ငါ သဘောမတူဘူး
Vol. 139 Ch. 1924
သူတို့က ဒီကိစ္စကို ဆွေးနွေးသည့်အခါ၌ ယန်လုက ဤသည်မှာ မဟာကံကောင်းမှုတစ်ခု ဖြစ်သည်ကို သဘောပေါက်သည်။ ကောင်းကင်ဘုံနွားထီး၏စိတ်ဝိညာဉ်ကို ချပ်ဝတ်အဖြစ် ဆင့်ခေါ်ခြင်းက အချိန်တိုအတွင်း ကျင့်ကြံမှုအဆင့်ကို ကြီးကြီးမားမား တိုးမြှင့်သွားအောင် ကူညီပေးနိုင်ပေသည်။ လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့် တိုးတက်ခြင်းသည် အတိုင်းမသိ အကျိုးကျေးဇူးများကို ရစေသည်။
သို့ရာတွင် လူတိုင်းက ထိုသို့ မလုပ်နိုင်ကြပေ။ ကောင်းကင်ဘုံနွားထီးနှင့် ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်နိုင်မှသာ ထိုသို့ လုပ်နိုင်မည် ဖြစ်၏။ ချိတ်ဆက်မှု ကြီးမားလေလေ ကျင့်ကြံမှုအဆင့်က တုန်လှုပ်ဖွယ်ကောင်းအောင် တိုးတက်လေပင်။
ထိုတိုးတက်မှုက ယာယီသာ ဖြစ်သော်လည်း အနာဂတ်၌ သူတို့၏ ကျင့်ကြံမှုအဆင့်ကို တိုးတက်အောင် လုပ်ရာ၌ ပိုလွယ်ကူသွားစေမည် ဖြစ်၏။
သည်လိုအခွင့်အရေးမျိုးက ရှားပါးလွန်းသည်။ ကောင်းကင်ဘုံနွားထီးကုန်းမြေတစ်ခုလုံး ချိန်းခြောက်ခံရခြင်းနှင့် ကောင်းကင်ဘုံနွားထီး သွေးကြောခုနစ်ခု အစီအရင်အားလုံး အသက်ဝင်မှသာ ထိုသို့ ဖြစ်လာနိုင်မည်ပင်။
ပို၍ အရေးကြီးသည်က ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ကို ဆင့်ခေါ်သော အချိန်ပမာဏက ကြာမြင့်လွန်း၍ မရပေ။ အချိန်ကြာမြင့်လွန်းစွာ ဆင့်ခေါ်ပါက ကောင်းကင်ဘုံနွားထီး၏ စိတ်ဝိညာဉ်သည် လွင့်ပျောက်သွားနိုင်သည်။ ကောင်းကင်ဘုံနွားထီးကုန်းမြေ တခုလုံးအပေါ် သက်ရောက်မှု ရှိသွားလိမ့်မည်။
ဤသည်က သေမျိုးများနှင့် ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အခြေခံအပေါ် သက်ရောက်မှု ရှိသွားလိမ့်မည်။
ထိုသို့ဖြစ်သော်လည်း သူတို့၏ အသက်ဘဝကို ရင်း၍ ရူးသွပ်ကြသော လူအချို့က ၎င်းစိတ်ဝိညာဉ်ကို အတင်းအကြပ် အသက်ဝင်အောင် ကြိုးစားကြသည်ပင်။ သည်လိုလူများကို တော်ဝင်မိသားစုက ကျိန်းသေပေါက် အပြစ်ပေးမည် ဖြစ်သည်။
