← Chapters

အခန်း ၁၆၂၀

Vol. 108 Ch. 1620

အခန်း ၁၆၂၀

Vol. 108 Ch. 1620

Chapter 1620 ခွေးဖြစ်ရင်တောင်မှ

သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ဖန်က နောက်တစ်ချက် ဓားဖြင့် တိုက်ခိုက်လာပြန်သည်။ ဓားအလင်းရောင်က လေကိုခွင်း၍ သတ်ဖြတ်တော့မည့် ရည်ရွယ်ချက်ဖြင့် သူတို့ထံ ကျရောက်လာသည်။

“တာအို ပိတ်ဆို့ခြင်း”

“မဟာဖျက်ဆီးခြင်း လက်သီး”

ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ ပြိုင်တူ ဒေါသထွက်လာကြသည်။ လက်ရှိတွင် သူတို့ ရန်သူကို အထင်မသေး သင့်ကြောင်း သတိပြုလိုက်မိသည်။ သူတို့အရှေ့မှလူသည် ထင်ထားသည်ထက် ကြောက်စရာ ကောင်းလှသည်။

သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုက ဓားအလင်းနှင့် ပေါင်းဆုံသွားသည်။

“ဝုန်း”

ပျက်စီးကိန်း ဆိုက်တော့မတတ် ကြောက်မက်ဖွယ် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့အတူ ကြောက်လန့်တကြား အော်သံလည်း ထွက်ပေါ်လာ၏။

နောက်ဆုံးတွင် ဓားအလင်းရောင်က သူတို့၏ တိုက်ကွက်ကို ဖြိုကွင်းလာပြီး သွေးများ ထပ်မံ၍ ပန်းထွက် လာစေသည်။

ပြင်းထန်သော ဓားအလင်းရောင်က သူတို့၏ လက်မောင်းကို မွှေနှောက်သွားပြီး အမာရွတ်များ ထောင်ချီ၍ ပေါ်လာစေကာ အရေပြား စုတ်ပြတ်ကုန်သည်။

“မဖြစ်နိုင်ဘူး”

နှစ်ယောက်လုံး ကြောက်လန့်တကြား အော်ဟစ်လာပြီး ပြင်းထန်သော နာကျင်မှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့နေပြီး သူတို့အား ထိတ်လန့်၍ ဒေါသထွက်လာစေသည်။

သူတို့သည် အင်မော်တယ် ဧကရာဇ်အဆင့်များ ဖြစ်သည်။ သို့သော် သူတို့အရှေ့မှလူ၏ အမြင်တွင် သူတို့က ခွေးတစ်ကောင် ဝက်တစ်ကောင်မျှသာ ဖြစ်ပြီး တစ်ချက်တည်းဖြင့် အနိုင်ပိုင်းနိုင်နေ၏။

ယခုကဲ့သို့ အဖြစ်မျိုး ယခင်က တစ်ခါမှ မဖြစ်ဖူးပေ။

ပိုင်လီကျန့်သည်လည်း အံ့ဩနေသည်။ သူ့စိတ်ထဲတွင် သူ၏ ဦးလေးနှစ်ယောက်က ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်များ ဖြစ်သည်။

တစ်ယောက်က ယွင်နိုင်ငံ၏ ဗျူဟာမှူး ဖြစ်ပြီး ကျန်တစ်ယောက်က ယွင်နိုင်ငံ၏ စစ်သူကြီး ဖြစ်လေသည်။ နှစ်ယောက် ပူးပေါင်းလိုက်လျင် လောကကိုပင် စိုးမိုးနိုင်၏။

သို့သော် ယခု ယဲ့ဘုရင်ရှေ့မှောက်၌ သူတို့က ခုခံနိုင်စွမ်း မရှိ ဖြစ်နေသည်။ ကြောက်စရာကောင်းလှသလို ကြံရာမရ ဖြစ်စေသည်။

ပိုင်လီကျန့် ငိုလုနီးပါး ဖြစ်နေလေသည်။

*ဒီမိစ္ဆာက ဘယ်လောက်ထိ ကြောက်စရာကောင်းတာလဲ*

“ငါ့ကို‌ သေခိုင်းမယ်ဟုတ်လား၊ မင်းတို့က အဲ့လို လုပ်နိုင်လို့လား”

