← Chapters

အမြန်နှုန်းမန္တာန်ပညာရပ်

Vol. 139 Ch. 1920

အမြန်နှုန်းမန္တာန်ပညာရပ်

Vol. 139 Ch. 1920

သွေးအလင်း လင်းလက်သွား၏။ ထိုခုတ်ပိုင်းမှု၌ ဝမ်လင်း၏ ကျင့်ကြံမှုအပြည့်အဝ ပါသည်။ သူ၏ရှေးတောက်စွမ်းအားကိုပါ ထိန်ချန်မထားဘဲ အသုံးပြုထားသည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ကောင်းကင်ဘုံသားတို့ နယ်မြေတွင် ဝမ်လင်းသည် သူ့ရှေးတောက်စွမ်းအားနှင့် ပတ်သတ်ပြီး အလွန်အမင်း ဂရုပြုရ၏။ သူက လူအများအပြား သူ့ကို သိသွားကြမှာကို မလိုလားပေ။ ထိုအခါကလျှင် သူသည် ဒီနေရာ၌ လှုပ်ရှားဖို့ ခက်ခဲသွားလိမ့်မည်။

တကယ်တော့ သူ၏ဇစ်မြစ်မှာ ရှေးတောက်တို့၏ အပိုင်ဖြစ်ကာ ကောင်းကင်ဘုံသားများ အပိုင် မဟုတ်ပေ။ ထို့ကြောင့် သူသည် ကောင်းကင်ဘုံကုန်းမြေများ၌ ဂရုပြု၊ အရေးစိုက်ရမည်သာ။

သို့သော် ဒီဟင်းလင်းပြင်ကျောက်တုံးအတွင်း၌ သူ့အဖို့ ပူပန်နေစရာ မလိုပေ။ ထိုဓားကို ခုတ်ပိုင်းလိုက်ရင်း ဧရာမရှေးတောက်အရိပ်တစ်ခုက သူ့နောက်တွင် ပေါ်လာသည်။ ထိုအရိပ်က ချပ်ဝတ်ကို ဝတ်ဆင်ထားကာ ရှေးအော်ရာကို ပေးစွမ်းသည်။

ဝမ်လင်းသည် ရှုသဲချိုက်၏ ဦးခေါင်းနှင့် မီးအိမ်ကြားရှိ ဟင်းလင်းပြင်ကို မြန်ဆန်စွာ ဖြတ်တောက်ပစ်လိုက်စဉ် သွေးအလင်း တဖြတ်ဖြတ် လင်းလက်သွားသည်။ ရှုသဲချိုက်၏ မူလစိတ်ဝိညာဉ်သည် ပါးစပ်အပြည့် မူလအနှစ်သာရများကို ထွေးအန်ရသည်။ သူ့မူလစိတ်ဝိညာဉ်သည် သွေ့ခြောက်သွားသည်။ သူ့ဦးခေါင်းထက်ရှိ မီးအိမ်သည် ပြင်းထန်သောအားတစ်ခု၏ ထိမှန်ခြင်း ခံရကာ လွင့်ထွက်သွားသည်။ ယင်းအတွင်းရှိ မီးသည်လည်း ချက်ခြင်း ငြှိမ်းသေသွားတော့သည်။

“ငါ လက်မခံနိုင်ဘူး…”  ရှုသဲချိုက်၏ အားနည်းသွားသော မူလစိတ်ဝိညာဉ်က နောက်ဆုံးအကြိမ် အော်ဟစ်လိုက်စဉ်မှာပင် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းပြီး နောက်ဆုံးတိုက်ခိုက်မှုများကို ထုတ်ဖော်ပြီးခဲ့လေပြီ။ ထို့နောက်တွင် ဝမ်လင်းသည် ရှုသဲချိုက်၏ မူလစိတ်ဝိညာဉ်ကို သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူက သွေးအန်လိုက်ရသည်။ သူသည် ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး မျက်လုံးမှိတ်၍ သူ့ကိုယ်သူ ချိန်ငြှိရန် ချက်ခြင်း ထိုင်ချလိုက်သည်။

