အခန်း ၁၆၀၉
Vol. 108 Ch. 1609
Chapter 1609 ငါ့ကို ဘာလုပ်နိုင်မှာလဲ
“ဒါဆို မင်း ဘယ်လိုလုပ်မှာလဲ၊ မင်းအရည်အချင်းက သိပ်မြင့်မားတာ၊ ဒီလို သေသွားရင် နှမြောစရာပဲ”
“ဟုတ်တယ် မင်း မြန်မြန် ထွက်သွားသင့်တယ်၊ ဒီနေရာက မင်း ရှိနေသင့်တဲ့ နေရာ မဟုတ်ဘူး”
ထောင်သောင်းချီသော နတ်ဆိုးများ လက်မခံကြချေ။ နန်ကုန်းလင်က ကျယ်လောင်စွာ ညာသံပေးလိုက်ပြီးနောက် ရွှေခြင်္သေ့ဘုရင်၏ လက်ကို ပုတ်ထုတ်လိုက်ကာ ပြန်၍ စူးစိုက်ကြည့်လိုက်သည်။
“ငါ မင်းနဲ့ ပြိုင်မယ်၊ သူတို့ကို လွှတ်ပေးပါ”
နတ်ဆိုးများ အံ့ဩသွားပြီးမှ အသည်းအသန် ခေါင်းခါကြသည်။
“မလုပ်နဲ့”
“အဝေးကို သွားတော့၊ နတ်ဆိုးတွေက သေရမှာ မကြောက်ပင်မယ့် အလကားတော့ အသေမခံနိုင်ဘူး၊ အရှင် ယဲ့ဘုရင် မင်းကို လက်စားချေဖို့ ကူညီမှာကို မစောင့်တော့ဘူးလား၊ မင်း ဒီလိုအချိန်မှာ ဘယ်လိုလုပ် သေနိုင်မှာလဲ”
နန်ကုန်းလင်၏ မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် အရောင်တောက်နေ၏။
“သူတို့ကို သွားခွင့်ပေးလိုက်”
“စိတ်မကောင်းစရာပဲ၊ မလုပ်နိုင်ဘူး”
သို့သော် ရွှေခြင်္သေ့ဘုရင်က ခေါင်းခါ၍ ပြောလာသည်။ နန်ကုန်းလင်၏ မျက်နှာထားက မှုန်မှိုင်းသွားပြီး မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
“ဘာလို့လဲ၊ သူတို့က ခင်ဗျားအတွက် အရေးပါတာမှ မဟုတ်တာ”
သူတို့သည် နတ်ဘုရင်အဆင့်များ ဖြစ်ကြသဖြင့် ပုရွက်ဆိတ် တစ်သိုက်အား ဘယ်လိုလုပ် အလွယ်တကူ တိုက်ခိုက်ပါမည်နည်း။
ထိုအခါ ရွှေခြင်္သေ့ဘုရင်၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။
“ဘာလို့လဲဆိုတော့ ငါ အနှစ်သက်ဆုံး အရာတစ်ခုက အားနည်းသူကို အနိုင်ကျင့်တာပဲလေ ဟားဟားဟား”
နန်ကုန်းလင် အကြီးအကျယ် မျက်နှာပျက်ယွင်းသွားသည်။ ဤမိစ္ဆာများ၌ ကြင်နာမှုတရားရှိရန် အမှန်ပင် ခက်ခဲ လှသည်။
“မင်းနဲ့အရင် စလိုက်တာပေါ့ ဟားဟားဟား”
ရွှေခြင်္သေ့ဘုရင်၏ ဒေါသလက်သီးချက်များက နန်ကုန်းလင်ထံ သည်းကြီးမည်းကြီး ကျရောက်လာသည်။
“ဝုန်း ဝုန်း ဝုန်း”
မြေပြင် တုန်ခါလာပြီး ကြီးမားသော လက်သီးချက်က နန်ကုန်းလင်ထံသို့ ဒေါသတကြီး ထိုးနှက်လာ၏။ ဖုန်မှုန့်များ တထောင်းထောင်း ထလာ၏။
“အား…”
နန်ကုန်းလင်ထံမှ အော်သံတစ်သံ ထွက်ပေါ်လာပြီး ဆောက်တည်ရာမရခြင်းနှင့် နာကျင်ခြင်း ချောက်နက်ထဲသို့ သူ ကျဆင်းသွားလေပြီ။
