← Chapters

အခန်း ၁၆၃၅

Vol. 109 Ch. 1635

အခန်း ၁၆၃၅

Vol. 109 Ch. 1635

Chapter 1635 မွေးရာပါ စည်းတံဆိပ်

အတိတ်အခါက ရေနတ်ဘုရားနှင့် မီးနတ်ဘုရားတို့ တိုက်ခိုက်ခဲ့စဉ်က ကောင်းကင်ထောက်တိုင်ကို ဖျက်ဆီးမိပြီး ကောင်းကင်၏ အစွန်းကို ပြိုလဲလုနီးပါး ဖြစ်ကာ သန်းရာချီသော ဝိညာဉ်များကို သေစေခဲ့သည်။

ရှီပီသည် ရာသီဥတုကို ခြယ်လှယ်နိုင်သော ဘိုးဘေးစုန်းတစ်ကောင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အဆိပ်ကို ကောင်းကောင်း သုံးနိုင်သူ ဖြစ်သည်။

“ယောက်ျားရေ သူက ကျွန်မကို သတ်ပြီးတော့ ကျွန်မတို့ ကလေးတွေကို ဖျက်ဆီးချင်နေတယ်”

မိခင်ဘုရင်မက ယဲ့ဖန်ကို လက်ညှိုးထိုး၍ အော်ပြောလေသည်။

ယောကျ်ားရေဟု ခေါ်လိုက်ချိန်တွင် မိခင်ဘုရင်မ၏ မျက်ခုံးက ရှုံ့တွနေပြီး သူမမျက်နှာတွင် ရွံရှာသော အရိပ်အယောင် ပေါ်နေသည်။

အစပိုင်း၌ သူမသည် တာအိုသဘောတရားကို ရှာဖွေနိုင်ရန် အလို့ငှာ မိမိကိုယ်ကိုယ် အနစ်နာခံ၍ ဤသို့သော အလောင်းကောင်သဖွယ် လူမျိုးနှင့် လက်ထပ်ခဲ့သည်။

ရှဲပီ အလောင်းကောင်တွင် ကိုးပြည်နယ်၏ အလောင်းများကို စုဖွဲ့ပြီး သူမအတွက် ကျင့်ကြံခြင်းနေရာကို ဖန်တီးပေးခဲ့သည်။ ထို့ကြောင့်လန်း သူမတွင် တစ်မူထူးခြားသော ခွန်အား ရှိလာခဲ့ပြီး ယနေ့ လူသိများသော မိခင်ဘုရင်မအဖြစ်သို့ ရောက်ရှိခဲ့လေသည်။

ရှဲပီက ရုတ်တရက် ယဲ့ဖန်ဘက်ကို လှည့်ကြည့်လာပြီး ဒေါသတကြီး အော်လိုက်သည်။

“သေသင့်တဲ့ကောင်”

“ဝုန်း”

ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံက အရောင်ပြောင်းလာပြီး ကြောက်စရာကောင်းသော မိုးသက်မုန်တိုင်း ကျဆင်းလာကာ လူတိုင်း ဒူးထောက်ကျသွားသည်။

ထိုသို့သောအချိန်၌ ယွီထျန်းရွှမ်နှင့် အခြားသော အင်မော်တယ် ဧကရာဇ်အဆင့်များသည် ကြောက်စရာ ကောင်းသော ဤဖိအားကို မခံနိုင်သဖြင့် ခြေထောက်များ တုန်နေပြီး ချွေးပြန်နေ၏။

သူတို့၏ သူမတူသော ကျင့်ကြံခြင်းနှင့် သိနားလည်မှုတို့ကြောင့် မဟုတ်လျင် သူတို့လည်း ဒူးထောက်ကျ သွားလောက်သည်။

ဖိအားသည် အင်မော်တယ် ဧကရာဇ်အဆင့်များတောင်မှ မခုခံနိုင်ပေ။ ကြောက်စရာ ကောင်းလိုက်လေခြင်း။

