အခန်း ၁၆၀၇
Vol. 108 Ch. 1607
Chapter 1607 ဒုက္ခရောက်ခြင်း
“ချောလိုက်တာ”
ထိုအခိုက်တွင် ကုန်းမင်ကလည်း နန်ကုန်းလင်အား လေးစားသော မျက်နှာထားနှင့် ကြည့်နေသည်။
“နှမြောစရာက သုံးစက္ကန့်လောက်ပဲ ချောတာ”
ယဲ့ဖန်က မချေမငံ ပြောလိုက်သည်။
“ပါးစပ်ပိတ်ထား”
“စောက်ရေးမပါတာ”
ရုတ်တရက် နတ်ဆိုးမျိုးနွယ်တစ်စုက ယဲ့ဖန်အား ဒေါသထွက်သော မျက်နှာနှင့် အေးတိအေးစက် ကြည့်လာသည်။
နန်ကုန်းလင်က သူတို့အတွက် တိုက်ခိုက်နေသော်လည်း ဘယ်ကလာမှန်း မသိသည့် ဤရိုင်းပျသော လူငယ်လေးက နန်ကုန်းလင်ကို ပုတ်ခတ်ရဲသဖြင့် သူတို့ အလွန်အမင်း ဒေါသထွက်သွားရသည်။
ကုန်းမင်သည်လည်း ယဲ့ဖန်အား စူးစူးရဲရဲ စိုက်ကြည့်လေသည်။
“ခင်ဗျား မဟုတ်တမ်းတရားတွေ ထပ်ပြောရဲလို့ကတော့ သတိထား အသတ်ခံရမယ်”
ယဲ့ဖန်က ရယ်ပြီး ဘာမှမပြောတော့ချေ။
“သေချင်နေတာပဲ”
ထိုသို့သောအချိန်၌ မိစ္ဆာများသည် ဒေါသထွက်နေလေသည်။ တစ်ဖက်ပြိုင်ဘက်က ရောက်ရောက်ချင်း သူတို့ ဘုရင်ကို ရန်စသဖြင့် ယင်းက သေတွင်းတူးနေခြင်းသာ။
ချက်ချင်းဆိုသလိုပင် ဒါဇင်ချီသော မိစ္ဆာများ ပြေးတက်လာသည်။ သူတို့အားလုံးက သူတော်စင်သခင်အဆင့်များ ဖြစ်သည်။ အားလုံး၏ မျက်နှာများက ကြမ်းကြုတ် ခက်ထန်ပြီး အသံမာမာဖြင့် ညာသံပေးကာ နန်ကုန်းလင်ထံ အရူးအမူး ပြေးဝင်လာနေသည်။
“အလကားဟာတွေ”
နန်ကုန်းလင်က အထင်အမြင်သေးသော အပြုံးမျိုး ပြုံးလိုက်သည်။
“ဒေါင်”
ကြောက်စရာကောင်းသော ခေါင်းလောင်းသံ အသံလှိုင်း ရုတ်တရက် ထွက်ပေါ်လာသည်။
နန်ကုန်းလင်၏ တစ်ကိုယ်လုံးကို တောက်ပသော ရွှေရောင် အလင်းတန်းလွှာ လွှမ်းမိုးလာပြီး တစ်ကိုယ်လုံးက ရွှေရည် သွန်းထားသလို ဖြစ်နေကာ သန်မာ၍ အားကြီးကာ ဖိနှီပ်နိုင်လှသည်။
“ပေါ်လာပြီ နန်ကုန်းလင်ရဲ့ တစ်မူထူးတဲ့ ပညာ အမတနေခန္ဓာကိုယ်”
ဤသည်ကိုမြင်သော် ကုန်းမင်က ဘာသာပြန်သူသဖွယ် နန်ကုန်းလင်၏ တိုက်ကွက်အား ယဲ့ဖန်ကို မိတ်ဆက် နေသည်။
ထိုအခိုက်တွင် နန်ကုန်းလင်သည် ရွှေရောင်လူသားသဖွယ် ဖြစ်နေပြီး တစ်ကိုယ်လုံး တောက်ပနေကာ အလင်းက မျက်စိကျိန်းလောက်သည်။
