ကြီးမားသော လက်ဆောင်
Vol. 112 Ch. 1672
သူမ၏ သိုင်းအဆင့်ကလည်း သာမန်လူများထက် ကျော်လွန်သည်။ လေ့ကျင့်ရေး ဧရိယာသို့ သူမ ရောက်လာသည်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ယခုအခါ၌ သူမသည် နတ်ဘုရင်အဆင့်သို့ ရောက်နေခဲ့သည်။
မျိုးနွယ်၏ လူငယ်မျိုးဆက်အတွင်း၌ ထိုလူနှစ်ယောက်သာ ခြောက်ထပ်မြောက်သို့ ခြေချနိုင်ခဲ့သည်။
*မဟုတ်မှလွဲရော သူတို့ ထုံထျန်းမျှော်စင်မှာ ထပ်စမ်းသပ်ကြည့်ဖို့ ပြန်လာကြတာလား*
အိုးရန်ရှန့်ဖုန်းနှင့် အခြားသူများအားလုံးသည် စိတ်ထဲ၌ ယဲ့ဖန် လုံးဝ မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေ၏။
သို့သော် မိုးကောင်းကင်က လူတို့၏ အလိုဆန္ဒကို မလိုက်လျောတတ်ချေ။
ခုနစ်မြောက်မှ အလင်းတန်းက မှိန်သွားပြီး ခြောက်ထပ်မြောက် လင်းလာသည်။ ငါးထပ်၊ လေးထပ်၊ တဖြည်းဖြည်းနှင့် အောက်သို့ ရောက်လာသည်။
ထိပ်ဆုံးထပ်မှလူက အောက်သို့ တဖြည်းဖြည်း ဆင်းလာနေမှန်း သိသာလှသည်။
အိုးရန်ရှန့်ဖုန်းနှင့် အခြားသူများသည် စိုးရိမ်နေသော မျက်နှာများနှင့် စောင့်မျှော်နေ၏။ အောက်သို့ဆင်းလာသူက ဘယ်သူလဲ သိချင်နေကြသည်။
“အဖေ ဘာလို့ စိတ်လှုပ်ရှားနေတာလဲ၊ ဘာပဲဖြစ်ဖြစ် အဲ့ကောင် မဖြစ်နိုင်ပါဘူး၊ သူ စိတ်ဝိညာဉ် ဖိအားကြောင့် သေနေလောက်ပြီ”
အိုးရန်ရှောက်ကျွင်းက စိတ်အေးလက်အေး အမူအရာနှင့် ပြောလာသည်။
အိုးရန်ယုက ဘာမှမပြောချေ။ သူလည်း ထိုသို့တွေးမိသော်လည်း ဝမ်းတွင်းအသိက အဖြစ်အပျက်က ထင်သလောက် မရိုးစင်းဟု ပြောနေ၏။
“ကျွီ”
ထုံထျန်းမျှော်စင်၏ တံခါး ပွင့်လာပြီး လူတစ်ယောက်က အားလုံးရှေ့သို့ ပေါ်လာသည်။
ထိုအခိုက်တွင် လူတိုင်း ကြက်သေသေကာ မျက်လုံးများ ပြူးကျယ်လာပြီး အားလုံး၏အကြည့်၌ မယုံနိုင်ဟန်များ ပြည့်နှက်လာသည်။
“သူပဲ၊ တကယ်ကို သူ ဖြစ်နေတာပါလား”
တံခါးဝ၌ ရပ်နေသူက ယဲ့ဖန်ပင်။
“မြတ်စွာဘုရား ငါ ဘာမြင်နေရတာလဲ၊ ဘုရင်အဆင့်က ထုံထျန်းမျှော်စင်ရဲ့ ခုနစ်ထပ်မြောက်ကို တက်သွားတယ် တဲ့လား”
“ဒါ မကြုံဖူးတဲ့ အဖြစ်ပဲ”
“သူက အမှိုက်ကောင် မဟုတ်ဘူး၊ သူက ပါရမီရှင်ပဲ၊ မဟုတ်ဘူး၊ သူက ပါရမီရှင်တွေထဲက ပါရမီရှင်”
“ယဲ့ဖန်၊ သူက ပထမ သခင်မလေးရဲ့ အရည်အချင်းနဲ့ ပင်ကို ပါရမီကို အပြည့်အဝ အမွေရထားတာပဲ၊ သူက ငါတို့ အိုးရန်မျိုးနွယ်ရဲ့ အသန်မာဆုံး စစ်နတ်ဘုရား ဖြစ်လာတော့မှာ”
