← Chapters

အခန်း ၁၆၁၃

Vol. 108 Ch. 1613

အခန်း ၁၆၁၃

Vol. 108 Ch. 1613

Chapter 1613 သူက ခင်ဗျားကို သဘောကျနေတာ

“ကျွန်တော် ပိုသန်မာချင်တယ်၊ ခင်ဗျားလို သန်မာချင်တယ်၊ အဲ့ဒါမှ ကျွန်တော် အနိုင်ကျင့် မခံရမှာ”

ကုန်းမင်က တစ်လုံးချင်းပြောပြီး ယဲ့ဖန်အား အရောင်တောက်နေသော မျက်လုံးတို့ဖြင့် ကြည့်နေသည်။

“ကျွန်တော့်မိသားစု ကျွန်တော့်အရှေ့မှာ အသတ်ခံရတဲ့ အဖြစ်မျိုး ကျွန်တော် ထပ်မလိုချင်တော့ဘူး”

ယဲ့ဖန်က သူ့ကို အလေးအနက် စိုက်ကြည့်လိုက်ပြီး ကုန်းမင်၏ ခန္ဓာကိုယ်တွင် သူ့အရိပ်ကို သူ ပြန်မြင်ရသလို ခံစားလိုက်ရသည်။

သူသည် ယခင်က ကုန်းမင်လို ဖြစ်ခဲ့ဖူးသည်။ ဤမျှ အသက်ငယ်ငယ်လေးနှင့် အားကြီးသူက အားနည်းသူကို ဖိနှိပ်စားသုံးသည့် အဓိပ္ပာယ်ကို နားလည်နေခဲ့သည်။

အားကြီးသူက သန်မာနေမြဲ ဖြစ်ပြီး အားနည်းသူက သေဆုံးရပေမည်။

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က သူ့အိတ်အားလုံးကို ကုန်းမင်ထံ ပစ်ပေးလိုက်သည်။ ကုန်းမင် လဲကျလုနီးပါး ဖြစ်သွားပြီး ယဲ့ဖန်အား မယုံသင်္ကာဟန်ဖြင့် ကြည့်လာသည်။ သို့သော် ယဲ့ဖန်က သူ၏ အံ့ဩနေဟန်ကို လျစ်လျူရှု၍ ထွက်သွားလေသည်။

“အရူးလေး နင် အမီလိုက်နိုင်ရဲ့လား”

လီဝေ့က အပြုံးနှင့် စနောက်လိုက်သည်။ ကုန်းမင် ချက်ချင်း သတိဝင်လာပြီး မျက်နှာတွင် အလွန် ပျော်ရွှင်ဟန် ပေါ်လာကာ ယဲ့ဖန်အနောက်သို့ ခပ်သွက်သွက် အမီလိုက်လေသည်။

တစ်ရက်ပင် မကြာလိုက်သော အချိန်အတွင်း၌ မြွေဘုရင်သည် ယွိကျဲ့နယ်မြေသို့ ပြန်ရောက်သွားပြီး ယွိကျဲ့နယ်မြေ တစ်ခုလုံးအား တုန်လှုပ်သွားစေသည်။

ရာချီသော သန်မာသူများ တောင်ဘက်သို့ ထွက်ခွာခဲ့သော်လည်း မထင်မှတ်ဘဲ အားလုံး သေဆုံးကာ သေးငယ်သော နတ်ဆိုး အငွေ့အသက် အင်ပါယာလက်ထဲ ကျရောက်ခဲ့ရသည်။ ဤသတင်းက ယွိကျဲ့နယ်မြေသို့ ပြန်ရောက်သွားသောအခါ အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။

သို့သော် ထိုမျှနှင့် ရပ်မသွားဘဲ ပို၍ တုန်လှုပ်စေသော သတင်း ထပ်ထွက်လာ၏။ ယဲ့ဘုရင်က ဟင်းလင်းပြင် နယ်မြေထဲ ဝင်ရောက်ခဲ့ပြီး ငရဲမြွေမိစ္ဆာနှင့် တိုက်ခိုက်ကာ ငရဲမြွေမိစ္ဆာအား ခေါင်းဖြတ်သတ်ခဲ့သည်။ သို့ရာတွင် သူက ဘာဒဏ်ရာမှ မရချေ။