ထို့နောက် သူသည် လက်ကိုမြှောက်၍ လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်သောအခါ သူ့လက်သီးက ရွှေရောင်စည်းတံဆိပ်အဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ပြေးတက်သွားသည်။
ရုတ်တရက် သွေးစက်များ လွင့်စဉ်လာပြီး အလောင်းများ တစ်လောင်းပြီး တစ်လောင်း ပုံလာသည်။ ထိုမိစ္ဆာများသည် အလွန်သန်မာသော်လည်း အမတနေ ခန္ဓာကိုယ်အောက်၌ သေဆုံးရုံသာ တတ်နိုင်တော့သည်။
နန်ကုန်းလင်၏ ခန္ဓာကိုယ်က ထင်ထားသည်ထက် မာကြောသန်မာသောကြောင့် သိုင်းလောက၏ အမြင့်သို့ သူ တက်လှမ်းနိုင်ခြင်း ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ လက်သီးတစ်ချက်တည်းဖြင့် ဒါဇင်ချီသော သူတော်စင်သခင်အဆင့်များ သေဆုံးသွားကြသည်။
နန်ကုန်းလင်၏ ခန္ဓာကိုယ်က ထင်ထားသည်ထက် မာကြောသန်မာသောကြောင့် သိုင်းလောက၏ အမြင့်သို့ သူ တက်လှမ်းနိုင်ခြင်း ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ လက်သီးတစ်ချက်တည်းဖြင့် ဒါဇင်ချီသော သူတော်စင်သခင်အဆင့်များ သေဆုံးသွားကြသည်။ အားလုံး သေသွားကြသည်။
“ကောင်းတယ်ဟေ့”
“နန်ကုန်းလင် မင်းက သိပ်တော်တယ်ကွ၊ မင်းက နတ်ဆိုးမျိုးနွယ်တွေ မျက်နှာပြန်ရအောင် လုပ်ပေးတာပဲ”
“နန်ကုန်းလင် အဲ့မိစ္ဆာတွေကို သတ်ပစ်ပြီး နတ်ဆိုးတွေအတွက် လက်စားချေပေးပါ”
တစ်ခဏအတွင်း နတ်ဆိုးမျိုးနွယ်များအားလုံး ကြွေးကြော်လာကြပြီး အမူအရာက စိတ်လှုပ်ရှားဟန် ပေါ်နေကာ မျက်နှာ နီရဲနေကြသည်။
သူတို့ မျှော်လင့်ချက်ရောင်ခြည်ကို တွေ့ရလေပြီ။ နန်ကုန်းလင်သာဆိုလျင် ပြိုင်ဘက်အား သေချာပေါက် အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။ သိုင်းလောက၏ ကျားသည် သန်မာကြံ့ခိုင်၍ လွှမ်းမိုးနိုင်လွန်းပေသည်။
ထိုစကားသံများကိုကြားပြီး နန်ကုန်းလင်က ဂုဏ်ယူသော အပြုံးမျိုး ပြုံးနေသော်လည်း စိတ်ထဲ၌ အခြားသူများက သူ့ကို နတ်ဆိုးနှင့် ခိုင်းနှိုင်းသဖြင့် အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်။
အကြောင်းပြချက်က ရှင်းပါ၏။ ယဲ့ဘုရင်ကို သူ အလွန်အမင်း အထင်အမြင် သေးသောကြောင့်ပင်တည်း။ အဘယ်ကြောင့်ဆိုသော် ယဲ့ဘုရင်ကို သူ ကျော်တက်နိုင်ရန် အချိန် အနည်းငယ်မျှသာ လိုအပ်သည်ဟု တွေးထား သောကြောင့်ပင်။
