← Chapters

အပေါ်ဆုံးအထပ် ခုနစ်ထပ်မြောက်သို့ တက်ခြင်း

Vol. 112 Ch. 1669

အပေါ်ဆုံးအထပ် ခုနစ်ထပ်မြောက်သို့ တက်ခြင်း

Vol. 112 Ch. 1669

“အင်း … အစ်ကိုကြီးရဲ့ ပါရမီနဲ့ဆို ငါတို့ နောက်ထပ် နှစ်တစ်ထောင် ကြာရင်တောင်မှ အမီလိုက်နိုင်မှာ မဟုတ်ဘူး”

 

အိုးရန်ရှောက်ကျွင်း၏ ဝမ်းကွဲတစ်သိုက်က ဤမြင်ကွင်းအား အားကျ၍ မနာလိုဖြစ်သော စိတ်ဖြင့် ကြည့်နေပြီး သက်ပြင်းချလိုက်ကြသည်။

 

“အကြီးဆုံး သခင်လေးက လူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင် ဖြစ်ထို်ကပါပေတယ်၊ သူ့မှာ အတိတ်တုန်းက ပထမ သခင်မလေးရဲ့ ဟန်ပန်မျိုး ရှိတာပဲ၊ ပထမသခင်လေးကို ကျော်တက်နိုင်ဖို့ ဘယ်လောက်မှ ကြာမှာ မဟုတ်ဘူး”

 

“မိသားစုခေါင်းဆောင် အလောင်းအလျာက အကြီးဆုံး သခင်လေးပဲ ဖြစ်သင့်တယ်၊ ဒါဆို ငါတို့ အိုးရန်မျိုးနွယ် ကံကောင်းတော့မှာ”

 

ဤသည်ကိုမြင်သော် အိုးရန်မျိုးနွယ်ဝင်များတွင် ပျော်ရွှင်၍ လေးစားကြည်ညိုစိတ်တို့ဖြင့် ပြည့်နှက်လာသည်။

 

အိုးရန်မျိုးနွယ်သည် ခွန်အားကို နှစ်သက်သော မျိုးနွယ်စု ဖြစ်သည်။ သူတို့အတွက် သန်မာသော သိုင်းပညာရှင်သာ အရာရာ ဖြစ်သည်။ သန်မာသူသာလျင် အရာအားလုံးကို စိုးမိုးနိုင်၏။

 

ခွန်အားကသာလျင် အရာရာကို ကိုယ်စားပြုသည်။

 

အိုးရန်ရှောက်ကျွင်း၏ ခြောက်ထပ်မြောက်သို့ တက်လှမ်းနိုင်ခြင်းက သူတို့ရင်ထဲတွင် တုန်လှုပ်သွားစေပြီး အလွန် ထိတ်လန့်လာကြသည်။

 

လူတစ်ချို့ဆိုလျင် သူ့အား အိုးရန်မျိုးနွယ်၏ အနာဂတ် မျှော်လင့်ချက်ဟုပင် သတ်မှတ်လိုက်ကြသည်။

 

သူသည် အိုးရန်ချင်ရွှယ်ကို ကျော်တက်၍ သူတို့မျိုးနွယ်အား တိုးတက်ဖွံ့ဖြိုးလာအောင် ဦးဆောင်နိုင်မည်ဟုပင် ခံစားမိနေသည်။

 

ဤမြင်ကွင်းက သူတို့ အိုးရန်ချင်ရွှယ်ကို မော်ကြည့်နေရသည်နှင့် အတူတူပင် ဖြစ်နေကာ အတောမသတ်နိုင်သော လေးစားမှုတို့ ပြည့်နှက်နေ၏။

 

ထိုအချိန်တွင် ယဲ့ဖန်သည် သုံးထပ်၊ လေးထပ်နှင့်၊ ငါးထပ်သို့ တက်နေပြီး သူ့မိခင်၏ စာများကို ရှာမတွေ့ချေ။

 

