အလောင်းအစားပြုခြင်း
Vol. 112 Ch. 1667
အိုးရန်မျိုးနွယ်၏ လေ့ကျင့်ရေး ဧရိယာသည် သူတို့၏ မြင့်မြတ်နယ်မြေ ဖြစ်သည်။ သူတို့၏ ဘိုးဘေးများသည် တစ်ခါက ဤနေရာ၌ ကောင်းကင်တာအိုကို ဆန့်ကျင့်ဖူးပြီး နတ်ဘုရားများကို သုတ်သင်ကာ သူတို့မျိုးနွယ်၏ ဂုဏ်ဝင့်ထည်သော သမိုင်းကို သူတို့သွေးဖြင့် ထွင်းထုခဲ့၏။
ထို့ကြောင့် အိုးရန်မျိုးနွယ်ဝင်တိုင်း ဤနယ်မြေသို့ ခြေချသည်နှင့် အံ့ဩဘနန်း ဖြစ်ရသည်။
ဘိုးဘေးများ ချန်ထားရစ်ခဲ့သော သွေးစက်များက ယခုအထိ အသစ်အတိုင်း ရှိနေကာ သူတို့မိသားစုသည် အတိတ်အခါက မည်မျှ ဂုဏ်ယူစရာကောင်းပြီး ထူးခြားသော မိသားစုဖြစ်ကာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင့်နိုင် ခဲ့ကြောင်း သူတို့ကို သတိပေးနေ၏။
ယနေ့ အပြင်မျိုးရိုးနာမည်နှင့် အပြင်လူတစ်ယောက်က အမှိုက်ကောင် ဖြစ်နေသော်လည်း ဤနေရာသို့ ခြေချရဲသည့် သတ္တိရှိသည်တဲ့လား။
သူတို့၏ မြင့်မြတ်နယ်မြေထဲသို့ အပြင်လူ အမှိုက်ကောင်အား ခြေချခွင့် မပေးနိုင်ပါ။
“ထွက်သွားစမ်း”
ကောင်လေး တစ်ယောက်က ကျောက်ခဲကို ကောက်ယူ၍ ယဲ့ဖန်ထံ ပစ်ပေါက်လေသည်။ ယဲ့ဖန်က ခေါင်းကို အသာ စောင်းငဲ့၍ ကျောက်ခဲကို ရှောင်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်မ တောင်းပန်ပါတယ် ဝမ်းကွဲအစ်ကို၊ ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး၊ ကျွန်မတို့ သွားတာ ပိုကောင်းမယ်”
ဤသည်ကိုမြင်သော် အိုးရန်မိန်လင်က ချက်ချင်း အပြစ်ကင်းစင်သော မျက်နှာထားမျိုးနှင့် ပြောလာသည်။ သို့သော် သူမစိတ်ထဲ၌ အလွန် ကျေနပ်နေ၏။
သူမသည် တမင်သက်သက် မျိုးနွယ်ဝင်များ၏ ယဲ့ဖန်အပေါ် ရန်လိုစိတ်ကို ဆွပေးလိုက်ခြင်း ဖြစ်သည်။ နှစ်ဦးနှစ်ဖက် တိုက်ခိုက်အောင် လုပ်နိုင်လျင် အကောင်းဆုံးပင်။ မည်သူသေသေ အကျိုးဆက်က သူတို့အတွက် ကောင်းပေသည်။
အကယ်၍ ယဲ့ဖန်က အိုးရန်မျိုးနွယ်ဝင်ကို သတ်မိလျင် သူမအဘိုးက သူ့ကို ဆက်၍ ဘေးကင်းအောင် ထားနိုင်မည် မဟုတ်ပါ။
ဤမျိုးနွယ်ဝင်များကြောင့် ယဲ့ဖန် အသတ်ခံရလျင် ပိုတောင် ကောင်းသေးသည်။
