သတ်ကိုသတ်သင့်တယ်
Vol. 112 Ch. 1670
“ဝုန်း”
ကြောက်စရာကောင်းသော ဖိအားတစ်ခု ရုတ်တရက် ပျံ့လွင့်လာ၏။ ကြီးမားလေးလံသော တောင်တစ်လုံးက အားလုံးအပေါ် ပိကျလာသည်ဟု ထင်မှတ်ရသည်။
“ဒုန်း ဒုန်း’
ဂျူနီယာများသည် ၎င်းဖိအားကို မခံနိုင်သဖြင့် ချက်ချင်း ဒူးထောက်ကျသွားလေသည်။
အိုးရန်ရှန့်ဖုန်း ကဲ့သို့သော အင်မော်တယ် ဧကရာဇ်အဆင့်များသည်လည်း မျက်နှာ အမူအရာများ ပျက်ယွင်း သွားကြပြီး အနည်းငယ် ထိခိုက်နာကျင်ဟန် ပေါ်လာသည်။
“ငါ့ကိုပြောစမ်း၊ ဘာတွေဖြစ်နေတာလဲ၊ ဘာဖြစ်နေတာလဲ မပြောနိုင်ရင် ငါ မင်းတို့ကို ဒီနေရာမှာတင် သတ်ပစ်မယ်”
အိုးရန်ကျန်းသည် ဒေါကန်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ကြွေးကြော်လိုက်သည်။
သူ့မြေးက ပြန်ရောက်လာတာ တစ်ရက်ပင် မပြည့်သေးခင်၌ အသတ်ခံရမည့်အဖြစ်ကို သူ ဘယ်လိုလုပ် လက်ခံနိုင် ပါမည်နည်း။
“အဘိုး ဒါ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး၊ သူကိုယ်တိုင်ကိုက အစ်ကိုကြီးနဲ့ ပြိုင်ချင်နေတာ”
အိုးရန်ယန်းက အသည်းအသန် ပြောလိုက်သည်။
“ဟုတ်တယ်၊ သူက အစ်ကိုကြီးရဲ့ စစ်ဖာ ချင်းယွင်ကို လိုချင်နေလို့ သူ အစ်ကိုကြီးနဲ့ ပြိုင်ဖို့ ကမ်းလှမ်းခဲ့တာ၊ သူ့ဘာသာ သေတွင်းတူးတာမို့ ကျွန်တော်တို့နဲ့ မဆိုင်ဘူးလေ”
“ဟုတ်တယ် အဘိုး ကျွန်တော်တို့ သူ့ကို အကြံပေးပါသေးတယ်၊ ဒါပေမဲ့ သူဘာသာသူ လုပ်တာတော့ ကျွန်တော်တို့ မတတ်နိုင်ဘူးလေ”
အခြားသူများက တစ်ယောက်ပြီး တစ်ယောက် အလျင်အမြန် ပြောလာပြီး သူတို့နှင့် မဆိုင်ကြောင်း သက်သေ ထူလာ၏။ ထို့အပြင် ယဲ့ဖန်က သေပြီးပြီ ဖြစ်သဖြင့် သူတို့ ဘာမှမဟသရွေ့ ဘာဖြစ်သွားသလဲ မည်သူမှ မသိနိုင်ပါ။
“ဝမ်းကွဲအစ်ကိုကို ဒီမှာ လေ့ကျင့်ခွင့်မပေးဘဲ မောင်းထုတ်တာ အစ်ကိုကြီးပါ၊ ဝမ်းကွဲအစ်ကိုက လက်မခံနိုင်လို့ အစ်ကိုကြီးနဲ့ ပြိုင်ဖို့ ကမ်းလှမ်းတာပါ”
အိုးရန်မိန်လင်က အသံခပ်တိုးတိုးဖြင့် ပြောလာသည်။ လက်ရှိတွင် သူသည် ယဲ့ဖန် သေသွားပြီဟု ထင်နေ၏။
ထို့ကြောင့် သူမတို့ မိသားစုနှင့် အိုးရန်ယု၏ မိသားစုကြားမှ ပူးပေါင်းမှုက ချက်ချင်း ပြိုလဲသွားလေပြီ။ ယခုက ပြန်လည် တိုက်ခိုက်ရမည့် အချိန်ပင်။
“ရဲတင်းလိုက်တာ”
သူ့မြေးက အကျင့်စရိုက်ကောင်းကြောင်း သူ သိသည်။ ဘယ်လိုလုပ် သူက အရင် ပြဿနာ ရှာမည်နည်း။ အိုးရန် ရှောက်ကျွင်းကသာ အရင် ပြဿနာ ရှာခဲ့ခြင်း ဖြစ်မည်။