သူ့ကဲ့သို့ ပါရမီရှင်က အရာအားလုံးကို လွှမ်းမိုးရန် မွေးဖွားလာသူ ဖြစ်သည်။ သူနှင့် ယဲ့ဘုရင်သာ သိုင်းအဆင့် တူသွားပါက သူ ယဲ့ဘုရင်ကို စိန်ခေါ်ပြီး နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံးကို လွှမ်းမိုးပစ်မည်။
ထို့ကြောင့် သူသည် အင်ပါယာတွင်းမှ လူများက သူတို့ကိုယ်သူတို့ နတ်ဆိုးဟု ခေါ်သည်ကို သူ အလွန်အမင်း ရွံရှာမိသည်။
သူကိုယ့်သူ တစ်ခါမှ နတ်ဆိုးမျိုးနွယ်ဟု တစ်ခါမှ မသတ်မှတ်ထားပါ။ သို့သော် လူတိုင်း၏ သူ့အပေါ် လေးစားအားကျသော စိတ်ကို သူ သဘောကျသဖြင့် မဆန့်ကျင်တော့ချေ။
ချက်ချင်းဆိုသလိုပင် သူက မိစ္ဆာဘုရင်သုံးပါးအား အထက်စီးဆန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းတို့ အရူးသုံးယောက် ဘာလို့ လာအသေမခံသေးတာလဲ၊ ငါ့ကို မင်းတို့ နယ်ရုပ်တွေအားလုံးကို သတ်စေ ချင်တာလား၊ မင်းတို့ ကြောက်နေတာပဲ ဖြစ်မယ်၊ ကြောက်နေတာလား”
မောက်မာ၍ အထက်စီးဆန်လှသည်။
သို့သော် နန်ကုန်းလင်၏ စကားက နတ်ဆိုးမျိုးနွယ်အား ပို၍ ဟန်ထုတ်လာစေသည်။
*အရူးတဲ့လား*
ထိုစကား နှစ်လုံးက လူတိုင်း၏ စိတ်ထဲ၌ မိုးခြိမ်းသံသဖွယ် ရိုက်ခတ်နေ၏။
“လွှမ်းမိုးလွန်းတယ်၊ မိစ္ဆာဘုရင် သုံးပါးကို ဘယ်လိုတောင် တစ်ပြိုင်တည်း စိန်ခေါ်ရဲတာလဲ”
“သိုင်းလောကရဲ့ကျားက တကယ်ကို နာမည်ကျော်ထိုက်တာပဲ”
လူတိုင်း စိတ်လှုပ်ရှားနေကာ နန်ကုန်းလင်အား သူတို့၏ ကယ်တင်ရှင်ဟု မှတ်ယူသွားသည်။ သူတို့၏ စိတ်ထဲတွင် မိစ္ဆာဘုရင် သုံးပါးအား သတ်ဖြတ်ရန် နန်ကုန်းလင်အတွက် လွယ်ကူသော တာဝန်ဖြစ်သည်ဟု ထင်နေကြသည်။
ထိုစဉ် မိစ္ဆာဘုရင် သုံးပါးက အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် ရွှေခြင်္သေ့ဘုရင်က ထလာသည်။ ဤသည်ကို မြင်သော် မိစ္ဆာများအားလုံးက သွေးဆာရက်စက်ဟန်များ ပြလာပြီး နန်ကုန်းလင်အား သေလူကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
ရွှေခြင်္သေ့ဘုရင်သည် ဆယ်မီတာနီးနီး အရပ်မြင့်ကာ တောင်တစ်လုံး ရွေ့နေသည်ဟု ထင်မှတ်မှားရပြီး ကြီးမားသော ခြေလှမ်းတို့ဖြင့် စင်မြင့်ဘက်သို့ တဒုန်းဒုန်း လျှောက်လာသည်။
