အခန်း ၁၆၁၉
Vol. 108 Ch. 1619
Chapter 1619 အတောမသတ်နိုင်သော ရိုက်ခတ်မှု
ထန်မင်လီက ပိုင်လီကျန့်အား ခွေးသေတစ်ကောင်လို ပစ်တွန်းလိုက်သည်။ ထိုအခိုက်တွင် ပိုင်လီကျန့်သည် ဖုန်အလိမ်းလိမ်း ဖြစ်နေပြီး တစ်ကိုယ်လုံး နံစော်နေကာ ချဉ်စုတ်စုတ် အနံ့ပင် ထွက်နေ၏။
ပိုင်လီကျန့်သည် ရေမချိုးရသည်မှာ ဘယ်နှစ်ရက် ကြာနေပြီလဲပင် မသိနိုင်အောင် ဖြစ်နေပြီး မျက်နှာတစ်ပြင်လုံး ကြောက်စိတ် စိုးမိုးနေကာ လက်ရှိတွင် နှိပ်စက်ခံထားရမှန်း သိသာပေသည်။
ယွီထျန်းရှန်နှင့် ယွီရှန့်ရှီတို့ကို တွေ့သည်နှင့် သူ တအံ့တဩ အော်ဟစ်လာသည်။
“ဦးလေးတို့ ကျွန်တော့်ကို ကယ်ပါဦး”
ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့၏ မျက်နှာများ မည်းမှောင်သွားသည်။ ယဲ့ဖန်က ပိုင်လီကျန့်ကို ဤသို့ နှိပ်စက်ထားခြင်းက သူတို့ ယွင်နိုင်ငံ၏ သိက္ခာကို ချနေသလိုပင်။
သို့သော် ဤမျှနှင့် ပြီးမသွားချေ။ ယဲ့ဖန်က ဓားအိမ်ကိုမြှောက်၍ ပိုင်လီကျန့်၏ လက်ဝါးကို ရိုက်ချလိုက်သည်။ ဘန်းခနဲ အသံနှင့်အတူ ပိုင်လီကျန့်၏ လက်ဝါး ကြေမွ၍ အသားပြား ဖြစ်သွားလေသည်။
“အား…”
ပြောမပြတတ်လောက်အောင် နာကျင်စွာ အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ပိုင်လီကျန့်၏ မျက်နှာတွင် ထိတ်လန့်ချောက်ချားဟန်များ ဖုံးလွှမ်းလာပြီး တစ်ကိုယ်လုံး တုန်ယင်ကာ နာကျင်နေလေသည်။
“မင်း”
ဤမြင်ကွင်းက ယွီထျန်းရွှမ်အား မျက်လုံး မီးတောက်သွားစေသည်။ ယဲ့ဖန်က တမင်သက်သက် လုပ်လိုက်ခြင်း ဖြစ်မှန်း သိသာလှသည်။
သို့သော် ယဲ့ဖန်က သူ၏ ရက်စက်သော အပြုအမူကို ဂရုမစိုက်ဘဲ ယွီထျန်းရွှမ်တို့ နှစ်ယောက်အား အပေါ်စီးမှ ကြည့်နေသည်။
“ဒူးထောက်မှာလား မထောက်ဘူးလား”
“မျိုးမစစ်ကောင် ငါ မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ၊ မင်း သေပြီသာမှတ်၊ မင်းတင်မကဘူး နန်းတော်ထဲက မျိုးမစစ်ကောင်တွေ အားလုံး သေရမယ်”
ယွီရှန့်ရှီ၏ မျက်လုံးများက ရက်စက်ဟန် ပေါ်နေပြီး မျက်နှာတွင် သတ်ဖြတ်တော့မည့်ပုံ ပေါ်နေကာ လက်ရှိတွင် သူ မတိုက်ဘဲ မနေနိုင်အောင် ဖြစ်နေသည်။
“တကယ်လား”