ယဲ့ဖန်က ပုလ္လင်ပေါ် ပြိုင်ထိုင်လိုက်ပြီး သူတို့နှစ်ယောက်ကို စိတ်ဝင်စားမှု လျော့နည်းနေပုံ ပေါ်သည်။ ဤသည်ကိုကြည့်ပြီး နတ်ဆိုးအားလုံး၏ မျက်နှာပေါ်မှ အထင်သေးသော အရိပ်အယောင်က ပိုပီပြင်လာ၏။

“ဟာသပဲ အရှင်မင်းမြတ်ကို မင်းတို့လို သာမန်လူက ခုခံနိုင်လို့လား”

“ငါတို့ကို သတ်မယ် ဟုတ်လား၊ ဟီးဟီး ဒီနေ့ မင်းတို့နှစ်ယောက် သေမှာတောင် စိုးရတယ် အရူးတွေ”

“မနေ့ကတင် အင်မော်တယ် ဧကရာဇ်အဆင့်နှစ်ယောက် အသတ်ခံလိုက်ရပြီ၊ ဒီနေ့လည်း နောက်နှစ်ယောက် လာပြန်ပြီ၊ မနက်ဖြန်လည်း ဒီလို နောက်အရူးနှစ်ယောက် လာဦးမလား မသိဘူး ဟားဟား”

သူတို့ အားပါးတရ ရယ်နေကြသည်။

*သာမန်လူတွေ ဟုတ်လား*

*မနေ့က အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက် လာအသေခံတယ် ဟုတ်လား*

ယွီရှန့်ရှီ မျက်လုံးပြူးသွားသည်။

“မင်း အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ကို သတ်ခဲ့တယ် ဟုတ်လား”

လက်ရှိတွင် သူ ထပ်၍ ဒေါသမထွက်နိုင်တော့ပါ။ ရက်စက်သည်ဟု ထင်ရသော်လည်း ယင်းက ဦးနှောက် ပြဿနာ ဖြစ်နေခြင်း မဖြစ်နိုင်ပေ။ အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ကို ချက်ချင်း သတ်နိုင်သည်က အလွန် ကြောက်စရာ ကောင်းလှသည်။

သူတောင်မှ တစ်နေ့တည်းနှင့် အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ကို မသတ်နိုင်ပေ။ အင်မော်တယ် ဧကရာဇ်အဆင့်ချင်း ထိပ်တိုက် ရင်ဆိုင်ရလျင် ချက်ချင်း အဖြေမပေါ်တတ်ချေ။

အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်အား တစ်ရက်တည်းနှင့် သတ်နိုင်ခြင်းက ဒဏ္ဍာရီလာလိုပင်။

ထိုစဉ် ကြက်ကတုံးက လှောင်ရယ်၍ ခေါင်းပြတ်နှစ်လုံးအား ကန်ထုတ်လာသည်။

“ဆံဖြူနဂါးမိစ္ဆာ”

“သွေးလျှပ်စီးဘုရင်”

ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ မျက်လုံးပြူးသွားပြီး သူတို့၏ စိတ်ဝိညာဉ် အကြီးအကျယ် ထိခိုက်ပျက်စီးသလို ခံစားလိုက်ရသည်။ သူတို့ ကြက်သေ သေနေကြသည်။

*ဘာတွေဖြစ်ကုန်တာလဲ*

*ဒီနှစ်ယောက်က ယန်ဘုရင်ရဲ့ ဘယ်လက်ရုံးနဲ့ ညာလက်ရုံး မဟုတ်လား*

*သူတို့ရဲ့ ခွန်အားက မတွေးတတ်လောက်အောင် နက်နဲတာလေ*

ထိုလူများသည် နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်သူများ ဖြစ်ပြီး သူတို့နှစ်ယောက်တောင်မှ စီနီယာများဟု တလေးတစား ခေါ်ဝေါ်ရသည်။ ယခု ထိုလူများက ဤနေရာ၌ သေသွားသည်တဲ့လား။

