← Chapters

အခန်း ၁၆၁၂

Vol. 108 Ch. 1612

အခန်း ၁၆၁၂

Vol. 108 Ch. 1612

Chapter 1612 ပြိုင်ဘက်ကင်း

လူတိုင်း မှင်တက်သွားကြသည်။ သူတို့ တစ်ယောက်ပြီး တစ်ယောက် ငိုကြွေးလာကြပြီး လက်များကိုဆန့်၍ သူတို့အရှေ့မှ ပုံရိပ်ကို လှမ်းဖမ်းရန် ကြိုးစားလာသည်။

သူတို့ပုံစံက မိဘများကို တွေ့လိုက်ရသည့် ဝမ်းနည်းနေသော ကလေးတစ်သိုက်နှင့် တူနေသည်။ သူတို့၏ စိတ်လှုပ်ရှားမှုကို ဖော်ပြ၍ပင် မတတ်နိုင်ပါ။

*အဲ့လူ ရောက်လာပြီ*

*ငါတို့ဆုတောင်းကို သူ တကယ် ကြားတာပဲ*

အရှင် ယဲ့ဘုရင်က သူတို့ကို ဘယ်သောအခါမှ ပစ်ထားမည် မဟုတ်ကြောင်း သူတို့ သိနေသည်။ မျှော်လင့်ချက်မဲ့နေသော ချောက်ကမ်းပါးအတွင်းမှ ရောင်နီကို မြင်လိုက်ရသကဲ့သို့ ခံစားနေရကာ ဝမ်းနည်းဖွယ် ငိုကြွေးနေကြသည်။

အနိုင်ကျင့်ခံရသော ကလေးက မိဘကို ပြန်တွေ့လိုက်ရသလိုပင်။ ထိုခံစားချက်က စကားလုံးနှင့်တင် ဖော်ပြရ ခက်လှသည်။

နန်ကုန်းလင်သည်လည်း အံ့ဩနေ၏။

*ဒီလူက ယဲ့ဘုရင်လား*

*သူ မောက်မာနေတာ အံ့ဩစရာ မရှိတော့ဘူး*

*သူ ထောင်လွှားပြီး ဖိနှိပ်နိုင်တာ အံ့ဩစရာ မဟုတ်တော့ဘူး*

*သူ မာနကြီးနေတာကို ငါ မအံ့ဩတော့ဘူး*

*သူက ယဲ့ဘုရင် ဖြစ်နေတာကိုး*

ယဲ့ဖန်ကို သူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့သော အတွေးက ဟာသပင်။

*လုံးဝ မဖြစ်နိုင်ဘူး*

*ငါ ဒီလူကို ဘယ်သောအခါမှ မကျော်နိုင်ဘူး*

*ဘာလို့လဲဆိုတော့ သူက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်မို့လို့ပဲ*

*သက်ရှိအားလုံးရဲ့ အထက်မှာ ရပ်တည်နေတဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်*

“ယဲ့ဘုရင်လား၊ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”

သိမ်းငှက်ဘုရင် ကြက်သီးထသွားပြီး တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်လာကာ မျက်လုံးထောင့်တွင် မျက်ရည်များ စို့လာ၏။

သူ ကြောက်လွန်း၍ ငိုချင်နေသည်။ အစက ကောလာဟလ သတင်းကပင် သူ့အား ကြောက်လန့်နေစေလေပြီ။ ယခု ကိုယ့်မျက်လုံးနှင့် ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ တကယ့် လွှမ်းမိုးနိုင်မှုက ဘာလဲဆိုတာကို သိလိုက်လေသည်။

တကယ့် ပြိုင်ဘက်ကင်းဟူသော အဓိပ္ပာယ်ကို သူ သိလိုက်လေပြီ။ ဤလူသည် သူ ထင်ထားသည်ထက် အဆတစ်ရာမက ပိုကြောက်ဖို့ကောင်းနေသည်။

