စိတ်ဝိညာဉ်ချပ်ဝတ်
Vol. 139 Ch. 1923
ဝမ်လင်းသည် မြေပြင်ထဲသို့ ဝင်ရောက်လာသည်နှင့် သူ၏မျက်နှာက ဖြူရောကာ သူသည် ဆက်၍ တောင့်မခံထားနိုင်တော့ဘဲ ပါးစပ်အပြည့် သွေးအန်ထွက်လိုက်ရသည်။ သူက မြေပြင်ထဲသို့ ဝင်ရောက်လိုက်ရုံ ရှိသေး သူ၏နောက်မှ အစီအရင်သည် လုံးဝ ချိပ်ပိတ်သွားပြီကို ခံစားမိသည်။
သူသာ အနည်းငယ် နှေးသွားပါက အပြင်ဘက်တွင် တစ်ကျန်ခဲ့ပြီ ဖြစ်သည်။ ထိုအခါကျလျှင် သူသည် လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအို ခြောက်ယောက်နှင့် ရင်ဆိုင်ရလိမ့်မည်။ သူက သူ့အသက်သုံးသက်ကို အသုံးပြုလျှင်ပင် သူ့အဖို့ ရှင်သန်နိုင်မည့် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပါ။
သို့ပေမည့် သူ လွတ်မြောက်ဖို့အတွက် ပေးဆပ်ခဲ့ရသည်က တန်ဖိုး ကြီးလွန်း၏။ တာအိုစိတ်ဝိညာဉ်သန်းသုံးဆယ် ပျက်စီးခဲ့ရမှုက ဝမ်လင်း၏ စိတ်နှလုံးကို နာကျင်မိစေသည်။ ထိုဘူးသီးခြောက်ကိုသာ ကောင်းကောင်း အသုံးပြုနိုင်ပါက သူသည် လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအိုတစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရစေနိုင်မည် မဟုတ်လား။ သို့သော် ခုချိန်၌ ဝမ်လင်းသည် သူ လွတ်မြောက်ဖို့အတွက် ၎င်းကို ဖောက်ခွဲဖျက်စီးခံရပေသည်။
“ထားလိုက်ပါတော့လေ…။ ဒီဘူးသီးခြောက်က အလွန်အစွမ်းထက်ပေမဲ့ ပြင်ပအရာတစ်ခုပဲ။ ငါသာ ဒီအသက်ဘေးကနေ လွတ်သွားနိုင်ခဲ့ရင် ဒီထက် ပိုသန်မာအားကောင်းတဲ့ ရတနာတွေကို တဖြည်းဖြည်း ရအောင် လုပ်နိုင်တာပဲ…”
“ကျန်းတောက်ကျုံး…ငါ ဒါကို ကောင်းကောင်းမှတ်ထားမယ်…” ဝမ်လင်း၏အမူအရာက သုန်မှုန်နေ၏။ အစောပိုင်းတုန်းက အဖြစ်သနစ်သည် သူ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရောက်လာခဲ့ချိန်မှစ၍ သူ့အတွက် အန္တရာယ်အများဆုံး၊ အသက်အန္တရာယ်နှင့် အနီးကပ်ဆုံး အခြေအနေ ဖြစ်ပေသည်။
သူသာ နည်းနည်းလောက် ပေါ့ဆမိပါက သေနှင့်နေခဲ့လောက်ပြီ။
ဝမ်လင်းသည် အမြဲတမ်း လက်စားပြန်ချေတတ်သူပင်။ သူက ကျန်းတောက်ကျုံး၏ သူ့ကို သတ်လိုမှုကို မှတ်သားထားမည် ဖြစ်သည်။ လုဝမ်ရန်၏ အပြုအမူကိုလည်း သူ ကောင်းကောင်းမှတ်ထားလိုက်ပြီ ဖြစ်သည်။
အစောပိုင်းတုန်းက လုဝမ်ရန်ကသာ မြေအောက်နန်းတော် ချိပ်ပိတ်ခြင်းကို အချိန်ဆွဲပေးခဲ့ပါက ဝမ်လင်းသည် ဘူးသီးခြောက်ကို ပေါက်ကွဲစေဖို့ လိုချင်မှ လိုခဲ့လိမ့်မည်။