ရွှေခြင်္သေ့ဘုရင်ကိုမြင်သော် နန်ကုန်းလင်၏ မျက်နှာတွင် အထင်သေးသော အမူအရာ ပေါ်လာသည်။
“မင်းပဲလား၊ မင်း သေမှာ မကြောက်ဘူးလား”
ရွှေခြင်္သေ့ဘုရင်က နန်ကုန်းလင်အား စိုက်ကြည့်၍ လေသံမာမာဖြင့် ပြောလိုက်သည်။
“မင်းတို့လူသားတွေမှာ ဆိုရိုးတစ်ခု ရှိတယ်မလား၊ ကြက်ကိုသတ်ဖို့ နွားကိုသတ်တဲ့ဓား သုံးလို့မရဘူးဆိုလား ဟုတ်တယ်မလား”
*ဟမ်*
နန်ကုန်းလင် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်နှာတွင် ဒေါသရိပ် သန်းလာ၏။
*သားရဲတစ်ကောင်က ငါ့ကို အထင်သေးရဲတယ်ပေါ့လေ*
“ကောင်လေး မင်း အရည်အချင်းက ကောင်းတယ်လို့ ငါ ထင်တယ်၊ မင်း ယွိကျဲ့နယ်မြေကို အညံ့ခံဖို့ ဆန္ဒရှိတယ်ဆိုရင် ငါ မင်းကို ချမ်းသာပေးမယ်”
ရွှေခြင်္သေ့ဘုရင်က နန်ကုန်းလင်အား ငုံ့ကြည့်၍ ပြောလေသည်။
လူတိုင်း အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး သူ့အား ဒေါသတကြီး ကြည့်လာကြသည်။
“ရွှေခြင်္သေ့ဘုရင် ခင်ဗျား စိတ်လွတ်သွားပြီလား၊ နန်ကုန်းလင်ကို ခင်ဗျားဆီမှာ အညံ့ခံခိုင်းမယ် ဟုတ်လား၊ ခင်ဗျားက ထိုက်တန်လို့လား”
“မင်းတို့ အတူတူ တက်လာသင့်တယ်၊ နန်ကုန်းလင် တစ်ယောက်တည်းက မင်းတို့အားလုံးကို သတ်ဖို့ လုံလောက်နေပြီ၊ မင်းက ဘယ်လိုတောင် လေလုံးထွားရဲတာလဲ၊ သေချင်နေပြီလား”
“နန်ကုန်းလင် သူ့ခေါင်းကိုဖြတ်ပြီး ဘောလုံးကို ကန်ပစ်၊ ဒီသားရဲတွေက သနားဖို့ မထိုက်တန်ဘူး”
နတ်ဆိုးများက အလွန် အထင်သေးဟန်ဖြင့် လှောင်ရယ်ကြသည်။ သူတို့စိတ်ထဲတွင် ရွှေခြင်္သေ့ဘုရင် သေလိမ့်မည်ဟု ထင်နေ၏။
နန်ကုန်းလင်၏ ခွန်အားနှင့်ဆိုလျင် မိစ္ဆာဘုရင်သုံးပါးကို ရင်ဆိုင်ရန် ပြဿနာ မဖြစ်လောက်ပေ။ ဤရွှေခြင်္သေ့ဘုရင်က နန်ကုန်းလင်ကို စိန်ခေါ်ရဲကတည်းက ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းပင်။
ဤသည်ကိုတွေးမိပြီးနောက် နတ်ဆိုးမျိုးနွယ်များ၏ မျက်နှာတွင် ထီမထင်သော အပြုံးနှင့် အမုန်းတရားတို့ ပေါ်လာသည်။
သူတို့ ဤမိစ္ဆာများကို မုန်းတီးပါသည်။ ယခု တစ်စုံတစ်ယောက်က သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင် ပေတော့မည်။