ဤသည်မှာ ကောင်းကင်ဘုံသားများ၏ ကုန်းမြေ၌ မနာခံ၍ မရသော အမိန့်တစ်ခုပင်။ ထိုအမိန့်တည်ရှိခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ မည်သူကမျှ ၎င်းအမိန့်ကို မပုန်ကန်ဝံ့ကြပေ။
ဒီအမိန့်ကို ပုန်ကန်လိုက်သည်နှင့် လူတစ်ယောက်သည် သေရမည်။ ကလန်တစ်ခုဆိုလည်း သေဆုံးရမည်။ ကုန်းမြေတစ်ခုဆိုလျှင်ပင် သေဆုံးရမည်သာ။
ထိုအမိန့်က ဖော်ပြထားသည်မှာ ကုန်းမြေတစ်ခုပေါ်ရှိ ကျင့်ကြံသူများအတွက် အကြပ်အတည်းကျလွန်း၊ ရုန်းကန်ရှင်သန်ရလွန်းသည့် အခြေအနေ ဖြစ်မလာပါက မည်သူကမျှ သားရဲစိတ်ဝိညာဉ်များပေါ်ရှိ ချိပ်ပိတ်မှုများကို ထိခိုက်စေခွင့် မရှိပေ။ အခုတော့ အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျူးကျော်လာမှုကြောင့် ထိုအမိန့်က လျော့ရဲလာခဲ့လေပြီ။
ယန်လုသည်လည်း ထိုအခွင့်အရေးကို လိုချင်မိ၏။ ရှုသဲချိုက်လည်း အလားတူပင်။ ကျန်သည့် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်မှာလည်း ထိုနည်းလည်းကောင်းသာ။ သို့သော် သူတို့က လုဝမ်ရန်ကို မယှဉ်နိုင်ကြပေ။ လုဝမ်ရန်သည် ဒဏ်ရာအပြင်းအထန် ရထားခဲ့လျှင်ပင် သည်စစ်ပွဲ၌ ဆောင်ရွက်မှုအပေါ် အခြေခံသည့်အခါ သူတို့သည် မည်သို့မျှ မဆိုနိုင် ဖြစ်ရလေ၏။
အထက်မှ တုန်ဟည်းသံများက ဆက်တိုက် ထွက်ပေါ်နေ၏။
“ရောင်းရင်းကျင့်ကြံသူတို့…ကျေးဇူးပြုပြီး ထိုင်ကြပါ။ သင်တို့ရဲ့ ကျင့်ကြံမှုအပြည့်အဝကို ထုတ်လွှတ်ကြပါ။ သင်တို့ရဲ့ အတွေးကို ကောင်းကင်ဘုံနွားထီးပေါ်မှာပဲ အာရုံစူးနစ်ထားပြီး ကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ စိတ်ဝိညာဉ်ကို ဆင့်ခေါ်နိုင်ဖို့ ငါ့ကို ကူညီပေးပါ…”
လုဝမ်ရန်၏ စိတ်နှလုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။ သူက ဒီအခွင့်အရေးကို စောင့်နေတာ အချိန်ကြာလွန်းခဲ့ပြီ ဖြစ်သည်။ သည်စိတ်ဝိညာဉ်ချပ်ဝတ်က အန္တရာယ်ရှိတာ သူ သိသော်လည်း ကြီးကြီးမားမားတော့ မဟုတ်ပေ။ ပို၍ အရေးကြီးသည်က သူသာ ဒီအခွင့်အရေးကို လွဲချောသွားပါက နောက်ထပ်အခွင့်အရေး ရဖို့ နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ဆိုင်းရလိမ့်မည် ဖြစ်သည်။
