← Chapters

အိမ်ထဲသို့ ဝံပုလွေ ခေါ်သွင်းမိခြင်း

Vol. 112 Ch. 1671

အိမ်ထဲသို့ ဝံပုလွေ ခေါ်သွင်းမိခြင်း

Vol. 112 Ch. 1671

*အိမ်ထဲကို ဝံပုလွေ ခေါ်မိတာပဲ*

ဤသည်က အိမ်ထဲသို့ ဝံပုလွေ အဝင်ခံလိုက်သည့် အဖြစ်ပင်။

သူတို့သည် ကောင်းကင်ဘုံအား ဆန့်ကျင့်နေရင်းနှင့် နတ်ဆိုးကို သွားဆွမိခဲ့လေပြီ။

အိုးရန်ယွင်သည် ယခင်က ယဲ့ဖန်ကို အိုးရန်မျိုးနွယ်ထဲသို့ မကြိုဆိုခဲ့သော်လည်း ယခု ပို၍တောင်မှ မလိုလား တော့ပေ။

အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့က ယဲ့ဖန်၏ မိခင်အပေါ် ဤသို့သော လုပ်ရပ်များ လုပ်ထားခဲ့ပြီး သူမအား မိသားစုတွင်းမှ ကသိကအောက်ဖြစ်၍ ထွက်သွားအောင် ဖိအားပေးခဲ့ကာ ယုတ်မာသိမ်ဖျင်းမှု၊ အရှက်ရမှုနှင့် ဝမ်းနည်းမှုတို့အား ခံစားစေခဲ့သည်။ သူမအား လမ်းပျောက်နေသော ခွေးတစ်ကောင်လို ဖြစ်အောင် လုပ်ခဲ့သည်။

ယခု သူမသား ပြန်ရောက်လာလေပြီ။ သူမ၏ ခွန်အားနှင့် ထူးချွန်မှုတို့ကို သူ အမွေ ဆက်ဆံရရှိသော်လည်း သူမ၏ ကြင်နာတတ်သော စိတ်နှလုံးမျိုး သူ့တွင် မရှိပါ။

အိုးရန်မျိုးနွယ် အန္တရာယ်ထဲ ကျရောက်ပေတော့မည်။

လက်ရှိအချိန်၌ ယဲ့ဖန်၏ မျက်လုံးများက အိုးရန်ယွင်ပေါ် ကျရောက်နေကာ လူသတ်ချင်စိတ်များ ပေါ်နေ၏။

ထိုအခိုက်တွင် အိုးရန်ယွင် ရေခဲအိုင်ထဲ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အေးစက် တောင့်တင်းကာ ကြက်သေ သေနေမိသည်။

“ငါ့ခွန်အားအစစ်ကို မင်း အများသိအောင် မပြောပြသင့်ဘူးလို့ ထင်တယ် မဟုတ်လား”

ယဲ့ဖန်က အပြုံးနှင့် မေးလိုက်သည်။ အိုးရန်ယွင်၏ ခန္ဓာကိုယ်က တောင့်တင်းလာသည်။ နတ်ဘုရင်အဆင့် ဖြစ်သော သူမသည် လက်ရှိတွင် အလွန် ပြင်းထန်သော ဖိအားကို ခံစားမိနေပြီး လှုပ်ပင် မလှုပ်နိုင်ချေ။

*အင်မော်တယ် ဧကရာဇ်*

*ဒီလူက သေချာပေါက်ကို အင်မော်တယ် ဧကရာဇ်အဆင့်ပဲ*

*သူ့အမေရဲ့ ပါရမီကို သူ အပြည့်အဝ ဆက်ခံထားတာပဲ၈

*ဒါမျိုး အရင်က တစ်ခါမှ မဖြစ်ဖူးဘူး*

ထို့နောက် အိုးရန်ယွင်က မချိပြုံးပြုံး၍ မျက်ရည်လည်ရွဲဖြင့် ပြောလိုက်သည်။

“နင် ငါ့ကို ခြိမ်းခြောက်တယ်၊ အီးဟီးဟီး …”

