ ဤလူ သေရပေလိမ့်မည်။
သို့သော် တစ်မိနစ်၊ သုံးမိနစ်၊ ငါးမိနစ်။ ငါးမိနစ် ကြာပြီးသည်အထိ မည်သည့် မကောင်းဆိုးဝါး လူမျိုးများမှ ပေါ်မလာချေ။
“ဒါ ဘယ်လိုဖြစ်တာလဲ”
ထိုအခိုက်တွင် သွေးနတ်ဘုရား မျက်လုံးပြူးလာပြီး မျက်နှာတွင် မယုံနိုင်ဟန်များ ဖုံးလွှမ်းလာသည်။ သူ့နောက်လိုက်များက သူ့ကို ပြန်ဖြေရန် ငြင်းဆန်သည်တဲ့လား။ ဤသည်က လုံးဝ မဖြစ်နိုင်ချေ။
သူသည် သူတို့၏ နတ်ဘုရားဖြစ်သည်။ သူ့အတွက်ဆိုလျင် သူတို့အသက်ကိုပင် ပေးရဲသူများက ဘယ်လိုလုပ် သူ၏ ဆင့်ခေါ်ခြင်းကို ငြင်းဆန်ရသနည်း။
“ဝှစ် ဝှစ်”
တစ်ခဏကြာသော် ဒါဇင်ချီသော မကောင်းဆိုးဝါးများ ကစဉ့်ကလျား ပေါ်လာသည်။ သို့သော် သူတို့အားလုံး၏ ခန္ဓာကိုယ်တွင် သွေးများ စွန်းထင်းနေပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေကာ မသိလျင် အလွန် ခက်ခဲကြမ်းတမ်းသော တိုက်ပွဲကို ကြုံတွေ့ခဲ့ရသည့်ပုံ ပေါ်၏။
သူတို့ပါးစပ်မှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး သွေးများ ရွှဲနစ်နေကာ ခန္ဓာကိုယ်က ခုတ်ပိုင်းခံထားရကာ ဒုက္ခိတ ဖြစ်နေကြသည်။ ကြောက်လန့်တကြား အော်ဟစ်သံတစ်သံလည်း ထွက်လာသည်။
“အရှင် သွေးနတ်ဘုရား ကျွန်တော်တို့ကို ကယ်ပါဦး၊ ကျွန်တော်တို့ကို ကယ်ပါဦး”
ဆင့်ခေါ်လာသော နတ်ဆိုးများက သွေးနတ်ဘုရားရှေ့ ချက်ချင်း ဒူးထောက်လာပြီး မျက်ရည်များက မိုးသဖွယ် စီးကျလာပြီး မရပ်မနား အနူးအညွတ် တောင်းပန်လေသည်။
သူတို့၏ မျက်နှာတွင် ဆောက်တည်ရာမရဟန် ပေါ်နေပြီး မျက်လုံးတွင် ကြောက်စိတ်များ ပေါ်လွင်နေသည်။ သူတို့ပုံစံက မသိလျင် သရဲသဘက်ကို မြင်ခဲ့ရသလိုပင်။
“မင်းတို့တွေ … ဘာတွေဖြစ်ကုန်တာလဲ၊ ဆင့်ခေါ်ခံရတဲ့လူက ဘာလို့ မင်းတို့ပဲ ရှိတာလဲ”
သွေးနတ်ဘုရားက ဒေါသတကြီး ကြိမ်းမောင်းလေသည်။
“သေပါပြီ၊ သူတို့အားလုံး သေကုန်ပါပြီ”
မကောင်းဆိုးဝါး တစ်ယောက်က အော်ပြောလာပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ မျက်နှာတစ်ခုလုံး ဖြူရော်နေ၏။ သူ မည်သို့သောအရာကို ကြုံတွေ့ခဲ့ရ၍ ဤသို့ ကြောက်လန့်နေသလဲကို လူတိုင်း သိချင်လာသည်။