သည်တကြိမ်၌ ဒီစိတ်ဝိညာဉ်ချပ်ဝတ်ကို ရနိုင်မည့်လူ စုစုပေါင်း ခုနစ်ယောက် ရှိပေလိမ့်မည်။ ထိုခုနစ်ယောက်သည် အနာဂတ်၌ ကောင်းကင်ဘုံနွားထီးကုန်းမြေတွင် ကျော်ကြားမည့်သူများ ဖြစ်လာကြမည်။
သူ ထိုသို့ ပြောလိုက်သည့်နောက် အောက်ဘက်မှ ကျင့်ကြံသူများသည် အနည်းငယ် စဉ်းစားပြီး ထိုင်ချလိုက်သည်။ သူတို့ထံ၌ ရွေးချယ်စရာ မရှိပေ။ သည်နည်းလမ်းတစ်ခုသာ ရှိပေ၏။
လုဝမ်ရန်နောက်မှ ယန်လုနှင့် တခြားသူများက စိတ်မပါကြပေ။ သို့သော် ခုက နောက်ကျလွန်းသွားခဲ့ပြီ။ သူတို့သည် တိတ်တဆိတ် သက်ပြင်းချကာ ထိုင်ချလိုက်ရုံသာ တတ်နိုင်တော့သည်။ ခုချိန်၌ လုဝမ်ရန်တစ်ယောက်သာ မတ်တပ်ရပ်နေ၏။ သူက သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ချေ။
သူက အဘိုးအိုကျိုးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
အဘိုးအိုကျိုးသည် မငြင်းဆန်ဝံ့ပေ။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို မြန်ဆန်စွာ ဖြစ်ပေါ်စေလိုက်သည်။ သူက သူတစ်ယောက်သာ ကြားရနိုင်သည့် မန္တာန်ကို ခပ်ဖွဖွ ရွတ်ဆိုလိုက်၏။ သူ၏ကျင့်ကြံမှုအဆင့်က ကင်းမဲ့ပေသည်။ သူသည် ဒီနေရာ၌ တာဝန်ရှိသူ ဖြစ်ရသည့်၊ တိုက်ပွဲ၌ များများစားစား မပါဝင်ရသည့် အကြောင်းရင်းမှာ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်ဘုံနွားထီး၏ စိတ်ဝိညာဉ်နှင့် ဆက်သွယ်ဖို့ ပို၍ လွယ်ကူသောကြောင့်ပင်။
သူက အစိမ်းရောင်မိစ္ဆာတမန်တော်များနှင့် အတူတူပင်။ သူ၏အဆင့်အတန်းမှာ ကောင်းကင်ဘုံနွားထီး အစေခံ ဖြစ်၏။
ဝမ်လင်းက လှိုဏ်ဂူအတွင်း၌ ထိုင်နေ၏။ သူ၏မျက်လုံးက တလက်လက် ဖြစ်လာသည်။ သို့သော် သူက အဆင်အခြင်မဲ့စွာ မလှုပ်ရှားသေးဘဲ ဆက်၍ စောင့်နေသည်။
လှိုဏ်ဂူအပြင်ဘက်၌ အဘိုးအိုကျိုးက သူ့လျှာထိပ်ကို ကိုက်လိုက်ကာ သွေးအန်လိုက်သည်။ သူ့ညာလက်ဖြင့် ထိုသွေးကို ဖမ်းဆုပ်ကာ သွေးချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။