ယဲ့ဖန် အံ့ဩသွားသည်။

*ဒီကောင်မလေး အေးစက်ပြီး မာနကြီးတဲ့ပုံကနေ အရူးမပုံကို ခဏလေးနဲ့ ပြောင်းနိုင်ပါလား*

*ဘယ်လိုလုပ် ဒီလို ထူးဆန်းတဲ့ ကိစ္စမျိုး ရှိနေတာလဲ*

“သမီး မသေချင်ဘူး၊ အမေရေ … အဖေရေ”

အိုးရန်ယွင်က မိဘများ သေသွားသကဲ့သို့ ခေါင်းမော့၍ အသည်းအသန် ငိုကြွေးလေသည်။

ယဲ့ဖန်၏ မျက်နှာ မည်းမှောင်သွားသည်။

“ဒေါ်လေးရေ၊ ဒေါ်လေးရဲ့သားက ကျွန်မကို သတ်တော့မယ်၊ ဒေါ်လေးက ကျွန်မကို အချစ်ဆုံး ဖြစ်ခဲ့ပင်မယ့် ဒေါ်လေးရဲ့ သားကတော့ ကျွန်မကို သတ်မလို့တဲ့”

အိုးရန်ယွင် ငိုနေလေသည်။

“ပါးစပ်ပိတ်ထား”

ယဲ့ဖန် ဒေါသတကြီး အော်လိုက်ပြီး အသံက မာ၍ လူသတ်ချင်စိတ် ပေါက်နေ၏။

အိုးရန်ယွင် ပါးစပ်ပိတ်သွားပြီး ကြောက်နေသော မျက်နှာနှင့် တစ်ကိုယ်လုံး တုန်နေကာ သတိထား၍ ပြောလိုက်သည်။

“ငါက နင့်ဝမ်းကွဲနော်၊ နင် ငါ့ကို သတ်လို့မရဘူး”

ယဲ့ဖန် စိတ်ပျက်လက်ပျက်နှင့် အကြည့်လွှဲ၍ မေးလိုက်သည်။

“မင်းအသက် ဘယ်လောက်လဲ၊ ဝမ်းကွဲအစ်မ”

“ငါတို့ အိုးရန်မျိုးနွယ်က လူသားတွေနဲ့ မတူဘူး၊ ပုံမှန်ဆိုရင် အိုးရန်မျိုးနွယ်တွေက နှစ်တစ်သောင်းကျော် အသက်ရှင်နိုင်တယ်၊ ငါက ဒီနှစ်မှာ အသက် ခြောက်ရာပဲ ရှိသေးတာ”

အိုးရန်ယွင်က ခပ်တိုးတိုး ပြောသည်။ ယဲ့ဖန် အံ့ဩသွားသည်။ နှစ်ထောင်ချီ၍ အသက်ရှင်နိုင်သော မျိုးနွယ် ပါတကား။ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည်က အံ့ဩစရာ မဟုတ်တော့ချေ။ သူတို့၏ သက်တမ်းက အံ့ဩစရာ ကောင်းလှနေလေပြီ။

“ဒီနေ့ ဘာဖြစ်ခဲ့သလဲ ဆိုတာကို မပြောဘူးဆိုရင် ငါ မင်းကို မသတ်ဘူး”

ယဲ့ဖန် ပြောလိုက်သည်။

“ငါ မပြောပါဘူး”

အိုးရန်ယွင်က အလျင်အမြန် ကတိပေးလိုက်သည်။ ထို့နောက် တစ်ချိန်တည်းမှာပင် သူမ သတိဖြင့် မေးလေသည်။

“နင် အိုးရန်ရှန့်ဖုန်းနဲ့ အိုးရန်ယုကို ရှင်းထုတ်ဖို့ ကြံထားလား”

“သတ်မှာ၊ အားလုံးကို သတ်ပစ်မှာ”

