← Chapters

အခန်း ၁၆၃၄

Vol. 109 Ch. 1634

အခန်း ၁၆၃၄

Vol. 109 Ch. 1634

Chapter 1634 ရှဲပီ အလောင်းကောင်

ရှေးနတ်ဘုရားများနှင့် နတ်ဘုရားအသစ်တို့ကြားမှ ခြားနားချက်သည် သိုင်းအဆင့် ဖြစ်ရုံသာမက အမွေ အနှစ်လည်း ပါလေသည်။

ဥပမာပြောရမည်ဆိုလျင် ယဲ့ဖန်နှင့် မိခင်ဘုရင်မတို့သည် ရေပုလင်းများ ဖြစ်ပါက ယဲ့ဖန်သည် ရေအပြည့် ရှိနေပြီးသား ပုလင်း ဖြစ်သော်လည်း မိခင်ဘုရင်မက ရေအနည်းငယ်သာ ရှိသော ပုလင်းသာ ဖြစ်သည်။

မိခင်ဘုရင်မသည် တိုက်ခိုက်ချိန် ကြာလာလေ ပိုထိတ်လန့်လာလေဖြစ်ပြီး ပို၍ ဒဏ်ရာများများ ရရှိလာလေ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အက်သံများ ထွက်လာပြီး သူမအရိုးများက ပို၍ စပ်ဖျဉ်းဖျဉ်း ဖြစ်သလို ခံစားလာရသည်။

သို့သော် သူမအရှေ့မှ ယဲ့ဖန်သည် ထည်ဝါ၍ ကြမ်းကြုတ်နေဆဲဖြစ်ကာ အဆက်မပြတ် တိုက်ခိုက်နေသည်။ သူမ၏ တာအိုသဘောတရားအပေါ် နက်နက်နဲနဲ သိနားလည်မှုကြောင့်သာ မဟုတ်လျင် အစောကတည်းက ရှုံးနေလောက်သည်။

မိခင်ဘုရင်မ အလွန် ကြောက်လန့်နေသည်။ သူမ အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်ပြီးကတည်းက ဤသို့သော လူမျိုးနှင့် တစ်ခါမှ မကြုံဖူးချေ။ သူက သူမထက် ပိုစောသော ခေတ်၌ ပေါ်ခဲ့ပုံ ပေါ်နေသောကြောင့် သူမကို အလွန်အမင်း ကြောက်လန့်နေစေသည်။

လက်ရှိအချိန်၌ သူမ၏ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေ၏။

သူမ တွေးနေသော အရာက ယဲ့ဖန်ကို ဘယ်လို သတ်ရမလဲ မဟုတ်တော့ဘဲ ကိုယ့်အသက်ကို ဘယ်လို ကယ်ရမလဲသာ ဖြစ်တော့သည်။

သူမ စဉ်းစားနေချိန်မှာပင် ယဲ့ဖန်က ထပ်မံတိုက်ခိုက်လာသည်။ သူ၏ ဓားစွမ်းအင်ကြောင့် ကြီးမားသော တောင်နှင့် မြစ်ချောင်းများရှိသော ကျယ်ဝန်းသည့် ဧရိယာတစ်ခုလုံး လွင်တီးခေါင်ပြင်အဖြစ်သို့ ပြောင်းလဲသွား လေသည်။

မိခင်ဘုရင်မ၏ မျက်နှာ သုန်မှုန်သွားပြီး လက်များပင် ဖြူစုတ်ကာ အော်ဟစ်လိုက်သည်။

“ရွှစ်”

သို့သော် ထိုအခိုက်တွင် သွေးများ ပန်းထွက်လာပြီး မိခင်ဘုရင်မ၏ ကျောက်စိမ်းသဖွယ် လှပသော လက်က ပြတ်တောက်သွားလေသည်။

“အား...”