“ကောင်းကင်ဘုံနွားထီးရဲ့ မြင့်မြတ်တဲ့ စိတ်ဝိညာဉ်၊ ငါဟာ ငါ့သွေးကို အသုံးပြုပြီး မြင့်မြတ်တဲ့ စိတ်ဝိညာဉ်ကို လမ်းပြပါတယ်…” အဘိုးအိုကျိုး၏ အမူအရာက လေးနက်နေ၏။ သူက သူ့လက်ထဲရှိ သွေးချိပ်ဟန်ကို ပစ်လွှတ်လိုက်သည်။ ထိုချိပ်ဟန်က တောက်ပသောအနီရောင်အလင်းကို ထုတ်လွှတ်ကာ ဒီမြေအောက်နန်းတော်တစ်ခုလုံးကို ထွေးခြုံသွားသည်။
“ရောင်းရင်းကျင့်ကြံသူတို့…သင်တို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဒီသွေးအလင်းထဲ စေလွှတ်ပေးပါ…” အဘိုးအိုကျိုးက ရုတ်တရက် အော်ပြော၏။
သူ ထိုသို့ ပြောလိုက်သည့်နောက် ကျင့်ကြံသူတစ်ထောင်ကျော်က သူတို့၏ ကျင့်ကြံမှုအပြည့်အဝကို ထုတ်လွှတ်လိုက်ကြသည်။ မြေပြင်အနှံ့ လှိုင်းဂယက်များ ထကုန်၏။ ကျင့်ကြံသူအားလုံး သူတို့၏ ကျင့်ကြံခြင်းကို စေလွှတ်လိုက်သည့်အခါ သူတို့က နာကျင်ဟန်အမူအရာ ဖြစ်ပေါ်ကုန်သည်။ သူတို့၏ ပျံ့နှံ့လာသော ကျင့်ကြံခြင်းကို သွေးအလင်းက စုပ်ယူသည်။
အဆုံးအစမဲ့သော သွေးအလင်းက ကျင့်ကြံခြင်းအားလုံးကို စုပ်ယူပြီး သွေးချိပ်ဟန်အတွင်းသို့ ပျံသန်းဝင်ရောက်သည်။ ကျယ်လောင်စွာပေါက်ကွဲသံ ထွက်ပေါ်၏။ ထို့နောက်တွင် မီးခိုးရောင်မြူအစုအဝေး ပေါ်လာသည်။
သွေးချိပ်ဟန်က ထိုမြူ၏ ဗဟိုချက်၌ ရှိ၏။ ၎င်းက ဖြည်းဖြည်းချင်း လည်ပတ်လာရင်း ဝဲကတော့တစ်ခု ဖြစ်လာသည်။ ထိုဝဲကတော့က တဖြည်းဖြည်း အရှိန်မြင့်စွာ လည်ပတ်လာသည်။
၎င်းလည်ပတ်နေစဉ် ကျယ်လောင်စွာတုန်ဟည်းသံများ စတင်ပဲ့တင်ထပ်သည်။ ဝဲကတော့အတွင်းပိုင်းက ဆန်းကြယ်သောဟင်းလင်းပြင်တစ်ခုထံ ဦးတည်သည်ဟု ထင်ရသည်။ ယင်းဟင်းလင်းပြင်နေရာထံမှ ရူးသွပ်ဖွယ်ဟိန်းအော်သံတစ်သံ ထွက်ပေါ်လာသည်။
“ဝေါင်း…”
ထိုအသံ ပေါ်လာသည်နှင့် မြေအောက်နန်းတော်က တုန်ယင်သွား၏။ အောက်ဘက်မှ ကျင့်ကြံသူများက ဒီအသံကို ကြားသည့်အခါ သူတို့၏မျက်နှာများက ဖြူရောကုန်သည်။ သူတို့က သွေးအန်လိုက်ရကာ အားနည်းသွားကြသည်။
ထိုဟိန်းသံကို ကြားသည့်အခါ ယန်လုနှင့် တခြားသူများ၏ အမူအရာပင် ပြောင်းလဲသွားကြသည်။
၎င်းမှာ ကောင်းကင်ဘုံနွားထီး၏ ဟိန်းသံပင်။
လုဝမ်ရန်က သူ၏စိတ်လှုပ်ရှားမှုကို ဆက်၍ မဖုံးကွယ်ထားနိုင်တော့ပေ။ သူက ဝဲကတော့အတွင်းရှိ ထူးခြားဆန်းပြားသော ဟင်းလင်းပြင်ထံ စိုက်ကြည့်ပြီး ကောင်းကင်ဘုံနွားထီး၏ ဟိန်းအော်သံကို နားထောင်ကာ စတင်ရယ်မော၏။