ဤသည်ကြောင့် သူသည် မိခင်ဖြစ်သူက သူမကံကြမ္မာကို လက်ခံလိုက်ပြီး သူမနှင့် မသက်ဆိုင်သော အသက်များကို ချစ်ခင်တမ်းတခြင်း မရှိတော့မည်ကို စတင်၍ စိုးရိမ်လာစေသည်။

 

မိခင်ဖြစ်သူ၏ အိပ်မက်က အလုံးစုံ ပျက်သုဉ်းသွားသည် မဟုတ်ပါတကား။

 

လက်ရှိအချိန်၌ အိုးရန်ချင်ရွှယ်၏ နှလုံးသားထဲမှ အိပ်မက်တစ်ခုကို တောင်းတသော်လည်း ထိုအိပ်မက်က ပျက်စီးသွားသည့် အဖြစ်ကို ယဲ့ဖန်ကို ခံစားမိနေ၏။

 

မိသားစုတစ်ခုလေး၏ သမီးဘဝမှ လူသတ်သမားအဖြစ်သို့ ပြောင်းလဲခဲ့ရသည်။ သူမသည်လည်း ကျိန်းသေပေါက် နာကျင်နေရလောက်သည်။

 

“ရှာမနေနဲ့၊ သုံးထပ်ကနေ ခြောက်ထပ်အထိ သူ့ရဲ့ လက်ရေးစာတွေ မရှိဘူး၊ ငါ ခုနစ်ထပ်မြောက်ကို မတက်နိုင်လို့ အဲ့မှာ ရှိ၊မရှိ မသိဘူး”

 

ဘေးနားမှနေ၍ အိုးရန်ယွင်က ပြောလာသည်။ တကယ်တမ်း၌ ခြောက်ထပ်မြောက်ကို ပထမဆုံး ခြေချနိုင်သူက အိုးရန်ရှောက်ကျွင်း မဟုတ်ဘဲ အိုးရန်ယွင် ဖြစ်နေသည်။

 

“သူ ထွက်မသွားခင် ငါ့ကို ဒီလျှို့ဝှက်သိုင်းကျမ်း ပေးခဲ့တယ်၊ အစက ငါ ဒါကို နင့်ဆီ မပေးချင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ နင်က သူ့နာမည်ကို ဖျက်တဲ့ အမှိုက်ကောင် ဖြစ်နေလို့ပဲ၊ ဒါပေမဲ့ အခုတော့ ငါ နင့်ကို အထင်လွဲခဲ့မိတဲ့ပုံပဲ”

 

အိုးရန်ယွင်က နှုတ်ခမ်းစူ၍ စာအုပ်တစ်အုပ်အား ယဲ့ဖန်ထံ ပေးလာသည်။

 

ယဲ့ဖန်က ငါးထပ်အထိ အသာလေး တက်နိုင်မှတော့ ဘယ်လိုလုပ် အမှိုက်ကောင် ဖြစ်နိုင်မည်နည်း။

 

သူသည် ဘုရင်အဆင့် လုံးဝ မဖြစ်နိုင်ပါ။ သူ အားလုံးကို လှည့်စားခဲ့ခြင်းသာ ဖြစ်သည်။

 

ဤစာအုပ်၏ ကျေးဇူးကြောင့် အိုးရန်ယွင်၏ ခွန်အားက အိုးရန်ရှောက်ကျွင်းထက် သာနေခြင်း ဖြစ်သည်။ သို့သော် အိုးရန်ယွင်က မိသားစုထဲမှ တိုက်ခိုက်မှုများ၌ မပါချင်သလို အိုးရန်ချင်ရွှယ်ကဲ့သို့ မိသားစု၏ လူသတ်လက်နက် မဖြစ်ချင်ခဲ့ပေ။ ထို့ကြောင့် သူမက သူမ၏ ခွန်အားကို အမြဲ ဖုံးကွယ်ထားခဲ့သည်။

 