ဤသည်ကိုမြင်သော် မိခင်ဘုရင် ဝမ်းသာအားရ ဖြစ်သွားပြီး အမူအရာက ပို၍ မလိုတမာ ဖြစ်လာသည်။

“နတ်ဆိုးကိုသတ်ပြီး ကျွန်မတို့ ကလေးတွေအတွက် လက်စားချေပေးပါ”

“လူကြီးမင်း ကျွန်တော်တို့အတွက် လက်စားချေပေးပါ”

“လူကြီးမင်း ကျွန်တော်တို့ကို ကယ်ပါဦး”

ထိုအခိုက်တွင် ယွင်နိုင်ငံသားများက အသည်းအသန် အော်ပြောလာကြသည်။ သူတို့ အလောင်းကောင်၏ တည်ရှိမှုကို လက်မခံနိုင်သော်လည်း ယခုအခါ၌ ရွေးချယ်စရာ မရှိပေ။ အကူအညီမရှိလျင် သူတို့ သေ ရပေလိမ့်မည်။

“ငါက သေချင်နေတာလား၊ မင်းက သေချင်နေတာလား”

ယဲ့ဖန်၏ လှောင်လိုက်ပြီး မျက်လုံးတွင် ရယ်ချင်စိတ်တို့ ပြည့်နေ၏။ တစ်ဖက်လူက ရှဲပီ အလောင်းကောင် ဖြစ်နေသော်လည်း အရေးစိုက်ပုံ မပေါ်ချေ။

ထိုစကားကိုကြားသော် လူတိုင်း ကြက်သေ သေသွားသည်။

*ဒီကောင် မောက်မာလွန်းနေတာ မဟုတ်လား*

*သူ့အရှေ့မှာ ရှိနေတာက ဘိုးဘေး စုန်းဆယ့်နှစ်ကောင်ထဲက တစ်ကောင်လေ၊ သမိုင်းမတိုင်မီခေတ်တုန်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုလေ*

*ဒါပေမဲ့ ဒီကောင်က အထင်သေးကြောင်း ပြရဲတယ်လား*

*မောက်မာလွန်းတယ်*

*သေသင့်တယ်*

“မင်း ငါနဲ့ ထိပ်တိုက်တွေ့ရဲတယ်ပေါ့လေ”

ရှီပီ အလောင်းကောင်က အော်ငေါက်လာပြီး ယဲ့ဖန်အား ခက်ထန်သော မျက်လုံးတို့ဖြင့် စူးစိုက်ကြည့် လာကြသည်။

ထိုအသံက မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ရှေးခေတ်အချိန်အခါကတည်းက မည်သူမှ သူ့ကို ဤသို့ အထင်မသေးရဲပေ။ ယခု သူ ရန်စခံလိုက်ရသဖြင့် ဒေါသထွက်သွားသည်။

“မင်းကို ထိပ်တိုက် တွေ့ရဲတာလား၊ ငါ မင်းကို အထင်သေးရုံလေးပါ”

“သိပ်ကောင်းတယ်၊ ဒီလိုဆိုမှတော့ မင်း သေလိုက်တော့”

ရှဲပီ အလောင်းကောင်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီးသောအခါ လျှပ်စီးလက်၍ မိုးခြိမ်းလာသည်။ ရှဲပီ အလောင်းကောင်၏ လက်ထဲသို့ မိုးကြိုးမုန်တိုင်း ရောက်ရှိလာပုံက ကြောက်မက်ဖွယ် ကောင်းလှသည်။

“ဒီလောက် ကြီးမားလိုက်တဲ့ ခွန်အားပါလား၊ အံ့ဩဖို့ကောင်းလိုက်တာ”

“ဘိုးဘေးစုန်းရဲ့ ခွန်အားက တကယ် ကြောက်ဖို့ကောင်းလိုက်တာ၊ ဒီတစ်ခါတော့ အဲ့နတ်ဆိုး သေသင့်တယ်”