အိုးရန်ယွင် မျက်နှာဖြူရော်သွားပြီး တစ်ခုခု ပြောရင် ပြင်လိုက်သော်လည်း ယဲ့ဖန်က သူမကို တွန်းထုတ် လိုက်သဖြင့် ခြောက်ထပ်သို့ တန်း၍ ပြုတ်ကျသွားသည်။

အိုးရန်ယွင် အသိပြန်ဝင်လာချိန်၌ ခြောက်ထပ်မြောက်၏ လှေကားရင်းသို့ ရောက်ပြီးနေလေသည်။ အိုးရန်ယွင် သက်ပြင်းချကာ ရွေးချယ်စရာ မရှိသဖြင့် မျှော်စင်အောက်သို့ ပြန်ဆင်းသွားလိုက်သည်။

ထိုအခိုက်တွင် အိုးရန်ရှောက်ကျွင်းသည်လည်း ထုံထျန်းမျှော်စင်ထဲမှ ဆင်းလာပြီး တံခါးရှေ့သို့ ရောက်နေကာ မျက်နှာတွင် ဘဝင်ခိုက်နေသော အပြုံးမျိုး တွဲခိုနေ၏။

သူ တံခါးကို ဖွင့်နေသည့်အချိန်၌ လက်ခုပ်ဩဘာသံများနှင့် အားပေးသံများကို မျှော်လင့်နေ၏။ သို့သော် သူ အားလုံးရှေ့သို့ ပေါ်လာသောအခါ လူတိုင်း၏ အမူအရာက ဇဝေဇဝါ ဖြစ်နေကြသည်။

လက်ခုပ်ဩဘာသံများနှင့် အားပေးသံများ ထွက်မလာဘဲ အားလုံးက အိုးရန် ရှောက်ကျွင်းကိုသာ စိုက်ကြည့်နေပြီး ထိုအကြည့်တွင် ထိတ်လန့်ဟန်နှင့် မယုံနိုင်ဟန်များ ပါဝင်နေသည်။

သူတို့ပုံစံက မယုံနိုင် ဖြစ်နေသည့်ပုံပင်။

အိုးရန်ယု၏ အပြုံးက ချက်ချင်း အေးခဲသွားသည်။

“အိုးရန်ရှောက်ကျွင်း မဟုတ်ဘူးလား၊ အိုးရန်ရှောက်ကျွင်း မဟုတ်ပါလား”

လူတိုင်း မှင်တက်နေကြသည်။ ခုနစ်ထပ်မြောက်ကလူက အိုးရန်ရှောက်ကျွင်း ဖြစ်လိမ့်မည်ဟု သူတို့အားလုံး ထင်ထားခဲ့သော်လည်း လက်ရှိအခြေအနေက မဟုတ်ကြောင်း ပြသနေ၏။

ဤမြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် အားလုံးနီးပါးက အိုးရန် ရှောက်ကျွင်းသည် အိုးရန်ချင်ရွှယ်ကို ကျော်တက်နိုင်ခြေရှိသောသူဟု ယုံကြည်ထား သောကြောင့်ပင်တည်း။

“ဘာဖြစ်တာလဲ”

အိုးရန်ရှောက်ကျွင်း နားဝေတိမ်တောင် ဖြစ်သွားသည်။ အားလုံး၏ တုံ့ပြန်မှုနှင့် ပတ်သက်၍ သူ အလွန်အမင်း မကျေမနပ် ဖြစ်ရသည်။ ထို့နောက် သူသည် အားလုံး၏ အကြည့်အတိုင်း ထုံထျန်းမျှော်စင်သို့ နောက်ပြန် လှည့်ကြည့်လိုက်သည်။

ထိုအခါ မျှော်စင်၏ ထိပ်ဆုံးအထပ်မှ တောက်ပနေသော အလင်းတန်းကို မြင်ပြီး သူ၏ အမူအရာက အေးခဲ တောင့်တင်းသွားသည်။

“ခုနစ်ထပ်မြောက်လား”

အိုးရန်ရှောက်ကျွင်းလည်း အလန့်တကြား အော်လိုက်မိပြီး မျက်လုံးများ ပြူးကျယ်ကာ တုန်လှုပ် သွားလေသည်။

