ရှုသဲချိုက်
Vol. 139 Ch. 1915
ကင်းလှည့်ခြင်းသည် ပျင်းရိဖို့ ကောင်း၏။ သို့ပေမည့် ဝမ်လင်းက ပျင်းရိခြင်းနှင့် အသားကျနေခဲ့ပေပြီ။ သူသည် လောက၌ သူ့တကိုယ်တည်း လျှောက်လှမ်းခဲ့တာ နေသားကျခဲ့ပြီ။ အမှောင်ထုနှင့် လက်ပွန်းတနှီး ကျွမ်းဝင်ခဲ့ပြီ။ သူ့ရှေ့ရှိ အဆုံးမဲ့လောကကို ကြည့်ရှုနေတတ်တာ အလေ့အထ ဖြစ်ခဲ့လေပြီ။
လရောင်ကို တိမ်စိုင်တိမ်နက်တို့က ခြုံလွှမ်းထား၏။ သို့ပေမည့် အလုံးစုံ ဖုံးလွှမ်းထားခြင်းတော့ မဟုတ်ပေ။ ဝမ်လင်းသည် လရောင်ခပ်ဖျော့ဖျောအလင်းကို ကြည့်ကာ တဖြည်းဖြည်းချင်း လမ်းလျှောက်နေ၏။
ညအချိန်ခါ ဖြစ်နေဆဲသာ။ တိမ်စိုင်များ ပိုစုဝေးလာ၏။ မကြာမီ မိုးကြိုးသံများ ကြားလာရကာ လေပြင်းများ တိုက်ခတ်လာသည်။ အဘက်ဘက်မှ ရေစီးကျသံ ထွက်ပေါ်လာ၏။ မိုး စတင်ရွာသွန်းလာခဲ့ပြီ။
မိုးရွာနေစဉ် ဝမ်လင်းက လမ်းလျှောက်နေသည်ကို ရပ်ကာ မိုးစက်များ ဖုံးလွှမ်းသော လောကထံသို့ မော့ကြည့်လိုက်၏။ သူ၏ ညာလက်ကို ဝေ့ယမ်းကာ သူ့လက်ကြားတွင် အတားအဆီးသံလိုက်အိမ်မြှောင် ပေါ်လာသည်။ ထိုသံလိုက်အိမ်မြှောင်ပေါ်၌ သူ့ထံ တိုးဝင်လာနေသော အစိမ်းရောင်အစက်ဆယ့်နှစ်ဆယ့်စက်ကျော်ကို ရှင်းရှင်းလင်းလင်း ပြသပေးနေသည်။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူက ချက်ခြင်း နောက်ဆုတ်၏။ သူက အလွန်မြန်သည်။ ချက်ခြင်းပင် သူသည် ပေတစ်သောင်းကျော် နောက်ဆုတ်ပြီး ဦးတည်ရာ ပြောင်းခဲ့ပြီးပင်။ သူသည် ရပ်တန့်ကာ လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ကြည့်၏။ သူ၏မျက်လုံးက အရောင်တောက်သွားသည်။
သံလိုက်အိမ်မြှောင်ပေါ်ရှိ အစက်ဆယ့်နှစ်စက်ကျော်ကလည်း သူ လုပ်သလို ဦးတည်ရာ ပြောင်းလေ၏။ သူတို့က ဝမ်လင်း ဦးတည်ရာ ပြောင်းသွားသည်ကို သတိပြုမိပုံ ပေါ်ကာ မြန်ဆန်စွာ နီးကပ်လာချေသည်။
တချိန်တည်းမှာ သံလိုက်အိမ်မြှောင်ပေါ်၌ ဝမ်လင်းပတ်ပတ်လည်ရှိ ဦးတည်ရာသုံးခုထံမှ အစိမ်းရောင်အစက်ဒါဇင်ကျော် ပေါ်လာပြန်သည်။ ယင်းတို့က စက်ဝန်းအသွင် ဝန်းပတ်ကာ နီးကပ်လာကြသည်။
“ဒါဟာ လုဝမ်ရန်ရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ရမယ်…” ဝမ်လင်းက နန်းတော်အတွင်းမှ ထွက်ခွာလာခဲ့ချိန်တည်းက လုဝမ်ရန်၏ အစီအစဉ်ကို သဘောပေါက်ထား၏။ လုဝမ်ရန်က ဝမ်လင်းကို သံသယရှိနေသဖြင့် သူ့ကို ရည်ရွယ်ချက်ရှိရှိ ကင်းလှည့်ခိုင်းလိုက်ခြင်းပင်။ ဝမ်လင်းသည် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများကို စွဲဆောင်နိုင်မည်လားဟု လုဝမ်ရန် သိလိုနေခြင်းတည်း။