မြေပြင်၌ မီတာတစ်ရာ ရှည်လျားသော အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ဤနေရာ၌ ဆိုးရွားသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ဟုပင် ထင်မှတ်ရသည်။ မရေတွက်နိုင်သော အိမ်များ ချက်ချင်း ပြိုကျပျက်စီး သွားသည်။
ရင်ညွန့်ရိုး ချိုင့်ဝင်သွားပြီး ခြေထောက်ရိုးများ ကျိုးကာ လက်များ ကြေမွပြီး ကြွက်သားများ စုတ်ပြတ်ကုန်သည်။
လက်ရှိတွင် သူသည် မြေကြီးပေါ်၌ မလှုပ်မယှက် လဲနေပြီး အစိတ်အပိုင်းတိုင်းက ဒဏ်ရာ အပြင်းအထန် ရနေသောကြောင့် ငယ်သံပါအောင် အော်ဟစ်နေသည်။
ဤသို့ ပြင်းထန်သော နာကျင်မှုက သူ့ဘဝအား သေသည်ထက်ပင် ဆိုးရွားစေသည်။
*သွားပြီ*
နတ်ဆိုးများအားလုံး မျက်နှာ ပြာနှမ်းလာသည်။ ကုန်းမင်သည်လည်း မျက်ရည်လည်ရွဲ ငိုကြွေးနေ၏။ နန်ကုန်းလင် ရှုံးနိမ့်ခဲ့သော်လည်း သူ၏ စံပြပုဂ္ဂိုလ် ဖြစ်နေဆဲပင်။
သူက သူရဲကောင်းတစ်ယောက် ဖြစ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် သူက လူ့အသက်ကို ကယ်ခဲ့သော ကြောင့်ပင်တည်း။
ယဲ့ဖန်တောင်မှ နန်ကုန်းလင်ကို အာရုံစိုက်၍ ကြည့်လိုက်မိသည်။ ယခင်က နန်ကုန်းလင်သည် မောက်မာ၍ ထီမထင်သောလူဟု သူ ထင်ခဲ့သော်လည်း နန်ကုန်းလင်သည် မောက်မာတတ်ရုံသက်သက်မျှသာ ဖြစ်ပုံရသည်။
သူ၏ တစ်ပြည်သားများဘက်က ရပ်တည်လိုက်ကတည်းက ယဲ့ဖန် သူ့ကို ခွင့်လွှတ်ရန် ရွေးချယ်လိုက်လေပြီ။ ထိုစဉ် ယဲ့ဖန်က နန်ကုန်းလင်ထံသို့ လျှောက်လာသည်။ သူ ထပ်မံ၍ ဘေးမှ ရပ်ကြည့်မနေနိုင်တော့သည့်ပုံပင်။
“ဆုတောင်းကြ၊ အရှင် ယဲ့ဘုရင်ကို မြန်မြန် ဆုတောင်းကြ”
ထိုအခိုက်တွင် နတ်ဆိုးမျိုးနွယ်တစ်ယောက် အော်ပြောလာပြီး လူတစ်စုသည် နတ်ဆိုးကဲ့သို့ မြေကြီးပေါ် အလျင်အမြန် ဒူးထောက်၍ စိတ်ထဲမှ ကျိတ်၍ ဆုတောင်းနေမိသည်။
“ဘာ ... ဆုတောင်းမယ် ဟုတ်လား၊ မင်းတို့ စိတ်လွတ်နေပြီလား၊ မင်းတို့ ဒီလိုအချိန်မှာတောင် ဆုတောင်းနိုင်သေး တာလား”
ရွှေခြင်္သေ့ဘုရင် တောင့်ခနဲ ဖြစ်သွားလေသည်။
*ဒီလူတွေ ဦးနှောက်ပျက်သွားတာလား*
*အခုလိုအချိန်မှာ ထွက်ပြေးဖို့ မလုပ်ဘဲ ဆုတောင်းဖို့ တွေးနိုင်သေးတယ်ပေါ့*
*ဒီဆုတောင်းက ယဲ့ဘုရင်ကို ခေါ်နိုင်မယ်လို့ ထင်နေတာလား*
*ရူးလိုက်တာ*
ရွှေခြင်္သေ့ဘုရင် အားပါးတရ ရယ်မောနေသည်။
“အရူးကောင်တွေ မင်းတို့ သေတဲ့အထိ ဆုတောင်းတောင် ယဲ့ဘုရင် လာနိုင်မှာ မဟုတ်ဘူး၊ မင်းတို့အားလုံး သေမှာပဲ”
