ကောင်းကင်ဘုံတာအိုကို ဝါးမြိုခြင်း
Vol. 139 Ch. 1916
အဖြစ်အပျက်အားလုံးသည် မြန်ဆန်လွန်း၏။ ရှုသဲချိုက်က ထိုအမွှေးတိုင်ကို မြေပြင်ထက်သို့ ထိုးစိုက်ချကာ နောက်သို့ ခြေသုံးလှမ်း ထပ်ဆုတ်ပြန်သည်။ သူ့ဘယ်လက်ဖြင့် ချိပ်ဟန်ခြောက်သန်းကို ဖြစ်ပေါ်စေသည်။ တချိန်တည်းလိုလို သူ့ညာလက်ဖြင့် ချိပ်ဟန်ခြောက်သန်းနီးပါးကိုလည်း ဖြစ်ပေါ်စေပြန်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို မြေပြင်ထက်သို့ ဖိချလိုက်သည်။
ကျယ်လောင်စွာ ပေါက်ကွဲမြည်ကာ ဝမ်လင်းပတ်လည်ရှိ ရွှံ့ထုသည် လှုပ်ရှားပြီး ရွှံ့ဝဲကတော့တစ်ခု ဖြစ်လာသည်။ အနားစွန်းများ မြင့်တက်လာကာ ရွှံ့နံရံတစ်ခု ဖြစ်တည်၏။
အကွာအဝေးတစ်ခုမှ ကြည့်ပါက ရွှံ့ထုထည်က ဝမ်လင်းကို ဝန်းရံထားသည်နှင့် တူနေသည်။
“ရွှံ့နွံသတ်ဖြတ်ခြင်း…” ရှုသဲချိုက်က မာန်သွင်းကာ အော်ဟစ်၏။ ထို့နောက် ရွှံ့လုံးသည် ကြုံ့လာသည်။
ရှုသဲချိုက်သည် အစိမ်းရောင်မိစ္ဆာကုန်းမြေ၌ အတော်လေး ကျော်ကြားလှသူ ဖြစ်သည်။ သူ့ကို ကျော်ကြားစေသည့်အရာကား သူ၏ ပြိုင်ဘက်ကင်းသော မန္တာန်ထုတ်ဖော်သည့် အမြန်နှုန်းပင်။ တူညီသောအဆင့်ရှိသည့် ကျင့်ကြံသူများကြား သူက မန္တာန်များ မြန်ဆန်လွန်းစွာ ထုတ်ဖော်နိုင်မှုကို အသာစီး ယူပြီး ထိုသူတို့ကို ချိုးဖျက်ခွင့်မပေးဘဲ သေသည့်အထိ ထိုးနှက်တိုက်ခိုက်တတ်ပေသည်။
ထို့အတွက်ကြောင့်ပင် သူက လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း မိစ္ဆာတာအိုကလန်က သူ့ကို ဖိတ်ခေါ်ခဲ့တာပင်။ ဝမ်လင်းသည် ရွှံ့နွံ့အတွင်း၌ ရှိနေပြီး ရွှံ့လူလေးယောက်က သူ့အား ဝန်းရံထားသေးသည်။ တုန်ဟည်းသံများ ဆက်တိုက် ထွက်ပေါ်နေကာ ရှုသဲချိုက်၏ ခန္ဓာကိုယ်တွင်းမှ ဆန်းကြယ်သောစွမ်းအားကလည်း တိုးပွားလာနေ၏။ ရွှံ့နွံထု၏ အပြင်ဘက်၌ ဧရာမ ဝေလငါးအသွင် သားရဲအရိပ်က ၎င်း၏ ပါးစပ်ကို ဟကာ ဝါးမြိုလာသည်။