ယဲ့ဖန်က အထင်သေးစွာ ပြုံးလိုက်ပြီး ထပ်မံ၍ ရိုက်ချလိုက်သည်။
“ဘန်း”
ပိုင်လီကျန့်၏ နောက်တစ်လက်သည်လည်း ကြေမွသွားလေသည်။
“မလုပ်နဲ့ ဦးလေး ထပ်မပြောပါနဲ့တော့၊ သူ့ကို ထပ်ရန်မစပါနဲ့”
ပိုင်လီကျန့် ငယ်သံပါအောင် အော်ဟစ်လာသည်။ ဤအပေးအယူ ကာလအတွင်း ယွီရှန့်ရှီအား သူ့အရှေ့မှ နတ်ဆိုးသည် ဘာကိုမှ မမှုကြောင်း သေချာပြောခဲ့သည်။ ခြိမ်းခြောက်ခြင်းကလည်း သူ့အတွက် အကူအညီ မဖြစ်ပါ။
ယဲ့ဖန်ကို ဒေါသထွက်အောင် လုပ်မိပါက အဆုံးသတ်၌ ကံမကောင်းမည့်သူက သူ ကိုယ်တိုင်ပင်။
“ယဲ့ဘုရင် မင်း သေသင့်တယ်”
ယွီရှန့်ရှီ လွှားခနဲ ခုန်ပျံလာပြီး သူ့မျက်လုံးများက မီးဝင်းဝင်း တောက်နေကာ ယဲ့ဖန်အား အသည်းအသန် သတ်ချင်နေသည်။
ထိုအခါ ယဲ့ဖန်ကလည်း ဓားကိုထုတ်၍ ခုတ်လွှဲလိုက်သည်။ သို့သော် ဓားချက်က ပိုင်လီကျန့်ကို ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သည်။
ပိုင်လီကျန့်၏ ခြေထောက်များ အဖြတ်ခံလိုက်ရပြီး ခြေသလုံးအောက်ခြေမှ တိခနဲ ပြတ်ကာ သွေးများ ပန်းထွက်လာပြီး ပိုင်လီကျန့်သည်လည်း နာကျင်မှုကြောင့် မျက်ဖြူလန်နေ၏။
ရက်စက်ကြမ်းကြုတ်လွန်းလှသည်။
ယဲ့ဖန်က သက်ညှာမှု လုံးဝ မပြသလို ယွင်နိုင်ငံအား စော်ကားရာ ရောက်မည်ကိုလည်း မစိုးရိမ်ပေ။
နတ်ဆိုးမျိုးနွယ်များအားလုံး အားပါးတရ ရယ်မောနေကြပြီး တစ်ချိန်တည်းမှာပင် ယွီရှန့်ရှီနှင့် အခြားသူများအား မင်း ဘာတတ်နိုင်သေးလဲဟူသော အကြည့်ဖြင့် ကြည့်နေသည်။
ထို့အပြင် ပိုင်ရွှယ်သည် သူမဖိနပ်ပေါ်သို့ ပိုင်လီကျန့်၏ သွေးများ လာစဉ်သည်ဟု ထင်သဖြင့် ပိုင်လီကျန့်အား အဝေးသို့ ကန်ထုတ်လေသည်။
“ယွီရှန့်ရှီ သူတောင်းစား၊ မျိုးမစစ်ကောင် ငါ့ရှေ့က ထွက်သွားစမ်း”
ပိုင်လီကျန့် ကြိမ်းမောင်းလာသည်။ ဤအရာအားလုံးက ယွီရှန့်ရှီကြောင့် ဖြစ်သည်။ ယွီရှန့်ရှီကြောင့်သာ မဟုတ်လျင် သူ ဤသို့ ဒုက္ခတွေ့ရမည် မဟုတ်ပါ။
“မင်း…”
ယွီရှန့်ရှီလည်း အံ့ဩသွားသည်။ သူ ပိုင်လီကျန့်ကို စေတနာဖြင့် ကယ်ရန် ကြိုးစားခြင်း ဖြစ်သော်လည်း ပိုင်လီကျန့်၏ ငေါက်ငမ်းခြင်း ခံရလိမ့်မည်ဟု ထင်မထားမိပါ။
ဤသည်က အလွန် ဒေါသထွက်စရာ ကောင်းလှသည်။
“ဒုန်း”
