အခန်း ၁၆၁၀
Vol. 108 Ch. 1610
Chapter 1610 ငရဲမြွေမိစ္ဆာ
သူတို့ သားရဲသခင်မိစ္ဆာ ခန္ဓာကိုယ်ကို ဟန့်တားနိုင်သော လူအား နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံး၌ ပြီးခဲ့သော ရက်များက မတွေ့ခဲ့ဖူးပါ။
*ဒီလူက လုံးဝ သာမန်လူ မဟုတ်ဘူး*
ကြောက်ရွံ့သော အကြည့်များက ယဲ့ဖန်ကို ဂရုတစိုက် ကြည့်နေကြသည်။
“တား … တားလိုက်တာလား”
“ငါ … ငါ အထင်မှားနေတာ မဟုတ်ဘူးမလား”
လူတိုင်း ထိတ်လန့်သွားကြသည်။ ယခင်က သူတို့ ယဲ့ဖန်ကို အလေးအနက် မထားခဲ့ချေ။ ဤလူက သူတို့ထဲ၌ အသန်မာဆုံးလူ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သားရဲသခင် ခန္ဓာကိုယ်အား လက်ချည်းဗလာဖြင့် တားနိုင်ခြင်းက အံ့ဩစရာ ကောင်းလှသည်။
“မင်း … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရွှေခြင်္သေ့ဘုရင် စိတ်ရှုပ်ထွေးကာ အံ့ဩမှင်တက်နေ၏။ သူ ဝါဂွမ်းပင်ကို ထိုးမိလိုက်သလို ခံစားခဲ့ရသည်။
“မင်းက ဒါကို လက်သီးလို့ ခေါ်တာလား”
ယဲ့ဖန်က အထင်သေး၍ မောက်မာသော အမူအရာဖြင့် ပြန်မေးလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လူတိုင်း အံ့အားသင့်သွားလေသည်။ ထိုစကားများသည် အထင်သေးခြင်း မဟုတ်တော့ဘဲ ပေါ်တင် အရှက်ခွဲခြင်း ဖြစ်နေလေပြီ။
ထို့နောက်တွင်မူ ပို၍ ထည်ဝါပြင်းထန်သော အရှိန်အဝါတစ်ခုက ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မိုးကောင်းကင်အထိ ထိုးတက်သွားပြီးနောက် မိုးမြေအနှံ့ ထိုးဖာက်ကျဆင်းလာသည်။
လူတစ်ယောက်၏ ကြောက်စရာကောင်းသော စွမ်းအားက ရွှေခြင်္သေ့ဘုရင် အပါအဝင် မိစ္ဆာဘုရင် သုံးပါးလုံးအား လွှမ်းမိုးသွားသည်။
ဤသည်က မိစ္ဆာဘုရင်သုံးပါးအား ကြက်သေ သေသွားစေသည်။ ဤလူသား၏ အရှိန်အဝါက သူတို့ထက် ပို၍ ကြမ်းကြုတ်နေသည်။
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
“မင်း ဘယ်သူလဲ”
ရွှေခြင်္သေ့ဘုရင်က ယဲ့ဖန်အား ချောက်ချားသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။ လက်ရှိတွင် သူသည် ငရဲသို့ ကျနေသကဲ့သို့ ခံစားရကာ ကြောက်ရွံ့နေလေသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရက်စက်ကြမ်းတမ်းသော အရှိန်အဝါက သူ့အား မွန်းကျပ်စေသည်။ ဤသို့သော လူတစ်ယောက်က နတ်ဆိုးအငွေ့အသက် အင်ပါယာတွင်း၌ ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားသဖြင့် ကြောက်လန့်နေ၏။
