← Chapters

ပိတ်မိစေခြင်း

Vol. 139 Ch. 1918

ပိတ်မိစေခြင်း

Vol. 139 Ch. 1918

ရှုသဲချိုက်က အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်အထက်၌ သုန်မှုန်စွာ ပျံသန်းနေ၏။ ဝမ်လင်းကို တိုက်ခိုက်ခဲ့သော တိုက်ပွဲ၌ သူသည် သူ့ ကောင်းကင်ဘုံတာအိုကို ဆုံးရှုံးခဲ့ရသည်။ ဤသည်က သူ့အတွက် လက်ခံဖို့ ခက်ခဲနေသည်။ သူနှင့် ကောင်းကင်ဘုံတာအိုကြား ဆက်နွှယ်မှုကြောင့် ၎င်း ဝါးမြိုခံလိုက်ရသည့်အခါ သူ့ကို ဒဏ်ရာရစေခဲ့ပေသည်။

ထိုအခိုက်တွင် သူ့မူလစိတ်ဝိညာဉ်သည် အားပျော့လွန်းနေသည်။ ပြန်ကောင်းမွန်ဖို့ အချိန်တချို့ ယူရလိမ့်မည်။

“ဝမ်လင်း…မင်း သံသယမရှိ သေဆုံးရလိမ့်မယ်။ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်က မင်း နောက်ကို လိုက်နေတာ။ မင်း ဘယ်လိုများ ထွက်ပြေးနိုင်မလဲ ငါ မြင်ချင်မိသေးတယ်။ အကြီးအကဲကျန်းက မင်း အဖမ်းခံရတာနဲ့ မင်းကို ငါ့ရှိ ရက်အနည်းငယ်ကြာ လက်လွှဲပေးထားမယ်လို့ ကတိပေးထားတယ်။ အဲ့အခါကျရင် မင်း သေချင်စိတ်ပေါက်လာတဲ့အထိ ဖြစ်အောင် ငါ လုပ်ဆောင်ပေးမယ်…”

ရှုသဲချိုက်၏ ဝမ်လင်းအပေါ် အမုန်းတရားက သူ၏ကောင်းကင်ဘုံတာအို ဝါးမြိုခံရခြင်းကြောင့်ပင်။ ထိုကောင်းကင်ဘုံတာအိုအတွက် သူ့စိတ်နှလုံး နာကျင်ရလေလေ သူက ဝမ်လင်းကို ပိုမုန်းမိလေပင်။

သူ ပျံသန်းလာစဉ် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူက အကွာအဝေးတစ်ခုထံ လှမ်းကြည့်သည်။ ထိုအခိုက်တွင် သူသည် အကွာအဝေးတစ်ခုထံမှ တုန်ခါလှိုင်းများကို ခံစားမိလိုက်သည်။

သူ  လှမ်းကြည့်လိုက်သည့်အခါ၌ သူက ဝမ်လင်း လေဟာနယ်အတွင်းမှ လှမ်းထွက်ကာ ဦးတည်ရာ ပြောင်း၍ ထွက်သွားရန် ဟန်ပြင်နေသည်ကို လှမ်းမြင်လိုက်သည်။ သူက ဝမ်လင်းက သူ့ကို သတိပြုမိသည်ကို ကောင်းကောင်း တွေ့မြင်၏။ ဝမ်လင်းမျက်နှာပေါ်ရှိ အမူအရာက ပြောင်းလဲသွားကာ သူက အမြန်နှုန်းတင်လိုက်သည်။ ဝမ်လင်း၏ ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာ၏။ သူက ထိုထူးခြားသောနည်းလမ်းဖြင့် ထွက်သွားတော့မှာ ထင်ရှားနေသည်။

“ဝမ်လင်း…မင်းက ရှေ့မှာ မဟုတ်ဘူးပဲ။ ဒီမှာ ရောက်နေတာကို…” ရှုသဲချိုက်က ဝမ်လင်း မြန်ဆန်စွာ ထွက်သွားသည်ကို စောင့်ကြည့်နေလျက် မင်သက်မိ၏။ ဝမ်လင်းသည် ထိုထူးခြားသောနည်းလမ်းဖြင့် ထပ်မံ ပျောက်ကွယ်သွားနိုင်သည် ဖြစ်၍ သူသည် စဉ်းစား၍ပင် မနေတော့ဘဲ နောက်မှ အတင်းအကြပ် လိုက်လံတော့သည်။