အိုးရန်မျိုးနွယ်၏ မျိုးနွယ်ဝင် တစ်ယောက်ပြီး တစ်ယောက် သွေးပွက်ပွက် ဆူလာသည်။ ထို့အပြင် မျက်ရည်များပင် ဝေ့တက်လာကြသည်။
တံခါးရှေ့၌ မောက်မာ၍ အထက်စီးဆန်သော ဟန်နှင့် ရပ်နေသည့် ယဲ့ဖန်ကိုကြည့်ပြီး သူတို့သည် အိုးရန်ချင်ရွှယ်ကို ပြန်မြင်လိုက်ရသလို ခံစားလိုက်ရသည်။
အိုးရန်မျိုးနွယ်၏ အံ့ဩစရာအကောင်းဆုံး အမျိုးသမီး ပြန်ရောက်လာသည်ဟုပင် ထင်မှတ်မှားရလေသည်။
ထိုအချိန်တွင် အိုးရန်ရှန့်ဖုန်းသည် လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အံကြိတ်ထားရလွန်းသဖြင့် မေးရိုးပင် ကျိုးကြေလာလောက်သည်။
သူ့မျက်နှာက အလွန် ကြောက်စရာကောင်းနေသည်။
ထိုသို့သောအချိန်၌ အိုးရန်ရှောက်ကျွင်း၏ အပြုံးသည်လည်း အေးခဲနေသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီး အဖြစ်မှန်ကို လက်မခံနိုင် ဖြစ်နေသည်။
*အဲ့ကောင် တကယ် လုပ်ခဲ့တာပဲ*
*တက်ဖို့မဖြစ်နိုင်တဲ့ ခုနစ်ထပ်ကို တကယ် တက်ခဲ့တယ်*
အိုးရန်မိန်လင်သည်လည်း ပြင်းထန်စွာ တုန်လှုပ်သွားပြီး ဒုတိယ အိုးရန်ချင်ရွှယ် မွေးဖွားလာသည်ကို မြင်နေရသည်ဟု ခံစားမိသွားသည်။
“ကောင်းတယ် ကောင်းတယ်”
အိုးရန်ကျန်း မျက်ရည်ကျလာပြီး လက်ခုပ်ထတီးကာ စိတ်ထဲ၌ အလွန် ပျော်ရွှင်နေသည်။
ခုနစ်ထပ်မြောက်သို့ တက်ပြီး ဒဏ္ဍာရီကို ချိုးဖျက်ခဲ့သူက သူ့မြေးဖြစ်နေ၏။ ယဲ့ဖန်၏ ကိုယ်ထဲ၌ သူ၏ သွေးများ စီးဆင်းနေပါတကား။
လက်ရှိတွင် အိုးရန်ကျန်းသည်လည်း အတိတ်အခါက မာနကြီး၍ ထောင်လွှားသော အိုးရန်ချင်ရွှယ်ကို ပြန်မြင်နေရသလို ခံစားနေရပြီး အလွန် စိတ်အေးကာ သူတို့ ပြန်လည် ဦးမော့နိုင်တော့မည်ဟု ယုံကြည်ချက် ရှိလာသည်။
အိုးရန်ချင်ရွှယ် ထွက်သွားခဲ့သော်လည်း သူမက သူတို့မိသားစုအတွက် မျိုးစေ့ကောင်း ချန်ထားရစ်ခဲ့သည်။
“မင်းတို့မျက်လုံးကိုဖွင့်ပြီး သေချာကြည့်ထားကြ၊ ဒါ ယဲ့ဖန်ပဲ၊ ဒါ ငါ့အစ်မ အိုးရန်ချင်ရွှယ်ရဲ့သားပဲ၊ ငါ့မိသားစုက အထက်စီးဆန်မှုနဲ့အတူ မွေးဖွားလာတာကွ”
အိုးရန်လင်းက အော်ဟစ်၍ ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။