ထိုအခိုက်တွင် ယွီထျန်းရွှမ်က သုန်မှုန်နေသော မျက်နှာဖြင့် ဒူးထောက်နေသည်။ ပိုင်လီကျန့်အား ကယ်တင်နိုင်ရန် အလို့ငှာ သူ၏ ဒေါသကို လက်ရှိတွင် ထိန်းချုပ်ထားရသည်။
ထို့အတူ သူ့စိတ်ထဲ၌ ယဲ့ဖန်အား မြေမြှုပ်စရာ အလောင်းပင် မကျန်အောင် လုပ်ပစ်မည်ဟု ကျိန်ဆိုထားသည်။ မသေမချင်း နှိပ်စက်မည်ဟုလည်း တွေးထားသည်။
“ယွီရှန့်ရှီ ဒူးထောက်လိုက်”
ယွီထျန်းရွှမ်က ယွီရှန့်ရှီအား ငေါက်လိုက်သည်။ ထိုသို့သောအချိန်၌ ယဲ့ဖန်၏ ဓားက ပိုင်လီကျန့်၏ လည်ပင်းပေါ် ရောက်နေပြီး ယွီရှန့်ရှီအား အေးစက်သော အကြည့်များဖြင့် ခြိမ်းခြောက်သလို ကြည့်နေသည်။
ယွီရှန့်ရှီသည် ဒေါသထွက်နေသော်လည်း ယဲ့ဖန်ရှေ့၌ ဒူးထောက်ရန် ရွေးချယ်လိုက်သည်။
“ယဲ့ဘုရင် အခု ကျုပ်တို့ စကားပြောလို့ ရပြီလား”
ယွီထျန်းရွှမ်က နှိမ့်ချသည်လည်းမဟုတ် မောက်မာသည်လည်း မဟုတ်သော လေသံဖြင့် မေးလိုက်လေသည်။
“မင်းတို့ ဘယ်လို ပြန်ပေးငွေမျိုး ယူလာလဲ ပြောပါဦး”
ယဲ့ဖန်က ဓားကိုပြန်သိမ်း၍ အေးစက်စက် မေးလိုက်သည်။
“နျူကလီးယား စွမ်းအင်သုံး စစ်ရေငုပ်သင်္ဘော ဆယ့်နှစ်စီး၊ ကြယ်စု စစ်သင်္ဘော သုံးစီး၊ အဖြိုက်နက် စွမ်းအင်သုံး မိခင်သင်္ဘော တစ်စီးနဲ့ တင့်ကား အစီးတစ်ရာ”
ဤအရာများသည် ငွေကြေးနှင့် တန်ဖိုးဖြတ်နိုင်သော အရာများ မဟုတ်သလို ယင်းက ယွင်နိုင်ငံ၏ စစ်အင်အား တစ်ဝက်မျှ ဆုံးရှုံးစေသည်။
“မင်းတို့ ယွင်နိုင်ငံက တကယ် စိတ်အားထက်သန်တာပဲ”
ယဲ့ဖန် သရော်လိုက်သည်။
“ပိုင်လီကျန့်က ငါတို့ဘုရင်ရဲ့ အချစ်ဆုံးသားပဲ၊ သူ့အတွက်ဆို အရှင်က ဘာမဆို ပေးနိုင်တယ်”
ယွီထျန်းရွှမ်က လေးနက်စွာ ပြောနေသော်လည်း စိတ်ထဲ၌ ပျက်ရယ်ပြုနေသည်။ သူ ယဲ့ဖန်ကို များပြားသော အရာများ ပေးမည်ဟု ကတိပေးလိုက်လဲ ဘာအရေးနည်း။ အဆုံးသတ်၌ သူတို့လက်ဖြင့် သူတို့ ပြန်သိမ်းမည် မဟုတ်ပါလော။
*ဒီအရူးက ယွင်နိုင်ငံက စစ်အင်အား တစ်ဝက်ကို ဘာမဟုတ်တဲ့ ပိုင်လီကျန့်အတွက် လဲလှယ်မယ်လို့ ထင်နေတာလား*
*ပိုင်လီကျန့်က မင်းသားတစ်ပါးဆိုပင်မယ့် ရက်စက်တဲ့ တော်ဝင်မိသားစုထဲမှာ မင်းသားတစ်ယောက်လောက်ကို အရေးစိုက်မှာလား၊ ပိုင်လီဟုန်မှာ သားတွေ အများကြီးရှိတာ ပိုင်လီကျန့် သေသွားလို့ ဘာမှထူးမသွားဘူး*