“ဖြစ်သင့်တယ်လေ၊ ရှီပီရဲ့ ခန္ဓာကိုယ်က ဖန်ဆင်းရှင်ရဲ့ ခန္ဓာကိုယ်ကပဲကို၊ ဘယ်လိုလုပ် ဒီလူက သူ့ကို နာကျင်အောင် လုပ်နိုင်မှာလဲ”

လူတိုင်း ရှီပီ အလောင်းကောင်အပေါ် ယုံကြည်မှု အပြည့်ပင်။ ထိုအချိန်တွင် ယဲ့ဖန်ကလည်း လှုပ်ရှားလာ၏။

သူ့နဖူးအလယ်တွင် ထူးခြားသော အမှတ်အသားတစ်ခု ပေါ်လာပြီး ၎င်းက မှော်မီးအိမ်အလား တောက်ပနေကာ မျက်စိကျိန်းစရာ ကောင်းလှသည်။

ထိုအမှတ်အသားကို မြင်လိုက်သည့်အခိုက်မှာပင် ရှဲပီအလောင်းကောင် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူ့မျက်လုံးတွင် အလွန် သွေးပျက်ဟန် ပေါ်လာ၏။ ပြင်းထန်သော မိုးကြိုးမုန်တိုင်းကလည်း တစ်မဟုတ်ချင်း ပျောက်ကွယ်သွားသည်။

ထိုအခါ လူတိုင်း ထိတ်လန့်သွားသည်။ အားလုံးက သူ့ကို မယုံနိုင်သလို ကြည့်နေကြပြီး အဘယ်ကြောင့် ရှဲပီ အလောင်းကောင် ရပ်သွားလည်း သူတို့ နားမလည်ကြချေ။

“မွေးရာပါ စည်းတံဆိပ်၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရှဲပီ အလောင်းကောင် အော်ဟစ်လာပြီး သူ့အသံတွင် ထိတ်လန့်မှုတို့ ပြည့်နှက်နေ၏။

“ဘာ … မွေးရာပါ ဥပဒေသ စည်းတံဆိပ် ဟုတ်လား”

မိခင်ဘုရင်မ၏ မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်လာသည်။

မွေးရာပါ ဥပဒေသ စည်းတံဆိပ်သည် သမိုင်းခေတ် မတိုင်မီကတည်းက တည်ရှိခဲ့သော သက်တမ်း အရင့်ဆုံးနှင့် အဆန်းကြယ်ဆုံး ဥပဒေသ စည်းတံဆိပ် ဖြစ်လေသည်။

၎င်းက ကောင်းကင်ကို ဖွင့်နိုင်သလို မြေပြင်ကိုလည်း ဖွင့်နိုင်၏။ လောကအား ကယ်တင်နိုင်သလို ဖျက်လည်း ဖျက်ဆီးနိုင်လေသည်။

ဤစည်းတံဆိပ်အောက်၌ သူတော်စင်အဆင့်များ ကြောက်လန့်ရပြီး နတ်ဘုရားများနှင့် နတ်ဆိုးများ လွှမ်းမိုးခံရသည်။ သက်ရှိအားလုံးကို တစ်ချက်တည်းဖြင့် ရှင်းလင်းနိုင်သည်။

စကြဝဋ္ဌာထဲမှ ကြယ်တာရာများကိုလည်း အမှုန့်ဖြစ်စေနိုင်လေသည်။

ဤသို့သော စည်းတံဆိပ်သည် ဖန်ဆင်းရှင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ လက်ထဲမှာသာလျင် တည်ရှိပေသည်။

*ဒီကောင်က ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ကောင်းတဲ့အရာကို ပိုင်ဆိုင်ထားတာလဲ*

“မဖြစ်နိုင်ဘူး၊ ဘိုးဘေး မရှိတော့ကတည်းက ဘယ်သူ့ဆီမှာမှ ဒီလို စည်းတံဆိပ်မျိုး မရှိတော့ဘူး၊ မင်းမှာ ဘယ်လိုလုပ် ရှိ ….”