“ယဲ့ဖန်က အိုးရန်မိသားစုရဲ့ မျှော်လင့်ချက် အစစ်ပဲ၊ သူက ငါ့အစ်မရဲ့ ဆန္ဒကို ဆက်ခံပြီး မျိုးနွယ်တစ်ခုလုံး တိုးတက်လာအောင် ဦးဆောင်သွားမှာ”
အိုးရန်လင်း၏ စကားကိုကြားသောအခါ လူတိုင်း မှင်တက်သွားပြီး အကြည့်များက ရီဝေလာသည်။ သူတို့ အမှိုက်ကောင်ဟု သတ်မှတ်ထားသော ထိုလူက ခုနစ်ထပ်ကို တကယ် တက်နိုင်သည်ကို မယုံနိုင် ဖြစ်နေ၏။
ထို့အပြင် ထိုလူက ဘုရင်အဆင့်သာ ရှိသေးသည်။ ဤသည်က အလွန် ထိတ်လန့်စရာ ကောင်းလှပြီး မယုံနိုင်စရာ ကောင်းလှပေသည်။
*သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ*
“ယဲ့ဖန်”
“ယဲ့ဖန်”
“ယဲ့ဖန်”
သံကုန်အော်ဟစ်သည့် ကြွေးကြော်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုအသံက အတောမသတ်တော့ချေ။
အိုးရန်မျိုးနွယ်ဝင်အားလုံး၏ မျက်နှာ၌ တက်ကြွဝမ်းသာစိတ်နှင့် လေးစားစိတ်တို့ ပြည့်နှက်နေကာ ဤမြင်ကွင်းကြောင့် သူတို့ အလွန် ထိတ်လန့်နေကြလေသည်။
ထိုစဉ် အဘိုးအိုတစ်ယောက်က ယဲ့ဖန်ထံ ဖြည်းဖြည်းချင်း လျှောက်လာ၏။
“ဘိုးဘိုး”
ထိုအဘိုးအိုကိုမြင်သောအခါ အိုးရန်ယွင် တွေဝေသွားပြီး အဘိုးဖြစ်သူ ဘာလုပ်ချင်နေသလဲ မတွေးတတ် တော့ချေ။
ထိုအဘိုးအိုမှာ အိုးရန်ကျန်း၏ ညီငယ်ဖြစ်သူ အိုးရန်ဟွာပင်။
“ဒုန်း”
ထိုအခိုက်တွင် အိုးရန်ဟွာက ယဲ့ဖန်ရှေ့၌ ဒူးထောက်လာ၏။
အဆိုပါ မြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။ အိုးရန်ဟွာသည် အိုးရန်ကျန်းနှင့် အသက် မတိမ်း မယိမ်းပင်။ လက်ရှိ၌ သူက အကြီးအကဲဟူသော သူ၏ မာန်မာနကို ခဝါချ၍ ယဲ့ဖန်ရှေ့၌ ဒူးထောက် လိုက်သည်တဲ့လား။
ယဲ့ဖန်က လှုပ်ပင်မလှုပ်ဘဲ သူ့ကို ငုံကြည့်နေ၏။ မာန်မာနကြီး၍ ကြီးစိုးလွန်းလှသည်။ သူ့အမူအရာက မာန်မာနကြီးသော ဘုရင်တစ်ပါးက သူ့ကိုယ်ပိုင် အရာများအား အပေါ်စီးမှ ကြည့်နေသလိုပင်။
သို့သော် လက်ရှိတွင် မည်သူမှ သူ့လုပ်ရပ်က မှားသည်ဟု မခံစားမိပါ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူတို့၏ ဘုရင်အသစ် ဖြစ်သောကြောင့်ပင်တည်း။
ယဲ့ဖန်က ချက်ကျလက်ကျဖြင့် သူတို့၏ လေးစားမှုနှင့် ယုံကြည်မှုတို့ကို ရရှိသွားလေပြီ။
ထိုစဉ် အိုးရန်ဟွာက ယဲ့ဖန်၏ ညာခြေထောက်ကို လက်နှစ်ဖက်ဖြင့် ရတနာတစ်ပါးကို ကိုင်သကဲ့သို့ ကိုင်လာသည်။
“မဟုတ်မှလွဲရော ဒုသခင်ကြီးက အဲ့လက်ဆောင်ကို ပေးဖို့ ကြံစည်နေတာလား”