“ဒီခွေးတိရစ္ဆာန်ကောင် သေသင့်တယ်”
အိုးရန်ကျန်းသည် လူသတ်ချင်စိတ် ပြင်းထန်လာပြီး ထုံထျန်းမျှော်စင်ထဲ ပြေးဝင်၍ အိုးရန်ရှောက်ကျွင်းကို သတ်ရန် ပြင်လေသည်။
“အဖေ မလုပ်ပါနဲ့၊ အခု အိုးရန်ရှောက်ကျွင်းက ကျွန်တော်တို့ အိုးရန်မျိုးနွယ် မြင့်တက်လာနိုင်မယ့် ထောက်တိုင်လေ၊ သူ့ကို သတ်လို့မဖြစ်ဘူး”
အိုးရန်ယုက အသည်းအသန်ပြောကာ အိုးရန်ကျန်းရှေ့၌ အလျင်အမြန် ဒူးထောက်လေသည်။
“ဖယ်စမ်း”
အိုးရန်ကျန်း၏ ဒေါသက ထိန်းမရတော့ချေ။ သူသည် တစ်ချိန်က သူ့သမီးဖြစ်သူအပေါ် အကြွေးတင်ခဲ့ပြီး ယဲ့ဖန်ကလည်း အပြင်၌ ဒုက္ခများ ကြုံတွေ့ခဲ့ရသည်။
ဤကလေးကို သူ စိတ်ချမ်းသာအောင် ပြန်ထားနိုင်ပြီဟု တွေးခဲ့သော်လည်း သူ၏ ဉာဏ်မရှိသော မြေးများက ပြန်ရောက်လာတာ တစ်ရက်ပင် မရှိချင်သေးသော ထိုကလေးအား သတ်နေကြသည်။ သူ ဘယ်လိုလုပ် မမုန်းဘဲ နေပါမည်နည်း။
“ဒုန်း ဒုန်း”
ထိုစဉ် မျိုးနွယ်ဝင်များကလည်း အိုးရန်ကျန်းရှေ့၌ ဒူးထောက်လာ၏။ အားလုံး၏ မျက်နှာတွင် ဝမ်းနည်း၍ မခံမရပ်နိုင် ဖြစ်ဟန်များ ပေါ်နေသည်။
“မိသားစုခေါင်းဆောင် ကောင်းကင်ဘုံနဲ့ တိုက်ခိုက်ချင်တဲ့ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ကို မေ့သွားပြီလား၊ အခု အိုးရန်ရှောက်ကျွင်းက ကျွန်တော်တို့ ဦးမော့လာနိုင်မယ့် မျှော်လင့်ချက်ပါ၊ သတ်လို့ မရပါဘူး”
“ဟုတ်ပါတယ် မိသားစုခေါင်းဆောင် ကြမ်းကြုတ်ပါတယ်ဆိုတဲ့ ကျားတောင် သူ့ကလေးကို ပြန်မစားပါဘူး၊ အိုးရန်ရှောက်ကျွင်းက ခင်ဗျားရဲ့ မြေးအရင်းပါ၊ သူ့ကိုယ်ထဲမှာ ခင်ဗျားရဲ့သွေးတွေ စီးနေတာပါ၊ သူက အပြင်လူထက် ပိုမသာလို့လား”
“ရှင်းရှင်းပြောရရင် ခင်ဗျား အိုးရန်ရှောက်ကျွင်းကို သတ်ချင်တယ်ဆိုရင် ကျုပ်တို့ကို အရင် သတ်လိုက်ပါ”
မျိုးနွယ်ဝင်များအားလုံးသည် စိတ်လှုပ်ရှားနေကြပြီး လက်မလျှော့ချင်ကြပေ။
လက်ရှိတွင် သူတို့ရင်ထဲ၌ အိုးရန်ရှောက်ကျွင်း၏ အဆင့်အတန်းက အိုးရန်ကျန်းထက်ပင် သာလွန်နေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကောင်းကင်ဘုံအား ပြန်လည်၍ တိုက်ခိုက်ချင်ပြီး သူတို့ဘိုးဘေး၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းကာ ထိုသူများအား ပြန်လည် ပေးဆပ်ရအောင် လုပ်ချင်ကြသည်။
“မင်းတို့ ...”