“အခု ယဲ့ဘုရင်က သွေးသန့်စင်ခြင်းနိုင်ငံမှာ ရှိနေသင့်တာလေ၊ မင်းက ယဲ့ဘုရင် မဖြစ်နိုင်ဘူး”

မြွေဘုရင်ကလည်း တုန်ယင်နေသော အသံဖြင့် ပြောလာသည်။ အကယ်၍ တစ်ဖက်လူက ယဲ့ဘုရင်သာဆိုလျင် သူတို့ သေချာပေါက် သေရပေလိမ့်မည်။

“ငါ ပြန်လာတာ”

ယဲ့ဖန် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ သို့သော် ထိုရိုးစင်းသော စကားတစ်ခွန်းက မိစ္ဆာများကို ဆောက်တည်ရာမရ ဖြစ်သွားစေသည်။

*ပြန်လာပြီ*

*ဆိုတော့ အရှေ့ကလူက တကယ် ယဲ့ဘုရင်လား*

*ငါတို့တော့ သေပြီ*

မိစ္ဆာများ ရုတ်တရက် ထအော်လာကြသည်။ ငရဲမြွေမိစ္ဆာတောင်မှ ယဲ့ဖန်ကြောင့် ခေါင်းဖြတ်ခံရသဖြင့် သူတို့ ဘယ်လိုလုပ် အသက်ရှင်နိုင်ပါမည်နည်း။

“ငါ နိုင်ငံထဲမှာမ မရှိတုန်း ငါ့နိုင်ငံပေါ် ခြေချပြီး ငါ့နိုင်ငံသားတွေကို သတ်ခဲ့တယ်၊ အခု မင်းတို့အားလုံး ဘယ်ကိုမှ သွားလို့မရစေရဘူး”

ယဲ့ဖန် သုန်မှုန်စွာ ပြောလိုက်ပြီးနောက် စကြဝဋ္ဌာဓားကို ဝင့်၍ တိုက်ခိုက်လေတော့သည်။ သွေးများ ပန်းထွက်လာပြီး အလောင်းများက မြေပြင်အနှံ့ ပျံ့ကြဲနေလာကာ အရိုးများ လွင့်ပျံလာသည်။ ဤနေရာက သားသတ်ကွင်းတစ်ခု ဖြစ်လာလေ၏။

ဤမြင်ကွင်းက နတ်ဆိုးများကို စိတ်လှုပ်ရှားလာစေသည်။

“ကောင်းတယ်”

“အရှင်မင်းမြတ်၊ အရှင်မင်းမြတ်”

ဤမြင်ကွင်းကို ကြည့်နေကြသူများအားလုံး မျက်ရည်လည်ရွဲ ဖြစ်လာသည်။ သူတို့ သေစရာ မလိုတော့ပေ။

“မင်းတို့ ဆုတောင်းကို ငါ ကြားတယ်၊ မင်းတို့က ငါ့ကို သူတို့ကို သတ်ပေးဖို့ တောင်းဆိုတာ မဟုတ်လား”

ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ နတ်ဆိုးဆန်သော အပြုံးမျိုး ပြုံးလိုက်သည်။ ထိုစကားကို ကြားသော် နတ်ဆိုးများသည် တစ်ဒင်္ဂမျှ ကြက်သေ သေသွားပြီးနောက် အားရပါးရ ရယ်လာသည်။

“သူတို့အားလုံးကို သတ်လိုက်ပါ၊ ဒီနတ်ဆိုးနိုင်ငံကို ကျူးကျော်ရဲရင် ဘာဖြစ်လာမလဲ ဆိုတာကို သူတို့သိအောင် ပြသပေးပါ”

“သူတို့အားလုံးကို သတ်လိုက်ပါ၊ နတ်ဆိုးမျိုးနွယ်က လူတွေက ဘယ်လောက် ကြောက်စရာကောင်းလဲ သူတို့ သိအောင် ပြပေးပါ”

“သတ်”

“သတ်”

