← Chapters

ယဲ့ဖန်ဆိုတဲ့ ငါက ငါ လုပ်ချင်တာလုပ်မယ်

Vol. 112 Ch. 1675

ယဲ့ဖန်ဆိုတဲ့ ငါက ငါ လုပ်ချင်တာလုပ်မယ်

Vol. 112 Ch. 1675

ထိုစကားကိုကြားသော် အိုးရန်ရှန့်ဖုန်း သွေးအန်လုနီးပါး ဖြစ်သွားရသည်။ ယဲ့ဖန်၏ ဥပမာပေးပုံက သူ့မျက်နှာကို တည့်တည့်ကြီး ဖြတ်ရိုက်လိုက်သလိုပင်။

အိုးရန်ယု အံကြိတ်လိုက်သော်လည်း ဘာမှမပြောနိုင်ချေ။ သူသည် သူ့သားဘက်ကိုသာလှည့်၍ ပျက်ယွင်း နေသော မျက်နှာဖြင့် ပြောလိုက်ရသည်။

“ဓားကိုပေးလိုက်”

“ကျွန်တော် မပေးနိုင်ဘူး၊ ဒါ ကျွန်တော့ဟာ၊ ဘယ်သူမှ ဒါကို ယူသွားလို့မရဘူး”

အိုးရန်ရှောက်ကျွင်းက ပြတ်သားနေကာ အဆုံးထိ ပြောလိုက်သည်။

“တစ်ယောက်ယောက်က ကျွန်တော့်ဓားကို လိုချင်တယ်ဆိုရင် ကျွန်တော့်ကို သတ်သွားမှပဲ ရမယ်”

“ဒါဆိုလည်း သတ်တာပေါ့”

ယဲ့ဖန်က အေးအေးလူလူ ပြောလိုက်သည်။ မျိုးနွယ်မှ လူအိုကြီးများ အန္တရာယ်ပေးတော့မည့် ဟန်ဖြင့် အိုးရန်ရှောက်ကျွင်းအား ခက်ထန်စွာ ကြည့်လာကြသည်။

“ငါက မိသားစုခေါင်းဆောင်ရဲ့ မြေးပဲ၊ မင်းတို့ ငါ့ကို တကယ် သတ်ရဲမယ်လို့ ငါ မထင်ဘူး”

အိုးရန်ရှောက်ကျွင်းက မကျေမနပ် ဖြစ်နေသော မျက်နှာနှင့် အော်ပြောလိုက်သည်။

*ဒီသစ္စာဖောက်တွေကများ ပြစ်မှုကျူးလွန်ရဲတယ်ပေါ့လေ*

“ရွှစ်”

ထိုစကားအဆုံး၌ အိုးရန်ရှောက်ကျွင်း၏ လက်မောင်းမှ သွေးများ ပန်းထွက်လာသည်။ အသားစများပင် ပဲ့ထွက်ကာ လွင့်စဉ်လာပုံက ထိတ်လန့်စရာ ကောင်းလှပေသည်။

တိုက်ခိုက်လိုက်သူမှာကား အိုးရန်ဟွားပင်။ သူသည် သွေးပေနေသော ဓားကိုကိုင်၍ အိုးရန်ရှောက်ကျွင်းအား ထီမထင်ဟန်ဖြင့် ကြည့်နေသည်။

“နောက်တစ်ခါဆို ငါ မင်းခေါင်းကို ဖြတ်မယ်”

သူသည် အိုးရန်ရှောက်ကျွင်းအား ဓားကို တမင်သက်သက် ခုတ်လွှဲခဲ့ခြင်းဖြစ်ကြောင်း ‌ပြောနေခြင်း ဖြစ်လေသည်။ အိုးရန်ရှောက်ကျွင်းသည် အော်ရန်ပင် မေ့နေပြီး အကြောက်လွန်ကာ သတိလွတ်နေ၏။

သူ့မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်စိတ်တို့ ပြည့်နှက်နေသည်။ သူ မယုံနိုင်လောက်အောင် ဖြစ်နေသည်။ သူ လုံးဝ တွေဝေနေလေသည်။