ကြမ်းပြင်ပေါ် ကျနေသော ခေါင်းပြတ်နှစ်လုံးသည် မျက်လုံးများ ပြူးကျယ်နေပြီး ဆောက်တည်ရာမရဖြစ်ကာ နာကျင်နေဟန် ပေါ်နေပြီး သူတို့ကို စိုက်ကြည့်နေသလိုပင်။

ယင်းခေါင်းပြတ်များက ယွီထျန်းရွှမ်နှင့် အခြားသူများအား သူတို့ မသေခင်က မည်မျှ နှိပ်စက်ခံခဲ့ရသလဲ ရှင်းပြနေပုံ ပေါက်နေ၏။

ရုတ်ချည်းဆိုသလိုပင် ယွီထျန်းရွှမ်တို့ နှစ်ယောက်လုံး ကျောချမ်းလာပြီး လိပ်ပြာလွင့်သလို ဖြစ်သွားကြသည်။

ပိုင်လီကျန့်ကို ပြန်ရပြီးသွားသည်နှင့် သူတို့နှစ်ယောက်၏ ခွန်အားကို ပေါင်းလိုက်လျင် ယဲ့ဖန်ကို သတ်ရန် လွယ်ကူလိမ့်မည်ဟု သူတို့ အစက ထင်ခဲ့မိသည်။

သို့သော် ဤအင်မော်တယ် ဧကရာဇ်အဆင့် ခေါင်းပြတ်နှစ်လုံးကို မြင်လိုက်ရသောအခါ သူတို့ ပိုင်လီကျန့်ကို မကယ်နိုင်ရုံသာမက သူတို့ပါ ဤနေရာ၌ သေဆုံးရလိမ့်မည်ဖြစ်ကြောင်း သိလိုက်လေသည်။

နတ်ဆိုး အငွေ့အသက် အင်ပါယာက သူတို့၏ သင်္ချိုင်းမြေပင်။

*သေစမ်း*

ယွီထျန်းရွှမ်၏ မျက်လုံးများ စူးလက်နေ၏။ သူက ယှဉ်မရနိုင်သူ ဖြစ်ကြောင်း အမြဲကြွားဝါခဲ့သော်လည်း ယခုအခါ၌ ယဲ့ဖန်ထံတွင် သူ မျောက်တစ်ကောင်လို ကစားခံနေရသည့်ပုံပင်။

ယဲ့ဖန် ပိုင်လီကျန့်ကို အသာတကြည် လွှဲပေးသည်က အံ့ဩစရာ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ ပိုင်လီကျန့်ကို သူတို့ ခေါ်သွားလို့ မရနိုင်မှန်း သူ သိနေသလို သူတို့ကို သူ ထွက်သွားခွင့်ပေးရန် မကြံရွယ်ထားပေ။

ဤသည်က ရန်သူကို မြှားခေါ်ရုံသက်သက်ပင်။ ယခု သူတို့နှစ်ယောက် ဤသို့‌ရောက်လာသဖြင့် သူတို့ပါ ပိုင်လီကျန့်နှင့်အတူ မြှုပ်နှံခံရပေတော့မည်။

ယွီရှန့်ရှီ၏ မျက်နှာသည်လည်း ပြာနှမ်းနေ၏။

*သူ တွက်ထားတာပဲ*

*ဒါ သေချာ တွက်ချက်ထားပြီးသား*

လက်ရှိတွင် သူ့ရင်ထဲ၌ ယဲ့ဖန်ကို ဒေါသထွက်နေသည့်စိတ်အပြင် အံ့ဩကြောက်လန့်စိတ်ပါ ဖြစ်ပေါ်လာသည်။ သူ့လက်များက အဆက်မပြတ် တုန်နေပြီး သူ ကြိုးစား၍ ထိန်းပါသော်လည်း ထိန်း၍မရချေ။

*အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ကို တစ်နေ့တည်းမှာ သတ်ပစ်တယ်ဆိုတော့ ဒီလူက လုံးဝ လူမဟုတ်ဘူး*