“မင်း ကြားလား၊ လူအုပ်ရဲ့ တုံ့ပြန်မှုကတော့ သိပ်ကို အားရစရာကောင်းတယ်၊ မင်းကို မသတ်ဖို့ မဖြစ်နိုင်တော့တဲ့ ပုံပဲ”
နန်ကုန်းလင်က လှောင်ရယ်၍ ပြောလိုက်သည်။ ရွှေခြင်္သေ့ဘုရင်၏ မျက်လုံးများက ခက်ထန် ကြမ်းကြုတ်လာ၏။
“ဆိုလိုတာက ငါ့ကမ်းလှမ်းမှုကို မင်းက ငြင်းမယ်ပေါ့”
“မင်းက ငါ့ကို မင်းတို့လို ရုပ်ဆိုးကောင်တွေနဲ့ အတူနေစေချင်တာလား၊ ငါ အလွယ်တကူ အော့အနချင်သွားမယ်”
နန်ကုန်းလင်က အထင်သေးသော အပြုံးနှင့် ဆက်ပြောလေသည်။
“ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ တိရစ္ဆာန်တွေကို အမြဲ ခြံမွေးတိရစ္ဆာန်အဖြစ် ထားတာ မဟုတ်လား၊ ဘယ်သူက တိရစ္ဆာန်နဲ့ မိတ်ဆွေ ဖြစ်ချင်မှာလဲ”
“တကယ်လား၊ ဒါဆို သနားစရာပဲ၊ မင်းရဲ့အရည်အချင်းနဲ့ဆို ငါတို့အတွက် အမှုထမ်းလို့ ရနိုင်မှာကို၊ မင်းကို သတ်ရမှာ နှမြောစရာပဲ”
ရွှေခြင်္သေ့ဘုရင်က နောင်တရသလို မျက်နှာထားနှင့် ပြောလာသည်။
“ငါ မင်းကို နောက်တစ်ကြိမ် အခွင့်အရေး ပေးမယ်၊ အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား”
ရွှေခြင်္သေ့ဘုရင်၏ စကားအဆုံး၌ နန်ကုန်းလင်က လွှားခနဲ ခုန်ပျံလာပြီး ခက်ထန်သော မျက်နှာထားနှင့် ကြုံးဝါးလာသည်။
“ခွေးကောင် သေလိုက်တော့”
“နိဗ္ဗာန် ကြယ်ခွင်းလက်သီး”
နန်ကုန်းလင်၏ အော်သံနှင့်အတူ ယန်စွမ်းအင်က ချက်ချင်း ထွက်ပေါ်လာပြီး မိုးမြေကို ဖျက်ဆီးနိုင်သော စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာသည်။ ၎င်းကြောင့် မြေဆီလွှာပင် တုန်ခါလာရသည်။
“ကြယ်ခွင်းလက်သီး ဒါ နန်ကုန်းလင်ရဲ့ ထူးခြားတဲ့ လက်သီးသိုင်းပဲ၊ အခုအချိန်အထိ ဘယ်သူမှ ဒီလက်သီးချက်ကို မတားနိုင်သေးဘူး”
ကုန်းမင်က စိတ်အားထက်သန်နေသော အကြည့်တို့ဖြင့် ပြောလာပြီး လက်သီးကို တင်းနေအောင် ဆုပ်ထားမိသည်။ ဤမြင်ကွင်းက သူ့အား အလွန် စိတ်လှုပ်ရှားလာစေသည်။
ဤသည်မှာ နန်ကုန်းလင်၏ အသန်မာဆုံး သိုင်းကွက်ဖြစ်ပြီး သေချာပေါက် ရွှေခြင်္သေ့ဘုရင်ကို သတ်နိုင်လောက်သည်။
“ကောင်းတယ်ဟေ့”
လူတိုင်း တအံ့တဩ အားပေးလာ၏။
“ဒုန်း”