*ဒီလူတွေက ငါ့ကို သတ်ဖို့ တကယ် ကြံစည်ထားတာပဲ*

*ရူးနေပြီ၊ သူတို့အားလုံး ရူးနေပြီ*

အတိတ်အခါက အိုးရန်ရှောက်ကျွင်းသည် မျိုးနွယ်တွင်း၌ ကြယ်တစ်စင်းပင်။ ဤအကြီးအကဲများပင် သူ့အား အလွန် ချစ်ခင်ကြပြီး သူ့စကားတိုင်းကို လိုက်နာကြသည်။

တစ်နေ့၌ သူတို့က သူ့ကို ဓားနှင့် ရွယ်လာမည်ဟု သူ လုံးဝ ထင်မထားမိပါ။

ထို့နောက်တွင်မူ အိုးရန်ရှောက်ကျွင်းသည် ပူနေသော အာလူးကို ပစ်ချလိုက်သကဲ့သို့ စစ်ဖာချင်းယွင်ကို မြေကြီးပေါ် ပစ်ချလာပြီး သူ့မျက်နှာတွင် စိုးရိမ်သွေးပျက်စိတ်တို့ ပေါ်လွင်နေ၏။

ထိုသို့သောအချိန်၌ သူ ကြောက်ရွံ့နေသည်။

သူသည် စစ်ဖာချင်းယွင်ကို အတင်းအကြပ် ကိုင်ထားရဲသည့် သတ္တိ မရှိတော့ပေ။ ရတနာက ကောင်းမွန် သော်လည်း ၎င်းအား အသက်ရှင်နေမှသာ သုံး၍ ရပေမည်။

အားလုံး၏ အားရကျေနပ်နေသော အကြည့်အောက်၌ ယဲ့ဖန်က သူ့မိခင်၏ ဓားကို ကောက်ယူလိုက်သည်။ အားလုံး၏ စိတ်ထဲ၌ ထိုက်တန်သည်ဟု တွေးနေကြသည်။

ဘိုးဘေးများ၏ ပစ္စည်းကို ခေါင်းဆောင်သာလျင် ပိုင်ဆိုင်သင့်ပေ၏။

ထိုစဉ် ယဲ့ဖန်က အိုးရန်မိန်လင်ထံ လျှောက်သွားလေသည်။ အိုးရန်မိန်လင်သည် စိုးရိမ်တကြီးဖြင့် ကြည့်နေပြီး ယဲ့ဖန်က သူမနှင့် ရန်ကြွေးရှင်းလာမည်ကို ကြောက်ရွံ့နေသည်။

*မဟုတ်မှလွဲရော ဒီကောင် ငါ လှည့်စားတာကို သိသွားတာလား*

ထိုအခိုက်တွင် ယဲ့ဖန်က သူမလက်ကို အုပ်ကိုင်၍ ပြောလာသည်။

“ကျေးဇူးတင်ပါတယ် ဝမ်းကွဲညီမလေး”

*ကျေးဇူးတင်တယ် ဟုတ်လား*

အိုးရန်မိန်လင် ချက်ချင်း အံ့ဩသွားသည်။ သူမ မနေနိုင်ဘဲ စိတ်ထဲမှ တွေးနေမိသည်။

*ဒီကောင်က အဲ့လောက် မတုံးသေးပါဘူး၊ သူ လှည့်စားခံလိုက်ရတာကို မသိသေးဘူး မဟုတ်လား*

ထိုအခါ အိုးရန်မိန်လင်ကလည်း လိုက်ရယ်၍ နှစ်လိုဖွယ်ကောင်းပြီး တောက်ပသော အပြုံးနှင့် ပြန်ပြော လိုက်သည်။

“ဝမ်းကွဲအစ်ကို ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါ ကျွန်မ လုပ်သင့်တဲ့အရာပဲလေ”

*ငါ အတွေးလွန်သွားတဲ့ပုံပဲ၊ ဒီကောင်က အထက်စီးဆန်တဲ့ပုံသာ ပေါ်နေတာ၊ တကယ်တော့ ဦးနှောက်မရှိတဲ့ မျိုးမစစ်ကောင်ပဲ*