“ဘာ ငရဲမြွေမိစ္ဆာကို သတ်လိုက်တယ် ဟုတ်လား၊ ငါ ကြားလိုက်တဲ့စကားက မှန်ရဲ့လား”

“ချီးပဲ အဲ့ယဲ့ဘုရင်က ဘယ်လိုတောင် ကြောက်ဖို့ကောင်းတာလဲ၊ အဲ့လို နတ်ဆိုးမျိုး ဘယ်တုန်းက ကျုံးကျိုးမှာ မွေးလာတာလဲကွာ”

“လပြည့်ညရောက်ရင် သူက ယွိကျဲ့နယ်မြေဆီ လာမယ်ပေါ့၊ ဒါဆို ငါတို့ နတ်ဆိုးရဲ့ လက်ခုပ်တွင်းက ထွက်ပြေးဖို့ ခက်မှာပဲ”

ယဲ့ဘုရင်။ ထိုနာမည်နှစ်လုံးက ကြီးမားသော တောင်ထိပ်အလား လေးလံပြီး ယွိကျဲ့နယ်မြေမှ လူများကို အသက်မရှူနိုင်အောင် ပြုလုပ်လာသည်။

ယွိကျဲ့နယ်မြေမှ သိုင်းပညာရှင်များကို ခွေးသတ်သလို သတ်ဖြတ်ခဲ့ပြီး ငရဲမြွေမိစ္ဆာကိုပါ ခေါင်းဖြတ်သတ်ခဲ့သည်။ မိစ္ဆာဘုရင်သုံးပါး ထွက်သွားခဲ့သော်လည်း တစ်ဦးသာ ဒဏ်ရာ အပြင်းအထန်နှင့် ပြန်လာခဲ့နိုင်သည်။ ဤသည်ကလည်း ယဲ့ဘုရင်၏ သက်ညှာပေးလိုက်သော အခြေအနေကြောင့်ပင်။ မယုံနိုင်စရာ ကောင်းလှပေ၏။

မိစ္ဆာဘုရင် သုံးပါးအပြင် ဒါဇင်ချီသော သူတော်စင်သခင်အဆင့် မိစ္ဆာစစ်သူကြီးများနှင့် မရေတွက်နိုင်သော ယွိကျဲ့နယ်မြေ၏ သိုင်းပညာရှင်များလည်း ပါရှိခဲ့သည်။

သူတို့ထဲမှ အားအနည်းဆုံးသူပင် ဘုရင်အဆင့်သို့‌ ရောက်ရှိနေပြီး ဖြစ်သည်။ နတ်ဆိုး အငွေ့အသက် အင်ပါယာအား ကမောက်ကမ ဖြစ်အောင် လုပ်နိုင်သင့်သော်လည်း တစ်ဖွဲ့လုံး ရှင်းလင်းခံရပြီး မည်သူမှ ပြန်မလာနိုင်ချေ။

သူတို့ ယွိကျဲ့နယ်မြေ၏ အဆန်းကြယ်ဆုံးနှင့် အသန်မာဆုံး ငရဲမြွေမိစ္ဆာပင် ယဲ့ဖန်ကြောင့် အသတ်ခံလိုက်ရသဖြင့် သူတို့အပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်လာစေ၏။

လက်ရှိအချိန် ယွိကျဲ့နယ်မြေခန်းမတွင်း၌ မြွေဘုရင်သည် ထမ်းစင်ပေါ်၌ အားနည်းစွာ လှဲနေပြီး တိုက်ပွဲဖြစ်စဉ်အား ဧကရာဇ်သွမ့်မူအား အစီရင်ခံနေသည်။

“ငါ သူ့ကို အရင်က အထင်သေးခဲ့မိတဲ့ပုံပဲ၊ ဧကရာဇ် ယွီရှန်နဲ့ မြေအောက်လောက ဘုရင်မကို သတ်နိုင်တယ် ဆိုတော့ တကယ်ကို သူမတူတာပဲ”

ဧကရာဇ်သွမ့်မူက ခံစားချက်ကင်းမဲ့စွာ ပြောလာပြီးနောက် သူ့မျက်လုံးများက အေးစက်လာ၏။

“ဒါပေမဲ့ ငါနဲ့တွေ့ရင် သူ သေကိုသေရဦးမှာပဲ”

“ဧကရာဇ်က ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေတာလဲ”