ယဲ့ဖန်က သူမကို တစ်ချက်သာကြည့်ပြီး စာအုပ်ကို လှမ်းမယူပေ။

 

“အမေက မင်းကို ပေးခဲ့မှတော့ အဲ့ဒါက မင်းအပိုင်ပဲပေါ့၊ သိမ်းထားလိုက်”

 

ထို့နောက် ယဲ့ဖန်က ခါးကိုမတ်၍ အပြုံးနှင့် မေးလိုက်သည်။

 

“မင်း ခုနစ်ထပ်မြောက်မှာ ဘာရှိသလဲ ကြည့်ချင်သလား”

 

အိုးရန်ယွင် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လာသည်။

 

“နင် ငါ့ကို နောက်နေတာလား”

 

*ခုနစ်ထပ်မြောက်လား*

 

ခေတ်အဆက်ဆက်တွင် မူလဘိုးဘေးမှလွဲလျင် အိုးရန်ချင်ရွှယ် တစ်ဦးတည်းသာ အပေါ်ဆုံးသို့ တက်နိုင်ခဲ့သည်။

 

*သူ ခုနစ်ထပ်မြောက်ကို တက်ချင်တယ်လို့ တကယ်ကြီး ပြောနေတာလား*

 

*သူ ရူးနေပြီလား*

 

“မင်းမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်၊ အခွင့်အရေးကို ဆုပ်ကိုင်မလား၊ မဆုပ်ကိုင်ဘူးလားက မင်းသဘောပဲ”

 

ယဲ့ဖန်က အသာပြုံးနေပြီး အိုးရန်ယွင်ထံ လက်ဆန့်ပေးလိုက်သည်။

 

အိုးရန်ယွင် မျက်မှောင်ကြုတ်သွားသည်။ ဆင်ခြင်တုံတရားက သူမကို ယဲ့ဖန် မလုပ်နိုင်ဟု ပြောနေသော်လည်း ပင်ကိုအသိစိတ်က သူမကို ယဲ့ဖန်အား ယုံကြည်သင့်ကြောင်း ပြောနေသည်။

 

ချက်ချင်းဆိုသလိုပင် အိုးရန်ယွင်က လက်ကိုဆန့်၍ ယဲ့ဖန်၏ လက်ဖဝါးကို လှမ်းကိုင်လိုက်သည်။ ထို့နောက် နှစ်ယောက်လုံး ငါးထပ်မြောက်မှနေ၍ ခုနစ်ထပ်မြောက်သို့ ပြေးတက်သွားကြသည်။

 

တစ်ခဏအတွင်း ခုနစ်ထပ်မြောက်သို့ ရောက်သွားသည်။ အပြင်ဘက်တွင်လည်း ခုနစ်ထပ်မြောက်မှ အလင်းတန်းက တောက်ပလာသည်။

 

ထိုအခါ အိုးရန်မျိုးနွယ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ လူတိုင်း၏ မျက်လုံးတွင် မယုံနိုင်လောက်အောင် ထိတ်လန့်ဟန်များနှင့် ပြည့်နှက်လာ၏။

 

ခုနစ်ထပ်မြောက်၊ သမိုင်းတစ်လျှောက်တွင် ခုနစ်ထပ်သို့ ရောက်သူ နှစ်ဦးတည်းသာ ရှိခဲ့သည်။

 

လက်ရှိ မိသားစုခေါင်းဆောင် အိုးရန်ကျန်းသည် အစက ခုနစ်ထပ်သို့ ရောက်နိုင်စွမ်း မရှိခဲ့ပေ။ သို့သော် ယခု သူသည် သူတော်စင်အဆင့်သို့ ဝင်ရောက်သွားပြီ ဖြစ်ကာ ခုနစ်မြောက်သို့ တက်နိုင်ပြီ ဖြစ်သော်လည်း အရေးမပါချေ။

 

“ဘယ်သူလဲ၊ အိုးရန်ရှောက်ကျွင်းလား”

 