သူမ အော်ဟစ်ရင်း နောက်သို့ ဒယိမ်းဒယိုင် ဆုတ်လိုက်မိသည်။ သူမဆံပင်က ဖိုသီဖတ်သီ ဖြစ်နေပြီး သူမ၏ အဖြူရောင် စကပ်ပင် သွေးတို့ကြောင့် ရဲရဲနီသွားသည်။

မိခင်ဘုရင်မ၏ မျက်လုံးတွင် အလွန် ကြောက်ရွံ့စိတ်တို့ ဖုံးလွှမ်းနေသည်။ သူမ တာအိုစွမ်းအင်ကို ဒိုင်းအဖြစ် သုံးသော်လည်း ယဲ့ဖန်၏ ဓားချက်ကို မပိတ်ဆို့နိုင်ခြင်းအား မယုံသင်္ကာ ဖြစ်နေ၏။

*ဒီကောင်က မထင်ထားလောက်အောင်ကို သန်မာတာပဲ*

“မင်းအစွမ်းတွေမရှိတော့ဘူးလား”

ယဲ့ဖန်က ခြေလှမ်းကျဲကျဲဖြင့် ရောက်လာပြီး မိခင်ဘုရင်မအား အထင်သေးစွာ ကြည့်လာသည်။

“ချောင်းတိုက်လို့ ငါ အထိနာနေတာတောင် တိုက်ပွဲ အခြေအနေကို ပြောင်းပြန် မလှန်နိုင်ဘူးလား”

ထိုစကားကိုကြားသော် မိခင်ဘုရင်မသည် အရှက်ကွဲသလို ခံစားလိုက်ရပြီး သတ်ချင်ဖြတ်ချင်စိတ်ကလည်း ဝုန်းခနဲ တက်လာပြီး တစ်ခွန်းချင်း ပြောလိုက်သည်။

“ငါ နင့်ကို သတ်မယ်၊ ထပ်တိုက်မယ်”

ချက်ချင်းဆိုသလိုပင် မိခင်ဘုရင်မက ပြေးတက်လာပြီး သူမကိုယ်မှ လျှပ်စီးသံပင် ထွက်နေပြီး မြေဆီလွှာသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဝုန်းခနဲ ပေါက်ကွဲကုန်သည်။

အရောင်စုံ ရောင်စဉ်များက ကောင်းကင်အနှံ့ ဖြာထွက်နေပြီး တောက်ပသော မီးသီးတစ်လုံး ကောင်းကင်တွင် ချိတ်ဆွဲထားသည်ဟု ထင်မှတ်မှားရပြီး လူသတ်ချင်သည့် အငွေ့အသက်ကလည်း ပြင်းထန်စွာ ပျံ့လွင့်နေ၏။

ရုတ်တရက် ထိုရောင်စဉ်က ထောင်ချီသော တာအိုစွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံ အက်ကွဲလာသည်။

ပြင်းထန်သော စွမ်းအင် ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ဘေးပတ်လည်မှ အရာအားလုံး ဝါးမျိုခံလိုက်ရပြီး အဘယ်အရာကမှ မရပ်တန့်နိုင်ချေ။

ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ပေါ့ပေါ့တန်တန် မတွေးတော့ပေ။ သူသည် နဂါးကိုးကောင် မီးလင်းဖိုဖြင့် ခန္ဓာကိုယ်ကို ကာလိုက်ပြီး မိခင်ဘုရင်မအား တိုက်ခိုက်လေသည်။

“မင်းကိုသတ်လိုက်ရင် ယွင်နိုင်ငံကို ဖျက်ဆီးနိုင်ပြီ ဟုတ်တယ်မလား”

ယဲ့ဖန် ပြုံးနေပြီး လူသတ်လိုသော အငွေ့အသက်ကလည်း နေရာအနှံ့ ပျံ့နှံ့နေ၏။

“ချီးပဲ ရပ်လိုက်စမ်း၊ ရပ်လိုက်”

မိခင်ဘုရင်မ မျက်လုံးပြူးသွားပြီး ကြောက်လန့်တကြား ဖြစ်ကာ အသက်ပင် မရှူနိုင်အောင် ဖြစ်သွားသည်။ ရောင်စဉ်များကလည်း နဂါးကိုးကောင် မီးလင်းဖိုထံ အဆက်မပြတ် ကျရောက်လာသည်။

“ဒေါင် ‌ဒေါင်”

မီးပွားများ စင်ထွက်လာသော်လည်း နဂါးကိုးကောင် မီးလင်းဖိုသည် မပျက်မယွင်း ရှိနေကာ ယဲ့ဖန်၏ ဦးခေါင်းထက်၌ ဝဲနေသည်။

နဂါးသွေးကြော ကိုးခုဖြင့် ဖန်တီးထားသော နဂါးကိုးကောင် မီးလင်းဖိုက ဘယ်လိုလုပ် အလွယ်တကူ ပျက်စီးပါမည်နည်း။