မိစ္ဆာများအားလုံး ပဟေဠိ ဖြစ်သွားသည်။ ယဲ့ဘုရင်က ငရဲမြွေမိစ္ဆာကိုတောင်မှ ခေါင်းဖြတ်နိုင်နေသော်လည်း ဧကရာဇ်က ဘယ်လိုလုပ် ဒီလောက် တည်ငြိမ်နေရသနည်း။

“ဘာလို့လဲဆိုတော့ ငါ နှစ်တစ်သောင်းတိတိ ကျင့်ကြံလာတဲ့ သိုင်းကျမ်းကို မနေ့က ငါ ပြီးပြည့်စုံအောင် ကျင့်ကြံ ပြီးသွားလို့ပဲ၊ သူတော်စင်အဆင့်နဲ့ ရင်ဆိုင်ရလို့ ရှုံးရင်တောင်မှ အသက်ကို ကယ်နိုင်တယ်”

သွမ့်မူဟွမ်က အလွန် ယုံကြည်မှုရှိသော မျက်နှာနှင့် ပြုံးနေသည်။

“ဧကရာဇ်ပြောတာက ကောင်းကင်ဘုံ ပြစ်ဒဏ်သင်္ချိုင်းများလား”

အောက်ဘက်မှ မိစ္ဆာများအားလုံး ထိတ်လန့်ကုန်သည်။

“ဟုတ်တယ်”

ဧကရာဇ်သွမ့်မူက ပြုံး၍ ပြောလိုက်သည်။

“ငါ့ ကောင်းကင်ဘုံ ပြစ်ဒဏ်သင်္ချိုင်း ကျင့်စဉ်က အခု မိုးမြေကို ဖမ်းဆုပ်နိုင်ပြီးတော့ ဖြစ်စဉ်အားလုံးကို လှုံ့ဆော်ပေးနိုင်သလို တာအိုသဘောတရားကိုလည်း ဖျက်ဆီးနိုင်တယ်”

“ဟားဟားဟား နတ်ဘုရားက ငါ့ယွိကျဲ့နယ်မြေကို ကောင်းချီပေးလိုက်တာပဲ”

“အရှင် ဒီလို ကျင့်စဉ်မျိုး ကျင့်ကြံပြီးတာကို ယဲ့ဘုရင် လုံးဝ တွေးမိမှာမဟုတ်ဘူး၊ သူ လာရဲတာနဲ့ သေချာပေါက် သေမှာပဲ”

မိစ္ဆာများအားလုံး စိတ်လှုပ်ရှားလာသည်။ ကောင်းကင်ဘုံ ပြစ်ဒဏ်သင်္ချိုင်း၏ စွမ်းအားက ကြီးမားကြောင်း သူတို့ သိထားပါသည်။ ၎င်းက မှော်စွမ်းအင်ကို ပျက်စီးအောင် လုပ်နိုင်ကြောင်း သူတို့အားလုံး သိထားကြသည်။

လက်ရှိတွင် လူတိုင်း စိတ်အေးသွားကြပြီး ယဲ့ဘုရင် စောစောလာပြီး စောစောသေရန်ပင် မျှော်လင့်နေ၏။

ဧကရာဇ်သွမ့်မူက ရုတ်တရက် ထရပ်လာပြီး သရော်ပြုံးနှင့်အတူ ပြောလာသည်။

“ဒီတစ်ခါ ငါ အဲ့ယဲ့ဖန် ဆိုးဆိုးရွားရွား သေရအောင် လုပ်ပေးမယ်၊ ငါတို့ အဲ့နတ်ဆိုး အငွေ့အသက် အင်ပါယာကို ဖျက်ဆီးမယ်”

ရှုကျိုးနယ်နိမိတ်သို့ ရောက်သောအခါ ယဲ့ဖန်က လီဝေ့နှင့် လမ်းခွဲရန် ပြင်လေသည်။ ထိုအခိုက်တွင် လီဝေ့၏ မျက်နှာက အင်တင်တင် ဖြစ်နေမှန်း သိသာနေ၏။

“ရှင် ထွက်သွားတော့မလို့လား”

လီဝေ့ သိလျက်နှင့် မေးလိုက်သည်။

“အင်ပါယာထဲမှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိတယ်၊ ငါတို့ မြန်နိုင်သမျှ မြန်မြန် ပြန်ရောက်မှ ဖြစ်မယ်”