“သူလား၊ သူ ဖြစ်ကိုဖြစ်ရမယ်၊ အိုးရန်ရှောက်ကျွင်းသာလျင် အဲ့လို အရာမျိုး လုပ်နိုင်တာ”

 

လူတိုင်းနီးပါးက ခုနစ်ထပ်မြောက်မှလူသည် အိုးရန်ရှောက်ကျွင်း ဖြစ်ရမည်ဟု တွေးထင်ထားကြသည်။ အိုးရန်ရှောက်ကျွင်းကဲ့သို့သော ပါရမီရှင်သာလျင် ဤသို့သော ဆန်းကြယ်မှုကို ဖန်တီးနိုင်၏။

 

လူတိုင်း အလွန် စိတ်လှုပ်ရှားနေကြကာ သူတို့ မိသားစု အမြင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက်ကို မြင်နေရပြီဟု ထင်မှတ်သွားကြသည်။

 

အတိတ်အခါက အိုးရန် ချင်ရွှယ်သည် သူတို့၏ ဂုဏ်အရှိန်အဝါ ဖြစ်ခဲ့ပြီး လူတိုင်းက သူမကို လေးစားကြသည်။ သို့သော် လက်ရှိတွင် သူတို့ကို လိုလိုလားလား အညံ့ခံလာအောင် ပြုလုပ်နိုင်သည့် နောက်လူတစ်ယောက် ထွက်ပေါ် လာပြန်လေပြီ။

 

“ကျော်နိုင်ပြီ၊ လုံးဝ ကျော်နိုင်ပြီ၊ မင်းတို့ သိလား အိုးရန်ချင်ရွှယ် ခုနစ်ထပ်ကို တက်နိုင်တုန်းက အိုးရန် ရှောက်ကျွင်းထက် အများကြီး ပိုအသက်ကြီးတယ်ကွ”

 

“အိုးရန်ရှောက်ကျွင်းက အိုးရန်ချင်ရွှယ်ထက် သာတဲ့ ပါရမီရှင်ပဲ၊ သေစမ်းကွာ၊ ဘာလို့ အရင်တုန်းက ငါတို့ သူ့ကို အံ့ဩစရာကောင်းတယ်လို့ မတွေးမိတာလဲ”

 

ယခင်တုန်းက အိုးရန်ရှောက်ကျွင်းသည် အလွန် တော်သော်လည်း လူတိုင်းကို ထိတ်လန့်စေသည်အထိ မဟုတ်ခဲ့ပါ။ သို့သော် ယခုအခါ၌ သူက လူတိုင်းကို ထိတ်လန့်အောင် လုပ်နိုင်ခဲ့လေပြီ။

 

ထိုစဉ် အိုးရန်ကျန်းသည်လည်း ဤနေရာသို့ ရောက်လာသည်။ ယဲ့ဖန် ဘယ်မှာလဲဟု သူ မမေးနိုင်ခင်မှာပင် ထုံထျန်းမျှော်စင်၏ ခုနစ်မြောက်မှ အလင်းက တောက်ပလာသည်ကို တွေ့လိုက်ရသည်။

 

ချက်ချင်းဆိုသလိုပင် သူ မှင်တက်သွားပြီး မျက်နှာတွင် ကြောက်ရွံ့ဟန်များ ပြည့်နှက်လာ၏။

 

ခုနစ်ထပ်မြောက်သို့ ခြေချနိုင်သည့် လူများ ရှိလိမ့်ဦးမည်ဟု သူ တစ်ခါမှ ထင်မထားမိပါ။

 

အိုးရန်ချင်ရွှယ် ခုနစ်ထပ်မြောက်သို့ တက်နိုင်ခဲ့စဉ်က အိုးရန်မျိုးနွယ်တစ်ခုလုံး တစ်လတိတိ ပွဲကျင်းပခဲ့သည်။

 

