အခန်း ၁၆၂၇
Vol. 109 Ch. 1627
Chapter 1627 အတ္တမဲ့နယ်မြေ
ဤသည်ကိုကြည့်ပြီး လူတိုင်းက စဉ်းလဲသော အပြုံးများ ပြုံးနေပြီး ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။
နေနှင့်လတို့ ကောင်းကင်၌ ပြိုင်တူ ထွက်ပေါ်နေခြင်းက ယင်ယန်ထိုက်ကျိ ကျင့်စဉ်၏ သိုင်းကွက်တစ်ခု ဖြစ်သည်။ ယင်းက နေနှင့်လတို့၏ စွမ်းအင်ကို ခန္ဓာကိုယ်ထဲ သွင်းယူနိုင်ပြီး ထိုစွမ်းအင်က ကြီးမားလှသည်။
သို့သော် ယဲ့ဖန်က ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်ရန် ကြံစည်ထားခြင်းက ယုံမှားလွန်နေခြင်းသာ။
အမြွှာဘုရင်၏ စွမ်းအင်က ထင်ထားသည်ထက် ကြီးမားလှသည်။ ဤလူက ယခုလိုအချိန်၌ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကြီးနေခြင်းက သေတွင်းတူးနေခြင်းပင်။
သို့သော် သူတို့မသိလိုက်သည်က ယဲ့ဖန်၏ ဓားက နေနှင့်လကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိသည်ကိုပင်တည်း။
ယခုလိုအဆင့်၌ မည်သည့် ဓားလှုပ်ရှားမှုမှ မရှိဘဲ ဓားစွမ်းအင်တစ်ခုတည်းကတင် အရာအားလုံးကို လွှမ်းမိုးနိုင်၏။
“ဝုန်း”
ကျယ်လောင်သော အသံနှင့်အတူ နေနှင့်လတို့ ပြိုင်တူ တုန်ခါသွားကြသည်။ အမြွှာဘုရင် နှစ်ယောက်လုံး အတူတူ လွင့်ထွက်သွားကြသည်။ သူတို့၏ မျက်နှာများ ဖြူရော်နေပြီး ခန္ဓာကိုယ်ပေါ်မှ ဥပဒေသများ ပျောက်ကွယ်သွားပြီး ချက်ချင်း လူ့အသွင် ပြန်ပြောင်းသွားလေသည်။ သူတို့၏ အမူအရာများက ကြောက်လန့်ချောက်ချားပုံ ပေါ်နေ၏။
*မအောင်မြင်ပါလား*
မျက်စိရှေ့မှမြင်ကွင်းက လူတိုင်းကို ကြက်သေ သေသွားစေပြီး ကြက်သီးမွေးညင်း ထလာစေသည်။
*ယင်ယန်ထိုက်ကျိကျင့်စဉ်က တကယ်ကြီး ကျရှုံးသွားတာလား*
လူတိုင်း တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ အမြွှာဘုရင်သည် အမြဲတမ်း သူတို့၏ တိုက်ကွက်ဖြင့် အနိုင်ယူလေ့ရှိပြီး ယခုအခါတွင်မူ ယဲ့ဖန်ထံ ဝင်တိုက်သည်နှင့် အနည်းငယ် ထိခိုက်သွားရသည်။ ဤသို့ တစ်ခါမှ မဖြစ်ဖူးချေ။
ဤသည်က သူတို့အတွက် အခြေအနေမကောင်းချေ။
*ဓားချက်တစ်ချက်*
*နောက်ထပ် ဓားချက်တစ်ချက်နဲ့ ဒီကြောက်စရာကောင်းတဲ့ တိုက်ကွက်ကို တားနိုင်ပြန်ပါလား*
