အခန်း ၁၆၀၅
Vol. 107 Ch. 1605
Chapter 1605 လူငယ်လေး လေလုံးမထွားနဲ့
ဤမိစ္ဆာများ အလွန် မြန်ဆန်စွာ ရောက်လာလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူ ပြောခဲ့သော အကြောင်းအရာများ တကယ် ဖြစ်လာလေပြီ။ သို့သော် ယဲ့ဖန်က ယခုအထိ မလှုပ်သေးချေ။
“မင်း … အရူးကောင်၊ မင်း သေချင်နေတာလား”
ဤသည်ကိုမြင်သော် အဘိုးအို ဒေါသထွက်သွားပြီး ရူးသွပ်လုနီးပါး ဖြစ်သွားရသည်။ လက်ရှိအချိန်၌ ဤလူများက ပြေးပင်မပြေးသေးပေ။
“ဝှစ် ဝှစ်”
ထိုသို့သောအချိန်တွင် မိစ္ဆာတစ်သိုက်က သူတို့အရှေ့သို့ ခုန်ဆင်းလာ၏။
“အခု မင်းတို့ ထွက်ပြေးချင်ရင်တောင် ပြေးလို့မရတော့ဘူးကွ”
“အဘိုးကြီး ခင်ဗျား မြို့တံတိုင်းထောင့်မှာ သုံးရက်လုံးလုံး ဆောင့်ကြောင့်ထိုင်နေတာကို ကျုပ် မအံ့ဩတော့ဘူး၊ လက်စသက်တော့ လူတွေကို သတင်းပေးနေတာကိုး။ သူတို့ကို ရှင်းပြီးသွားရင် ခင်ဗျားကို အရေခွံနွှာပြီး နင်းချေပစ်ဦးမယ်”
မြွေမိစ္ဆာ၏ ချွန်ရှရှမျက်လုံးတွင် မကျေနပ်ဟန်များ ပြည့်နေ၏။ အဘိုးအိုက ပြန်သရော်လိုက်သည်။
“ဟာသပဲ ငါက သင်္ချိုင်းကုန်းကို တစ်ဖက်လှမ်းတဲ့ အရွယ်ရောက်နေပြီ၊ ငါ သေမှာကို ကြောက်တယ်လို့ ထင်နေလား”
“ကောင်စုတ်လေး မင်းကြောင့် ငါ အသတ်ခံရမှာ၊ ငါ မင်းကို လုံးဝ အလွတ်မပေးဘူးကွ”
အဘိုးအိုက ယဲ့ဖန်ကို မာမာထန်ထန် စိုက်ကြည့်လေသည်။ ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ဘာပြောရမှန်း မသိ ဖြစ်နေ၏။
“ခွေးကောင်တွေ မင်းတို့ ကြာကြာ ထောင်လွှားနေနိုင်မှာ မဟုတ်ဘူးကွ၊ အရှင် ယဲ့ဘုရင် ပြန်လာတဲ့အခါကျရင် မင်းတို့အားလုံး ဒီမှာ သေရလိမ့်မယ်”
ထို့နောက် အဘိုးအိုက မိစ္ဆာများကို စူးစူးရဲရဲ ကြည့်လိုက်သည်။
“ဒီမှာ သေမယ် ဟုတ်လား”
မိစ္ဆာတစ်သိုက်က အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် ခွက်ထိုးခွက်လန် ရယ်မောကြသည်။
“အဘိုးကြီး ခင်ဗျား သိအောင် ပြောလိုက်မယ်၊ ကျုပ်တို့ ဒီည ပါ့ရှန်းကနေ ထွက်သွားဖို့ ပြင်ထားပြီးသား၊ ကျုပ်တို့ မသွားခင် ပါ့ရှန်းက လူအားလုံးကို သုတ်သင်ဖို့ စီစဉ်ထားပြီးပြီ ဟားဟားဟား”