ထိုနေ့တွင် အိုးရန်ကျန်းသည်လည်း အရုဏ်တက်ချိန်အထိ အမူးသောက်ခဲ့လေသည်။ ထိုအချိန်က အိုးရန်ကျန်းသည် မျက်နှာတည်ထားချင်လျင်တောင်မှ မတည်နိုင်ဘဲ ပြုံးနေခဲ့၏။

 

ယခု နောက်လူတစ်ယောက်က ခုနစ်ထပ်မြောက်ကို တက်နိုင်ပြီတဲ့လား။

 

“ခုနစ်ထပ်ကို တက်သွားတာ ဘယ်သူလဲ”

 

အိုးရန်ကျန်း အသည်းအသန် မေးလိုက်သည်။ သူ့အသံတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေ၏။ အကြောင်းမှာ နောက်ထပ် အိုးရန်ချင်ရွှယ်တစ်ယောက် ပေါ်ထွက်လာတော့မည်ဟု သူ သိနေသောကြောင့်ပင်တည်း။

 

အရပ်ဆယ်မျက်နှာလုံးမှ လူများအားလုံးသည် သူတို့ အိုးရန်မျိုးနွယ်၏ မြင့်မြတ် ထည်ဝါမှုကို တစ်ဖန် ပြန်၍ ဦးညွှတ်ရပေတော့မည်။

 

“မိသားစုခေါင်းဆောင်ကို တင်ပြပါတယ်၊ အဲ့ဒါ အိုးရန် ရှောက်ကျွင်းပါ”

 

လူတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလာသည်။

 

ထိုစကားကိုကြားသော် ယခုလေးတင် ရောက်လာသော အိုးရန် ရှန့်ဖုန်းနှင့် အိုးရန်ယုတို့လည်း လုံးဝ ကြက်သေ သေကာ မယုံကြည်နိုင် ဖြစ်နေကြသည်။

 

*အိုးရန်ရှောက်ကျွင်းက ခုနစ်ထပ်ကို တက်နိုင်သွားပြီလား*

 

*မဟုတ်မှလွဲရော သူ အင်မော်တယ် ဧကရာဇ်အဆင့်ကို တက်သွားပြီလား*

 

“ဟားဟားဟား ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ငါ အိုးရန်ယုရဲ့ သားလို့ မပြောရဘူး သိပ်တော်တယ်”

 

အိုးရန်ယုက အလွန် ကျေနပ်ဂုဏ်ယူသော မျက်နှာထားနှင့် ရယ်မောလာသည်။

 

အဘယ်ကြောင့်ဆိုသော် ဤနည်းအားဖြင့် မိသားစုခေါင်းဆောင် နေရာက သူ့အပိုင် ဖြစ်လာတော့မည်ဟု ရည်ညွှန်းနေမှန်း သိနေသောကြောင့်ပင်။

 

သူ့သားက ဂုဏ်တက်အောင် လုပ်နိုင်ခဲ့လေပြီ။

 

အိုးရန်မျိုးနွယ်သည် သန်မာသူကိုသာ လေးစားသော မျိုးနွယ် ဖြစ်ကာ သန်မာသူသာလျင် အရာအားလုံးကို စိုးမိုးနိုင်သဖြင့် အိုးရန်ကျန်းက သူ့ကို နေရာမလွှဲပေးချင်လျင်တောင်မှ မျိုးနွယ်ဝင်များက အိုးရန်ကျန်း၏ သဘောထားကို လက်ခံမည် မဟုတ်ပါ။

 

သတင်းဆိုးကို ကြားလိုက်ရပြီးနောက် အိုးရန်ရှန့်ဖုန်း၏ မျက်နှာက အလွန်အမင်း သုန်မှုန်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ပြီးလျင် အိုးရန်ရှောက်ကျွင်း၏ ကံကြမ္မာက သူ့ထက် မြင့်တက်သွားမည်ကို သိလိုက်သောကြောင့်ပင်။

 

“အစ်ကိုနှစ် ကျုပ် စိတ်မကောင်းပါဘူး၊ လက်လျှော့လိုက်ပါတော့”