သွေးသန့်စင်ခြင်းနိုင်ငံသည် သူတို့၏ ရက်စက်ခက်ထန်မှုနှင့် နာမည်ကျော်ကြားပြီး နိုင်ငံသားတိုင်းက လူသတ်သမားများ ဖြစ်ကြသည်။ ဘယ်လိုလုပ် သူတို့က အလွယ်တကူ ခြိမ်းခြောက်ခံရသနည်း။
*ဒီလူ … သူ ဘာတွေမြင်တွေ့ခဲ့တာလဲ*
“မဖြစ်နိုင်လိုက်တာ”
သွေးနတ်ဘုရားက ထိုမကောင်းဆိုးဝါးမျိုးနွယ်ကို ကြေမွအောင် ရိုက်သတ်လိုက်ပြီး မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အော်ငေါက်လိုက်သည်။
“ငါ့သွေးသန့်စင်ခြင်းနိုင်ငံက လူတွေ သန်းချီပြီး ရှိတာ၊ ဘယ်လိုလုပ် အားလုံး သေကုန်မှာလဲ”
သူတော်စင်အဆင့်က မတိုက်ခိုက်သရွေ့ သန်းချီသော လူများက ဘယ်လိုလုပ် တစ်ခဏအတွင်း သုတ်သင်ခံ ရမည်နည်း။
သို့သော် အကယ်၍ သူတော်စင်သခင်အဆင့်က သွေးသန့်စင်ခြင်းနိုင်ငံထဲသို့ ဝင်လာပါက သူ သေချာပေါက် ခံစားမိလိမ့်မည်။
“အမှန်ပါပဲ၊ ဘယ်ကမှန်းမသိတဲ့ စစ်တပ်တစ်တပ်က အရပ်မျက်နှာအနှံ့က ဝင်လာပြီး သွေးသန့်စင်ခြင်းနိုင်ငံကို အလင်းလို လျင်မြန်တဲ့နှုန်းနဲ့ ဝင်တိုက်ပြီး သတ်ဖြတ်တာပါ”
“ကျွန်တော်တို့ … ကျွန်တော်တို့ လုံးဝ မယှဉ်နိုင်ပါဘူး”
သူတို့ ပြောနေသော စစ်တပ်ဆိုသည်မှာ ချင်ခေတ်မှ စစ်သည်တော်များပင်။ သူတို့သည် လောကတွင်းရှိ အရဲရင်ဆုံး စစ်သည်တော် သုံးသိန်းဖြစ်ပြီး မသေနိုင်သောသူများ ဖြစ်လေသည်။
စစ်သည်တော်များကို ညွှန်ကြားရာ၌ ထူးချွန်သော ကျန်းကျန့်ရန်၏ ထိန်းချုပ်မှုအောက်၌ သူတို့၏ အစွမ်းက မြင့်မားလာသည်။
တစ်နေ့တည်း။ မကောင်းဆိုးဝါးလူမျိုး တစ်သန်းအား ရှင်းလင်းရန် တစ်ရက်သာ အချိန်ယူခဲ့ရသည်။
“ဘာ စစ်တပ် ဟုတ်လား၊ ငါ့သွေးသန့်စင်ခြင်းနိုင်ငံက ဘယ်ုတန်းကမှ ရန်သူ မရှိခဲ့ဘူး၊ ဘယ်လိုလုပ် စစ်တပ်တစ်တပ်က ငါတို့ကို လာတိုက်ခိုက်မှာလဲ”
သွေးနတ်ဘုရား မှင်တက်နေသည်။ ထို့အပြင် သူ့ကို ပို၍ စိတ်ရှုပ်စေသည်မှာ ဤမကောင်းဆိုးဝါး တစ်ယောက်ချင်းစီသည် မှော်အတတ်၌ ကျွမ်းကျင်သူများ ဖြစ်သည်။ စစ်တပ်နှင့် ရင်ဆိုင်ရလျင်တောင်မှ သူတို့ နိုင်မှာ အသေအချာပင်။
