မျှော်စင်ကိုတက်ခြင်း
Vol. 112 Ch. 1668
“ဟေ့ကောင် မင်း ဒုတိယထပ်ကို ထပ်နိုင်ရင် ငါ ချီးစားပြမယ်”
လှောင်ပြောင်သံများသာ ပိုပို၍ ထွက်ပေါ်လာသည်။
“လေကျယ်နေတဲ့ကောင်”
အိုးရန်ယွင်ကလည်း အေးစက်စွာ သရော်လိုက်သည်။ ရွံစရာ အကောင်းဆုံးသောသူက ယဲ့ဖန်ကဲ့သို့သော လူပင်။ သူ့၌ သေသင့်သော အရည်အချင်းပင် မရှိပါ။
အိုးရန်ချင်ရွှယ်သည် သူမ၏ စံပြပုဂ္ဂိုလ်ဖြစ်ပြီး သူမသည် အိုးရန်ချင်ရွှယ်လိုဖြစ်ရန် အပြင်းအထန် ကြိုးစားနေ၏။
သို့သော် ယဲ့ဖန်သည် အိုးရန်ချင်ရွှယ်၏ သားဖြစ်သော်လည်း သူမနှင့် တစ်ရာခိုင်နှုန်းလောက်ပင် မယှဉ်နိုင်ဘဲ အမှိုက်ကောင် ဖြစ်နေသည်။
လက်ရှိတွင် သူသည် မိုးမြေက မည်မျှ မြင့်မားမှန်း မသိဘဲ အိုးရန်ရှောက်ကျွင်းနှင့်ပင် လောင်းစား ပြုလုပ် လိုက်သေးသည်။ သူ၏ အခြေအနေ အတိုင်းအဆကိုလည်း မသိသောသူပင်။
“ဘေးဖယ်စမ်း”
အိုးရန်ယွင်က ယဲ့ဖန်ကို တွန်းထုတ်၍ မျှော်စင်ထဲသို့ အရင်ဝင်သွားသည်။ သူမ ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်၍ မဟုတ်ဘဲ ယဲ့ဖန်ကို ထပ်မမြင်ချင်၍ ဖြစ်သည်။
“မင်း အခုမှ နောင်တရမယ်ဆို နောက်ကျသွားပြီ၊ မင်း ငါ့ကို ဒူးထောက် ဦးညွှတ်တောင်းပန်ရင် ဒီအလောင်းအစားကို မရှိခဲ့သလို သဘောထားပေးမယ်”
အိုးရန်ရှောက်ကျွင်းက ယဲ့ဖန်ကို အပြုံးနှင့် ကြည့်နေပြီး သူ့မျက်နှာတွင် ယုံကြည်ချက်တို့ ပြည့်နှက်နေသည်။
ယဲ့ဖန်က သူ့ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“မင်းဦးနှောက်က တစ်ခုခုများ ဖြစ်ထားတာလား”
အိုးရန်ရှောက်ကျွင်း၏ မျက်နှာ မည်းမှောင်သွားပြီး ယဲ့ဖန်ကို ပြန်စိုက်ကြည့်လာသည်။
“ခဏနေရင် မင်း ယုံကြည်ချက် ရှိနေဖို့ မျှော်လင့်ပါတယ်”
ချက်ချင်းဆိုသလိုပင် အိုးရန်ရှောက်ကျွင်းက ထုံထျန်းမျှော်စင်ထဲသို့ အရင်ဝင်သွားသည်။ ထို့နောက် ယဲ့ဖန်ကလည်း မျှော်စင်ထဲသို့ လိုက်ဝင်လေသည်။
“မင်း ပြောကြည့်စမ်း၊ အဲ့ကောင် ဘယ်လောက် ကြာရင် သေမလဲလို့”
“ငါ တစ်မိနစ်လို့ လောင်းတယ်”
“ဟားဟား တစ်မိနစ်လား၊ ငါတော့ တစ်စက္ကန့်လို့ ထင်တယ်”