ဝမ်လင်းက ထွက်ခွာလာခဲ့သော်လည်း ခုချိန်၌ သူ့စိတ်နေစရိုက်ကို ဖုံးကွယ်ကာ နေထိုင်နေတုန်းပင်။ တခါတရံ ရှေ့တိုးဖို့ နောက်တစ်လှမ်းဆုတ်ခြင်းက ပိုကောင်းပေ၏။
“ငါသာ လုဝမ်ရန် ဖြစ်ခဲ့ရင် နန်းတော်အတွင်း ဝင်ရောက်မယ့် နည်းလမ်းအားလုံးကို ချိပ်ပိတ်ထားမှာပဲ…” ဝမ်လင်းက မြေပြင်ထက်သို့ ခြေလှမ်းကြည့်၏။ မြေအောက်နန်းတော်သို့ မဝင်ရောက်နိုင်အောင် သူ့အား ကန်အားတစ်ခုက တားဆီးထားသည်ကို တွေ့ရ၏။
နှာခေါင်းရှုံ့ကာ ဝမ်လင်းက သူ့သံလိုက်အိမ်မြှောင်ပေါ်ရှိ အစိမ်းရောင်အစက်တစ်ရာနီးပါးကို စိုက်ကြည့်၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် လှစ်ခနဲ ပေါ်သည်။
ထိုသူများက ဝမ်လင်းကို သတ်ဖြတ်ဖို့ လာနေခြင်းပင်။ သို့သော် သူတို့က ဝမ်လင်း ထွက်လာခြင်းမှာ သူ့အား ပေးအပ်ထားသော တာဝန်သုံးခုကို မြန်မြန်ဆန်ဆန် ပြီးမြောက်ချင်၍ကိုမူ မသိကြပေ။
“နေရာလေးခုထဲက နှစ်ခုမှာ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက် ပါလိမ့်မဘ်။ တခြားဦးတည်ရာနှစ်ခုမှာတော့ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတွေ ရှိနေလိမ့်မယ်။ လျှိုဇီယန်း သေဆုံးသွားခဲ့တော့ အစိမ်းရောင်မိစ္ဆာကုန်းမြေမှာ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူ ခြောက်ယောက်ပဲ ကျန်တော့မယ်။ အခု သူတို့ထဲက ငါးယောက်ကို စေလွှတ်လိုက်ပြိ။ ဒါ့ကြောင့် သူတို့က သံလိုက်အိမ်မြှောင်အကြောင်းနဲ့ လျှိုဇီယန်းကို ငါ သတ်ခဲ့တဲ့အကြောင်း သိသွားခဲ့တာ သေချာနေပြီ…”
ဝမ်လင်းက ညာဘက်သို့ ခြေလှမ်းလိုက်၏။ လှိုင်းထကာ သူသည် ပျောက်ကွယ်လို့သွားသည်။
အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်၏ ဦးတည်ရာလေးခုကနေ ဝမ်လင်းထံ ပျံသန်းလာကြသော ကျင့်ကြံသူများ ရှိနေ၏။ ထိုသူများထဲတွင် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူများ ဖြစ်သည့် အဘိုးအိုကျောက်နှင့် အဘိုးအိုကျန်းတို့ပင်။ သူတို့နှစ်ယောက်လုံးက သုန်မှုန်နေကြသည်။
တခြားဦးတည်ရာနှစ်ဘက်တွင်လည်း အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ရှိသည်။ သူတို့နှစ်ယောက်က လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်များ ဖြစ်ပြီး တခြားလူဒါဇင်ချီကို ဦးဆောင်၍ ဝမ်လင်းထံ ဦးတည်လာနေသည်။