*နောက်လည်း ငါ သူ့ကို ဆက်လှည့်စားလို့ရမယ်နဲ့တူတယ်*

သို့သော် ယဲ့ဖန် ဆက်ပြောလာသည့် စကားက သူမအား ငရဲတွင်းထဲ တွန်းချလိုက်သလို ဖြစ်သွားလေသည်။

“ငါ မင်းကို ကျေးဇူးတင်သင့်တာပဲ၊ မင်းသာ ငါ့ကို ကြိုသတိမပေးခဲ့ရင် ငါ သူ့အကြံကို သိမှာမဟုတ်ဘူး၊ ပြီးတော့ ငါ့အမေရဲ့ ဓားကို ငါ ပြန်ယူနိုင်စရာ အကြောင်းလည်း မရှိဘူးလေ”

တိတ်ဆိတ်သွားသည်။ သုသာန်အလား တိတ်ဆိတ်ကုန်၏။

ထိုအခိုက်တွင် အိုးရန်မိန်လင်၏ အပြုံးသည်လည်း အေးခဲသွားပြီး ပါးပေါ်သို့ ချွေးစေးများ စီးကျလာသည်။

*ငါ လှည့်စားခံလိုက်ရပြီ*

*ငါ အခုထိ အကွက်ချလာပင်မယ့် တကယ်တမ်းကျတော့ အခုမှ ထောင်ချောက်အစစ် ရောက်လာတာပဲ*

အိုးရန်ယုနှင့် သူ့သားတို့က သူမကို သတ်ချင်နေသည့် အကြည့်ဖြင့် ကြည့်လာကြောင်း သူမ သေသေချာချာ ခံစားမိနေသည်။ အိုးရန်မိန်လင်က သူတို့ကို သစ္စာဖောက်သွားသည်ဟု ထင်သွားခြင်းပင်။

အိုးရန်ရှန့်ဖုန်းတောင်မှ သူမကို ထူးဆန်းသလို ကြည့်နေ၏။

“ယဲ့ဖန် နင် ငါ့ကို မဟုတ်တာတွေ ပြောနေပြီ၊ ငါ ဘယ်တုန်းက နင့်ကို ပြောလို့လဲ”

အိုးရန်မိန်လင်က ယဲ့ဖန်ကို စူးစိုက်ကြည့်နေပြီး သူ့ခန္ဓာကိုယ်ကို ဆွဲဖြဲချင်စိတ် ပေါက်နေသည်။

ယဲ့ဖန်ကို သူမ စိတ်တိုင်းကျ ကစားနိုင်မည့် အရူးတစ်ယောက်ဟု ထင်ခဲ့မိခြင်းကိုလည်း သူမ နောင်တရနေ၏။ အဆုံးသတ်၌ ကစားခံလိုက်ရသည့် အရူးက သူမ ဖြစ်နေသည်။

*ဒီလူက အရမ်း ဉာဏ်များတာပဲ*

အိုးရန်မိန်လင် အံကြိတ်နေသည်။ အမြဲတမ်း သူမကသာ အခြားသူများကို အရူးလုပ် လှည့်စားခဲ့ပြီး ယနေ့က သူမ လှည့်စားခံရသည့် ပထမဆုံးသော နေ့ပင်။

ကိုယ့်လက်၌ သွေးမစွန်းဘဲ လူသတ်ခြင်း။ ဤသည်က သူမအဖေ သူမကို သင်ခဲ့သောအရာ ဖြစ်သည်။ ယခု ယဲ့ဖန်က ဓားငှား၍ တစ်ဖက်လှည့်ဖြင့် သူမကို သတ်နေလေပြီ။

“ဝမ်းကွဲညီမမလေး မင်း အခု ဟန်ဆောင်နေစရာ မလိုပါဘူး၊ ဒီဝမ်းကွဲအစ်ကိုက မင်းကို ကာကွယ်ပေးမှာပါ၊ သူတို့ မင်းကို မုန်းနေရင်တောင်မှ သူတို့ မင်းကို ဘာမှမလုပ်ရဲစေရဘူး”