“အခု အဲ့ဒီ ပြင်ဆင်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို နတ်ဆိုးအငွေ့အသက် အင်ပါယာရဲ့ နယ်စပ်မှာ ရပ်တန့် ထားပါတယ်၊ မင်းသားကို ပြန်လွှတ်ပေးမယ်လို့ ကတိပေးတာနဲ့၊ စစ်လက်နက်ပစ္စည်းတွေကို အချိန်မရွေး ယူလို့ရတယ်”
ယွီထျန်းရွှမ်က ဆက်ပြောလာသည်။
“ဒါဆို မင်း ဘာကို စောင့်နေတာလဲ”
ယဲ့ဖန် ပျက်ရယ်ပြုလိုက်ပြီး ပိုင်လီကျန့်ကို ဆွဲကိုင်၍ ယွီထျန်းရွှမ်ထံသို့ ပစ်ထုတ်လိုက်သည်။ ယွီထျန်းရွှမ် တစ်ခဏမျှ မှင်တက်နေပြီးနောက် အလျင်အမြန် ခုန်ထ၍ လှမ်းဖမ်းလေသည်။ ထို့နောက် သူ့မျက်နှာတွင် မယုံနိုင်ဟန်များ ပေါ်လာသည်။ ယဲ့ဖန်က ဤမျှ ရိုးသားလိမ့်မည်ဟု သူ ထင်မထားမိပေ။
*သူက လူကို တန်းပေးလိုက်တာပဲ*
*အရူး*
ယွီထျန်းရှန်၏ မျက်နှာ အမူအရာက စာရွက်လှန်သည်ထက်ပင် ပို၍ လျင်မြန်စွာ ပြောင်းလဲသွားသည်။ တစ်ခဏအတွင်း သူ့မျက်နှာ၌ ရက်စက်ကြမ်းကြုတ်ဟန် ပေါ်လာသည်။ ထို့နောက် သူက ပိုင်လီကျန့်အား သူ့လူများထံ တွန်းထုတ်လိုက်သည်။
“အရှင်မင်းသားကို စောင့်ရှောက်ထား”
ထို့နောက် ယွီရှန့်ရှီကလည်း ဒူးထောက်နေရာမှ ထရပ်လာပြီး အလွန် မုန်းတီးသော မျက်နှာထားနှင့် တည်ငြိမ်စွာ ပြောလေသည်။
“မျိုးမစစ်ကောင် ငါ မင်းကို အပိုင်းတစ်ထောင်အထိ ခုတ်ဖြတ်ပစ်မယ်”
ပိုင်လီကျန့်ကို ပြန်ရလာပြီဖြစ်သဖြင့် သူ့၌ စောင့်ထိန်းစရာ စည်းမျဉ်း မလိုတော့ပေ။ ယဲ့ဖန်နှင့် ကျန်ပုရွက်ဆိတ်ကောင်များသည် သူ့ကို အရှက်ခွဲခဲ့သည့်အတွက် ပြန်လည်၍ တန်ကြေးပေးဆပ်ရပေမည်။
လက်ရှိတွင် သူ၏ ခံ့ညားသော မျက်နှာက အကျည်းတန်နေသည်။ သူ့မျက်လုံးတွင်းမှ အမုန်းတရားက ပြင်းထန် လွန်းလှသည်။
ယွီထျန်းရွှမ်ကလည်း ရှေ့သို့ တက်လာပြီး လက်ထဲ၌ စက်လုံးတစ်လုံးကို ကိုင်ထားပြီး ယဲ့ဖန်အား ကြောက်စရာကောင်းသော မျက်နှာထားနှင့် ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။
“ဒီနေ့ နတ်ဆိုးအငွေ့အသက် အင်ပါယာ ပျက်စီးရမယ်”
ချက်ချင်းဆိုသလိုပင်အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံးက ဖိနှိပ်လာသည်။ နတ်ဆိုးများအားလုံး ဒေါသထွက်လာကြသည်။