ထိုစကားကိုကြားသော် အဘိုးအို အကြီးအကျယ် မျက်နှာပျက်သွားသည်။
“ခင်ဗျားရဲ့ ယဲ့ဘုရင် လာတဲ့အခါကျရင် ကျုပ်တို့ ထွက်ပြေးပြီးနေလောက်ပြီ”
“ခင်ဗျားမှာ အစွမ်းရှိရင် သူတို့ကို ယွိကျဲ့နယ်မြေအထိ လာခိုင်းပြီး ကျုပ်တို့ကို လာဖမ်းခိုင်းလေ”
မိစ္ဆာတစ်သိုက်က ရယ်မောနေကြသည်။ သူတို့သည် အစက ယဲ့ဖန်ကို ပြောက်ကျား တိုက်ခိုက်ရန် စီစဉ်ထား ခဲ့သည်။
ယဲ့ဖန်က နတ်ဆိုးအငွေ့အသက် အင်ပါယာမှ ထွက်သွားသည်ကို သိလိုက်ရပြီးနောက် တမင်သက်သက် နယ်စပ်၌ ကမောက်ကမ ဖြစ်အောင်လုပ်ရန် ရွေးချယ်ခဲ့ကြသည်။ သို့မှသာ ယဲ့ဖန် ပြန်လာသည်နှင့် သူတို့ အလျင်အမြန် ပြန်စွန့်ခွာနိုင်မည် ဖြစ်သည်။
နတ်ဘုရင်အဆင့် သုံးယောက်၏ ခွန်အားလေးဖြင့် အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။ သူတို့အားလုံး လုပ်နိုင်တာဟူ၍ ယဲ့ဖန်အား စက်ဆုပ်ရွံရှာသွားအောင်သာ လုပ်နိုင်လေသည်။
ယဲ့ဖန် ပြန်လာသောအခါ၌ သူတို့ကြောင့် သူ့လူများ အသတ်ခံရသည်ကို တွေ့သွားပေမည်။ ထိုအချိန်လောက်ဆို သူ ဒေါသကြောင့် ဆွေ့ဆွေ့ခုန်နေမည်ကိုပင် စိုးရသည်။ သူ လက်စားချေချင်လျင်တောင်မှ သူတို့က ထွက်ပြေးပြီး နေလေပြီ။
“မင်းတို့ တော်တော် အရှက်မဲ့တာပဲ”
အဘိုးအို ဒေါကန်နေ၏။ ဤမိစ္ဆာများက အလွန် အရှက်မဲ့လှသည်။
ထိုသို့သောအချိန်၌ ပင်လယ်နက်မိစ္ဆာက ယဲ့ဖန်က အထင်မြင်သေးသော အကြည့်ဖြင့် ကြည့်လာသည်။
“ဟေ့ကောင် ငါတို့ကို ဒူးထောက်ပြီး အရိုအသေ ပေးစမ်း၊ ပြီးရင် အဲ့ကောင်မလေးကို ထားခဲ့၊ ဒါဆို မင်း ဒီနေရာက ထွက်သွားလို့ရမယ်”
“ငါက မလုပ်ဘူး ပြောရင်ရော”
ယဲ့ဖန်က အပြုံးနှင့် မေးလိုက်သည်။
*မလုပ်ဘူး ဟုတ်လား*
ပင်လယ်နက်မိစ္ဆာနှင့် အခြားမိစ္ဆာများသည် တစ်ခဏမျှ အံ့ဩသွားကြသည်။ ယဲ့ဖန်က သူတို့ကို ဤသို့ ပြောရဲလိမ့်မည်ဟု ထင်မထားမိသည့်ပုံပင်။
“မလုပ်ဘူးလား ဒါဆို ငါတို့ မင်းကို ရှစ်ပိုင်းပိုင်းပြီး မင်းခေါင်းပြတ်ပေါ်မှာ သေးပန်းပစ်မယ် နားလည်လား”
