အခန်း ၁၆၃၀
Vol. 109 Ch. 1630
Chapter 1630 သူတော်စင်အလောင်းကောင်
“ရှုစန်းသော် ခွေးမသား ငါ မင်းကို သတ်မယ်”
ဤသည်ကိုမြင်ပြီး လူလူ၏ဖခင် မျက်လုံးများ မီးဝင်းဝင်းတောက်ကာ ရှုစန်းသော်ကို သတ်ရန် ပြေးလာသည်။ သူ၏ ဇနီးနှင့် သမီးဖြစ်သူတို့ ရှုစန်းသော်၏ လက်ချက်ဖြင့် မရှုမလှ သေသွားရသဖြင့် သူ ရူးသွပ်နေလေပြီ။
“ဟိုးဟိုး တစ်ခုဝယ် တစ်ခုအလကားရ အစီအစဉ်လား၊ ရတယ်လေ၊ ကျုပ် ခင်ဗျားကို လူလူနဲ့ အဖော်လုပ်ဖို့ ပို့ပေးမယ်၊ ခင်ဗျားတို့ မိသားစု ပြန်စုံစည်းကြပေါ့၊ ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး”
ရှုစန်းသော်က ရယ်နေသည်။ ထို့နောက် နတ်ဘုရင်အဆင့် လူသည် ထပ်မံ လှုပ်ရှားလာ၏။ လူလူဖခင်၏ ကျောနောက်မှ ခုန်လွှားပြီး သူ့ပခုံးကို ဖမ်းချုပ်ကာ နှစ်ခြမ်းဆွဲဖြဲလေသည်။
“ရွှစ်”
သွေးများက ရေတံခွန်အလား ပန်းထွက်လာ၏။
“သား…”
မေးမြန်းပြီး လိုက်လာသော ဝမ်တုန်းရန်သည် ရောက်ရောက်ချင်း ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အော်ဟစ် လာပြီး မြေကြီးပေါ် ဒုန်းခနဲ ဒူးထောက်ကျသွားသည်။
သူ့သား၏ ခန္ဓာကိုယ်ကို တုန်ယင်နေသော လက်တို့ဖြင့် ပွေ့ပိုက်လိုက်သည်။ ဟင်းသီးဟင်းရွက် ဝယ်ရန် အပြင်ထွက်သွားသည့် သူ့သားနှင့် ချွေးမတို့ ဤသို့သော အန္တရာယ်နှင့် ကြုံရလိမ့်မည်ဟု သူ မယုံကြည်နိုင်ပါ။
ဝမ်တုန်းရန် ရောက်လာသည်ကိုမြင်သော် ရှုစန်းသော်၏ မျက်နှာက ပို၍ မောက်မာလာပြီး အပြုံးနှင့် ပြောလိုက်သည်။
“လူကြီးမင်းဝမ် ခင်ဗျား ကျုပ်ကို အပြစ်မတင်နဲ့၊ သူတို့က နိုင်ငံရဲ့ အရေးပါတဲ့ ဝန်ကြီးကို စော်ကားခဲ့တာ၊ သူတို့ကို နေရာမှာတင် အပြစ်ပေးသင့်တာပဲ၊ ကျုပ်က စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ခဲ့တာ”
ထိုစကားကိုကြားသောအခါ တုန်းယွဲ့မျိုးနွယ်တစ်ခုလုံး ကြက်သေ သေသွားပြီး သူ့အား နုတ်နုတ်စင်းချင်စိတ် ပေါက်လာကြသည်။
ရှုစန်းသော်က သူတို့၏ မမလေးကို သတ်ခဲ့ပြီး သူတို့၏ စစ်မိန့်ကိုလည်း လုယူသွားခဲ့သည်။ သို့သော် ယခုအခါတွင်လည်း သူသည် ထပ်ခါထပ်ခါ ထောင်လွှားနေပြီး သူတို့၏ သခင်လေးကိုပါ သတ်လိုက်ပြန်သည်။