၎င်းသည် ရွှံ့နွှံ့များစွာကို ဝါးမြိုပြီးနောက် ထိုဝေလငါးက ပျောက်ကွယ်သွား၏။ သို့ပေမည့် ရွှံ့ထုကတော့ ကျန်နေခဲ့သည်။ အနက်ရောင်စပါးအုံးမြွေကိုးကောင် ပေါ်လာ၏။ ယင်းတို့က ရွှံ့ထုကို ထွင်းဖောက်သော အဆိပ်ငွေ့များကို မှုတ်ထုတ်ကြသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ တအောင့်အကြာတွင် ရွှံ့ထုက ပျက်စီးသွားကာ အတွင်းမှ ပြင်းထန်သောအားတစ်ခု ပေါက်ကွဲထွက်လာ၏။ ဧရာမလက်သီးတစ်လုံး ပေါ်လာကာ ရွှံ့ထုကို ချိုးဖျက်ပြီး မြွေများကိုလည်း ပျက်စီးသွားစေသည်။ ထိုရွှံ့ထု ပျက်စီးသွားသည့်အခါ သနားစရာအနေထား ဆိုက်ရောက်နေသော ဝမ်လင်း၏အသွင် လှစ်ဟပေါ်လာသည်။
ဝမ်လင်းသည် သူ ငယ်ရွယ်စဉ်တည်းက သတ်ဖြတ်မှုများစွာ ကြုံတွေ့ ဖြတ်သန်းခဲ့သူ ဖြစ်သည်။ ဤသည်က သူ့အတွက် အဆက်မပြတ်တိုက်ခိုက်ခံရပြီး တန်ပြန်တိုက်ခိုက်ဖို့ အချိန် လုံးဝ မရှိတာ ပထမဆုံးအကြိမ်ပင်။
ထိုသို့ဖြစ်ရခြင်းမှာ သူ့ရန်သူက မန္တာန်များကို ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ထုတ်ဖော်ခင်းကျင်း နိုင်သောကြောင့်ပင်။
ဝမ်လင်း ပျက်စီးသွားသော ရွှံ့နွံထံမှ လှမ်းလျှောက်လာသည်နှင့် တဝီဝီမြည်သံပေးကာ အဝါရောင်ဓားတစ်လက် သူ့ထံ ပျံသန်းဝင်လာ၏။
ထိုအဝါရောင်ဓား၏နောက်တွင် ဧရာမရွှံ့လူ ဆယ့်ရှစ်ယောက်လည်း ရှိသေးသည်။
ယင်းတို့နောက်တွင် ဖဲကြိုးကဲ့သို့ လှုပ်ရှားနေသော ပန်းချီကားတစ်ချပ်က မြန်ဆန်စွာ နီးကပ်လာချေ၏။
ထိုပန်းချီကားနောက်တွင် ရှေးအော်ရာကို ပေးစွမ်းနေသော ရှေးဆန်သည့်အရိုးတစ်ခုက ဝမ်လင်းထံ တိုးဝင်လာသည်ပင်။
ယင်းနောက်တွင် မြေပြင်ထက်မှ မြက်ပင်များ ဆွဲနှုတ်ခံရကာ ဓားသွားများအဖြစ်သို့ ပြောင်း၏။ ယင်းဓားသွားတို့က အစိမ်းရောင်အရည်စက်တစ်စက်အဖြစ်သို့ ပြောင်းကာ ဦးတည်လာသည်။
ယင်းနောက်၌ လောကတခွင် ပြန့်နှံ့သော မြူလွှာတစ်ခု ရှိပြန်၏။ ယင်းမြူလွှာက လက်ဝါးနှစ်ခုအသွင် ဖြစ်ပေ်သည်။ ထိုလက်ဝါးနှစ်ခုက ဝမ်လင်းထံ ဘယ်နှင့်ညာကနေ မြန်ဆန်စွာ တိုးဝင်လာ၏။
ရွှံ့နွံကို ဝါးမြိုခဲ့ပြီး စပါးအုံးမြွေကိုးကောင်အဖြစ်သို့ ပြောင်းလဲကာ အဆိပ်ငွေ့များ ထွေးထုတ်ခဲ့သော ဝေလငါးကဲ့သို့သားရဲမှာလည်း ဒုတိယအကြိမ် ဝမ်လင်းကို ဝါးမြိုရန် ပါးစပ်ဟလာသည်။
သည်အရာက ထူးခြားလွန်း၏။ ရှုသဲချိုက်၏ အတွေ့အကြုံအရ ထိုဝေလငါးသည် သုံးကြိမ်တိုင် ဝါးမြိုပြီးပါက တူညီသော ကျင့်ကြံမှုအဆင့်ရှိ မည်သူမဆို ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။