*ဒီနတ်ဆိုးက ဘယ်လောက် သန်မာတာလဲ၊ ဘာပဲဖြစ်နေပါစေ ဓားချက်တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တာကြီးပဲ*
*မယုံနိုင်စရာပဲ*
အားလုံး၏ မျက်လုံးတွင် သရဲကို တွေ့လိုက်ရသကဲ့သို့ မယုံနိုင်ဟန်များဖြင့် ပြည့်နေ၏။
“ဪ ... မင်းတို့က ငါ့ဓားချက်ကို တားနိုင်သားပဲ၊ မင်းတို့ နည်းနည်းတော့ အစွမ်းရှိတယ် ထင်ရတာပဲ”
ယဲ့ဖန်က ချီးကျူးသလို ပြောလိုက်သည်။ သို့သော် ဤသို့သော ချီးမွမ်းမှုက ဝမ်ယွမ်ကျန်းတို့ ညီအစ်ကိုအတွက် စော်ကားလိုက်သလိုပင်။
*နည်းနည်းတော့ အစွမ်းရှိတယ် ဟုတ်လား*
*ငါတို့က အမြွှာဘုရင်တွေလေ*
*ကိုးပြည်နယ်မှာ ကျော်ကြားတဲ့လူတွေ*
*သူ့ပါးစပ်ထဲမှာ ငါတို့က နည်းနည်းတော့ အစွမ်းရှိသားပဲ ဖြစ်သွားတယ်ပေါ့လေ*
*ဒါ စော်ကားတာ*
လူတိုင်း အံ့ဩသွားကြသည်။
*ဒီလူ မမောက်မာလွန်းဘူးလား*
*ဒါ အမြွှာဘုရင်လေ*
*ဘယ်လိုလုပ် ဒီလူက သူတို့ကို အထင်သေး မောက်မာတဲ့ အပြုအမူနဲ့ ပြောရဲတာလဲ*
*ရူးချင်စရာပဲ*
“မျိုးမစစ်ကောင် ငါတို့ မင်းကို အရေခွံခွာပြီး တစ်စစီ လုပ်ပစ်မယ်ကွ၊ ငါတို့ ညီအစ်ကိုရဲ့ နှိပ်စက်မှုအောက်မှာ မင်း အော်ငိုနေစေရမယ်”
ဝမ်ယွမ်ကျန်းက ကျယ်လောင်စွာ အော်ဟစ်လေသည်။ လက်ရှိတွင် သူသည် အလွန် ဒေါသထွက်နေသဖြင့် အသံက ဒေါသကြောင့် တုန်ခါနေကာ လူသတ်ချင်စိတ်ကလည်း ပွက်ပွက်ဆူနေ၏။
ဥပဒေသများ စုစည်းလာပြီး ယင်ယန် ပေါင်းစပ်လာသည်။ ဝမ်ယွမ်ကျန်းတို့ ညီအစ်ကိုသည် အလွန် ဒေါသထွက်နေပြီး ယင်ယန်ထိုက်ကျိ ကျင့်စဉ်အား အဆုံးစွန်အထိ ထုတ်ဖော်လေသည်။
ကြီးမားသော ထိုက်ကျိပုံစံချပ်က ညီအစ်ကိုနှစ်ယောက်၏ အနောက်၌ ပေါ်လာပြီး တာအိုစွမ်းအင်များ စီးဝင်လာသည်။
ညီအစ်ကိုနှစ်ယောက်သည် ပြိုင်တူ လှုပ်ရှားလာပြီး လေကိုခွင်း၍ ယဲ့ဖန်ထံ ပြေးတက်လာသည်။ လေဟာနယ်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်လာပြီး ပျံ့နှံ့လာသော စွမ်းအင်က လောကကိုပင် တုန်ခါစေလောက်သည်။
အင်မော်တယ် ဧကရာဇ်အဆင့်များ ရုတ်တရက် တုန်ယင်လာသည်။ ဤတိုက်ကွက်က ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သူတို့တောင်မှ ခံစားရခက်လာသည်။ အမြွှာဘုရင်တို့သည် တကယ်ပင် ကြောက်စရာ ကောင်းလှသည်။