အိုးရန်ကျန်း အံကြိတ်လိုက်မိကာ မျက်နှာထားက ပျက်ယွင်းနေသည်။
မျိုးနွယ်ဝင်များအားလုံးက သူ့ရှေ့၌ရပ်ကာ တားဆီးနေကြသည်။ ဤသည်က ဖိအားပေးခြင်းပင်။
အကယ်၍ သူသာ အိုးရန်ရှောက်ကျင်းကို တကယ် သတ်လိုက်လျင် မိသားစုတစ်ခုလုံး ဖရိုဖရဲ ဖြစ်လာမည်ကို စိုးရသည်။
ထိုအခိုက်တွင် အိုးရန်ယုက စဉ်းလဲသောမျက်နှာထားဖြင့် ပြုံးနေသည်။ သူ့အဖေ မတတ်သာဘဲ လက်ခံရမည်ကို ကြိုသိနေပုံ ရသည်။
“မင်း သားကောင်းတစ်ယောက်ကို မွေးခဲ့တာပဲ”
အိုးရန်ကျန်းက အိုးရန်ယုကို ခပ်မာမာ ကြည့်လိုက်ပြီးနောက် ငေါက်ငမ်းလေသည်။
“ဖယ်စမ်း ငါ လူကယ်ရမယ်”
လူတိုင်း အချင်းချင်း တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ပြီးနောက် အင်တင်တင်ဖြင့် လမ်းဖယ်လိုက်ကြသည်။
*လူကယ်မယ်ဟုတ်လား*
*အဲ့ကောင် သေနေပြီ မဟုတ်လား*
အိုးရန်ယုက လှောင်ပြုံး ပြုံးလိုက်သည်။
*အခုမှ ခင်ဗျား သွားရင်လည်း သူ့အရိုးအချို့ကိုပဲ ကောက်လို့ရတော့မှာပေါ့*
“အဖေ အဲ့လိုလုပ်ဖို့ မလိုပါဘူး၊ အဲ့ကောင်လေးက အဖေ ထင်သလို ပျော့ညံ့တဲ့ကောင် မဟုတ်ဘူး”
ထိုစဉ် အိုးရန်လင်းက သူ့ကို တားလာသည်။ အိုးရန်ကျန်းက သူ့ကို မယုံသလို ကြည့်လိုက်သည်။
“မင်း ဘာပြောနေသလဲရော သိရဲ့လား၊ အဲ့ကောင်လေးက ဘုရင်အဆင့်ပဲ ရှိတာလေ”
“အဲ့တော့ ဘာဖြစ်လဲ အဖေ၊ သူက ဘယ်သူ့သားလဲဆိုတာကို အဖေ မမေ့လိုက်နဲ့ဦး”
အိုးရန်လင်းက ပြန်လည် ချေပလိုက်ပြီး ဒူးထောက်နေသောသူများအား အေးစက်စွာ ကြည့်လိုက်သည်။
“မင်းတို့အရူးတွေ မျက်လုံးကို သေချာဖွင့်ပြီး ကြည့်ထားကြ၊ မကြာခင် မင်းတို့ ခွေးမျက်လုံးက လူတွေကို ဘယ်လို နိမ့်ကျတဲ့အမြင်နဲ့ ကြည့်ခဲ့လဲ သိလာလိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူသည် မျက်လုံးကိုမှိတ်၍ ဘာမှဆက်မပြောတော့ပေ။
သူ့စကားကြောင့် အိုးရန်ကျန်း အံ့ဩသွားသည်။ သို့သော် သူ့သား၏ တည်ငြိမ်သော ဟန်ပန်ကိုမြင်ပြီး သူ စိတ်လိုက်မာန်ပါ ဆက်မလုပ်တော့ချေ။
တစ်ဖက်တွင်မူ အိုးရန်ယန်းနှင့် အခြားလူငယ်များက ထီမထင်သော အပြုံးများနှင့် ဖြစ်နေကြသည်။