ဝမ်တုန်းရန်သည် ရှုစန်းသော်အား အလွန် မုန်းတီးသော အကြည့်တို့ဖြင့် ကြည့်နေပြီး ခုတ်သတ်ချင်စိတ် ပေါက်နေသည်။
“လူကြီးမင်းဝမ် ခင်ဗျား ဘယ်လိုအကြည့်နဲ့ ကြည့်နေတာလဲ၊ ခင်ဗျားကလည်း ကျုပ်ကို သတ်ချင်နေတာလား”
ရှုစန်းသော်က ထူးဆန်းစွာ ပြုံးနေပြီး မျက်နှာတွင် ရန်စလိုဟန်တို့ ပြည့်နေ၏။ လူလူ၏ မိတ်ဆွေဟောင်းများ အားလုံးသည်လည်း အားရကျေနပ်သော အမူအရာများနှင့် ရှိနေကြသည်။
သို့သော် ဝမ်တုန်းရန်က မဆင်မခြင်လုပ်ခြင်းကို မရွေးချယ်ပေ။ ဤအသက်အရွယ်အထိ ရှင်သန်လာခဲ့သဖြင့် သည်းခံခြင်း၏ တန်ဖိုးကို သူ ကောင်းကောင်း သိပါသည်။
လက်ရှိတွင် သူ သတ်ချင်စိတ်ဖြင့် တိုက်ခိုက်လိုက်ပါက ရှုစန်းသော်၏ အကွက်ထဲ ရောက်သွားပေလိမ့်မည်။
“သွားမယ်၊ ပြန်ကြမယ်”
ဝမ်တုန်းရန်က သုန်မှုန်စွာ အော်ပြောလိုက်ပြီး သူ့မျိုးနွယ်အား ပြန်ကြရန် အမိန့်ပေးလိုက်သည်။ ဤသို့ ဆက်လက်၍ ထိပ်တိုက် ရင်ဆိုင်နေပါက သူ့မျိုးနွယ်က ရှုစန်းသော်အား မသတ်ဘဲ မနေနိုင်တော့မည်ကို သူ စိုးရိမ်နေ၏။
“မိသားစု ခေါင်းဆောင်၊ သူ သခင်လေးကို သတ်လိုက်တယ်လေ၊ ကျွန်တော်တို့ ဘယ်လိုလုပ် ဒီလို ထွက်သွားနိုင်မှာလဲ”
“ဟုတ်တယ် လက်စားချေမယ်၊ ကျွန်တော်တို့ လက်စားချေချင်တယ်”
“ကျွန်တော်တို့ တုန်းယွဲ့မျိုးနွယ်က နှစ်ပေါင်းများစွာ နိုင်ငံအတွက် တိုက်ခိုက်လာခဲ့တာ၊ ဘယ်တုန်းက ဒီလိုမျိုး စော်ကားခံရဖူးလို့လဲ၊ ကျွန်တော်တို့ ဘယ်တုန်းက ဒီလို ဆက်ဆံခံရလို့လဲ၊ ဘယ်တုန်းက သူတို့ ဒီလို စော်ကားခွင့် ရှိသွားတာလဲ၊ ဒီကောင် သေသင့်တယ်”
တုန်းယွဲ့မျိုးနွယ်များအားလုံးသည် စစ်သည်တော်များအဖြစ် မွေးဖွားလာသူများ ဖြစ်ကြပြီး မရေတွက်နိုင်သော် စစ်ပွဲ အခက်အခဲများကို တွေ့ကြုံခဲ့သည့် မျိုးနွယ် ဖြစ်လေသည်။
တုန်းယွဲ့မျိုးနွယ်မှ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ စစ်မြေပြင်သို့ မသွားဖူးသူ မရှိပေ။ စစ်မြေပြင်သို့ မရောက်ဖူးသော တုန်းယွဲ့မျိုးနွယ်များသည် သူတို့ကိုယ်သူတို့ တုန်းယွဲ့မျိုးနွယ်ပါဟု မပြောရဲချေ။