ခြင်သားရဲဘုရင်က ဒီဧရိယာကို သတိအနေထားဖြင့် လှည့်ပတ်နေသည်။ ရီစီကမူ ထူးခြားစွာ ရွှေ့လျား၍ အကွာအဝေးတစ်ခုထံ ဦးတည်သွားသည်။ ၎င်း ပြန်ရောက်လာချိန်၌ လက်တစ်ဖက်ကို ကိုင်ဆောင်ထားသည်။

ထိုလက်က သွေးအလိမ်းလိမ်းဖြင့်ပင်။ ၎င်းမှာ ရှုသဲချိုက်၏လက်ပင်။ ထိုလက်ကို စိုက်ကြည့်ကာ ရှုသဲချိုက်၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်လာ၏။ သို့သော် မကြာမီတွင် ရီစီ၏ခန္ဓာကိုယ်မှ မြူများ ထွက်ပေါ်ကာ သူ့အား ဝန်းရံသည်။

ဖြတ်ခနဲအတွင်း သုံးရက်တာ ကုန်လွန်သွားခဲ့သည်။ ဒီသုံးရက်အတွင်း ခြင်သားရဲဘုရင်က ဝမ်လင်းကို မပင်ပန်းသည့်အလား စောင့်ကြပ်ပေးနေသည်။ အရာအားလုံးက ငြိမ်သက် ကုန်၏။

တတိယမြောက်နေ့ အဆုံးသပ်ခါနီးချိန်တွင် ဝမ်လင်းက မျက်လုံးဖွင့်လာသည်။ သူက အလွန်ပင်ပန်းနေလေပြီ။ သူသည် ‌အချိန်တိုအတွင်း လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီ မဟုတ်လား။ သည့်အတွက်ကြောင့် သူသည် အလွန်ပင်ပန်းနေခဲ့ပြီ။

“အခု နှစ်ယောက် ရှိသွားပြီဆိုတော့ နောက်ထပ် ရှစ်ယောက် လိုအုံးမယ်…”  ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ထံ ဖမ်းဆုပ်လိုက်၏။ ဦးခေါင်းတလုံး သူ့လက်ထံ ပျံသန်းလာသည်။ ထိုဦးခေါင်းမှာ ရှုသဲချိုက်၏ခေါင်းပင်။ သူ၏ အသက်ဝိညာဉ်မဲ့နေသော မျက်လုံးထဲ၌ ကြောက်ရွှံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နေသည်။

ရှုသဲချိုက်၏ ဦးခေါင်းကို ခဏ စိုက်ကြည့်ပြီးနောက် ဝမ်လင်းက ၎င်းကို လျှိုဇီယန်း၏ ဦးခေါင်းနှင့်အတူ သိမ်းဆည်းထားလိုက်သည်။

“ဒီမီးအိမ်ရတနာက အတော်လေး ထူးခြားလွန်းတယ်…”  ဝမ်လင်းသည် စဉ်းစားနေပြီး သူက အကွာအဝေးတစ်ခုထံ လှမ်းကြည့်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ ငြှိမ်းသေသွားသော မီးအိမ်က သူ့ထံ ပျံသန်းလာပြီး သူ၏ရှေ့တွင် လွင့်မြောသည်။

၎င်းကို ကြည့်ကာ ဝမ်လင်းက မီးအိမ်ပတ်လည်သို့ အနှစ်သာရစွမ်းအင်ကို ထွေးထုတ်လိုက်ပြီး ယင်းမီးအိမ်အား တဖြည်းဖြည်း သန့်စင်သည်။ မီးအိမ်အတွင်းရှိ မီးက ထွန်းငြှိသွားပြီး ခပ်ဖျော့ဖျော့တောက်ပမှုကို ပေးစွမ်းသည်။

ဝမ်လင်း၏အတားအဆီးအနှစ်သာရဖြင့် သူက ထိုရတနာကို အလုံးစုံ ဖြတ်မြင်နိုင်၏။ ဤသည်က ရိုးရှင်းသော အကာအကွယ်ရတနာတစ်ခုပင်။ ၎င်းထံ၌ တိုက်ခိုက်ရေးစွမ်းအား လုံးဝ ရှိမနေပေ။ သို့ပေမည့် ၎င်း၏ အကာအကွယ်က အလွန်အစွမ်းထက်လှသည်။