ဤသည်ကိုမြင်သော် အိုးရန်မျိုးနွယ်များအားလုံး အံ့ဩသွားပြီး မယုံနိုင်ဟန်များဖြင့် ပြည့်နှက်လာလေသည်။
အိုးရန်မျိုးနွယ်တွင် ကျင့်ဝတ်တစ်ခု ရှိသည်။ ယင်းမှာ သူတို့သည် သန်မာသူ၏ အမိန့်ကိုသာ နာခံပြီး ထိုသူ၏ ကျေးကျွန်အဖြစ် ထာဝရ နေထိုင်လိုစိတ် ရှိခြင်းပင်။
သို့သော် ထိုသို့သော ကျင့်ဝတ်အား မျိုးနွယ်တွင်းတွင်သာ ကျင့်သုံးကြသည်။ အိုးရန်မျိုးနွယ်သည် အရိုးထဲအထိ မာနကြီးသော မျိုးနွယ်ဖြစ်ပြီး အခြားသူအား ဘယ်လိုနည်းနှင့်မျှ အညံ့မခံကြချေ။
ပြင်ပမျိုးနွယ်ကို အညံ့ခံသည့် မည်သူမဆိုအား မျိုးနွယ်ကို သစ္စာဖောက်သည်ဟု သတ်မှတ်ကြပြီး သတ်ဖြတ်ခံ ရပေမည်။
ဤသို့သော ကျင့်ဝတ်ကို ကျင့်သုံးလိုက်ပြီဆိုသည်နှင့် အိုးရန်ဟွာသည် ယဲ့ဖန်၏ ကျေးကျွန် ဖြစ်သွားမည် ဖြစ်ကာ ဘယ်သောအခါမှ သစ္စာဖောက်၍ မဖြစ်နိုင်ပါ။ သို့မဟုတ်ပါက သူသည် အိုးရန်မျိုးနွယ်တစ်ခုလုံး၏ လိုက်လံ ဖမ်းဆီး သတ်ဖြတ်ခြင်း ခံရပေမည်။
အမြဲ မာနကြီး၍ အထက်စီးဆန်သော သူမအဘိုးက ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ အိုးရန်မျိုးနွယ်၏ အလေးစား ရဆုံးသော ကျင့်ဝတ်ကို လက်ဆောင်ပေးရန် ပြင်လိမ့်မည်ဟု အိုးရန်ယွင် မယုံနိုင်ပါ။
အိုးရန်ကျန်းတောင်မှ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်နေသည်။ သူ့ညီ၏ အကျင့်စရိုက်ကို သူ့ထက် မည်သူမှ ပိုမသိနိုင်ပါ။ သူ့အား မောက်မာသည်ဟု ပြောပါက ကြားကောင်းအောင် ပြောသောစကားဟုပင် ဆိုရပေမည်။ သူ့အား ပြောင်ပြောင်တင်းတင်း ဖီဆန်တတ်သူဟု ပိုပြောသင့်ပေသည်။
အစ်ကိုဖြစ်သောသူ့ကိုပင် အိုးရန်ဟွာက မျက်လုံးထဲ မထည့်တတ်ဘဲ မကြာခဏ သူ့အား ထိပ်တိုက် ရင်ဆိုင်တတ်ပြီး မျိုးနွယ်ဝင်များရှေ့၌ သူ့အား ကြိမ်းမောင်း ပြောဆိုတတ်ကာ ဒေါသထွက်ပြီး ဆွေ့ဆွေ့ခုန်အောင် လုပ်တ်သည်။
ယခု သူ့ညီက သူ့မြေးရှေ့တွင် ဒူးထောက်၍ ကျေးကျွန်အဖြစ် နေလိုစိတ် ရှိသည်တဲ့လား။
*ဒါက …*
*အံ့ဩဖို့ကောင်းလိုက်တာ*
အိုးရန်ဟွာသည် ယဲ့ဖန်၏ ခြေထောက်ကို မ၍ သူ့ဦးခေါင်းထိပ်၌ တင်လိုက်ပီဲးနောက် ခေါင်းကို မြေကြီးနှင့် ထိကပ်ကာ လက်နှစ်ဖက်ကို ဘေးချလိုက်သည်။