တချိန်တည်းမှာ အဝေး၌ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူ တခြားအမျိုးသမီးတစ်ယောက်က အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူထောင်ချီနှင့်အတူ ရှိနေသည်။ သူမက နေရာတွင် ထိုင်နေ၏။ သူမ၏လက်ထဲတွင် ပုံရိပ်ယောင်သံလိုက်အိမ်မြှောင်တစ်ခု ရှိနေကာ ဝမ်လင်းတည်နေရာကို ပြသပေးနေသည်။ သူမက အမိန့်များပေးကာ တခြားသူများကို ဝမ်လင်း၏ တည်နေရာအား အသိပေးနေသည်။
ကောင်းကင်ထက်တွင် မိုးကြိုးများ တုန်ဟည်းကာ မိုးများ ရွာသွန်းနေသည်။ သည်မိုးရေမိုးပေါက်တို့အောက်၌ သတ်ဖြတ်ပွဲတစ်ခု အစပြုနေလေပြိ။
ရှုသဲချိုက်က အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ကာ သူသည် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်တွင် ရှိနေသည်။ ဤက သူ၏အကန့်အသတ် ဖြစ်ကာ ကံကောင်းမှုတစ်ခုကိုသာ မကြုံပါက သူ့အနေဖြင့် အဆင့်ထပ်တက်နိုင်စွမ်း မရှိဘဲ ဖြစ်လိမ့်မည်။
သူ့ကို တာအိုမိစ္ဆာကလန်က ကောင်းကင်ဘုံနွားထီးကုန်းမြေနှင့် တိုက်ခိုက်ရာတွင် ပါဝင်ဖို့ ဖိတ်ခေါ်ထားခြင်းပင်။ သူ့အတွက် အကျိုးအမြတ်များစွာ ကတိပေးထားသဖြင့် သူက ဒီတိုက်ပွဲတွင် ပါဝင်လာခဲ့ခြင်းပင်။
သည်အခိုက်၌ သူက သူနှင့်အတူ ကျင့်ကြံသူဒါဇင်ကို ခေါ်ဆောင်လာ၏။ သူတို့ကြား၌ တတိယအဆင့် ကျင့်ကြံသူ သုံးယောက် ပါသည်။ သို့ပေမည့် ထိုသုံးယောက်တွင် အသန်မာဆုံးက ဆန်းကြယ်လေဟာနယ်အလယ်အဆင့်သာ ရှိသည်။
ကျန်သည့်သူများက ကောင်းကင်ဘုံဒုက္ခအဆင့်များ၌သာ ရှိ၏။ သူတို့က ရှုသဲချိုက်၏ ဦးဆောင်မှုဖြင့် ဦးတည်လာနေသည်။
လမ်းတလျှောက်တွင် ရှုသဲချိုက်က အတော်လေး သတိထားနေသည်။ လျှိုဇီယန်း၏ သေဆုံးမှုက သူ့ကို ကြီးစွာ တုန်လှုပ်စေခဲ့၏။ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ဖို့မှာ ခက်ခဲလွန်း၏။ သို့သော်လည်း လွန်ခဲ့သောနှစ်ရက်က လျှိုဇီယန်း အသက်ခံခဲ့ရသည် မဟုတ်လား။
သည်ကိစ္စက သူ့စိတ်ထဲ၌ လှိုင်းထစေခဲ့၏။ ထို့ကြောင့် သူသည် သတိထားနေသည်။ သို့ပေမည့်လည်း သူ့သတိထားမှုအတွင်း၌ စိတ်လှုပ်ရှားမှုအငွေ့အသက်လည်း ပါရှိသည်။
ထိုစိတ်လှုပ်ရှားမှုက အဘိုးအိုကျန်း သူတို့ ထွက်မလာခင် ပေးထားခဲ့သော ကတိကြောင့်ပင်။
“ဝမ်လင်းကို သတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ဒီအဘိုးအိုက ကလန်ခေါင်းဆောင်ကို ပြောပြီး နှစ်ပေါင်းတစ်ထောင်ကြာ ကောင်းကင်ဘုံတွင်းနက်ထဲ ဝင်ရောက်ခွင့် ပြုခိုင်းမယ်…”
ဤသည်က ရှုသဲချိုက်ကို ကြီးစွာ စိတ်လှုပ်ရှားစေခြင်းပင်။