ယွင်နိုင်ငံအတွက် သူတို့ နိုင်ငံအပေါ် သစ္စာရှိပြီး မိမိ၏ အချိန်နှင့် ခွန်အားတို့ကို လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားခဲ့သည်။ သို့သော် အဆုံးသတ်၌ သူတို့က ဤသို့ အနှိမ်ခံရပြီး ပစ်ပယ်ခံရသည်။ ဤသည်ကို သူတို့ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။
“ပါးစပ်ပိတ်ထားစမ်း၊ မျိုးနွယ်ဆီကို ချက်ချင်း ပြန်မယ်၊ မဟုတ်လို့ကတော့ မင်းတို့ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အပြစ်ပေးမယ်”
ဝမ်တုန်းရန်က အေးစက်စွာ ငေါက်ငမ်းလိုက်သည်။ ဝမ်တုန်းရန် ထိုသို့ပြောလိုက်သောအခါ တုန်းယွဲ့မျိုးနွယ်နှင့် အခြားသူများ၏ မျက်နှာတွင် မကျေနပ်၍ မုန်းတီးဟန်များ ပေါ်လာသည်။ သို့သော် သူတို့ ဝမ်တုန်းရန်၏ အမိန့်ကို မနာခံဘဲ မနေရဲပါ။
ဤသည်ကိုမြင်သော် ရှုစန်းသော်၏ မျက်နှာတွင် စိတ်ပျက်သွားဟန် ပေါ်လာသည်။ သူ စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်သည်။
*ဒီအဘိုးကြီးက တကယ် သည်းခံနိုင်တာပဲ*
ဝမ်တုန်းရန်သည်လည်း သူ့စိတ်ထဲမှ သတ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ တိုက်ခိုက်လာပါစေဟု သူ မျှော်လင့် နေခဲ့သည်။ သို့မှသာ သူ တုန်းယွဲ့မျိုးနွယ်တစ်ခုလုံးကို ရှင်းလင်းနိုင်မည် ဖြစ်ပြီး ဤဆူးငြောင့်ခလုတ်အား အမြစ်ဖြုတ် နိုင်ပေမည်။
ဤအဘိုးအိုကြီးက သူ ထင်ထားသည်ထက် ပို၍ တည်ငြိမ်နေသည်က စိတ်ပျက်စရာပင်။
“ယဲ့ဘုရင် … သူ ဒီကို ရောက်လာပြီ”
ထိုအခိုက်တွင် ကြောက်လန့်တကြား အော်ဟစ်လိုက်သော အသံတစ်သံ ပျံ့လွင့်လာသည်။ လူတိုင်း၏ အမူအရာက အကြီးအကျယ် ပျက်ယွင်းသွားသည်။ ထိုနတ်ဆိုးက သူတို့၏ မြို့တော်သို့ တိုက်ရိုက် ခြေချရဲနေသည် မဟုတ်ပါတကား။
*မိခင်ဘုရင်မက မြို့တော်မှာ ရှိတာကို သူ မသိဘူးလား*
*မောက်မာလွန်းနေတာ မဟုတ်လား*
ရှုစန်းသော်၏ အမူအရာသည်လည်း မသိမသာ ပြောင်းလဲနေပြီး သူ့မျက်နှာတွင် စိုးရိမ်ပူပန်ဟန် ပေါ်နေသည်။
သို့သော် ဝမ်တုန်းရန်က ဘာမှမကြားလိုက်သကဲ့သို့ ရှေ့သို့ ဆက်လှမ်း၍ မျိုးနွယ်သို့ ပြန်နေသည်။
“ဝမ်တုန်းရန် ခင်ဗျား ဘယ်သွားမှာလဲ”
ဝမ်တုန်းရန်က ဘာမှမလုပ်သည်ကို မြင်သောအခါ ရှုစန်းသော် ဒေါသထွက်သွားလေသည်။
“အိမ်ပြန်မလို့”
ဝမ်တုန်းရန်က သူ့သား၏ အလောင်းကို ဖက်၍ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။