ယဲ့ဖန်က သူ့ရင်ဘတ်သူပုတ်၍ တာဝန်ယူဟန်ဖြင့် ဂုဏ်ယူစွာ ပြောလေသည်။

*နင့်ကြီးတော်ကြီးကိုပဲ ကာကွယ်လိုက်ပါလား*

အိုးရန်မိန်လင် ငိုချင်သွားသည်။ ယဲ့ဖန်က သူမကို သေတွင်းထဲ တွန်းပို့နေ၏။

“အိုးရန်မိန်လင် သိပ်ဟုတ်နေတယ်ပေါ့၊ ငါ မင်းကို ကောင်းကောင်းကြီး မှတ်ထားတယ်”

အိုးရန်ရှောက်ကျွင်းက မာမာထန်ထန် ပြောလာပြီး အိုးရန်မိန်လင်ကို နုတ်နုတ်စင်းချင်စိတ် ပေါက်နေသည်။

“အစ်ကို အဲ့လို မဟုတ်ဘူး၊ သူ ညီမကို ချောက်ချနေတာ”

အိုးရန်မိန်လင်က အသည်းအသန် ကာကွယ်ပြောဆိုသည်။ ဤနားလည်မှုလွဲခြင်းကို မဖြေရှင်းနိုင်လျင် သူမ သေရပေလိမ့်မည်။

သို့သော် ယဲ့ဖန်က သူမကို ရှင်းပြနိုင်သည့် အခွင့်အရေး လုံးဝ မပေးချေ။ သူက အေးတိအေးစက်ဖြင့် ငေါက်ငမ်း လိုက်သည်။

“ငါ့ဝမ်းကွဲညီမကို ခြိမ်းခြောက်ရဲသလား၊ သူ့ပါးစပ်ကို ပိတ်ရိုက်လိုက်စမ်း”

“ဖြောင်း”

ချက်ချင်းဆိုသလိုပင် အိုးရန်ဟွာက လက်မြှောက်၍ အိုးရန်ရှောက်ကျွင်း၏ ပါးစပ်ကို ဖြတ်ရိုက်လိုက်သည်။ အားပြင်းလွန်းသဖြင့် အိုးရန်ရှောက်ကျွင်း၏ သွားများ ကျွတ်ထွက်ကာ သွေးပင် ထွက်လာလေသည်။

သို့သော် အိုးရန်ရှောက်ကျွင်းက အိုးရန်မိန်လင်ကိုသာလျင် မကျေမနပ် ကြည့်လာသည်။ သူ့စိတ်ထဲ၌ ဤအရာ အားလုံးက အိုးရန်မိန်လင်ကြောင့် ဖြစ်သည်ဟု ထင်နေ၏။ အိုးရန်မိန်လင်က ယဲ့ဖန် ခုနစ်ထပ်မြောက်သို့ တက်နိုင်မှန်း သိသဖြင့် ပူးပေါင်း၍ သူ့ဓားကို လုယူနိုင်အောင် လှည့်စားသည်ဟု ထင်သွားလေသည်။

*သူ သစ္စာဖောက်သွားတာပဲ*

အိုးရန်မိန်လင်သည် အစကတည်းက ကောက်ကျစ်ယုတ်မာသော စိတ်ထား ရှိသူ ဖြစ်သည်။ ထို့ကြောင့် သူမ ဤသို့ လုပ်လာသည်က ထူးဆန်းသော ကိစ္စ မဟုတ်ချေ။

အိုးရန်မိန်လင်၏ မျက်နှာက အလွန် ဖြူရော်သွားလေသည်။ အိုးရန်ရှောက်ကျွင်း၏ သူမကို စုတ်ဖြဲချင်နေသော အကြည့်ကိုမြင်ပြီး သူမ ရှင်းပြလည်း အသုံးမဝင်တော့ကြောင်း ရိပ်မိလိုက်သည်။

သူမမျက်နှာ၌ မချိပြုံးတစ်ခု ပေါ်လာသည်။ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ခြင်းပင်။ ဤလူက သူမ၏ ဆွဲဆောင်မှု၌ မကျရှုံးခဲ့ပါ။