ဤကြောက်စရာကောင်းသော တိုက်ကွက်အား သူတို့တောင်မှ တားနိုင်သည့် ယုံကြည်ချက် မရှိချေ။ သို့သော် ယဲ့ဖန်က နေရာမှာတင် ငြိမ်၍ ရပ်နေသည်။
*ဘာ*
လူတိုင်း မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အမြင်မှားသလို ခံစားလိုက်ရသည်။
*ဒီလူ အမြွှာဘုရင်ရဲ့ တိုက်ကွက်ကို မမြင်ဘူးလား*
*လေဟာနယ်တောင်မှ အက်ကွဲနေတာကို ဒီလူက မရှောင်ဘူးလား*
“ဒီအရူး ခုခံချင်နေသေးတာလား”
“တကယ် ရူးမိုက်တာပဲ၊ အခု ဒီတိုက်ခိုက်မှုက အရင်ကထက် ဆယ်ဆကျော် ပိုပြင်းတာကို သူက ခုခံချင်နေ သေးတာလား၊ တစ်စစီ ဖြစ်ဖို့ စောင့်နေလိုက်တော့”
အားလုံး အပြုံးကြီး ပြုံးနေကြပြီး ယဲ့ဘုရင် မတားနိုင်ဟု တွက်နေကြသည်။ လောကကိုပင် ဖျက်ဆီးနိုင်သော ဤတိုက်ကွက်အား လူ့ခွန်အားလေးတစ်ခုပင် တားဆီးရန် မဖြစ်နိုင်ချေ။
အဖျက်စွမ်းအင်က ရောဂါပိုးသဖွယ် ပျံ့နှံ့လာပြီး ယဲ့ဖန်အား လွှမ်းခြုံသွားသည်။
“ဟေး…”
ထိုအခိုက်တွင် လူတိုင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြသည်။ ယခု ယဲ့ဖန် ပြေးချင်လျင်တောင်မှ မပြေးနိုင်တော့ပါ။ သူ သေကိုသေရပေမည်။
“ဟားဟားဟား ဒီအရူးက အမြွှာဘုရင်တွေ သူ့ဆံပင်တစ်ချောင်းတောင် ထိခိုက်အောင် မလုပ်နိုင်ဘူးလို့ ပြောရဲသေးတယ်၊ အခု သူတို့က သူ့ကို သဲအိတ်လို လုပ်ပစ်လိုက်ပြီ၊ အမြွှာဘုရင်ကို အထင်သေးမှတော့ ဒီလို အဆုံးသတ်မှာပေါ့”
“မိခင်ဘုရင်မ စောင်မတော်မူပါ၊ ကျွန်တော်တို့ကို ဒုက္ခဘေးမှ ကယ်တင်ပေးပါ”
ယွင်နိုင်ငံမှ လူတစ်ယောက်က ကြည်ညိုလေးစားစွာ ဒူးထောက်လာသည်။
“မိခင်ဘုရင်မ စောင်မတော်မူပါ”
ယွင်နိုင်ငံသားများသည် ပျော်ရွှင်နေသော မျက်နှာနှင့် ကြည်ညိုလေးစားစွာ ဒူးထောက်လိုက်ကြသည်။
“နတ်ဆိုးက လောကထဲ ဆင်းလာပြီး သွေးနဲ့ လောကကို ဆေးနေတာ၊ မြေပြင် မီးသင့်ပြီး တမလွန်လမ်းကပ ပွင့်နေပြီ၊ မင်းတို့နတ်ဘုရားက တကယ် မင်းတို့ကို ကယ်နိုင်လို့လား”
အဖျက်စွမ်းအင်လှိုင်းမှ ထေ့ငေါ့သော စကားသံ ထွက်ပေါ်လာသည်။