တစ်ခါက နိုင်ငံတစ်နိုင်ငံနှင့် သူတို့ နယ်စပ် ပဋိပက္ခ ဖြစ်ခဲ့ဖူးသည်။ သူတို့ဘက်၌ မှော်ဆရာ တစ်ယောက်သာ ပါခဲ့ပြီး ထိုသူက အဆိပ်ရှိသော အင်းဆက်များကို ဆင့်ခေါ်ပြီး တစ်ဖက်မှ ထောင်ချီသော စစ်သားများကို သတ်ဖြတ်ခဲ့သည်။
ထိုအချိန်မှစ၍ မည်သည့် စစ်တပ်မှ သူတို့ကို ရန်မလိုရဲတော့ချေ။ သို့သော် ယခုအခါ၌ တစ်စုံတစ်ယောက်က သွေးနတ်ဘုရားအား သူတို့နိုင်ငံထဲသို့ စစ်တပ်တစ်တပ် ဝင်လာပြီး သူတို့အား ခွန်အားမဲ့စေသည်အထိ တိုက်ခိုက် ခဲ့သည်ဟု ပြောလာသည်တဲ့လား။
“သူပါပဲ၊ ကျွန်တော်တို့နိုင်ငံထဲကို စစ်တပ်ခေါ်လာပြီး သုတ်သင်ခြင်းကို သူ စစေတာပါ”
ရုတ်တရက် မကောင်းဆိုးဝါးတစ်ကောင်က ယဲ့ဖန်ကို သတိပြုမိသွားပြီး အလွန် ထိတ်လန့်သော မျက်နှာဖြင့် ထအော်လာသည်။ ဤနတ်ဆိုးက သည်နေရာသို့ ရောက်နေလိမ့်မည်ဟု မယုံနိုင် ဖြစ်နေ၏။
“ဒီနတ်ဆိုးပါပဲ၊ သူက တကယ်ကို ဒီရောက်နေပါလား”
“ဒီနတ်ဆိုးပါ၊ သူက သူ့နတ်ဆိုးစစ်တပ်ကို ဦးဆောင်ပြီး ကျွန်တော်တို့ကို သတ်ခိုင်းတာပါ”
“သွေးနတ်ဘုရား ကျွန်တော်တို့ကို ကယ်ပါဦး၊ သူ့ကို သတ်ပေးပါ”
ထိုမကောင်းဆိုးဝါးများ အလွန်အမင်း ကြောက်လန့်နေကြသည်။ ထို့ကြောင့် ယဲ့ဖန်ကို မြင်သည်နှင့် ကျယ်လောင်စွာ ထအော်လေသည်။ သူတို့သည် သရဲသဘက်ကို တွေ့ရသကဲ့သို့ ထိန်းမရနိုင်အောင် တုန်နေကြသည်။
လျိုကျန်းဟောင် ကြက်သေ သေသွား၏။
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*အခု အင်ပါယာထဲမှာ မသန်စွမ်းတဲ့ စစ်သားတွေပဲ ရှိတော့တာလေ၊ ဘယ်လိုလုပ် ရက်စက်ကြမ်းကြုတ်တဲ့ မကောာင်းဆိုးဝါး တစ်သန်းကို သတ်နိုင်မှာလဲ*
*ဒါက အိပ်မက်ဆန်လွန်းတယ်*
“မင်းကိုး”
သွေးနတ်ဘုရားက အလွန် မုန်းတီးသော အကြည့်တို့ဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လာသည်။
“ငါပဲ”
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထိုစဉ် အပြင်ဘက်မှ လူရိပ်တစ်ခု ပြေးဝင်လာသည်။ ထိုသူမှာ ကျန်းကျန့်ရန်ပင်တည်း။ သူ့မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်နေပြီး ခက်ထန်စွာ ပြောလာလေသည်။