ရှဲပီ အလောင်းကောင်က ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေပြီး သေမတတ် ကြောက်လန့်နေသည်။

ထိုအချိန်တွင် သူ့၌ ရှေ့ဆက်တိုးရဲသည့် သတ္တိ မရှိတော့ချေ။ မွေးရာပါ ဥပဒေသ စည်းတံဆိပ်သည် အစွမ်းထက် လှသည်။ သူ့၌ ဖန်ဆင်းရှင်၏ ခန္ဓာကိုယ် ရှိနေလျင်တောင်မှ ပြိုင်ဘက် မဟုတ်ချေ။

ရုတ်တရက် ရှဲပီ အလောင်းကောင်သည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး အလွန် ထိတ်လန့်သော မျက်နှာထား ဖြစ်သွားသည်။

“မဟုတ်မှလွဲရော မင်းက တာအိုသခင်”

ဘိုးဘေးများအပြင် မွေးရာပါ စည်းတံဆိပ် ပိုင်ဆိုင်သူတစ်ဦးကို သူ တွေးမိသွားသည်။ ထိုသူမှာ လုယာ တာအိုသခင်ပင်။

“မင်းကြည့်ရတာ မတုံးတဲ့ပုံပဲ”

ယဲ့ဖန် ပျက်ရယ်ပြုလိုက်သည်။

“အခု မင်း ငါ့ကို တားချင်သေးလား”

“တပည့် မလုပ်ရဲပါဘူး”

ရှဲပီ အလောင်းကောင်သည် ယဲ့ဖန်ရှေ့၌ ချက်ချင်း ဒူးထောက်လိုက်ပြီး မျက်နှာဖြူရော်နေကာ အလွန်အမင်း ကြောက်ရွံ့နေ၏။

တစ်ဖက်လူသည် ဟုန်ကျွင်းနှင့်ပင် ရင်ဘောင်တန်းနိုင်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူ ဘယ်လိုလုပ် ရန်စနိုင် ပါမည်နည်း။

ထိုမွေးရာပါ စည်းတံဆိပ်ကတင် ထိတ်လန့်စရာ ကောင်းနေလေပြီ။ သူ မဆင်မခြင် ပြုမူလိုက်ပါက တစ်ဖက်လူက သူ့ကို အချိန်မရွေး သတ်နိုင်ပေသည်။

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေပြီး မျက်လုံးများ ပြူးကျယ်လာကြသည်။ ရုတ်တရက် သူတို့ ကြက်သီးတဖြန်းဖြန်း ထလာ၏။

*ငါတို့ ဘာမြင်လိုက်တာလဲ*

*ရှဲပီ အလောင်းကောင်က ဒီလူကို တကယ် ဒူးထောက်လိုက်တာလား*

*ဘယ်လိုဖြစ်ရတာလဲ*

“မဟုတ်ဘူး မဟုတ်ဘူး”

ပိုင်လီဟုန် မယုံသင်္ကာ ဖြစ်နေပြီး မျက်နှာတစ်ခုလုံး ဖြူရော်နေသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ”

ရှဲပီ အလောင်းကောင်သည် ဖန်ဆင်းရှင်၏ သွေးများ စီးဆင်းနေသော ဘိုးဘေးစုန်းတစ်ကောင် ဖြစ်သည်။ ဤလောကတွင် ဖန်ဆင်းရှင်မှတစ်ပါး မည်သူက သူ့ကို ဒူးထောက်အောင် လုပ်နိုင်သေးသနည်း။

*ဒီလူက ဘယ်သူလဲ*

“ယောက်ျား ရှင် ဘာလုပ်နေတာလဲ၊ သူ ကျွန်မကို သတ်လုနီးပါး ဖြစ်သွားတာလေ၊ ဘယ်လိုလုပ် ရှင်က သူ့ကို ဒူးထောက်ရတာလဲ”