ပင်လယ်နက်မိစ္ဆာက မာမာထန်ထန် ပြောလာသည်။ ဤအချိန်အတောအတွင်း လေလုံးထွားသော နတ်ဆိုးမျိုးနွယ်မှ လူဘယ်လောက်များများနှင့် တွေ့ခဲ့သလဲ သူတို့ မမှတ်မိတော့ပါ။ နောက်ဆုံးတွင် ထိုလူများ အားလုံးသည် သေခြင်းနှင့်သာ အဆုံးသတ်ခဲ့ရသည်ပင်။
ယဲ့ဖန်က လက်တစ်ဖက်ဖြင့် မေးစေ့ကိုပွတ်ကာ တစ်ခဏမျှ တွေးနေသည်။
“ဒီအကြံက ကောင်းသားပဲ၊ မင်းတို့ ဘာကို စောင့်နေတာလဲ”
ယွိကျဲ့နယ်မြေမှ မိစ်ဈာများ၏ အမူအရာများ ပြောင်းလဲသွားလေသည်။
*ငါတို့ ဘာကြားလိုက်တာလဲ*
*ဒီကောင်က ငါတို့ကို ရန်စနေတာလား*
ချက်ချင်းဆိုသလိုပင် သူတို့အားလုံး ဒေါသထွက်လာကြသည်။ ဒေါသမီးက ဝုန်းခနဲ တောက်လောင်လာ၏။
“မင်း သေချင်နေတာပဲ၊ ဒီလိုဆိုမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”
ပင်လယ်နက် မိစ္ဆာက ကြုံးဝါးလိုက်ပြီးနောက် ကိုင်ထားသော သံခက်ရင်းခွဖြင့် ယဲ့ဖန်အား ထိုးနှက်လာသည်။
“သတိထား လူငယ်လေး”
အဘိုးက စိုးရိမ်စိတ် ပြည့်နေသော မျက်နှာဖြင့် ယဲ့ဖန်အား ချက်ချင်း အော်၍ သတိပေးလိုက်သည်။ ယဲ့ဖန်ကို ထိုးနှက်လာသော ထိုသံခက်ရင်းခွ၏ အရှိန်က ပြင်းထန်လွန်းသည်။
“ဒေါင်”
သို့သော် ထိုအခိုက်တွင် သံသံချင်း ထိမိသံ ထွက်လာပြီး သံခက်ရင်းခွအား ကြက်ကတုံးက တားဆီးလာသည်။
ပင်လယ်နက်မိစ္ဆာ အံ့ဩသွားပြီး ကြက်ကတုံးအား အလန့်တကြား ကြည့်လိုက်သည်။
*ကြက်ကတုံးတစ်ကောင်က ငါ့သံခက်ရင်းခွကို သူ့ကြက်တောင်ပံနဲ့ တားလိုက်တာလား*
*ငါ အထင်မှားတာများလား*
အဘိုးအိုသည်လည်း တွေဝေသွားသည်။
*ဘယ်လိုလုပ် ဒီငှက်ငတုံးကောင်မှာ ဒီလိုအရည်အချင်းမျိုး ရှိနေတာလဲ*
ကြက်ကတုံး၏ မျက်လုံးသည် သတ်တော့ဖြတ်တော့မည်ဟန်ဖြင့် စူးလက်နေပြီး ပါးစပ်ဟ၍ ရောင်စုံ မိစ္ဆာ ဆေးလုံး တစ်လုံးအား ထွေးထုတ်လိုက်သည်။ ၎င်းက ပင်လယ်နက်မိစ္ဆာ၏ ဦးခေါင်းခွံထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
“ဘုန်း”