“ဒီငယ်သား သန်းချီတဲ့ မကောင်းဆိုးဝါးတွေကို အနိုင်ယူခဲ့ပြီးတော့ လူငါးသိန်းကို သတ်ခဲ့ပါတယ်၊ လူလေးသိန်းကိုလည်း ဖမ်းဆီးထားပါတယ်၊ လူတစ်သိန်းပဲ အသက်ရှင်လျက် ကျန်ရစ်ပါတယ်၊ အဲ့လူတွေကလည်း သွေးသန့်စင်ခြင်းနိုင်ငံကနေ အရှက်တကွဲ ထွက်ပြေးသွားပါတယ်”
“အကျဉ်းသားလား”
ယဲ့ဖန်က အလွန် ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။
“ငါတို့ အကျဉ်းသား မလိုအပ်ဘူး၊ တိရစ္ဆာန်တွေက တိရစ္ဆာန်တွေလိုပဲ သေသင့်တယ်”
ဤသည်က သတ်ရန် ပြောလိုက်ခြင်းပင်။ ထိုစကားသံ ထွက်လာသည်နှင့် လူတိုင်း ထိတ်လန့်သွားပြီး ကြက်သီး ထကာ မျက်လုံးတွင် ကြောက်ရွံ့ဟန် ပေါ်လာသည်။
*နတ်ဆိုး*
*ဒီလူက သောက်ရမ်းကို နတ်ဆိုးဆန်တယ်*
*ရက်စက်တယ်*
*ကြမ်းကြုတ်တယ်*
*လူမဆန်ဘူး*
*လူလေးသိန်း ရှိတာကို သတ်ဖို့ ပြောလိုက်တာလား*
*မျက်တောင်တောင် တစ်ချက် ခတ်မသွားဘူး*
ထိုသို့သောအချိန်၌ ဓားသွားပေါ်မှ သွေးကိုပင် လျက်တတ်သော မကောင်းဆိုးဝါး လူမျိုးများတောင်မှ ကြက်သီးထ လာပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
*ဒီလူက လူကိုမဟုတ်တာ*
ထိုစကားကိုကြားသော် ကျန်းကျန့်ရန်၏ မျက်နှာတွင် သရော်ပြုံးတစ်ခု တွဲခိုလာ၏။
“စဖို့အချိန်တန်ပြီ”
“အား…”
“အား…”
အပြင်ဘက်မှ ကျယ်လောင်စူးရှသော အော်သံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ သူတို့ ဆယ်မိုင်ကျော်မျှ ဝေးကွာနေသော်လည်း ထောင်သောင်းချီသော လူများ၏ အော်သံများကို ပြတ်ပြတ်သားသား ကြားနေရသည်။ ထိုအော်သံက အချိန်အတော်ကြာအောင် ထွက်ပေါ်နေ၏။
ဆိုးရွားသော အော်သံများကိုကြားပြီး မကောင်းဆိုးဝါးများ မျက်နှာဖြူရော်လာာ မြေကြီးပေါ် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ကျလာ၏။ မျက်နှာအမူအရာက လုံးဝ ခြောက်ကပ်ကပ် နိုင်နေသည်။
သူတို့တွင်လည်း ဘာဖြစ်လာမလဲဆိုသည်ကို ခန့်မှန်းမိသွားပုံရသည်။ ဤနတ်ဆိုးက လူမဆန်လွန်းလှသဖြင့် ဘယ်လိုလုပ် သူတို့ကို အလွတ်ပေးမည်နည်း။
အော်သံများက လူတိုင်း၏ အသံကို လွှမ်းမိုးသွားပြီး နားစည်ထဲသို့ ရိုက်ခတ်လာသောကြောင့် လူတိုင်း နာကျင်မှုကို ရှင်းလင်းစွာ ခံစားမိသည်။
သွေးနတ်ဘုရား မှင်တက်သွားသည်။