ထိုစဉ် ယဲ့ဖန်က သူမပခုံးကိုပုတ်၍ သူမနားနားကပ်ကာ တီးတိုး ပြောလာသည်။

“ဖြည်းဖြည်းချင်း ပျော်လိုက်တော့”

ထို့နောက် သူက ဘေးပတ်ဝန်းကျင်မှလူများ ကြားအောင် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဒီနေ့ကစပြီး ငါ အိုးရန်မျိုးနွယ်ထဲမှာ နေမယ်၊ ယဲ့ဖန်ဆိုတဲ့ ငါက ငါ လုပ်ချင်တာကို လုပ်မယ်”

ထိုသို့ပြောပြီးသည်နှင့် ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့ ဆက်လျှောက်သွားသည်။

“ယဲ့ဖန်”

“ယဲ့ဖန်”

“ယဲ့ဖန်”

သူ၏ အပြုအမူက လွန်ကဲ‌သော်လည်း အားလုံး၏ စိတ်အားထက်သန်သော အော်သံက အဆက်မပြတ် ထွက်လာနေဆဲပင်။

…

နောက်တစ်နေ့ အရုဏ်မတက်ခင်မှာပင် အိုးရန်ယွင်က ယဲ့ဖန်ရှေ့၌ ဒူးထောက်လာသည်။

“ဆရာ ဒီတပည့် ဂါဝရပြုတာကို လက်ခံပေးပါ”

ယဲ့ဖန် တွေဝေစွာ မေးလိုက်သည်။

“ဝမ်းကွဲအစ်မ ခင်ဗျား ဘာလုပ်တာလဲ၊ ဘာပြဿနာ ရှိလို့လဲ”

“ဆရာ ဒီတပည့်ရဲ့ အပြုအမူက မသိသာလို့လား”

အိုးရန်ယွင်ကလည်း ပဟေဠိ ဖြစ်သွားသည်။ သူမ ဒူးထောက်နေတာတောင် တစ်ဖက်လူက နားမလည်ဘူးလား။

“မင်းက ငါ့ဝမ်းကွဲလေ၊ ဒါကိုတောင် ငါ့ကို ဆရာတင်ချင်တာလား”

“အမျိုးအချင်းချင်း ရှက်စရာ မလိုပါဘူး”

အိုးရန်ယွင်က အပြုံးဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ ငါ့သိုင်းအဆင့်က မင်းထက် နိမ့်တယ်လေ၊ ငါ့နောက်လိုက်လို့ မင်းအတွက် ဘာကောင်းမှာလဲ”

ယဲ့ဖန် ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။

“နင် တော်တော် ပြောရခက်တာပဲ၊ အခြားသူတွေကို နင် လှည့်စားနိုင်ပင်မယ့် နင် ငါ့ကို လှည့်စားနိုင်မယ်လို့ ထင်နေလား”

အိုးရန်ယွင် နှုတ်ခမ်းစူသွားသည်။ ယဲ့ဖန်ကသာ တကယ် ဘုရင်အဆင့်ပဲ ရှိသည်ဆိုလျင် ဘယ်လိုလုပ် မျှော်စင်ထဲ လွတ်လွတ်လပ်လပ် သွားလာ၍ ခုနစ်ထပ်အထိ တက်ပြီး ပြန်ဆင်းလာနိုင်ပါမည်နည်း။

ဤသည်က ယုတ္တိမတန်ချေ။

အိမ်ပြန်ရောက်ပြီးနောက် သူမအဘိုးက သူမအား သူ့ပေါင်ကို မြဲမြဲ ဖက်တွယ်ထားရမည်ဟု ပြောလာသည်။ ယဲ့ဖန်၏ အနာဂတ် အောင်မြင်မှုများက သေချာပေါက် အိုးရန်ချင်ရွှယ်ထက် မြင့်မားပေလိမ့်မည်။ အိုးရန်ယွင် အခွင့်အရေးကို ဖမ်းဆုပ်နိုင်သည်၊ မနိုင်သည်က သူမကိုယ်တိုင်တွင်သာ မူတည်ပေ၏။