မိခင်ဘုရင်မ မယုံနိုင်သလို ပြောလိုက်သည်။ လက်ရှိတွင် သူမ မှင်တက် အံ့ဩနေ၏။

“သူက မင်းကို သတ်ချင်တာလား”

ရှဲပီ အလောင်းကောင်က မိခင်ဘုရင်မကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လာသည်။ ထိုအကြည့်က မိခင်ဘုရင်မကို တုန်လှုပ်သွားစေသည်။

ထိုအကြည့်ကို သူမ မရင်းနှီးပါ။ ခံစားချက်ကင်းမဲ့၍ အေးစက်မှုတို့ ပြည့်နှက်နေသော အကြည့်ပင်။ ယခင်က သူမ ထိုသို့သော အကြည့်ဖြင့် တစ်ခါမှ အကြည့်မခံရပါ။

ရှဲပီ အလောင်းကောင် ထပ်ပြောလိုက်သော စကားက မိခင်ဘုရင်မ၏ စိတ်ကို အောက်ခြေအထိ ထိုးကျ သွားစေသည်။

“သူ မင်းကို သတ်ချင်တယ်ဆိုရင် မင်း သေသင့်တယ်”

မိခင်ဘုရင်မ မျက်နှာဖြူရော်သွားပြီး ထိုစကားက ရှဲပီ အလောင်းကောင် ပြောလိုက်သော စကားဖြစ်သည်ကို မယုံနိုင် ဖြစ်နေ၏။

နှစ်ပေါင်းများစွာအတွင်း ရှဲပီ အလောင်းကောင်က သူမကို အလွန် ချစ်မြတ်နိုးခဲ့သည်။ သူမ မည်သို့သော တောင်းဆိုမှုမျိုးပဲ ဆိုခဲ့ပါစေ၊ ရှဲပီ အလောင်းကောင်က သူမ၏ တောင်းဆိုမှုကို ဖြည့်စည်းခဲ့သည်သာ။

သို့သော် ယခု သူက သူမကို သေသည်ကို ကြည့်နေချင်နေသလား။ ဤသည်ကလည်း အရှေ့မှလူကြောင့်တဲ့လား။

*တကယ်ပဲ ဘာတွေဖြစ်နေတာလဲ*

“ဒီမှာ ဘာဖြစ်သလဲဆိုတာကို ဘယ်သူ ငါ့ကို ပြောပြနိုင်မလဲ၊ ဒါ အတုအယောင် ဟုတ်တယ်မလား၊ ငါ့ကို ဒါက အတုအယောင်လို့ ပြောစမ်းပါ”

“အိပ်မက်မက်နေတာ၊ ငါ အိပ်မက်မက်နေတာပဲ ဖြစ်မယ်၊ နတ်ဘုရားက ငါတို့ကို အရမ်း မရက်စက်နိုင်ပါဘူး”

ယွင်နိုင်ငံသားများ ဆောက်တည်ရာမရ ဖြစ်လာပြီး ငိုယိုလာကြသည်။ အဘယ်ကြောင့်ဆိုသော် ဤမြင်ကွင်းက သူတို့ကို ကြံရာမရ ဖြစ်စေသောကြောင့်ပင်။

ယွီထျန်းရွှမ်နှင့် အခြားသူများသည်လည်း မယုံနိုင် ဖြစ်နေသည်။

*ဒါက ရှဲပီ အလောင်းကောင်လေ၊ ယဲ့ဖန်က ကျူးလုံ ဧကရာဇ်ဖြစ်ဖြစ်၊ ဧကရာဇ်ရီပဲ ဖြစ်နေပါစေ ဒူးထောက်ဖို့ အရည်အချင်း မရှိဘူးလေ*

အဘယ်ကြောင့်ဆိုသော် အသက်အရဆိုလျင် ရှဲပီ အလောင်းကောင်က ယဲ့ဖန်ထက် ပိုမို၍ အသက်ကြီး သောကြောင့်ပင်။