*ဒါ ဘယ်လို စစ်တပ်မျိုးလဲ၊ သန်းချီတဲ့ မကောင်းဆိုးဝါးတွေ ရှုံးနိုင်နိုင်လို့လား*
*လူလေးသိန်းလုံး အဖမ်းခံရတာလား*
*ဒါက ဘာကို ပြောချင်တာလဲ*
*သူတို့ လုံးဝ ကြောက်နေတယ်လို့ ပြောချင်တာလား*
“မင်း ဘယ်သူလဲ၊ ဘာလို့ ငါ့သွေးသန့်စင်ခြင်းနိုင်ငံကို ဖျက်ဆီးရတာလဲ”
သွေးနတ်ဘုရား အော်ဟစ်လာသည်။ ဤသို့ ကြောက်စရာကောင်းသော စစ်တပ်ကို အမိန့်ပေးနိုင်ကတည်းက ယဲ့ဖန်သည် ရိုးစင်းသော လူတစ်ယောက် မဖြစ်နိုင်တော့ပေ။
“ဘာလို့လဲဆိုတော့ မင်းတို့ မခေါ်ထားသင့်တဲ့လူတွေကို ခေါ်ထားလို့ပဲ၊ အရိပ်မပေးသင့်တဲ့ တိရစ္ဆာန်တွေကို အရိပ်ခိုနားခွင့် ပေးခဲ့လို့”
ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထိုစကားကိုကြားသော် လျိုကျန်းဟောင် တုန်လှုပ်သွားပြီး ကြောက်လန့်တကြား ခေါင်းငုံ့သွားသည်။
ထိုအခါ သွေးနတ်ဘုရားက လျိုကျန်းဟောင်ကို စူးရှသော မျက်လုံးတို့ဖြင့် စိုက်ကြည့်လာသည်။
“မင်းက ငါ့သွေးမျိုးနွယ်က မဟုတ်ဘူး၊ မင်း ဘယ်သူလဲ”
“ကျွန်တော် ကာကွယ်ဖို့ ပိုက်ဆံ ပေးထားတယ်၊ ကျွန်တော့်ကို ကာကွယ်ဖို့ ခင်ဗျားရဲ့ သွေးဝိညာဉ် တာအိုကျောင်းတော်က ကတိပေးထားတာ”
လျိုကျန်းဟောင်က သူ၏ သေခြင်းတရား နီးကပ်လာသည်ကို သတိထားမိပြီး အလျင်အမြန် ပြောလိုက်သည်။
ပြောရမည်ဆိုလျင် သူတို့၏ မိသားစုက အပြင်လူတစ်ယောက်အတွက်နှင့် တစ်မိသားစုလုံး၏ ပျက်စီးခြင်းကို ယူဆောင်လာခဲ့ခြင်းပင်။
*အရူး*
*အရူးတွေပဲ*
သွေးနတ်ဘုရား အလွန် ဒေါသထွက်နေပြီး သွေးဝိညာဉ် တာအိုကျောင်းတောင်မှ အရူးများအားလုံးကို သတ်ချင်နေသည်။
“မင်း သေပေတော့”
သွေးနတ်ဘုရား အလွန် ဒေါသထွက်နေပြီး လျိုကျန်းဟောင်အား ဒေါသတကြီး ရိုက်နှက်လေသည်။ ထိုအခိုက်တွင် သူ ယဲ့ဖန်ကို ဥပေက္ခာ ပြုထားသည်။
ယဲ့ဖန်က ဓားကို လှစ်ခနဲ ဝှေ့ယမ်းလိုက်သဖြင့် ဓားရောင် လက်ခနဲ ဖြစ်သွားကာ တစ်ဖက်လူအား ချက်ချင်း ခုတ်ပိုင်းလာသည်။ ဖိနှိပ်လွန်းလှပေသည်။
“ရွှစ်”
သွေးနတ်ဘုရား၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီး ပခုံးသား တစ်ဝက်မျှ ပြတ်ထွက်သွားသည်။ သူသာ အချိန်မီ မရှောင်လိုက်လျင် နှစ်ပိုင်းပြတ်သွားလောက်သည်။