သို့သော် နတ်ဆိုးမျိုးနွယ်များက မကြားဟန် ဆောင်ထားသည်။ သူတို့အားလုံး မြေကြီးပေါ် ဒူးထောက်ဆဲ ဖြစ်ကာ လေးစား၍ တည်ငြိမ်သော အမူအရာဖြင့် ယဲ့ဖန်ထံ ဆက်တိုက် ဆုတောင်းနေကြသည်။
သူတို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းသရွေ့ အရှင် ယဲ့ဘုရင်က သူတို့၏ အသံကို ကြားလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားလေသည်။
*ဘာလို့ ဒီလိုအချိန်မှာတောင် ဒီလူတွေ လက်မလျှော့ကြသေးတာလဲ*
နန်ကုန်းလင်သည်လည်း တွေဝေနေ၏။
*ဆုတောင်းမယ်၊ ဘာကို ဆုတောင်းမှာလဲ*
*ယဲ့ဘုရင်က အဝေးကြီးမျာ ရှိနေတာ၊ ဘယ်လိုလုပ် ငါတို့ကို လာကယ်နိုင်မှာလဲ*
*ထွက်ပြေးနိုင်မယ့် အခွင့်အရေး ရှိရင် ရှိဦးမှာကို၊ ဒီမှာ ဒီလို ထိုင်ပြီး အသေခံဖို့ စောင့်နေမှာလား*
*ထူးဆန်းလွန်းတယ်*
“ဟေ့ ဟေ့ ထွက်ပြေးကြ၊ ဒီမှာ ထပ်ထိုင်မနေနဲ့တော့၊ မင်းတို့ သေလိမ့်မယ်၊ ဆုတောင်းတာကို ရပ်လိုက်၊ ထွက်ပြေး”
နန်ကုန်းလင်က သွေးပျက်နေသော အမူအရာနှင့် နတ်ဆိုးမျိုးနွယ်များကို အနူးအညွတ် တောင်းပန်နေပြီး သူတို့ မြန်နိုင်သမျှ မြန်မြန် ထွက်သွားနိုင်ပါစေဟု ဆုတောင်းနေ၏။
ထိုအခိုက်တွင် နတ်ဆိုးမျိုးနွယ်များက သူ့ဘက်လှည့်ကြည့်၍ ပြုံးလာသည်။
“အရှင်ယဲ့ဘုရင်က သေချာပေါက် ငါတို့ ဆုတောင်းကို ကြားလိမ့်မယ်”
“အစတုန်းက ငါတို့ ဆုတောင်းကို သူ ကြားခဲ့လို့ သူ သေရာကနေ ပြန်လာခဲ့တယ်၊ ငရဲကနေ ပြန်လာပြီး ဆိုးယုတ်တဲ့ လူတွေကို သတ်ပြီးတော့ ငါတို့ကို ကယ်တင်ခဲ့တယ်”
“အဲ့တော့ ဒီတစ်ခေါက်လည်း အတူတူပဲ ဖြစ်မယ်”
နန်ကုန်းလင် တစ်ခွန်းမှ မပြောနိုင်တော့ဘဲ ထိုင်းမှိုင်းသော အမူအရာ ဖြစ်သွားလေသည်။
*ဒါ ယုံကြည်သူတွေရဲ့ ယုတ္တိမရှိတဲ့ စကားလား*
*လုံးဝကို အဓိပ္ပာယ်မရှိတာပဲ*
*သူတို့ ယုံနေတာကို ငါ ယုံတောင် မယုံနိုင်ဘူး*
ဤသည်ကိုမြင်သော် ရွှေခြင်္သေ့ဘုရင်က ရုတ်တရက် ထူးဆန်းသော အပြုံးမျိုး ပြုံးလာသည်။
“ကောင်းပြီလေ၊ မင်းတို့က မင်းတို့ဘာသာ ဆုတောင်း၊ ငါက မင်းတို့ကို သတ်မယ်”
ထို့နောက် သူသည် မြေကြီးပေါ် လဲနေသော နန်ကုန်းလင်ကို ဆွဲမ၍ အပြုံးကြီး ပြုံးလိုက်သည်။
“မင်းနဲ့ စလိုက်တာပေါ့”
သားရဲလက်သည်းက သွေးကြောထဲ ထိုးဖောက်လာပြီး ပြင်းထန်သော စွမ်းအင်တစ်ခုက နန်ကုန်းလင်ကို ရစ်ပတ်လာသဖြင့် နန်ကုန်းလင် ပေါက်ကွဲလုနီးပါး ဖြစ်လာရသည်။