*ဒီလူတွေက ချက်ချင်း အချိုးပြောင်းပြီး ကတိမတည်တော့ပါလား*
*အရှက်မရှိလိုက်တာ*
“သူ့ကိုသတ်၊ ဦးလေးတို့ သူ့ကို သေတဲ့အထိ နှိပ်စက်ပါ”
ပိုင်လီကျန့်ကလည်း အသံနက်ဖြင့် အော်ဟစ်လာပြီး မျက်နှာထားမာမာနှင့် ကြည့်နေပုံက ကြောက်စရာ ကောင်းလှသည်။
ဤအတောအတွင်း သူ နှိပ်စက်ခံရပြီး တိရစ္ဆာန်တစ်ကောင်သဖွယ် ဆက်ဆံခံခဲ့ရသည်။ ထိုအတွက် ယဲ့ဖန် ပြန်ပေးဆပ်ရပေမည်။
သို့သော် ယဲ့ဖန်က မပြောင်းလဲသော မျက်နှာထားနှင့် တည်ငြိမ်စွာ ပြောလာသည်။
“အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ရဲ့ စကားက ဟိုလိုလို သည်လိုလို ဖြစ်နေတာ၊ ရှက်သလို မခံစားရဘူးလား”
“ဒါ ရှက်စရာ မဟုတ်ဘူး၊ ဒီစကားကို ယုံတဲ့ မင်းက တုံးလွန်းမနေဘူးလား”
ယွီထျန်းရွှမ်က လှောင်ရယ်လေသည်။
“ထပ်ပြောရမယ်ဆိုရင် ဒီနေ့ ငါ နတ်ဆိုးအားလုံး သတ်သွားခဲ့ရင် ငါ ဘာပြောခဲ့လဲဆိုတာကို ဘယ်သူ သိဦးမှာလဲ”
“အိုး … တော်တော် ယုတ်မာပြီး အရှက်မဲ့တဲ့လူပါလား”
ယဲ့ဖန်က လက်ခုပ်တီးပြီး ပုလ္လင်ပေါ် ထိုင်နေရာမှ ထရပ်လာသည်။ နတ်ဆိုးမျိုးနွယ်များလည်း မျက်မှောင်ကြုတ် နေပြီး ဒေါသထွက်နေကြသည်။
“ဘာလဲ နောင်တရတာလား၊ နောက်ကျရလည်း နောက်ကျလွန်းသွားပြီ၊ အမှန်အတိုင်း ပြောရရင် ငါတို့ အစကတည်းက ညှိနှိုင်းဖို့ အစီအစဉ် မရှိဘူး၊ အရှင့်သားကို ပြန်ရတာနဲ့ မင်းရဲ့ နတ်ဆိုးအငွေ့အသက် တိုင်းပြည်ကို ငရဲကျသလို ဖြစ်အောင် လုပ်ပေးမလို့ တွေးထားပြီးသား”
ယွီရှန့်ရှီက အားပါးတရ ရယ်နေပြီး မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များ တိုးပွားလာသည်။
“ယဲ့ဘုရင် မင်း သေရမယ်”
ယွီထျန်းရွှမ်ကလည်း ရယ်မော၍ ပြောလာသည်။
“စစ်သင်္ဘောကတော့ မင်းကိုပေးဖို့ ယူလာတာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ အမိန့်ပေးလိုက်တာနဲ့ သူတို့က နယ်စပ်ကနေ နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံး ပြာကျအောင် ပစ်ခတ်လိမ့်မယ်”
“ယဲ့ဘုရင် သေပေတော့’