*အလယ်ပိုင်းဒေသမှာ နတ်ဆိုးပေါ်လာတယ်ဆိုတာ အမှန် ဖြစ်နေတာပဲ*

*ဒီလိုစောက်စုတ်နေရာလေးက ကြောက်စရာကောင်းတဲ့ နတ်ဆိုးကို မွေးထုတ်လာတာပဲ*

*နတ်ဆိုး*

*အင်မော်တယ် ဧကရာဇ်အဆင့်ကို ခွေးသတ်သလို သတ်တာက မယုံနိုင်စရာပါပဲလား*

“မင်းတို့တွေ၊ မင်းတို့တွေက အရှင်ကိုယ်တိုင် လှုပ်ရှားဖို့ မထိုက်တန်ဘူး၊ ငါ မင်းတို့နဲ့ ကစားမယ်”

ချုံးချီက ခုန်ထွက်လာသည်။ သူသည် ယခုအထိ ရက်စက်သော ကျားပုံစံ ဖြစ်နေဆဲပင်။ သူသည် ယခင်က ယဲ့ဖန်၏ ခြေထောက်အောက်၌ ဖင်တုန်နေခဲ့သော်လည်း လက်ရှိတွင် အားအင်ပြည့်နေကာ ထိုနှစ်ယောက်အား ကြမ်းကြုတ်သော မျက်လုံးများဖြင့် ကြည့်နေသည်။

“ချုံးချီပါလား”

ယွီထျန်းရွှမ်သည် ဗဟုသုတ ကြွယ်ဝသူ ဖြစ်ပြီး ချုံးချီက ကျယ်လောင်စွာ ပြောဆိုပြီး သူ့ခန္ဓာကိုယ်တွင် အလွန် ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ပြည့်နေသည်ကို သတိထားမိပြီး ချုံးချီ၏ နောက်ကြောင်းကို သိရှိသွားသည်။

“မဖြစ်နိုင်ဘူး ချုံးချီက လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက ချိပ်ပိတ်ခံထားရတာလေ”

ယွီရှန့်ရှီက အလျင်အမြန် ငြင်းဆန်လေသည်။ သူ ထိုသို့ပြောသော်လည်း မျက်လုံးတွင် ကြောက်ရွံ့စိတ်တို့ ပြည့်နေ၏။

“နတ်ဓား၊ အနက်ရောင် နဂါးဝတ်ရုံ၊ အဆုံးအစမဲ့ ငရဲဓားချက်၊ ချုံးချီ၊ မင်းက … ဘိုးဘေး ကျူးလုံ ဧကရာဇ်ပဲ”

လက်ရှိအချိန်၌ ယွီထျန်းရွှမ်သည် ယဲ့ဖန်က ဘယ်သူလဲဆိုတာကို မခန့်မှန်းမိခဲ့သည့်အတွက် သူ့ကိုယ်သူ အလွန် ရှက်ရွံ့မိနေသည်။

ကျူးလုံဧကရာဇ်၊ ထိုစကားလုံး၌ မှော်စွမ်းအင်တစ်ချို့ ပါဝင်နေသည်ဟု ထင်မှတ်ရပြီး ယွီရှန့်ရှီ ချက်ချင်း စိတ်ရှုပ်ထွေးသွားသည်။

*ဧကရာဇ်ကိုးပါးထဲက တစ်ပါးလား*

*သမိုင်းထဲက ခေတ်အဆက်ဆက်တစ်လျောက် သူရဲကောင်းအဆန်ဆုံးနဲ့ အမောက်မာဆုံး ဧကရာဇ်လား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“အတု၊ ဒါ အတုအယောင်ပဲ ဖြစ်ရမယ်”

ယွီထျန်းရွှမ် စိတ်လွတ်တော့မယောင် ခံစားမိနေသည်။ လွန်ခဲ့သော နှစ်ထောင်ချီကတည်းက သေဆုံးသွားခဲ့သော ပုဂ္ဂိုလ်က ဘယ်လိုလုပ် ယနေ့ခေတ်၌ ပြန်ပေါ်လာမည်နည်း။

