ဝမ်ရှန်းမြို့
Vol. 112 Ch. 1676
“ကောင်းပြီလေ မင်းက သိပ်ဆန္ဒရှိနေမှတော့ ငါ မင်းကို တပည့်အဖြစ် လက်ခံလိုက်မယ်”
ယဲ့ဖန် ရယ်လိုက်သည်။
ယဲ့ဖန်က သူမကို တပည့်အဖြစ် လက်ခံလိုက်သော်လည်း အိုးရန်ယွင် မပျော်နိုင်ဘဲ သူမကိုယ်သူမ ကျားခံတွင်းဝ ရောက်နေသော သိုးတစ်ကောင်သဖွယ် ခံစားနေရသည်။
“ငါ ဒီကောင်လေးအတွက် ဆေးဝယ်ပြီး ဖော်စပ်ချင်တယ်၊ ငါ ဘယ်မှာ ဝယ်လို့ရနိုင်မလဲ မင်း သိလား”
ယဲ့ဖန် မေးလိုက်သည်။ ဒေသခံဖြစ်သောကြောင့် အိုးရန်ယွင်သည် ဒေသခံ နယ်မြေနှင့် အလွန် ရင်းနှီး သင့်ပေသည်။
“ဒါဆို ငါတို့ ဝမ်ရှန်းမြို့ကိုပဲ သွားလို့ရမယ်၊ ဝမ်ရှန်းမြို့က လေလံပွဲမှာ အားလုံး ရနိုင်တယ်၊ အင်အားစုအားလုံးက အဲ့ကို သွားပြီး ပစ္စည်းတွေ စုဆောင်းရတယ်၊ ငါတို့တောင်မှ ခြွင်းချက် မရှိဘူး”
အိုးရန်ယွင်က အသိပေးလာသည်။
“ဒါပေမဲ့ နင် သတိထားမှရမယ်၊ အဲ့ကိုသွားရင် နင် ပြဿနာရှာလို့ မဖြစ်ဘူး၊ ဝမ်ရှန်းမြို့မှာ ပုန်းအောင်းနေတဲ့ ကျားတွေ၊ နဂါးတွေ ပြည့်နေတဲ့ အင်မော်တယ်မြို့ပဲ၊ အဲ့မြို့က မိုးမြေ စတည်ရှိကတည်းက ရှိခဲ့တဲ့မြို့ပဲ”
ဝမ်ရှန်းမြို့သည် နယ်မြေအပြင်ဘက်မှ ဂြိုဟ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး သူတော်စင်အဆင့်များ ကိုယ်တိုင် တည်ထောင်ထားခြင်းဖြစ်ကာ ထည်ဝါမြင့်မြတ်၍ ထာဝရ တည်ရှိခဲ့သည်။
အိုးရန်ကျန်းတောင်မှ ထိုနေရာသို့ သွားလျင် ပြဿနာ မဖြစ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ စုဝေးနေသော အင်အားစုများက ဆန်းကြယ်နက်ရှိုင်းသောကြောင့်ပင်တည်း။
ထိုနေရာ၌ သန်မာသောသူများ များစွာ ရှိလေသည်။
“စိတ်မပူနဲ့ လမ်းသာပြပါ”
ယဲ့ဖန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သုံးနာရီကြာပြီးနောက် သူတို့သည် ဝမ်ရှန်းမြို့အပြင်သို့ ရောက်လာကြသည်။
သူတို့၏ အရှေ့တွင် တိမ်တိုက်များထဲအထိ ထိုးတက်တည်ရှိနေသော မြင့်မားသည့် မြို့တံခါးတစ်ခု ရှိနေပြီး ၎င်းပေါ်၌ ထူးဆန်းသော တာအိုသင်္ကေတများ ရေးထွင်းထားကာ အေးစက်၍ တောက်ပနေ၏။
မြို့ထဲ၌ လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်။
ထူးဆန်းသော တေးဂီတက ဖြည်းညင်းစွာ ပျံ့လွင့်နေပြီး တာအို စွမ်းအင်နှင့် သဘောတရားတို့က ကောင်းကင်ဘုံသို့ ရောက်နေသကဲ့သို့ နက်နဲပြင်းထန်လှသည်။
ဝမ်ရှန်းမြို့၏ ကောင်းကင်ယံတွင် ကြယ်တာရာများက တလက်လက် တောက်ပနေပြီး သုံးရာ့ခြောက်ဆယ်သော ကြယ်တာရာများက တစ်ခုပြီးတစ်ခု လည်ပတ်နေကာ နဂါးငွေ့တန်းတစ်ခုအသွင် ဖန်တီးနေ၏။
ယဲ့ဖန် ပြုံးလိုက်သည်။ မြို့တစ်ခုလုံးအား သုံးရာ့ခြောက်ဆယ်သော စွမ်းအင်တို့ဖြင့် ဖိနှိပ်ထားခြင်းက တကယ်ကို ကြီးမားသော လုပ်ဆောင်မှုပင်။
ထို့နောက်တွင် သုံးယောက်သား ဝမ်ရှန်းမြို့ထဲသို့ ဝင်လာကြပြီး လေလံစံအိမ်သို့ တန်းသွားကြသည်။
သို့သော် ထိုအချိန်၌ သူတို့ သုံးယောက်၏ အနောက်မှ ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက် ပျံ့လွင့်လာသည်။