ပြောကြသည်မှာ ကောင်းကင်ဘုံဘိုးဘေး မိစ္ဆာကင်းမြှီးကောက်၏ အမြုတေကို ထုတ်နှုတ်ယူခဲ့စဉ်က မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည် ဟူ၍ပင်။ ထိုအမြုတေက အစိတ်အပိုင်းငယ်များအဖြစ် ကွဲထွက်သွားခဲ့ပြီး ယင်းတို့က အစိမ်းရောင်မိစ္ဆာကုန်းမြေ၌ တွင်းနက်ငါးခုကို ဖန်တီးခဲ့လေသည်ဟု ဆို၏။ ထိုတွင်းနက်ငါးခုထဲ၌ မိစ္ဆာစွမ်းအင်များ ပြည့်လျှံနေကာ ၎င်းအတွင်း၌ ကျင့်ကြံခြင်းသည် အကျိုးများစွာ ရှိစေနိုင်မည်ပင်။
ကျင့်ကြံခြင်းအဆင့် တစ်နေရာ ကြာပြီ ဖြစ်သော ရှုသဲချိုက်အတွက် ဤသည်က အိပ်မက်ဆန်သော အခွင့်အရေးတစ်ခုပင်။ ယင်းတွင်းနက်၌ ကျင့်ကြံရခြင်းက သူ့ကျင့်ကြံမှုအဆင့်ကို တိုးတက်နိုင်သည် ဖြစ်စေ၊ မတက်နိုင်သည် ဖြစ်စေ သူသည် ကြိုးစားကြည့်ရမည်သာ။
“ဝမ်လင်း…ငါသာ မင်းကို သတ်နိုင်ခဲ့ရင် မဟာကံကောင်းမှုတစ်ခု ရနိုင်မှာ။ ငါတို့ကြားမှာ ရန်ငြှိုးတော့ မရှိပါဘူး။ ဒါပေမဲ့ မင်း သေရမယ်…” ရှုသဲချိုက် နှုတ်ခမ်းသပ်လိုက်၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။
သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာခိုက်မှာပင် သူ၏စိတ်ထဲတွင် တုန်လှုပ်ဖွယ်ခံစားမှုတစ်ခု ဖြစ်ပေါ်လာ၏။ သူက လှည့်ကြည့်လိုက်ရုံ ရှိသေး နာကျင်စွာအော်သံများ ပဲ့တင်ထပ်သွားသည်။
သူ ဦးဆောင်လာသော တတိယအဆင့်သို့ မရောက်သေးသည့် လူဆယ်ယောက်၏ ဦးဆောင်းများမှာ ပြုတ်ထွက်လာခဲ့၏။ သွေးများ နေရာအနှံ့သို့ ပန်းထွက်ကာ သူတို့၏မူလစိတ်ဝိညာဉ်များသည် ပျက်စီးသွားသည်။
ရှုသဲချိုက်က သွေးဓားတစ်လက်ကိုင်ဆောင်ကာ အမှောင်ထုအတွင်းမှ လှမ်းလျှောက်ထွက်လာသော အဖြူရောင်ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်၏။ ထိုပုံရိပ်က ထူးခြားသော အမြန်နှုန်းဖြင့် ရွှေ့လျားနေခြင်းပင်။ သူ၏ဓားချက်တစ်ချက်ဖြင့် လူဆယ်ယောက် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
လူဆယ်ယောက်ကို သတ်ဖြတ်ပြီးနောက် ဝမ်လင်းက တည်ငြိမ်နေ၏။ သူက နောက်ဆုတ်ကာ ပျောက်ကွယ်သွားသည်။
ရှုသဲချိုက်၏ မျက်လုံးသူငယ်အိမ် ကြုံ့သွားကာ တုန်လှုပ်မှုတို့ ပြည့်သည်။ ဝမ်လင်းက မြန်လွန်းပေ၏။ ကြောက်ဖို့ ကောင်းလောက်သည့်အထိ မြန်နေခြင်းတည်း။ သို့ပေမည့် တချိန်တည်းမှာ ရှုသဲချိုက်က စိတ်လှုပ်တရှား ဖြစ်မိသည်။
“ဝမ်လင်း…” ရှုသဲချိုက်က နောက်သို့ ချက်ခြင်း ဆုတ်၏။ သူ့ညာလက်ကို မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်လိုက်သည်။