“တစ်စက္ကန့်က များလွန်းတယ်ကွာ၊ သူက ဘုရင်အဆင့် မဟုတ်လား၊ ဆယ်စက္ကန့်လောက် ထားလိုက်ပါ”
လူအုပ်ကြီးက ရယ်မောနေကြသည်။ ထို့နောက် အိုးရန် မျိုးနွယ်များသည် ပျင်းရိလာပြီး လူစုခွဲကာ ဆက်၍ လေ့ကျင့်နေသည်။
အရူးတစ်ယောက်က သေတွင်းတူးနေခြင်းတွင် ဘာများ ကြည့်စရာ ရှိပါမည်နည်း။
ယဲ့ဖန် ထုံထျန်း မျှော်စင်ထဲသို့ ဝင်လိုက်သည်နှင့် ကြီးမားသော စိတ်ဝိညာဉ် ဖိအားတစ်ခုက သူ့ထံ ရိုက်ခတ် လာသည်ကို ခံစားမိသည်။
၎င်းက တောင်တစ်လုံး ပိကျလာသည်နှင့်တူသလို ကမ်းစပ်ကို ဖျက်ဆီးချင်နေသော လှိုင်းလုံးများနှင့်လည်း တူသည်။
မသိလျင် သူ့အား အရှင်လတ်လတ် ဝါးမျိုမည်ဟု ထင်ထားရလောက်အောင် အလွန် ကြောက်စရာ ကောင်းလှသည်။
ထိုစဉ် အိုးရန်ရှောက်ကျွင်းက အေးအေးလူလူ မျက်နှာထားနှင့် သူ့အား ပြန်လှည့်ကြည့်လာပြီး လှောင်ရယ်လေသည်.
“မင်း တကယ် အသက်ရှင်နိုင်သားပဲ၊ ကြည့်ရတာ မင်းက ဆိုးတော့မဆိုးဘူးပဲ၊ ငါ မင်းကို အပေါ်ထပ်ကနေ စောင့်နေမယ်၊ အရမ်းကြီး မြန်မြန် သေမနေနဲ့”
ထိုသို့ပြောပြီး သူက ဒုတိယထပ်ကို ခုန်တက်သွားသည်။ တစ်ချိန်တည်းမှာပင် အိုးရန်ယွင်က ယဲ့ဖန်အား ခံစားချက် ကင်းမဲ့စွာ ကြည့်လာပြီး စကားနှစ်လုံးကို ရေရွတ်လိုက်သည်။
“အရူး…”
ထို့နောက် သူမသည်လည်း အပေါ်ထပ်သို့ တက်သွားသည်။
ယဲ့ဖန်က အပေါ်သို့ အလျင်စလို မတက်ချေ။ စိတ်ထဲက ဆက်သွယ်ခံရသည်လား မသိသော်လည်း ထောင့်နားမှာ စာကြောင်းအချို့ကို သူ ရုတ်တရက် သတိထားမိသွားသည်။
ဘယ်သူ ရေးထားသလဲ မသိသော်လည်း လက်ရေးက သေသပ်၍ လှပသည်။ လက်ရေးက မိန်းကလေး လက်ရေးနှင့် တူသည်။
စာသားထဲတွင် အလွန် မတတ်သာဖြစ်မှုနှင့် မလိုလားဟန်တို့ ပါဝင်နေ၏။
ဘာကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်သည် ထိုစာသားများကို သူ့မိခင် ရေးထားသည်ဟု ခံစားမိနေ၏။
သူမသည် လောကတွင်း၌ ဘာမှကို မလုပ်ချင်ခဲ့ပေ။ သို့သော် သူမ၏ ထူးချွန်သော ပါရမီကြောင့် မိသားစု၏ ဂုဏ်ကို သယ်ပိုးပြီး စစ်မြေပြင်ကို သွားခဲ့ရသည်။
*လတ်စသက်တော့ သူလည်း အရမ်း ဒုက္ခခံခဲ့ရတာပဲ*