“မင်းကို သတ်မယ့်လူ”
ယဲ့ဖန်၏ စကားအဆုံး၌ သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးပွက်ပွက်ဆူလာပြီး ပြေးတက်လာကာ တစ်ခွန်းမှ မပြောဘဲ သတ်ဖြတ်လေသည်။
လက်သီးချက်က လေဟာနယ်ကို ထိုးခွင်းလာသဖြင့် လေဟာနယ် အက်ကွဲလာရသည်။
“ရွှစ်”
သွေးများ ငေါက်ခနဲ ပန်းထွက်လာ၏။ အရှေ့မှ ရွှေခြင်္သေ့ဘုရင်သည် ပြန်တိုက်ရဲသည့် ခွန်အား မရှိတော့ဘဲ ခန္ဓာကိုယ်တစ်ဝက်က ပျက်စီးသွားလေသည်။
ဒဏ်ရာက သပ်ရပ်တိကျပြီး ဓားဖြင့် ခုတ်ထားသလိုပင်။ သွေးစက်တို့သည် အချိန် အတော်ကြာအောင် စိမ့်ထွက်နေပြီးမှ ရုတ်တရက် ပန်းထွက်လာ၏။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ထိုအခိုက်တွင် လူတိုင်း ဆွံ့အနေကာ စကားတစ်ခွန်းပင် မဟနိုင်ဘဲ မျက်လုံးများ ပြူးကျယ်၍ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
*လက်သီးတစ်ချက်*
*လက်သီးတစ်ချက်တည်းနဲ့ ရွှေခြင်္သေ့ဘုရင်က သေသွားပြီးတော့ ခန္ဓာကိုယ်က ပျက်စီးသွားတယ်တဲ့လား*
ထို့နောက် ရွှေခြင်္သေ့ဘုရင်၏ အလောင်းက အောက်သို့ ဘုန်းခနဲ လဲကျလာသည်။ နတ်ဘုရင်အဆင့် မိစ္ဆာဘုရင်၊ သားရဲခန္ဓာကိုယ်ရှိသော မိစ္ဆာဘုရင်က အရှေ့မှလူကြောင့် အသေ ထိုးနှက်ခံလိုက်ရပါတကား။
ယွိကျဲ့နယ်မြေဘက်တွင် အရာအားလုံး အုတ်အော်သောင်းနင်း ဖြစ်နေ၏။
*ဒီလူက လူဟုတ်ရဲ့လား*
*သူက မိစ္ဆာပဲ*
ကျန်မိစ္ဆာဘုရင် နှစ်ပါး၏ မျက်လုံးများ ပြူးကျယ်နေသည်။
*ရွှေခြင်္သေ့ဘုရင် သေသွားပြီလား*
*ဒါ…*
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ရွှေခြင်္သေ့ဘုရင်သည် သူတို့ ယွိကျဲ့နယ်မြေ၏ ထိပ်တန်းဆယ်ယောက်စာရင်းဝင်ပြီး သူတို့နှစ်ယောက်ထက် ပိုသန်မာသည်။
ထိုသို့သော မိစ္ဆာဘုရင်ကို လမ်းဘေးမှ ကြောင်တစ်ကောင်၊ ခွေးတစ်ကောင်များ ထင်နေခဲ့လေသလား။
နန်ကုန်းလင် ပါးစပ်အဟောင်းသား ဖြစ်နေပုံက ယင်ကောင်ပင် ဥဝင်ဥနိုင်လေသည်။ သူ ထိတ်လန့်နေခဲ့သည်။