သို့သော် အဘယ်ကြောင့် ရှဲပီ အလောင်းကောင်က ယဲ့ဖန်ရှေ့၌ ခွေးတစ်ကောင်လို ဒူးထောက်နေရသနည်း။ သူက ကြောက်နေပုံတောင် ပေါ်နေသေးသည်။

ရှဲပီ အလောင်းကောင်က ကြောက်စိတ်ကြောင့် တုန်နေသည်ကိုပင် သူတို့ သေချာ မြင်နေရသည်။

* ရှဲပီ အလောင်းကောင်လို ထည်ဝါတဲ့သူက ဘာလို့ ဒီလောက် ကြောက်နေတာလဲ*

*ဒါက အိပ်မက်လိုပဲ*

*တာအိုသခင်တဲ့*

*ဧကန္တ ယဲ့ဖန်မှာ ငါတို့ မသိတဲ့ ထူးခြားတဲ့ နောက်ကြောင်း ရှိနေသေးတာလား*

ထိုအခိုက်တွင် ယွီထျန်းရွှမ်၊ ယွီရှန့်ရှီနှင့် အခြားသူများက ရှုဖူကို မသင်္ကာသလို ကြည့်လာကြသည်။ သို့သော် ရှုဖူ၏ မျက်နှာတွင် ကူကယ်ရာမဲ့သော အမူအရာကိုသာ တွေ့လိုက်ရသည်။

“ငါ့ကို အဲ့လို လာမကြည့်နဲ့၊ ငါလည်း မင်းတို့လို လက်နှစ်ဖက်၊ ခြေနှစ်ဖက်ပါတဲ့ လူသားပဲ၊ ငါလည်း မတွေးတတ်ဘူး”

“အရှင်မင်းမြတ်ရဲ့ လျှို့ဝှက်ချက်တွေက များလွန်းလို့ ငါတောင် သူ့ကို တစ်ရာရာခိုင်နှုန်း အပြည့်အဝ သိနားလည်တယ်လို့ မပြောရဲဘူး”

“မွေးရာပါ စည်းတံဆိပ်၊ အဲ့ဒါက မွေးရာပါ တည်ရှိမှုမှာသာ ရှိတဲ့ ထိပ်တန်း ရတနာတစ်ခုပဲ၊ ဒါက အရှင်မင်းမြတ်က မွေးရာပါ တည်ရှိမှုပဲလို့ ပြနေတာပဲ”

ယွီထျန်းရွှမ်က တအံ့တဩ ပြောလိုက်သည်။

*မွေးရာပါ တည်ရှိမှုတဲ့လား*

ချက်ချင်းဆိုသလိုပင် နတ်ဆိုးများအားလုံး ကြက်သေ သေသွားသည်။

*မွေးရာပါ တည်ရှိမှု၊ ဘယ်လောက်တောင် ရှေးကျလိုက်သလဲ၊ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေတောင် ဒါကို မယှဉ်နိုင်ဘူးလေ*

“တာအိုသခင် ကျွန်တော့်ကို ကိုယ်တိုင် လုပ်စေချင်ပါသလား”

ရှဲပီ အလောင်းကောင်က ယဲ့ဖန်ကို မေးလိုက်သည်။ သူသည် မိခင်ဘုရင်မအား ယဲ့ဖန်အတွက် သတ်ချင်နေ၏။

ရှဲပီ၏ နူးညံ့သော ခန္ဓာကိုယ်က တုန်ယင်သွားပြီး မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်လာသည်။

သူမခင်ပွန်းက အရှေ့မှ လူအတွက် သူမကို သတ်ချင်နေသည်တဲ့လား။

“ယောက်ျား ရှင် … ရှင် ဘာတွေပြောနေတာလြ၊ ကျွန်မတို့က လင်မယားတွေလေ၊ ရှင် ဘယ်လိုလုပ် ကျွန်မကို ဒီလို ဆက်ဆံနိုင်ရတာလဲ”

