အခန်း ၁၆၁၅
Vol. 108 Ch. 1615
Chapter 1615 ဒါက နတ်ဆိုးအငွေ့အသက်အင်ပါယာပဲ
အန်းလွီဟိုင်၏ ခြေထောက် လေထဲသို့ မြောက်တက်လာပြီးမှ ကြမ်းြင်ပေါ် အရှိန်သို့ ကျလာသည်။
အန်းလွီဟိုင်သည် ရင်းနှီးနေသော ပေါင်ကို ကြည့်ပြီး သုံးမိနစ်မျှ ကြက်သေ သေနေပြီးနောက် သတိဝင်ကာ ထအော်လေသည်။
သူ ကြမ်းပြင်ပေါ် ဖင်ထိုင်လျက်သား လဲကျသွားပြီး ပြတ်သွားသော ခြေထောက်နေရာမှ သွေးများ ပန်းထွက် လာသည်။
အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်သည်လည်း မှင်တက် အံ့ဩနေကြသည်။
*အန်းလွီဟိုင် ဘယ်လို ဒဏ်ရာရသွားတာလဲ*
*ငါတို့ လုံးဝ သတိမထားလိုက်မိပါလား*
*ဘာတွေဖြစ်ကုန်တာလဲ*
“မင်းကိုး”
ထို့နောက်တွင်မူ သူတို့၏ အကြည့်က လူအုပ်ထဲ၌ ရုတ်တရက် ပေါ်လာသော လူတစ်ယောက်ထံ အကြည့် ရောက်သွားသည်။
ထိုသူသည် အေးစက်စက် မျက်နှာထားနှင့် ဓားအား ဓားအိမ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်ထည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူကိုမြင်သော် ပိုင်ရွှယ်နှင့် အခြားသူများသည် စိတ်အေးကာ သက်ပြင်းချလိုက်မိပြီးနောက် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။
*ဒီလူက အမြဲ သူ့ကို အလိုအပ်ဆုံးအချိန်မှာ ပေါ်ပေါ်လာတာပဲ*
ဤလူကို မြင်လိုက်သည်နှင့် သတင်းထောက်များအားလုံးက ကင်မရာကို ယဲ့ဖန်၏ ကျောဘက်သို့ ရွှေ့လိုက်ကြသည်။
ဤသည်မှာ ပိုင်ရွှယ်၏ အမိန့်ပင် ဖြစ်ပြီး ယဲ့ဖန်၏ ပုံပန်းသွင်ပြင်ကို လူအများအား မသိစေလို၍ ဖြစ်သည်။
“မင်းက ယဲ့ဘုရင်လား”
ဆံဖြူနဂါးမိစ္ဆာက မရဲတရဲ မေးလာသည်။ ယဲ့ဖန် ထုတ်လွှတ်နေသော အရှိန်အဝါက သူ့ကို မသက်မသာ ခံစားရစေသည်။ ယဲ့ဘုရင်သာလျင် ထိုသို့ စွမ်းအားမျိုး ရှိပေသည်။
*ယဲ့ဘုရင်*
ထိုစကားသံ ထွက်လာသည်နှင့် နိုင်ငံတစ်ဝှမ်းလုံးမှ ကြည့်ရှုသူများအားလုံး မှင်တက်အံ့အားသင့်သွားကြသည်။
*ယဲ့ဘုရင် ပြန်လာပြီလား*
ထို့နောက် သူတို့၏ မျက်နှာတွင် အဓိပ္ပာယ်ပါသော အပြုံးများ ပေါ်လာပြီး ပွဲကြီးပွဲကောင်း ကြည့်ရတော့မည် ဖြစ်ကြောင်း သိလိုက်လေသည်။
“ငါက ယဲ့ဘုရင်ပဲ ပြီးတော့ မင်းတို့ရဲ့ အိပ်မက်ဆိုးပဲ”
ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူ၏ လူသတ်ချင်စိတ်က တစ်ဟုန်ထိုး မြင့်တက်လာသည်။
အန်းလွီဟိုင် ပြုလုပ်ခဲ့သော လုပ်ရပ်အရ ဤလူများအားလုံး ဒီမှာ သေရပေမည်။
သူစကားကို ကြားသောအခါ ဆံဖြူနဂါးမိစ္ဆာနှင့် အခြားသူများ ရုတ်တရက် မျက်နှာ သုန်မှုန်သွားသည်။