သို့သော် လုဝမ်ရန်၏ တကိုယ်ကောင်းဆန်မှုက ဝမ်လင်းကို အန္တရာယ်အခြေအနေ၌ ထားရစ်ခဲ့တာပင်။
“လုဝမ်ရန်…” ဝမ်လင်း၏မျက်လုံးသည် နီရဲကာ သတ်ဖြတ်လိုစိတ်တို့ ပြည့်နေ၏။ သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရောက်လာခဲ့ချိန်တည်းက မည်သည့်ပတ်သတ်ခြင်း ခံစားမှုမျှ မရှိခဲ့ပေ။ ဒီနေရာရှိ၊ ဒီလူများကို သူက တစိမ်းသူပြင်ဟုသာ မြင်၏။
သူက ဒီနေရာရှိလူများကို မမုန်းခဲ့ပေ။ လူတိုင်းက သူတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အလုပ်ရှုပ်နေခဲ့တာ မဟုတ်လော။
သို့သော် ခုချိန်၌ သူ့စိတ်ကို ပြင်ဆင်လိုက်ပြီ ဖြစ်၏။ အစောပိုင်းတုန်းက အဖြစ်အပျက်ကြောင့်ပင်။
ဖြတ်ခနဲ ဝမ်လင်းသည် မြေပြင်အတွင်းနက်ပိုင်းသို့ ဝင်ရောက်သွား၏။ သူက မကြာမီတွင် မြေအောက်နန်းတော်ကို တွေ့မြင်သည်။ အထက်မှ ကျယ်လောင်စွာ တုန်ဟည်းသံများ ထွက်ပေါ်နေသည်။ တယောက်ယောက်က မြေအောက်နန်းတော်အတွင်းသို့ ချိုးဖျက်ဝင်ရောက်ဖို့ အစီအရင်ကို တိုက်ခိုက်နေခြင်းပင်။
ထိုအစီအရင်သည် အစွမ်းထက်လှသော်လည်း လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအိုခြောက်ယောက်၏ အဆက်မပြတ်တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်းချင်း ပျက်စီးသွားလိမ့်မည်။
ဝမ်လင်းသည် မြေအောက်နန်းတော်သို့ ဝင်ရောက်လာ၏။ ကျင့်ကြံသူတစ်ထောင်နီးပါးလောက်သာ လွတ်မြောက်လာကြသည်။ သူတို့က ပူပန်နေကာ ကျင့်ကြံဖို့ပင် အာရုံမစိုက်နိုင်ကြပေ။ သူတို့က အပေါ်သို့ မော့ကြည့်၍ တုန်ဟည်းသံများကို နားထောင်နေသည်။ သူတို့သည် စိတ်ပူပန်ကာ မျှော်လင့်ချက်မဲ့နေသည်။
သူတို့က အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် ဒီအစီအရင်ကို ချိုးဖျက်တာ အချိန်ယူရမည် ဖြစ်သော်လည်း ထိုအဆက်မပြတ် တုန်ဟည်းသံတို့က ဒီနေရာရှိ လူတိုင်းအပေါ် မမြင်ရသောဖိအားကို ဖြစ်ပေါ်စေသည်။
ထိုသို့သောဖိအားအောက်၌ စိတ်ဓာတ်သန်မာသော သူများပင် ရူးသွားနိုင်ချေ ရှိသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ကျန်သည့်ကျင့်ကြံသူအများစု၏မျက်လုံးများထံမှ မျှော်လင့်ချက်မဲ့မှုများ လှစ်ဟပေါ်နေသည်။ သူတို့က ဒီနန်းတော်၏ လှုပ်ခါနေမှုကို ခံစားမိ၏။ သူတို့ ခံစားရသော ကြောက်ရွှံ့မှုက ပိုဆိုးလာသည်။
“ပြီးသွားပြီ…။ သူတို့မှာ မွန်းစတားအိုခြောက်ယောက်တောင် ရှိနေတယ်။ ဒီအစီအရင်က ငါတို့ကို ကာကွယ်ပေးထားနိုင်မှာ မဟုတ်ဘူး။ သူတို့သာ ဒီအစီအရင်ကို ချိုးဖျက်နိုင်လိုက်တာနဲ့ ငါတို့ သေရတော့မယ်…”