ထိုမီးအိမ်အတွင်း၌ မီး မငြှိမ်းသေးသ၍ အသုံးပြုသူ၏ မူလစိတ်ဝိညာဉ်က သေနိုင်လိမ့်မည် မဟုတ်ပေ။ ထိုမီးအိမ်ကို မူလစိတ်ဝိညာဉ်ဖြင့် အားဖြည့်တင်းနိုင်သည်။

၎င်းကို ခန္ဓာကိုယ်တစ်ခုအဖြစ် သန့်စင်နိုင်ပါက လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို စောင့်ကြပ်ပေးနိုင်မည် ဖြစ်၏။ နူးညံ့သောအလင်းက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဝန်းရံပေးလိမ့်မည်။ ဤသည်က အသုံးပြုသူ၏ ခန္ဓာကိုယ်ကို အပိုအကာအကွယ်အလွှာတစ်ခု ပေးလိုက်ခြင်းပင်။

“ဒီမီးအိမ်ကြောင့်သာ မဟုတ်ရင် ရှုသဲချိုက်က ငါ့ ဒုတိယအကြိမ်တိုက်ခိုက်မှုတွေအောက်မှာ ရှင်သန်ဖို့ ခက်ခဲသွားခဲ့မှာ…”

ဝမ်လင်းက ပါးစပ်ဟကာ ၎င်းမီးအိမ်ကို ရှိုက်သွင်းလိုက်၏။ ထိုမီးအိမ်က သူ့မူလစိတ်ဝိညာဉ် ဘေးနားတွင် ပေါ်လာ၏။ ထို့နောက် ဝမ်လင်း၏ခန္ဓာကိုယ်ကို ခပ်ဖျော့ဖျော့အလင်းလွှာတစ်ခုက ထွေးခြုံသွားသည်။

ဝမ်လင်း၏စိတ်ထဲ၌ နွေးထွေးသောခံစားမှုတစ်ခု ပေါ်လာသည်။ သူက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု ပြည့်လာသည်။

“ဒီတိုက်ပွဲက ဒီတစ်ခုနဲ့တင် တန်နေပြီ။ အရေးကြီးဆုံးအရာကတော့ ငါ့အနေနဲ့ သူ မန္တာန်တွေကို ဘာလို့ ဒီလောက်မြန်မြန် ထုတ်ဖော်နိုင်လဲဆိုတဲ့ လျှို့ဝှက်ချက်ကို သိဖို့ပဲ။ ငါသာ ဒါကို ဖမ်းဆုပ်နိုင်ခဲ့ရင် ငါ့စွမ်းအားဟာ အများကြီး တိုးတက်လာလိမ့်မယ်…”

ဝမ်လင်းသည် ရှုသဲချိုက်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သူ ဖြစ်၍ မန္တာန်များကို အလွန်မြန်ဆန်စွာ ထုတ်ဖော်နိုင်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်ကို သိ၏။ ထိုအမြန်နှုန်းဖြင့်ဆို သူ့ထံ၌ အခွင့်အရေးတစ်ခုသာ ရလိုက်သ၍ သူသည် တဖက်လူကို လုံးဝ အသားစီး ယူထားနိုင်မည် မဟုတ်လား။ တဖက်လူသည် တန်ပြန်တိုက်ခိုက်ရန် အချိန်မရတော့ဘဲ မန္တာန်များ၏ တရစပ်တိုက်ခိုက်တာကို ခံရပေလိမ့်မည်။

ဝမ်လင်း၏မျက်လုံးက အရောင်တောက်နေ၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ရှုသဲချိုက်၏ ဒဏ်ရာအပြင်းအထန်ရထားပြီး အလွန်အမင်း အားနည်းနေပြီ ဖြစ်သော မူလစိတ်ဝိညာဉ်က သူ့လက်ထဲတွင် ပေါ်လာသည်။