“ဒါပေမဲ့ ငါ့မှာ မင်းကို သင်ပေးစရာ ဘာမှမရှိဘူး”

သို့သော် ယဲ့ဖန်က ခေါင်းခါ၍ ငြင်းဆန်ကာ အင်တင်တင် ပြုံးနေသည်။

“ရတယ်၊ ငါ နင့်အတွက် လက်ဖက်ရည် ငှဲ့ပေးရမယ်ဆိုလည်း နေမယ်”

အိုးရန်ယွင်က စိတ်လိုလက်ရ ပြောလာသည်။ သူမအဘိုးက ထိုသို့ပြောလာပြီဖြစ်သဖြင့် သူမ ယဲ့ဖန်အတွက် အလုပ်အကျွေး ပြုရမည်ဆိုလျင်လည်း သူမ သူ့ဘေး၌ နေကိုနေမည်။

“မင်း သေချာလား”

ယဲ့ဖန်က အပြုံးနှင့် မေးလိုက်သည်။

“အင်း ငါ လုံးဝ သေချာတယ်”

အိုးရန်ယွင်က စိတ်လှုပ်ရှားနေသော အကြည့်ဖြင့် ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ”

ယဲ့ဖန် ခေါင်းညိတ်၍ နောက်သို့လှည့်ကာ အော်ခေါ်လိုက်သည်။

“ကုန်းမင် လာဦး”

တစ်ခဏကြာသော် တာအိုဝတ်စုံ ဝတ်ထားသော ကုန်းမင်က ထွက်လာပြီး ပဟေဠိဖြစ်နေသော မျက်နှာဖြင့် မေးလေသည်။

“ဆရာ ဘာလုပ်ဖို့ ကျွန်တော့်ကို ခေါ်နေတာလဲ”

“လာ … မင်းရဲ့ ဂျူနီယာ ညီမလေးကို တွေ့လိုက်ဦး”

ယဲ့ဖန်က အိုးရန်ယွင်ကို လက်ညှိးထိုး၍ ကုန်းမင်ကို ပြောလိုက်သည်။

ဤသည်ကိုမြင်သော် အိုးရန်ယွင်၏ မျက်နှာက စိမ်းဖန့်ဖန့် ဖြစ်သွားသည်။ သူမအရှေ့မှ ကလေးငယ်လေးက ယဲ့ဖန်၏ တပည့်တဲ့လား။

*ဒါက*

*ဂျူနီယာ ညီမလေး ဟုတ်လား*

*လွန်လွန်းမနေဘူးလား*

သူမအသက်နှင့်ဆိုလျင် ဤလူငယ်လေး၏ အဘွားဟု ခေါ်ခံရမည်ထက်ပင် ကျော်နေသေးသည်။

သူမသည်သာမက ကုန်းမင်သည်လည်း အံ့ဩနေသည်။ အဘယ်ကြောင့် သူက အကြောင်းပြချက် မရှိဘဲ ညီမတစ်ယောက် ကောက်ရလာရသနည်း။

ထို့အပြင် သူမက သူ့ထက်ပင် အသက်ကြီးသေးသည်။

“လုပ်လေ စီနီယာ အစ်ကိုလို့ ခေါ်လိုက်”

ယဲ့ဖန်က ပြုံးစစနှင့် ပြောလိုက်သည်။

“နင်”

အိုးရန်ယွင် ဒေါသထွက်လာသည်။

*ဒါ ငါ့အတွက် တမင်အခက်တွေ့အောင် လုပ်နေတာ မဟုတ်လား၊ ငါ့ထက် ငယ်တဲ့ ကလေးကို စီနီယာ အစ်ကိုလို့ ခေါ်ရမယ် ဟုတ်လား၊ သူ သေမှာကို မကြောက်ဘူးလား*

“ဘာလဲ မကျေနပ်ဘူးလား၊ ဒါဆိုလည်း ပြန်သွားလိုက်တော့ မင်း လာရာလမ်းအတိုင်း ဖြည်းဖြည်းချင်း ပြန်လျှောက်သွားလိုက်”