“မင်း…”
သွေးနတ်ဘုရားက ယဲ့ဖန်ကို ဒေါသတကြီး ကြည့်လာသည်။ ဤမျိုးမစစ်ကောင်က သူ့အား ထပ်ခါထပ်ခါ စော်ကားရဲသည်တဲ့လား။
“ငါ သူ့ကို သတ်ခွင့်ပေးလိုက်လို့လား”
ယဲ့ဖန်က သွေးနတ်ဘုရားကို အေးစက်စွာ ကြည့်နေသည်။ သူ ဘယ်လိုလုပ် လျိုကျန်းဟောင်ကို အလွယ်တကူ ပေးသေခွင့်ပေးရမည်နည်း။
လျိုကျန်းဟောင်သည် ငရဲ၌ ထာဝရ ခံစားရပေမည်။
“မင်း သူ့ကို ခေါ်ထားလို့မရဘူး၊ သူ့ကို သတ်လို့မရဘူး၊ မင်း ဘာဆိုဘာမှ လုပ်လို့မရဘူး”
“ယဲ့ဖန်က သွေးနတ်ဘုရားကို လျစ်လျူရှုပြီး လျိုကျန်းဟောင်ထံ တစ်လှမ်းချင်း လှမ်းသွားသည်။ ထိုစကားတွင် သွေးနတ်ဘုရားအား အထင်သေးမှုတို့ ပြည့်နှက်နေ၏။
ယဲ့ဖန် ရှိနေလျင် သွေးနတ်ဘုရား လျိုကျန်းဟောင်ကို ခေါ်ထား၍ မရနိုင်ပါ။ ယဲ့ဖန်နှင့်ဆိုလျင် သွေးနတ်ဘုရား လျိုကျန်းဟောင်ကို သတ်၍ မရနိုင်ပေ။ ယဲ့ဖန်က သွေးနတ်ဘုရားကို နည်းနည်းလေးမျှ မျက်နှာသာ မပေးချေ။
သွေးနတ်ဘုရား၏ မျက်လုံးများ မီးဝင်းဝင်း တောက်လာပြီး သူ့မျက်နှာ ရောင်ကိုင်းလာတော့မည်ဟု သူ ခံစားနေရသည်။ ဤသို့သော စော်ကားမှုကို သူ လုံးဝ လက်မခံနိုင်ပါ။
“ငါ မင်းကို သတ်ပစ်မယ်၊ မင်းကို သတ်မယ်ကွ”
သူသည် ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်သဖွယ် ယဲ့ဖန်ထံသို့ ပြေးဝင်လာပြီး သူ၏ လူသတ်ချင် စိတ်ကလည်း တိုးမြင့်နေ၏။ ရက်စက်ကြမ်းကြုတ်၍ သွေးဆာလွန်းလှသည်။
“ဝင်မရှုပ်နဲ့”
ယဲ့ဖန်၏ အေးစက်စက် မျက်လုံးများက ကျဉ်းမြောင်းလာပြီး လက်ထဲက ဓားကို ဝှေ့ယမ်းကာ သွေးနတ်ဘုရားအား တစ်စစီ ဖြစ်အောင် ပြုလုပ်လိုက်သည်။
“ယီးပဲ ငါ တကယ် ထွက်လာတဲ့အခါကျရင် နတ်ဆိုးအငွေ့အသက် အင်ပါယာကို လာပြီး မင်းကို သတ်မယ်ကွ၊ ဒီနေ့ မင်း ငါ့လူတွေိကု သတ်ခဲ့ရင် နောင်အနာဂတ်မှာ မင်းရဲ့ နတ်ဆိုးအငွေ့အသက် တိုင်းပြည်ကို သွေးချောင်းစီးအောင် လုပ်ပစ်မယ်”
သွေးနတ်ဘုရား၏ အသိအာရုံက ပျောက်ကွယ်စပြုလာပြီး နောက်ဆုံး၌ အငြိုးထားသော ကြွေးကြော်သံသာ ထွက်ပေါ်လာသည်။
*ရှုံးသွားတာလား*
လူတိုင်း အံ့အားသင့်နေ၏။ သူတို့၏ သွေးနတ်ဘုရားက ယခုကဲ့သို့ ရှုံးနိမ့်သွားသည်တဲ့လား။