ထိုမူလစိတ်ဝိညာဉ်က မေ့မြောနေသည့်အလား မျက်လုံး မှိတ်ထား၏။ ၎င်းသည် ကြုံ့နေခဲ့ပြီး ဖြစ်ရာ ခုဆိုသုံးလက်မလောက်သာ ရှိတော့သည်။ ထိုမူလစိတ်ဝိညာဉ်က ဝမ်လင်း၏ လက်ဝါးထဲတွင် ငြိမ်သက်စွာ လှဲလျောင်းနေသည်။

ထိုမူလစိတ်ဝိညာဉ်ကို စိုက်ကြည့်လျက် ဝမ်လင်းက သူ့ညာလက်ဖြင့် ၎င်းကို ညှစ်ချေလိုက်သည်။ သူ့လက်ဖြင့် ညှစ်ချေလိုက်ရင်း သူက စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တာန်ကို အသုံးပြုသည်။ အမှန်တော့ ကျင့်ကြံခြင်းအဆင့် ကွာဟချက် ကြီးသူများကြား စိတ်ဝိညာဉ်ရှာဖွေဖို့မှာ အလွန်ခက်ခဲ၏။ ရှုသဲချိုက် ဒဏ်ရာအပြင်းအထန် အခြေအနေသို့ ဆိုက်ရောက်နေခြင်းကြောင့်သာ ဝမ်လင်းသည် ဒီမန္တာန်ကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တာ ဖြစ်သည်။

ရှုသဲချိုက်၏ မှတ်ဉာဏ်များအားလုံးမှာ မည်သည့်ခုခံမှုမှ မရှိဘဲ ဝမ်လင်း၏ ရှာဖွေခြင်းကို ခံရသည်။

မကြာမီတွင် သုံးနာရီ ကုန်လွန်သွားသည်။ ရှုသဲချိုက်မှာ အသက်ရှင်ခဲ့တာ ကြာရှည်လွန်းခဲ့ပြီ ဖြစ်၏။ သည့်အတွက် သူ့မှတ်ဉာဏ်ကို ရှာဖွေဖို့ ကြိုးစားရာ၌ အချိန်ပမာဏတစ်ခုခု ယူရမည်သာ။

သုံးနာရီကြာပြီးနောက် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲတွင် ကျေနပ်ပီတီဖြစ်မှုတို့ ရှိနေသည်။

“အမြန်နှုန်းမန္တာန် ပညာရပ်…။ ဒီရှုသဲချိုက်က သူ့ဘဝ အစောပိုင်းမှာ မဟာကံကောင်းမှုကြီးတစ်ခု ကြုံခဲ့ရတာပဲ။ ကောင်းကင်ထက်ကနေ ကျဆင်းပြုတ်ကျလာတဲ့ ဥက္ကာခဲတစ်စင်းပေါ်မှာ ရွေးထွင်းထားတဲ့ ဒီပညာရပ်ကို သူက ရှာတွေ့ခဲ့တာပဲ။ ဒါကို ကျင့်ကြံပြီးတဲ့နောက်မှာ သူဟာ ကြောက်မက်ဖွယ်ကောင်းလှအောင် မန္တာန်တွေကို မြန်ဆန်စွာ ထုတ်ဖော်အသုံးပြုနိုင်ခဲ့တာကို…”

ဝမ်လင်းက သူ့လက်ကို ပြန်ဖြန့်လိုက်၏။ ရှုသဲချိုက်၏ မူလစိတ်ဝိညာဉ်သည် တုန်ယင်ကာ တဖြည်းဖြည်း စတင် ပျောက်ကွယ်လာသည်။

သို့သော် အချိန်အတန်ကြာပြီးနောက် ၎င်းက ပျက်စီးသွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်း မရှိပေ။ ထိုအစား တစ္ဆေအလင်းလင်းလက်သွား၏။ ၎င်းထံ၌ မွန်းစတားဆန်သော မကျေမချမ်းမှု ပြည့်သည်။ ထိုမကျေမချမ်းမှုက သူ မသေခင် လက်သင့်မခံနိုင်ခဲ့ခြင်းကနေ လာခြင်းတည်း။