ယဲ့ဖန် မချိပြုံး ပြုံးလိုက်မိသည်။ သူမ၏ ကံကြမ္မာသည်လည်း မွေးကတည်းက ဆိုးရွားနေခဲ့သည်။ သူမက ပန်းပွင့်လေးလို ကြီးပြင်းပြီး အပူအပင်ကင်းသော ဘဝ၌ နေချင်ခဲ့မည့် ပုံပင်။
သို့သော် သူမမိသားစုက သူမလက်ကို သွေးတို့ဖြင့် စွန်းထင်းစေရန် ဖိအားပေးခဲ့ပြီး အခြားသူများ၏ အသက်ကို နုတ်ယူစေခဲ့သည်။
ယဲ့ဖန်သည် နေရာ၌ မိနစ်အနည်းငယ်မျှကြာအောင် ဖိတ်နေပြီးမှ ဒုတိယထပ်ကို တက်လိုက်သည်။
“ရွေ့ပြီ၊ ရွေ့ပြီ”
အပြင်ဘက်၌ လူတိုင်းသည် ပထမထပ်မှ မျှော်စင်၏ အလင်းတန်းက လင်းသွားပြီး အပေါ်သို့ တက်သွားသည်ကို တွေ့လိုက်ရသည်။
“အဲ့ကောင်က ဒုတိယထပ်ကို တက်နိုင်တာလား”
လူတိုင်း မယုံနိုင်သလို ဖြစ်နေကြသည်။ ယဲ့ဖန်က ဘုရင်အဆင့်လောက်နှင့် ထုံထျန်းမျှော်စင်ကို တက်နိုင်သည် တဲ့လား။
ချီးစားပြမည်ဟု ပြောသောလူ၏ မျက်နှာက ပြာနှမ်းနေ၏။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ငါ သူတော်စင်သခင်အဆင့် ရောက်နေတာတောင် ဒုတိယထပ်ရဲ့ စိတ်ဝိညာဉ် ဖိအားကို မခံနိုင်တာ၊ သူက ဘယ်လိုလုပ် လုပ်နိုင်တာလဲ*
“ဒုတိယထပ် တက်တော့ရော ဘာဖြစ်လဲ၊ အစ်ကိုကြီး ဘယ်အထပ်ကို တက်နေပြီလဲ မင်းတို့ မမြင်ဘူးလား”
နောက်လူတစ်ယောက်က လှောင်ပြောင် ပြောဆိုလာ၏။
ထုံထျန်းမျှော်စင်ပေါ်၌ တတိယထပ်နှင့် စတုတ္ထထပ်တို့က ရှေ့ဆင့်နောက်ဆင့် လင်းလာပြီးနောက် ငါးထပ်ကို ရောက်သွားသည်။
သူတို့၏ စိတ်ထဲတွင် မျှော်စင်အား လျင်မြန်စွာ တက်နိုင်သူက အိုးရန်ရှောက်ကျွင်း ဖြစ်ရမည်ဟု တွေးနေကြသည်။
ထိုအချိန်တွင် အိုးရန်ယွင်ကလည်း ဒုတိယထပ်၌ ရှိနေသည်။ ယဲ့ဖန် တက်လာသည်ကို မြင်သောအခါ သူမ အံ့ဩသွားသည်။
သူမ မျက်လုံးကို အသည်းအသန် ပွတ်ကြည့်ကာ မယုံသင်္ကာ ဖြစ်နေ၏။
“နင် … နင် ဘယ်လို တက်လာတာလဲ”
အိုးရန်ယွင် မယုံနိုင်သလို မေးလိုက်ကာ စိတ်ထဲ၌ လက်မခံနိုင် ဖြစ်နေလေသည်။
ယဲ့ဖန်က သူမကို ကြည့်ပင်မကြည့်ဘဲ ဒုတိယထပ်၌ တစ်စုံတစ်ရာကို ဆက်ရှာနေသည်။ ထောင့်တစ်နေရာ၌ ထပ်မံ၍ လှပသော စာသားများကို တွေ့လိုက်ရသည်။