ယဲ့ဖန် အပြုံးနှင့် ပြန်ဖြေလိုက်လေသည်။

“ကျွန်မ ရှင်နဲ့အတူ အင်ပါယာမြို့တော်ကို သွားလို့ရမလား”

လီဝေ့က ပြုံး၍ မေးလိုက်သည်။ သို့သော် ထိုအပြုံးက ဘယ်လိုကြည့်ကြည့် သူမ ရှက်နေမှန်း သိသာနေစေသည်။ အဘယ်ကြောင့်ဆိုသော် ဤစကား၏ အဓိပ္ပာယ်က သိသာလွန်းနေပြီး ပေါ်တင် ဖွင့်ဟပြောခြင်းနှင့် ထပ်တူနီးပါး ကျနေသောကြောင့်ပင်တည်း။

သို့သော် ယဲ့ဖန်က တုံးအချင်ယောင်ဆောင်နေ၏။ သူသည် တစ်ခဏမျှ မှင်တက်သွားပြီးမှ ဖျစ်ညှစ်ပြုံး လိုက်သည်။

“အဆင်ပြေမယ်လို့ ငါ မထင်ဘူး”

“ဟုတ်လား”

လီဝေ့ မချိပြုံး ပြုံးလာသည်။

“ကျွန်မ ရှင့်ကို နောက်နေတာပါ၊ ဒါဆို နှုတ်ဆက်ပါတယ်”

ထိုသို့ပြောပြီးသည်နှင့် သူမ အလျင်အမြန် နောက်လှည့်၍ ခပ်သုတ်သုတ် ထွက်သွားသည်။ သူမ ခေါင်းကို ငုံ့ထားပြီး နောက်ပြန်လှည့်မကြည့်ရဲချေ။ အကြောင်းမှာ သူမမျက်ဝန်းတွင်းမှ ဝမ်းနည်းမျက်ရည်များကို ယဲ့ဖန် မြင်သွားမှာ စိုးရိမ်၍ ဖြစ်သည်။

“ဆရာ သူက ခင်ဗျားကို သဘောကျနေတာ”

ကုန်းမင်က အလေးအနက် ပြောလာသည်။

“မင်းလိုကောင်လေးက အဲ့ဒါ ဘာအဓိပ္ပာယ်လဲ သိလို့လား”

ယဲ့ဖန်က သူ့အား စိတ်ဆိုးမာန်ဆိုး ကြည့်လိုက်သည်။

“သူ ဆရာ့ကို ကြည့်တဲ့ပုံက အားယာ ကျွန်တော့်ကို ကျောင်းမှာကြည့်တဲ့ပုံနဲ့ အတူတူပဲ၊ ဆရာမက သူ ကျွန်တော့်ကို သဘောကျနေတာလို့ ပြောတယ်”

ကုန်းမင်က အလေးအနက် ပြောလိုက်ပြီးနောက် စိတ်ပျက်သော အမူအရာ ပေါ်လာသည်။

“အားယာလည်း အဲ့မိစ္ဆာကောင်တွေကြောင့် အသတ်ခံလိုက်ရတယ်”

“အဲ့တော့ မင်း ငါ့တပည့်ဖြစ်ချင်တာက အားယာကို ကာကွယ်ဖို့ပေါ့၊ ငါ သူ့ကို ငြင်းလိုက်တာကလည်း သူ့ကို ကာကွယ်တာပဲ”

ယဲ့ဖန် ပြန်ပြောလိုက်သည်။

“ဆရာ ခင်ဗျားက အရမ်းတုံးတာပဲ”

ကုန်းမင်က ယဲ့ဖန်ကို သရော်သော အကြည့်ဖြင့် ကြည့်လာပြီး ဒိတ်အောက်နေသော ဟန်ပန်ဖြင့် ပြောလာသည်။

“မိန်းကလေးတစ်ယောက်က လူတစ်ယောက်ကို ချစ်မိပြီဆိုရင် သူ့လူနဲ့ အတူနေရသရွေ့ အိမ်တို့၊ ကားတို့၊ ပိုက်ဆံတို့ ပြီးတော့ သူ့အသက်ကိုတောင်မှ အရေးစိုက်တော့မှာ မဟုတ်ဘူး၊ အတူတူသာ ရှိရမယ်ဆိုရင် သူတို့က ဘာကိုမှ ဂရုမစိုက်ကြဘူး”