“အစိမ်းရောင်မိစ္ဆာကုန်းမြေမှာ စစ်ကူအင်အားစုတွေ ရှိနေတယ်။ ငါတို့မှာ ဘာကြောင့် မရှိရတာလဲ။ ငါတို့က ဒီနေရာကို ဘာကြောင့် စောင့်ကြပ်ပေးနေရတာလဲ…”
“ထပ်ပြီး စောင့်ကြပ်နေဖို့ မလိုတော့ဘူး။ ဒါက အချည်းနှီးပဲ။ ဒီနေရာဟာ မကြာခင် ပျက်စီးတော့မှာ။ ငါတို့ ခုချက်ခြင်း ထွက်ပြေးသင့်တယ်…”
သူတို့၏ အော်သံဟစ်သံများက မြေအောက်နန်းတော်တွင် မုန်တိုင်းထန်နေတော့သည်။ ဝမ်လင်းသည် သူ့လှိုဏ်ဂူထဲ၌ ထိုင်နေ၏။ သူ့လှိုဏ်ဂူတွင် တံခါး မရှိတော့ပေ။ ထို့ကြောင့် သူသည် အပြင်ဘက်ရှိ အရာအားလုံးကို တချက်ကြည့်ရုံဖြင့် အလွယ်တကူ မြင်နိုင်သည်။
ထိုကျင့်ကြံသူများ၏ မျှော်လင့်ချက်မဲ့မှုများနှင့် အထက်မှ အဆက်မပြတ် တုန်ဟည်းသံများကို ကြားရသည့်အခါ ဝမ်လင်း၏အမူအရာသည် တဖြည်းဖြည်း သုန်မှုန်လာတော့သည်။
ဝမ်လင်းသည် ဒီနေရာ ဖျက်စီးခံရခြင်းအပေါ် ဂရုမစိုက်ပေ။ သူသည် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများ ဝင်ရောက်သတ်ဖြတ်လာသည့်အခါ ကျန်းတောက်ကျုံးတို့ကို မည်သို့ ရင်ဆိုင်ရမည်နည်းဟုသာ တွေးနေသည်။
သူတို့က လောကကို ချိပ်ပိတ်နိုင်မှတော့ နောက်ထပ် ဒုတိယအကြိမ်၊ တတိယအကြိမ်လည်း ထပ်ပြီး ချိတ်ပိတ်နိုင်မှာ ဖြစ်၏။ ထိုချိပ်ပိတ်မှုက သူ့အပေါ် ပစ်မှတ်ထားနေသည် မဟုတ်လား။ ဤသည်က သူ့စိတ်နှလုံးကို ကိုက်ခဲမိစေသည်။
မည်သို့ပင် ဖြစ်စေ ဝမ်လင်းသည် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများက သူ့ကို သတိပြုမိခဲ့ပြီဟု ဆုံးဖြတ်လိုက်နိုင်သည်။ သူတို့က ဆေးလုံးပင်လယ်၌ ဖြစ်ပျက်ခဲ့တာကိုလည်း သိသွားကြပုံ ပေါ်သည်။ ထို့ကြောင့်လည်း ဒီနေရာတွင် သူ့အတွက် လေဟာနယ်အတိဒုက္ခအလယ်အဆင့် လေးယောက် ရောက်လာခဲ့တာ ဖြစ်မည်ပင်။
“တတိယမြောက်သွေးကြောနေရာကို ချိုးဖျက်ဖို့က သူတို့ရဲ့ ပန်းတိုင်တွေထဲက တစ်ခုပဲ။ တခြားတစ်ခုကတော့ ငါ့ကို သတ်ဖို့ ဖြစ်လောက်တယ်။ ဒါ့ကြောင့် သူတို့က ငါ လွတ်လမ်းမရှိအောင် အစီအစဉ်ချထားပြီး ဖြစ်ရမယ်…”
“ငါသာ ငါ့ကိုယ်ငါ ကယ်တင်ပြီး ပြန်တိုက်ခိုက်ချင်ရင် ဘာပဲလုပ်ရလုပ်ရ ငါ့ကိုယ်ငါ ပိုသန်မာအောင် လုပ်ရမယ်…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက သူ့ကိုယ်သူ ပိုသန်မာအောင် လုပ်နိုင်မည့် နည်းလမ်းကို မြန်ဆန်စွာ အာရုံစိုက်၍ စဉ်းစားကြည့်နေသည်။