“ငါ့ကိုချစ်တဲ့ယောက်ျား၊ ငါကလည်း ချစ်တဲ့ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ချင်တယ်၊ ငါတို့ ချစ်စရာ ကောင်းတဲ့ ကလေးလေး မွေးကြမယ်၊ ငါ ကလေးကို ချစ်မြတ်နိုးမယ်၊ ဘယ်တော့မှ သူ့ကို ငါ့လို မဖြစ်စေရဘူး၊ အဲ့လို အခွင့်အရေးမျိုး မရှိတာ စိတ်မကောင်းစရာပဲ”
ဤသည်ကိုမြင်သော် ယဲ့ဖန် စိတ်သောကရောက်သွားရသည်။
အိုးရန်ချင်ရွှယ်သည် သူမဘဝကို စွန့်လွှတ်ရန် ရွေးချယ်ပြီး မိသားစု၏ ရုပ်သေးရုပ် ဖြစ်လိုက်သည့်ပုံပင်။
လက်ရှိတွင် သူ့နှလုံးသားက ဂနာမငြိမ်တော့ချေ။ ထို့ကြောင့် သူ တတိယထပ်သို့ အသည်းအသန် ပြေးတက် လိုက်သည်။
*ဟင်*
အိုးရန်ယွင် အံ့ဩသွားပြီး သူ့နောက်မှ အလျင်အမြန် လိုက်လေသည်။
ထိုအခါ အပြင်ဘက်မှ လူများသည် ဒုတိယထပ်မှ အလင်းက တတိယထပ်သို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။
တတိယထပ်၌ လူမရှိတော့ချေ။
“တတိယထပ်ကို တက်နေတာလား၊ အဲ့ကောင် တတိယထပ်ကို သွားနေတာလား”
ယဲ့ဖန်၏ ဝမ်းကွဲတစ်ယောက်က မယုံနိုင်သလို ရေရွတ်နေ၏။
အိုးရန်ယန်းက ခနဲ့လေသည်။
“အရူး အဲ့ကောင်ရဲ့ ခွန်အားက ဘယ်လိုလုပ် တတိယထပ်ကို တက်နိုင်မှာလဲ၊ တတိယထပ်က လူက အိုးရန်ယွင်ပဲ ဖြစ်လိမ့်မယ်”
လူတိုင်း မှင်တက်သွားသည်။ ထို့နောက် အားလုံး၏ မျက်နှာတွင် အားရသော အပြုံးများ ပေါ်လာ၏။
“ဒါဆို အဲ့ကောင် ဒုတိယထပ်မှာ သေသွားပြီလို့ ဆိုလိုတာလား”
“ပြောနေစရာ လိုသေးလား၊ ဟားဟားဟား … အ … ရယ်ရလွန်းလို့ သေတော့မယ်”
အိုးရန်ယန်းက အားပါးတရ ရယ်လိုက်သော်လည်း ပါးစပ်နာသွားသဖြင့် ငြိမ်လိုက်ရသည်။ သို့သော် ထိုနာကျင်မှုကြောင့် သူ့အပြုံးက ပျောက်မသွားပါ။
သူ ပျော်နေသည်။ အလွန် ပျော်ရွှင်နေ၏။
*အဲ့ကောင် သေသွားပြီ*
*လက်စားချေနိုင်ပြီ*
တစ်ဖက်မှ အိုးရန်မိန်လင်သည်လည်း ထူးဆန်းသော အမူအရာမျိုး ဖြစ်နေသည်။ သူမအဘိုး၏ အချစ်ဆုံး မြေးကို သတ်လိုက်နိုင်သဖြင့် ထိုခံစားချက်က အလွန် ကြည်နူးစရာ ကောင်းလှသည်။
*ဒီလိုအရူးမျိုးကို ဘာမှအားမထုတ်ဘဲ ရှင်းလိုက်နိုင်ပါလား*
ထိုစဉ် လီဟွမ်ဟွမ်နှင့် အိုးရန်လင်းသို့ အသည်းအသန် ရောက်ချလာပြီး လူငယ်များအား စိုက်ကြည့်လေသည်။