၎င်းတွင် မိုးမြေ တာအိုသင်္ကေတများ ရေးထွင်းထားပြီး အင်မော်တယ် လက်နက်တစ်ခုနီးပါး ဖြစ်နေကာ ဖျက်ဆီးရန် မဖြစ်နိုင်လုနီးပါးပင်။

ယဲ့ဖန်က တဖြည်းဖြည်း နီးကပ်လာသဖြင့် မိခင်ဘုရင်မအတွက် ထွက်ပြေးရန် နောက်ကျသွားလေပြီ။

“ငါ့ကို ထွက်ပြေးလို့မရနိုင်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား၊ ဘာလို့ မင်းက ထွက်သွားချင်နေတာလဲ”

ယဲ့ဖန်၏ ကြမ်းကြုတ်သော အပြုံးက ပိုပို၍ ပီပြင်လာပြီး ဓားချက်ကလည်း ကျဆင်းလာကာ လေဟာနယ် ပေါက်ကွဲသွားပြီး ကြီးမားသော တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာကာ ဟင်းလင်းပြင် အက်ရာတစ်ခု ပေါ်လာသည်။ ထို့နောက်တွင်မူ ဓားစွမ်းအင်က မိခင်ဘုရင်မထံ ကျရောက်လာသည်။

“ရွှစ်”

သွေးများ ထပ်မံ၍ ပန်းထွက်လာပြီး ယဲ့ဖန်၏ ဓားချက်ကြောင့် မိခင်ဘုရင်မ ခန္ဓာကိုယ် အလယ်မှ တိခနဲ ပြတ်တောက်သွားသည်။

ပိုင်လီဟုန်နှင့် ယွင်နိုင်ငံသားများအားလုံး ကြက်သီးထသွားကြသည်။ ဤမြင်ကွင်းက သူတို့အား အလွန်အမင်း ခါးသက်သလို ခံစားရစေ၏။

*ရှုံးသွားပြီ*

*မိခင်ဘုရင်မလို သန်မာတဲ့လူတောင်မှ ဒီနတ်ဆိုးရဲ့ ပြိုင်ဘက် မဟုတ်ပါလား*

မိခင်ဘုရင်မ နှစ်ပိုင်းပြတ်တောက်သွားသည်ကိုမြင်ပြီး လူတိုင်း ကြက်သေ သေသွားကြသည်။ သူတို့၏ ဖန်တီးသူက ယဲ့ဖန်ကြောင့် နှစ်ပိုင်းပြတ်သွားသည်တဲ့လား၊ အံ့ဩစရာပင်။

မိခင်ဘုရင်မသည် ယနေ့အချိန်အထိ ရှင်သန်နိုင်ခဲ့သော ရှေးနတ်ဘုရား ဖြစ်သည်။ မရေတွက်နိုင်သော စစ်ပွဲများ အဆုံး၌ သူမ ရှင်သန်နိုင်ခဲ့သည်သာ။

ဘဝတစ်လျှောက်တွင်းလည်း လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး သူမ သတ်ခဲ့သော အင်မော်တယ် ဧကရာဇ်အဆင့်နှင့် နတ်ဘုရင်အဆင့်များ ဘယ်လောက် ရှိနေသလဲ မသိနိုင်ပါ။ ယင်းကပင် ယနေ့အထိ သူမ၏ ရက်စက်သော နာမည်သတင်းကို ဖြစ်ပေါ်လာခဲ့သည်။

သို့သော် ယခုအခါ၌ မိခင်ဘုရင်မက သူမအရှေ့မှ နတ်ဆိုးကြောင့် ကိုယ်နှစ်ခြမ်း ပြတ်သွားသည်ကို သူတို့ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။

သူတို့ ယွင်နိုင်ငံ၏ ကောင်းကင်သည်လည်း ပျက်စီးနိုင်တော့လုနီးပါး ဖြစ်နေ၏။ အလယ်ပိုင်း ဒေသမှ နတ်ဆိုးများ ကြောက်ဖို့ကောင်းသည်ဟူသော စကားက အလိမ်မဟုတ်ပေ။ သူတော်စင်အဆင့်တောင်မှ မတားနိုင်ချေ။