လက်ရှိတွင် အိုးရန်ယွင်သည် ချွေးများဖြင့် စိုရွှဲနေ၏။ ဤနေရာမှ လှုပ်ရှားသံကို ကြားသဖြင့် သူမ နောက်လှည့်ကြည့်လိုက်သည်။ ထို့နောက် ယဲ့ဖန်ကို မြင်သောအခါ သူမမျက်လုံး၌ အထင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။
ထို့နောက် သူမသည် ဆက်၍သာ လေ့ကျင့်နေပြီး ယဲ့ဖန်ကို ပြန်ကြည့်ရန် ပျင်းရိသွားသည်။ မသိလျင် ယဲ့ဖန်ကို ကြည့်နေခြင်းက သူမ၏ မျက်လုံးကို ညစ်ထေးစေသည်ဟုတောင် တွေးနေပုံရသည်။
“ယို့ … ဒါ ယဲ့ဖန် မဟုတ်လား”
ယဲ့ဖန် ထွက်သွားတော့မည့်အချိန်၌ အိုးရန် ရှောက်ကျွင်းက ထီမထင်သော အပြုံးမျိုး ပြုံး၍ ညီအစ်ကို မောင်နှမ တစ်စုနှင့်အတူ ရောက်လာသည်။
သူတို့ ရောက်လာခြင်းကလည်း သေချာပေါက် တိုက်ဆိုင်ခြင်း မဟုတ်ပေ။
ထိုလူစုထဲ၌ အိုးရန်ယန်းလည်း ပါဝင်သည်။ သူသည် လမ်းလျှောက်ချိန်တွင် ခွေယိုင်နေပြီး မျက်နှာက ဖြူရော်နေကာ မသိလျင် အပြင်းအထန် နာမကျန်းဖြစ်နေရာမှ ပြန်ကောင်းလာသည်ဟုပင် ထင်ရသည်။
ယဲ့ဖန်ကိုကြည့်နေသော သူ့အကြည့်၌ မုန်းတီးခြင်းနှင့် ခက်ထန်ရန်လိုခြင်းတို့ ပြည့်နှက်နေ၏။
“အစ်ကိုကြီး ရှင် ဘာလုပ်ချင်တာလဲ”
အိုးရန်မိန်လင်က ယဲ့ဖန်ရှေ့၌ ရပ်၍ တားဆီးချင်ယောင် ဆောင်လိုက်သည်။
“ဒါ နင့်အလုပ်မဟုတ်ဘူး၊ ဖယ်စမ်း”
အိုးရန်ရှောက်ကျွင်းက သူမကို မာန်မဲလိုက်ပြီးနောက် ယဲ့ဖန်ကိုကြည့်ကာ လှောင်လေသည်။
“ယဲ့ဖန် မင်း လေ့ကျင့်ရေး ဧရိယာမှာ လေ့ကျင့်ချင်တာဆိုရင်တော့ မင်း နေရာမှားလာနေပြီ၊ မင်း ကလေးတွေရဲ့ နေရာကို သွားရမှာကွ သိလား၊ ဒီလူကြီးတွေရဲ့ နေရာက မင်းနဲ့ မသင့်တော်ဘူး”
“ခွိ … ဟားဟားဟား”
အိုးရန်မျိုးနွယ်၏ လူငယ်မျိုးဆက်တိုင်းက ရုတ်တရက် ဟားတိုက်ရယ်မောလာပြီး မျက်နှာတွင် ထီမထင်ဟန်များ ပေါ်နေသည်။
“ဒီကောင် ကလေးတွေရဲ့ နေရာကို သွားနိုင်မယ်လို့ ငါ မထင်ဘူး၊ တကယ်တွေ ကလေး လေ့ကျင့်ရေး နေရာက ကလေးတော်တော်များများက ဘုရင်အဆင့် ရောက်ပြီးနေပြီလေ၊ သူ ရိုက်သတ်ခံရမှာကိုတောင် စိုးရတယ်”
“ဟုတ်တယ်၊ သူ့ကို ကလေးတစ်သိုက်က ရိုက်နှက်လိုက်ရင် အဘိုးက ငါတို့ကို လာအပြစ်တင်နေဦးမယ်”
အိုးရန်ရှောက်ကျွင်းက မတတ်သာဟန်ဖြင့် ပခုံးတွန့်ပြသည်။
“ဒါဆိုရင်တော့ တစ်ခြားနည်း မရှိတော့ဘူးပဲ၊ မင်း လေ့ကျင့်ရေး ဧရိယာရှိဦးမလားလို့ အပြင်မှာ ထွက်ရှာပါလား”