ဤအပြုအမူက ရှုဖူ ပြုမူခဲ့သော အပြုအမူနှင့် တစ်ထပ်တည်းပင်။ အဘယ်ကြောင့်ဆိုသော် ရှုဖူသည် ရှေးဟောင်း စာအုပ်တစ်အုပ်ထဲ၌ ထူးဆန်းသော မျိုးနွယ်တစ်ခုက သူတို့၏ သခင်ကို ဤသို့ ကြီးမားသော လက်ဆောင်ဖြင့် ခစားလေ့ ရှိကြောင်း ဖတ်ခဲ့ရသောကြောင့်ပင်တည်း။
သခင်ဖြစ်သူ၏ ခြေထောက်ကို သူ့ဦးခေါင်းထပ် တင်လိုက်ခြင်းက သူ၏ စိတ်ရင်းနှင့် အညံ့ခံခြင်းကို ပြသပေသည်။
တစ်ချိန်တည်းမှာပင် ၎င်းက သခင်ဖြစ်သူသည် ကြီးမြတ်၍ ကျေးကျွန်က ခွေးသဖွယ်၊ ဝက်သဖွယ် ရိုကျိုး နှိမ့်ချမည်ဟု ဆိုလိုနေ၏။
မိမိ၏ နှိမ့်ချမှုဖြင့် သခင်၏ မာန်မာနနှင့် လွှမ်းမိုးကြီးစိုးနိုင်မှုကို ပြသပေမည်။
“သခင် အိုးရန်မျိုးနွယ်ကို ဦးဆောင်ပေးဖို့ တောင်းဆိုပါတယ်”
အိုးရန်ဟွာက တည်ကြည်လေးနက်သော မျက်နှာနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လက်ရှိတွင် သူသည် ကျေးကျွန်အဖြစ် ယဲ့ဖန်ကို ထာဝရ ခစားသွားရန် ဆန္ဒရှိသောကြောင့်ပင်။ အဘယ်ကြောင့် ဆိုသော် သူ့အရှေ့မှလူငယ်လေးထံတွင် အိုးရန်မျိုးနွယ် မြင့်တက်လာနိုင်မည့် မျှော်လင့်ချက်ကို သူ မြင်နေရ သောကြောင့်ပင်။
ယဲ့ဖန်က ယခု ဘုရင်အဆင့်သာ ဖြစ်သော်လည်း မည်သူမျှ သူ့အရည်အချင်းကို သံသယ မဖြစ်ပါ။ နောင်အနာဂတ်တွင် သူသည် အရာအားလုံးကို လွှမ်းမိုးနိုင်ပေလိမ့်မည်။
ယခင်က အိုးရန်ချင်ရွှယ်လိုပင် သူတို့ကို ဦးဆောင်၍ ကောင်းကင်ဘုံနှင့် တိုက်ခိုက်ကာ လောကကို စိုးမိုးနိုင် ပေလိမ့်မည်။
အိုးရန်ချင်ရွှယ် ရှိစဉ်အခါက သူတို့သည် အရပ်မျက်နှာအနှံ့ သွားလာရဲပြီး မည်သူမှ သူတို့ကို ရန်မလုပ်ရဲသလို မော်ကြည့်ရဲသည့် သတ္တိမျိုးလည်း မရှိပါ။ မည်မျှ ဂုဏ်ယူစရာ ကောင်းလိုက်သနည်း။
သို့သော် ထိုအချိန်က အိုးရန်ဟွာသည် အိုးရန်ချင်ရွှယ်အား ယခု သူမသားထံ၌ လိုလိုလားလား ဒူးထောက်၍ ကျေးကျွန်အဖြစ်ခံမည့် လုပ်ရပ်မျိုး မလုပ်ခဲ့ပါ။
သူသည် ယဲ့ဖန်ကိုသာ နှစ်သက်လိုလားပေ၏။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်တွင် အိုးရန်ချင်ရွှယ်၌ မရှိသော တစ်စုံတစ်ရာကို သူ မြင်ခဲ့သောကြောင့်ပင်တည်း။
၎င်းမှာ အလွန်အမင်း ရက်စက်တတ်ခြင်းပင်။
လောကကို ဖျက်ဆီး၍ နတ်ဘုရားများ၊ မိစ္ဆာများနှင့် လူတို့ကို သတ်ဖြတ်နိုင်သည့် ရက်စက်သော စိတ်၊ သတ်သင့်သည်ဟု ယူဆသော အရာအားလုံးကို သတ်ရဲသည့် စိတ်ဓာတ်။