ဤနေရာ၌ ရှိနေသော နတ်ဆိုးမျိုးနွယ်များအားလုံး တိတ်ဆိတ်နေ၏။ ယွီထျန်းရွှမ်က ထိုသို့သော စကားမျိုး ပြောသော်လည်း အံ့ဩပုံ မပြချေ။ ယဲ့ဖန်၏ နောက်ခံကို သူတို့ ယခင်ကတည်းက သိထားမှန်း သိသာပေသည်။

ကုန်းမင်မှာမူ ပါးစပ်ထဲ ဥဝင်ဥလို့ရသည်အထိ ပါးစပ်အဟောင်းသား ဖြစ်ကာ ကြက်သေ သေနေ၏။

*ငါ့ဆရာက ကျူးလုံ ဧကရာဇ် ဖြစ်နေတာလား*

*သူတို့က ကျူးလုံ ဧကရာဇ်နဲ့ တိုက်ခိုက်နေတာလား*

*ဒါပေမဲ့ ဘယ်သာမန်လူမှ အဲ့လိုမလုပ်ရဲဘူးလေ*

*အဲ့လိုလုပ်တာက သေလမ်းရှာတာလို့ ထင်တာပဲ*

*သေဖို့ ကံပါသွားတာ*

ထို့နောက်တွင်မူ မယုံကြည်နိုင်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

“ဒုန်း”

ယွီထျန်းရွှမ်က ယဲ့ဖန်ရှေ့မှောက်၌ ဒူးထောက်ချလာ၏။ ယွင်နိုင်ငံမှလူများ အံ့ဩသွားသည်။

*ယွီထျန်းရွှမ်က အညံ့ခံတာလား*

ယဲ့ဖန်သည်လည်း မျက်မှောင်ကြုတ်သွားပြီး သူ့ကို ပြန်ကြည့်နေသည်။

“မင်း ဒါ ဘာသဘောလဲ”

“ကျွန် … ကျွန်တော်မျိုး အညံ့ခံချင်ပါတယ်”

ယွီထျန်းရွှမ်က အလေးအနက် ပြောလာသည်။

“ဟားဟား မင်း သေချာပေါက် သေရမှာကို သိလို့ ဒူးထောက်ပြီး အသက်ရှင်ဖို့ နည်းလမ်းရှာတာလား”

ယဲ့ဖန် လှောင်ရယ်လိုက်သည်။

“မင်းက အရှက်မရှိတာ မဟုတ်ဘဲ မျက်နှာပြောင်တာပဲ”

ယွီထျန်းရွှမ်က ယဲ့ဖန်၏ ခနဲ့လုံးဖြင့် အလှောင်ခံရသော်လည်း ဂရုမစိုက်ချေ။ သို့သော် သူက ရုတ်တရက် ခေါင်းမော့၍ ယဲ့ဖန်ကို ပြန်ကြည့်လာသည်။

“ကျွန်တော့်မှာ ရည်ရွယ်ချက်တစ်ခု ရှိတယ်”

“ဪ ဘာရည်ရွယ်ချက်လဲ”

“ထာဝရ နာမည်ကြီးဖို့”

“ဒါဆို မင်းက တော်တော် ရည်မှန်းချက် ကြီးတာပဲ”

ယဲ့ဖန် ခနဲ့လိုက်သည်။

“ဟုတ်တယ် ပိုင်လီဟုန်ဆီမှာ ခစားရင် အဲ့ရည်မှန်းချက် ပြည့်ချင်မှ ပြည့်မယ်၊ ဒါပေမဲ့ ခင်ဗျားဆီမျာ ခစားရင်တော့ သေချာပေါက် အဲ့ရည်မှန်းချက်ကို ရောက်နိုင်မှာ”

ယွီထျန်းရွှမ်က အလေးအနက် ပြောလာ၏။

“ဒါပေမဲ့ ငါ မင်းကို သေချာပေါက် လက်ခံမယ်လို့ မင်း ဘယ်လိုသိလဲ”