လှောင်ပြောင်ခြင်း၊ အဆုံးစွန်ထိ လှောင်ပြောင်ခြင်း ဖြစ်လေသည်။
“ဝမ်းကွဲအစ်ကိုကလည်း အိုးရန်မျိုးနွယ်က လူပဲလေ၊ သူ ဒီနေရာမှာ လေ့ကျင့်ခွင့် ရှိတယ်၊ အစ်ကိုက ဘာလို့ သူ့ကို မောင်းထုတ်နေတာလဲ”
အိုးရန်မိန်လင်က အိုးရန်ရှောက်ကျွင်းကို ပြန်အော်သည်။
“ဘာလို့လဲဆိုတော့ အိုးရန်မျိုးနွယ်က အမှိုက်ကောင်ကို လက်မခံလို့ပဲ၊ ဘာလို့လဲဆိုရင် အိုးရန်မျိုးနွယ်ရဲ့ လေ့ကျင့်ရေး ဧရိယာက ပါရမီရှင်တွေအတွက်ပဲ”
အိုးရန်ရှောက်ကျွင်းက အေးစက်စွာ ငေါက်ငမ်းလိုက်ပြီးနောက် ယဲ့ဖန်က အထင်သေးစွာ ကြည့်နေသည်။
“မင်း ဘယ်လောက်ပဲ လေ့ကျင့်ပါစေ အမှိုက်ကောင်က အမှိုက်ကောင် ဖြစ်နေဦးမှာပဲ၊ ဘာလို့ အရင်းအမြစ်တွေကို ဖြုန်းတီးနေမှာလဲ”
“ဟုတ်တယ် အရင်းအမြစ်တွေက တကယ် အသုံးဝင်တဲ့လူတွေအတွက်ပဲ ဖြစ်သင့်တာ”
အိုးရန်ယန်းကလည်း ဝင်ပြောလာသည်။
“ရှင်တို့ …”
အိုးရန်မိန်လင်က ယဲ့ဖန်ကို ကြည့်ရမည်ကိုပင် အရှက်ရဟန် ဆောင်နေ၏။ အိုးရန်မျိုးနွယ်ဝင်များ အားလုံးက ယဲ့ဖန်ကို အထင်သေးသလို ကြည့်နေကြသည်။
မျိုးနွယ်တစ်ခုလုံးက သူ့ကို ဆန့်ကျင့်နေ၏။ လူတိုင်းက ယဲ့ဖန်ကို ရန်လုပ်မည့်အချိန်ကို စောင့်နေသည်။
ထိုစဉ် ယဲ့ဖန်က ပြုံးလိုက်သည်။
“မင်းက ပါရမီရှင်လို့ ပြောလိုက်တာလား၊ ဒါဆိုရင် ပြိုင်မလား”
*ဘာ*
ထိုစကားကိုကြားသော် အိုးရန်ရှောက်ကျွင်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားပြီး တအံ့တဩ ပြန်ပြောလိုက်သည်။
“မင်း ဘာပြောလိုက်တာလဲ၊ မင်းက ငါနဲ့ ပြိုင်ချင်တာလား”
“ဘာလဲ မင်း မပြိုင်ရဲလို့လား”
ယဲ့ဖန် အပြုံးနှင့် မေးလိုက်သည်။
“မလုပ်ရဲဘူး ဟုတ်လား”
အိုးရန်ရှောက်ကျွင်းသည် သူ့မာနကို ထိပါးခံလိုက်ရသလို ခံစားလိုက်ရပြီး ချက်ချင်း ပြန်ခနဲ့လိုက်သည်။
“မင်း အသက်မရှင်ချင်တော့မှာကိုတောင် စိုးရတယ်”
“ဘယ်သူက ပိုတော်လဲ ပြောစမ်း”
အိုးရန်ရှောက်ကျွင်းက ယုံကြည်မှုအပြည့်ဖြင့် ယဲ့ဖန်အား အထင်သေးသလို ကြည့်နေသည်။
“အရူး ငါတို့အစ်ကိုကြီးက အိုးရန်မျိုးနွယ်ထဲမှာ ထိပ်တန်း သုံးယောက် စာရင်းဝင်ကွ၊ မင်း ဘာလုပ်လုပ် မင်း ရှုံးမှာပဲ”
“ဒါ အမှိုက်ကောင်ရဲ့ နောက်ဆုံးမာနလား၊ ဒါကို သေခါနီး ရုန်းကန်ခြင်းလို့ ခေါ်တာလား၊ ဟုတ်တယ်မလား၊ တကယ့်ကို အဓိပ္ပာယ် မရှိတာကြီးကွာ”