*ဒီလူက ရွှေခြင်္သေ့ဘုရင်ကို လက်သီးတစ်ချက်တည်းနဲ့ တကယ် သတ်လိုက်တာလား*
သူ့စိတ်ထဲ၌ ပြိုင်ဘက်ကင်းသော ရွှေခြင်္သေ့ဘုရင်က ယဲ့ဖန်၏ လက်ထဲ၌ ကြက်ကလေးသဖွယ် သေးနုပ်နေခဲ့ ပါတကား။ ဤခံစားချက်က ထူးဆန်းလွန်းလှသည်။
ရွှေခြင်္သေ့ဘုရင်က သူ့အား ပုရွက်ဆိတ်တစ်ကောင်သဖွယ် သတ်မှတ်ခဲ့ပြီး ဤလူကလည်း ရွှေခြင်္သေ့ဘုရင်ကို ပုရွက်ဆိတ် တစ်ကောင်သဖွယ် သတ်မှတ်ခဲ့လေသည်။
အစောပိုင်းက သူ ယဲ့ဖန်အား လှောင်ပြောင်ခဲ့သည်ကို ပြန်တွေးမိပြီး နန်ကုန်းလင် မြေကြီး၌ ကျင်းတူး၍ ပုန်းအောင်းချင်လာသည်။
ယဲ့ဖန်ကို သူ ငကြောက်ဟု ထင်ခဲ့ပြီး သူ့အမျိုးသမီးကို လုယူတာတောင်မှ အသံမထွက်ရဲဟု ထင်ခဲ့မိသည်။ သူ အချိန်အတော်ကြာအောင် ရန်စခဲ့သော်လည်း တစ်ဖက်လူ၏ အမြင်တွင် သူသည် ချီးထုပ်သာ ဖြစ်နေခဲ့ ပါရောလား။
တစ်ဖက်လူက သူ့ကို ကြည့်ချင်စိတ်ပင် မရှိသဖြင့် သူ့အား အပြစ်ပေးချင်စိတ် မရှိသည့်ပုံပင်။ လက်ရှိတွင် နန်ကုန်းလင်သည် ယဲ့ဖန်စိတ်ထဲ၌ သူ့အား မရှိသောလူဟု တွေးနေလေမလားဟု သိချင်နေမိသည်။
“ဒီလူက ဘယ်သူလဲ”
“ငါ မသိဘူး၊ ဒီလိုလူမျိုး ငါ တစ်ခါမှ မကြားဖူးဘူး၊ ဧကန္တ အရှင် ယဲ့ဘုရင်ရဲ့ ညီအစ်ကိုများလား”
“ဟုတ်လောက်တယ်၊ အရှင် ယဲ့ဘုရင်အတွက် လက်စားချေဖို့ သူတို့အားလုံး တားမြစ်နယ်မြေတွေမှာ သွားကျင့်ကြံကြတာ၊ သူတို့ ကျင့်ကြံရာကနေ ပြန်လာတာ ဖြစ်မယ်’
ထိုသို့ ပြောဆိုနေကြပြီးနောက် လူတိုင်း၏ ယဲ့ဖန်ကို ကြည့်နေသော အကြည့်တွင် အံ့ဩမှုနှင့် လေးစားမှုတို့ ပြည့်နှက်လာသည်။
ယဲ့ဘုရင်နှင့် ညီအစ်ကို မောင်နှမများဟု ခေါ်နိုင်သော လူများသည် လူအများကြားထဲမှ နဂါးများနှင့် ဖီးနစ်ငှက်များ ဖြစ်ပေမည်။
ထိုစကားများကိုကြားသောအခါ နန်ကုန်းလင်သည်လည်း တွေဝေသွားလေသည်။
*ဒီလူက ယဲ့ဘုရင်ရဲ့ ညီအစ်ကိုလား*
*ညီအစ်ကိုတစ်ယောက်ကတင် ဒီလို ဖြစ်နေတယ်ဆိုရင် ယဲ့ဘုရင်က ဘယ်လောက် ကြောက်စရာ ကောင်းလိုက်မလဲ*
နန်ကုန်းလင်သည် ရုတ်တရက် သူသည် ကျားကို မကြောက်တတ်သော မွေးကင်းစ နွားပေါက်လေး ဖြစ်သည်ဟု ခံစားလိုက်မိသည်။
“မင်းက ယဲ့ဘုရင်ရဲ့ ညီအစ်ကိုလား”