“အား…”
နန်ကုန်းလင် စူးရှနာကျင်စွာ အော်ဟစ်လိုက်မိသည်။ သူ၏ ခန္ဓာကိုယ်က အသားပြားဖြစ်တော့မည်ဟု ခံစားနေရကာ ဝေဒနာက သူ့အတွက် မခံမရပ်နိုင်စရာပင်။
“အရှင် ယဲ့ဘုရင် ကျွန်တော့်ကို ကူပါဦး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါဦး”
ထိုအခိုက်တွင် သူသည်လည်း သံကုန်ဟစ်၍ နတ်ဆိုးများကဲ့သို့ ဆုတောင်းလိုက်သည်။
“ဝုန်း”
ရုတ်တရက် သန်မာသော စွမ်းအင်တစ်ခု ပျံ့လွင့်လာပြီး ရွှေခြင်္သေ့ဘုရင်ထံ အားဖြင့် ရိုက်ခတ်လာသည်။ ရွှေခြင်္သေ့ဘုရင် တန်း၍ လွင့်ထွက်သွားပြီး အဆောက်အဦးများနှင့် ဝင်တိုက်သွားသောကြောင့် အဆောက် အဦးများ ပြိုကျသွားသည်။
ဤမြင်ကွင်းက လူအများနှင့် မိစ္ဆာများအားလုံးကို အံ့ဩသွားစေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဘယ်လို စွမ်းအင်မျိုးက ကြီးမားလေးလံတဲ့ မိစ္ဆာဘုရင်ကို မီတာတစ်ရာလောက် လွင့်ထွက်သွားအောင် လုပ်နိုင်တာလဲ*
ထိုအခိုက်တွင် အားလုံး၏ အကြည့်က နန်ကုန်းလင်ထံ ကျရောက်လာသည်။ ဒဏ်ရာ အကြီးအကျယ် ရထားသော နန်ကုန်းလင်တွင် ပြန်လည် တိုက်ခိုက်နိုင်မည့် ခွန်အားမျိုး ရှိနေလိမ့်ဦးမည်ဟု သူတို့ မယုံနိုင် ဖြစ်နေကြသည်။
နန်ကုန်းလင်သည်လည်း မြေကြီးပေါ် ပြန်ပြုတ်ကျသွားသည်။ သို့သော် သူ အံ့ဩနေ၏။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်လိုက်သူက သူမဟုတ်ကြောင်း သိနေသောကြောင့်ပင်။
*ဘာတွေ ဖြစ်နေတာလဲ*
“မင်းတို့ဆုတောင်းကို ငါ ကြားတယ်”
ထိုအခိုက်တွင် ဝမ်းနည်းသည်လည်း မဟုတ်၊ ပျော်သည်လည်း မဟုတ်သော အေးစက်စက် အသံတစ်သံက နန်ကုန်းလင်၏ အနောက်မှ ထွက်ပေါ်လာသည်။
နန်ကုန်းလင် နောက်လှည့်ကြည့်လိုက်ပြီးနောက် အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။
“မင်းလား”
ပြိုင်ဘက်ကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်လိုက်သူက ယဲ့ဖန် ဖြစ်နေလိမ့်မည်ဟု သူ မယုံနိုင် ဖြစ်နေသည့်ပုံပင်။
*သူ့မှာ ဒီလို ကြောက်စရာကောင်းတဲ့ ခွန်အား ရှိတာလား*
*ဒါက*
*အရမ်း မယုံနိုင်လွန်းစရာ ကောင်းတယ် မဟုတ်လား*
*ဒီလူက ဘယ်သူလဲ*
ထိုအချိန်တွင် နတ်ဆိုးမျိုးနွယ်များလည်း အံ့အားသင့်နေ၏။ ယဲ့ဖန် ပြိုင်ပွဲထဲ ဝင်ပါလာလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
“သူက ဘာလို့ ရှေ့တက်သွားတာလဲ၊ ခင်ဗျား သူ့ကို မတားရင် သူ သေလိမ့်မယ်”