ထိုသည်ကို ကြည့်ကာ ဝမ်လင်း၏ဦးရေပြားသည်ပင် ထုံထိုင်းသွားမိသည်။ သူသည် တစုံတစ်ယောက်က ဒီလောက်အမြန်နှုန်းဖြင့် မန္တာန်များကို ထုတ်ဖော်နိုင်လိမ့်မည်ဟု စိတ်ကူး၍ပင် မကြည့်မိခဲ့ဖူးပေ။
အချိန်တိုအတွင်း၌ ဖြစ်သော်လည်း တဖက်လူက မတူညီသောမန္တာန်များစွာကို အသုံးပြုခဲ့ပြီး ဖြစ်၏။ ခုချိန်၌ သည်ပတ်ဝန်းကျင်တခုလုံးမှာ မန္တာန်များနှင့် ခြုံလွှမ်းထားသည်။
အဝါရောင်ဓား ဝမ်လင်းထံ တဟုန်ထိုး ဦးတည်ကာ နီးကပ်လာပြီဖြစ်၍ သူ့ထံ၌ တွေးနေရန်ပင် အချိန်မရတော့ပေ။ ၎င်းဓားထံ၌ အစွမ်းထက်အော်ရာတစ်ခု ပါဝင်လေ၏။
ထိုအမြန်နှုန်းနှင့် ဆက်တိုက်ဆက်တိုက် ကျဆင်းလာသော မန္တာန်တိုက်ခိုက်မှုများက ဝမ်လင်းကို တုန့်ပြန်နိုင်ဖို့ပင် အချိန်မပေးလေပေ။ ဝမ်လင်း ပေါ်လာသည်နှင့် မန္တာန်များ ရောက်ရှိလာခဲ့ပြီ။
တစီစီအသံများ အရူးအမူး ပဲ့တင်ထပ်၏။ ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ သတ္တုချင်းထိခိုက်သံ ထွက်ပေါ်လာသည်။ ထိုဓားက ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ သူ့အား နောက်သို့ လွင့်ထွက်သွားစေသည်။
ဝမ်လင်း၏ ဝတ်ရုံမှာ ဆုတ်ပြတ်သပ်သွားသည်။ ဤသည်မှာ ဝမ်လင်းအတွက် ကြုံခဲ့ရသမျှတွင် သနားစရာအကောင်းဆုံး အခြေအနေပင်။ သူ၏ရှေးတောက်ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက ထိုဓားက သူ့ကို ဒဏ်ရာရသွားစေနိုင်မည်။
ထိုဓားများနောက်၌ ဧရာမရွှံ့လူ ဆယ့်ရှစ်ယောက်ကလည်း ဝမ်လင်းကို အနားမပေးဘဲ အနားရောက်လာကြသည်။ ယင်းတို့က ဝမ်လင်းနှင့် ပေတစ်ရာအတွင်းသို့ ရောက်လာသည့်အခါ မတိုက်ခိုက်ကြဘဲ ပေါက်ကွဲကုန်၏။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
ရွှံ့လူဆယ့်ရှစ်ယောက်၏ ပေါက်ကွဲမှုက ဝဲကတော့တစ်ခု ဖန်တီးကာ ဝမ်လင်းကို ဝန်းရံပြီး အကြမ်းပတမ်းတိုက်ခိုက်မှုကို ထုတ်လွှတ်သည်။ ဝမ်လင်းသည် သွေးအန်ရကာ နောက်ဆုတ်မည့်အခါတွင် ပန်းချီကားက နီးကပ်လာ၏။ တချက်လှုပ်ခါကာ ထိုပန်းချီကားသည် ဝမ်လင်းကို ချုပ်နှောင်ဖို့ ဝဲကတော့အလွှာများစွာကို ဖန်တီးလေ၏။
တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်သည်။ ထိုပန်းချီကား ပျက်စီးသွားပြီး အမျှင်တန်း(၁၀၈၀၀၀) ပေါ်လာပြီး ဝမ်လင်း၏ခန္ဓာကိုယ်ထံ ပျံသန်းဝင်လာသည်။