“သတ်”

ဒေါသတကြီး ကြုံးဝါးသံများက ကောင်းကင်အနှံ့ ပဲ့တင်ထပ်နေသည်။

“ပြေးကြ၊ ဝေးဝေးပြေးကြ”

မိစ္ဆာများ ကြောက်ရွံ့နေပြီး အသည်းအသန် အော်ဟစ်ကြသည်။

သို့သော် ထိုအခိုက်တွင် ကြမ်းကြုတ်သော ဓားစွမ်းအင်က အရပ်မျက်နှာအနှံ့မှ ပျံ့လွင့်လာပြီး မိစ္ဆာများအား လွှမ်းမိုးကာ သတ်ဖြတ်လေတော့သည်။

“ရွှစ် ရွှစ်”

သွေးများက မိုးစက်သဖွယ် ကျဆင်းလာပြီး ဘာအရိုးမှ မကျန်ခဲ့တော့ပေ။ မိစ္ဆာများ တစ်စစီ ဖြစ်သွားပြီးနောက် ပြာဖြစ်သွားကြသည်။ တစ်ယောက်မှ မလွတ်မြောက်ချေ။ အားလုံး သေဆုံးသွားကြသည်။

“ကောင်းတယ် ကောင်းတယ် ဟားဟားဟား”

နတ်ဆိုးများအားလုံး ကျေနပ်အားရစွာ ရယ်မောနေကြပြီး အန္တရာယ်ပေးတော့မည့် အပြုံးမျိုး ပြုံးနေကြသည်။

“မိန်းမရေ မင်း မြင်လား၊ အရှင် ယဲ့ဘုရင်က မင်းအတွက် လက်စားချေပေးပြီ”

အဘိုးအိုတစ်ယောက်က မြေကြီးပေါ် ဒူးထောက်ပြီး နာကျင်နေသော မျက်ရည်များ စီးကျလာသည်။ သူ၏ ဇနီးသည်သည် အသက် ခုနစ်ဆယ် ရှိနေပြီ ဖြစ်သော်လည်း ထိုမိစ္ဆာများ၏ စော်ကား ဖျက်ဆီးခြင်း ခံရပြီး အမည်းစက် ထင်ခဲ့ရသည်။ ထို့နောက်တွင် သူမသည် ဗိုက်ဖောက်ခံရပြီး မိစ္ဆာများ၏ အရှင်လတ်လတ် စားသောက်ခြင်း ခံခဲ့ရလေသည်။

“အချစ်ရေ မင်းကို စော်ကားခဲ့တဲ့ အဲ့ခွေးကောင်တွေ အကုန် သေပြီ၊ မင်း ငြိမ်းချမ်းစွာ အနားယူပါတော့”

ခေါင်းငုံ့နေသော အမျိုးသားတစ်ယောက်ကလည်း ရူးသွပ်နေသော အပြုံးနှင့်အတူ ရေရွတ်လာသည်။ သူ၏ သတို့သမီးလောင်းသည် သုံးရက်နေလျင် သူနှင့် လက်ထပ်တော့မည် ဖြစ်ပြီး ဗိုက်ထဲ၌ သူ၏ ကလေးလေးကိုပင် လွယ်ထားနေရပြီ ဖြစ်သည်။

သို့သော် ဤယွိကျဲ့နယ်မြေမှ မိစ္ဆာများ ရောက်လာသောအခါ အားလုံး ပျက်စီးခဲ့ရသည်။ သူ၏ ချစ်ရသူက ဤမိစ္ဆာများ၏ စော်ကားခြင်း ခံရပြီးနောက် တစ်စစီ စုတ်ဖြဲခံခဲ့ရသည်။ သူ၏ မွေးမလာသေးသော ကလေးသည်လည်း သူ့မျက်စိရှေ့၌ ဗိုက်ခွဲ၍ အထုတ်ခံရကာ ခွေးကျွေးခံလိုက်ရသည်။