ကြောက်စရာကောင်းသော ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာပြီး စင်မြင့်တစ်ခုလုံး တစ်စစီ ဖြစ်သွားသည်။
ထို့နောက်တွင်မူ လူရိပ်တစ်ခုက မြေကြီးပေါ် အရှိန်ဖြင့် ပြုတ်ကျလာပြီး သွေးတစ်လုပ် အန်လာကာ မြေကြီးတွင် သွေးတို့ဖြင့် ရွှဲရွှဲစိုသွားသည်။
ပြုတ်ကျလာသည့်လူက နန်ကုန်းလင် ဖြစ်နေ၏။
“ဟမ့် ဒါ မင်းခွန်အား အကုန်ပဲလား”
ရွှေခြင်္သေ့ဘုရင်က နန်ကုန်းလင်အား အထင်သေးစွာ ကြည့်၍ ပြုံးနေပြီး ပုတ်ခတ်လိုက်သည်။
တိတ်ဆိတ်ခြင်း။
ပွဲကြည့်ပရိသတ်များအားလူံး ထူးဆန်းစွာ တိတ်ဆိတ်သွားပြီး လည်ပင်းအညှစ်ခံထားရသကဲ့သို့ ဖြစ်ကာ စကားတစ်ခွန်းမှ မပြောနိုင်တော့ချေ။ တစ်ကိုယ်လုံးလည်း သေမတတ် တုန်ယင်နေကြသည်။
သူတို့အားလုံး စိတ်ရှုပ်ထွေးနေကြသည်။ နန်ကုန်းလင်က လုံးဝ ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပါ။
*သူရဲ့ အကောင်းဆုံး သိုင်းကွက်ကို ထုတ်သုံးတာတောင် ပြိုင်ဘက်ရဲ့ လက်သီးကို မတားနိုင်ဘူးလား*
*အမြင်မှားတာ*
*ဒါ အမြင်မှားတာပဲ ဖြစ်ရမယ်*
*နန်ကုန်းလင်က သန်မာတဲ့လူလေ၊ သူ ဆယ်ယောက်တစ်ယောက်တောင် ချဖူးတာ၊ ဘာလို့ အခုမှ တစ်ယောက်ချင်း ချတာကို ရှုံးတာလဲ*
ထိုစဉ် လူတိုင်း၏ မျက်နှာ၌ ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်လာသည်။ ထို့အပြင် သူတို့ လက်မခံချင်ကြပေ။ နန်ကုန်းလင်သည် သူတို့နှလုံးသားထဲမှ မျှော်လင့်ချက် ဖြစ်သည်။
သူတို့ကို ဒုက္ခပင်လယ်ထဲက ထုတ်နိုင်သည့် တစ်ဦးတည်းသောသူဟု သူတို့ ထင်ထားခဲ့သော်လည်း ရွှေခြင်္သေ့ ဘုရင်ကြောင့် ချက်ချင်း ရှုံးသွားသည်တဲ့လား။ လူတိုင်း၏ မျှော်လင့်ချက်က ပျက်ယွင်းသွားလေပြီ။
သူတို့ ရယ်ပင်မရယ်နိုင်တော့ပါ၊ ငိုလည်း မငိုနိုင်တော့ချေ။ သူတို့ နန်ကုန်းလင်ကို အထင်ကြီးခဲ့မိကြောင်း သိလိုက်လေသည်။
ထို့အပြင် ပရိသတ်အသေးစားလေး ဖြစ်သော ကုန်းမင်သည်လည်း အရှိုက်ထိနေသည်။ သူ၏ စံပြပုဂ္ဂိုလ် ရှုံးသွားသည်ကို မြင်ပြီး သူ မျက်ရည်ကျလုနီးပါး ဖြစ်လာသည်။
နန်ကုန်းလင်သည်လည်း အံ့ဩနေပြီး မြေကြီးပေါ်တွင် ရီဝေနေသော မျက်လုံးတို့ဖြင့် လဲနေသည်။