ကုန်းမင်က ယဲ့ဖန်ကို လက်ညှိုးထိုးပြီး လီဝေ့ကို ပြောလာသည်။ သူ၏ ကလေးမျက်နှာတွင် စိုးရိမ်စိတ်တို့ ပြည့်နှက်နေ၏။
“ဪ သူ သေလိမ့်မယ်လို့ နင် ဘယ်လို သိလဲ”
လီဝေ့က ပြုံး၍ မေးလိုက်သည်။
“အဓိပ္ပာယ်မရှိလိုက်တာ၊ နန်ကုန်းလင်တောင် ရှုံးသွားတာကို ခင်ဗျား မမြင်ဘူးလား၊ နန်ကုန်းလင်တောင်မှ ဒီမိစ္ဆာတွေရဲ့ ပြိုင်ဘက် မဟုတ်တာ၊ သူ သေမှာပေါ့”
သူ့အရှေ့မှ အမျိုးသမီး ဦးနှောက်များ ချို့ယွင်းနေသလားဟု ကုန်းမင် အပြင်းအထန် သံသယ ဝင်မိသည်။
*သူ့လူက သေခါနီး ဖြစ်နေတာတောင် သူက ပြုံးနိုင်နေသေးတာလား*
“ညီလေး မြန်မြန်သွားပါ၊ ဒီရွှံ့ရေထဲ မတိုးနဲ့”
“ဟုတ်တယ် ဟုတ်တယ်၊ မင်းက ငယ်သေးတယ်၊ သေလမ်းရှာဖို့ မလိုအပ်ဘူး”
အခြားလူများက ယဲ့ဖန်ကို အလျင်အမြန် အကြံပေးလာသည်။ သူတို့စိတ်ထဲတွင် နန်ကုန်းလင်တောင်မှ ရွှေခြင်္သေ့ဘုရင်၏ ပြိုင်ဘက် မဟုတ်သောကြောင့် ယဲ့ဖန်သည်လည်း မဖြစ်နိုင်ဟု ထင်နေ၏။
ရွှေခြင်္သေ့ဘုရင် လွင့်ထွက်သွားသော်လည်း ယင်းက နန်ကုန်းလင်၏ အသည်းအသန် တိုက်ခိုက်မှုကြောင့်ဟု ထင်နေကြသည်။
ဤသို့ ထင်ရခြင်းမှာလည်း ယဲ့ဖန်၏ တိုက်ခိုက်မှုက လျင်မြန်လွန်းသောကြောင့် သူတို့ ယဲ့ဖန် တိုက်လိုက်မှန်း မမြင်လိုက်သောကြောင့်ပင်တည်း။
ယဲ့ဖန် ပြုံးနေပြီး မျက်လုံးများက အေးစက် တောက်ပနေကာ တစ်လုံးချင်း ပြောလိုက်သည်။
“အမှိုက်တစ်စက ဘာလုပ်နိုင်မှာမို့လို့လဲ”
ချက်ချင်းဆိုသလိုပင် လူတိုင်း ချောက်ချားသွားကြသည်။
*ရွှေခြင်္သေ့ဘုရင်ကို အမှိုက်နဲ့ နှိုင်းနေတာလား*
*ဒါ မထောင်လွှားလွန်းဘူးလား*
*ဒီလူ ရွှေခြင်္သေ့ဘုရင်ရဲ့ ရက်စက်ပုံကို မမြင်လိုက်ဘူးလား၊ မြင်တာတောင် ဒီလို ပြောရဲတယ်ဆိုရင် တော်တော် သွေးကြီးတာပဲ*
*သွားပြီ*
*အဲ့မိစ္ဆာတွေက သူတို့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး*
ကျန်မိစ္ဆာဘုရင် နှစ်ပါးကလည်း ယဲ့ဖန်ကို ခက်ထန်သော အမူအရာဖြင့် စိုက်ကြည့်နေ၏။ ရွှေခြင်္သေ့ဘုရင်၏ ခွန်အားနှင့် ပတ်သက်၍ သူတို့ ရှင်းရှင်းလင်းလင်း သိပါသည်။ ယခုမတိုင်ခင်အထိ တစ်ခါမှ ရိုက်နှက်ခံရခြင်း မရှိသေးပေ။
*အခြေအနေမကောင်းတော့မှာ စိုးရတယ်*
“သေချင်နေတဲ့ နောက်တစ်ယောက်ပါလား”
ရွှေခြင်္သေ့ဘုရင်သည် အပျက်အစီးများကြားမှ ထလာပြီး အကြည့်များက အလွန် ကြောက်စရာကောင်းနေသည်။ အားလုံး၏ မျက်စိရှေ့၌ လူသားတစ်ယောက်ထံတွင် ရှုံးနိမ့်သွားခြင်းကို သူ လက်မခံနိုင်ပါ။