အိုးရန်ချင်ရွှယ်၏ အလွန် ကြင်နာသနားတတ်သော စိတ်ထားကပင် အိုးရန်ချင်ရွှယ်အား အိုးရန်မျိုးနွယ်ထြမှ ထွက်သွားအောင် ဖိအားပေးခဲ့သည်။
သို့သော် ယဲ့ဖန်၌ ထိုသို့သော အားနည်းချက် မရှိပါ။ သူက မွေးကတည်းက ဘုရင်တစ်ပါးဖြစ်ရန် ကံပါလာ၏။ အရပ်မျက်နှာအားလုံးကို စိုးမိုးရန် ကံကြမ္မာ ပါလာသူ ဖြစ်ပေသည်။
အိုးရန်ဟွာသာ ထိုသို့တွေးသည် မဟုတ်ဘဲ ဤနေရာ၌ ရှိနေသည့် အိုးရန်မျိုးနွယ်တိုင်းကလည်း ယဲ့ဖန်က အိုးရန် ချင်ရွှယ်ထက် သာမည်ဟု ခံစားမိနေကြသည်။
“မြတ်စွာဘုရား ယဲ့ဖန်က သူ့အမေက ပိုတော်တာပဲ”
“သွေးက ထင်ထားထာတက် ပျစ်တယ်ဆိုတာ အမှန်ပဲ၊ ပထမ သခင်မလေးတောင် ဘုရင်အဆင့်နဲ့ ခုနစ်ထပ်ကို မတက်နိုင်ခဲ့ဘူး”
“ပထမ သခင်မလေးနဲ့ မပြောနဲ့ ပထမဆုံးသော မိသားစုခေါင်းဆောင်တောင် အဲ့လို မလုပ်နိုင်ခဲ့မှာကို စိုးရတယ်”
“သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက အိုးရန်ချင်ရွှယ်ထက် သာလွန်ပြီးတော့ အတိတ်အခါက ဘိုးဘေးတိုင်းကိုပါ ကျော်သွားနိုင်လောက်တယ်”
အကြီးအကဲ တစ်စုသည် သူတို့၏ အတွေးများကို ထုတ်ပြောနေကြပြီး ယဲ့ဖန်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားနေကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ စွမ်းဆောင်မှုက အံ့ဩစရာ ကောင်းသောကြောင့်ပင်။
“ဒုန်း”
ထိုစဉ် မျိုးနွယ်ဝင်တစ်ယောက် ဒူးထောက်လာ၏။
“ဒုန်း ဒုန်း”
ချက်ချင်းဆိုသလိုပင် ဘေးပတ်ဝန်းကျင်မှ လူများသည် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လာလေသည်။
တစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ။ နောက်ဆုံးတွင် လူတိုင်း ဒူးထောက်လာကြသည်။
ယခင်က သူတို့သည် ယဲ့ဖန်ကို လှောင်ရယ်၍ အမှိုက်ကောင်အဖြစ် သတ်မှတ်ခဲ့သည်။ ယခု သူတို့က ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ ယဲ့ဖန်နာမည်ကို ကြွေးကြော်နေ၏။ ဤမြင်ကွင်းက ခြားနားလွန်းလှပေ၏။
“သခင်ကြီး ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်တို့ရဲ့ ခွေးမျက်လုံးနဲ့ သခင်ကြီးအပေါ် အထင်အမြင် သေးခဲ့မိပါတယ်၊ သခင်ကြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
“သခင်ကြီး ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော်တို့ မှားမှန်း သိပါပြီ”