လှပသော ပုံရိပ်ယောင်ပန်းတစ်ခုသည် မှောင်မိုက်ကာ မိုးရွာသွားနေသောည၌ ရုတ်တရက် ပေါ်လာ၏။ ၎င်းက ကောင်းကင်တဝက်ကို သိမ်းပိုက်ထားသည်။ ၎င်းသည် လှပသော်လည်း အနီးကပ်ကြည့်ပါက ဦးခေါင်းခွံများနှင့် ပြုလုပ်ထားသော ပန်းတစ်ပွင့် ဖြစ်သည်ကို တွေ့ရလိမ့်မည်ပင်။
ထိုပန်းပွင့် ကောင်းကင်ထက်၌ ပေါ်လာချိန်၌ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ ခုချိန်၌ လူငါးယောက်သာ ကျန်၏။ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူကလွဲ၍ ကျန်သည့်လေးယောက်မှာ သူ့အတွက် အလေးစိုက်နေစရာ မလိုပေ။
ထိုလေးယောက်၏ ခန္ဓာကိုယ်များ တုန်ယင်သွားကာ သူတို့အားလုံးက နောက်ဆုတ်ကြ၏။ သို့ပေမည့် သူတို့၏ အမြန်နှုန်းက ဝမ်လင်းကို မယှဉ်သာပေ။ ဝမ်လင်း လှုပ်ရှားလိုက်ကာ သွေးအလင်း လင်းလက်သွားသည်။ သွေးဓားက သွေးနဂါးတစ်ကောင်အသွင် ဖြစ်ပေါ်ကာ ထိုးထွက်သွားသည်။ ၎င်းဓားနှင့် လူနှစ်ယောက်ကို ထိမိကာ အပိုင်းပိုင်း ခုတ်ပိုင်းသွားလေ၏။
ထိုနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ဝမ်လင်းထံရှိ သံလိုက်အိမ်မြှောင်ထံမှ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် သူ့ထံ ဦးတည်လာနေသည်ဟူသော ရှင်းလင်းသည့် ခံစားချက်အား ပေးစွမ်းသည်။ လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအိုသုံးယောက်သည်ပင် သူ့ထံ မြန်နှုန်းအပြည့် လာနေ၏။
သူတို့၏ အမြန်နှုန်းဖြင့်ဆို နီးကပ်လာဖို့ နာရီဝက်လောက်မျှသာ လိုအပ်လိမ့်မည်။
သည်အုပ်စုတွင် ကျန်နေသေးသော လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ရှိသေး၏။ ထိုသူကလည်း သူ့ထံ တိုးဝင်လာနေသည်။
“နာရီဝက်…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွား၏။ သူက ရှုသဲချိုက်ထံ တိုးဝင်လာသည်။ ဒီအခိုက်တွင် ရှုသဲချိုက်က ပန်းပွင့်သင်္ကေတကို ထုတ်လွှတ်လိုက်၏။ သူက ဝမ်လင်းကို တွေ့မှတော့ သူ့ကို အချိန်ဆွဲထားနိုင်ခြင်းသည်ပင် ကြီးမားသော အကျိုးဆောင်မှု ဖြစ်နေပြီဟု ဆုံးဖြတ်လိုက်ခြင်းပင်။
ရှုသဲချိုက်က နှာခေါင်းရှုံ့၏။ သူသည် တခြားသူများ သေဆုံးခြင်းအပေါ် အလေးမစိုက်ပေ။ ဝမ်လင်း နီးကပ်လာသည်နှင့် သူက တုံ့နှေးမနေဘဲ သူ့ညာလက်ကို ပ့င်မြှောက်ကာ ရုတ်တရက် ပြန်ချလိုက်သည်။
သူ၏ညာလက် အောက်သို့ ပြန်ချလိုက်သည်နှင့် ချိပ်ဟန်များကို မြန်ဆန်စွာ ဖြစ်ပေါ်စေတော့သည်။ အချိန်တိုအတွင်း သူ့လက်ဖြင့် ချိပ်ဟန်တစ်သန်းနီးပါးကို ဖြစ်စေကာ ကြီးမားသော ခြင်္သေ့တစ်ကောင်ကို ဖြစ်ပေါ်စေသည်။ ထိုခြင်္သေ့က ပေတစ်ထောင်နီးပါး ကြီးမားကာ မာန်ဟိန်းသံ ပေးလျက် ဝမ်လင်းထံ ခုန်အုပ်ဝင်လာသည်။