“အမှိုက်ကောင်က ပါရမီရှင်ကို စိန်ခေါ်တယ်တဲ့၊ သူ ဘယ်ကနေ သတ္တိရလာတာလဲ”
အိုးရန်ယန်းနှင့် အခြားသူများက လှောင်ရယ်၍ မခန့်လေးစား ကြည့်နေကြသည်။ သူတို့၏ အမြင်တွင် ယဲ့ဖန်က ကိုယ့်အရှက် ကိုယ်ခွဲသည်ဟု ထင်နေကြလေသည်။
ဤသည်ကိုမြင်သော် အိုးရန်မိန်လင်သည်လည်း ကျိတ်လှောင်နေ၏။ ဤလူက အလွန် လှည့်စားရ လွယ်ကူလိမ့်မည်ဟု သူမ ထင်မထားမိပါ။ သူ့စိတ်ကို ဆွပေးရန် အလွန် လွယ်ကူလှသည်။
ထို့နောက် အိုးရန်မိန်လင်က အိုးရန်ရှောက်ကျွင်းကို တစ်ချက် ကြည့်လိုက်သည်။
အိုးရန်ရှောက်ကျွင်းက သူမ ပြောချင်သော အဓိပ္ပာယ်ကို နားလည်သွားပြီး အေးစက်၍ တည်ကြည်သော မျက်နှာထား ဖြစ်သွားသည်။
“မင်းနဲ့ငါ ပြိုင်မယ်၊ မင်း ဓားထုတ်လို့ရတယ်”
ယဲ့ဖန်က အိုးရန်ရှောက်ကျွင်းကို ပြောလိုက်သည်။
*ဟမ်*
အိုးရန်ရှောက်ကျွင်း မျက်လုံး ပြူးသွားသည်။
*ဓားထုတ်ရမယ် ဟုတ်လား၊ ဓားထုတ်ရအောင် ဘယ်လောက် အရေးပါလို့လဲ၊ မင်းလို အမှိုက်ကောင်ကို ငါက ဓားထုတ်စရာလား*
ထိုအချိန်တွင် ကျန်လူများအားလုံးသည်လည်း ရန်လိုလာကြသည်။
*ဓားထုတ်ရမယ် ဟုတ်လား၊ ငါတို့ကို ငတုံးများ မှတ်နေလား*
ထိုစကားကိုကြားပြီး အိုးရန်ယန်း၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်လာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်လာပြီး ယဲ့ဖန်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားလိုက်ရသည်။
“ယဲ့ဖန် မင်း ပုံမှန်မှ ဟုတ်သေးရဲ့လား”
အိုးရန်ရှောက်ကျွင်းက ဒေါသတကြီး အော်လိုက်သည်။ ယဲ့ဖန်က သူ့ကို လာကစားနေသည် မဟုတ်ပါလော။
ကျန်လူများကလည်း ယဲ့ဖန်ကို ဒေါသထွက်သော မျက်လုံးများဖြင့် ကြည့်နေသည်။
*ဓားထုတ်ရမယ် ဟုတ်လား*
*မင်း ဉာဏ်များတာကို ရပ်လိုက်လို့ မရဘူးလား*
“မင်းက ငါ့ထက် သာတယ်လို့ ပြောတာ မဟုတ်ဘူးလား၊ မင်း ပြိုင်တောင်မပြိုင်ရဲဘူးလား”
“မင်း…”
အိုးရန်ရှောက်ကျွင်း သွေးအန်လုနီးပါး ဖြစ်သွားသည်။
*ငါက မပြိုင်ရဲဘူးတဲ့လား*
*အဘိုးကသာ မင်းကို ကာကွယ်ပေးမနေရင် ငါ မင်းကို အခု ဓားနဲ့ ခုတ်သတ်လိုက်ပြီ*
သို့သော် အိုးရန်ရှောက်ကျွင်းက စိတ်ကိုထိန်း၍ ခပ်မာမာ ပြောလိုက်သည်။