“ဝမ်လင်း…မင်း ကံဆိုးတာပဲ။ မင်း ငါ့ကြောင့်ပဲ သေရလိမ့်မယ်…”  ရှုသဲချိုက်က နှာခေါင်းရှုံ့ကာ ဝမ်လင်းနောက်သို့ မြန်ဆန်စွာ လိုက်လံသည်။ သူက ဝမ်လင်းပေါ်၌သာ အပြည့်အဝ အာရုံစိုက်ထား၏။ သူ့ နတ်ဘုရားအာရုံကို ဝေ့ခတ်ကြည့်ရှုလိုက်သေးသည်။ သူက မည်သည့်အရာကိုမျှ မတွေ့သည့်အခါ စိတ်အေးသွား၏။

သို့သော် သူ ပေတစ်သောင်းခန့် ရွှေ့လျားလာပြီးနောက် သူ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူသည် မမြင်ရသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခုနှင့် ဝင်ဆောင့်မိကာ အတွင်းသို့ ပျောက်ကွယ်သွားသည့်အလား။

သူ ပျောက်ကွယ်သွားခိုက်၌ ဝမ်လင်းက နီးကပ်လာပြီး သူလည်း ပျောက်ကွယ်သွားသည်။ ယင်းနေရာ၏ အောက်ဘက်တွင် မြက်များကြား၌ ဟင်းလင်းပြင်ကျောက်တုံး ရှိနေကာ ရွှံ့နွံများနှင့် ဖုံးနေသည်။

ရှုသဲချိုက် ပျောက်ကွယ်သွားခဲ့လေပြီ။

သူ ပျောက်ကွယ်သွားခိုက်၌ မြက်ခင်းပြင်၏ အစွန်းအဖျားတွင် ရှိနေသော လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူမ၏ အမူအရာက ပြောင်းလဲသွား၏။ သူမရှေ့ရှိ သံလိုက်အိမ်မြှောင်ကို စူးစိုက်ကြည့်လိုက်သည်။ သူမ၏ အမွှေးအမျှင်များပင် ထောင်မတ်သွားစေသော ခံစားမှုတစ်ခု သူမ၏ခန္ဓာကိုယ်၌ ပြည့်နှက်သွားသည်။

သူမက ရှုသဲချိုက်ကို ကိုယ်စားပြုသော အစက် ရုတ်တရက် ပျောက်ကွယ်သွားတာကို မြင်လိုက်ပေ၏။

“ဒါ…ဒါက…”  ထိုအမျိုးသမီး၏မျက်နှာက ချက်ခြင်း ဖြူရောသွား၏။ သူမ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်လာ၏။ သူမက တုံ့နှေးမနေဘဲ ထူးခြားသောနည်းလမ်းကို သုံး၍ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်အတွင်းရှိ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူသုံးယောက်ထံ ထိုအကြောင်းကို ချက်ခြင်း အသိလှမ်းပေးသည်။

လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်သည် ပျံသန်းနေရင်း သုန်မှုန်နေ၏။ သူတို့နှစ်ယောက်လုံးက သံလိုက်အိမ်မြှောင်ကို တွေ့သည့်အခါ သူတို့ လှည့်စားခံလိုက်ရပြီကို သိလိုက်ကြ၏။ သူတို့က အလွန်ဒေါသပုန်ထသွားကြသည်။ သို့ပေမည့် မည်သည့်အရာအပေါ် သူတို့က ဒေါသ ပေါက်ကွဲရမည်နည်း။

သူတို့နှစ်ယောက် ပျံသန်းလာကြစဉ် သူတို့၏အမူအရာများသည် ရုတ်တရက် ပြောင်းလဲကာ လေထဲ၌ ရပ်၍ သူတို့ထံ ပေးပို့လာသော သတင်းကို ရရှိသည်။

“ရှုသဲချိုက်က နောက်ကနေ လိုက်လာနေတာ ထင်ရှားတယ်။ အခု သူ ပျောက်ကွယ်သွားခဲ့ပြီ…”