ထိုအခိုက်တွင် ကုန်းမင်သည် ထိတ်လန့်သွေးပျက်သော အမူအရာ ဖြစ်နေသည်။ သူ့အရှေ့မှလူက အင်ပါယာ၏ စောင့်ရှောက်သူ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပေ။

အင်ပါယာ၏ အမြင့်မြတ်ဆုံး ဧကရာဇ်ဟု ကျော်ကြားသော အရှင် ယဲ့ဘုရင်ပါတကား။ သူ ရောက်လာပြီ။ သူတို့ကို ကယ်ရန် သူ ရောက်လာလေပြီ။

သူ့မိဘများကို သတ်ခဲ့သော လူသတ်သမားများ တစ်ယောက်ပြီး တစ်ယောက် ယဲ့ဖန်၏ သတ်ဖြတ်ခြင်း ခံရသည်ကို သူ ကြည့်နေသည်။

သူတို့၏ ဝမ်းနည်းစိတ်၊ သူတို့၏ နာကျင်မှုက မည်မျှ ကြည်လင် ပြတ်သားခဲ့သနည်း။

သူ၏ မိသားစုဝင်များ ထိုမိစ္ဆာများ၏ သတ်ဖြတ်ခြင်း ခံရချိန်က အော်ဟစ်ခဲ့သော အသံထက်ပင် သူတို့၏ အသံက ဆိုးရွားနေ၏။

“အား ဟားဟား …”

တစ်ခဏကြာသော် သူ အလွန် ပျော်ရွှင်စွာ အော်ရယ်လိုက်သည်။ သူ အလွန် ဝမ်းသာနေ၏။ ဤသို့သော ကျေနပ်မှုက တောင်ထိပ်တစ်ခုကို တက်လိုက်နိုင်သကဲ့သို့ ကြည်နူးစေပြီး အဆက်မပြတ် ရယ်မောနေမိသည်။

အဘယ်ကြောင့်ဆိုသော် ဤမိစ္ဆာများက သူ့မိသားစုဝင်များကဲ့သို့ တူညီသော ကံကြမ္မာနှင့် သေဆုံးခဲ့ရ သောကြောင့်ပင်။ ဆောက်တည်ရာမရဘဲ နာကျင်စွာဖြင့် ဆိုးဆိုးရွားရွား သေဆုံးနေလေသည်။

*သတ်ပစ်*

*လူတွေကို သတ်ခဲ့တဲ့ သူတို့ကို သတ်ပစ်*

“ထိုက်တန်တယ်၊ မင်းတို့နဲ့ ထိုက်တန်တယ်၊ ဒါ နတ်ဆိုးတွေကို ရန်စခဲ့တဲ့ မင်းတို့ရဲ့ အဆုံးသတ်ပဲ ဟားဟားဟား”

ကုန်းမင်၏ ရင်ခွင်မတတ် အော်ရယ်သံက ကြမ်းရှနေသည်။ သို့သော် မည်သူမှ ထူးဆန်းသည်ဟု မထင်ကြပေ။ အကြောင်းမှာ နတ်ဆိုးတိုင်း ထိုသို့ ဖြစ်နေသောကြောင့်ပင်တည်း။

လီဝေ ကြက်သေ သေနေသည်။ အတိတ်အခါက ဤလူများသည သူတို့ကိုယ်သူတို့ အင်ပါယာသားများဟု ထင်ခဲ့ကြသည်။ သို့သော် ယခု ထိုသို့ မဟုတ်တော့ပေ။

ယဲ့ဖန်၏ နတ်ဆိုးဆန်မှုက ကူးစက်ရောဂါသဖွယ် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားပြီး လူတိုင်းကို ကူးစက်သွားသလိုပင်။

ယဲ့ဘုရင်သည် သန်မာရုံသက်သက် မဟုတ်ပေ။ ယဲ့ဘုရင်သည် ယုံကြည်ရာတစ်ခု၊ အမြင်သဘောထားတစ်ခု ဖြစ်လေသည်။