ပင်လယ်နက်မိစ္ဆာ၏ ခန္ဓာကိုယ်က မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားပြီး သူ့မျက်နှာတွင် အံ့ဩ၍ သွေးပျက်ဟန် ပေါ်နေသည်။ သူ သေသွားသည်အထိ ကြက်တစ်ကောင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်ကို မယုံနိုင်သည့်ပုံပင်။
ရယ်ချင်စရာ ကောင်းလှသည်။ အဓိပ္ပာယ်လည်း မရှိပေ။
ထိုနေရာ၌ ရှိနေသော မိစ္ဆာများအားလုံး ကြက်သေ သေသွားလေသည်။
“ချီးပဲ ဒီကြက်က ထူးဆန်းတယ်ဟ”
တစ်ခဏကြာသော် မိစ္ဆာများအားလုံးက ပြိုင်တူ အော်ဟစ်လာပြီး မျက်လုံးတွင် မယုံနိုင်ဟန်များ ပြည့်နှက်လာ၏။
“ပါးစပ်ပိတ်ထား ငါက ဖီးနစ်မျိုးနွယ်ကွ”
တစ်စုံတစ်ယောက်က သူ့အား ကြက်ဟု ခေါ်လာသည်ကို ကြားသောအခါ ကြက်ကတုံး ဒေါကန်သွားသည်။ သူ့တွင် အမွေးမရှိတာနဲ့ပဲ အခြားသူများက သူ့ကို ဤသို့ ခေါ်လို့ရပြီတဲ့လား။
*ဒီလိုရုပ်ရည်၊ ဒီလို ခံ့ညားတဲ့ပုံစံက ကြက်တစ်ကောင်မှာ ရှိတဲ့ အသွင်အပြင် ဖြစ်မလား”
“ဟ ဒီကြက်က စကားလည်း ပြောတတ်တာလား၊ သူကလည်း မိစ္ဆာဖြစ်နေတာများလား”
“ငါ ဖီးနစ်ပါလို့ ပြောပြီးပြီလေ၊ ငါ့ကို ကြက်လို့ ထပ်ပြောလို့ကတော့ မင်းတို့ကို အရှင်လတ်လတ် စုတ်ဖြဲပစ်မယ်”
“ဒီကြက်ကို အရင်သတ်ပစ်၊ ပြီးမှ သူတို့ကို ရှင်းမယ်”
မိစ္ဆာများက အော်ဟစ၍ ပြေးတက်လာသည်။
“မင်းမေဘိုးဘေးတဲ့မှပဲ”
ကြက်ကတုံးသည် ရုတ်တရက် လွှားခနဲ ခုန်ပျံလိုက်ပြီး တစ်ကိုယ်လုံး လင်းထိန်လာကာ ထောင်ချီသော အလင်းတန်းများက သတ်ဖြတ်တော့မတတ် ဖြာကျလာ၏။
“ရွှစ် ရွှစ်”
တစ်ခဏကြာသော် မိစ္ဆာများအားလုံး တစ်စစီဖြစ်ကာ မြေကြီးပေါ်၌ သွေးများအိုင်ထွန်းကာ ဖရဲသီးများသဖွယ် အပုံလိုက် ဖြစ်သွားလေသည်။
အဘိုးအို ကြောက်လန့်သွားလေသည်။
*မိစ္ဆာ ဆယ်ကောင်ကျော်က ကြက်တစ်ကောင်ကြောင့် ချက်ချင်း အသတ်ခံလိုက်ရတယ်တဲ့လား*
“ဒီသခင်လေးကို ကြက်လို့ ပြောရဲတယ်မလား၊ မင်းကမှ ကြက်ကွ၊ မင်းတို့ တစ်မိသားစုလုံးက ကြက်”
ကြက်ကတုံး ဒေါသထွက်နေသည်။ သူတို့ကို သတ်ပြီးသော်လည်း သူ့ဒေါသ မပြေသေးသလို ခံစားနေရသေးသည်။ တစ်စစီ ဖြစ်နေသော အလောင်းများအား ပြားချပ်သွားအောင် နင်းချေလိုက်မှသာ အားရသွားတော့သည်။
ယဲ့ဖန်က အဘိုးအိုအား ပခုံးပုတ်လိုက်သည်။