သိမ်းငှက်ဘုရင်က စိုးရိမ်တကြီး မေးလာသည်။ ယဲ့ဘုရင်၏ ညီအစ်ကိုများနှင့် ပတ်သက်၍ သူလည်း ကြားထားဖူးသည်။ တစ်ယောက်ချင်းစီက လွယ်ကူသော လူများ မဟုတ်ပေ။ အားလုံးက ရူးသွပ်နေသော အရူးများသာ။
“မဟုတ်ဘူး”
ယဲ့ဖန်က အေးစက်စက် ပြန်ဖြေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူက ယဲ့ဘုရင် ဖြစ်နေသောကြောင့်ပင်။
ထိုစကားကို ကြားသော် မိစ္ဆာဘုရင် နှစ်ပါးလုံး စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ ယဲ့ဘုရင်၏ ညီအစ်ကို မဟုတ်သရွေ့ အရာအားလုံး အဆင်ပြေသည်ဟု ဆိုရပေမည်။
ချက်ချင်းဆိုသလိုပင် သူတို့က ယဲ့ဖန်ကို ကောက်ကျစ်သော မျက်လုံးများဖြင့် ကြည့်လာသည်။
“မိုးကောင်ကင်က ဘယ်လောက် မြင့်မားလဲ မသိတဲ့ကောင်၊ ဒီလာပြီး သူရဲကောင်း လုပ်ရဲတယ်ပေါ့လေ၊ မင်း တော်တော် စိတ်မရှည်တာပဲ”
“မင်းက လူတွေကို ကယ်ချင်တာလား၊ မင်းကိုယ်မင်းတောင် မကာကွယ်နိုင်မှာ စိုးရတယ်၊ ငါ့ယွိကျဲ့နယ်မြေက မိစ္ဆာဘုရင်ကို သတ်ရဲတယ်ဆိုတော့ မင်း ဒီနေ့ သေရမယ်ကွ”
ထိုစကားကို ကြားသော နတ်ဆိုးမျိုးနွယ်များသည် တဖြည်းဖြည်း ခေါင်းငုံ့သွားပြီး စိတ်ပျက်စွာ သက်ပြင်းချ မိသည်။
*သူက အရှင် ယဲ့ဘုရင်ရဲ့ ညီအစ်ကို မဟုတ်ပါလား၊ ဒီတော့ သူက ဒီမိစ္ဆာဘုရင်တွေရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးပဲ*
သူတို့၏ နတ်ဆိုး အငွေ့အသက် အင်ပါယာက နိုင်ငံငယ်လေးတစ်ခု ဖြစ်ကြောင်း သူတို့ သိပါသည်။ တစ်လောကလုံးကို ကိုင်လှုပ်နိုင်သည့် မွေးထုတ်ရန် ခက်ခဲပေသည်။ နန်ကုန်းလင်ကဲ့သို့ ပါရမီရှင်ကပင် အလွန် ရှားပါးနေလေပြီ။
အခြားသူများ မဆိုထားနှင့်၊ နန်ကုန်းလင်ကတောင်မှ မိစ္ဆာဘုရင်များ၏ ပြိုင်ဘက် မဟုတ်ပေ။
ထိုအခိုက်တွင် မိစ္ဆာဘုရင်နှင့် မြွေဘုရင်တို့က ပြိုင်တူ ပြေးတက်လာပြီး ယဲ့ဖန်အား တိုက်ခိုက်လာသည်။
“ဝုန်း”
ထို့နောက်တွင် နှစ်ယောက်လုံးက ပြိုင်တူ ခွန်အားကုန် ထုတ်သုံးလာပြီး သားရဲသခင် ခန္ဓာကိုယ်၏ အစွမ်းကို ပြသလာသည်။
သူတို့သည် လှောင်ပြုံးများ ပြုံးနေကြပြီး ယဲ့ဖန်၏ ဦးခေါင်းအား သူတို့၏ ကိုယ်ပိုင်အရာသဖွယ် ဖြတ်ယူနိုင်ပြီ ထင်မှတ်နေကာ မရဏ အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလာလေသည်။