ယွီထျန်းရွှမ်က ခေါင်းခါ၍ ပြောလေသည်။

“ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို သတ်ချင်နေတယ်ဆိုရင် ခင်ဗျားလက်ထဲမှာ ပျော်ပျော်ကြီး အသေခံနိုင်တယ်”

သူ့မျက်လုံးတွင် ကြောက်စိတ်မရှိဘဲ လေးစားကြည်ညိုစိတ်သာ ရှိလေသည်။ ယွီထျန်းရွှမ် တစ်ဘဝလုံးနီးပါး လေးစားရသူကို ပြပါဆိုလျင် သေချာပေါက် ကျူးလုံ ဧကရာဇ်ကိုသာ ပြရပေမည်။

ယဲ့ဖန်က သူ၏ ဉာဏ်အလင်းရစေသော ဆရာဟု ပြောရပေမည်။ သူ မှတ်မိသလောက်ဆိုလျင် ကျူးလုံ ဧကရာဇ် ရေးသားခဲ့သော ဧကရာဇ်၏ အတွေး၊ စစ်ပွဲပညာနှင့် ယေဘုယျ အခြေအနေတို့ကို ဖတ်ခဲ့ပြီး ၎င်းတို့မှ သူ အတော်လေး သိမြင်နားလည်ခဲ့ရသည်။

သူ အတွေးအမြင်ကောင်းလာခြင်းက ကျူးလုံ ဧကရာဇ် လမ်းပြခဲ့သောကြောင့်ဟု ဆိုနိုင်ပေ၏။ ကျူးလုံ ဧကရာဇ်အကြောင်း သိလာလေ ယွီထျန်းရွှမ်၏ ကျူးလုံ ဧကရာဇ်အပေါ် လေးစားစိတ်က မြစ်ရေတက် လာသကဲ့သို့ ထိန်းမရတော့ချေ။

သူသည် ကျူးလုံ ဧကရာဇ်အတွက် ကဗျာတစ်ပုဒ်ပင် ရေးခဲ့သေးသည်။ ၎င်းကဗျာအား အကြမ်းဖျင်း ပြန်ဆိုရလျင် “ဒီတပည့်က ကျူးလုံ ဧကရာဇ်ရဲ့ အသွင်အပြင် အပြုအမူကို မမြင်နိုင်ခဲ့သောကြောင့် မိမိဘဝကို မုန်းသည်” ဟု အဓိပ္ပာယ်ရသော ကဗျာပင်။

ပိုင်လီဟုန်တောင်မှ ယွီထျန်းရွှမ်၏ ဒူးထောက်ခြင်းကို ခံယူထိုက်သူ မဟုတ်ပေ။ သို့သော် ယခုအခါ၌ သူက ယဲ့ဖန်ရှေ့တွင် လိုလိုလားလား ဒူးထောက်နေ၏။

“ခွေးဖြစ်ရင်တောင်မှလား”

ယဲ့ဖန်က အပြုံးနှင့် မေးလိုက်သည်။

“ခွေးဖြစ်ရင်တောင်မှပဲ”

ယွီထျန်းရွှမ်က တပ်အပ်ပြောလာသည်။ သူ၏ အင်မော်တယ် ဧကရာဇ်အဆင့်ဟူသော ဂုဏ်ပုဒ်ကို စွန့်လွှတ်ရမည် ဆိုလျင်တောင်မှ သူ ကျူးလုံဧကရာဇ်ထံ ခစားဦးမှာပင်။

ထိုသို့ပြောလိုက်ခြင်းက ယွီထျန်းရွှမ်သည် သူ့မာနတစ်ချို့တစ်ဝက်ကို စတေး၍ ယဲ့ဖန်ကို ယုံကြည်ကြောင်း ပြသနေ၏။

ဤမြင်ကွင်းက လူတိုင်းကို ချောက်ချားသွားစေသည်။ ထိုစကားက သူ့အသက်ကို ယဲ့ဖန်ထံ ပေးအပ်လိုက်ပြီဟု ဆိုလိုနေသည်။ ယဲ့ဖန်က သူ့ကို သတ်ချင်သည်ဆိုလျင် ဘာမှအားထုတ်စရာ မလိုဘဲ သတ်နိုင်လေသည်။