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ငါ ကျေနပ်တယ်၊ သိပ်ပျော်တယ်’

အိုးရန်ယွင်သည် အံကြိတ်ထားပြီး ထိုသို့ ဖျစ်ညှစ်၍ ပြောလိုက်သည်။ ထို့နောက် အိုးရန်ယွင်က ကုန်းမင်ကို ကြည့်၍ စိတ်ဆိုးမာန်ဆိုး‌ ခေါ်လေသည်။

“စီနီယာအစ်ကို”

“အင်း …”

ကုန်းမင် ကြောက်ကြောက်လန့်လန့် ပြန်ဖြေလိုက်သည်။

*ဟမ်*

အိုးရန်ယွင် ဒေါသကြောင့် မျက်လုံးပြူးသွားသည်။

*ဒီသေနာလေးက ပြန်တောင် ဖြေရဲတာလား*

“ဆရာ”

အိုးရန်ယွင်၏ ဒေါသထွက်နေသော ပုံကိုကြည့်ရင်း ကုန်းမင် ကြောက်လန့်သွားပြီး ယဲ့ဖန်ကို ပြန်ကြည့်လေသည်။ သူ ငိုချင်ပုံပင် ပေါက်နေ၏။

ယဲ့ဖန် မျက်နှာက မည်းမှောင်သွားသည်။

“အဲ့လောက် အော်ရလား၊ ချစ်ခင်စိတ်လေး နည်းနည်းထည့်ဦး”

အိုးရန်ယွင်သည် ဒေါသကို ချိုးနှိမ်၍ အသာအယာ အော်လိုက်သည်။

“စီနီယာအစ်ကို”

ထိုအမူအရာက နောင်တရချင်ပုံ ပေါက်နေသည်။

ယခုတစ်ခေါက်တွင်တော့ ကုန်းမင် ပြန်မပြောရဲပါ။ ဤကျားမ ဒေါကန်လေမလားကို ဘုရားသာ သိပေတော့မည်။

“မင်းရဲ့ စီနီယာအစ်ကိုကို မင်း ကြောက်အောင် လုပ်မိတာ မြင်လား၊ မင်း သူ့ကို တောင်းပန်လိုက်”

ယဲ့ဖန်က စိတ်ဆိုးဟန်ဖြင့် ပြောလိုက်သည်။

“ယဲ့ဖန် နင် လွန်မလာနဲ့နော်”

အိုးရန်ယွင်သည်လည်း စိတ်တိုလာပြီး သွေးပြောင်းပြန် စီးသလို ဖြစ်နေသည်။ ဤသည်က လှည့်စားနေခြင်းပင်။ ဤမျိုးမစစ်လေးက သူမကို တမင် ဒေါသဖြင့်သေအောင် လုပ်နေခြင်းပင်တည်း။

“ကြည့်စမ်း ငါ ဆရာတောင် မဖြစ်ရသေးဘူး၊ စမောက်မာနေပြီ၊ ငါ မင်းကို လက်ခံလို့မရတာ သေချာနေပြီ၊ ပြန်တော့”

ယဲ့ဖန် ခံစားချက် ကင်းမဲ့စွာ‌ ပြောလိုက်သည်။

“နင် … နင် တော်တော် တော်တယ်”

အိုးရန်ယွင်က ယဲ့ဖန်အား စိတ်ကုန်စွာဖြင့် လက်မထောင်ပြလိုက်ပြီးနောက် ကုန်းမင်ကို ပြန်ကြည့်လိုက်သည်။

“စီနီယာအစ်ကို ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားတယ် ခွင့်လွှတ်ပေးပါ”

“ဟို … ခွင့်လွှတ်ပါတယ်”

ကုန်းမင် ဘယ်လိုလုပ် ခွင့်မလွှတ်ဘဲ နေရဲမည်နည်း။ သူ ခွင့်မလွှတ်ပါက ဤကြောက်စရာကောင်းသော အစ်မကြီးက သူ့ကို သတ်သွားလောက်သည်။

All Chapters