“သူ ဂရုမစိုက်ပင်မယ့် ငါ ဂရုမစိုက်ဘဲ မနေနိုင်ဘူး”

“အဲ့ဒါကြောင့် ဆရာ့ကို တုံးတယ်လို့ ပြောတာပေါ့၊ ဆရာ သူ့ကို ငြင်းလိုက်တာက သူ့ကို ကာကွယ်တာလို့ တွေးနေပင်မယ့် သူ တစ်သက်လုံး အိမ်ထောင်မပြုဘဲ နာကျင်ခံစားနေရမှာကိုရော မတွေးမိဘူးလား”

“ယှဉ်ပြောရမယ်ဆိုရင် သူသာ ဆရာနဲ့ အတူတူ ရှိရမယ်ဆိုရင် ဆရာ့ကြောင့် သူ သေရမယ်ဆိုရင်တောင်မှ အနည်းဆုံး သူ ပျော်ရမယ် မဟုတ်လား”

ယဲ့ဖန် အံ့ဩသွားသည်။

*ဒီကလေးက တကယ် ခုနစ်နှစ်ပဲ ရှိသေးတာ ဟုတ်ရဲ့လား၊ ဒီအတွေးတွေက ဘယ်က ရလာတာလဲ*

“ဘယ်လိုလဲ ကျွန်တော့်အသိပညာကို လက်ခံသွားပြီ မဟုတ်လား”

ကုန်းမင်က တောက်ပနေသော မျက်လုံးတို့ဖြင့် ပြောလိုက်သည်။

“ဟုတ်တယ် မင်းကို ငါ လက်ခံသွားပြီ”

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီးနောက် လှောင်ရယ်လိုက်သည်။

“အဲ့ဒါကြောင့် နောက်မိုင်နှစ်ဆယ်လုံးလုံး မင်း အိတ်အားလုံးကို သယ်လာခဲ့”

“ဗျာ”

ထိုကောင်လေး မျက်ရည်ဖြိုင်ဖြိုင်ကျဆင်းလာသည်။

တော်ဝင်မြို့တော်သို့ ပြန်လာပြီးနောက် နန်းတော်တံခါးဝရှေ့၌ အမျိုးသမီးများက ခံစားချက်ကင်းမဲ့စွာ ရပ်၍ သူ့အား စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။

ယဲ့ဖန် ပြန်လာသည်ကိုမြင်သည်နှင့် ဟွမ်ယွီလင်းက အရင်ဆုံး ရင်ခွင်ထဲပစ်ဝင်ကာ အသည်းအသန် ငိုကြွေးလေသည်။

“ယဲ့ဖန် ရှင် ဘာလို့ ကျွန်မကို မစောင့်တာလဲ၊ ကျွန်မ ရှင့်ကို သတိရနေမှန်း သိတာတောင် ကျွန်မကို စောင့်ခိုင်းချင် သေးတယ်”

ယခင်က သူမ ဒဏ်ရာရပြီး သတိလစ်နေခဲ့ကာ ယဲ့ဖန်ကလည်း နန်းတော်မှ အလျင်အမြန် ထွက်သွားရသဖြင့် သူမကို မနှိုးခဲ့ချေ။

သူမ သတိရလာပြီးနောက် ယဲ့ဖန် အသက်ပြန်ရှင်လာကြောင်း သိလိုက်ရသောအခါ သူမ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ထိုညဝွင် သူမ စစ်သည်တစ်သိန်းကို စုဆောင်း၍ ယဲ့ဖန်အား နိုင်ငံအနှံ့ လိုက်ရှာလေသည်။

အမျိုးသမီးများ၏ နှစ်သိမ့်ခြင်း ခံရသည်က သိပ်တော့ မလွယ်ကူချေ။

ယဲ့ဖန်ကို မြင်သည်နှင့် စိတ်ကို တင်းမထားနိုင်တော့ဘဲ သူ့ကို ဖက်၍ အသည်းအသန် ငိုကြွေးကာ မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာသည်။

“ငါ့အဝတ်အစားတော့ မင်းနှပ်တွေ ပေပါပြီ”

ယဲ့ဖန်က ရွံရှာဟန်ဖြင့် ပြောလိုက်သည်။

“ရှင် ဘာလို့ အရမ်း စိတ်ပျက်ဖို့ ကောင်းတာလဲ”