“ခွေးမသား ယဲ့ဘုရင် လာနေပြီဆိုတာကို မကြားလိုက်ဘူးလား၊ စစ်သူကြီးတစ်ယောက်အနေနဲ့ ရန်သူနဲ့ တွေ့တာတောင် မတိုက်ဘူးလား၊ ခင်ဗျား အခု နောက်ဆုတ်မလို့လား”
ရှုစန်းသော်က ဝမ်တုန်းရန်ကို မကျေနပ်သော်လည်း ဤအဘိုးအို၏ စစ်သည်များကို ခေါင်းဆောင်သော နည်းလမ်းကို သူ လေးစားရသည်။
တစ်နည်းအားဖြင့်ဆိုလျင် ဤသို့ အလေးအနက် ဖြစ်နေသော အခြေအနေ၌ ရှုစန်းသော်က ဘာလုပ်ရမှန်းမသိ ဖြစ်နေသော်လည်း ဝမ်တုန်းရန်က အမှုမထားသလိုပင်။
ထိုစကားကို ကြားသောအခါ ဝမ်တုန်းရန်က လှောင်ရယ်၍ ထူးဆန်းသော အပြုံးဖြင့် ပြောလိုက်သည်။
“အခုက ငါက စစ်သူကြီး မဟုတ်တော့ဘူး၊ မင်းက စစ်သူကြီးလေ၊ စစ်သူကြီးရှုက အခု စစ်အင်အားနဲ့ စစ်မိန့်ကို ကိုင်ထားတာပဲ၊ မင်း ယဲ့ဘုရင်ကို အနိုင်ယူနိုင်ပြီး အန္တရာယ်ထဲက ကယ်နိုင်မယ်လို့ ငါ ယုံတယ်”
ထို့နောက် သူသည် လှည့်ပင်မကြည့်တော့ဘဲ ထွက်သွားလေသည်။
“ခွေးမသား အဘိုးကြီး၊ ခင်ဗျား ထွက်ပြေးတာပဲ၊ ကျုပ် အရှင်မင်းမြတ်ကို ခင်ဗျားအကြောင်း တိုင်တန်းမယ်၊ ခင်ဗျားရဲ့ တုန်းယွဲ့မျိုးနွယ် ဇာတ်သိမ်းရမယ်”
ရှုစန်းသော်က အနောက်မှနေ၍ ဒေါသတကြီး အော်ဟစ်နေသည်။
တုန်းယွဲ့မျိုးနွယ်များကလည်း ထီမထင်သော အပြုံးများ ပြုံးနေကြသည်။ ယခု ယွင်နိုင်ငံက သူတို့ တုန်းယွဲ့မျိုးနွယ်ကို အရေခြုံသဖွယ် စွန့်ပစ်ခဲ့သော်လည်း တိုက်ခိုက်ရမည့် အချိန်ရောက်သောအခါ သူတို့ကို အားကိုးချင်သေးသည်တဲ့လား။
“သွားပြီ၊ ငါတို့တော့ သွားပြီ၊ သူက လူလူအတွက် ရောက်လာတာ၊ ငါတို့ကို သူ အလွတ်ပေးမှာ မဟုတ်ဘူး”
ထိုအခိုက်တွင် ရှုစန်းသော်၏ ဘေးနားမှ သူငယ်ချင်းတစ်ယောက်က တုန်တုန်ယင်ယင် ပြောလာသည်။ သူ့မျက်နှာ၌ သွေးပင် မရှိတော့ချေ။
သူ သတင်းကို မြင်ခဲ့ပြီးသလို ဤခရီးက လူလူ့အတွက် လက်စားချေရန် ဖြစ်ကြောင်း သူ သိထားသည်။ လူလူ၏ သေဆုံးခြင်းက သူတို့နှင့် တိုက်ရိုက် ပတ်သတ်နေ၏။
သူတို့သာ လူလူ့ကို သစ္စာမဖောက်ခဲ့လျင် သူမ မီးတင်ရှို့ခံရမည် မဟုတ်ပါ။ ထိုနတ်ဆိုးက သူတို့ကို လုံးဝ အလွတ် ပေးတော့မည် မဟုတ်ချေ။
“မင်း ဘာလို့ သွေးပျက်နေတာလဲ၊ မိခင်ဘုရင်မ တံခါးပိတ်နေရာကနေ ထွက်လာပြီဆိုတာကို မမေ့နဲ့ဦး၊ ဒီနတ်ဆိုးကို သူ သေချာပေါက် တားနိုင်မှာပဲ”