ပိုင်လီဟုန်၏ မျက်နှာ ပြာနှမ်းနေပြီး နောင်တရနေ၏။

*ဘာလို့ ဒီနတ်ဆိုးနဲ့မှ တိုက်ခိုက်ရတာလဲ*

*ဘာလို့ အဲ့မိန်းကလေးကို သတ်ချင်ခဲ့ရတာလဲ*

အကယ်၍ သူသာ ထိုမိန်းကလေးကို မသတ်ခဲ့လျင်၊ ယဲ့ဖန်ကို သတ်ရန် ရှစ်နိုင်ငံ အင်အားစုများ ပေါင်းစည်းသည်ကိုစောင့်နေခဲ့လျင် ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ပါ။ သို့သော် ယခုမှ ပြောလျင်လည်း နောက်ကျသွားလေပြီ။

ယဲ့ဖန်သည် ဤမြေသို့ ခြေချသည်နှင့် ပြိုင်ဘက်ကင်းသော အနေအထားဖြင့် သန်မာသော ရန်သူအားလုံးကို ရှင်းလင်းခဲ့သည်။ သူက သန်မာလွန်းသဖြင့် လူတိုင်း မျှော်လင့်ချက် မဲ့သလို ခံစားနေရသည်။

“ဘုန်း”

မိခင်ဘုရင်မသည် လေထဲမှ လွင့်ထွက်သွားပြီး ဒုံးပျံတစ်စင်း ကျသကဲ့သို့ တောင်တန်းများပေါ် အရှိန်ဖြင့် ပြုတ်ကျလာပြီးမှ ခက်ခက်ခဲခဲ အရှိန်တန့်သွားပြီး တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေသည်။

“မဖြစ်နိုင်ဘူး၊ ငါ့ကို အနိုင်ယူနိုင်တဲ့သူက ရှေးနတ်ဘုရားပဲ ရှိတယ်၊ နင်က ဘယ်သူလဲ”

မိခင်ဘုရင်မက ယဲ့ဖန်ကို ကြောက်လန့်တကြားနှင့် ထိတ်လန့်နေသော အမူအရာဖြင့် ကြည့်လာသည်။ နင်းချေနိုင်သည်။ တစ်ဖက်လူက သူမကို လုံးဝ နင်းချေဖိနှိပ်နိုင်၏။

ရှေးခေတ်ပြီးသွားကတည်းက ဤသို့ တစ်ခါမှ မဖြစ်ဖူးပါ။ ရှေးခေတ်အခါကို ကျော်လွန်ရှင်သန်နိုင်သည့် ရှေးနတ်ဘုရားများကလည်း အလွန် နည်းပါးသည်။ တစ်ဖက်လူ၏ နောက်ကြောင်းကို သူမ မသိရန် မဖြစ်နိုင်ပေ။

ယဲ့ဖန်က သူမကို အထင်သေးစွာ ကြည့်လိုက်သည်။

“ရှေးနတ်ဘုရားလား၊ ငါ့မျက်လုံးထဲမှာ သူက ပုရွက်ဆိတ်လိုပဲ”

သူ၏ အထွတ်အထိပ်နေ့ရက်များတွင် ဘာမဟုတ်သော ရှေးနတ်ဘုရားကို မဆိုထားနှင့် စကြဝဋ္ဌာ၏ အရှင်သခင်ကိုပင် သူ အရေးမစိုက်ခဲ့ပေ။

ထိုစကားကိုကြားသော် မိခင်ဘုရင်မ မျက်နှာပျက်သွားသည်။

*ရှေးနတ်ဘုရားက သူ့မျက်လုံးထဲမှာ ပုရွက်ဆိတ်လိုပဲတဲ့လား၊ ဒါ အတည်ပြောနေတာလား၊ နောက်နေတာလား*

*ရူးလွန်းတယ်*

*မောက်မာလွန်းတယ်*

လွန်ခဲ့သော မိနစ်ပိုင်းက ယဲ့ဖန် ဤသို့ ပြောလာသည်ကို သူမ ကြားခဲ့လျင် အော်ရယ်၍ သရော်မိလောက်သည်။ သို့သော် ယခုအခါ၌ သူမ ယုံကိုယုံရပေတော့မည်။

“မခုခံနိုင်ဘူး မဟုတ်လား၊ မင်း သေလိုက်တော့”

“ငါ့ကို ထွက်သွားခွင့်ပေး၊ မဟုတ်ရင် နင် နောင်တရစေရမယ်”