နတ်ဆိုးဗိုင်းရပ်တစ်ခု ဖြစ်သော်လည်း စွဲမက်စရာ ကောင်းသည်။

ထိုအခိုက်တွင် လီဝေ့သည် အလွန် ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်မိသည်။ သူမ ပြုံးနေမိမှန်း ကိုယ့်ကိုယ်ကိုယ်ပင် မသိပေ။ မျက်စိရှေ့မှ ငရဲဆန်သော မြင်ကွင်းကို ကြည့်ပြီး သူမ အလှပဆုံး ပြုံးနေမိသည်။

မိစ္ဆာဘုရင် နှစ်ပါးလုံး ကြောက်လန့်နေ၏။ ဤလူများ၏ မျက်လုံးစိမ်းများကို ကြည့်ပြီး သူတို့ကိုယ်သူတို့ ဆာလောင်နေသော ဝံပုလွေတစ်အုပ်နှင့် ရင်ဆိုင်နေရသော သိုးပေါက်များသဖွယ် ခံစားလိုက်ရသည်။

သေခြင်းတရားက သူတို့ကို စောင့်မျှော်နေလေပြီ။

“ရွှစ်”

ယဲ့ဖန်က ဓားကို အလျားလိုက် ဝှေ့ယမ်း၍ သိမ်းငှက်ဘုရင်အား နှစ်ပိုင်းခုတ်ဖြတ်လိုက်သည်။ မြွေဘုရင် သေမတတ် ကြောက်လန့်နေပြီး လိပ်ပြာပင် လွင့်သလို ခံစားနေရသည်။

“သွားတော့”

သို့သော် ထိုအချိန်၌ ယဲ့ဖန်က သူ့ကို ပြောလာသည်။ မြွေဘုရင် အံ့ဩသွားသည်။

*ငါ့ကို လွှတ်ပေးတာလား၊ ဒီလူ အတည်ပြောနေတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဒီကောင်က လူအများကြီးကို သတ်ပြီးမှ ဘာလို့ ငါ့ကိုပဲ ချန်ထားတာလဲ*

“မင်း နားလေးနေလား”

ယဲ့ဖန်က သူ့ကို အေးစက်စက် ကြည့်လိုက်သည်။

“မင်း ငါ့ကို သွားစေချင်တာလား သေချာလား”

မြွေဘုရင် မရေမရာဖြင့် မေးလိုက်သည်။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ငါ မင်းကို မင်းသခင်ဆီ သတင်းစကား ပို့ခိုင်းချင်လို့ပဲ”

ယဲ့ဖန် အေးစက်စွာ ပြောလိုက်သည်။

“မင်း ဘာပြောချင်တာလဲ”

“လပြည့်နေ့ ရောက်လာတဲ့အချိန်က မင်းတို့ ယွိကျဲ့နယ်မြေ သေဆုံးတဲ့အချိန်ပဲ”

ယဲ့ဖန်၏ မျက်လုံးများက နက်ရှိုင်းကာ သတ်ဖြတ်တော့မည့်ပုံ ပေါ်နေသည်။

*လပြည့်*

ယခုလက်ရှိတွင် လပြည့်နေ့ ရောက်ရန် လဝက်ပင် မလိုတော့ချေ။

*လဝက်အတွင်း ဒီလူက ယွိကျဲ့နယ်မြေကို ရှင်းလင်းမလို့လား*

ထိုအခိုက်တွင် မြွေဘုရင် မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။ သူတို့ အလွန်သူမတူသော တည်ရှိမှုကို နိုးထအောင် လုပ်လိုက်မိပြီဖြစ်ကြောင်း သူ သတိပြုလိုက်မိသည်။