ရှုစန်းသော်က အေးစက်စက် ခနဲ့လိုက်ပြီး သူ့မျက်နှာတွင် မုန်းတီးသော အရိပ်အယောင် ပေါ်နေ၏။
“ငါ့စီးတော်ယာဉ်ကို စားတယ်၊ တော်ဝင်မိသားစုကို ဒေါသထွက်အောင် လုပ်ပြီးတော့ ဒီမြေကို နင်းရဲတယ် ပေါ့လေ၊ မြို့တော်ကို ဝင်လာတာနဲ့ အဲ့ကောင် သေသင့်တယ်”
သူတို့ဘက်၌ မိခင်ဘုရင်မ ရှိနေသည် မဟုတ်ပါလော။
ထိုအခိုက်တွင် လူတိုင်း အသိပြန်ဝင်လာပြီး သူတို့၏ မျက်နှာတွင် မျှော်လင့်ချက် ပြန်ပေါ်လာသည်။
“ရှုစန်းသော် မိခင်ဘုရင်မက ယဲ့ဘုရင်ကို သတ်နိုင်မယ်လို့ မင်း ထင်လား”
တစ်စုံတစ်ယောက်က စိုးရိမ်တကြီး မေးလာသည်။
“အရေးမပါလိုက်တာ၊ ယဲ့ဘုရင်က မိခင်ဘုရင်မလက်ထဲမှ အသက်ရှင်နိုင်ပါ့မလားလို့ မင်း မေးသင့်တာကွ”
ရှုစန်းသော်က အထင်အမြင်သေးစွာ ပြုံး၍ ပြောလိုက်သည်။
“မိခင်ဘုရင်မက ရှေးတိုက်ပွဲမှာ အဆက်မပြတ် တိုက်ခိုက်ခဲ့တဲ့ ယွင်နိုင်ငံရဲ့ ရှေးနတ်ဘုရားဆိုတာကို မေ့နေတာလား၊ ထောင်ချီတဲ့ ကပ်ဘေးတွေကို ရင်ဆိုင်ခဲ့တဲ့အပြင် ရန်သူအားလုံးကို သတ်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့သူလေ”
“အဲ့လိုပုဂ္ဂိုလ်မျိုးက ဘယ်လိုလုပ် ရှုံးမှာလဲ”
“ဟုတ်တယ် ဟုတ်တယ်၊ ခေတ်အဆက်ဆက်မှာ ရှေးနတ်ဘုရားတွေ အများကြီး ရှိခဲ့တာ၊ ဘယ်လောက် များများက အသက်ရှင်ကျန်ခဲ့လို့လဲ၊ ရန်သူကို ရှောင်နိုင်ရင်တောင်မှ ကောင်းကင်တာအိုကို မရှောင်လွှဲနိုင်ဘူး၊ အဆင်ပြေပြေ အသက်ရှင်ကျန်ခဲ့တဲ့သူတွေကလည်း ရိုးရှင်းတဲ့လူတွေ မဟုတ်ဘူးလေ မိခင်ဘုရင်မရဲ့ ခွန်အားက ငါတို့ တွေးကြည့်လို့ရတဲ့ အရာ မဟုတ်ဘူး”
မိခင်ဘုရင်မသည် တကယ်ပင် တစ်မူထူးခြားလှပြီး သူမက ရှေးခေတ်တိုက်ပွဲများစွာကို တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ခြင်းဖြင့် သူမခန္ဓာကိုယ်ကို သန်မာအောင် သွေးခဲ့ပြီး တာအိုသဘောတရားကို သိနားလည်ကာ လောကထဲ၌ သူမအတွက် ပြိုင်ဘက် အချို့သာ ရှိတော့သည်။
ထို့နောက် သူမသည် ပြိုင်ဘက်ကင်းသူ ဖြစ်သွားသောကြောင့် တောင်ထဲ၌ တံခါးပိတ် နေထိုင်ပြီး ကျင့်ကြံကာ လောကထဲ ပြန်ထွက်မလာရန် ရွေးချယ်ခဲ့သည်။