“ဒါဆိုလည်း ထုံထျန်းမျှော်စင်ကို သွားကြတာပေါ့၊ အမြင့်ဆုံး အထပ်ကို ထပ်နိုင်တဲ့ လူက အနိုင်ပဲ၊ ငါ့အရင် စံချိန်ကတော့ ငါးထပ်ပဲ”
ထုံထျန်း မျှော်စင်သည် စုစုပေါင်း ခုနစ်ထပ် ရှိသည်။ ယခုအထိ ငါးထပ် တက်နိုင်သူများသည် ရေတွက်လို့ပင် ရနိုင်နေကာ ခြောက်ထပ်အထိ တတ်နိုင်သူအား ပါရမီရှင်ဟု သတ်မှတ်ကြသည်။ ထိုသို့ တတ်နိုင်သူက အိုးရန်မိသားစု၏ သမိုင်းတွင် လက်ဆယ်ချောင်းထက်ပင် မကျော်သေးပါ။
ခုနစ်ထပ်မြောက်အထိ တတ်နိုင်သူဟူ၍ ယခုအထိ အိုးရန်ချင်ရွှယ် တစ်ယောက်တည်းသာ ရှိသေးသည်။
“ယဲ့ဖန် မင်းက အိုးရန် ချင်ရွှယ်ရဲ့ သားပဲ၊ မင်း ခုနစ်ထပ်အထိ တတ်နိုင်မယ်လို့ ငါ ထင်တယ် ဟုတ်တယ်မလား”
အိုးရန်ယန်က အပြုံးနှင့် ပြောလာသည်။ သူ ထိုသို့ပြောလိုက်သောအခါ ဘေးလူများက လှောင်ရယ်ကြသည်။ ယဲ့ဖန် ခုနစ်ထပ်အထိ တတ်နိုင်လိမ့်မည်ဟု မည်သူမှ မယုံပါ။
*ဒီကောင့်ပုံနဲ့ဆို ပထမထပ်မှာတောင် အသက်ရှင်ပါ့မလား မသိဘူး*
ယဲ့ဖန် ရယ်၍ပြောလိုက်သည်။
“ကောင်းပြီလေ မင်း ပြောတဲ့အတိုင်း လုပ်တာပေါ့”
သူ့စကားကို ကြားသောအခါ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ယဲ့ဖန်အား တအံ့တဩ ကြည့်လေသည်။ သူ တကယ် သဘောတူလိမ့်မည်ဟု ထင်မထားသည့်ပုံပင်။
*တကယ့် အရူးပဲ၊ ထုံထျန်းမျှော်စင်ကို သူ ဘာများ မှတ်နေလဲ၊ ကြောင်တွေခွေးတွေ တက်နိုင်တဲ့ နေရာများ ထင်နေလား*
၎င်းသည် သူတို့ ဘိုးဘေးများ တာအိုနယ်မြေ ဖြစ်သည်။ လုံလုံလောက်လောက် မသန်မာဘဲ တက်ပါက သေပွဲဝင် ရပေလိမ့်မည်။
ထိုနေရာမှာ စိတ်ဝိညာဉ်ဖိအားက ယဲ့ဖန်ကို အမှုန့်ဖြစ်စေရန်ပင် လုံလောက်ပေသည်။
အိုးရန်မိန်လင်၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူမအဖေ ပြောသော စကားက မှန်ပေသည်။ မိုက်မဲသူများသည် သေဘေးကို မမြင်တတ်ချေ။
ယဲ့ဖန်၏ မာနက သူ့အား ပြန်သတ်နေလေပြီ။
သူမအဘိုး ဤနေရာ၌ ရှိနေလျင်တောင်မှ ဘာမှပြောနိုင်မည် မဟုတ်ပါ။
ထိုအခိုက်တွင် မျိုးနွယ်ဝင်များအားလုံးက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
*ဘုရင်အဆင့်က မျှော်စင်ထဲ မဝင်နိုင်ဘူးလေ၊ ဒီကောင်က မိုးမြေက ဘယ်လောက် မြင့်မားလဲ မသိပါလား၊ ကိုယ့်သေလမ်း ကိုယ် ရှာနေတာ*