ရန်သူနှစ်ယောက်နှင့် တစ်ယောက် ရင်ဆိုင်ရသဖြင့် အလေးသာနိုင်မည့် အခွင့်အရေး မရှိပေ။
ရွှေခြင်္သေ့ဘုရင်က ရန်သူကို အထင်သေးမိ၍ အသတ်ခံရခြင်း ဖြစ်ပြီး သူတို့က တူညီသော အမှားကို ထပ်လုပ်မည် မဟုတ်ပါ။
“လူကြီးမင်း သတိထားပါ”
“မြန်မြန် ပြေးပါတော့”
မိစ္ဆာများသည် အလွန် ကြောက်လန့်နေသောကြောင့် သူတို့၏ သားရဲသခင် ခန္ဓာကိုယ်ကို ပြိုင်တူ ထုတ်သုံး လာနေသည်။ ဤသည်က မည်မျှ ကြောက်စရာ ကောင်းလိုက်သနည်း။
*သူတို့အရှေ့မှ ဤလူက တားဆီးနိုင်စွမ်း ရှိပါမည်လော*
“တစ်ရာခြောက်ဆယ့်ခုနစ်ယောက်၊ အဲ့ဒါက ဒီသုံးရက်အတွင်း မင်းတို့ကြောင့် အသတ်ခံရတဲ့ ငါ့နတ်ဆိုးမျိုးနွယ် အရေအတွက်ပဲ”
“နှစ်ရာငါးဆယ့်တစ်ယောက်၊ ဒီသုံးရက်အတွင်း မင်းသတ်ခဲ့တဲ့ အပြစ်မဲ့တဲ့ လူအရေအတွက်”
ယဲ့ဖန်၏ မကျ်လုံးများက အေးစက်လာပြီး မိစ္ဆာဘုရင် နှစ်ပါးအား မာမာထန်ထန် စိုက်ကြည့်လာ၏။
“ယွိကျဲ့နယ်မြေ သေသင့်တယ်၊ မင်းတို့လည်း သေသင့်တယ်”
တောက်ပသော ဓားအလင်းရောင်များ ဖြာထွက်လာသလို ၎င်း၏ သေစေနိုင်စွမ်းကလည်း အံ့ဩစရာ ကောင်းလှသည်။ ထိုအခိုက်တွင် မိစ္ဆာဘုရင်နှစ်ပါးလုံး ပါးစပ်အဟောင်းသားဖြစ်ကာ ထိတ်လန့်ဟန် ပေါ်လာသည်။
*ဒါ ဘယ်လို မှော်ပညာကြီးလဲ*
*ဒါက ငါတို့ရဲ့ အရှိန်အဝါကို ဖိနှိပ်နိုင်တဲ့ လုံးဝ ကြမ်းကြုတ်တဲ့ အရှိန်အဝါပဲ*
“ရွှစ်”
ထို့နောက် သွေးများ ပန်းထွက်လာပြီး မိစ္ဆာဘုရင် နှစ်ပါးလုံး လေထဲ၌ ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်သွားသည်။
“မဟုတ်ဘူး”
နှစ်ယောက်လုံး သံကုန်အော်ဟစ်လာပြီး မြေကြီးပေါ် အရှက်ရစွာ ပြန်ကျလာသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းနှင့် အောက်ပိုင်းက တသီးတခြားစီ ဖြစ်ကုန်သည်။
မိစ္ဆာများနှင့် လူသားများ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး တစ်ကိုယ်လုံး ကြက်သီးထလာသည်။ အားလုံး စိတ်ရှုပ်ထွေးလာ၏။
*သူက နတ်ဘုရင်အဆင့် နှစ်ယောက်ကို တကယ် ခုတ်ဖြတ်လိုက်တာလား*
*ဒီလူက အရမ်း ကြောက်ဖို့ကောင်းတယ်*
နန်ကုန်းလင်၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေသည်။ သူ ယဲ့ဖန်ကို အထင်ကြီးခဲ့ပြီးပြီ ဖြစ်သော်လည်း ယဲ့ဖန်က သူ ထင်ထားသည်ထက် ပိုကြောက်စရာကောင်းလိမ့်မည်ဟု မျှော်လင့်မထားမိပေ။