ထိုမျှက အဆုံးသပ် မဟုတ်သေးပေ။ ထိုပန်းချီကားနောက်၌ အနက်ရောင်အလင်း ဖုံးလွှမ်းထားသော အရိုးက ဝမ်လင်းထံ ပစ်ဝင်လာ၏။ ၎င်း နီးကပ်လာချိန်၌ ကြီးမားသောအက်ကြောင်းတစ်ခု ပေါ်လာကာ ကြောက်မက်ဖွယ်အော်ရာ ထိုးထွက်လာသည်။ ထို့နောက် ယင်းအက်ကြောင်းထဲမှ ဧရာမဦးခေါင်းတလုံး ထွက်ပေါ်လာသည်။
ထိုဦးခေါင်းက ခွေးခေါင်းပင်။ ယင်းက အလွန်ကြမ်းကြုတ်မည့်ပုံ ပေါ်၏။ ၎င်းထံမှ သွေးဆာသော အော်ရာကို ပေးစွမ်းနေသည်။ ၎င်း၏နီရဲရဲမျက်လုံးတို့က ဝမ်လင်းရှေ့ရှိ အရိုးကို စိုက်ကြည့်နေ၏။ ၎င်းက အူမြည်ကာ တိုးဝင်လာချေသည်။
ထိုခွေးက ရှုသဲချိုက် ဖမ်းဆီးခဲ့သော ကြမ်းကြုတ်သည့်သားရဲတစ်ကောင် ဖြစ်၏။ သူက ၎င်းကို အသုံးပြုကာ လူအများကို ဒဏ်ရာရစေဖို့ အသုံးပြုခဲ့၏။
ထိုခွေးက မြန်ဆန်လွန်းလှကာ ချက်ခြင်းပင် အနီးသို့ ရောက်လာ၏။ တချိန်တည်းမှာ ၎င်းက အရိုးကို လှမ်းကိုက်ပြီး ၎င်း၏ဦးခေါင်းကြီးက ဝမ်လင်းထံ ရိုက်ချလာသည်။
ဝမ်လင်း၏ ပါးစပ်ထောင့်မှ သွေးများစွာ စီးကျနေ၏။ သည်မြူအနောက်မှ အစိမ်းရောင်အရည်မြောက်များစွာ ကပ်ပါလာသည်။ ထိုအစိမ်းရောင်အရည်တို့က ဝမ်လင်းပေါ်သို့ ကျရောက်သည့်အခါ ကျယ်လောင်စွာ တုန်ဟည်းသံကို ဖြစ်ပေါ်စေသည်။
တုန်ဟည်းသံ ပဲ့တင်ထပ်နေစဉ် အစစ်အမှတ်အသေတိုက်ကွက်က နီးကပ်လာချေပြီ။ ထိုတိုက်ကွက်သည် ဝမ်လင်းထံ ဘယ်နှင့်ညာကနေ တိုးဝင် ရိုက်ချလာသည့် လက်ဝါးနှစ်ခုပင်။ သည်အခိုက်၌ ယင်းလက်ဝါးနှစ်ခုက ဝမ်လင်းနှင့် ပေတစ်ရာပင် မလိုတော့ပါ။
ဝမ်လင်း၏ခန္ဓာကိုသည် တောင့်မခံနိုင်တော့သည့်အလား တစီစီအသံများ ထွက်ပေါ်လာ၏။ သည်လို သေရေးရှင်ရေး အခိုက်၌ ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်ကာ တိုးဝင်လာသော လက်ဝါးနှစ်ခုထံ လက်သီးချက် ပစ်သွင်းလိုက်သည်။
တချိန်တည်းမှာ ဧရာမ ဝေလငါးအရိပ်က ၎င်း၏ ပါးစပ်ကို ဟပြီး ဝမ်လင်းထံ တိုးဝင်လာသည်။
ဝမ်လင်း၏လက်သီးချက်တို့က ထိုလက်ဝါးနှစ်ခုနှင့် ထိပ်တိုက်တွေ့ချိန်၌ သည်အဆုံးစွန်ကောင်းကင် မြက်ခင်းပြင် တခွင် မိုးကြိုးသံတမျှ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ဝေလငါးအရိပ်က နီးကပ်လာကာ ဝမ်လင်းကို ဝါးမြိုရန် ဟန်ပြင်လာပြီ။ ဒီအခိုက်၌ ရှုသဲချိုက်သည် အလွန်ဂုဏ်ဝင့်နေတော့သည်။