ထို့နောက် ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့က ပြိုင်တူ လှုပ်ရှားလာကြပြီး တစ်ကိုယ်လုံး လင်းလက်လာကာ သူတို့၏ အစွမ်းအထက်ဆုံး တိုက်ကွက်များကို ထုတ်ဖော်၍ ပြေးတက်လာသည်။
ယွီရှန့်ရှီက တောတောင်ရေမြေကိုပင် ကြေမွအောင် လုပ်နိုင်သည်ဟု ထင်မှတ်ရသော အတောမသတ်နိုင်သော စွမ်းအင်များ ပါဝင်သည့် လက်ဝါးချက်ဖြင့် ယဲ့ဖန်၏ ဦးခေါင်းကို ရိုက်ချလာသည်။
တစ်ချိန်တည်းမှာပင် ယွီထျန်းရွှမ်က စက်လုံးအား ရွှေရောင်လျှပ်စီးအသွင် ပြောင်း၍ တိုက်ခိုက်လာသည်။ ယန်စွမ်းအင်က ပင်လယ်အလား ကြီးမားကျယ်ပြန့်လာပြီး အရာအားလုံးကို ဖိနှိပ်လာနိုင်လေသည်။
သို့သော် ယဲ့ဖန်က အထင်သေးသော အပြုံးမျိုး ပြုံးလိုက်ပြီး လက်တစ်ဖက်က ဓားအိမ်ကို ကိုင်ပြီး ကျန်လက်တစ်ဖက်က ဓားကို ဆွဲထုတ်လိုက်သည်။
“အဆုံးအစမဲ့ ငရဲဓားချက်”
“ရွှစ်”
၎င်းသည် ခမ်းနားသော လှုပ်ရှားမှု မဟုတ်သလို ထည်ဝါသည်ဟုလည်း ခေါ်၍မရချေ။ ဓားချက်က လေဟာနယ်ကို ခွင်းလာပြီး အက်ကြောင်းရာ ဖြစ်လာစေသည်။
ယွီထျန်းရွှမ်တို့ နှစ်ယောက်၏ မျက်နှာများ ပျက်ယွင်းသွားပြီး ချွန်ထက်သော ဓားသွားက သူတို့ကို ကြောက်လန့် စေ၏။ သူတို့ရင်ထဲ၌ အန္တရာယ် အငွေ့အသက်ကို ခံစားမိနေသည်။
“ဝုန်း”
နှစ်ယောက်စလုံး၏ တိုက်ကွက်များ ပျက်စီးသွားသည်။ ယွီရှန့်ရှီ၏ ညာလက် ပြတ်သွားပြီး သွေးများ ပန်းထွက်လာသည်။
ဓားစွမ်းအင်သည် အဆုံးအစွန်သော အဆင့်အထိ ရောက်ရှိနေပြီး ဖြစ်ပြီး လူ့အသားကို မဆိုထားနှင့် တာအိုစွမ်းအင်ကိုပင် ဖျက်ဆီးနိုင်ပေသည်။
“ချီးပဲ”
ယွီရှန့်ရှီ၏ မျက်လုံးတွင် မယုံနိုင်လောက်အောင် ကြောက်လန့်ဟန်များ ပြည့်နှက်လာသည်။ သူ တကယ် တစ်ကွက်တည်းနှင့် ရှုံးသွားသည်တဲ့လား။
*ဒါက*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ပြင်းထန်သော နာကျင်မှုက သူ့အား ရူးမတတ် ဖြစ်စေသည်။ သူ စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းနေချိန်တွင် ထက်ရှသော ဓားစွမ်းအင်က သူ၏ မျက်နှာထံ ပျံ့လွင့်လာ၏။
ယွီရှန့်ရှီ အပြင်းအထန် တုန်လှုပ်သွားပြီး အသည်းအသန် နောက်ဆုတ်၍ ကိုယ်ကိုရို့ကာ ကြောက်စရာ ကောင်းသော ဤတိုက်ခိုက်မှုကို ရှောင်တိမ်းလေသည်။
“ရွှစ်”