မိခင်ဘုရင်မ၏ မျက်နှာက သုန်မှုန်နေပြီး ယဲ့ဖန်အား လေးနက်စွာ သတိပေးလိုက်သည်။

“ငါ့နောက်မှာ ရှိတဲ့ ပုန်းကွယ်နေတဲ့သူက နင် ဘယ်လိုမှ ထင်ထားနိုင်တဲ့လူ မဟုတ်ဘူး၊ နင် ဒီနေရာကနေ ထွက်မသွားရင် သေလမ်းပဲ ရှိလိမ့်မယ်”

ထိုစကားကိုကြားသော် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

*မဟုတ်မှလွဲရော မိခင်ဘုရင်မမှာ ဝှက်ဖဲ အကြီးကြီး ရှိသေးတာလား*

“မင်း ငါ့လမ်းကို ပိတ်ပင်ခဲ့တယ်၊ မင်း သေကိုသေရမယ်”

ယဲ့ဖန်၏ အသံက တုံ့ဆိုင်းခြင်းမရှိဘဲ အေးစက်ခက်ထန်နေသည်။

ထိုအခိုက်တွင် မိခင်ဘုရင်မက သူနှင့် ထိပ်တိုက်တွေ့ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ အဆုံးသတ်က ဆိုးရွားနေပြီ မဟုတ်ပါလော။

မိခင်ဘုရင်မ၏ နောက်ကွယ်၌ မည်သူပဲ ရှိနေပါစေ ယဲ့ဖန်ဟူသော သူ့အား ဆန့်ကျင်လာလျင် သေလမ်းသာ ရှိပေမည်။

“ကောင်းပြီလေ နင်က ငါ့ကို ဖိအားပေးမှတော့ နင့်ကို နောင်တဆိုတာ ဘာလဲ သိအောင် ပြရတာပေါ့”

မိခင်ဘုရင်မက ခက်ထန်သော မျက်နှာထားနှင့် ပြောလိုက်ပြီး လျှာထိပ်ကို ကိုက်လိုက်ပြီး ထိုသွေးကို ယူ၍ မြေကြီးပေါ်၌ ထူးဆန်းသော သင်္ကေတတစ်ခုကို ရေးဆွဲလိုက်ပြီး မန္တန်အား ကျယ်လောင်စွာ ရွတ်ဆိုလိုက်သည်။

“ဝုန်း”

ထို့နောက်တွင်မူ မြေကြီးအောက်မှ ရှေးကျ၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

“ဂျွတ် ဂျွတ် ဂျွတ်”

မြေဆီလွှာ အက်ကွဲပွင့်ထွက်လာပြီး ကြောက်စရာကောင်းသော အပြာရောင် မီးခိုးများ ထွက်လာကာ စူးရှ နံစော်သော အနံ့ဆိုးတစ်ခု ထွက်လာလေသည်။ အသက်ပင် ရှူလို့မရနိုင်တော့ပါ။

မြေဆီလွှာ ပေါက်ကွဲလာပြီးနောက် ပုပ်ပွနေသော ပုံသဏ္ဌာန်တစ်ခုက မြေကြီးထဲမှ တွားသွားထွက်လာပြီး မိစ္ဆာအငွေ့အသက်တို့ ပြည့်နှက်နေကာ အနံ့ကလည်း ဆိုးရွားလှသည်။

ခန္ဓာကိုယ်တစ်ခုလုံးက ပြည်တည်နေပြီး ကြည့်ရဆိုးလှကာ ထူပျစ်ပျစ် အစိမ်းရောင် အရည်များ စီးကျနေ၏။ မျက်နှာကလည်း ဆိုးရွားလွန်းလှသည်။

ပုပ်ပွနေသော အလောင်းကောင်ပါတကား။

မျက်လုံးတွင် သူငယ်အိမ် ကျွတ်ကျနေပြီး ဟောင်းလောင်းပေါက်သာ ဖြစ်နေကာ တစ္ဆေဆန်သော အစိမ်းရင့်ရောင် မီးတောက်သာ တောက်လျက် ရှိသည်။

အပေါ်သို့ သူ ထွက်လာသည်နှင့် သူ့ပတ်ဝန်းကျင်၌ ရှိသော သက်ရှိများအားလုံး ခြောက်သွေ့ သေဆုံးသွားသည်။

“နံလိုက်တာ”