“အဘိုး ကျုပ်က ယဲ့ဘုရင်ဆိုရင် ခင်ဗျား ယုံမှာလား”
ထိုအခိုက်တွင် သူ အဘိုးအိုကို နှစ်သိမ့်လုနီးပါး ဖြစ်နေသည်။ ထိုစဉ် အဘိုးအိုက ယဲ့ဖန်အား ဒေါသတကြီး ပြန်ပြောလာ၏။
“လူငယ်လေး လေလုံးမထွားနဲ့”
ယဲ့ဖန်က ရယ်၍ ဆက်မရှင်းပြတော့ချေ။
“စောင့်နေ၊ သူတို့ ဒီနေ့ ဘယ်သူမှ ပြေးမလွတ်စေရဘူး”
ထို့နောက် သူ ပါ့ရှန်းမြို့ထဲသို့ တန်း၍ ဝင်သွားလေသည်။ အဘိုးအိုသည် နောက်၌ ကျန်ရစ်နေခဲ့ပြီး တစ်ကိုယ်တည်း ပြောနေ၏။
“ဒီကောင်လေးက တကယ် ယဲ့ဘုရင်တော့ မဟုတ်လောက်ဘူးမလား”
ထို့နောက် သူသည် သူ့နဖူးသူရိုက်၍ ပြုံးကာ ပြောလိုက်သည်။
“ငါ ဒီလိပ်လိုကောင်လေး အရူးလုပ်တာကို ခံရတော့မလို့၊ ဘယ်လိုလုပ် ဘဲ့ဘုရင်က ဒီလောက် ရုပ်ဆိုးတဲ့ ကြက်ကို သယ်လာမှာလဲ”
ယဲ့ဖန်သည် ပါ့ရှန်းမြို့ထဲ ဝင်လာသောအခါ မိစ္ဆာတစ်သိုက်က စားသောက်ပျော်ပါးနေပြီး ပါ့ရှန်းမြို့က လူများက ကြောက်လန့်နေသော မျက်နှာနှင့် ခစားနေကြရသည်ကို တွေ့လိုက်ရသည်။
အကြောင်းမှာ သူတို့ နည်းနည်းလေး သတိမမူမိသည်နှင့် ဤမိစ္ဆာများ၏ အရှင်လတ်လတ် စားခြင်း ခံရမည် ဖြစ်သောကြောင့်ပင်။
ထိုစဉ် နတ်ဆိုးမျိုးနွယ်တစ်ယောက်က နွားသိုးမိစ္ဆာ၏ ဖိနပ်ပေါ်သို့ မတော်တဆ ဝိုင်ဖိတ်ကျမိသွားသည်။ သို့သော် နွားသိုး မိစ္ဆာ ဘာမှမပြောခင်မှာပင် သူ့မျက်နှာက ကြောက်လန့်၍ ပြာနှမ်းလေသည်။
“ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် တောင်းပန်ပါတယ် …”
နတ်ဆိုးမျိုးနွယ် အမျိုးသားသည် တုန်လှုပ်နေပြီး ဆက်တိုက် အနူးအညွတ် တောင်းပန်နေ၏။
“ဘာမှမဖြစ်ဘူး”
နွားသိုးမိစ္ဆာက အသာပြုံး၍ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်းက သေတော့မှာပဲ”
“ဂျွတ်”
သူက ထိုလူ၏ ခေါင်းကို လိမ်ချိုးလိုက်ပြီးနောက် ကန်ထုတ်လိုက်လေသည်။ အဆိုပါ မြင်ကွင်းကြောင့် နတ်ဆိုး မျိုးနွယ်တိုင်း အလွန် ဝမ်းနည်း၍ ဒေါသထွက်လာကြသည်။
ထိုမိစ္ဆာများ ဤသို့ လုပ်နေသည်မှာ အချိန်တစ်ခုမျှ ရှိနေလေပြီ။ သူတို့က ရက်စက်ကြမ်းကြုတ်ပြီး သူတို့ မကြိုက်လျင် အပျင်းပြေ သတ်ပစ်ကြသည်။