ဟွမ်ယွီလင်း စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ ယဲ့ဖန်က နားလည်ရခက်လွန်းလှသည်။

“ငါ့အလှည့်၊ ငါ့အလှည့်၊ ယဲ့ဖန်ကို ဖက်မယ်’

ကျုံးလီအာ အနောက်မှ တိုးလာပြီး ဟွမ်ယွီလင်းအား အတင်း ဘေးသို့ တွန်းထုတ်လေသည်။

ကုန်းမင် မျက်လုံးပြူးနေ၏။

*ဆရာ့မှာ ဘယ်လိုလုပ် မိန်းမတွေ အများကြီး ရှိနေတာလဲ၊ ပြီးတော့ သူတို့အားလုံးက နတ်သမီးလေးလို လှလိုက်တာ*

*ဟမ့် အမှိုက်ကောင်ကြီး*

သူ့စိတ်ထဲ၌ မကျေမနပ် ဖြစ်သွားလေသည်။

“ဟင် ဒီကောင်လေးက ဘယ်ကလဲ၊ ရှင့်ရဲ့ တရားမဝင်သားလား”

ကျုံးဝမ်က ကုန်းမင်ကို ကြည့်၍ စနောက်လိုက်သည်။ ကုန်းမင်၏ မျက်နှာ ချက်ချင်း နီတက်လာပြီး ပြောစရာ စကားမဲ့သွားသည်။

“တပည့်သစ်”

“တပည့်လား ငါ့ကို သခင်မလို့ခေါ်”

ထန်ပုခူက တက်ကြွစွာ ပြောလာသည်။

“သခင်မ”

ကုန်းမင် ကြောက်ကြောက်ရွံ့ရွံ့ အော်ခေါ်လိုက်သည်။ ဤသည်က ထန်ပုခူကို တခစ်ခစ် ရယ်သွားစေသည်။

“သူ့ကိုတော့ ခေါ်တယ်ပေါ့၊ ငါ့ကိုရော ဘယ်လိုလဲ”

ကျုံးဝမ်ကလည်း လိုက်နောက်လာသည်။

“မဒမ်”

“ငါကရော”

“သခင်မ၊ သခင်မ”

ကုန်းမင် ငိုချင်စိတ် ပေါက်နေပြီး ယဲ့ဖန်အနောက်၌ ဝင်ပုန်းကာ ဤအမျိုးသမီးများက ကြောက်စရာ ကောင်းလွန်းသည်ဟု ခံစားမိနေ၏။

“ပိုင်ရွှယ် ဘယ်မှာလဲ”

လူစုထဲ၌ ပိုင်ရွှယ်ကို မတွေ့သဖြင့် ယဲ့ဖန် မေးလိုက်သည်။

“သူ ယန်နိုင်ငံက သံအမတ်နဲ့ ဆွေးနွေးပွဲ လုပ်နေတယ်၊ ဒါပေမဲ့ သူ့ပုံစံအရ ဆွေးနွေးပွဲကို မလုပ်ချင်တဲ့ပုံပဲ”

ကျုံးဝမ်က ပြန်ဖြေလာသည်။

ယန်နိုင်ငံကလည်း နိုင်ငံကြီး တစ်နိုင်ငံဖြစ်ကာ ယွင်နိုင်ငံထက် မနိမ့်ပေ။ ယင်းနိုင်ငံက ယွင်နိုင်ငံနှင့် အမြဲ ရန်လိုသော အခြေအနေ ရှိနေခဲ့သည်။

ယဲ့ဖန် မျက်ခုံးပင့်သွားသည်။

“ဪ ဒါဆို သွားကြည့်ကြတာပေါ့”

နန်းတော်တွင်း၌ ပိုင်ရွှယ်သည် ယွင်နိုင်ငံ၏ သံအမတ်နှင့် ဆွေးနွေးနေသည်။ သို့သော် အစမှအဆုံးတိုင် တစ်ဖက်လူက မောက်မာသော အပြုအမူနှင့် ပြုမူနေပြီး နိုင်ငံ၏ အရှင်သခင် ပိုင်ရွှယ်နှင့် တွေ့သော်လည်း ဒူးမထောက်ချေ။

နိုင်ငံကြီး၏ သံအမတ်က သေးငယ်သော နတ်ဆိုး အငွေ့အသက် အင်ပါယာအား မျက်လုံးထဲပင် မထည့်သလို ဧကရီ ပိုင်ရွှယ်နှင့် တွေ့သော်လည်း မာနကို မချပေ။