လူတိုင်း ကြောက်လန့်ချောက်ချားသွားပြီး အံ့အားသင့်ဟန် ပေါ်လာကြသည်။ သူတို့ပုံစံက မယုံနိုင် ဖြစ်နေသည့်ပုံပင်။
ထိုစဉ် လူတစ်ယောက်က အဖျက်စွမ်းအင်လှိုင်းထဲမှ တိုးထွက်လာပြီး ဘာမှမဖြစ်သည်ကို သူတို့ တွေ့လိုက်ရလေသည်။
*ယဲ့ဖန်က ဘယ်သူလဲ*
ဝမ်ယွမ်ကျန်းနှင့် ဝမ်ယွမ်ရီတို့ မျက်လုံးပြူးသွားပြီး ပြိုင်တူ အော်လိုက်မိသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
“ဒါ ဒဏ္ဍာရီထဲက အတ္တမဲ့နယ်မြေဆိုတာလား”
သူတို့ ကြက်သီးထနေပြီး အဆိုပါ မြင်ကွင်းကြောင့် ကြောက်လန့်နေကြသည်။ အတ္တမဲ့နယ်မြေသည် မွေးဖွားခြင်းရော သေဆုံးခြင်းပါ မရှိသလို၊ ဖြစ်တည်မှုလည်းမရှိ၊ တာအိုသဘောတရားလည်း မရှိဘဲ လောကထဲမှ နတ္ထိနေရာ ဖြစ်သည်။ ဘာဆိုဘာမှ မရှိခြင်းပင်။
သို့သော် ယင်းသည် ဒဏ္ဍာရီသာ ဖြစ်ပြီး သူတော်စင်အဆင့်၏ နယ်မြေ ဖြစ်သည်။
*ဒါက … ဘယ်လိုဖြစ်ရတာလဲ*
“မင်းတို့ တိုက်တာ ပြီးသွားပြီလား၊ ဒါဆို ငါ့အလှည့်”
ယဲ့ဖန် အေးစက်စက် ပြောလိုက်ပြီးနောက် နဂါးကိုးကောင် မီးလင်းဖိုကို ထုတ်လိုက်သည်။ နဂါးကိုးကောင် မီးလင်းဖိုမှ ရုတ်တရက် အလင်းများ ထွက်လာပြီး နဂါးကိုးကောင်၏ ပုံရိပ်များ ထွက်ပေါ်လာသည်။
ယင်းသည် သာမန်ထက် ကျော်လွန်သော စွမ်းအားရှိလေသည်။ နဂါးကိုးကောင် အတူတူ ပေါ်လာလျင် တစ်လောကကိုပင် သိမ်းနိုင်၏။
နဂါးအော်သံက ကြောက်စရာ ကောင်းလှသည်။ ထိုအခိုက်တွင် လူတိုင်း တုန်လှုပ်လာပြီး ကောင်းကင်ကို ဝါးမျိုနိုင်လောက်သည့် ကြီးမားသော စွမ်းအင်ကြောင့် သူတို့ အနေကျုံ့လာသည်။
နဂါးကိုးကောင်သည် ဝမ်ယွမ်ကျန်းတို့ ညီအစ်ကိုအား တန်း၍ လွင့်ထွက်သွားစေပြီး နှစ်ယောက်လုံး အဆက်မပြတ် တုန်ယင်လာကြသည်။
လူတိုင်း အံ့ဩသွားကြသည်။ အမြွှာဘုရင်တို့ ထပ်မံ၍ လွင့်ထွက်သွားပြီး ပြုတ်ကျလာပြန်သည်။
ဤသည်က မယုံနိုင်စရာပင်။
ယွင်နိုင်ငံ၌ ပြိုင်ဘက်ကင်းသော အမြွှာဘုရင်တို့တွင် ဘယ်လိုလုပ် ရှုံးနိမ့်သော နေ့ ရှိလာသနည်း။ သူတို့ မတွေးတတ်တော့ချေ။
ဝမ်ယွမ်ကျန်းနှင့် ဝမ်ယွမ်ရီတို့၏ မျက်နှာများ အလွန် မည်းမှောင်နေသည်။ သူတို့ ညီအစ်ကိုနှစ်ယောက်အတွက် အလွန် ကြောက်စရာကောင်းပြီး အခက်တွေ့သော ရန်သူနှင့် ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