သူ၏အတွင်းက ကျိတ်၍ စိတ်လှုပ်ရှားမှုမှာ အကန့်အသတ် ရောက်လာခဲ့ပေပြီ။ သူ၏မျက်လုံးထံမှ လိုချင်တပ်မတ်မှုနှင့် လောဘတို့ လှစ်ဟပေါ်လာ၏။ သူက တိုတောင်းသောအချိန်အတွင်း သူ၏ကျင့်ကြံမှု များစွာ တိုးတက်လာခြင်းက အနာဂတ်၌ သူ့အပေါ် များစွာ ကောင်းကျိုးရှိသည်ကို သဘောပေါက်သည်။
ဝမ်လင်းက လှိုဏ်ဂူအတွင်း၌ ရှိနေပြီး ကောင်းကင်ထက်ရှိ ဝဲကတော့ထံ စိုက်ကြည့်နေသည်။ သူက ကောင်းကင်ဘုံနွားထီး၏ ဟိန်းအော်သံကို နားထောင်သည်။ သူက ထိုဟိန်းအော်သံနှင့် မစိမ်းပေ။
ကောင်းကင်ဘုံနွားထီး၏စိတ်ဝိညာဉ်ကို ဆင့်ခေါ်သည့် ပထမအဆင့်သည် ကျင့်ကြံသူတစ်တောင်ကျော်က ချိပ်ပိတ်ထားသော ကောင်းကင်ဘုံနွားထီးကို ဝဲကတော့အသွင် ဖွင့်ဟရမည်။ သွေးအမှတ်အသားကတော့ ဒုတိယခြေလှမ်းပင်။
“ရောင်းရင်းကျင့်ကြံသူတို့…သွေးစက်လေးရာ့ငါးဆယ်ချိန်ရှိတဲ့ သွေးစက်ကိုးစက်ကို ထုတ်ဖော်ပါ။ နည်းလည်းမနည်းစေ၊ များလည်း မများစေဘဲ သင်တို့ရဲ့ ညာလက်ညှိုးထံ စုဝေးစေပါ…” အဘိုးအိုကျိုးက သူ့ညာလက်ကို ဝေ့ယမ်းသည်။ သူ့ညာလက်ညှိုးထိပ်တွင် ဒဏ်ရာတစ်ခု ပေါ်လာ၏။ သွေးပမာဏအတိအကျ ပျံသန်းထွက်လာသည်။
တချိန်တည်းမှာ အောက်ဘက်မှ ကျင့်ကြံသူတစ်ထောင်ကျော်သည် သူတို့၏လက်များကို ပင့်မြှောက်၏။ ခုချိန်မှတော့ သူတို့အဖို့ နောက်ပြန်ဆုတ်ရန် လမ်းမရှိတော့ပေ။ သူတို့က အဘိုးအိုကျိုးအတိုင်း လိုက်ပါလုပ်ဆောင်ကြသည်။
သွေးပမာဏများစွာက အတူတကွ သိပ်သည်းကာ ဝဲကတော့တွင်းသို့ ချိန်းကြိုးအသွင် ဖြစ်ပေါ်လေသည်။ ဝဲကတော့အတွင်းနက်ပိုင်းထိ ရောက်သွားသည့်နောက် ၎င်းက ကြမ်းတမ်းစွာ ဆွဲထုတ်ယူခြင်း ခံရသည်။
ကောင်းကင်ဘုံနွားထီး၏ ဟိန်းအော်သံက တဖန်ပဲ့တင်ထပ်သည်။ သွေးချိန်းကြိုးက ကောင်းကင်ဘုံနွားထီး၏ စိတ်ဝိညာဉ်ကို ထုတ်ယူဖို့ ကြိုးစားလေသည်။
ထိုဟိန်းအော်သံက ပို၍ပင် ကျယ်လောင်လာ၏။ လုဝမ်ရန်က ပို၍ စိတ်လှုပ်တရှား ဖြစ်လာသည်။ သူက နှုတ်ခမ်းသပ်လိုက်၏။ သူ၏မျက်လုံးထဲတွင် တပ်မတ်စိတ်ကြီးစွာ ဖြစ်ပေါ်နေသည်။