အင်ပါယာ၏ မှူးမတ်များက ဤသည်ကိုကြည့်ပြီး စိတ်ထဲ၌ မုန်းတီးနေသော်လည်း တစ်ခွန်းမှ မပြောမိအောင် စိတ်ထိန်းနေရသည်။ ယန်နိုင်ငံက သွားရှုပ်၍ မလွယ်မှန်း သူတို့လည်း သိနေ၏။

ယင်းနိုင်ငံသည် နယ်မြေ ကျယ်ပြောပြီး အရင်းအမြစ်ကလည်း ပေါကြွယ်ဝကာ လူတွေကလည်း ထူးချွန် ထက်မြက်သည်။

ဤတွေ့ဆုံပွဲအား အဖွဲ့အစည်းတိုင်းက အလွန် စိတ်ဝင်စားကြသဖြင့် နိုင်ငံတကာ တိုက်ရိုက်ထုတ်လွှင့်ခြင်းကိုပင် လုပ်ဆောင်ထားသည်။

“ဧကရီပိုင် ကျုပ် ပြောတာကို ခင်ဗျား စဉ်းစားပြီးပြီလား”

အန်းလွီဟိုင်ဟု ခေါ်သော ယန်နိုင်ငံ၏ သံအမတ်က ပိုင်ရွှယ်ကို အထင်အမြင် သေးနေ၏။ ပိုင်ရွှယ် အရှက်ရသွားသည်။

“အမတ်အန်း ကျွန်ုပ် ထပ်ပြီး စဉ်းစားချင်တယ်”

“စဉ်းစားမယ် ဟုတ်လား၊ ခင်ဗျား ဒါကို တစ်လကျော်တောင် စဉ်းစားနေတာ၊ ကျုပ်တို့ ယန်နိုင်ငံကို တမင်သက်သက် မလိမ့်တပတ် လုပ်နေတာလား၊ ဒါမှမဟုတ် ကျုပ်တို့ ယန်နိုင်ငံကို အလွယ်တကူ အရူးလုပ်နိုင်မယ်လို့ ထင်နေတာလား”

အန်းလွီဟိုင်က ရိုင်းပျစွာ ပြောဆိုလာပြီး ပိုင်ရွှယ်အား အကွက်ထဲဝင်အောင် ပြောလာသည်။ ဤအကွက်ထဲ ဝင်သွားပါက ပိုင်ရွှယ်က ယန်နိုင်ငံကို မလေးမစား လုပ်သလို ဖြစ်သွားပြီး နိုင်ငံရေး ပဋိပက္ခ မီးပွား ဖြစ်လာပေလိမ့်မည်။

ပိုင်ရွှယ် မျက်မှောင်ကြုတ်သွားသည်။ အန်းလွီဟိုင်က တမင်သက်သက် အမှားရှာနေမှန်း ဖြစ်ကြောင်း သူမ သိနေပြီး အပြုံးနှင့် ပြောလိုက်သည်။

“အမတ်အန်းက နောက်နေပါပြီ၊ ကျွန်ုပ် အသင့်နိုင်ငံကို အမြဲ လေးစားပါတယ်၊ ဘယ်တော့မှ မထီမဲ့မြင် မလုပ်ရဲပါဘူး”

“ဒါဆို ခင်ဗျား ကျုပ်ကို အဖြေ ပြန်ပေးကို ပေးရမယ်”

အန်းလွီဟိုင်က အထက်စီးဖြင့် ပြောလိုက်ပြီး လေသံက ပိုင်ရွှယ်ကို အမိန့်ပေးလုနီးပါးပင်။

“အမတ်အန်း ဒီကိစ္စက သိပ်အရေးကြီးတယ်၊ ကျွန်မ တစ်ယောက်တည်း မဆုံးဖြတ်နိုင်ဘူး”

ပိုင်ရွှယ်၏ မျက်နှာကလည်း မသိမသာ ပျက်ယွင်းလာသည်။ သူမသည် နိုင်ငံ၏ အရှင်သခင် ဧကရီ တစ်ပါး ဖြစ်သော်လည်း အန်းလွီဟိုင်က သူမကို အကြိမ်ကြိမ် မလေးမစား လုပ်နေ၏။

All Chapters