သို့သော်လည်း ဝမ်လင်း၏ မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်မှာ ထိုမကျေမချမ်းမှုက အဆင့်တစ်ခုထိ ရောက်လာပြီးနောက် တဖြည်းဖြည်း လျှော့ကျကာ သေချာသောအဆင့်တစ်ခုတွင် ဆက်ကျန်ရှိနေသည်။ ရှုသဲချိုက်၏ မူလစိတ်ဝိညာဉ်က ဆက်လက် လွင့်ပျောက်သွားခြင်း မရှိတော့ဘဲ သူက တဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။

သူ မျက်လုံးဖွင့်လိုက်သည့်အခိုက်၌ ဝမ်လင်း၏အကြည့်နှင့် ဆုံ၏။ ဝမ်လင်းက သူ့စိတ်မှာ တုန်ဟည်းသွားပြီး မိန်းမောသောအခြေအနေသို့ ဝင်ရောက်သွားသည်ဟု ခံစားမိလိုက်၏။ သူ့လက်ဝါးထဲတွင် ရှိနေသော ရှုသဲချိုက်မူလစိတ်ဝိညာဉ်က အကွာအဝေးတစ်ခုသို့ ပျံသန်းသွားသည်။

သို့သော် ဝမ်လင်းက မကြာမီ ပြန်သတိဝင်လာ၏။ သူ၏မျက်လုံးထံမှ မယုံနိုင်မှုနှင့်အတူ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်လာသည်။

“တစ္ဆေစိတ်ဝိညာဉ်တစ်ခု ဖြစ်ပေါ်လာခဲ့တာပဲ…” ဝမ်လင်းက အလွှာအထပ်ပုံရိပ်ယောင် မန္တာန်ကို ကျင့်ကြံခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူက တစ္ဆေစိတ်ဝိညာဉ်များကို ကောင်းကောင်းနားလည်သည်။ ယင်းတို့ မည်သို့ ဖန်တီးခံရပုံကို သိထား၏။ ၎င်းက ကျင့်ကြံခြင်းနှင့် မဆိုပေ၊ အလွန်ဖြစ်ခဲပေသော အရာပင်။

ထိုတစ္ဆေစိတ်ဝိညာဉ်ကို မဟာစိတ်ဝိညာဉ်က နည်းလမ်းတစ်ခုဖြင့် ဖန်တီးနိုင်သော်လည်း အရည်အသွေးများကမူ အလွန်နိမ့်၏။ အများဆုံးမှ ယင်းဖန်တီးထားသော တစ္ဆေဝိညာဉ်များဖြင့် အလယ်အဆင့် တစ္ဆေရွက်ဖျင်ကိုသာ ပြုလုပ်နိုင်မည်ပင်။

ဝမ်လင်းသည် လူသေတစ်ယောက် သို့မဟုတ် သေဆုံးသွားသော သားရဲတစ်ကောင်ကနေ ၎င်းဘာသာ တစ္ဆေစိတ်ဝိညာဉ် ဖြစ်ပေါ်လာခြင်းမှာ အလွှာအထပ်ပုံရိပ်ယောင်မန္တာန်ကို ကျင့်ကြံထားသော တစုံတစ်ယောက်အတွက် မဟာကံကောင်းမှုတစ်ခု ဖြစ်သည်ကို သဘောပေါက်ထားသည်။

ဝမ်လင်းက နှလုံးခုန် မြန်လာ၏။ သည်ရုတ်တရက် ပြောင်းလဲမှုက သူ့ကို တုန်လှုပ်အံ့အားသင့်စေသည်။ သူက ရှုသဲချိုက်ကနေ ဖြစ်ပေါ်လာသော တစ္ဆေစိတ်ဝိညာဉ်နောက်သို့ လိုက်လံတော့၏။ သူ့ထံ၌ အံ့မခန်းစိတ်လှုပ်ရှားမှု ဖြစ်ပေါ်နေသည်။