“ဒါက ငါ့အပိုင်ပဲ။ ဒါက ငါ လုဝမ်ရန်ရဲ့ ဟာပဲ။ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်နဲ့ဆို ငါ့လမ်းတလျှောက်မှာ ငါဟာ သတ်ဖြတ်ပြစ်နိုင်ပြီ။ ဒီစိတ်ဆန္ဒစွမ်းအားက အချိန်တိုတောင်းပေမယ့်လည်း ဒီချပ်ဝတ်ကိုတော့ ငါ အလွယ်တကူ ပြန်ပေးမှာ မဟုတ်ဘူး…”
လုဝမ်ရန်သည် ဝဲကတော့ထံ စိတ်လှုပ်တရှား စိုက်ကြည့်နေ၏။ သူက သည်နေ့ကို စောင့်နေခဲ့တာ အချိန်ကြာမြင့်လွန်းခဲ့လေပြီ။
သူ ဝမ်လင်းကို ပစ်မှတ်ထားရသည့် အကြောင်းရင်းမှာလည်း အရှင်ကုန်းနျန်က ဝမ်လင်းအပေါ် အကောင်းမြင်ထားသဖြင့် သူ့အတွက် ချိန်းခြောက်မှု ရှိသူအဖြစ် ခံစားမိသောကြောင့်ပင်။
အနီရောင်ချိန်းကြိုးက ဆက်လက်ဆွဲယူနေသည့်အခါ ကောင်းကင်ဘုံနွားထီး၏ အော်ဟိန်းသံက ပို၍ ထင်ရှားလာသည်။ နွားထီးအရိပ်တစ်ခု ဆွဲထုတ်ယူခြင်း ခံရလေ၏။
သို့ပေမည့် ၎င်းသည် မရှည်ကြာပေ။ ချိန်းကြိုးက ၎င်းကို ဆွဲငင်ယူထားနိုင်စွမ်း မရှိတော့သည့် အရိပ်အယောင် ပြသလာ၏။ ထိုသည်ကို တွေ့သည့်အခါ လုဝမ်ရန်၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။
“ရောင်းရင်းကျင့်ကြံသူကျိုး…” လုဝမ်ရန်က အဘိုးအိုကျိုးထံ ရုတ်တရက်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ယန်လုနှင့် တခြားသူများထံ တချက်လှမ်းကြည့်သည်။
အဘိုးအိုကျိုး၏ စိတ်ထဲ၌ ခါးသီးခါးသက် ပြုံးမိ၏။ သူက အံတင်းတင်းကြိတ်ကာ သူ့လက်နှစ်ဖက်ကို ဆုပ်၍ ယန်လုနှင့် တခြားသူများထံ ပြောလာ၏။
“ကောင်းကင်ဘုံနွားထီးက မထွက်ပေါ်လာသေးပါဘူး။ စီနီယာရောင်းရင်းတို့ သင်တို့ရဲ့ မူလစိတ်ဝိညာဉ်ကို ထုတ်လွှတ်ပြီး စိတ်ဝိညာဉ်ကို ဆွဲထုတ်ယူဖို့ ငါ့ကို ကူညီပေးနိုင်မလား…”
အဘိုးအိုကျိုးက ထိုသို့ ပြောလိုက်ပြီးနောက် သူ့လက်ဖြင့် သူ့နှဖူးထံ ထိရိုက်၏။ သူ၏မူလစိတ်ဝိညာဉ် ပျံသန်းထွက်လာသည်။ သူက ဝဲကတော့ထံ ပျံသန်းကာ ချိန်းကြိုးကို ဆုပ်ကိုင်လိုက်၏။
သည်တကြိမ်၌ လုဝမ်ရန်၏ ချိန်းခြောက်ဟန်ပါသော အကြည့်အောက်၌ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်မှ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်က ထိုင်ချကာ မျက်လုံးမှိတ်လိုက်ကြသည်။ သူတို့က အကူအညီမဲ့စွာ ခံစားမိရပြီး သူတို့၏ မူလစိတ်ဝိညာဉ်များသည် အဘိုးအိုကျိုးကို ကူညီပေးဖို့ ပျံသန်းလာကြသည်။