“ဒါ … ဒါ ဘယ်လို မကောင်းဆိုးဝါးကြီးလဲ၊ ရွံဖို့ကောင်းလွန်းတယ် ဟုတ်တယ်မလား”

ထိုအခိုက်တွင် လူတိုင်း ပါးစပ်နှင့် နှာခေါင်းကိုအုပ်ထားပြီး မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်နေ၏။

*ဒီမကောင်းဆိုးဝါးက ကြည့်ရဆိုးရုံတင် မကဘူး၊ အနံ့ကလည်း ဆိုးလိုက်တာ*

ဤသတ္တဝါ ပေါ်လာသည်ကို မြင်သော ချုံးချီကလည်း ယဲ့ဖန်ဘေးသို့ လျင်မြန်စွာ ပျံသန်းလာပြီး သူ့မျက်နှာတွင် ထိတ်လန့်၍ အလေးအနက် ဖြစ်ဟန် ပေါ်နေသည်။

ဤသည်က တကယ်ပင် ကြီးမားသော ရန်သူတစ်ယောက်ပင်။

အခြားသူများက ဘယ်သူမှန်း မသိသော်လည်း ရှေးခေတ်အခါကတည်းက ရှိခဲ့သော ချုံးချီက မသိဘဲ မနေပါ။

ဘိုးဘေး စုန်းဆယ့်နှစ်ကောင်၊ ကြီးမားသော အလောင်းကောင်များ။

ဘိုးဘေး စုန်းဆယ့်နှစ်ကောင်သည် မိုးမြေတွင်း၌ အစောဆုံး မွေးဖွားလာသည့် သတ္တဝါများဟု ခေါ်နိုင်ပေသည်။ တစ်ကောင်ချင်းစီတွင် ကောင်းကင်ဘုံနှင့် ဆက်သွယ်နိုင်သော အရည်အချင်း ရှိသည်။ အတွေးတစ်ချက်က တောတောင် မြစ်ချောင်းများကို ဖျက်ဆီးနိုင်ပြီး နေနှင့်လအား ပြောင်းပြန် ဖြစ်စေနိုင်သည်။

အလွန်အမင်း ကြောက်စရာ ကောင်းလှသည်။

နတ်ဘုရားများနှင့် နတ်ဆိုးများတောင်မှ သူတို့နှင့် မတိုက်ရဲပါ။ တစ္ဆေအားလုံးသည်လည်း ဘိုးဘေးစုန်းများ ဖြတ်သွားသော နေရာတိုင်းတွင် ဦးညွှတ်ရသည်။

သူတို့သည် အလွန် ဆန်းကြယ်ပြီး သာမန်အလောင်းကောင်များထက် ပို၍ ကြောက်စရာကောင်းသည်။

“နင် ငါ့ကို ဖိအားပေးခဲ့တာပဲ၊ နင်က သေတွင်းတူးချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”

မိခင်ဘုရင်မက အရူးသဖွယ် အားပါးတရ ရယ်မောလာသည်။

“လတ်စသက်တော့ မင်းက သူနဲ့အတူ ယွင်နိုင်ငံကို မွေးထုတ်ခဲ့တာကို”

ယဲ့ဖန်က လှောင်ရယ်လိုက်ပြီး ထူးဆန်းမှုကို စကားတစ်ခွန်းတည်းဖြင့် ရှင်းပြသွားလေသည်။

ထိုစကားကိုကြားသောအခါ ယွင်နိုင်ငံသားများ အံ့ဩသွားသည်။

*ဒီမကောင်းဆိုးဝါးကြီးက မိခင်ဘုရင်မကို ကိုယ်ဝန်ရအောင် လုပ်ခဲ့တဲ့သူလား*

*မိခင်ဘုရင်မက ငါတို့မိခင်ဆိုရင် ဒီမကောင်းဆိုးဝါးက ငါတို့အဖေ ဖြစ်နေတာပေါ့*

ယွင်နိုင်ငံသားများအားလုံး ထူးဆန်းသော အမူအရာများ ဖြစ်လာပြီး သူတို့က ဤမကောင်းဆိုးဝါး၏ မျိုးဆက်များ ဖြစ်သည်ကို တွေးမိပြီး ရွံသလို ခံစားလိုက်ရသည်။