အလွန်တရာ ကြောက်စရာ ကောင်းလှပေသည်။

နတ်ဆိုးမျိုးနွယ်များလည်း ဝမ်းသာသွားကြသည်။

*ဒီကိစ္စက မပြီးသေးဘူးပဲ*

*နာကျင်မှုက ဆက်လက် ဖြစ်နေဦးမှာပါလား*

*ယွိကျဲ့နယ်မြေက လူတွေ သေရမယ်*

မူလက ယွိကျဲ့နယ်မြေ၏ အင်အားက ကြောက်စရာ ကောင်းလှသည်။ ယခင် ကျုံးကျိုး အင်ပါယာက ခုခံရန် မစွမ်းနိုင်ခဲ့ပေ။ သို့သော် ယနေ့ခေတ် နတ်ဆိုး အငွေ့အသက် အင်ပါယာက ကိုင်လှုပ်နိုင်လေပြီ။

အဘယ်ကြောင့်ဆိုသော် နတ်ဆိုး အငွေ့အသက် အင်ပါယာတွင်း၌ ယဲ့ဘုရင်ဟု ခေါ်သော လူတစ်ယောက် ရှိနေသောကြောင့်ပင်။

“ထွက်သွားစမ်း”

ယဲ့ဖန် ဒေါသတကြီး အော်ငေါက်လိုက်သည်။ မြွေဘုရင် ကြောက်လန့်ကာ တုန်ယင်သွားပြီးနောက် အလင်းတန်းသဖွယ် အဝေးသို့ သုတ်ခြေတင် ပြေးတော့သည်။

ထို့အတူ ယဲ့ဖန်နှင့် လီဝေ့တို့၏ ပုံရိပ်သည်လည်း ဤနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

“မသွားပါနဲ့ အရှင်မင်းမြတ်”

နန်ကုန်းလင် အော်ဟစ်လိုက်သည်။ သူ ယဲ့ဖန်နှင့် စကားပြောချင်ခဲ့သည်။ စကားတစ်ခွန်းမျှ ပြောရလျင်ပင် သူ ကျေနပ်ပါ၏။ သို့သော် ထိုလူ၏ မျက်နှာကိုပင် သူ မမြင်လိုက်ရပေ။ ဤသည်ကို သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။

လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ၊ ပြိုင်ဘက်ကင်းသော ထိုလူ။ ထိုလူနှင့် သူ တွေ့ချင်ပါ၏။

နန်ကုန်းလင်သည် တစ်ချိန်က ယဲ့ဖန်အား ပမာမခန့် လုပ်ခဲ့ပြီး တစ်နေ့ သူ ယဲ့ဖန်ကို ကျော်နိုင်စွမ်း ရှိသည်ဟု အမြဲ တွေးထင်ထားခဲ့သည်။

သို့သော် ယခုအခါ၌ သူ မှားမှန်း သိလိုက်လေသည်။ ဤနတ်ဆိုးမျိုးနွယ်များ ယဲ့ဖန်အပေါ် အရူးအမူး ရိုသေ လေးစားရသည့် အကြောင်းရင်းကို သူ နားလည်သွားလေပြီ။

ယဲ့ဖန်၏ အပြုအမူကို မြင်ပြီးသောအခါ သူသည်လည်း ဤနတ်ဆိုးမျိုးနွယ်ဝင် ဖြစ်ချင်လာ၏။ ယဲ့ဖန်၏ ယုံကြည်သူ တစ်ယောက် ဖြစ်လာချင်သည်။

သို့သော် ယဲ့ဖန်က သူ့အား လူကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ခွင့်ပင် မပေးဘဲ ထွက်သွားခဲ့သည်။

“ဒီကောင်လေး … သူက တကယ် ယဲ့ဘုရင်ပဲ”

ယဲ့ဖန်၏ ကျောပြင်ကို မြင်လိုက်ရသော အဘိုးအိုသည် ရုတ်တရက် မှင်တက်သွားလေသည်။ ထို့နောက် သူ အားရပါးရ ပြုံးလာသည်။

“ငါ ယဲ့ဘုရင်ကို ဆူပူမိတာပဲ ဟားဟားဟား”