ဝမ်လင်းက သူ့ပါးစပ်ကိုဖွင့်ဟာ အနက်ရောင်ကျောက်တုံးတစ်ခုကို ထွေးထုတ်လိုက်၏။ ထိုကျောက်တုံး ပေါ်လာသည်နှင့် ၎င်းက အနက်ရောင်အလင်းအဖြစ် ပေါက်ကွဲကာ ညအမှောင်ထုနှင့် ပေါင်းစပ်သွားသည်။ ဝေလငါးအရိပ်ထက် များစွာ ပိုကြီးမားသော အရိပ်တစ်ခု ပေါ်လာ၏။
ဤသည်မှာ ဝမ်လင်း၏ ကောင်းကင်ဘုံတာအို၊ မြေနိမ့်သားရဲပင်။
ထိုသားရဲ ပေါလာသည့်အခါ ၎င်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုနှင့် ကြမ်းကြုတ်ရက်စက်မှုတို့ ရှိနေ၏။ ၎င်းသည် ကြောက်ရွှံ့မှုကို မေ့သွားခဲ့ပြီ ဖြစ်ကာ စတင် ဝါးမြိုတော့သည်။ မြေနိမ့်သားရဲနှင့် ရှုသဲချိုက်၏ ဝေလငါးသားရဲတို့ကြား အကြမ်းပတမ်း တိုက်ပွဲ ဖြစ်ပွားလေပြီ။
ရှုသဲချိုက်၏ မျက်လုံးသူငယ်အိမ်က ကြုံ့သွားပြီး ကြောက်ရွှံ့မှုတို့ ပြည့်လာ၏။ သူက နောက်သို့ အမြန်ဆုတ်သည်။ သူ ဆင့်ခေါ်လိုက်သော ဝေလငါးအရိပ်ကို ပြန်ဆင့်ခေါ်ရန် ဟန်ပြင်သည်။
သို့ပေမည့် သူ့အတွက် အချိန်နှောင်းသွားခဲ့ပေပြီ။
တုန်ဟည်းသံများ ဖြစ်ပေါ်နေလျက် ရှုသဲချိုက်၏ ဝေလငါးသားရဲမှာ နောက်ဆုတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် မြေနိမ့်သားရဲ၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
ထိုအခါ၌ ရှုသဲချိုက်၏ မျက်နှာက ဖြူရောသွားကာ သူသည် သွေးအန်လိုက်ရ၏။
“ငါ့ ကောင်းကင်ဘုံတာအို…” သူ၏အသံ၌ စိတ်ထိခိုက်မှုတို့ ပြည့်နေ၏။ သည်အခိုက်၌ ရှုသဲချိုက်၏ မျက်လုံးတို့မှာ နီရဲနေ၏။ သူ၏ ကောင်းကင်ဘုံတာအိုမှာ ဝါးမြိုခံလိုက်ရပေပြိ။ ၎င်းသည် သူ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေကာ သူ့ထံ၌ မယုံကြည်နိုင်မှုတို့ ပြည့်နေ၏။
ဝမ်လင်းထံ၌ ကောင်းကင်ဘုံတာအို ပိုင်ဆိုင်ထားလျှင်ပင် သူသည် ကောင်းကင်ဘုံတာအိုတစ်ခုက နောက်ထပ် ကောင်းကင်ဘုံတာအိုကို ဝါးမြိုနိုင်သည်ဟု တခါမျှ မကြားခဲ့ဖူးပေ။
သူက ဝမ်လင်း၏ ကောင်းကင်ဘုံတာအို၌ ဟင်းလင်းပြင်ကျောက်တုံးဟု ခေါ်သောအရာ ပိုင်ဆိုင်နေလိမ့်မည်ဟု သိမနေပါ။
ဝမ်လင်းသည် ကောင်းကင်ဘုံတာအိုနှင့် လှိုဏ်ဂူလောကကနေ ထွက်ခွာလာခဲ့၏။ သို့ပေမည့် သူက ကောင်းကင်ဘုံတာအိုဖြင့် ဥပဒေသများကို ညီမျှအောင် ချမှတ် ချန်ထားခဲ့သည်။