“သခင်ကြီး ကျွန်တော်တို့ကို ဦးဆောင်ပေးပါ၊ ကျွန်တော်တို့ သေတဲ့အထိ အမိန့်နာခံဖို့ ကျိန်ဆိုရဲပါတယ်”
သူတို့ နောင်တရနေသည်။ သူတို့ ယဲ့ဖန်ကို လှောင်ပြောင်စော်ကားခြင်း မပြုခဲ့သင့်ပါ။ ယဲ့ဖန်က တစ်ဒင်္ဂ ဒေါသကြောင့် အိုးရန်ချင်ရွှယ်ကဲ့သို့ သူတို့ကို ထပ်စွန့်ပစ်သွားမည်ကို သူတို့ စိုးထိတ်နေ၏။
အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က အိုးရန်ချင်ရွှယ်ထက် ပိုအရေးပါသည်ဟု တွေးနေကြသည်။ အိုးရန်ဟွာ၏ အပြုအမူကို ကြည့်ရုံနှင့်တင် သူတို့ သေချာ သိလိုက်လေပြီ။
သူတို့အရှေ့မှ လူငယ်လေးသည် သေချာပေါက် အိုးရန်ချင်ရွှယ်ထက် သာလွန်ပေလိမ့်မည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အချို့သော အရာများ ကံဆိုးနေပြီဟု လူတိုင်း သိလိုက်သည်။
ယဲ့ဖန်က သူ့မိခင်၏ ဒဏ္ဍာရီကို ဆက်လက် လျှောက်လှမ်းပေမည်။
အိုးရန်မျိုးနွယ်၏ ခေါင်းဆောင်သစ် ဖြစ်လာမည်ကိုလည်း မည်သူမှ မဆန့်ကျင့်တော့ပါ။ အဘယ်ကြောင့်ဆိုသော် အိုးရန်ချင်ရွှယ်ကို သူတို့ တစ်မိသားစုလုံး၏ မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားခဲ့သောကြောင့်ပင်။
ယခု ယဲ့ဖန်က သူ့မိခင်၏ လမ်းကို ဆက်လျှောက်မည် ဖြစ်သောကြောင့် သူတို့ ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေ၏။
အိုးရန်ရှောက်ကျွင်းနှင့် အခြားသူများ အလွန်အမင်း မျက်နှာပျက်ယွင်းနေကြသည်။
မိသားစုတွင်း၌ သူတို့ နှစ်ပေါင်းများစွာ တည်ဆောက်လာသော ဂုဏ်သိက္ခာက ဤလူငယ်လေး၏ တစ်နေ့တာ ဂုဏ်သတင်းလောက် မကောင်းဘူးတဲ့လား။
“ကောင်းတယ်၊ ငါ အိုးရန်ကျန်းရဲ့ မြေးလို့ ပြောနေစရာတောင် မလိုဘူး၊ သိပ်တော်တယ် ဟားဟားဟား”
အိုးရန်ကျန်း ဝမ်းသာကာ စိတ်လိုလက်ရ ရယ်မောနေ၏။
သူ့စိတ်ထဲမှ ပျော်ရွှင်မှုသည် အိုးရန်ချင်ရွှယ် ခုနစ်ထပ်ကို တက်နိုင်တုန်းကထက်ပင် ပို၍ ကြီးမားသေးသည်။
ယခု ယဲ့ဖန်ကိုမြင်ပြီး သူသည် ငယ်ငယ်က အိုးရန်ချင်ရွှယ်ကို ပြန်မြင်နေရသည်ဟု ခံစားမိကာ တကယ် သဘောကျနေ၏။
သူ့စကားကြောင့် အိုးရန်မိန်လင်နှင့် အခြားလူငယ်မျိုးဆက်များ၏ မုန်းတီးစိတ်က ပိုကြီးမားလာသည်။ ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။