ယဲ့ဖန်၏ ညီအစ်ကိုများကလည်း အချင်းချင်း ပြန်ကြည့်၍ လှောင်ရယ်နေကာ ယဲ့ဖန်၏ ပွဲကြီးပွဲကောင်း ခံရမည့် မြင်ကွင်းကို မြင်ရရန် စောင့်ဆိုင်းနေကြသည်။
“ဒါပေမဲ့ လောင်းကစား လုပ်တယ်ဆိုမှတော့ လောင်းကြေးလေးတော့ ရှိသင့်တယ် မဟုတ်လား”
ယဲ့ဖန်က အပြုံးနှင့် ပြောလိုက်သည်။
*ဘာ*
*လောင်းကြေး ဟုတ်လား*
အားလုံး တောင့်ခနဲ ဖြစ်သွားပြီးမှ ထရယ်ကြသည်။
“မင်းက သေရမှာကိုတောင် လောင်းကြေး ထပ်ချင်နေတာလား၊ မင်းက ဘာလို့ ဒီလောက် ရက်ရောရတာလဲ”
“မြတ်စွာဘုရား၊ ဘယ်လို အသက်ရှင်ရမလဲ တွေးနေသင့်တာကို၊ လောင်းကြေး ထပ်ချင်သေးတာလား၊ မင်းက အခေါင်းလိုချင်နေတာပဲ ဟားဟားဟား”
အိုးရန်ရှောက်ကျွင်းသည်လည်း ယဲ့ဖန်၏ စကားကြောင့် အူမြူးသွားကာ ပြန်မေးလိုက်သည်။
“မင်း ဘာလိုချင်လဲ”
“မင်း ဘာကို လောင်းချင်လဲဆိုတာပေါ် မူတည်တာပေါ့၊ လောင်းကြေးက နိမ့်ရင် ငါ မပြိုင်ဘူး”
ယဲ့ဖန်က လက်ပိုက်၍ အိုးရန်ရှောက်ကျွင်းကို ကြည့်နေသည်။ ပြဿနာအား ရင်ဆိုင်နေချိန်တွင် သူ၏ အမူအရာက တည်ငြိမ်လေးနက်လှသည်။
ဤအရူးများက သေချင်နေမှတော့ သူတို့ကို သွေးထွက်ခိုင်းလိုက်ရပေမည်။ သူတို့၏ စော်ကား လှောင်ပြောင်မှု အတွက် အပြစ်ရှိသလို ခံစားရသင့်သည် မဟုတ်ပါလော။
“ဒုန်း”
အိုးရန်ရှောက်ကျွင်းက သူ့ခါးမှ ဓားရှည်ကိုထုတ်၍ မြေကြီးထဲ ထိုးစိုက်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
“မင်း နိုင်ရင် ဒါ မင်းအပိုင်ပဲ”
“စစ်ဖာ ချင်းယွင်”
ဤဓားရှည်ကိုမြင်သော် အားလုံး၏ မျက်လုံးများတွင် တပ်မက်စိတ်များ တောက်လောင်လာ၏။
ဤဓားသည် အအေးဆုံး ရေခဲမှ ပြုလုပ်ထားခြင်းဖြစ်ပြီး ကြည်လင်တောက်ပပြီး မီး၊ ရေ၊ လေ နှင့် မိုးကြိုးတို့၏ စည်းတံဆိပ်များ ရေးထွင်းထားသည်။ ဓားကို ဝင့်၍ လွှဲယမ်းလိုက်သည်နှင့် မိုးကြိုးပစ်ခြင်း၊ မီးတောက် ပျံဝဲခြင်း၊ သဲမုန်တိုင်း လေထန်လာခြင်းနှင့် ဆူနာမီရေလှိုင်းများ ထလာခြင်း စသည့် သဘာဝဖြစ်စဉ်များကို မြင်ရသည်။
ဤသည်မှာ အိုးရန်မိသားစု၏ ဘိုးဘွားပိုင် ပစ္စည်း ဖြစ်သည်။
ယခင်က ၎င်းကို အိုးရန်ချင်ရွှယ်က ကိုင်သော်လည်း အိုးရန်မျိုးနွယ်မှ ထွက်သွားချိန်တွင် အိုးရန်ချင်ရွှယ်က ဘာကိုမှမယူဘဲ ထားခဲ့သဖြင့် ယနေ့အချိန်အခါ၌ အိုးရန်ရှောက်ကျွင်း၏ လက်ထဲ ရောက်သွားခြင်း ဖြစ်ပေ၏။