တစ္ဆေစိတ်ဝိညာဉ်လေးက ဝမ်လင်း၏လက်ကနေ မည်သို့ လွတ်နိုင်ပါ့မည်နည်း။ ဝမ်လင်းသည် သူ အသက်ရှင်စဉ်ကပင် သူ့အား သတ်ရဲဝံ့ခဲ့သူ ဖြစ်၏။ ထို့ကြောင့် ဝမ်လင်းသည် ထိုသူ သေသွားပြီးနောက်တွင် မည်သို့ ကြောက်လန့်ပါ့မည်နည်း။

ဝမ်လင်းက ချက်ခြင်း နောက်ပြန်လှည့်၏။ သူ့လက်ထဲတွင် ရုန်းကန်နေသော တစ္ဆေစိတ်ဝိညာဉ်ကို ချုပ်ကိုင်ထားသည်။

ဝမ်လင်းက ထိုတစ္ဆေစိတ်ဝိညာဉ်ကို သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်၏။ ၎င်းက သူ့အတွက် အလွန်အသုံးတည့်လာနိုင်မည် မဟုတ်လား။

ထိုသို့ ပြုလုပ်ပြီးနောက် ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်ပြီး သူ ရှုသဲချိုက်၏ မှတ်ဉာဏ်မှ ရခဲ့သော အမြန်နှုန်းမန္တာန်ပညာရပ်ကို တည်တည်ငြိမ်ငြိမ် လေ့လာကြည့်သည်။ ထိုပညာရပ်က အစွန်းရောက်လမ်းကြောင်းတစ်ခု ဖြစ်၏။ ၎င်းက လူတစ်ယောက်ကို ကြောက်မက်ဖွယ်အဆင့်ထိ ရောက်သည့်အထိ မန္တာန်များကို မြန်ဆန်လွန်းစွာ ထုတ်ဖော်နိုင်စေမည်ပင်။

၎င်းမန္တာန်၏ သော့ချက်မှာ လူတစ်ယောက်ခန္ဓာကိုယ်၏ သွေးကြောမန္တာန်များကို ဖွင့်လှစ်ခြင်းပင်။ ထိုမန္တာန်သွေးကြောက လူတစ်ယောက်၏ မန္တာန်ထုတ်ဖော်နိုင်နှုန်းကို ကြီးစွာ တိုးမြင့်ပေးနိုင်သည်။

ရှုသဲချိုက်က မန္တာန်သွေးကြောခုနစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

ထိုမန္တာန်သွေးကြော ဟူသည်မှာ အမြန်နှုန်းမန္တာန်ပညာရပ်က အသုံးပြုထားသော အမည်မျှသာ။ အမှန်တော့ ၎င်းက မန္တာန်များ ထုတ်ဖော်နိုင်သည့် အမြန်နှုန်းကို တိုးမြှင့်ပေးအောင် ဖန်တီးရန် ချိပ်ပတ်ခြင်းကို အသုံးပြုသည့် အထူးနည်းလမ်းတစ်ခုပင်။

“ခန္ဓာကိုယ်တစ်ခုထဲက ကျင့်ကြံသူတစ်ယောက်ရဲ့ မူလစိတ်ဝိညာဉ်ကို ချိပ်ပိတ်ပြီး ဝဲကတော့တစ်ခု ဖြစ်ပေါ်စေတာ…။ ဒါက ရှေးကလန်တွေရဲ့ မန္တာန်တွေထဲက တချို့နဲ့ ဆင်တူတယ်လို့ ဘာကြောင့် ခံစားရတာလဲ…”

ဝမ်လင်းသည် အမြန်နှုန်းမန္တာန်ပညာရပ်ကို လေ့လာနေချိန်၌ ထိုအတွေးက သူ့စိတ်ထဲ ရောက်လာသည်။

သူ ပို၍ ကြည့်မိလေလေ ထိုအတွေးက ပိုရှင်းလာလေပင်။ အဆုံးသပ်၌ ထိုပညာရပ်သည် ကျင့်ကြံသူများ၏ မန္တာန်မဟုတ်ဟု ဆုံးဖြတ်လိုက်၏။ ၎င်းကို ရှေးကလန်၏ခန္ဓာကိုယ်ဖြင့်သာ အသုံးပြုပါက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်ပင်။