မိခင်ဘုရင်မက မလိုလားဟန်ဖြင့် မေးလိုက်သည်။

သို့သော် ရှဲပီ အလောင်းကောင်က စာနာစိတ် လုံးဝ မရှိဘဲ အေးစက်စွာ ပျက်ရယ်ပြလိုက်သည်။

“မင်း အပြစ်တင်ချင်တယ်ဆိုရင် ကြောင်းကျိုး မဆင်ခြင်ဘဲ ရန်မစသင့်တဲ့လူကို ရန်စလိုက်တဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့”

“အဲ့အတွက် သေလမ်းပဲ ရှိတယ်”

“သူ … သူက ဘယ်သူလဲ”

မိခင်ဘုရင်မက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။ ဘယ်သူမို့လို့ ရှဲပီ အလောင်းကောင်ကိုပင် ကြောက်စေသလဲ ဆိုတာကို သူမ သိချင်နေ၏။

“သူလား”

ရှဲပီ အေးစက်စွာ ခနဲ့၍ ပြောလိုက်သည်။

“သူက အတွေးတစ်ချက်နဲ့ တစ်လောကလုံးကို ဗလာနတ္ထိ ဖြစ်သွားအောင် လုပ်နိုင်တဲ့ တည်ရှိမှုမျိုးပဲ”

ထိုစကားက မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ လူတိုင်း ရူးမတတ် ဖြစ်သွားကြသည်။

*အတွေးတစ်ချက်နဲ့ တစ်လောကလုံးကို ဗလာနတ္ထိ ဖြစ်သွားအောင် လုပ်နိုင်တယ်တဲ့လား*

ထိုသို့သော တည်ရှိမှုမျိုးသည် နတ်ဘုရားများနှင့် နတ်ဆိုးများကိုပင် ကျော်လွန်ပြီး သူတော်စင်အဆင့်ပင် မယှဉ်နိုင်သော ပုဂ္ဂိုလ် ဖြစ်သည်။

ဤသို့သော တည်ရှိမှုမျိုးက အဘယ်အဆင့်သို့ ရောက်နေသလဲ ဆိုသည်ကို တွေးရန် မဖြစ်နိုင်ပေ။

“ဒုန်း”

ပိုင်လီဟုန် မြေကြီးပေါ် ဒုန်းခနဲ ဒူးထောက်ကျသွားပြီး ကြီးမားသော ကပ်ဘေးတစ်ခုကို သူ ဖြစ်စေမိခဲ့ကြောင်း သတိပြုမိသွားသည်။

သူသည် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုအား ဒေါသထွက်အောင် လုပ်လိုက်မိသည်။ သူ့အရှေ့မှ လူသည် သူ ထင်ထားသည်ထက် ဆယ်ဆမက ပိုကြောက်ဖို့ကောင်းလှသည်။

ဤသို့သော နတ်ဆိုးနှင့် ရန်သူဖြစ်ခြင်းက သေတွင်းတူးနေခြင်းသာ။

မိခင်ဘုရင်မသည်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး မျက်နှာတွင် အလွန်အမင်း မှင်တက်နေဟန် ပေါ်နေ၏။ သူမ မယုံနိုင် ဖြစ်နေသည့်ပုံပင်။

*လောကကိုတောင် ဖျက်ဆီးနိုင်တဲ့ တည်ရှိမှုတဲ့လား*

*ဒါဆို ဘယ်လောက်တောင် သန်မာနေတာလဲ*

သူမ ထိုသို့သော စွမ်းအင်ကို မတွေးတတ်သော်လည်း သူမ မခုခံနိုင်ကြောင်းတော့ သေချာ သိပါသည်။

“ကျွန်မကို မသတ်ပါနဲ့၊ ဒီတပည့် မှားမှန်း သိပါပြီ”

မိခင်ဘုရင်မက ယဲ့ဖန်ရှေ့၌ တုန်ယင်စွာ ဒူးထောက်ချလိုက်သည်။

စာစဉ် ၁၀၉ ဤတွင် ပြီးပါပြီ။

All Chapters