“အကြီးအကဲယန်လုနဲ့ အကြီးအကဲ ရှုတန်သဲ…” လုဝမ်ရန်က သူတို့နှစ်ယောက်ထံ အေးစက်စက် လှမ်းကြည့်သည်။
ယန်လုက သက်ပြင်းချ၏။ သူမက ဆက်လက် မတွေဝေနိုင်တော့ပေ။ သူတို့နှစ်ယောက်က ထိုင်ချသည်။ သူတို့၏မူလစိတ်ဝိညာဉ်များ ပျံသန်းထွက်ကာ အနီရောင်ချိန်းကြိုးကို ဆုပ်ကိုင်၏။ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူငါးယောက်နှင့် အဘိုးအိုကျိုး၏လမ်းညွှန်မှုဖြင့် လူတိုင်းက ဆွဲငင်ကြလေသည်။
ဝဲကတော့အတွင်းရှိ ကောင်းကင်ဘုံနွားထီးက ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းသံကို ထုတ်ဖော်လာ၏။ ထိုအသံက နန်းတော်တခွင် ပျံ့လွင့်ကာ မြေပြင်အနှံ့၊ သည့်နောက် မြေမျက်နှာပြင်ထိ ပျံ့လွင့်သည်။
ထိုဟိန်းသံ ထွက်ပေါ်လာသည့်အခါ ဧရာမကောင်းကင်ဘုံနွားထီးအရိပ်က ဝဲကတော့ထံမှ ဆွဲထုတ်ခံရသည်။ ကြောက်မက်ဖွယ်ဖိအားတစ်ခု ဒီဧရိယာတွင် ခြုံလွှမ်းလာသည်။
ကောင်းကင်ဘုံနွားထီးအရိပ် ပေါ်လာသည့်အခါ ၎င်းက တောက်ပကာ အောက်ဘက်မှ ကျင့်ကြံသူအားလုံး၏ အကြည့်ကို စွဲဆောင်သည်။ ကောင်းကင်ဘုံနွားထီးအရိပ်က လူတိုင်းရှေ့တွင် မြန်ဆန်စွာ ကြုံ့၍ ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းကာ လေထဲ၌ လွင့်မြောသည်။
ထိုချပ်ဝတ်က လုံးဝနက်မှောင်ပြီး အားကောင်းလှသော စိတ်ဝိညာဉ်အော်ရာတစ်ခုကို ပေးစွမ်းနေသည်။
ထိုချပ်ဝတ်ပေါ်လာသည့်အခိုက်၌ ယန်လုနှင့် တခြားသူများ၏ မူလစိတ်ဝိညာဉ်များသည် သူတို့၏ခန္ဓာကိုယ်များထံ ပြန်ဝင်ရောက်လာသည်။ သူတို့က ရှုပ်ထွေးသောအကြည့်ကို လှစ်ဟဖော်သည်။ လုဝမ်ရန်က ရယ်မောကာ ချပ်ဝတ်ထံ ဦးတည်လာသည်။
“ကောင်းကင်ဘုံနွားထီးတတိယမြောက်သွေးကြောနေရာရဲ့ စိတ်ဝိညာဉ်ချပ်ဝတ်ဟာ ငါ လုဝမ်ရန်ရဲ့ အပိုင်ပဲ…”
သို့ပေမည့် လုဝမ်ရန် ထိုသို့ လှမ်းလျှောက်လာစဉ် မနီးမဝေးရှိ လှိုဏ်ဂူတစ်ခုထံမှ အလင်းတန်းတစ်ခု ထိုးထွက်လာသည်။
“ဒီချပ်ဝတ်က သင့်အပိုင် ဖြစ်တယ်ဆိုတာကို ငါ သဘောမတူဘူး…”