“ယဲ့ဖန် ဘယ်မှာလဲ”
သူတို့ ယဲ့ဖန်ထံ ယနေ့ သွားခဲ့သော်လည်း ကျုံးလီအာနှင့် အခြားသူများက ယဲ့ဖန် အိုးရန်မိန်လင်နှင့်အတူ ထွက်သွားသည်ဟု ပြောသည်ကို ကြားလိုက်ရသည်။ အိုးရန်မိန်လင်လို ဉာဏ်များသူက အဘယ်ကြောင့် လာရသနည်း။
ယဲ့ဖန်က သူမအကြောင်း မသိသော်လည်း သူတို့က ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
သူမ ငါးနှစ်အရွယ်က ကလေးမလေး တစ်ယောက်က မူကြိုတွင် သူမအရုပ်များကို လုယူခဲ့သည်။ ထိုကလေးမလေးကို သူမက တောအုပ်ငယ်လေးထဲ ရောက်အောင် ခေါ်သွားခဲ့သည်။ ထို့နောက်တွင်မူ သူမသာလျင် တောအုပ်ထဲမှ ထွက်လာနိုင်ပြီး ငိုယို၍ သူမ လူဆိုးနှင့်တွေ့ခဲ့သဖြင့် ထွက်ပြေးခဲ့သည်ဟု ဆိုကာ သူမသူငယ်ချင်းက အဖမ်းခံလိုက်ရသည်ဟု ပြောလာခဲ့သည်။
သို့သော် ရဲများက လူဆိုးကို ဘယ်မှာတွေ့သလဲ မေးသောအခါ သူမ မဖြေနိုင်ခဲ့ပေ။
အပုပ်နံ့ ထွက်လာမှသာလျင် ရဲများက ထိုကလေးမလေး၏ အလောင်းကို ရှာတွေ့ခဲ့သည်။ ထိုကလေးမ၏ နောက်စေ့ တစ်ခုလုံး ကျောက်တုံးဖြင့် အထုခံရကာ ကြေမွနေ၏။
သို့သော် မည်သူကမှ အိုးရန်မိန်လင် လုပ်သည်ဟု မထင်ကြပါ။ ငါးနှစ်အရွယ် ကလေးမလေးက ဤသို့ ရက်စက်သော အတွေးမျိုး ရှိမည်ဟု မည်သူက ထင်မည်နည်း။
သို့သော် တရားခံအစစ်ကို ရှာမတွေ့သဖြင့် ထိုကိစ္စက ပြီးသွားသည်။
နောက်ဆုံးတွင် မူကြိုဆရာမတစ်ယောက်က အိုးရန်မိန်လင်က ထိုကလေးမလေးကို တောအုပ်ထဲ ခေါ်သွားကြောင်း ရဲအား ဝန်ခံလာခဲ့သည်။ ထို့နောက်တွင်မူ ထိုဆရာမ၏ အိမ် မီးလောင်ကာ တစ်မိသားစုလုံး မီးလောင်၍ သေဆုံးသွားသည်။
ဒေသခံရဲများကလည်း ထပ်မစုံစမ်းရဲတော့ချေ။ အကြောင်းမှာ အိုးရန်ရှန့်ဖုန်းက ဝင်နှောင့်ယှက်လာ၍ ဖြစ်သည်။
ထို့နောက်တွင် ဆိုးရွားသော ကိစ္စများ ဖြစ်လာခဲ့သည်။
ဆရာမက သူကို ဆုံးမသဖြင့် ရုံးခန်းထဲ မည်သူမှမရှိချိန်၌ သူမက ဆရာမကို ပစ်သတ်ခဲ့သည်။
သူမက လှပပြီး နာမည်ကျော် မိသားစုမှ မွေးဖွားလာသူ ဖြစ်သောကြောင့် သူမ၌ မရေတွက်နိုင်သော ပရိသတ်များ ရှိသည်။ မိန်းကလေး ပရိသတ်တစ်ဦးက သူမ လက်မှတ်ထိုးပေးမည့် အချိန်၌ သူမ၏ အဖြူရောင် ဖိနပ်ကို မတော်တဆ ပေအောင် လုပ်မိသဖြင့် သူမက ထိုပရိသတ်ကို ကန်ထုတ်ခဲ့သည်။