သူ ဒေါသတကြီး ပြေးတက်လာပြီး ခန္ဓာကိုယ်တွင်းမှ မြည်ဟီးသံ ထွက်ပေါ်လာပြီး သွေးပွက်ပွက်ဆူကာ တောတောင်များ တုန်ခါလာ၏။
“မဆင်မခြင်မလုပ်နဲ့၊ သူ့ကို မင်း မယှဉ်နိုင်ဘူး”
မြေကြီးပေါ် လဲနေသော နန်ကုန်းလင်က ယဲ့ဖန်ကို အော်ပြောလိုက်သည်။ ရွှေခြင်္သေ့ဘုရင်နှင့် တိုက်ခိုက်ဖူးသော သူသည် ဤမိစ္ဆာကောင်၏ ကြောက်စရာကောင်းပုံကို သိထားပြီးသား ဖြစ်လေသည်။
သို့သော် ယဲ့ဖန်က မကြားသယောင်ပြုကာ ရွှေခြင်္သေ့ဘုရင်ထံသို့ တစ်လှမ်းချင်း လှမ်းသွားသည်။ ထိုအချိန်တွင် ရွှေခြင်္သေ့ဘုရင်ကလည်း ယဲ့ဖန်အနား ရောက်လာနေပြီး တစ်ခွန်းမှမပြောဘဲ ယဲ့ဖန်အား အားဖြင့် ထိုးနှက်လိုက်သည်။
“သတိထား”
“မြန်မြန်ရှောင်လေ”
လူအများက အော်ဟစ်ပြောဆိုနေကြပြီး အလွန်အမင်း စိုးရိမ်နေကြသည်။
“ဒုန်း”
ကြောက်စရာကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်လာပြီး နှိုင်းယှဉ်မရနိုင်သော လေပြင်းကလည်း တိုက်ခတ်လာပြီး လူတိုင်းအား စင်မြင့်နားမှ လွင့်သွားစေသည်။
သို့သော် တိုက်ပွဲနေရာမှမြင်ကွင်းက လူတိုင်းကို မယုံနိုင် ဖြစ်သွားစေ၏။ ယဲ့ဖန်က လက်သီးဖြင့် ထိုးလိုက်သော အနေအထားဖြင့် ရွှေခြင်္သေ့ဘုရင်၏ လက်သီးအား ရင်ဆိုင်နေဆဲ ဖြစ်သည်ကို သူတို့ တွေ့လိုက်ရသည်။
“မဖြစ်နိုင်ဘူး”
ရွှေခြင်္သေ့ဘုရင် မျက်လုံးများ ပြူးကျယ်လာသည်။ တစ်စုံတစ်ယောက်က သူ အားကုန်သုံးထားသော လက်သီးချက်အား တားဆီးနိုင်သည်တဲ့လား။
ဘေးလူများအားလုံး ထူးဆန်းစွာ ငြိမ်ကျသွားပြီး ဘာအသံမှ မထွက်နိုင်တော့ချေ။ လူတိုင်း ဆွံအနေသကဲ့သို့ တိတ်ဆိတ်နေသည်။
လူတိုင်း မျက်လုံးတစ်ခုခု ဖြစ်နေသည်ဟု ထင်နေပြီးနောက် မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်လာကြသည်။ မျက်စိရှေ့မှ မြင်ကွင်းက တကယ် ထိတ်လန့်စရာ ကောင်းလှသည်။
ထိုအခိုက်တွင် နန်ကုန်းလင် ပါးစပ်အဟောင်းသား ဖြစ်နေပြီး ပါးစပ်ထဲ ယင်ကောင်ပင် ဝင်ဥနိုင်လောက်အောင် ဖြစ်နေ၏။
*ဒီလူရဲ့ ခန္ဓာကိုယ်က သားရဲသခင်နဲ့ ယှဉ်နိုင်တာလား*
*ငါ အထင်မှားနေတာလား*
*ဟမ်*
ထိုင်ခုံ၌ ထိုင်နေသော မိစ္ဆာဘုရင် နှစ်ပါးသည်လည်း ခါးမတ်သွားပြီး မျက်နှာတွင် ကြောက်ရွံ့ဟန် ပေါ်လာသည်။ မျက်စိရှေ့မှမြင်ကွင်းအား သူတို့လည်း လက်မခံနိုင် ဖြစ်နေသည်။