*တစ်ချက်တည်းနဲ့ နတ်ဘုရင်အဆင့်ကို သတ်ပစ်တာလား*
*မယုံနိုင်စရာပဲ*
*ဒါကမှ တကယ့် နတ်ဆိုး*
ထိုအခိုက်တွင် နန်ကုန်းလင်သည် နတ်ဆိုးတို့၏ ပုံစံကို တကယ် အားကျလာသည်။
မိစ္ဆာများ ချက်ချင်း ကြောက်လန့်လာ၏။ ယွိကျဲ့နယ်မြေ၏ မိစ္ဆာဘုရင်က မည်မျှ သန်မာလိုက်သနည်း။ တစ်ယောက်ချင်းစီက အကြီးအကျယ် ပျက်စီးကိန်း ဆိုက်အောင် လုပ်နိုင်သူများပင်။
ယခု သူတို့က အရှေ့မှ လူသားတစ်ယောက်၏ ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရသည်တဲ့လား။ ဤသည်က သူတို့ကို ရူးမတတ် ကြောက်လန့်စေ၏။
“မျိုးမစစ်ကောင် မင်းက ငါတို့ကို ဒီလို လုပ်ရဲတယ်ပေါ့လေ၊ မင်း သေသင့်တယ်ကွ”
သိမ်းငှက်ဘုရင်က အော်ဟစ်လိုက်ပြီး မျက်နှာ သုန်မှုန်နေသည်။ သူ့ကျောဘက်မှ တောင်ပံနှစ်ဖက်လုံး အခုတ်ခံထားရပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်က နှစ်ပိုင်း အဖြတ်ခံထားရသဖြင့် သွေးများ တတောက်တောက် ကျနေသည်။
သူတို့ ဤသို့သော အရှက်ရမှုမျိုးကို ယခင်က တစ်ခါမှ မခံစားဖူးပေ။ ယင်းက သူတို့ကို လက်မခံနိုင်အောင် ပြုလုပ်နေ၏။
“အရာအားလုံး ဟင်းလင်းပြင်ထဲ ပြန်သွားစေ၊ သူတော်စင် သက်ရှိ ရောက်ရှိလာစေ”
မြွေဘုရင်က ပါးစပ်တလှုပ်လှုပ်ဖြင့် ရှေးမန္တန်တစ်ချို့ကို ရွတ်ဆိုလာသည်။
“မဟုတ်ဘူး၊ ဒါက ယွိကျဲ့နယ်မြေရဲ့ ဆင့်ခေါ်ခြင်းပဲ၊ သူ ဆင့်ခေါ်နေတာ၊ သူ့ကို တား”
နန်ကုန်းလင်သည် မြွေဘုရင်၏ ရယ်ဟန်ကိုမြင်ပြီး ချက်ချင်း အော်ဟစ် သတိပေးလိုက်သည်။ သို့သော် ယဲ့ဖန်က မကြားချင်ယောင်ဆောင်၍ နည်းနည်းလေးမျှ မလှုပ်ချေ။
ထိုအခိုက်တွင် သိမ်းငှက်ဘုရင်က သတိအနေအား ဖြစ်နေပြီး ယဲ့ဖန်အား သတိထား၍ ကြည့်နေသည်။ ယဲ့ဖန် ဝင်နှောင့်ယှက်လာမည်ကို ကြောက်နေ၏။ သို့သော် အချိန်အတော်ကြာအောင် စောင့်နေပြီးနောက် ယဲ့ဖန်၌ တိုက်ခိုက်ချင်စိတ် မရှိမှန်း သူ သတိပြုမိသွားသည်။ သူ့ပုံစံက ဂရုစိုက်ပုံချေ။
မန္တန် ရွတ်ဆိုပြီးသွားသောအခါ ကောင်းကင်ယံ ပေါက်ကွဲလာပြီး ဟင်းလင်းပြင် အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။ ၎င်းမှနေ၍ အဆုံးအစမဲ့သော ဟင်းလင်းပြင်အား မြင်နေရ၏။
ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ဆင်းလာနေပုံရသည်။ မမြင်ရသော ဖိအားတစ်ခုက လူတိုင်း၏ နှလုံးသားတွင်းသို့ ပျံ့နှံ့လာပြီး စိတ်ထဲ၌ အပြင်းအထန် တုန်လှုပ်လာစေသည်။
ထိုအခိုက်တွင် လူတိုင်း ကြောက်လန့်တကြားဖြင့် ဟင်းလင်းပြင် အက်ကြောင်းသို့ မော့ကြည့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထူးဆန်းသော အဝါရောင် စွမ်းအင်စုများက လေဟာနယ်တွင်းမှ ပျံ့နှံ့လာပြီး မြေကြီးပေါ် ကျဆင်းလာသည်ကို သူတို့ တွေ့လိုက်ရသည်။
မရေတွက်နိုင်သော တောင်များ ပြိုကျသွားပြီး မြစ်များ ပျက်စီးသွားသည်။ ဤသို့သော အဖျက်စွမ်းအင်က ကြောက်စရာ ကောင်းလှသည်။
“ဟားဟားဟား ဟေ့ကောင် မင်းတော့ သေပြီ၊ ဒါ ငါတို့ ယွိကျဲ့နယ်မြေရဲ့ ငရဲမြွေမိစ္ဆာပဲ”
မြွေဘုရင်က ပျော်ရွှင်စွာ ရယ်မောလာသည်။ သိမ်းငှက်ဘုရင်ကလည်း ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။
*ဒီအရူး ငါတို့ကို တားခဲ့သင့်တာ*
*သူက မောက်မာလွန်းပြီး ငါတို့ကို ငရဲမြွေမိစ္ဆာကို ဆင့်ခေါ်ခွင့်ပေးလိုက်တာ နှမြောစရာပဲ*
“ငရဲမြွေမိစ္ဆာလား၊ အဲ့ဒါ ယွိကျဲ့နယ်မြေရဲ့ အင်မော်တယ် ဧကရာဇ်အဆင့် သားရဲမဟုတ်လား၊ ခွန်အားအရဆို ယွိကျဲ့နယ်မြေသခင် ပြီးရင် ဒုတိယ သန်မာတဲ့ဆိုပဲ”
ထိုသို့သောအချိန်၌ နတ်ဆိုးမျိုးနွယ်များ ကြောက်လန့်လာလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ငရဲမြွေမိစ္ဆာ အကြောင်းကို ကောင်းကောင်း သိသောကြောင့်ပင်။
အင်မော်တယ် ဧကရာဇ်အဆင့်။ ထိုစကားလုံးက မည်မျှ မျှော်လင့်ချက် မဲ့လှစေသနည်း။
ယွိကျဲ့နယ်မြေ၏ အသန်မာဆုံးသူများက ရွှေခြင်္သေ့ဘုရင်နှင့် အခြားဘုရင်နှစ်ပါးဟု သူတို့ ထင်ထားခဲ့သော်လည်း သူတို့ထက် သာသူ ပါလာလိမ့်မည်ဟု ထင်မထားမိပေ။
ငရဲမြွေမိစ္ဆာသည် အလွန် ကြောက်စရာကောင်းသည်။ မီတာတစ်ထောင်မျှ ရှည်လျားသော ထူးဆန်းသည့် မြွေတစ်ကောင်ဟု ဆိုကြသည်။ ၎င်းသည် ခေါင်းထောင်လိုက်လျင် ဧရာမ တောင်ထိပ်ထက်ပင် ပိုကြီးမားပြီး လောကအပြင်ဘက် ဟင်းလင်းပြင်တွင် ကျင့်ကြံနေခဲ့သည်။