ယခု သူ အရာအားလုံးကို နားလည်သွားလေပြီ။

လူတိုင်း၌ ဤသို့သော အမူအရာမျိုး ဖြစ်ပေါ်နေသည်က အံ့ဩစရာ မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ခုနစ်ထပ်မြောက်သို့ တက်နိုင်သောလူက သူဖြစ်လိမ့်မည်ဟု အားလုံး ထင်နေသောကြောင့်ပင်တည်း။

*ခုနက ငါ မြင်လိုက်တဲ့အရာက ထင်ယောင်ထင်မှား ဖြစ်တာ မဟုတ်ဘူးပေါ့*

*ဘယ်လိုလုပ် အခြားသူက ခုနစ်ထပ်မြောက်ကို တက်နိုင်တာလဲ*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထို့နောက်တွင်မူ အိုးရန် ရှောက်ကျွင်း အံ့ကြိတ်လိုက်မိသည်။ သူ ပိုင်ဆိုင်ထားသင့်သော အထူးအခွင့်အရေးအား လုယူသွားခဲ့သူက ဘယ်သူလဲ။

ယခုကဲ့သို့သောအချိန်၌ သူသည် မျိုးနွယ်ဝင်များ၏ အံ့ဩစိတ်တို့နှင့် ပြောဆိုသံများနှင့် ကျေနပ်အားရနေရမည့် အချိန် ဖြစ်သည်။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

“ခုနစ်ထပ်မြောက်ကို တက်သွားတာက မင်းရဲ့သား မဟုတ်ဘဲ အိုးရန်ယွင် ဖြစ်နေတဲ့ပုံပဲ၊ ဟားဟားဟား … ညီသုံး မင်း သိပ်ပျော်သွားသလား”

အိုးရန်ရှန့်ဖုန်းက အားပါးတရ ရယ်မောနေပြီး စိတ်ထဲ၌ အလွန် ပျော်ရွှင်နေ၏။

အိုးရန်ကျန်း၏ မျက်နှာသာပေးခြင်း ခံရသော မိသားစုက အိုးရန်ယုတို့ မိသားစု မဟုတ်သရွေ့ အရာအားလုံးက အဆင်ပြေပါသည်။

“အိုးရန်ယွင်လား”

အိုးရန်ရှောက်ကျွင်း၏ မျက်နှာတွင် အံ့ဩဟန်တို့ ပေါ်လွင်လာသည်။

*အဲ့ကောင်မလေးက ခုနစ်ထပ်မြောက်ကို တက်နိုင်သွားပြီလား*

*ဘယ်လိုဖြစ်ရတာလဲ*

*အသက်အရွယ်ချင်း ယှဉ်လိုက်မယ်ဆိုရင် သူက အိုးရန်ချင်ရွှယ်ထက် ပိုတော်နေသလို ဖြစ်မနေဘူးလား၊ အတုအယောင်ပဲ*

*ဒါ အတုအယောင်ပဲ ဖြစ်မယ်*

*ဒီလို ဖြစ်လို့မရဘူး*

မျိုးနွယ်တွင်း၌ လူထူးဆန်းနှစ်ယောက်မှလွဲ၍ သူ့အား ကျော်တက်နိုင်သောသူ မရှိချေ။ ဘယ်လိုလုပ် အိုးရန်ယွင်က သူ့ကို ကျော်တက်သွားရသနည်း။

ထိုအခိုက်တွင်လည်း အိုးရန်ရှောက်ကျွင်းသည်လည်း အံ့ဩနေသည်။

အိုးရန်ယွင်သည် အိုးရန်ရှောက်ကျွင်း၏ မျက်လုံးထဲတွင် မထင်ရှားသော လူတစ်ယောက်အဖြစ် မြင်ခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။ တစ်နေ့ သူမက သူ့ကို ကျော်တက်သွားလိမ့်မည်ဟု သူ ထင်မထားမိပါ။