*ဒီကောင်က တော်တော် မောက်မာတာပဲ၊ ငါတို့ကို ဘယ်လိုတောင် မလေးမစား လုပ်ရဲတာလဲ*
ဧကရာဇ် ယွီရှန်တောင်မှ သူတို့ကို မြင်လျင် စီနီယာအဖြစ် လေးစားရသော်လည်း ဤလူငယ်လေးက မာနကြီးလွန်းပြီး သူ့စကားတွင် သူတို့ကို အထင်သေးမှုတို့ ပြည့်နှက်နေ၏။
“ယဲ့ဘုရင် ငါက ယန်နိုင်ငံရဲ့ သံအမတ်ပဲ၊ မင်း ငါ့ကို တိုက်ခိုက်ရဲတယ်လား၊ မင်း သေချင်နေပြီလား၊ ယန်ဘုရင်က မင်းကို လုံးဝ ဒီအတိုင်း ထားမှာ မဟုတ်ဘူး”
အန်းလွီဟိုင်၏ မျက်လုံးများ မီးဝင်းဝင်းတောက်နေပြီး နာကျင်မှုက သူ့ကို ရူးမတတ် ဖြစ်စေသည်။
*ဒီခွေးမသားက သံအမတ်ကို တိုက်ခိုက်ရဲတယ်ပေါ့လေ၊ သေသင့်တဲ့ကောင်”
“ယန်နိုင်ငံရဲ့ဘုရင်လား”
ယဲ့ဖန်က ထီမထင်သောအပြုံးမျိုး ပြုံးလိုက်သည်။
“အခု သူက ငါ့ကို ဒီအတိုင်း မထားမှတော့ ငါလည်း သူ့ကို အလွတ်မပေးဘူး”
“မင်းတို့နိုင်ငံကို ပြန်ပြီး နှစ်တိုင်း တစ်ထရီလီယံ ငါတို့ကို လျော်ကြေးအဖြစ် ဆက်သဖို့ သူ့ကို ပြောလိုက်၊ ပြီးတော့ မင်းတို့ တစ်ယောက်ချင်းစီက လက်တစ်ဖက်စီကို ဖြတ်လိုက်၊ ဒါဆို ငါ မင်းတို့ကို နတ်ဆိုး အငွေ့အသက် အင်ပါယာကနေ အသက်ရှင်လျက် ထွက်သွားခွင့်ပေးမယ်”
ထိုစကားကိုကြားသော် အန်းလွီဟိုင်နှင့် အခြားသူများ မျက်နှာပျက်သွားသည်။ ယဲ့ဖန်က ဤသို့ လက်ခံနိုင်ဖွယ် မရှိသော တောင်းဆိုမှုကို လုပ်လာလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
*ယန်နိုင်ငံရဲ့ ဘုရင်ကို အကျပ်ကိုင်နေတာလား*
*ဒီကောင် ရူးနေတာလား*
*ပြီးတော့ သူက အင်မော်တယ် ဧကရာဇ်အဆင့်နှစ်ယောက်ရဲ့ ရှေ့မှာ ရှိနေတာလေ၊ ဒါတောင် သူတို့ကို အထင်သေးနေတာလား*
မသိလျင် သူတို့က ယဲ့ဖန်၏ လက်ခုပ်ထဲက ငါးများလိုပင်။ အင်မော်တယ် ဧကရာဇ်နှစ်ပါးလုံး ဤသို့သော အရှက်ရမှုမျိုးကို တစ်ခါမှ မကြုံတွေ့ဖူးပါ။
သူတို့နှစ်ယောက်သည် ကြီးမားသော အောင်မြင်မှုများရှိပြီး အလွန် လေးစားခံရကာ အင်မော်တယ် ဧကရာဇ်အဆင့်များထဲတွင် ထူးချွန်သူများဟု သတ်မှတ်နိုင်ပေသည်။
ဂျူနီယာတစ်ယောက် ဖြစ်သော ယဲ့ဖန်က သူတို့နှစ်ယောက်ကို အထင်သေးရဲသည်တဲ့လား။
ချက်ချင်းဆိုသလိုပင် ဆံဖြူနဂါးမိစ္ဆာတို့ နှစ်ယောက်၏ မျက်လုံးတွင် သတ်တော့ဖြတ်တော့မည့်ဟန်များ ပေါ်လာပြီး ယဲ့ဖန်အား ပြာကျမတတ် စူးစိုက်ကြည့်လာသည်။ ထို့နောက် သူတို့ လှုပ်ရှားတိုက်ခိုက်လာ၏။
“မျိုးမစစ်ကောင် ငါ မင်းခေါင်းကို ဖြတ်တဲ့အခါကျရင် ဘယ်လို မောက်မာဦးမလဲ ကြည့်ရသေးတာပေါ့”