သူတို့၏ အဆုံးစွန်သော တိုက်ကွက် တစ်ခုပြီးတစ်ခုကို ချေဖျက်နိုင်ခြင်းသည် ယခင်က တစ်ခါမှ မဖြစ်ဖူးချေ။
“အမြွှာဘုရင်တဲ့၊ ဒီလောက်ပဲလား”
ယဲ့ဖန်က ထပ်ပြောလာပြီး လှောင်ပြုံးကို ဆင်မြန်းထားသောကြောင့် ထောင်လွှား၍ နတ်ဆိုးဆန်နေသည်။
ယဲ့ဖန်၏ နတ်ဆိုးဆန်သော အပြုအမူကြောင့် လူတိုင်း ချောက်ချားသွားသည်။ အမြွှာဘုရင်တောင်မှ ထိုမျှ ထောင်လွှားပြီး ချုပ်ခြယ်ခြင်း မရှိပေ။
“ဝုန်း”
ထိုစဉ် နဂါးကိုးကောင်က ထပ်မံ လှုပ်ရှားလေသည်။ နဂါးကိုးကောင် အရိပ်က ဝမ်ယွမ်ကျန်းတို့ နှစ်ယောက်ကို ဝင်တိုက်နေပြီး သူတို့အနောက်မှ ထိုက်ကျိပုံရိပ်ကို ဖျက်ဆီးရန် ကြိုးစားနေ၏။
ဤသည်ကိုကြည့်ပြီး ဝမ်ယွမ်ကျန်းက လှောင်ရယ်လေသည်။
“ယဲ့ဘုရင် မင်းအချိန်ဖြုန်းမနေနဲ့၊ ဒီဘက်ခေတ်ကြီးမှာ ဘယ်သူမှ ငါတို့ရဲ့ သူတော်စင် ဥပဒေသကို မချိုးဖြတ်နိုင်ဘူး၊ မင်းက ရှေးခေတ်က ရှေးဟောင်းနတ်ဘုရား မဟုတ်ရင်ပေါ့လေ”
“ဪ … အဲ့လိုလား”
ယဲ့ဖန်က ပြန်၍ ပျက်ရယ်ပြုလိုက်ပြီး နဂါးကိုးကောင်ကို ပြန်ခေါ်၍ ဧရာမ မီးလင်းဖိုအဖြစ် ပြောင်းလဲလိုက်ပြီး မီးလင်းဖိုကိုကိုင်၍ အားဖြင့် ပစ်ပေါက်လေသည်။
နဂါးကိုးကောင် မီးလင်းဖိုပေါ်၌ အလင်းရောင်တို့ တောက်ပနေပြီး တာအိုသင်္ကေတများ ထွက်ပေါ်နေသည်။
“ဝုန်း”
တစ်လောကလုံး တုန်ခါလာပြီး ဝမ်ယွမ်ကျန်း အလွန် ယုံကြည်မှုရှိသော မပျက်စီးနိုင်သည့် ထိုက်ကျိပုံရိပ်သည် ချက်ချင်း အက်ကွဲကာ ကြယ်အလင်းရောင် အစအနများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။
“ပျက်စီးသွားပြီ၊ အမြွှာဘုရင်ရဲ့ သူတော်စင် ဥပဒေသ ပျက်စီးသွားပြီ”
အောက်ဘက်မှ ယွင်နိုင်ငံလူမျိုးများ မျက်နှာဖြူရော်ပြီး ကြောက်လန့်ကာ ကြက်သီးမွေးညင်း ထလာကြသည်။
ဝမ်ယွမ်ကျန်းနှင့် ဝမ်ယွမ်ရီတို့ ညီအစ်ကို၏ ကျဆုံးခန်းကို သူတို့ မြင်နေရသလိုပင်။
ကောင်းကင်ယံမှ ကြယ်အလင်းရောင်များ တဖြည်းဖြည်း ကျဆင်းလာပြီးနောက် လေနှင့်အတူ ပျောက်ကွယ် သွားလေသည်။ ဤမြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေပြီး စကားတစ်ခွန်းမှ မပြောနိုင်အောင် ဖြစ်သွားကြသည်။