“မင်းတို့ ဘာကြည့်တာလဲ၊ မင်းတို့လည်း သေချင်တာလား”
နွားသိုးမိစ္ဆာက လူတိုင်းကို စိုက်ကြည့်လာသည်။ လူတိုင်း ခေါင်းငုံ့ထားပြီး အားပျော့စွာ သက်ပြင်းချကာ လမ်းခွဲသွားကြသည်။
“အမှိုက်ကောင်တွေ”
နွားသိုးမိစ္ဆာက ဘဝင်ခိုက်သော အပြုံးမျိုး ပြုံးနေသည်။ သို့သော် တစ်ခဏအတွင်းမှာပင် သူ့အပြုံးက အေးခဲ သွားသည်။
သူသည်သာမက သူ့ဘေးမှ မိစ္ဆာများသည်လည်း နေရာမှာတင် မလှုပ်မယှက် ရပ်နေကြသည်။
“ဆရာ ဝိုင် ဒီမှာပါ”
စားပွဲထိုးတစ်ယောက်က ဝိုင်ခွက်ကို လှမ်းပေးလာသော်လည်း နွားသိုးမိစ္ဆာက လုံးဝ လှမ်းမယူချေ။
စားပွဲထိုးက တအံ့တဩနှင့် မော့ကြည့်လိုက်သောအခါ နွားသိုးမိစ္ဆာ၏ လည်ပင်း၌ သွေးစင်းကြောင်းတစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ထိုသွေးစင်းကြောင်းက ပို၍ ကျယ်ပြန့်လာပြီး လည်ပင်းမှ သွေးများ ငေါက်ခနဲ ပန်းထွက်လာသည်။
သူတင်မဟုတ်ဘဲ ဘေးပတ်လည်မှ မိစ္ဆာများလည်း ထိုနည်းတူပင် လည်ပင်းမှ သွေးများ ပန်းထွက်လာကြသည်။ ထို့နောက် ဦးခေါင်းတစ်ခုလုံး ပြတ်ကျကာ မြေကြီးပေါ် ပြုတ်ကျလာပုံက ကြောက်စရာ ကောင်းလှသည်။
ဤမြင်ကွင်းက ပါ့ရှန်းမြို့သားများကို ကြောက်လန့်သွားစေသည်။
*ဘယ်လိုလုပ် ဒီမိစ္ဆာတွေ ခေါင်းပြတ်သွားတာလဲ*
ယဲ့ဖန်သည် အစမှအဆုံးတိုင် လှည့်ပင်မကြည့်ဘဲ ပါ့ရှန်းမြို့ထဲသို့ တစ်လှမ်းချင်း လျှောက်လာနေ၏။
မြို့ငယ်လေးတစ်ခု၌ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က လက်ထဲ၌ သစ်သားဓားကို ကိုင်၍ သစ်သားတိုင်အား အားမာန်ဖြင့် ခုတ်ရိုက်နေကာ သူ့မျက်လုံးတွင် မုန်းတီးစိတ်များ ပြည့်နှက်နေလေသည်။
ယဲ့ဖန် အနားသို့ လျှောက်သွားပြီး အပြုံးဖြင့် ဆူပူလိုက်သည်။
“ယုန်ပေါက်လေး အခု နေဝင်နေပြီလေ၊ ဒီမှာ ဒုက္ခခံနေတုန်းလား၊ မင်းအဖေ မင်းကို တုတ်နဲ့ရိုက်မှာကို မကြောက်ဘူးလား”
ထိုကောင်လေးက ယဲ့ဖန်ကို တစ်ချက်ကြည့်ပြီး ဆက်လက်၍ ခုတ်ရိုက်နေ၏။
“ကျွန်တော့်တစ်မိသားစုလုံး ဟိုမိစ္ဆာကောင်တွေ သတ်တာ ခံလိုက်ရပြီ”