ဆံဖြူနဂါးမိစ္ဆာက ရယ်မောလာသည်။
“မင်းက မောက်မာလွန်းမှတော့ မင်းကို အရင်သတ်မယ်၊ ပြီးမှ မင်းအင်ပါယာကို ဖျက်ဆီးမယ်”
သွေးလျှပ်စီးဘုရင်က ကြုံးဝါးလာပြီးနောက် ကောင်းကင်တွင် လျှပ်စီးများ လက်လာသည်။
အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်က ယဲ့ဖန်အား ဘယ်တစ်ယောက်၊ ညာတစ်ယောက် တိုက်ခိုက်လာပြီး အစွမ်းအထက်ဆုံး လူသတ်လက်နက်များဖြင့် တိုက်ခိုက်လာပြီး နားချိန်မပေးချေ။
သို့သော် ယဲ့ဖန်က မလှုပ်မယှက် နေမြဲနေနေသည်။
“အခုချိန်ထိ မင်း ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့လေ၊ သေပေတော့”
ဆံဖြူနဂါးမိစ္ဆာတို့ ပို၍ ကြမ်းကြတု်လာသည်။ လူသတ်ချင်နေသော အငွေ့အသက်က ပျံ့နှံ့လာပြီး ယဲ့ဖန်အား ချက်ချင်း လွှမ်းမိုးလာသည်။
“သူ့ကိုသတ်စမ်း”
အန်းလွီဟိုင်ကလည်း ဘေးနားမှ သံကုန်အော်ဟစ်လာသည်။ သူ့ကို မလေးမစားလုပ်ရဲသဖြင့် ဤနတ်ဆိုးဘုရင် တစ်စစီ ခုတ်ပိုင်းခံရသင့်သည်။
သူ့ကိုသတ်ပြီးလျင် ပိုင်ရွှယ်ကို သူ မသေမချင်း စော်ကား၍ အရှက်ခွဲပစ်မည်။ သို့မဟုတ်ပါက သူ့ရင်ထဲမှ အမုန်းတရားကို ဖြေဖျောက်နိုင်မည် မဟုတ်ပါ။
“ဝှစ်”
ထိုစဉ် ကြောက်စရာကောင်းသော ပုံရိပ်တစ်ခုက ခုန်ထွက်လာပြီး ယဲ့ဖန်ရှေ့၌ ပိတ်ရပ်ကာ လက်သီးနှစ်လုံး ပစ်သွင်းလိုက်သည်။
“ဝုန်း ဝုန်း”
ကျယ်လောင်သော ပေါက်ကွဲသံ နှစ်သံနှင့်အတူ အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံး လွင့်ထွက် သွားကြသည်။
အန်းလွီဟိုင် အပါအဝင် ယန်နိုင်ငံမှလူများအားလုံး မှင်တက်သွားပြီး မျက်နှာတွင် အလွန် ကြောက်ရွံ့ဟန်များ ပေါ်လာသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*တစ်ဖက်ကလူကြောင့် အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံး လွင့်ထွက်လာတာလား*
*ဒါက*
*မယုံနိုင်စရာ ကောင်းလွန်းတယ် မဟုတ်လား*
ထိုအခိုက်တွင် အားလုံး၏ အကြည့်က တိုက်ခိုက်လာသူထံ ကျရောက်သွားပြီး သူတို့၏ မျက်လုံးတွင် အလွန်တရာမှကို မယုံနိုင်ဟန်များ ပေါ်နေ၏။
တိုက်ခိုက်လာသူက သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးဖြစ်ပြီး ထိတ်လန့်ကြောက်ရွံ့ဖွယ် နတ်ဆိုး အသွင်အပြင် ရှိကာ ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်ဖော်နေသည်။
ဆံဖြူနဂါးမိစ္ဆာနှင့် သွေးလျှပ်စီးဘုရင်တို့ ကြမ်းပြင်ပေါ် ပြိုင်တူ ပြုတ်ကျလာပြီး ပါးစပ်မှ သွေးများ အန်လာသည်။ လက်ရှိတွင် သူတို့သည် နတ်တူနှင့် အထုခံလိုက်ရသကဲ့သို့ ခံစားနေရပြီး ကိုယ်တွင်းကလီစာများ ပျက်စီးလုနီးပါး ဖြစ်သွားရသည်။