အဘိုးအိုကျန်း၏ အမူအရာက ပြောင်းလဲသွား၏။

“ဒါက ဝမ်လင်းကြောင့်ပဲ ဖြစ်ရမယ်။ သူက သံလိုက်အိမ်မြှောင်ကို အသုံးပြုပြီး ငါတို့ကို အာရုံလွှဲခဲ့တာ။ ဒါပေမဲ့ သူက မြက်ခင်းပြင်မှာပဲ ပုန်းကွယ်နေပြီး ရှုသဲချိုက်ကို အလစ်တိုက်ခိုက်တာ နေမှာ…”

အဘိုးအိုကျောက်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။

သူတို့နှစ်ယောက်က ထိုသည်ကို သတိပြုမိသည့်အခါ မြက်ခင်းပြင် အထက်ရှိ တိမ်လွှာများ လွင့်ပြယ်ကာ နေရောင်ထွန်းလာသည်။ သို့ပေမည့် မိုးရွာသွန်းတာကတော့ မရပ်သေးဘဲ ပိုသည်းလာသည်။

မိုးပြင်းပြင်းထန်ထန် ရွာသွန်းမှုအောက်၌ မြေပြင်ထက်မှ အနက်ရောင်မြူလွှာက မြင့်တက်လာကာ ဒီမြက်ခင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းလာတော့သည်။

အဘိုးအိုကျောက်နှင့်ကျန်းတို့က ရုတ်တရက် ဘေးပတ်လည်သို့ ကြည့်လိုက်၏။ သည်မြက်ခင်းပြင်ထံမှ မမြင်ရသောဖိအားတစ်ခု ပျံ့လွင့်လာခဲ့လေပြီ။

ထိုအဘိုးအိုနှစ်ယောက်နှင့် အဝေးရှိ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူက တုန်ယင်သွားကာ လေထဲ၌ ရပ်တန့်လိုက်၏။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများကြား ချိတ်ဆက်ထားသည့် နည်းလမ်းမှ တဆင့် သူမက ရှုသဲချိုက် ပျောက်သွားသည့်အကြောင်းကို သိလိုက်ပေပြီ။

တချိန်တည်းမှာ သူမက မြေပြင်ထံမှ မြူများ ထွက်ပေါ်ကာ မကြာမီတွင် လောကကို ဖုံးလွှမ်းသည်အား တွေ့မြင်သည်။ ထိုမြူများထံမှ အတောမသပ်မည့်အလား တဝီဝီမြည်သံများ ထွက်ပေါ်သည်။

မြူအတွင်း၌ မြေအောက်နန်းတော်မှ ကျင့်ကြံသူများသည် လုဝမ်ရန်၏ ဦးဆောင်မှုဖြင့် ဒုတိယအကြိမ်တိုက်ခိုက်မှု စတင်လာခဲ့ပေပြီ။

လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူသုံးယောက်က မြူများတွင်းမှ ထိုးထွက်ရန် တာဆူသည်။ သို့ပေမည့် လုဝမ်ရန်၏ သုန်မှုန်သောအသံ ပဲ့တင်ထပ်သည်။

“ရောင်းရင်းကျင့်ကြံသူတို့…ဘာကြောင့် အလောတကြီး ထွက်သွားချင်နေတာလဲ…”

သူ၏စကားသံ ထွက်ပေါ်လာရင်း လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူအားလုံး ထိုးထွက်လာကာ တိုက်ပွဲစတင်လေတော့သည်။

အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်၏အနားစွန်း၌ ရှိနေသော သံလိုက်အိမ်မြှောင်ကို ထိန်းချုပ်ထားသည့် အမျိုးသမီးက ရုတ်တရက် မျက်လုံးဖွင့်လာပြန်၏။ တုံ့နှေးမနေဘဲ သူမက သူမ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူထောင်ချီကို ဦးဆောင်၍ မြက်ခင်းပြင်ထဲ ဝင်ရောက်လာကြသည်။

မြက်ခင်းပြင်ပေါ်၌ ဒုတိယအကြိမ် တိုက်ပွဲ စတင်နေစဉ် မည်သူကမျှ အာရုံမစိုက်မိသည့် သာမန်သာ ထင်ရသော ကျောက်တုံးတစ်တုံးက မြက်များကြား၌ ရှိနေသည်။

ထိုကျောက်တုံးအတွင်း၌ မရေမတွက်နိုင်သော ဟင်းလင်းပြင်နေရာများ ရှိပေသည်။ သည်အခိုက်၌ ယင်းတို့ထဲမှ တစ်ခုတွင် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်နေသော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။