 

အိုးရန်ယုက လက်သီးနှစ်ဖက်ကို ဆုပ်၍ အိုးရန်ရှန့်ဖုန်းကို အရိုအသေ ပြုလိုက်သည်။ သူ့မျက်နှာတွင် ဂုဏ်ယူဟန်နှင့် မောက်မာဟန်တို့ ပြည့်နှက်နေကာ တမင်သက်သက် ဟန်ထုတ်နေခြင်း ဖြစ်သည်။

 

အိုးရန်ရှန့်ဖုန်းက ခနဲ့သံ ပြုလိုက်ပြီး သူ့မျက်လုံးတွင် အေးစက်ခက်ထန်မှုတို့ ပြည့်နှက်လာကာ အိုးရန်မိန်လင်ကို စူးစိုက်ကြည့်လိုက်သည်။ အိုးရန်မိန်လင်၏ အသုံးမကျမှုကို သူ မကျေမနပ် ဖြစ်နေပုံရသည်။

 

အိုးရန်မိန်လင်သည်လည်း ခုနစ်ထပ်ကို တက်နိုင်ပါက ဘယ်လိုလုပ် သူ ဤသို့ အလှောင်ခံရမည်နည်း။

 

*အသုံးမကျတဲ့ အမှိုက်မ*

 

အိုးရန်ရှန့်ဖုန်း စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်သည်။

 

အိုးရန်မိန်လင်သည်လည်း လျင်မြန်စွာ ခေါင်းငုံ့သွားပြီး မျက်နှာ ဖြူရော်နေကာ အိုးရန်ရှန့်ဖုန်းကို မကြည့်ရဲတော့ချေ။ သူမ တကယ် ကြောက်လန့်နေ၏။

 

သို့သော် သူမ၏ မျက်လုံးတွင်း၌ မခံချိမခံသာ ဖြစ်မှုနှင့် လူသတ်ချင်စိတ်တို့ ပေါ်လွင်နေ၏။

 

သူမသည် ရက်စက်၍ သွေးအေးသူဖြစ်ကာ သူမဖခင်၏ အကျင့်စရိုက် အစစ်အမှန်ကို အမွေဆက်ခံ ရရှိထားသူ ဖြစ်သည်။

 

“နတ်ဘုရားတွေက ငါတို့ အိုးရန်မျိုးနွယ်ကို စောင်မတာပဲ”

 

အိုးရန်ကျန်းသည်လည်း အလွန် စိတ်လှုပ်ရှားနေသည်။ သူ့သားများက မတော်သော်လည်း သူ့မြေးက အိုးရန် ချင်ရွှယ်ကို ကျော်တက်နိုင်လိမ့်မည်ဟု ထင်မထားမိပါ။

 

ယခုအချိန်၌ သူတို့မိသားစု၏ ပြန်လည် ဦးမော့လာမှုကို မျှော်မှန်း၍ ရနိုင်လေပြီ။

 

မိုးမြေကို သိမ်းပိုက်စိုးမိုးနိုင်ပြီး ကောင်းကင်ဘုံ ကိုးလွှာကို တိုက်ခိုက်နိုင်မည့်သူ ဖြစ်လာပေတော့မည်။ နတ်ဘုရားများ၏ အထက်၌ ရပ်တည်နိုင်တော့ပေမည်။

 

အတိတ်အခါက အိုးရန်မျိုးနွယ်သည် ကောင်းကင်ဘုံ ကိုးထပ်မှာ ရှိသော်လည်း ငါးထပ်မြောက်၏ ရှင်းလင်းခြင်း ခံခဲ့ရသည်။ စစ်တပ်အားလုံး ရှင်းလင်းခံရပြီး အားလုံး အမှုန့်ဖြစ်သွားခဲ့သည်။

 

သူတို့၏ မျိုးနွယ် ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့လေသည်။

 