သို့သော် လက်မောင်းတစ်ဖက်လုံး စုတ်ပြဲသွားရသည်။ သူသည်လည်း ကြမ်းပြင်ပေါ် လဲကျကာ မျက်နှာတွင် မယုံနိုင်ဟန်များ ပြည့်နှက်လာသည်။
*ငါ လက်တစ်ဖက် ပြတ်သွားတာလား*
“ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ယဲ့ဘုရင် မင်း ဘာလုပ်လိုက်တာလဲ”
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်မှ ယွီထျန်းရွှမ်၏ ချောက်ချားသော အသံ ထွက်လာလေသည်။ ယွီရှန့်ရှီ အသည်းအသန် လှမ်းကြည့်လိုက်သောအခါ ယွီထျန်းရွှမ်၏ ထိုင်းမိုင်းနေသော အမူအရာနှင့် မျက်လုံးတွင် မယုံကြည့်နိုင်ဟန်တို့ ပြည့်နက်နေသော ပုံကိုသာ တွေ့လိုက်ရသည်။ သူ့လက်ထဲမှ စက်လုံးက ပျက်စီးနေ၏။
ယွီရှန့်ရှီ ချက်ချင်း ကြက်သီးထလာသည်။ ယွီထျန်းရွှမ်၏ စက်လုံးသည် ပင်လယ်နှင့် မြေကြီးတို့မှ ရရှိလာသော စွမ်းအင်ဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး အမြဲ ထူးခြားဆန်းကြယ်ခဲ့ပြီး မပျက်စီးနိုင်သလို သူတောင်မှ မဖျက်ဆီး နိုင်ပေ။
သို့သော် ယဲ့ဖန်က တစ်ချက်တည်းသာ တိုက်ခိုက်ခဲ့သည်။ ယင်းတစ်ချက်တည်းက သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုအား အကြီးအကျယ် ပျက်စီးစေပြီး မယုံနိုင်စရာ ကောင်းလှသည်။
ယွင်နိုင်ငံမှ လူများအားလုံးသည်လည်း နားဝေတိမ်တောင် ဖြစ်နေကြသည်။ ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့၏ ခွန်အားသည် တစ်လောကလုံး၌ ကျော်ကြားပေသည်။ ဘယ်လိုလုပ် သူတို့က တစ်ဖက်လူ၏ ဓားချက်ကြောင့် ရှုံးနိမ့်သွားရသနည်း။
“အဆုံးအစမဲ့ ငရဲဓားချက် ဟုတ်လား၊ တမလွန်လမ်းကို ဖြတ်တောက်ပြီး သေခြင်းရှင်ခြင်းတံခါးကို ဖွင့်နိုင်တဲ့ အဲ့ဒီ အဆုံးအစမဲ့ ငရဲဓားချက်လား”
ရုတ်တရက် ယွီထျန်းရွှမ်၏ အမူအရာက အကြီးအကျယ် ပျက်ယွင်းသွားသည်။ အလှမ်းဝေးသော ရှေးခေတ်အခါက တည်ရှိခဲ့သည့် ဤဒဏ္ဍာရီလာ ဓားချက်ကို သူ မှတ်မိပါသည်။
၎င်းက ဧကရာဇ်ကိုးပါးထဲမှ တစ်ပါးဖြစ်သော ကျူးလုံ ဧကရာဇ် ဖန်တီးခဲ့ခြင်း ဖြစ်၏။ သို့သော် ကျူးလုံ ဧကရာဇ်၏ သေဆုံးမှုနှင့်အတူ ထိုဓားချက်သည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
*ဘယ်လိုလုပ် ဒီကောင်က ဒါကို ထုတ်ဖော်နိုင်တာလဲ*