ဝမ်လင်း၏ တင်ကြိုစီစဉ်ထားမှုကြောင့် ရှုသဲချိုက်သည် ဟင်းလင်းပြင်ကျောက်တုံးအတါင်းရှိ ဟင်းလင်းပြင်ထဲ ကျဆင်းလာခဲ့၏။ သူ ပြန်ပေါ်လာသည့်အခါ၌ သူ့စိတ်နှလုံးမှာ တုန်ယင်မိသွားသည်။ သူသည် ဝမ်လင်း၏ ထောင်ချောက်အတွင်း၌ ကျရောက်သွားခဲ့ပြီကို သိလိုက်၏။

သို့သော် သူ၏ကျင့်ကြံမှုအဆင့်က မြင့်မားလှသည် မဟုတ်လား။ ထို့ကြောင့် သူသည် မည်သည့် ထိတ်ပြာမှုကိုမျှ မပြပေ။ သူက အပေါ်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်သည် အပြာရောင်ရှိကာ နေမင်းက ရွှေရောင်သန်းနေသည်ကို မြင်၏။ သို့ပေမည့် မြေပြင်ထုကတော့ သေဆုံးခြင်းအော်ရာနှင့် ပြည့်နေသည်။ အကွာအဝေးတစ်ခု၌ မီးတောင်တလုံး ရှိနေ၏။ တခြားတဖက်တွင် မိုးကြိုးပင်လယ်တစ်ခု ရှိနေသည်။

အပြာရောင်ကောင်းကင်ထက်၌ တိမ်စိုင်တိမ်နက်များလည်း ရှိနေပြီး အနက်ရောင်နှင်းများ ကျဆင်းနေသည်။

“ဝမ်လင်း…ထွက်လာခဲ့စမ်း။ မင်း ဒီနေရာမှာ ဘာကြောင့် ကစားနေရတာလဲ…”

ရှုသဲချိုက်က ဘေးပတ်လည်သို့ ကြည့်လိုက်၏။ သူ၏အမူအရာမှာ သုန်မှုန်လွန်းနေသည်။

သူ့အသံ ထွက်ပေါ်လာသည့်အခါ ဝမ်လင်း၏ပုံရိပ်သည် ရှုသဲချိုက်၏ရှေ့ ပေတစ်သောင်းလောက်တွင် ပေါ်လာ၏။ သူက ရှုသဲချိုက်ထံ အေးစက်စက် စိုက်ကြည့်လိုက်သည်။

“မင်းရဲ့ မန္တာန်တွေက မြန်လွန်းလှတယ်။ ဒီတော့ ငါတို့ ဘယ်သူ့ရဲ့ မန္တာန်က ပိုမြန်မလဲ ကြည့်ကြရအောင်…”  ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွားသည်။

“ကံမ္မ…”

ထိုစကားလုံး ထွက်ပေါ်လာသည့်အခါ လောကသည် တုန်ခါပြီး ဓားတစ်လက် ပေါ်လာသည်။ ထိုဓားက ဝမ်လင်း၏ကံမ္မအနှစ်သာရကို ကိုယ်စားပြုပေသည်။

ဝမ်လင်း ထိုမန္တာန်ကို အသုံးပြုလိုက်သည့် တချိန်တည်းနီးပါး လိုမှာပင် ရှုသဲချိုက်က တုံ့နှေးမနေဘဲ ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူက ချိပ်ဟန်သန်းချီကနေ အနီရောင်မြူလွှာတစ်ခုကို ပေါ်လာစေသည်။ နာကျင်ထိတ်လန့်စွာ အော်ဟစ်သံများ ထိုမြူထံမှ ထွက်ပေါ်လာ၏။ စိတ်ဝိညာဉ်သောင်းချီ ပေါ်လာသည်။ ယင်းတို့က ရှေ့သို့ တိုးလာကာ ကောင်းကင်ထက်တွင် ပြည့်ဖုံးသည်။