ထိုစဉ် အချိန်အခါက အိုးရန်ကျန်းသည် ကလေးအရွယ်သာ ရှိသေးပြီး ကောင်းကင်ဘုံကို ဆန့်ကျင်သော တိုက်ပွဲ၌ မျိုးနွယ်ဝင်များ သေဆုံးရသည်ကို သူ့မျက်လုံးနှင့် တပ်အပ် မြင်ခဲ့ရသည်။ အားလုံးသည် မိုးစက်များ ကျဆင်းသကဲ့သို့ မြေကြီးပေါ် တဘုတ်ဘုတ် ပြုတ်ကျကုန်၏။

 

ထိုအချိန်အခါက သူတို့သည် ကိုးပြည်နယ်တွင် အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်ခဲ့သော်လည်း ကောင်းကင်ဘုံ ကိုးထပ်၏ အထက်မှ အရာက သူတို့ကို ကျွန်ပြုရန် ကြိုးစားခဲ့သည်။

 

ထို့ကြောင့် သူတို့ ငြင်းဆန်ခဲ့သည်။ သူတို့သည် သန်မာသူကို လေးစားသော်လည်း လွတ်လပ်မှုကို နှစ်ခြိုက်သည်။ ချုပ်ခြယ်ခြင်းကို မနှစ်လိုသဖြင့် ထိုအရာ၏ တောင်းဆိုမှုကို ငြင်းဆန်ခဲ့သည်။

 

ထို့ကြောင့်ပင် ကြောက်စရာကောင်းသော စစ်ပွဲကို ဆင်နွှဲခဲ့ရလေသည်။

 

ကိုးပြည်နယ်တစ်ခုလုံး သူတို့မျိုးနွယ်ဝင်များ၏ အလောင်းကြောင့် သွေးချင်းချင်းနီခဲ့သည်။

 

တစ်ချိန်က လူတစ်သန်းရှိသော အိုးရန်မျိုးနွယ်သည် လက်ရှိတွင် အခြေခံအုတ်မြစ် ပျက်စီးကာ လူငါးထောင်ပင် မကျန်တော့ချေ။

 

ထို့ကြောင့်ပင် အိုးရန်ကျန်းက အိုးရန်ချင်ရွှယ်အပေါ် အလွန် ပြင်းပြင်းထန်ထန် သင်ပြခဲ့ခြင်း ဖြစ်သည်။ သူမက တစ်မိသားစုလုံးကို ကောင်းကင်ဘုံ ကိုးထပ်ကို ပြန်ရောက်အောင် ဦးဆောင်ပေးနိုင်ပြီး ပြန်လည်၍ အနိုင်ယူ ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

 

သို့သော် နောက်ဆုံး၌ အိုးရန်ချင်ရွှယ်က သူတို့အပေါ် လက်လျှော့ရန် ရွေးချယ်သွားခဲ့သဖြင့် အိုးရန်ကျန်း အလွန်အမင်း စိတ်ပျက်ခဲ့ရသည်။

 

ကံကောင်းစွာဖြင့် ဖန်ဆင်းရှင်က အိုးရန်ချင်ရွှယ်ကို ခေါ်သွားပြီး အိုးရန် ရှောက်ကျွင်းကို ပေးပို့ခဲ့သဖြင့် သူတို့၌ အခွင့်အရေး ရှိပေသေးသည်။

 

“အဲ့ဒါ အိုးရန်ရှောက်ကျွင်းဆိုတာ မင်းတို့ သေချာလား၊ တစ်ခြားတစ်ယောက်ရော မဖြစ်နိုင်ဘူးလား”

 

အိုးရန်လင်းက အပြုံးနှင့် ပြောလိုက်သည်။

 

“ဟာသပဲ အခြားဘယ်သူ ဖြစ်နိုင်သေးလို့လဲ၊ သေချာပေါက် ငါ့သားပဲပေါ့၊ ငါးသားကလွဲရင် အိုးရန်မျိုးနွယ်မှာ ဘယ်သူက အဲ့လို စွမ်းရည်မျိုး ရှိသေးလဲ”