ဝမ်လင်းသည် ချိပ်ဟန်များကို ဒီလောက်အမြန်နှုန်ုးဖြင့် ဖြစ်ပေါ်သည်ကို လုံးဝ မတွေ့မြင်ခဲ့ဖူးပေ။ ရှုသဲချိုက်၏ ဒီထူးခြားသောမန္တာန်က မြန်လွန်းလှ၏။
ထိုခြင်္သေ့က ဟိန်းအော်သံ ပေးကာ ဝမ်လင်းနား ရောက်ာလ၏။ သွေးအလင်း လင်းလက်ကာ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ဤသည်က မြေပြင်အနှံ့ တုန်ခါလှိုင်းကို ဖြစ်စေ၏။ ကောင်းကင်ထက်ရှိ မိုးစက်များကိုပါ ပြိုပျက်စီးစေသည်။ ဤသည်က သည်ဧရိယာကို မိုးစက်များ ကင်းစင်သော ထူးခြားသည့်လောကတစ်ခုအသွင်သို့ ပြောင်းသွားစေသည်။
ရှုသဲချိုက်က မန္တာန်တစ်ခုကို ခုမှ အသုံးပြုလိုက်ရုံ ရှိသေးသော်လည်း သူက မတုန့်နှေးသွားပေ။ သူက နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်သည်။ ထိုခြေလှမ်းသုံးလှမ်း ဆုတ်ပြီးနောက် သူ့ညာလက်ကို ရုတ်တရက် မြေပြင်ထက်သို့ ဖိချသည်။ သည်မျှ တိုတောင်းသော ရွှေ့လျားမှုအတွင်း မြေပြင်နှင့် မထိခင်မှာပင် သူ့လက်ဖြင့် ချိပ်ဟန်လေးသန်းကို ဖြစ်ပေါ်စေခဲ့ပြီး ဖြစ်သည်။
မြေပြင်ထုသည် တုန်ဟည်းကာ မြေပြင်ထံမှ ဧရာမရွှံ့လူလေးယောက် မြန်ဆန်စွာ ပေါ်လာ၏။ ယင်းတို့က အေးတိအေးစက်အကြည့်ဖြင့် ခြင်္သေ့နှင့် ထိပ်တိုက်တွေ့နေသော ဝမ်လင်းထံ တိုးဝင်လာသည်။
ဝမ်လင်းက ခြင်္သေ့အရိပ်ထံမှ ထိုးထွက်လာရုံ ရှိသေး ရွှံ့လူလေးယောက်က သူ့အား အနားယူရန် တစ်စက်လေးမျှ အခွင့်အရေးမပေးဘဲ တရကြမ်း တိုးဝင်လာချေသည်။
ဝမ်လင်းသည် သူ့ဘဝ၌ အန္တရာယ်မျိုးစုံကို တွေ့ကြုံခဲ့ဖူးသော်လည်း ခုလိုမျိုးအရာကိုတော့ ပထမဆုံးအကြိမ် တွေ့ရခြင်းပင်။
“မြန်လိုက်တဲ့ မန္တာန် ထုတ်ဖော်နှုန်း။ သူ့လက်က ဘာလို့ ခုလောက် မြန်နေရတာလဲ…”
ဝမ်လင်း၏မျက်လုံး သူငယ်အိမ် ကြုံ့သွား၏။ ရွှံ့လူလေးယောက် နီးကပ်လာစဉ် ရှုသဲချိုက်က နောက်ထပ် ခြေလှမ်းသုံးလှမ်း ထပ်ဆုတ်သည်ကို ဝမ်လင်းက လှမ်းမြင်သည်။ ရှုသဲချိုက်၏ ဘယ်လက်က လှုပ်ရှားကာ ချိပ်ဟန်ငါးသန်းနီးပါးကို ဖန်တီး၏။ ထိုချိပ်ဟန်များက အမွှေးတိုင်တစ်တိုင်အဖြစ်သို့ ပြောင်းသွားကာ သူ့လက်ထဲတွင် ၎င်းကို ဆုပ်ကိုင်၍ ဝမ်လင်းထံ ဦးညွှတ်လိုက်သည်။
ထိုဦးညွှတ်မှုက ဝမ်လင်း၏စိတ်ကို တုန်ယင်သွားစေ၏။ ဆန်းပြားသောအားတစ်ခုက သူ၏စိတ်ထဲတွင် အရှိန်အဟုန်နှင့် ဝင်ရောက်လာသည်။
မကြာခင်တွင် ထိုအမွှေးတိုင်မှ အခိုးအငွေ့များ ထွက်ပေါ်လာပြီး ဝေလငါးနှင့်တူသော သားရဲတစ်ကောင်အဖြစ်သို့ ပြောင်း၏။ ထိုသားရဲက ၎င်း၏ပါးစပ်ကို ဖွင့်ဟာ ဝမ်လင်းကို ဝါးမြိုရန် ဟန်ပြင်သည်။