ရှုသဲချိုက်က နောက်ဆုတ်ပြန်၏။ သူ့ဘယ်လက်ကို ပင့်မြှောက်ကာ နောက်ထပ် ချိပ်ဟန်များကို ဖြစ်ပေါ်စေသည်။ ခုနစ်သန်းနီးပါး ချိပ်ဟန်များ ပေါ်လာကာ လှံရှည်တစ်လက်အဖြစ် ဖွဲ့စည်းသည်။ ထိုလှံက တွန့်ခေါက်ပုံပျက်ကာ ဧရာမစပါးအုံးမြွေအဖြစ်သို့ ပြောင်း၍ ၎င်း၏လျှာကို တလှစ်လှစ်ထုတ်ပြီး ရှေ့သို့ တိုးဝင်သည်။

ထို့နောက်တွင် ရှုသဲချိုက်က နောက်ထပ် ခြေသုံးလှမ်းထပ်ဆုတ်ပြီး သူ့လက်နှစ်ဖက်ကို ပင့်မြှောက်သည်။ သူက နောက်ထပ်မန္တာန်တစ်ခု ထုတ်ဖော်ရန် ဟန်ပြင်သည်။ သူက မြန်လွွန်း၏။ သို့သော် ၎င်းက ဝမ်လင်းကို သူ မယှဉ်သာတော့သော ပထမဆုံးအကြိမ်ပင်။

သူ ဒုတိယမန္တာန်ကို အသုံးပြုသည့်အခါ၌ ဝမ်လင်း၏ သေခြင်းရှင်ခြင်းဓားက ပျံသန်းဝင်လာ၏။ သို့ပေမည့် သူ တတိယမြောက်မန္တာန်ကို ထုတ်ဖော်တော့မည့် အချိန်တါင် ဝမ်လင်း၏ အမှန်အမှား ဓားက ဖြတ်ခနဲ ပိုမြန်ဆန်စွာ ပေါ်လာတော့သည်။

ထိုတိုတောင်းလှသော အခိုက်အတန့်လေးက အလွန်အရေးပါသည်။

ကံမ္မဓားက နီးကပ်လာ၏။ ၎င်းက ဆန်းကြယ်ာ ကံမမစွမ်းအားနှင့်အတူ စိတ်ဝိညာဉ်များကို ဖြတ်တောက်ပစ်၊ ဖျက်စီးပစ်သည်။

တချိန်တည်းမှာ ဝမ်လင်း၏ သေခြင်းရှင်ခြင်းဓားသည် နီးကပ်လာကာ ရှုသဲချိုက်၏ မန္တာန်ကြောင့် ဖြစ်ပေါ်လာသော ဧရာမစပါးအုံးမြွေကို ခုတ်ပိုင်းသည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပေါက်ကွဲ၏။ ထိုမြွေက ဆိုးရွားစွာ အော်ဟစ် သေဆုံးသွားသည်။ ဝမ်လင်း၏ သေခြင်းရှင်ခြင်းဓားကလည်း ပျက်စီးသွားသည်။

သို့သော် အမှန်အမှားဓားက အံ့မခန်းအမြန်နှုန်းဖြင့် နီးကပ်လာသည်။ ဒီအခိုက်တွင် ရှုသဲချိုက်သည် သူ၏တတိယမြောက်မန္တာန်ကို အပြီးသပ် မထုတ်ဖော်နိုင်သေးပေ။

အမှန်နှင့်အမှားဓားသည် ရှုသဲချိုက်၏ ရင်ဘက်ထံ ဖြတ်ခနဲ ဝင်ရောက်လာ၏။ ၎င်းက မြန်လွန်းသည်။ သူ့အမူအရာ ကြီးစွာ ပြောင်းလဲသွားသည်။ သူသည် နောက်သို့ အမြန်ဆုတ်ကာ သူ့လက်ထဲရှိ မပြီးပြည့်စုံသေးသော မန္တာန်ကို ထိုဓားထံ ပစ်လွှတ်လိုက်သည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ အမှန်အမှားဓားသည် ပျက်စီးသွား၏။ သို့ပေမည့် ရှုသဲချိုက်မှာလည်း ခံစားလိုက်ရသည်ပင်။ သူ့မျက်နှာက ဖြူရောသွားကာ သူက နောက်သို့ ဆုတ်၍ ချိပ်ဟန်များစွာကို ဖြစ်ပေါ်စေသည်။