ဆယ်စက္ကန့်ကြာပြီးနောက် ဝါးခနဲ ရင်ကွဲနာကျင်သော အော်ငိုသံ ထွက်ပေါ်လာသည်။ ထိုအော်သံတွင် သွေးပျက်ခြင်းနှင့် ကြံရာမရခြင်းတို့ ပါဝင်နေသည်။
အချို့သော အင်မော်တယ် ဧကရာဇ်အဆင့်များ၏ အမူအရာက အလွန်အမင်း တောင့်တင်းနေကြသည်။ အလယ်ပိုင်း ဒေသမှ နတ်ဆိုးက အလွန် ကြောက်စရာ ကောင်းလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ အမြွှာဘုရင်တောင်မှ မယှဉ်နိုင်ချေ။
“အမြွှာဘုရင် ကျုပ်တို့ ကူညီပါရစေ”
အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက်က ပြောလာသည်။ လက်ရှိတွင် ဝမ်ယွမ်ကျန်းနှင့် ဝမ်ယွမ်ရီတို့သည် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ အမြွှာဘုရင်သာ သေသွားပါက သူတို့သည် ယဲ့ဖန်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
လက်ရှိတွင် အကောင်းဆုံး ရွေးချယ်မှုက ဝမ်ယွမ်ကျန်းနှင့် ဝမ်ယွမ်ရီတို့ ညီအစ်ကိုဖြင့် ပူးပေါင်းလိုက်ခြင်းသာ။
“ထွက်သွား၊ ငါတို့ ညီအစ်ကိုတွေက ဘယ်တုန်းကမှ အခြားသူတွေဆီက အကူအညီ မယူဘူး၊ သူ့ကို ငါတို့ သတ်နိုင်တယ်”
ဝမ်ယွမ်ရီက သုန်မှုန်စွာ အော်ပြောလိုက်သည်။ သူတို့တွင်လည်း မာနကိုယ်စီ ရှိပါ၏။
ဝမ်ယွမ်ကျန်းနှင့် ဝမ်ယွမ်ရီတို့အမြင်တွင် သူတို့ ညီအစ်ကိုအချင်းချင်းသာ အားကိုးရာ ဖြစ်ပြီး အခြားသူများက သူတို့နှင့်အတူ ရှိရန် မထိုက်တန်ဟု သတ်မှတ်ထားကြသည်။
ထို့နောက် သူတို့သည် ယဲ့ဖန်အား ခက်ထန်သော အကြည့်များဖြင့် ကြည့်၍ စဉ်းလဲသော အပြုံးမျိုး ပြုံးလိုက်သည်။
“အားလုံးကို အဆုံးသတ်နိုင်တယ်”
ထို့နောက်တွင်မူ ဝမ်ယွမ်ကျန်းနှင့် ဝမ်ယွမ်ရီတို့၏ ပုံရိပ်က ဖြည်းဖြည်းချင်း ထပ်လာပြီးနောက် နောက်ဆုံးတွင် တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားသည်ကို တွေ့လိုက်ရသည်။
ယင်ယန် တာအိုခန္ဓာကိုယ်။
ထိုအခိုက်တွင် ယင်ယန် စွမ်းအင်တို့ ပေါင်းစပ်သွားပြီး အမြွှာဘုရင်တို့သည် လက်ရှိတွင် ချို့ယွင်းချက်မရှိ ဖြစ်နေလေသည်။
ဤမြင်ကွင်းက အင်မော်တယ် ဧကရာဇ်အဆင့်များကို မယုံနိုင်သလို ဖြစ်သွားစေသည်။