“အဲ့ဒါကြောင့် သူ့ကို တော်ဝင်မြို့တော်မှာ ထာဝရ မြေမြှုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်”
လက်ရှိတွင် ယဲ့ဖန်သည် တော်ဝင်မြို့တော်သို့ ရောက်လာပြီး ကြီးမားကျယ်ပြန့်သော မြေပြင်ကို တစ်ချက် ကြည့်လိုက်သည်။ မြို့တော်ကို တောင်တန်းများက ဝန်းရံထားပြီး နဂါးကျောရိုးပုံ ပေါ်နေကာ အရှိန်အဝါက ထည်ဝါလွန်းလှသည်။
တော်ဝင်မြို့တော်။ ၎င်းသည် မူလက မိခင်ဘုရင်မ၏ ကျင့်ကြံရာနေရာဖြစ်သည်။ မြေပြင်၏ အစိတ်အပိုင်း တစ်ခုချင်းစီ၌ သူမ၏ တာအိုအမှတ်အသားကို ရေးထွင်းထားသည်။ ပေါများသော စွမ်းအင်က သက်ရှိများစွာကို မွေးဖွားစေခဲ့သည်။ နေရာတိုင်း၌ ထူးခြားသော ငှက်များနှင့် သားရဲများ ရှိနေကာ အငွေ့အသက်က ကြီးမားလှသည်။
“ထွက်သွားစမ်း”
ယဲ့ဖန်၏ မျက်လုံးများ စူးလက်နေပြီး အော်ဟစ်လိုက်သည်။ ထိုအခါ ကြောက်စရာကောင်းသော အသံလှိုင်းက မြို့တော်တစ်ခုလုံးသို ပျံ့နှံ့ရိုက်ခတ်သွားလေသည်။
“ဝုန်း”
မြို့တော်ထဲမှ သက်ရှိများအားလုံး ချက်ချင်း ကြောက်လန့်သွားပြီး သစ်ပင်ပေါ်မှ ပြုတ်ကျကုန်သည်။ ထို့နောက် ဤနေရာမှ အမြန်ဆုံးနှုန်းဖြင့် အသက်လု၍ ပြေးလေတော့သည်။
ယဲ့ဖန် မြင်မြင်သမျှကို မသတ်ချင်ပါ။ ဤအပြစ်မရှိသော သက်ရှိများကို သက်ရောက်မှု မရှိအောင် နှင်ထုတ်လိုက်သည်။
ယဲ့ဖန်က လက်နောက်ပစ်၍ ရပ်နေပြီး တိမ်တိုက်ကို စီးနင်း၍ မြို့တော်ကို ကြည့်နေသည်။ သူ၏ အမူအရာက လမ်းတစ်လျှောက် တည်ငြိမ်နေ၏
ယွီရှန့်ရှီနှင့် အခြားသူများက အနောက်မှ လိုက်လာပြီး အလွန် စိုးရိမ်နေပုံ ပေါ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ မကြာခင် ယွင်နိုင်ငံမှ ကြောက်စရာအကောင်းဆုံး အမျိုးသမီးနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်။
မိခင်ဘုရင်မ၏ တည်ရှိမှုက ခြိမ်းခြောက်မှုပင်။ ထိုအမျိုးသမီး၏ ကြောက်စရာကောင်းပုံကို သူတို့ ကောင်းကောင်း သိသည်။
ယဲ့ဖန်သည် လမ်းတစ်ဝက်၌ ကြီးမားသော တောင်တန်းများကို တွေ့လိုက်ရပြီး ၎င်းတို့သည် ပေထောင်ချီ မြင့်မားပြီး ကောင်းကင် တာအို သင်္ကေတများ ရေးထွင်းထားသည်။ ၎င်းတို့ကို မိခင်ဘုရင်မက တာအိုသဘောတရားကို နားလည်ပြီး မှတ်သားထားခြင်း ဖြစ်သောကြောင့် ရှုပ်ထွေးဆန်းကြယ်ပြီး မည်သူမှ နားမလည်ကြချေ။