*ယဲ့ဖန်က အိုးရန်ချင်ရွှယ်ရဲ့ သားဖြစ်တော့ ဘာဖြစ်လဲ*
*သူက အမှိုက်ကောင်ပဲလေ*
*အဲ့အမှိုက်ကောင် အသက်ရှင်နိုင်လိမ့်မယ်လို့ အိုးရန်လင်းက ထင်နေတာလား ဟာသပဲ*
ထိုစဉ် အိုးရန်ရှောက်ကျွင်းသည် လှေကားမှ ရုတ်တရက် လေတိုးလာသည်ကို သတိထားမိပြီး တစ်စုံတစ်ရာက ခုနစ်ထပ်သို့ တက်သွားသည်ကို မြင်လိုက်ရသည်။
“ငါပဲ အမြင်မှားတာလား”
သူ မသိမသာ မျက်မှောင်ကြုတ်သွားသော်လည်း စိတ်ထဲ သိပ်မထားပေ။
မျိုးနွယ် စတင် တည်ရှိလာပြီးကတည်းက ခုနစ်ထပ်သို့ တက်နိုင်သူဟူ၍ အိုးရန်ချင်ရွှယ် တစ်ဦးတည်းသာ ရှိခဲ့ပြီး အခြား ဘယ်သူမှ မတတ်နိုင်ခဲ့ပေ။
ရုတ်တရက် အိုးရန်ချင်ရွှယ်သည် အပြင်ဘက်မှ အသံများကို ကြားသွားပြီး လူအုပ်ကြီး၏ စိတ်အား ထက်သန်သော ပြောဆိုသံများ ဆက်လက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
သူ့မျက်နှာတွင် ဘဝင်ခိုက်သော အမူအရာ ပေါ်လာ၏။
“ကြည့်ရတာ သူတို့ ငါ့စွမ်းဆောင်ရည်ကို မြင်သွားပြီနဲ့တူတယ်၊ ငါ အနာဂတ် မိသားစုခေါင်းဆောင် အလောင်းအလျာအဖြစ် လေ့ကျင့်ခံရဖို့ သိပ်ကြာတော့မှာ မဟုတ်ဘူး”
ဤသည်ကိုတွေးမိပြီးနောက် သူ့မျက်နှာပေါ်မှ အပြုံးက ပို၍ ပီပြင်လာသည်။
“ငါ ပြန်ဆင်းရမယ့်အချိန် ရောက်ပြီနဲ့ တူတယ်”
ယဲ့ဖန်ကိုမူ သူ မေ့ထားသည်မှာ အတော်ကြာပြီ ဖြစ်သည်။ သူ့စိတ်ထဲ၌ ယဲ့ဖန် သေကောင်း သေနေလောက်ပြီဟု တွေးထားသည်။
သို့သော် သူ မသိလိုက်သည်က လက်ရှိတွင် ယဲ့ဖန်က ခုနစ်ထပ်မြောက်၌ ရပ်နေခြင်းပင်။
ထိုအထပ်မှ စိတ်ဝိညာဉ် ဖိအားသည် ကမ်းစပ်ကို ရိုက်ခတ်နေသော ပြင်းထန်သည့် လှိုင်းလှုံးကဲ့သို့ ယဲ့ဖန်၏ ခန္ဓာကိုယ်အား အဆက်မပြတ် ရိုက်ခတ်နေသည်။
သူတောင်မှ အနည်းငယ် မောပန်းသလို ခံစားနေရသည်။ သူ၏ လမ်းလျှောက်နှုန်းပင် မသိမသာ နှေးလာ၏။
“ဒါ ခုနစ်ထပ်ရဲ့ မြင်ကွင်းလား”
အိုးရန်ယွင် အလွန် မှင်တက်အံ့ဩနေသည်။ သူ့အရှေ့၌ ကမ္ဘာငယ် တစ်ခု ရှိနေပြီး ၎င်းက ရှေးခေတ်နှင့် တူနေသလိုပင်။
တောင်တန်းများနှင့် ချိုင့်ဝှမ်းများက တစ်ခုနှင့်တစ်ခု ထပ်ဆင့်တည်ရှိနေပြီး ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအင်နှင့်အတူ သားရဲများစွာ ရှိနေ၏။