သူ အခုလိုမျိုး နောက်ဆုံး ခံစားမိခဲ့ရသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သည်လို သေရေးရှင်ရေးများအောက်၌ ဝမ်လင်းသည် အခုလောက်ထိအဆင့်ထိ ရောက်လာခဲ့သူသာ။
ဝမ်လင်း စဉ်းစားကြည့်စဉ် ကျင့်ကြံသူရာချီလောက်ကလွဲ၍ ကျန်သည့် ကျင့်ကြံသူများ၏ အော်ဟစ်သံများက ပိုဆိုးလာသည်။ တုန်ဟည်းသံတို့ကလည်း အထက်မှ အဆက်မပြတ် ထွက်ပေါ်နေသည်။
“ရောင်းရင်းလေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတို့…ငါတို့ ဘာလုပ်သင့်လဲ…”
“အစိမ်းရောင်မိစ္ဆာကုန်းမြေက ကျင့်ကြံသူတွေကို လာသတ်နေပြီ။ ငါတို့ ဘယ်လိုများ ခုခံကြမလဲ…”
“ငါတို့မှာ အကူအင်အားစုတွေရော ရှိလား။ ငါတို့မှာ ရှိခဲ့ရင် သူတို့ ဘယ်အချိန် ရောက်လာကြမှာလဲ။ ဘယ်သူမှ ရောက်မလာခဲ့ရင် ငါတို့က သေဖို့ ဒီအတိုင်း ထိုင်စောင့်နေရမှာလား…”
“စီနီယာ…ကျေးဇူးပြုပြီး ကျုပ်တို့ကို ရှင်းပြချက်ပေးပါ…”
“ကျုပ်တို့ကို အဖြေတစ်ခု ပေးပါ…”
“ဘာအဖြေမှ မရခဲ့ရင် ကျုပ်တို့ သေဖို့ ထိုင်စောင့်မနေနိုင်ဘူး။ မဖြစ်တဲ့အဆုံးကျရင် ဒီအဘိုးအိုက အစိမ်းရောင်မိစ္ဆာကုန်းမြေဆီ အညံ့ခံလိုက်မယ်…”
ထိုသို့ ပြောလာသူမှာ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သူက ဒေါသထွက်၊ ကြောက်ရွှံ့၊ မျှော်လင့်ချက်မဲ့နေ၏။ သို့ပေမည့် သူ ထိုသို့ ပြောလာသည့်အခါ သူ့မျက်လုံးသည် ပြူးကျယ်သွားကာ သူ၏ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွားသည်။
မမြင်ရသော လက်နှစ်ဖက်က သူ့လည်ပင်းကို ဖမ်းဆုပ်ကာ ကိုင်မြှောက်ထည့်လိုက်သည့်အလား။ သူ မည်မျှ ရုန်းကန်ပါစေ မလွတ်မြောက်နိုင် ဖြစ်ရသည်။
ကျယ်လောင်စွာ ပေါက်ကွဲကာ ထိုကျင့်ကြံသူသည် သွေးမြူအဖြစ် ဒီနေရာရှိ ကျင့်ကြံသူတစ်ထောင်ပေါ်သို့ ပြန့်ကြဲဖိတ်ဆင်သည်။ သွေးများက သူတို့၏ မျက်နှာပေါ်သို့ ကျရောက်သွားသည့်အခါ လူတိုင်းသည် ငြိမ်သက်သွားကြသည်။
“မင်းတို့အားလုံး ဘာကြောင့် အလွန်အမင်း ထိတ်ပြာ ကြောက်လန့်နေရတာလဲ…”
နန်းတော်ထံမှ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ လက်တဖက် ဆုံးရှုံးထားသော လုဝမ်ရန်သည် နန်းတော်ထံမှ ထွက်ပေါ်လာ၏။ သူ၏အကြည့်က သုန်မှုန်နေသည်။
သူ၏နောက်တွင် ယန်လု၏မျက်နှာကလည်း သေလောက်အောင် ဖြူရောနေသည်။ သူမ၏ဝတ်ရုံပေါ်တွင် သွေးများ စွန်းထင်းနေသည်။ သူမသည် ငြိမ်သက်စွာ နောက်မှ လိုက်ပါလာသည်။ သူမဘေးတွင် အလွန်အမင်း အားနည်းပုံ ပေါ်နေသော ရှုတန်သဲ လိုက်ပါလာသည်။