သို့ပေမည့် ဝမ်လင်းက သူ့ကို မည်သည့် အခွင့်အရေး ပေးပါ့မည်နည်း။ ဝမ်လင်းသည် ရှုသဲချိုက်၏ မန္တာန်ထုတ်ဖော်နိုင်နှုန်းကို အနှောက်အယှက် ပေးနိုင်ခဲ့ပြီး သည်သတ်ကွင်းသို့ သူ့ကို ဖြားယောင်းခေါ်ဆောင်လာနိုင်ခဲ့ပြီ ဖြစ်၏။ ဝမ်လင်းက ရှုသဲချိုက်ကို သတ်ရပေမည်။ ထိုမှသာ သူသည် မြန်ဆန်လွန်းစွာ မန္တာန်များ ထုတ်ဖော်နိုင်သော လျှို့ဝှက်ချက်ကို ရရှိမည် ဖြစ်သည်။

ရှုသဲချိုက်က နောက်သို့ ခြေနှစ်လမ်း ဆုတ်လိုက်ရုံ ရှိသေး ဝမ်လင်း၏ အမူအရာက ကြမ်းကြုတ်ဟန် လှစ်ဟပေါ်ကာ သူက ရှေ့သို့ လက်ညွှန်လိုက်၏။

“မီးအနှစ်သာရ…”

သူ့စကားလုံးများ ပဲ့တင်ထပ်လာသည့်အခါ အကွာအဝေးတစ်ခုရှိ မီးတောင်သည် ပေါက်ကွဲပြီး ချက်ခြင်းပင် ရှုသဲချိုက်နား တည်နေရာရွှေ့လာကာ သူ့အား ဝန်းရံသည်။ ထိုမီးတောင်က ဆက်တိုက် ပေါက်ကွဲနေ၏။ အတွင်း၌ ဝမ်လင်း၏မီးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်နှင့်အတူ ၎င်းက ပြင်းထန်သောတိုက်ခိုက်မှုတစ်ခု ဖြစ်လာသည်။

“မိုးကြိုးအနှစ်သာရ…”  ဝမ်လင်းက ထိုအခွင့်အလမ်းကို ကြိုးစား၍ ရခဲ့သည် ဖြစ်ရာ သူသည် လွယ်လင့်တကူ လက်လွှတ်ပေးမည် မဟုတ်ပါ။ သူ့စကားလုံးများ ပဲ့တင်ထပ်လာသည်နှင့် ရှုသဲချိုက်ကို ဝန်းရံထားသော မီးတောင်သည် ရုတ်တရက် ကျယ်ပြောသောမိုးကြိုးပင်လယ်ထံ တည်နေရာ ရွှေ့ပြောင်းသွားသည်။

မိုးကြိုးတို့ တဝုန်းဝုန်း မြည်ဟိန်း၏။ လျှပ်စီးများက သည်မီးတောင်ထံ ဦးတည်ထွက်ပေါ်သည်။ မိုးကြိုးနှင့်မီးတို့၏ အရူးအမူး ဝုန်းဒိုင်းကြဲတိုက်ခိုက်မှု စတင်လေ၏။

“ရေအနှစ်သာရ…”  ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ ထို့နောက် သူက သူ့လျှာထိပ်ကို ကိုက်လိုက်ကာ သွေးများ ပါးစပ်အပြည့် ထွေးထုတ်သည်။ သည်ဟင်းလင်းပြင်နေရာက မပြည့်စုံပေ။ ထို့ကြောင့် မည်သည့်ရေမှှျ ရှိမနေချေ။ သို့ပေမည့် ဝမ်လင်းက သူ့ကိုယ်ပိုင်သွေးထဲ၌ သိပ်သည်းထားသော ရေအနှစ်သာရကို အသုံးပြုလိုက်သည်။ ထိုသွေးက အနီရောင်ရေငွေ့အဖြစ်သို့ ပြောင်းကာ မိုးကြိုးမီးတောင်ထံ ဦးတည် ပျံသန်းသည်။ အနီရောင်ရေငွေ့ ကျဆင်းလာခိုက်၌ မီးသည် ပြိုပျက်စီးကာ မိုးကြိုးက ပေါက်ကွဲသည်။

အနှစ်သာရသုံးခု ပေါင်းစပ်မှုက အဖျက်အစီးအားကို ဖန်တီး၏။ သည်အခိုက်တွင် ဓားရှည်များအဖြစ် ပျောက်ကွယ်နေသော ဆန်းကြယ်အနှစ်သာရသုံးခုကလည်း တရှိန်ထိုး တိုးဝင်လာချေသည်။

All Chapters