ထိုကိစ္စအားလုံးကို အိုးရန်ရှန့်ဖုန်းက လိုက်ရှင်းပေးခဲ့သည်သာ။
သူမသည် ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း မိစ္ဆာနတ်ဆိုး ပြန်ဝင်စားလာသလိုပင်။ ချိုသာ၍ ဖြူစင်သော အသွင်အပြင်အောက်၌ သူမ၏ အလွန် ဆိုးယုတ်သော အကျင့်စရိုက်ကို ဖုံးကွယ်ထား၏။
သူမက ယဲ့ဖန်ကို လာခေါ်ထုတ်ခြင်းက ကောင်းသော ကိစ္စ မဟုတ်ပေ။
သို့သော် အိုးရန်ယန်းနှင့် အခြားသူများက အိုးရန်လင်းကို ကြည့်သာ ကြည့်နေပြီး ဘာမှမပြောချေ။
မိသားစုတွင်း၌ ဘာအာဏာမှ မရှိသော အကြီးအကဲအား သူတို့က လေးစားရန် မဆိုထားနှင့် အထင်ပင် သေးကြသည်။
“မင်းတို့ကို မေးနေတာလေ၊ နားလေးနေလား”
အားလုံး၏ မျက်လုံးတွင်းမှ အထင်သေးဟန်ကို မြင်သော် အိုးရန်လင်း၏ မျက်လုံးတွင်းမှ ဒေါသရိပ်က ပိုဆိုးလာ၏။
ယခုအခါ၌ သူသည် ယဲ့ဖန်၏ ဘေးကင်းမှုနှင့် ပတ်သက်၍ စိုးရိမ်နေသဖြင့် လူသတ်ချင်စိတ် ပေါက်နေသည်။ သို့သော် အိုးရန်ယန်းနှင့် အခြားသူများက ငြိမ်မြဲ ငြိမ်နေကြသည်။
ထိုစဉ် အိုးရန်မိန်လင်က နီရဲနေသော မျက်လုံးဖြင့် သနားကမား ပြောလာသည်။
“ဦးလေး ဝမ်းကွဲအစ်ကိုနဲ့ အစ်ကိုကြီးက အလောင်းအစား လုပ်ပြီး ထုံထျန်း မျှော်စင်ထဲ အတူတူ ဝင်သွားပါတယ်”
ကောက်ကျစ် ယုတ်မာလှပေသည်။
ဤနည်းအားဖြင့် အိုးရန်ရှောက်ကျွင်းက ယဲ့ဖန်ကို သတ်မိလျင် ကံဆိုးသူ မောင်ရှင်က အိုးရန်ရှောက်ကျွင်း ဖြစ်သွားပေလိမ့်မည်။
ထိုသို့ဆိုလျင် အိုးရန်ကျန်းက သူ့ကို အပြစ်တင်လာပြီး အိုးရန်ရှောက်ကျွင်း၏ လုပ်ရပ်က မိသားစုကိုပါ ဆွဲချသလို ဖြစ်သွားပေမည်။ ဤသည်က ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းပင်။
အိုးရန်လင်းက အိုးရန်မိန်လင်ကို သေချာကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
“ဒီကိစ္စက ဒီလောက် မရိုးရှင်းဘူး”
အိုးရန်မိန်လင် ဟန်ဆောင်နေသည်ကို သူ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။ စကားကို ပြောလိုက်သည်နှင့် မျက်ရည်က ကျနေသည်။ ဤခွေးမလေးက တကယ်ပင် ဟန်ဆောင်ကောင်းလှပေ၏။