 

အိုးရန်ယုက မောက်မာစွာ ပြောလိုက်ပြီး စိတ်ကြည်သာနေ၏။

 

“အိုးရန်ယွင်လည်း ထုံထျန်းမျှော်စင်ထဲ ဝင်သွားတာပဲ၊ သူရော မဖြစ်နိုင်ဘူးလား”

 

တစ်စုံတစ်ယောက်က တီးတိုး ပြောလာသည်။ အိုးရန်ကျန်း မျက်မှောင်ကြုတ်သွားသည်။ သူ အိုးရန်ယွင်ကို သတိထားမိပါသည်။ သူမက အလွန် နှိမ့်ချ၍ နေသော်လည်း အရည်အချင်း အနည်းငယ် ရှိသော ကလေးမလေး ဖြစ်သည်။

 

သို့သော် မကြာခင်မှာပင် သူက ခေါင်းခါ၍ ငြင်းပယ်လိုက်သည်။

 

“ယွင်အော်ရဲ့ အရည်အချင်းက ကောင်းပင်မယ့် အိုးရန်ရှောက်ကျွင်းကို မကျော်နိုင်ဘူး၊ သူ မဖြစ်နိုင်ဘူး”

 

“မင်း ကြားပြီလား၊ အဖေကတောင် ဒီလို ပြောနေတာ၊ မင်း ဘာပြောချင်သေးလဲ”

 

အိုးရန်ယုက အိုးရန်လင်းအား မာန်တက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

 

အိုးရန်လင်းက လှောင်ပြုံးသာ ပြုံးနေပြီး ဘာမှမပြောချေ။ သူ့စိတ်ထဲ၌ ကျိတ်၍သာ ပြောနေသည်။

 

*အရူးတွေ အံ့ဩဖို့ စောင့်နေလိုက်တော့*

 

“အဖေ လာရင်းကိစ္စကို မေ့သွားတာလား”

 

လီဟွမ်ဟွမ်က အလျင်အမြန် သတိပေးလိုက်သည်။ ထိုအခါတွင်မှ အိုးရန်ကျန်း လန့်သွားပြီး ခပ်သွက်သွက် မေးလေသည်။

 

“ဒါနဲ့ ယဲ့ဖန် ဘယ်မှာလဲ”

 

“အဲ့ထဲမှာ မဟုတ်ဘူးလား”

 

အိုးရန်လင်းက မျက်မှောင်ကြုတ်သွားသည်။

 

အိုးရန်ကျန်းသည် ထိုစကားကိုကြားသောအခါ မျက်နှာ ပြာနှမ်းသွားသည်။ ဘုရင်အဆင့်လေးနှင့် ထုံထျန်း မျှော်စင်ထဲ ဝင်ခြင်းက သေလမ်းရှာသလို ဖြစ်မနေဘူးလား။

 

“သူက ဘာလို့ အဲ့ကို သွားရမှာလဲ”

 

အိုးရန်ကျန်း မျက်လုံးပြူးလာပြီး စိုးရိမ်စိတ် ဝင်လာသည်။

 

“ဒါဆို အဖေ ဒီဂျူနီယာတွေကို မေးသင့်တယ်”

 

အိုးရန်လင်းက ခနဲ့၍ ပြောလိုက်သည်။ အိုးရန်ကျန်း တစ်ဖက်လှည့်၍ အိုးရန်ယန်းနှင့် အခြားသူများကို ကြည့်လေ၏။

 

“ငါ့စကားကို မင်းတို့က တစ်ဖက်နားထဲက ဝင်ပြီး နောက်တစ်ဖက်ကနေ ပြန်ထွက်သွားတာလား၊ ဒါမှမဟုတ် ငါ့ကို မင်းတို့က အလေးထားစရာ မလိုဘူးလို့ တွေးတာလား”

 

All Chapters