တစ်ဖက်လူ၏ လက်သီးကို သူ လုံးဝ သတိမမူမိချေ။ ပို၍ ထူးဆန်းသည်က အမတ နေခန္ဓာကိုယ်ရှိသောသူက ချက်ချင်း ဒဏ်ရာရသွားခြင်းပင်။
*ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“မင်း … မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”
နန်ကုန်းလင်က ရွှေခြင်္သေ့ဘုရင်အား မယုံနိုင်သလို ကြည့်နေပြီး သူ့မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်နေ၏။
“အရူး ယွိကျဲ့နယ်မြေက အရာတွေက ရိုးစင်းတယ်လို့ ထင်နေတာလား၊ ယွိကျဲ့နယ်မြေမှာဆိုရင် ငါ့ခွန်အားက ထိပ်တန်း ဆယ်ယောက်စာရင်းထဲ ဝင်တယ်ကွ”
ရွှေခြင်္သေ့ဘုရင်က အထင်သေးစွာ ပြုံး၍ ပြောလိုက်သည်။
“ဘာမဟုတ်တဲ့ သာမာန်လူလေးတစ်ယောက်က ငါ့ကို အထင်သေးရဲတယ်ဆိုတော့ မင်းက သေချင်နေတာပဲ”
ရုတ်တရက် ရွှေခြင်္သေ့ဘုရင်က မြေကြီးပေါ်မှ နန်ကုန်းလင်ကို ဒေါသတကြီး ထိုးနှက်လာ၏။ သတ်တော့ ဖြတ်တော့မည့် အဟုန်က အလွန် ပြင်းထန်လှသည်။
နန်ကုန်းလင် ချက်ချင်း ကြက်သီးထသွားပြီး ချက်ချင်း မြေကြီးပေါ်မှ လွှားခနဲ ခုန်ထ၍ ထူးဆန်းသော လှုပ်ရှားမှုဖြင့် ရွှေခြင်္သေ့ဘုရင်၏ အနောက်ဘက်သို့ ပြေးသွားပြီး ကြုံးဝါးလိုက်သည်။
“ခုနက လက်သီးက အားကုန် မဟုတ်သေးဘူးကွ”
ကျယ်လောင်သော ပေါက်ကွဲသံက ဆက်တိုက် ထွက်ပေါ်နေ၏။
“သေလိုက်၊ သေ သေ … သေစမ်းကွာ”
နန်ကုန်းလင် ရူးမတတ် ဖြစ်နေပြီး အဆက်မပြတ် အော်ဟစ်နေကာ သူ့လက်သီးကလည်း ပိုပို၍ အားပြင်းလာပြီး နည်းနည်းလေးမှ အားမလျှော့ထားချေ။
လက်ရှိတွင် သူ သတိအပြည့်ဖြစ်နေသည်။ သူ့အရှေ့မှ မိစ္ဆာဘုရင်သုံးပါးက သူ အထင်သေးလို့ရသောသူများ မဟုတ်ပေ။
သူတို့သည် သူ အရင်က တွေ့ဖူးသောလူများထက် အဆတစ်ရာမက ပို၍ ကြောက်စရာကောင်းသည်။ သူတို့ကို ပေါ့ပေါ့တန်တန် သဘောထားမိပါက သူ သေရပေလိမ့်မည်။
ထိုသို့သောအချိန်၌ သူ ထပ်မရယ်ရဲတော့သလို သူ့မျက်နှာတွင် စိတ်အေးဟန် မရှိတော့ပါ။ အလွန် ကြောက်စရာ ကောင်းလှသည်။
ဤသည်ကိုမြင်သော် လူတိုင်း အတွေးတစ်ခုတည်းကိုသာ တွေးမိနေပြီး သေချာ အာရုံစိုက်၍ ကြည့်နေမိသည်။ ဤမြင်ကွင်းက သူတို့၏ အနာဂတ်နှင့် ပတ်သက်နေသည်။
အကယ်၍ နန်ကုန်းလင် သေသွားလျင် သူတို့လည်း မကြာခင် သေရဖို့ ကံပါလာလိမ့်မည်။