“မင်းရော ဘယ်လိုလဲ”

ယဲ့ဖန်က ယွီရှန့်ရှီကို လှမ်းကြည့်၍ စနောက်သလို ပြုံးလိုက်သည်။

“ဒုန်း”

ယွီရှန့်ရှီသည်လည်း တွေဝေခြင်းမရှိဘဲ ဒူးထောက်ကာ သူ့မာနကို ခဝါချလေသည်။ ကျူးလုံ ဧကရာဇ်၏ လက်ထဲ၌ သေဆုံးခဲ့သော အင်မော်တယ် ဧကရာဇ်အဆင့်များက မရေတွက်နိုင်အောင်ပင်။ သူကရော ဘာလုပ်နိုင် ပါမည်နည်း။

ဤသို့ ထူးချွန်ပြောင်မြောင်သောသူထံ၌ ခစားနိုင်ခြင်းက သူ့အတွက် ဂုဏ်ယူစရာပင်။

ဤသည်ကိုမြင်သော် ပိုင်လီကျန့် ဆောက်တည်ရာမရ ဖြစ်သွားသည်။ သူ့ကို ကယ်ရန် ရောက်လာသူများက အဆုံး၌ ဤနတ်ဆိုးထံ အညံ့ခံနေ၏။ ဤသည်က သူ သေပြီဟုလည်း ဆိုလိုနေလေသည်။

“သစ္စာရှိကြောင်း ပြချင်ရင် သူတို့အားလုံးကို သတ်လိုက်”

ယဲ့ဖန်က ပိုင်လီကျန့်ကို လက်ညှိုးထိုး၍ လှောင်ရယ်နေသည်။

“အဟီးဟီး …”

ထိုစကားသံ ထွက်လာသည်နှင့် ပိုင်လီကျန့်က မိဘသေသွားသော ကလေးသဖွယ် ရင်ကွဲမတတ် အော်ငိုလေ တော့သည်။

ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့သည် ပိုင်လီကျန့်အား ပြိုင်တူ စူးစူးရဲရဲ စိုက်ကြည့်လာ၏။

“ဦးလေးတို့ ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော့်ကို မသတ်ပါနဲ့”

နောက်ဆုံးတွင် ယွီရှန့်ရွှီက အနားသို့ တိုးလာပြီး ပိုင်လီကျန့်အား ငုံ့ကြည့်လေသည်။

“မျက်လုံးမှိတ်ထား၊ ငါ မင်းကို မြန်မြန် အဆုံးသတ်ပေးမယ်”

ထိုစကားကြောင့် ပိုင်လီကျန့် အသက်ပင် မရှူနိုင်အောင် အော်ငိုလေတော့သည်။

“ရွှစ်”

သို့သော် ယွီရှန့်ရှီက သူ့ကို ဓားဖြင့် ခုတ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးတွင် ရွံ့ရှာဟန် ပေါ်နေ၏။ ပိုင်လီဟုန် သေသွားပြီးလျင် ဘာကိစ္စမှမဖြစ်ပါက ထီးနန်းသည် ပိုင်လီကျန့်ထံ ကျရောက်သွားပေမည်။

ဤသို့ ကြောက်ရွံ့တတ်သောသူအား နောင်တွင် ခစားရမည်ဟူသော အတွေးက သူ့ကို တွေးရုံနှင့်တင် အန်ချင်စေ၏။

“နောက်ဆို မင်းတို့က အင်မော်တယ် ဧကရာဇ်တွေ မဟုတ်တော့ဘူး၊ ငါ့လက်အောက်က ငါ့ခွေးနှစ်ကောင်အဖြစ်ပဲ ရှိလာလိမ့်မယ်၊ မင်းတို့ နားလည်လား”

ယဲ့ဖန်က ယွီထျန်းရွှမ်တို့ နှစ်ယောက်ကို အထင်သေးစွာ ကြည့်၍ ပြောလိုက်သည်။

စာစဉ် ၁၀၈ ဤတွင် ပြီးပါပြီ။

All Chapters