“နောက်ထပ် အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက် ရှိနေတာလား”
သူတို့ ချုံးချီကို မယုံနိုင်ဟန်ဖြင့် ကြည့်နေပြီး မျက်လုံးတွင် ကြောက်ရွံ့ဟန်များ ပေါ်လာသည်။
သူတို့ ရထားသော သတင်းအရဆိုလျင် ဤနတ်ဆိုး အငွေ့အသက် အင်ပါယာ၌ အင်မော်တယ် ဧကရာဇ်အဆင့် ဟူ၍ ယဲ့ဖန်သာ ရှိသည်။
တစ်ဖက်လူ၏ အင်အားက အလွန် ကြောက်စရာကောင်းနေသေးပြီး သူတို့နှစ်ယောက်ကို တစ်ပြိုင်တည်း လွင့်ထွက်သွားအောင် လုပ်နိုင်သဖြင့် မယုံနိုင်စရာ ကောင်းလှပေသည်။
“ငါ မင်းနဲ့ ကစားမယ်”
ချုံးချီက လည်ပင်းအကြောလျှော့နေပြီး ရက်စက်သော အပြုံးမျိုး ပြုံးနေသည်။
“ငါ အင်မော်တယ် ဧကရာဇ်အဆင့်ရဲ့ အရသာကို မခံစားရတာ တော်တော်ကြာနေပြီ”
အင်မော်တယ် ဧကရာဇ်အဆင့်၏ အရသာက အရသာ အရှိဆုံးပင်။ လူသားမျိုးနွယ် အင်မော်တယ် ဧကရာဇ်အဆင့်၏ အသားအရသာက ပိုကောင်းသေးသည်။
“ချီးပဲ”
အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံး ဒေါသထွက်သွားပြီး ချုံးချီကို ပစ်မှတ်ထားကာ ပြိုင်တူ ပြေးတက်လာသည်။
ချုံးချီ လှောင်ရယ်လိုက်ပြီး ပြန်လည်၍ တိုက်ခိုက်လိုက်သည်။
“အား…”
“ဝေါင်း”
အော်သံနှစ်သံနှင့် သားရဲမာန်ဖီသံတစ်သံတို့ ပြိုင်တူ ထွက်လာပြီး နှစ်ဖက်လုံး လှုပ်ခါသွားပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများ ဖြစ်ပေါ်လာသည်။
ဆံဖြူနဂါးမိစ္ဆာ၏ မျက်လုံးအိမ် ပျက်စီးသွားပြီး နဖူးရိုး ကျိုးကာ ပါးတွင် သွေးများ စိုရွှဲနေသည်။
သွေးလျှပ်စီးဘုရင်နှင့် ချုံးချီတို့ လက်သီးချင်း ထိုးပြီးချိန်တွင် လက်ငါးချောင်းလုံး လိမ်ဖယ်ကာ ကျိုးကြေလုနီးပါး ဖြစ်သွားသည်။
ထို့အတူ ချုံးချီ၏ ခန္ဓာကိုယ်ပေါ်တွင် အစင်းကြောင်းနှစ်ခု ပေါ်နေပြီး သွေးများ စိမ့်ထွက်နေသည်။
“ဘာ … နှစ်ယောက်တစ်ယောက် ချတာတောင် မနိုင်ဘူးလား”
“အံ့ဩစရာပဲ”
“ချီးပဲ အလယ်ပိုင်းမှာ နတ်ဆိုးတွေ ပေါ်လာပြီဆိုတဲ့ ကောလာဟလက တကယ် ဖြစ်နေတာလား၊ ဒီနတ်ဆိုး အငွေ့အသက် အင်ပါယာက ယဲ့ဖန် တစ်ယောက်တည်းနဲ့တင် ကြောက်ဖို့ကောင်းနေတာ၊ ဒီမိစ္ဆာပါ ပါလာတော့”
အန်းလွီဟိုင် တုန်လှုပ်နေပြီး ကြောက်လန့်နေသည်။
*ငှက်တောင်ချေးပါမချတဲ့ ဒီလိုနိုင်ငံလေးမှာ ဘယ်လိုလုပ် အဲ့လိုမကောင်းဆိုးဝါးတွေ ပေါ်လာရတာလဲ*
“ဒီပုံစံက တော်တော် အနှောင့်အယှက် ဖြစ်တယ်”