“ကံမကောင်းစွာနဲ့…ငါ့မှာ အပိုမူလစိတ်ဝိညာဉ်တွေ မပိုင်ဆိုင်ထားတာပဲ..” ဝမ်လင်းသည် ထိုအမြန်နှုန်းမန္တာန်ပညာရပ်ကို မှတ်သားကာ အပြည့်အဝ နားလည်သဘောပေါက်အောင် လုပ်နေရင်း စဉ်းစားနေ၏။ ထို့နောက် သူက ထရပ်ကာ သူ့ညာလက်ဖြင့် ဝေ့ယမ်းသည်။ မြေပြင်ထုသည် တုန်ယင်သွား၏။ သူ့လက်နှစ်ဖက်ထံသို့ ဘူးသီးခြောက် ကျရောက်လာသည်။ တာအိုစိတ်ဝိညာဉ်သန်းသုံးဆယ်တွင် အများစုက ရှိနေတုန်းပင်။ ထိုရတနာက များများစားစား ဆုံးရှုံးမှု မခံခဲ့ရပေ။

ဝမ်လင်းသည် ကောင်းကင်ထက်မှ အပြာရောင်ထီးကိုလည်း ခြင်သားရဲဘုရင်နှင့်အတူ သိမ်းဆည်းလိုက်သည်။ ရှုသဲချိုက်၏ လက်နှင့် ပေါင်းစပ်နေသော ရီစီရုပ်သေးကိုလည်း ဝမ်လင်းက သူ့သိုလှောင်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်ပြန်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် ဝမ်လင်း၏မျက်လုံးထံမှ အေးစက်မှု ဖြတ်ပြေးသွားသည်။

“ငါ  ပြန်သွားရတော့မယ့် အချိန်ရောက်ပြီ…” သူ၏ခန္ဓာကိုယ်သည် လှစ်ခနဲ လှုပ်ရှားကာ သည်ပျက်စီးနေပြီ ဖြစ်သော ဟင်းလင်းပြင်ကနေ ပျောက်ကွယ်သွားတော့သည်။

နေ့ရက်များ ကုန်လွန်လာသည်။ သို့သော် အဆုံးစွန်ကောင်းကင်မြက်ခင်းပြင် အနှံ့ သိပ်သည်းသော သတ်ဖြတ်လိုစိတ်က ရှိနေဆဲပင်။ ရှင်သန်ကျန်နေခဲ့သော ကျင့်ကြံသူများသည် မြင့်မားသောကျင့်ကြံခြင်းအဆင့် ရှိကြ၏။ သူတို့ကို သတ်ဖို့မှာ ပိုခက်ခဲနေပြီ ဖြစ်သည်။ သတ်ဖြတ်ပွဲက ပို၍ ကြာရှည်တော့မည်။

သည်မြူအတွင်း၌ သာမန်ကျင့်ကြံသူများသည် သွေးချင်းချင်းနီရဲသော မျက်လုံးတို့ဖြင့် ရူးသွပ်လုနီးပါး ဖြစ်နေကြပေပြီ။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ  လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကလည်း လုဝမ်ရန်နှင့် တခြားလေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူများ ပူးပေါင်းထားသော တိုက်ခိုက်မှုကို ယှဉ်တိုက်နေသည်။

သိပ်မလှမ်းမကမ်းတွင် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူနှစ်ယောက်က မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးအကဲ ယန်လုနှင့် ရှုတန်သဲတို့နှင့် တိုက်ခိုက်နေသည်။

လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက် ဆုံးရှုံးသွားပြီးနောက် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ခွန်အားသည် ကြီးစွာ လျော့ကျသွားခဲ့လေပြီ။ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ထံ ဖိအား ပိုကျရောက်လာကာ သူတို့က ပိုများသောသူများနှင့် ရင်ဆိုင်နေရတော့သည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအိုနှစ်ယောက်သည် သနားစရာအနေထား ဖြစ်နေပြီ။ သူတို့က ဆက်လက်၍ မထိန်းသိမ်းထားနိုင်လုနီးပါး ဖြစ်လာသည်။

All Chapters