ထိုအချိန်တွင် အိုးရန်ရှောက်ကျွင်းသည်လည်း အိုးရန်ကျန်း၏ မျက်နှာမှ စိတ်ပျက်ဟန်ကို မြင်လိုက်ရသည်။

အိုးရန်ကျန်း ခေါင်းခါလိုက်မိသည်။ မျိုးနွယ်ဝင်များထဲမှ ဖြစ်သော်လည်း သူမက သူ့မိသားစုမှ မွေးဖွားလာသည့် ကလေး မဟုတ်ချေ။

ခွန်အားကိုသာ အလေးထားသော မျိုးနွယ်တွင်း၌ သန်မာသူက အရာအားလုံးကို ချုပ်ကိုင်နိုင်၏။

မိသားစုခေါင်းဆောင် နေရာအား သူ့ညီငယ်၏ မိသားစုထံ လွှဲပြောင်းပေးရတော့မည့်ပုံပင်။

အိုးရန်ကျန်း၏ သူ့အပေါ် စိတ်ပျက်သော အကြည့်ကို မြင်ပြီး အိုးရန်ရှောက်ကျွင်း မျက်နှာပူသလို ခံစားလိုက်ရပြီး မျက်လုံးတွင်း၌ မုန်းတီးစိတ်များ ပြည့်နှက်လာ၏။

*သောက်ကောင်မ ငါ နင့်ကို ဒီအတိုင်း မထားဘူး*

သူ၏ အချိန်ကြာမြင့်စွာ ကြံစည်ထားခဲ့သော အစီအစဉ်က ယခုအချိန်၌ ပျက်စီးသွားလေပြီ။ အဆုံးသတ်၌ သူသည် အခြားသူအတွက် လမ်းခင်းပေးလိုက်သလို ဖြစ်သွားလေပြီ။

သို့သော် လူတိုင်း၏ ထိတ်လန့်မှုက မပြီးသေးချေ။

ထိုသို့သောအချိန်၌ တံခါးက ထပ်ပွင့်လာပြီး အိုးရန်ယွင်က တံခါးဝ၌ ပေါ်လာသည်။

ထိုအခါ လူတိုင်း မျက်လုံးပြူးသွားပြီး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သွားလေသည်။

*အိုးရန်ယွင်လည်း ထွက်လာတာလား*

*ခုနစ်ထပ်မှာ ရှိနေတဲ့လူက အိုးရန်ယွင် မဟုတ်ဘူးလား*

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“သေစမ်းကွာ … ဘာတွေ ဖြစ်နေတာလဲ”

လက်ရှိတွင် အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့တောင်မှ မနေနိုင်ဘဲ ထအော်မိသည်။ တကယ်တမ်းတွင် သူတို့သည် ဘာတွေ ဖြစ်နေသလဲ ရိပ်စားမိသော်လည်း လက်မခံနိုင်ခြင်းသာ ဖြစ်၏။

ခုနစ်ထပ်၌ ရှိနေသူက ထိုအမှိုက်ကောင် ဖြစ်နေသည်ကို သူတို့ လက်မခံနိုင်ကြချေ.

“မမလေး အိုးရန်ယွင်လည်း ထွက်လာတယ်ဆိုတော့ မဟုတ်မှလွဲရော ခုနစ်ထပ်မြောက်က လူက …”

ဘေးလူများလည်း ထိတ်လန့်နေကြသည်။ မျိုးနွယ်ဝင်များအားလုံး အံ့ဩကုန်သည်။

*ဧကန္တ ဘုရင်အဆင့်ပဲရှိတဲ့ အဲ့အမှိုက်ကောင်က ခုနစ်ထပ်မြောက်ကို ရောက်နေတာလား*

လူတိုင်း မျက်နှာ ပျက်ယွင်းလာပီး အားလုံး လည်ပင်းညှစ်ခံလိုက်ရသကဲ့သို့ အသက်ရှူမဝ ဖြစ်ကာ ထိတ်လန့်မှုကို စကားလုံးနှင့်ပင် မဖော်ပြနိုင်တော့ပါ။