ချုံးချီက မကျေမနပ် ပြောလာသည်။ ဤလူသားအသွင်က သူ၏ ခွန်အားကို ကြီးမားစွာ ချုပ်နှောင်ထားသည်။
“ဝုန်း”
အလင်းတန်းများ ထိုးထွက်လာပြီး လေပြင်းတိုက်ခတ်လာပြီးနောက် ဧရာမ သားရဲတစ်ကောင် ပေါ်လာသည်။
ခြေသည်းတစ်ဖက် ပုတ်လိုက်လျင် မြေပြင် တုန်ခါသွားရသည်။ နန်းတော်တစ်ခုလုံး တုန်ခါလာပြီး အဟန့်အတား ဖြစ်လာသော စွမ်းအားက ကြောက်စရာ ကောင်းလှသည်။
“ချုံး … ချုံးချီ”
ချုံးချီ၏ ခန္ဓာကိုယ် အစစ်ကို မြင်လိုက်ရသောအခိုက်တွင် ဆံဖြူနဂါးမိစ္ဆာနှင့် သွေးလျှပ်စီးဘုရင်တို့ ကြက်သီး တဖြန်းဖြန်း ထသွားကြသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
သူတို့သည် အလွန် ကြောက်ရွံ့နေသော မျက်နှာများဖြင့် ပြိုင်တူနီးပါး အော်ဟစ်လာ၏။
ချုံးချီသည် ရှေးခေတ်အခါက တည်ရှိခဲ့သော မိစ္ဆာကောင် ဖြစ်သည်။ သို့သော် သူ ပျောက်နေသည်မှာ နှစ်ရာထောင်ချီနေပြီ ဖြစ်ပြီး အဘယ်ကြောင့် ယနေ့ လောကတွင်း၌ ပြန်ပေါ်လာရသနည်း။
ဤသည်က လုံးဝ မဖြစ်နိုင်ပေ။ သူတို့ ဤအချက်ကို လက်မခံနိုင်ပါ။ တစ်ဖက်လူက ချုံးချီဖြစ်နေသဖြင့် သူတို့ အားကုန်သုံးလျင်တောင်မှ သတ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
ထို့နောက်တွင် ဆံဖြူနဂါးမိစ္ဆာက ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လေသည်။
“မင်းက ဘယ်သူလဲ”
ချုံးချီကို ထိန်းချုပ်နိုင်စွမ်း ရှိသဖြင့် ဤလူသည် တကယ် ကြောက်စရာကောင်းသော ပုဂ္ဂိုလ် ဖြစ်ရပေမည်။ သို့သော် ယဲ့ဖန်က သူ့မေးခွန်းကို ကြားပင်မကြားဘဲ အန်းလွီဟိုင်ထံ လျှောက်သွားသည်။
ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက်က ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာသည်။
အန်းလွီဟိုင် ရုတ်တရက် တုန်လှုပ်လာပြီး မျက်နှာတစ်ခုလုံး ဖြူရော်လာကာ မာမာထန်ထန်ဖြင့် ပြောလိုက်သည်။
“ယဲ့ဘုရင် မင်း ဘာလုပ်ချင်တာလဲ၊ ငါက ယန်နိုင်ငံရဲ့ သံအမတ်ပဲ၊ မင်း ငါ့ကို သတ်ရင် နှစ်နိုင်ငံကြားမှာ သဘောထား ကွဲလွဲမှု ဖြစ်လာနိုင်တယ်၊ မင်း အမှားမလုပ်ဖို့ ငါ သတိပေးလိုက်မယ်”
လက်ရှိတွင် အန်းလွီဟိုင်သည် မာနကြီးသော အပြုအမူ လုပ်နေဆဲဖြစ်ကာ ထိုအပြုအမူကို မလျော့နိုင် ဖြစ်နေ၏။ သို့သော် ယဲ့ဖန်အတွက် သူ့ခြိမ်းခြောက်မှုက သောက်ရေးမပါချေ။
ရုတ်တရက် ယဲ့ဖန်က သူ့လည်ပင်းကို ဖမ်းညှစ်၍ လေထဲမြှောက်လိုက်သည်။ သူ့မျက်လုံးတွင်းမှ အေးစက်သော အရိပ်အယောင်က ပိုပီပြင်လာသည်။
“မင်း”