သူတို့သုံးယောက်နောက်တါင် အနီးအနား ကလန်များမှ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက် လိုက်ပါလာသည်။ သူတို့အားလုံးက အားနည်းနေကြသည်။
လုဝမ်ရန်၏ ဦးဆောင်မှုဖြင့် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူအားလုံးသည် ပျံသန်းထွက်လာသည်။ အဘိုးအိုကျိုးလည်း လူတိုင်းနောက်၌ ကပ်ပါလာ၏။
လုဝမ်ရန်၏ အကြည့်က သူ့ရှေ့ရှိ မြေပြင်ထုထံ ဝေ့ခတ် ကြည့်ရှုသည်။ သည်အခိုက်တွင် သူသည် စိတ်လှုပ်ရှားမှု အရိပ်အမြွက် ရှိနေပြီး ပတ်ဝန်းကျင်လှိုဏ်ဂူများထံ အာရုံစိုက်မထားပေ။ သူက သည်အတိုင်း ဝေ့ခတ် ကြည့်ရှုလိုက်ရုံသာ။
“အခုထိ သေရေးရှင်ရေး မဟုတ်သေးဘူး။ နောက်ထပ် ဗရမ်းဗတာ ယောက်ယှက်ခတ်အောင် ထပ်လုပ်ဝံ့တဲ့သူ ရှိရင် ငါ့ရက်စက်မှုအတွက် အပြစ်လာမတင်နဲ့။ ရောင်းရင်းကျင့်ကြံသူကျိုး…အခြေအနေကို လာရှင်းပြပေးလိုက်ပါ…”
လုဝမ်ရန်က ထိုသို့ ပြောလိုက်ပြီးနောက် အဘိုးအိုကျိုဆိုသူထံ လှမ်းကြည့်သည်။
ထိုအဘိုးအို၏ စိတ်နှလုံးသည် တုန်ယင်သွား၏။ သူက ခပ်မြန်မြန် ခေါင်းညိတ်သည်။ သူက သူ့အောက်မှ လူများကို စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်သည်။ သက်ပြင်းချကာ သူသည် လက်နှစ်ဖက်ဆုပ်၍ စတင် ပြောဆိုသည်။
“ရောင်းရင်းကျင့်ကြံသူတို့…ဒီအဘိုးအိုဟာ ဒီမြေအောက်နန်းတော်မှာ တာဝန်ရှိတဲ့သူတစ်ယောက်ပဲ။ သင်တို့အားလုံးလည်း ငါ့ကို မြင်ဖူးတွေ့ဖူး ကြလိမ့်မယ်…”
“မြန်မြန် ပြောလိုက်…” လုဝမ်ရန်က မျက်မှောင်ကြုတ်ကာ ဆိုသည်။
အဘိုးအိုကျိုးက တုန်ယင်သွားကာ သူက ခပ်မြန်မြန် ပြောလာသည်။
“ဒါက အခြေအနေတစ်ခုပဲ။ လေဟာနယ်အတိဒုက္ခမွန်းစတားအို ခြောက်ယောက် အပြင်ဘက်မှာ ရှိနေတယ်ဆိုပေမဲ့ ဒီတတိယမြောက်သွေးကြောနေရာမှာ နောက်ဆုံးဝှက်ဖဲတစ်ခု ကျန်သေးတယ်။ ဒါကို အသုံးပြုလိုက်တာနဲ့ ငါတို့ဟာ တိုက်ခိုက်နိုင်စွမ်း ရှိလာပြီး ဒီနေရာမှာ ရှိတဲ့ လူတိုင်းဟာ ဘေးကင်းကင်း ထွက်သွားနိုင်မှာ ဖြစ်တယ်…”
“ဒါ့ကြောင့် ကျေးဇူးပြုပြီး ထိတ်လန့်ပြာယာခတ် မဖြစ်ကြပါနဲ့။ ဒီနောက်ဆုံးနည်းလမ်းက လူတိုင်းဟာ သူတို့ရဲ့ ကျင့်ကြံမှုအပြည့်အဝကို ထုတ်ဖော်ပြီး ကောင်းကင်ဘုံနွားထီးရဲ့ စိတ်တိညာဉ်ကို ဆင့်ခေါ်ဖို့ လိုတယ်။ ဒီစိတ်ဝိညာဉ်ဟာ စိတ်ဝိညာဉ်ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ စိတ်ဝိညာဉ်ချပ်ဝတ်နဲ့ဆို ကောင်းကင်ဘုံနွားထီးရဲ့ ဝိညာဉ်ဟာ သင်တို့ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်မှာ ဖြစ်ပြီး သင့်ရဲ့ ကျင့်ကြံမှုအဆင့်ကိုလည်း အချိန်တိုအတွင်း ကြောက်မက်ဖွယ်ကောင်းတဲ့အထိ မြင့်မားသွားစေလိမ့်မယ်…”