ကြယ်တာရာများနှင့် လရောင်က ကူးလူးဖြတ်သန်းနေပြီး တိမ်တိုက်များက လှပစွာ ဝေ့ဝဲနေ၏။
ဤမြင်ကွင်းက နတ်ပြည်အလား လှပပေသည်။
ယင်းက အိုးရန်ယွင်ကို အံ့အားသင့်သွားစေသည်။
ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် သူမ ဤနေရာကို ဘယ်သောအခါမှ ရောက်နိုင်မည် မဟုတ်သလို ဤသို့ လှပသည့် မြင်ကွင်းကိုလည်း မြင်ရမည် မဟုတ်ပါ။
“ငါ့ခြေလှမ်းနောက်က လိုက်ခဲ့၊ ငါနဲ့ နှစ်မီတာထက်ပိုပြီး မဝေးစေနဲ့”
ယဲ့ဖန်က အိုးရန်ယွင်ကို သတိပေးလိုက်သည်။ ဤနေရာမှာ စိတ်ဝိညာဉ် ဖိအားကို သူတောင်မှ အန္တရာယ် ရှိသည်ဟု ခံစားမိသည်။ အကယ်၍ အိုးရန်ယွင်သာ သူ့အရိပ်အောက်မှ လွတ်သွားပါက ချက်ချင်း ပေါက်ကွဲ သေဆုံးသွားလောက်သည်။
အိုးရန်ယွင် အသည်းအသန် ခေါင်းညိတ်၍ သူ့ခြေလှမ်းအတိုင်း အနောက်မှ ခပ်သွက်သွက် လိုက်သွားသည်။
ယဲ့ဖန်သည် သူ့အရှေ့မှ လှပသော မြင်ကွင်းကို မမြင်ချင်ယောင် ဆောင်ထားပြီး ဤနေရာ၌ ကျင့်ကြံချင်စိတ် မရှိပေ။ ယခု သူ့တွင် သူ့မိခင်၏ လက်ရေးစာကိုသာ ရှာချင်သည့် စိတ်သာ ရှိ၏။
ထောင့်တစ်နေရာ၌ ဖုန်တက်နေသော အဝတ်ရုပ်လေးကို တွေ့လိုက်ရသည်။ ၎င်းသည် အလွန် ဟောင်းနွမ်းနေပြီး သမိုင်းတစ်ခု ရှိခဲ့မည့်ပုံပင်။
၎င်းအရုပ်၏ အထက်၌ ခပ်တိုတို စာသားတစ်ခုသာ ရှိသည်။
“အနာကျင်ရဆုံးအရာက စိတ်နှလုံး ပူဆွေးရခြင်းပဲ”
ထိုစာသားကိုမြင်သော် ယဲ့ဖန်၏ နှလုံးသားက သွေးစိမ်းရှင်ရှင် ယိုစီးလေတော့သည်။
“ဒါ ဘာကို ဆိုလိုချင်တာလဲ”
အိုးရန်ယွင်သည် ထိုစာသားကို မြင်သောအခါ မကောင်းသော ခံစားချက်ကို ရလိုက်သည်။
ထိုစာသား၌ ဝမ်းနည်းစိတ်နှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ ပြည့်နှက်န၏။
“ဒီအရုပ်က အမေ့ကို အဘိုး ပေးထားတာ ဖြစ်လိမ့်မယ်၊ အမေက ဒါကို ထားခဲ့ပြီး ဒီလို စာသား ချန်ခဲ့တယ်ဆိုတော့ မိသားစုအပေါ် လက်လျှော့လိုက်ပြီလို့ ဆိုလိုတာပဲ”
ယဲ့ဖန်က အလေးအနက် ပြောလာသည်။ ထို့နောက် သူက ရုတ်တရက် နောက်လှည့်၍ အိုးရန်ယွင်အား စူးစိုက်ကြည့်လိုက်သည်။