ဘေးပတ်လည်မှ လူများသည်လည်း မျက်နှာ အမူအရာ ပြောင်းလဲလာသည်။ ဤဘိုးဘွားပိုင် ပစ္စည်းကို သူတို့ လိုချင်သည်မှာ ကြာလှပြီ ဖြစ်သည်။ ၎င်းသည် အင်မော်တယ် ဧကရာဇ်အဆင့် အားလုံးအား အသာလေး ရှင်းနိုင်ပြီး သူတော်စင်အဆင့်ကို အခက်တွေ့စေသည့် ရတနာ တစ်ပါး ဖြစ်သည်။
အိုးရန်ရှောက်ကျွင်းက ဤရတနာကို မပေးချင်မှန်း လူတိုင်း သိသည်။ ဘယ်လိုလုပ် သူက အရူးလုပ်ခံမည်နည်း။ ယခု ဤဘိုးဘွားပိုင် ပစ္စည်းကို ထုတ်လောင်းရဲရသည့် အကြောင်းရင်းမှာလည်း ယဲ့ဖန်က သူ့ကို ဘယ်တော့မှ မနိုင်မှန်း သူ အတပ် သိနေသောကြောင့်ပင်။
အကြောင်းမှာ သူသည် သိုင်းအဆင့် ချိုးဖောက် တက်ရောက်နိုင်သွားပြီး ခြောက်ထပ်သို့ တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း မည်သူ့ကိုမှ မပြောခဲ့သောကြောင့်ပင်။
တစ်ခဏနေလျင် သူသည် မျိုးနွယ်ဝင်အားလုံးအား အိုးရန်ရှောက်ကျွင်းဟူသော သူ၏ မြင့်မြတ်မှုကို မျက်ဝါးထင်ထင် မြင်ရအောင် ပြသပေမည်။
အိုးရန်မျိုးနွယ်ဝင်အားလုံး သူတို့၏ မိသားစုခေါင်းဆောင် အလောင်းအလျာက ဘယ်သူလဲ သိသွားပေလိမ့်မည်။
ထိုအချိန်တွင် အိုးရန်ယန်းကလည်း ကျေနပ်နေ၏။
“ယဲ့ဖန် ဒါက မင်းအမေရဲ့ ဓားပဲ၊ မင်း ပြန်လိုချင်တယ်ဆိုရင် အခု အခြေအနေကို အခွင့်ကောင်း ယူသင့်တယ်”
“ဒီဓားက တော်တော် ကောင်းတာပဲ”
ယဲ့ဖန် မျက်လုံးကိုမှေးစင်းထားပြီး တွေးတောနေ၏။ ၎င်းက သူ့အမေ၏ ပစ္စည်းဖြစ်မှတော့ သူ ပြန်ယူသင့် ပေသည်။
“အခု စလိုက်ကြတော့မလား”
အိုးရန်ရှောက်ကျွင်းက စိတ်မရှည်သလို မေးလိုက်သည်။ အားလုံး၏ အံ့အားသင့်သော အမူအရာကို သူ မြင်တွေ့ရရန် မစောင့်နိုင်တော့ပါ။
ယနေ့ကျော်လျင် အိုးရန်မျိုးနွယ်ဝင်တိုင်းက သူ့အား နတ်ဘုရားသဖွယ် ရှုမြင်လေးစားလာကြပေလိမ့်မည်။ ထိုသို့ တွေးမိရုံနှင့်တင် သူ စိတ်လှုပ်ရှားနေ၏။
လူနှစ်ယောက်က ထုံထျန်းမျှော်စင်၏ အပေါက်ဝသို့ လျှောက်လာနေကြသည်။
“ဟေ့ ဟေ့ ဟေ့ အားလုံး ဘေးဖယ်ကြစမ်း၊ မဟုတ်ရင် သွေးစင်ကုန်ဦးမယ် သတိထား”
အိုးရန်ယန်းက အူလိုက်သည်းလိုက် ရယ်မောနေပြီး သူ့စကားတွင် ထီမထင်ဟန်များ ပေါ်နေ၏။