ထိုအချိန်တွင် ယဲ့ဖန်နှင့် လီဝေ့တို့က ပါ့ရှန်းမြို့၏ အပြင်ဘက်တွင် ရောက်နေပြီး ပါ့ရှန်းမြို့မှ ထွက်သွားရန် ပြင်နေကြသည်။

ထိုအိုက်တွင် သစ်ပင်အောက်၌ အားနည်းသော လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ခုခုကို စောင့်နေသလိုပင်။ သူတို့ကို မြင်သောအခါ ထိုလူက ပြေးထွက်လာ၏။

“ခင်ဗျားတို့ ဒီကို ရောက်လာမယ်ဆိုတာ သိသားပဲ”

“မင်း ဘာလို့ ဒီရောက်နေတာလဲ”

ယဲ့ဖန်က အရှေ့မှ ကုန်းမင်ကို ကြည့်လိုက်သည်။ ဤကောင်လေးက အနည်းငယ် ဉာဏ်ပြေးသည်။ သူတို့ ထွက်သွားမည်ကို သူ ရိပ်မိနေ၏။

“ဒုန်း”

ကုန်းမင်က ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ အလေးအနက် ပြောလာသည်။

“ဆရာ ဒီတပည့်ကို လက်ခံပေးပါ”

“ဘုန်း”

သူ ကုန်းမင်ကို ကန်ထုတ်လိုက်သည်။ ယဲ့ဖန်က သူ့အား ခံစားချက် ကင်းမဲ့စွာ ကြည့်နေသည်။

“မြန်မြန်ဆန်ဆန် ဒူးမထောက်နဲ့၊ ငါ မင်းကို တပည့်အဖြစ် လက်ခံမယ်လို့ ကတိမပေးခဲ့ဘူး”

“ဆရာ ကျွန်တော်က ရှားပါးတဲ့ ပါရမီရှင်ပါ၊ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံရင် ဘယ်တော့မှ စိတ်မပျက် စေရပါဘူး”

ကုန်းမင်က အလေးအနက် ပြောလာသည်။ ဤအရွယ်လေးနှင့် လေးနက်သော မျက်နှာထား ရှိနေပုံက ရယ်ချင်စရာ ကောင်းလှသည်။

“ရှားပါးတဲ့ ပါရမီရှင် ဟုတ်လား၊ မင်း ဘယ်လိုသိလဲ”

ယဲ့ဖန် ရယ်လိုက်သည်။

“ကျွန်တော် မသိပါဘူး၊ အိမ်နီးချင်းတွေက အဲ့လို ပြောတာပဲ၊ ကျွန်တော်က ရာစုနှစ်အတွင်း ရှားပါးတဲ့ ပါရမီရှင်တဲ့၊ အခြားကလေးတွေက ကျောင်းသွားပြီး ငှက်အသိုက် တူးနေတုန်း ကျွန်တော်က ငယ်ငယ်လေးနဲ့ မိန်းကလေးတွေကို ဘယ်လို ချောင်းကြည့်ရမလဲ သိနေပြီလေ”

ယဲ့ဖန် နဖူးကြော တွန့်သွားပြီး အစောပိုင်းက သူ့ကို သေအောင် မကန်မိသည်ကို နောင်တရသွားသည်။ ဆဲဆိုသော စကားလုံးများ မပါဘဲ ဆူပူကြိမ်းမောင်းတတ်သော ကုန်းမင်၏ အိမ်နီးချင်းများကိုလည်း သူ လေးစားမိသည်။

“မင်း ဘာလို့ ငါ့ကို ဆရာတင်ချင်တာလဲ၊ မင်းလက်စားချေမယ့် ကိစ္စက ပြီးသွားပြီ၊ ဘာလို့ ငါ့နောက် လိုက်တာလဲ”

ယဲ့ဖန် မတွေးတတ်တော့ဘဲ ပြန်မေးလိုက်သည်။

All Chapters