ယဲ့ဖန်က တစ်ချက်ကြည့်ပြီးနောက် အထင်သေးသလို ပြုံးလိုက်သည်။
“ကလေးအဆင့်လေး”
*ဘာ*
ယွီရှန့်ရှီနှင့် အခြားသူများ အံ့ဩသွားသည်။ မိခင်ဘုရင်မ၏ တာအိုသဘောတရားက ယဲ့ဖန်၏ မျက်လုံးထဲ၌ ဘာမှမဟုတ်ပါတကား။
နောက်ဆုံးတွင် သူတို့သည် ပိုင်ကူးတောင်၌ ရပ်သွားသည်။
ဤတောင်သည် ထည်ဝါပြီး ရှည်လျားသော သမိုင်းကြောင်း ရှိသည်။ ၎င်းတွင် လောကဓံ အနိမ့်အမြင့် အတက်အကျကို ကြံ့ကြံ့ခံခဲ့သော အငွေ့အသက် ရှိနေသည်။ တောင်တစ်ခုလုံးတွင် အရိုးဖြူများနှင့် ပြည့်နေပြီး ကြောက်စရာကောင်းသော ဖိအားတစ်မျိုးလည်း ပျံ့လွင့်နေသည်။
ယွီရှန့်ရှီတို့ နှစ်ယောက်၏ အမူအရာကလည်း မသိမသာ တောင့်တင်းနေ၏။ သူတို့ ဘယ်သို့ရောက်နေလဲ သိနေကြသည်။
“ဝုန်း”
ရုတ်တရက် မြေဆီလွှာ တုန်ခါလာကာ တစ်ဖက်မှ ရှေးဟောင်း သားရဲများ ထွက်လာပြီး ကောင်းကင်ပေါ်သို့ ပျံတက်လာသည်။
“ဒါ မိခင်ဘုရင်မ ဖမ်းထားတဲ့ ရှေးဟောင်း သားရဲတွေပါ”
ယွီထျန်းရွှမ်က ယဲ့ဖန်ကို ရှင်းပြလေသည်။
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ခံစားချက် ကင်းမဲ့နေဆဲပင်။ ထို့နောက် သူက ချုံးချီကို ကြည့်လိုက်သည်။ ချုံးချီက အပြုံးကြီး ပြုံး၍ တောင်ပံကို ဖြန့်ကာ ပျံတက်သွားသည်။ ၎င်း ပျံတက်သွားသောကြောင့် လေပြင်းတိုက်ကာ အဆောက်အဦးများ ပြိုကျကုန်သည်။ ထို့ကြောင့် လူထောင်ချီ၍ သေဆုံးသွားကြသည်။
“ဝေါင်း”
ကြမ်းကြုတ်သော သားရဲ မာန်ဖီသံ ထွက်လာပြီးနောက် ချုံးချီက သားရဲအုပ်ထံ ပျံသန်းဝင်ရောက်၍ စတင် သတ်ဖြတ်လေသည်။
ကောင်းကင်ယံ၌ အော်သံ ထွက်ပေါ်လာပြီး သွေးအလိမ်းလိမ်းနှင့် ကြောက်စရာကောင်းသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် စုတ်ပြတ်နေသော သံမဏိ ဝတ်စုံကို ဝတ်ဆင်ထားပြီး မမ်မီနှင့် အသွင်တူကာ လက်ထဲ၌ ဧရာမ ဓားတစ်လက်ကို ကိုင်ထားပြီး ယဲ့ဖန်ထံ လျှောက်လာသည်။
သူ၏ မျက်လုံးများက ဗလာဖြစ်ကာ သုန်မှုန်နေပြီး အကြည့်က သူတို့၏ စိတ်ဝိညာည်ကို ဝါးမျိုတော့မည့်ပုံ ပေါ်နေ၏။
“သူတော်စင် အလောင်းကောင်ပါလား”
လူတိုင်း ကြောက်လန့်နေသော မျက်လုံးများဖြင့် အော်ဟစ်လာသည်။