အဘိုးအိုကျိုးက မြန်မြန်ဆန်ဆန် ပြောပြလိုက်သည်။
ထိုသည်ကို ကြားသည့်အခါ ကျင့်ကြံသူတစ်ထောင်ကျော်၏ အသက်ရှုသံသည် ကြမ်းရှလာသည်။ သူတို့က ဒီအကြောင်းကို အရင်က လုံးဝ မကြားဖူးခဲ့ပေ။ သူတို့သည် ကောင်းကင်ဘုံနွားထီး၏ တည်ရှိမှုအပေါ် သံသယ ရှိထားကြသည်။ သို့သော် အခု ဒီကောင်းကင်ဘုံနွားထီးက တည်ရှိသည့်ပုံ ပေါ်၏။ ၎င်း၏စိတ်ဝိညာဉ်ချပ်ဝတ်ကို ဆင့်ခေါ်ခြင်းက လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို များစွာ တိုးတက်စေနိုင်သေးသည်။
“ဒီချပ်ဝတ်ကို ဝတ်ဆင်ဖို့ဟာ အန္တရာယ် ရှိနိုင်တဲ့အတွက်ကြောင့် ငါတို့ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတွေကြား ဆွေးနွေးပြီးတဲ့နောက် ငါတို့က ဒီနေရာမှာ ကျင့်ကြံမှုအဆင့် အမြင့်မားဆုံး ဖြစ်တဲ့ အကြီးအကဲလုက ဒါကို ဝတ်ဆင်ဖို့ သဘောတူခဲ့ကြတယ်…”
အဘိုးအိုကျိုး ထိုသို့ ပြောလိုက်သည့်အခါတွင် အကွာအဝေးတစ်ခုရှိ လှိုဏ်ဂူထဲ၌ ဝမ်လင်းက မျက်လုံးဖွင့်လာသည်။ သူ၏မျက်လုံးထံမှ ထူးခြားသောအလင်း လှစ်ဟပေါ်သည်။
သူက လုဝမ်ရန်သည် အမှန်တကယ်သာ အန္တရာယ် ရှိပါက ဒီချပ်ဝတ်ကို ဝတ်ဆင်လိမ့်မည်ဟု မယုံကြည်ပေ။
“ရောင်းရင်းကျင့်ကြံသူတို့…ဒီစိတ်ဝိညာဉ်ချပ်ဝတ်ဟာ အန္တရာယ် ရှိပေမယ့်လည်း အခုက ကောင်းကင်ဘုံနွားထီးကုန်းမြေအတွက် အန္တရာယ်အခိုက်အတန့်ပဲ။ ဒါ့ကြောင့် ငါ့အနေနဲ့ ဒီလို အန္တရာယ်ရှိတဲ့အရာကို တခြားသူတွေကို ဘယ်လိုလုပ် လုပ်ခွင့်ပြုပေးနိုင်မလဲ…”
“အန္တရာယ် ပိုမားလေလေ ငါ့အနေနဲ့ ဒါကို ပိုဝတ်ဆင်ဖို့ သင့်တော်တဲ့သူ တစ်ယောက် ဖြစ်လေပဲ။ တကယ်လို့…ငါသာ ဒီစိတ်ဝိညာဉ်ချပ်ဝတ်ကြောင့် သေဆုံးသွားခဲ့ရင်တောင်…ကျေးဇူးပြီး နှစ်တိုင်းရဲ့ ဒီနေ့မှာ ငါ့အတွက် အရက်တအိုး လာပို့ပေးကြပါ…”
လုဝမ်ရန်သည် အပြင်ပိုင်းတွင် ထိုသို့ ပြောနေသော်လည်း စိတ်ထဲကမူ အတော်လေး စိတ်လှုပ်ရှားနေသည်။ အပြင်ပိုင်းတွင်တော့ သူက အန္တရာယ်ကို စွန့်စားရမည် ဖြစ်ပြီး ဝမ်းနည်းသည့်ပုံ ပေါ်နေသည်။
သူ့စကားလုံးတို့က သတိမပြုမိနိုင်လောက်သော အထင်သေးမှု အရိပ်အမြွက်ကို ယန်လုထံ၌ ဖြစ်ပေါ်သွားစေသည်။