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။ ယဲ့ဖန်၏ မျက်လုံးများက ကျောချမ်းစရာ ကောင်းလာသည်။ ဤကလေး၏ မျက်လုံးထဲ၌ တစ်စုံတစ်ရာကို သူ မြင်နေရသည်။
ထိုအရာမှာ အမုန်းတရားပင်တည်း။ ခုနစ်နှစ်၊ ရှစ်နှစ်သာ ရှိသေးသော ကောင်လေး၌ ဘယ်လိုလုပ် ဤသို့သော မျက်လုံးမျိုး ရှိနေရသနည်း။ အဖြေက သိသာလွန်းလှသည်။
သူသည် တစ်စက်ကလေးမျှ မျက်နှာပြောင်းလဲခြင်း မရှိဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထိုအချက်ကို သူ လက်ခံလိုက်မှန်း သိသာပေသည်။
ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးလေးက သူ့တစ်မိသားစုလုံး ဆိုးရွားစွာ သေဆုံးသွားရသည့် အချက်ကို လက်ခံလိုက်ရခြင်းက မည်မျှ ရက်စက်လိုက်သနည်း။
ဤကလေး ပျက်စီးသွားလေပြီ။ သူ့တစ်ဘဝလုံး အမုန်းတရားထဲ ထာဝရ နေထိုင်သွားရပေမည်။ လက်စားချေသည် ဖြစ်စေ၊ မချေသည်ဖြစ်စေ ဤလောကကို သူ ကြင်နာတတ်တော့မည် မဟုတ်ပါ။
ဤသည်ကိုမြင်သော် လီဝေ့ အငိုမရပ်တော့ချေ။ ဤကောင်လေးကို မြင်ရသည်က အတိတ်က ပိုင်ရွှယ်ကို မြင်နေရသလိုပင်။
လောကဓံ ရိုက်နှက်သည်ကို ခံရသော ကလေးငယ်။ ချစ်ရသူများကို ဆုံးရှုံးပြီး အမုန်းတရားထဲ နစ်မြှုပ်နေရသည်။
သူ့အတွင်းစိတ်ထဲ မည်သို့ဖြစ်နေမလဲ သူမ မသိပါ။ သို့သော် နာကျင်ခံစားနေရမည်မှာ အသေအချာပင်။
ဤအသက်အရွယ်လေးနှင့် မရှိသင့်သော နာကျည်းမုန်းတီးမှုတို့ ရှိနေသည်ကို မြင်ပြီး လီဝေ့ စိတ်နှလုံး ညှိုးငယ်ရသလို ကြောက်လည်း ကြောက်လန့်မိသည်။
ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးလေးက လူသတ်ချင်သော အမူအရာမျိုး ပြနေပုံအား သင် တွေးကြည့်နိုင် ပါသလော။ ထူးဆန်းလှပေသည်။
“ဒါဆို အခု မင်း ဘာလုပ်နေတာလဲ”
ယဲ့ဖန် အပြုံးနှင့် မေးလိုက်သည်။
“ဓားရေး လေ့ကျင့်နေတာ၊ ဓားရေး ကျွမ်းကျင်သွားတာနဲ့ သူတို့အားလုံးကို သတ်ပစ်မယ်၊ ဘိုးဘိုး၊ ဘွားဘွား၊ ဖေဖေ၊ မေမေ၊ ကိုကိုနဲ့ မမတို့အတွက် လက်စားချေမယ်”
ကောင်လေးက အေးစက်စွာ ပြောလာသည်။
စာစဉ် ၁၀၇ ဤတွင် ပြီးပါပြီ။