“ဘယ်လို နှိပ်စက်နည်းမို့လို့ လူတစ်ယောက်က မိသားစုအပေါ် လက်လျှော့လိုက်ရတာလဲ”
အိုးရန်ယွင် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကြောက်လန့်တကြား ပြန်ပြောလေသည်။
“နင့်အမေက အိုးရန်မျိုးနွယ်က ထွက်သွားချင်လို့ ထွက်သွားတာ မဟုတ်ဘဲ ဖိအားပေးခံရလို့ မတတ်သာဘဲ ထွက်သွားရတာလား”
သူမ အရာအားလုံးကို နားလည်သွားသည်။
အိုးရန်ကျန်းက အိုးရန်ချင်ရွှယ်အား လူသတ်အောင် ဖိအားပေးခဲ့သည်။ သူမအား တစ်မိသားစုလုံးကို ဦးဆောင်ရန် ဖိအားပေးခဲ့သည်။
သို့သော် အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုက သူမကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့ပြီး သူမကို သတ်ရန်ပင် ကြိုးစားခဲ့သည်။
တစ်ဖက်တွင် သူမသည် နယ်မြေကို ချဲ့ထွင်နေရပြီး မိသားစုအတွက် အောင်မြင်အောင် လုပ်နေရသည်။ ကျန်တစ်ဖက်၌ သူမသည် မောင်နှမသားချင်းများ၏ နောက်ကျောမှ ဓားဖြင့်ထိုးမည့် လုပ်ရပ်များကိုလည်း သတိထား နေရပြန်သည်။
ဤသည်က မည်သူမဆိုအတွက် စိတ်မောစရာပင်။ နောက်ဆုံးတွင် သူမ အလွန် ပင်ပန်းသွားလေသည်။
သူမ ဤသို့သော လျှို့ဝှက်ကြံစည်မှုများကို စိတ်ကုန်သွားသလို သူမ မောင်ငယ်များ၏ ရက်စက်သော လုပ်ကြံမှုများကိုလည်း စိတ်ပျက်သွားလေပြီ။
အကယ်၍ သူမ ထွက်မသွားခဲ့ပါက သည်းမခံနိုင်တော့ဘဲ အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ကို တကယ် သတ်မိ လောက်သည်။
“ငါ အားလုံးကို နားလည်ပြီ၊ တကယ်တော့ ဒေါ်လေးက သူကိုယ်တိုင် ထွက်သွားချင်တာ မဟုတ်ဘဲ ထွက်သွားဖို့ ဖိအားပေး ခံခဲ့ရတာကိုး”
အိုးရန်ယွင် မြေကြီးပေါ် လဲကျသွားပြီး မျက်ရည်များ စီးကျလာကာ စိတ်ထဲ၌ ဝမ်းနည်းလာ၏။
အစက အိုးရန်ချင်ရွှယ် ထွက်သွားချိန်တွင် အသည်းမာလွန်းသည်ဟု တွေးခဲ့မိသည်။ မျိုးနွယ်တစ်ခုလုံးက သူမကို တားဆီး၍ ဆွဲထားသော်လည်း သူမကို စိတ်ပြောင်းအောင် မလုပ်နိုင်ခဲ့ချေ။
ထိုအကြောင်းပြချက်ကြောင့် သူတို့သည် အိုးရန်ချင်ရွှယ်အား အချိန်အတော်ကြာအောင် မုန်းတီးခဲ့ပြီး အိုးရန်ချင်ရွှယ်က မျိုးနွယ်ကိုပင် စွန့်ပစ်သည်အထိ အသည်းနှလုံး မဲ့လှသည်ဟု တွေးခဲ့ကြသည်။