အန်းလွီဟိုင် ကြောက်လန့်လာသည်။ လက်ရှိတွင် သူ ကြက်သီးတဖြန်းဖြန်း ထနေကာ ဤလူက သူ့ကို တကယ် သတ်ရန် ကြံနေမှန်း ရိပ်စားမိနေသည်။
*ခြိမ်းခြောက်တာက သူ့အတွက် အလုပ်မဖြစ်ပါလား*
*ငါတို့ ယန်နိုင်ငံ လက်စားချေလာမှာကို သူ လုံးဝ မစိုးရိမ်ဘူးပဲ*
*အရူး*
*ယဲ့ဘုရင်က အရူးဆိုတဲ့ ကောလာဟလက တကယ် ဟုတ်နေတာပါလား*
“မင်းက သေဖို့မကြောက်ပင်မယ့် မင်းလူတွေကရော၊ မင်းမိန်းမတွေကရော ဘယ်လိုလဲ၊ မင်း သူတို့ကို အရေးမစိုက်ဘူးလား”
အန်းလွီဟိုင် အော်ငေါက်လိုက်သော်လည်း သူ့အသံက တုန်နေသည်။
“မင်းနိုင်ငံ ရှင်းလင်းမခံရချင်ရင် ငါ့ကို လွှတ်ပေးလိုက်တာ ကောင်းမယ်၊ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်မယ်၊ ဒါဆို ငါ နတ်ဆိုးအငွေ့အသက် အင်ပါယာထဲက ထွက်သွားပြီး မင်းကို လုံးဝ ထပ်မနှောင့်ယှက်တော့ဘူး”
အန်းလွီဟိုင်၏ စကားများက မယုံရချေ။ သို့သော် သူ့အသက်ကို ကယ်နိုင်ရန် သူ ပြောရပေမည်။
“ယဲ့ဘုရင် မင်းဆုံးဖြတ်ချက်ကို သေချာစဉ်းစားတာ အကောင်းဆုံးပဲ၊ ဘာလို့လဲဆိုတော့ ဒါက မင်းဘဝမှာ ဆုံးဖြတ်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်သွားနိုင်လို့ပဲ”
ဆံဖြူနဂါးမိစ္ဆာကလည်း သတိပေးလာသည်။ လက်ရှိတွင် သူတို့သည် ချုံးချီ၏ ဖိနှိပ်ခြင်း ခံထားရသောကြောင့် အန်းလွီဟိုင်ကို ဂရုစိုက်ချိန် မရှိပေ။
“ဟားဟား”
သို့သော် ထိုအချိန်တွင် မမြင်ရသော လူသတ်လိုသည့် အငွေ့အသက်က လှိုင်းလုံးကြီးသဖွယ် ပျံ့နှံ့လာသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထောင်ချီသော နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာလေသည်။ သူ့ပုံစံက နတ်ဆိုးဝိညာဉ် ဝင်ပူးနေသလိုပင်။
“မင်း ဘာလုပ်ချင်တာလဲ”
ဤသည်ကိုမြင်သော် အန်းလွီဟိုင် ထအော်လာပြီး ယဲ့ဖန်၏ ရည်ရွယ်ချက်ကို သတိထားမိသွားသည်။
ယဲ့ဖန်က အံကြိတ်၍ ပြုံးပြလိုက်သည်။
“မင်းက သိမ်းပိုက်ခဲ့တဲ့ ဘုရင်တွေနဲ့ ဦးခေါင်းတေတွနဲ့ ငါ့မြေကို နင်းတယ်၊ ငါ့မိဖုရားကို စော်ကားတယ်၊ ငါ့လူတွေကို သတ်ဖြတ်ပြီး ကျွန်ပြုမယ်လို့ ခြိမ်းခြောက်တယ်”
“ငါ သေချာစဉ်းစားရမယ်ဆိုရင် ရလဒ်က မင်းတို့အားလုံး သေရမယ်ဆိုတာပဲ”
“ရူးနေလား၊ မင်း လုပ်နေတာက ရူးသွပ်တဲ့အရာနော်”
“ရူးနေတာ ဟုတ်လား”
ယဲ့ဖန် လှောင်ရယ်လိုက်ပြီးနောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဒါက ယဲ့ဘုရင်”
“ဒါက နတ်ဆိုးအငွေ့အသက် အင်ပါယာပဲ”
“ဂျွတ်”
ယဲ့ဖန်က သူ့လည်ပင်းကို ချိုးလိုက်ပြီးနောက် ခေါင်းတစ်ခုလုံးကို ဆွဲဖြုတ်လိုက်သည်။