ဝမ်လင်းက ပေတစ်သောင်းအကွာထိ မြန်ဆန်စွာ ဆုတ်သွား၏။ ထို့နောက် သူက ဟင်းလင်းပြင်ကျောက်တုံးကို ဝါးမြိုလိုက်သည်။ ဝမ်လင်းအနေဖြင့် ဒီတိုက်ပွဲတွင် ခုမှ ပထမဆုံးအကြိမ် အသက်ရှုချောင်သွားခြင်း ဖြစ်၏။
သူ၏ခန္ဓာကိုယ်မှာ နာကျင်နေ၏။ သူက ရှုသဲချိုက်ထံ စိတ်လှုပ်ရှားမှုနှင့် လှမ်းကြည့်၏။
“ကျင့်ကြံသူတစ်ယောက်က ဒီလောက်မြန်တဲ့နှုန်းနဲ့ မန္တာန်တွေကို မထုတ်ဖော်နိုင်ဘူး။ ဒီလူဟာ ကံကောင်းမှုကြီးတစ်ခု ကြုံခဲ့ပြီး ထူးခြားတဲ့မန္တာန်တစ်ခုခုကို သင်ယူနိုင်ခဲ့တာပဲ ဖြစ်ရမယ်။ ပုံမှန်ဆို ဒီလိုအမြန်နှုန်းက မဖြစ်နိုင်ဘူး။ ငါသာ ဒီလိုမန္တာန်မျိုးကို သင်ယူနိုင်ခဲ့ရင်…”
ရှုသဲချိုက်ကို စိုက်ကြည့်လျက် ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သို့ပေမည့် သူသည် အလျင်စလို မလုပ်ဆောင်ပေ။ သူ့ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာကာ သူ ပျောက်ကွယ်သွား၏။
ဝမ်လင်း ပျောက်ကွယ်သွားသည့်အခိုက်တွင် ရှုသဲချိုက်၏ မန္တာန်များ ကျရောက်လာကာ မြေပြင်တခွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။ ရှုသဲချိုက်က လှည့်ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နေလေပြီ။
“မင်းက ငါ့ ကောင်းကင်ဘုံတာအိုကို ဝါးမြိုခဲ့တယ်။ ဒီတော့ မင်းရဲ့ ကောင်းကင်ဘုံတာအို ငါ့ကို ပြန်ပေးရမယ်…”
သို့ပေမည့် ရှုသဲချိုက် မည်မှှျ ရှာဖွေပါစေ သူသည် ဝမ်လင်း၏အော်ရာကို မတွေ့ဘဲ ရှိသည်။ သည်တိုက်ပွဲ၌ သူ အသားစီးရခဲ့ပုံ ပေါ်၏။ သို့ပေမည့်လည်း သူ့စိတ်ထဲတွင်မူ နာကျင်နေမိသည်။
ထိုအခိုက်၌ လေဟာနယ်အတိဒုက္ခအဆင့် မွန်းစတားအိုနှစ်ယောက်နှင့် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးတို့က သူတို့၏ အုပ်စုထံကနေ ထွက်ခွာကာ နီးကပ်လာကြသည်။
သို့ပေမည့်လည်း ဝမ်လင်း၏ပုံရိပ်က ထိုလေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတို့ ချန်ခဲ့သော အုပ်စုများ ရှိရာ အဝေးတွင် ပေါ်လာ၏။
ဝမ်လင်း၏ ရည်ရွယ်ချက်မှာ ထိုသုံးယောက် အဝေးရောက်သွားအောင် လုပ်၍ သည်နေရာရှီ လူတိုင်းကို စတင် သတ်ဖြတ်ရန်ပင်။