အထူးသဖြင့် ပိုင်လီဟုန်ပင်။ သူ့ကိုယ်သူ နတ်ဘုရားမျိုးနွယ်ဟု ပြောနေခဲ့သော်လည်း သူ့မျက်စိရှေ့မှ အလောင်းကောင်ကြီးက ရွံ့ဖို့ကောင်းပြီး ရုပ်ဆိုးသော မကောင်းဆိုးဝါးကြီးပင်။

ထိုစကားကိုကြားသော် မိခင်ဘုရင်မသည်လည်း အမူအရာ ဆိုးရွားသွားပြီး စိတ်ထဲ၌ အရှက်ရသလို ခံစားလိုက်ရသည်။

အလောင်းထက်ပင် ပိုမိုရုပ်ဆိုးသောသူ ဖြစ်သောကြောင့် သူ၏ ပုံစံအစစ်အမှန်ကို သူမ လူပုံအလယ်၌ ဘယ်သောအခါမှ ချမပြခဲ့ခြင်း ဖြစ်သည်။ ထိုအတွက် သူမ အရှက်ရမည်ကို စိုးရိမ်ခဲ့သောကြောင့်ပင်။ သို့သော် ယခုအခါ၌ သူမတွင် ရွေးချယ်စရာ မရှိတော့ပါ။

ဤအလောင်းကောင်ကိုသာ မဖိတ်လျင် နတ်ဆိုးကို လုံးဝ သတ်နိုင်မည် မဟုတ်ပါ။

“ငါ့နယ်မြေမှာ ဘယ်ကောင် လာသောင်းကျန်းရဲတာလဲ”

အလောင်းကောင်၏ ပြာအက်၍ နားဝင်ဆိုးသော အသံ ထွက်ပေါ်လာသလို ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်လည်း ပျံ့လွင့်လာ၏။

ထိုအခိုက်တွင် လူတိုင်း သတိလစ်လုနီးပါး ဖြစ်သွားပြီး လူသတ်လိုသည့် အငွေ့အသက်ကို မခုခံနိုင်ကြချေ။

“ရှဲပီ အလောင်းကောင်၊ နတ်ဘုရား ငါးပါးထဲက တစ်ပါး၊ ဘယ်လိုလုပ် ဒီမကောင်းဆိုးဝါးက ရှင်နေတာလဲ”

ယွီထျန်းရွှမ် အလွန် ချောက်ချားသွားပြီး တစ်ကိုယ်လုံး တုန်ယင်ကာ ကြောက်လန့်နေ၏။

ဘိုးဘေး စုန်းဆယ့်နှစ်ကောင်သည် ဖန်ကူး၏ ခန္ဓာကိုယ်မှ ပြန်လည်မွေးဖွားလာခြင်း ဖြစ်သည်။ အပြင်လောကက နတ်ဆိုးနတ်ဘုရား ဆယ့်နှစ်ကောင်ဟု ခေါ်ဝေါ်ကြသည်။

၎င်းတို့ လှုပ်ရှားလျင် တောတောင်ရေမြေ ပြိုလဲပျက်စီးပြီး မိုးမြေကိုလည်း ဖျက်ဆီးနိုင်လေသည်။

(စကားချပ်။ ။ ရှဲပီ အလောင်းကောင်ရဲ့ English name က Shebi Corpse or Shebi ပါ၊ သူ့ကို လူသားတစ်ဝက် သားရဲတစ်ဝက် မကောင်းဆိုးဝါးလို့ ပြောပါတယ်၊ “The Book of Mountains and Seas. The Eastern Classic of the Wilderness” မှာ ဖော်ပြထားတာကတော့ လူမျက်နှာနဲ့ သားရဲခန္ဓာကိုယ်ရှိပြီး နားရွက်က ခွေးနားရွက် ဖြစ်ပြီး နားရွက် တစ်ဖက်စီမှာ မြွေစိမ်းမြီးခြောက် နှစ်ကောင် ရှိတယ်လို့ ရေးသားထားပြီး ရှဲပီအလောင်းကောင်လို့ ခေါ်ပါတယ်။ တစ်နည်းပြောရရင် ရှဲပီက ဒဏ္ဍာရီထဲက နတ်လူသားလို့ ဆိုလို့ရပါတယ်။ ပန်းချီအနေနဲ့ကတော့ ပုံဖော်ထားတာ မတူတဲ့ နှစ်ပုံကို တွေ့ရပါတယ်)

All Chapters