လူတိုင်းနီးပါး၏ မျက်နှာတွင် ကြောက်ရွံ့ဟန်များ ပြည့်နှက်နေကာ အံ့ဩမှင်တက်ကုန်သည်။

သေပြီဟု သူတို ထင်ထားသော အမှိုက်ကောင်က ခုနစ်ထပ်ကို တက်သွားသည်တဲ့လား။ ဤသည်က မိုးမြေကို ဆန့်ကျင့်နိုင်သည့် အဖြစ်ပင်။

အိုးရန်ကျန်းသည်လည်း အံ့ဩကာ အိုးရန်လင်းအား အထူးတဆန်း ကြည့်လိုက်သည်။ အိုးရန်လင်းက သူ့ကို ခေါင်းသာ ညိတ်ပြလေသည်။

ထိုအမူအရာကပင် အရာအားလုံးကို ရှင်းပြသွားလေ၏။

ထိုအခါ အိုးရန်ကျန်းသည် ဓာတ်လိုက်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တောင့်ကာ လိပ်ပြာပင် လွင့်သွားသည်ဟု ခံစားလိုက်ရသည်။

ယဲ့ဖန်၏ ကျင့်ကြံခြင်းအဆင့်လေးနှင့် ခုနစ်ထပ်မြောက်အား တက်သွားနိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင် ဖြစ်နေ၏။

*ဒီကလေးက သူ့အမေထက် ပိုတော်နေတာလား*

“မဖြစ်နိုင်ဘူး၊ အခြားတစ်ယောက်ယောက် ရှိနေတာ ဖြစ်ရမယ်၊ အဲ့အမှိုက်ကောင် လုံးဝ မဖြစ်နိုင်ဘူး”

အိုးရန်ရှန့်ဖုန်းက သုန်မှုန်နေသော မျက်နှာနှင့် အော်ဟစ်လေသည်။

တစ်ချိန်က အိုးရန်ချင်ရွှယ်က သူ့ကို ကျော်တက်သွားခဲ့ပြီး သူ မျက်နှာသာ မရခဲ့သည့် အဖြစ်ကို သူ လက်မခံနိုင်ခဲ့ပါ။

ယခုလည်း သူမသားက မိခင်နည်းတူ ဖြစ်နေသည်တဲ့လား။

သူက အိုးရန်ချင်ရွှယ်ကို ရှုံးနိမ့်ဖို့ ကံများ ပါလာလေသလား။

လက်ရှိတွင် အိုးရန်ယု၏ မျက်လုံးတွင်လည်း မုန်းတီးစိတ်များ ပြည့်နေကာ အလွန် ဒေါသထွက်နေ၏။

ကလေးဘဝကတည်းက အိုးရန်ချင်ရွှယ်သည် သူ့ထက် ပိုသာလွန်ခဲ့ပြီး နေရာတိုင်း၌ သူ ရှုံးနိမ့်ခဲ့ရကာ သူ့ထက် ဘာမဆို ထူးချွန်နေခဲ့သည်။

ယခု အိုးရန်ချင်ရွှယ်က သူ့ထက် သာရုံသာမက သူမ၏ သားဖြစ်သူကလည်း သူ့သားထက် ပိုသာနေသည်တဲ့လား။ သူ လက်မခံနိုင်ပါ။

အိုးရန်မိန်လင်၏ မျက်နှာ ဖြူရော်သွားသည်။ သူမ ယဲ့ဖန်ကို သတ်လိုက်နိုင်ပြီဟု ထင်ထားသော်လည်း သူက မသေသည့်အပြင် ခုနစ်ထပ်မြောက်ကိုပါ တက်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