“ဦးလေး ဘာတွေပြောနေတာလဲ၊ ကျွန်မ နားမလည်ဘူး”
အိုးရန်မိန်လင်က သူ့အား အပြစ်ကင်းစင်စွာ ကြည့်လိုက်ပြီး မျက်လုံးများက ကြည်တောက်ကာ ပဟေဠိဖြစ်ဟန် ပေါ်နေသည်။
သို့သော် သူမမျက်လုံး၏ နက်ရှိုင်းသော အတွင်းတစ်နေရာ၌ ရက်စက်ကြမ်းကြုတ်မှုနှင့် အထင်အမြင်သေးမှုတို့ ပါဝင်နေပြီး စိတ်ထဲ၌ ကျိတ်၍ တွေးတောနေ၏။
*ရှင့်လို မျိုးမစစ်ကောင်ကြီးကို မကြာခင် သတ်ပြမယ်*
အိုးရန်လင်းသည် ဤအကျင့်မကောင်းသော ကလေးမနှင့် အရေးမပါသော စကားများပြောရန် ပျင်းရိသွားပြီး လီဟွမ်ဟွမ်ကိုသာ ပြောလိုက်သည်။
“အဖေ့ကို သွားခေါ်လိုက်”
ထိုစကားကိုကြားသော် အိုးရန်ယန်းနှင့် အခြားသူများက အထင်သေးဟန်ဖြင့် ကြည့်လာကြသည်။
*အိုးရန်ကျန်းကို ခေါ်တော့ရော ဘာအသုံးဝင်မှာ မို့လို့လဲ၊ ယဲ့ဖန်က သူ့ဘာသာသူ အလောင်းအစား လုပ်ဖို့ သဘောတူတာလေ၊ သူ့ဘာသာသူ ထောင်လွှားနေတာကို ဘယ်သူ့ကို သွားအပြစ်တင်မှာလဲ*
ယခုတစ်ခေါက်၌ သူတို့ဘက်ကစ၍ ယဲ့ဖန်ကို ရန်မလုပ်ခဲ့ပါ။ ထို့ကြောင့် သူတို့ကို အပြစ်တင်၍ မရနိုင်ပေ။
“နေဦး … ဒါက …”
ရုတ်ချည်းဆိုသလိုပင် လူတစ်စုက အလန့်တကြား အော်လာပြီး သူတို့၏ မျက်နှာတွင် အလွန် ကြောက်လန့်ဟန် ပေါ်လာ၏။
အဘယ်ကြောင့်ဆိုသော် မျှော်စင်၏ ခြောက်ထပ်မြောက်မှ အလင်းတန်းက လင်းလာသည်ကို တွေ့လိုက်ရ သောကြောင့်ပင်။
“ဒါ ဘယ်လိုဖြစ်တာလဲ၊ ငါများ အမြင်မှားတာလား”
“မြတ်စွာဘုရား ခြောက်ထပ်မြောက်လား၊ အိုးရန်ချင်ရွှယ် ထွက်သွားကတည်းက ဘယ်သူမှ ခြောက်ထပ် မြောက်ကို ခြေမချနိုင်ဘူးလေ၊ ဒီနေ့ အဲ့အခြေအနေက ကျိုးပျက်သွားပြီပဲ”
“ကောင်းတယ် ကောင်းတယ်၊ ငါတို့ အိုးရန်မျိုးနွယ်မှာ ပါရမီရှင်တစ်ယောက် မွေးလာပြန်ပြီပဲ”
ထိုအခိုက်တွင် အိုးရန်မျိုးနွယ်ဝင်များအားလုံး သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်၍ ထုံထျန်းမျှော်စင်အား ဝမ်းသာအားရ ဖြစ်သော မျက်နှာများဖြင့် မော့ကြည့်လာကြသည်။
“ဒါ အစ်ကိုကြီးပဲ၊ အစ်ကိုကြီးက ခြောက်ထပ်မြောက်ကို ခြေချနိုင်သွားပြီ၊ အံ့ဩစရာပဲ”