သို့သော် တကယ်တမ်း၌ အိုးရန်ချင်ရွှယ်က ဖိအားကြောင့် မောင်းထုတ်ခံလိုက်ရခြင်း ဖြစ်သည်။ ရှင်းပြခွင့်ပင် မပေးဘဲ သူမအား နာမည်ညစ်ထေးအောင် လုပ်ခဲ့မိသည်။
“မင်း မှားနေပြီ”
ယဲ့ဖန်က ခေါင်းခါ၍ ဒေါသတကြီးဖြင့် နံရံကို ရိုက်ချလိုက်သည်။ ထိုအခါ အိုးရန်ချင်ရွှယ် ချန်ထားခဲ့သော စာများ ချက်ချင်း ပျက်စီးကာ ပျောက်ကွယ်သွားသည်။
“နင် …”
အိုးရန်ယွင်က ယဲ့ဖန်ကို တအံ့တဩ ကြည့်လိုက်သည်။ ထို့နောက် အိုးရန်ယွင် ပြန်ကြည့်လိုက်သောအခါ နံရံပေါ်၌ စာများ ထပ်ရှိနေသည်ကို တွေ့လိုက်ရသည်။
လက်ရေးက သော့ရေးထားသော လက်ရေးဖြစ်ပြီး လူတကာ မယှဉ်နိုင်သော ထည်ဝါမြင့်မြတ်မှုတို့နှင့်အတူ လူသတ်ချင်သော အငွေ့အသက်များ ပါဝင်နေသော စာသား ဖြစ်သည်။ ထိုစာသား၌ စကားလုံး လေးလုံးသာ ပါ၏။
“သတ်သင့်တယ်၊ သတ်ကိုသတ်ရမယ်”
သူသည် မောင်ငယ်များအပေါ် ချစ်ခင်စိတ်ရှိသော အိုးရန်ချင်ရွှယ်လို မဟုတ်ပါ။ ထို့ကြောင့် သူ တွေဝေနေမည် မဟုတ်သလို စိတ်ထား ပျော့ပျောင်းနေမည် မဟုတ်ပါ။
*သတ်မယ်*
*သေကိုသေသင့်တယ်*
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်ချင်သည့် အငွေ့အသက် ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် အိုးရန်ယွင်သည် အလောင်းတောင်နှင် သွေးပင်လယ်ထဲ ရောက်သွားသလို ခံစားရကာ ကြောက်ရွံ့လာ၏။
*လူသတ်ချင်နေတဲ့အကြည့်ပါလား*
*ပြင်းထန်လိုက်တာ*
*ဒီလူက ကြောက်ဖို့ကောင်းတာပဲ*
*မှားနေပြီ*
*လုံးဝ မှားနေပြီ*
အိုးရန်ယွင်သည် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အစက သူမသည် ယဲ့ဖန်ကို ချီးထုပ်ကောင်ဟု ထင်ခဲ့ပြီး ပြန်လည်၍ အာရုံမစိုက်ခဲ့ချေ။
မနေ့ညက ယဲ့ဖန်၏ အကြံအစည်ကြောင့် သူမ အလွန် ရွံမုန်းမိသည်။ တကယ်တမ်း၌ သူက ညှာတာ ထောက်ထားနေခြင်းသာ။
သူ တကယ်သတ်ချင်လျင် အိုးရန် ရှောက်ကျွင်း အပါအဝင် သူမတို့အားလုံးက သူ၏ ပြိုင်ဘက် မဖြစ်နိုင်ပါ။ မနေ့ညက သတိပေးခြင်းသာ ဖြစ်သည်။ ထို့အတူ သက်ညှာမှု ပေးလိုက်ခြင်းပင်။
သို့သော် ယခုအခါ၌ ဤနတ်ဆိုး၏ ချုပ်ထိန်းထားမှုက ပျက်ပြယ်သွားလေပြီ။