*လတ်စသက်တော့ ဒါက အမြွှာဘုရင်ရဲ့ မျက်နှာအစစ်ကိုး*
သူတို့တွင် ပြိုင်ဘက်ကင်းသော ကိုယ်ပွား ခန္ဓာကိုယ် ရှိသည့်ပုံပင်။
ထိုအခိုက်တွင် အမြွှာဘုရင်တို့၏ မျက်နှာသည် နှစ်ခြမ်းကွဲနေပြီး တစ်ကိုယ်လုံး ရေခဲနှင့် မီးတို့ တောက်လောင် လျက် ရှိသည်။ သူတို့၏ အဝတ်အစားများ ပျက်စီးသွားပြီး ကြွက်သားများ အမြောင်းလိုက် ပေါ်လာ၏။
ကြွက်သားတိုင်း၌ ပြင်းထန်သော စွမ်းအားတို့ဖြင့် ပြည့်နှက်နေပြီး တစ်ကိုယ်လုံး အားအင်တို့ စီးဆင်းနေကာ ပြီးပြည့်စုံလှသည်။ ၎င်းက စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေသဖြင့် စွမ်းအားက ဖြည်းဖြည်းချင်း တိုးမြင့် နေသည်။
“ဘယ်သူမှ ငါတို့ကို ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ ဘာလို့လဲဆိုတော့ ငါတို့ကို ဒီလိုမြင်တဲ့လူအားလုံး သေသွားလို့ပဲ”
အမြွှာဘုရင်တို့က လှောင်ရယ်လာသည်။ သို့သော် အသံနှစ်ခုက ထပ်နေပြီး မပြောပြတတ်လောက်အောင် ထူးဆန်းနေသည်။
ထို့နောက်တွင်မူ လှံရှည်နှင့် တူတို့က သူတို့လက်ထဲသို့ ပျံသန်းရောက်ရှိလာပြီး ပုံမှန်အရွယ်အစားသို့ ပြောင်းလဲ သွားကြသည်။
လက်ရှိတွင် အမြွှာဘုရင်တို့၏ မျက်လုံးများက အေးစက်စူးရှနေကာ ခန္ဓာကိုယ်တွင်းမှ ယန်စွမ်းအင်က ကောင်းကင်ယံသို့ ပျံ့လွင့်နေ၏။
ပြင်းထန်သော စွမ်းအင်တစ်ခု ပျံ့နှံ့လာပြီး ၎င်းကြောင့် တောင်တန်းတစ်ခု ပြိုလဲပျက်စီးသွားပြီး ယဲ့ဖန်ထံသို့ သည်းကြီးမည်းကြီး တိုးဝင်လာသည်။
ရွှေရောင်လှံတံအရိပ်က နဂါးတိုင်ကဲ့သို့ ကျစ်လျစ်ထူထဲကာ အရှိန်ဖြင့် ကျဆင်းလာသည်။ သံတူကလည်း တောင်တစ်လုံးကဲ့သို့ လေးလံစွာဖြင့် ဝုန်းခနဲ ကျဆင်းလာလေသည်။
“ကောင်းတယ်”
ယဲ့ဖန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နတ်ဆိုးစွမ်းအင်က ဝုန်းခနဲ ထွက်ပေါ်လာပြီး နဂါးကိုးကောင် မီးလင်းဖိုအား ထပ်မံ၍ ပစ်ပေါက်လိုက်သည်။
နဂါးကိုးကောင် မီးလင်းဖိုသည် လှံရှည်နဲ့ တူတို့ဖြင့် တိုက်မိသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ် လာကာ လက်နက်နှစ်ခုလုံး ဖျက်ဆီးလိုက်ပြီးနောက် အမြွှာဘုရင်တို့ထံ ကျရောက်သွားသည်။