“ဟားဟားဟား … မင်းတို့ ရူးနေလား၊ အဲ့ကောင်က ခုနစ်ထပ်ကို တက်နိုင်မယ် ထင်နေလား၊ အစတုန်းက အိုးရန်ချင် … ဒေါ်လေး ခုနစ်ထပ်ကို တက်တုန်းက နတ်ဘုရင်အဆင့်ကို ရောက်နေပြီလေ၊ သူက ဘုရင် အဆင့်လေးပဲ ရှိသေးတာကို ဒေါ်လေးထက် ပိုတော်နေတာလား၊ ဒါ ရူးချင်စရာကောင်းတဲ့ အိပ်မက် သက်သက်ပဲ”

အိုးရန်ရှောက်ကျွင်းက အေးတိအေးစက်ဖြင့် အထင်သေးစွာ ချေပပြောဆိုလိုက်သည်။

သူ့စိတ်ထဲတွင် မိသားစုတွင်းမှ မိစ္ဆာနှစ်ကောင်သာ မျှော်စင်ထဲ၌ ရှိနေသည်ဟု ထင်နေ၏။

သူ့စကားကြောင့် လူတိုင်းလည်း ထိုသို့ဖြစ်လိမ့်မည်ဟု တွေးလာကြသည်။

ဘုရင်အဆင့်လေးက မည်မျှ တစ်မူထူးခြားနေပါစေ ကြောက်စရာကောင်းသော ခုနစ်ထပ်မြောက်အား မတက်နိုင်ပါ။

ထိုနေရာသည် အင်မော်တယ် ဧကရာဇ်အဆင့်ပင် ခြေမချဝံ့သည့် အန္တရာယ်များသော တားမြစ်နေရာပင်။

“အိုးရန်ရီလား ဒါမှမဟုတ် ဝူရို့ဟုန်လား”

အိုးရန်ရီသည် တိုက်ရိုက်မျိုးဆက်ထဲမှ မဟုတ်ပေ။ သူ့မိဘများကလည်း အိုးရန်မျိုးနွယ်၌ အလွန် နိမ့်ကျပြီး ကျင့်ကြံခြင်းအဆင့်ကလည်း စကားထဲ ထည့်ပြောစရာပင် မရှိပါ။

အိုးရန်ရီ၌ သူမတူသော ပါရမီမရှိသော်လည်း သူက အလွန်အမင်း ကြိုးစားအားထုတ်သည်။

ကလေးဘဝမှ လူကြီးဖြစ်သည်အထိ နေ့တိုင်း စားချိန်၊အိပ်ချိန်အတွက် လေးနာရီသာနားပြီး ကျန်အချိန်အားလုံး၌ ကျင့်ကြံအားထုတ်သည်.

အခြားသူများ အိပ်နေချိန်၌ သူ လေ့ကျင့်သလို အခြားသူများ ကစားနေချိန်တွင်လည်း သူ လေ့ကျင့်သည်။ ထို့ကြောင့် သူအား အိုးရန်မျိုးနွယ်တစ်ခုလုံးက အရူးဟု ခေါ်သည်။

အိုးရန်ရီသည် တစ်ခါက နတ်ဘုရင်အဆင့်ဖြင့် အိုးရန်ရှန့်ဖုန်းအား ယှဉ်ပြိုင်ခဲ့သည်။ သူ ရှုံးခဲ့သော်လည်း အိုးရန်ရှန့်ဖုန်းသည်လည်း အတော်လေး အထိနာခဲ့သည်။

ထို့ကြောင့် အိုးရန်ရီသည် မျိုးနွယ်တစ်ခုလုံး၌ နာမည်ကျော်လာပြီး လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

နောက်တစ်ယောက်မှာ ဝူရို့ဟုန်ဖြစ်ပြီး စစ်ပွဲအတွင်း၌ မိဘများ သေသွားသဖြင့် အိုးရန်ကျန်း မွေးစားလိုက်သော မိဘမဲ့ ဖြစ်သည်။

သူမသည် စကားပြောရသည်ကို မကြိုက်သလို အိုးရန်ကျန်းမှလွဲ၍ မည်သူကမှ သူမနှင့် မရင်းနှီးချင်ပေ။ သူမသည် တစ်နေကုန် စာကြည့်တိုက်၌သာ အချိန်ကုန်တတ်သည်။

All Chapters