ယဲ့ဖန်နှင့် အိုးရန်ယွင်တို့၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီးနောက် ယဲ့ဖန်က ကုန်းမင်ကို ဖမ်းဆွဲ၍ ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းသားရဲများကို စီးတော်ယာဉ်အဖြစ် တပ်ဆင်ထားသည့် ယာဉ်တစ်စီးက သူတို့ဘေးမှ ဖြတ်ပြေးလာသည်။ အနည်းငယ်မျှသာ နောက်ကျမိလျင် ကုန်းမင်ကို ဖြတ်တိုက်သွားလောက်သည်။
အကယ်၍ ၎င်းကသာ ဤကလေးငယ်ကို တိုက်မိပါကာ ချက်ချင်း တစ်စစီ ဖြစ်သွားပေမည်။
ယဲ့ဖန်၏ မျက်နှာက ရုတ်တရက် မည်းမှောင်လာပြီး လူသတ်ချင်သော အကြည့်တို့ ဖြစ်ပေါ်လာ၏။ အကယ်၍ ခုနကသာ သူ အချိန်မီ မလှုပ်ရှားမိလျင် ကုန်းမင် သေသွားနိုင်သည်။
ဤလမ်းက အလွန် ကျယ်သော်လည်း တစ်ဖက်လူက သူတို့ထံကိုသာ သိသိသာသာ ပြေးဝင်လာပြီး နည်းနည်းလေးမျှ အရှိန်လျော့ခြင်း မရှိချေ။ သူ လူသတ်ချင်နေမှန်း သိသာလှသည်။
ယဲ့ဖန်တို့ကို သတ်ရန် ကြံစည်ခြင်းက မအောင်မြင်သည်ကို မြင်သောအခါ ဦးဆောင်လာသည့် အနီရောင် ဆံပင်နှင့်လူ၏ မျက်နှာတွင် စိတ်ပျက်ဟန် ပေါ်လာသည်။
“တိဝူလုံချန် နင် ရူးနေလား”
အိုးရန်ယွင်က ဆံပင်အနီရောင်နှင့်လူကို ဒေါသထွက်နေသော မျက်နှာဖြင့် အော်ငေါက်လိုက်သည်။ တစ်ဖက်လူက သူတို့ကို သတ်ချင်နေမှန်း သိသာလှသည်။
တိဝူလုံချန်ဟူသော လူက ညစ်ကျယ်ကျယ် ပြုံးလာသည်။
“မင်းတို့က ငါ့လမ်းကို လာပိတ်တာလေ၊ ငါ့အမှား ပါလို့လား”
အိုးရန်ယွင်သည် တစ်ဖက်လူ၏ စဉ်းလဲသော စကားကြောင့် အလွန် ဒေါသထွက်သွားပြီး ချက်ချင်း ဓားထုတ်၍ တိုက်ခိုက်ရန် ပြင်လေသည်။
ဤသည်ကိုမြင်သော် တိဝူလုံချန်က လှောင်ရယ်၍ အထင်သေးစွာ ပြောလိုက်သည်။
“အိုးရန်ယွင် မင်းက ငါနဲ့ တိုက်ချင်တာလား၊ မင်းရဲ့ ဝမ်းကွဲအစ်ကိုတောင်မှ ငါနဲ့ တိုက်ကွက် နည်းနည်းလောက်ပဲ တိုက်နိုင်တဲ့ အရည်အချင်းရှိတာ၊ မင်းကတော့ အဲ့လို အရည်အချင်းမရှိမှာကို စိုးရတယ်”
“နင်တို့ နတ်ဘုရားမျိုးနွယ်တွေက တော်တော် အရှက်မဲ့တဲ့ လူတွေပဲ၊ ဒီနေ့ နင်တို့ကို ငါ သင်ခန်းစာ မပေးရရင် ငါ့ကိုယ်ငါ အိုးရန်ယွင်တို့ မခေါ်တော့ဘူး”
အိုးရန်ယွင်က ဒေါသတကြီး ပြောလိုက်သည်။
နတ်ဘုရားမျိုးနွယ်နှင့် အိုးရန်မျိုးနွယ်သည် ကမ္ဘာ့ရန်များ ဖြစ်သည်။ ရှေးခေတ်ကတည်းက ဤမျိုးနွယ်နှစ်ခုသည် ဤနယ်မြေ၌ အသန်မာဆုံးသော မျိုးနွယ်များ ဖြစ်ခဲ့ကြသည်။ သူတို့သည် အချင်းချင်း တစ်တိတိ ရန်စလေ့ ရှိသည်။
မျိုးနွယ်နှစ်ခု၌ တစ်ခုတည်းသော မတူညီချက်ဟူ၍ နတ်ဘုရားမျိုးနွယ်က ကောင်းကင်ဘုံ ကိုးလွှာမှ တည်ရှိမှုများနှင့် ပူးပေါင်းလိုက်ပြီး ကျေးကျွန်အဖြစ်ခံလိုက်ကြခြင်းပင်။
သို့သော် အိုးရန်မျိုးနွယ်က မာနကြီးပြီး ကျွန်ခံလိုစိတ် မရှိကြချေ။ ထို့ကြောင့် သူတို့ ဖိနှိပ်ခံရပြီး သူတို့၏ အင်အားက ထိုးစိုက်ကျဆင်းသွားရသည်။ ဤနှစ်များအတွင်း သူတို့သည် နတ်ဘုရားမျိုးနွယ်များထက် နိမ့်ကျ သွားခဲ့သည်။
သူတော်စင်အဆင့် အိုးရန်ကျန်း၏ ရုန်းကန်ထောက်ကန်မှုကြောင့်သာ မဟုတ်လျင် အိုးရန်မျိုးနွယ်သည် နတ်ဘုရားမျိုးနွယ်၏ သုတ်သင်ခြင်းကို ခံရလောက်သည်။
အစက အိုးရန်မျိုးနွယ်၌ သိက္ခာ အဖက်ဆယ်ပေးနိုင်သည့် အိုးရန်ချင်ရွှယ် ရှိခဲ့ပြီး နတ်ဘုရားမျိုးနွယ်၏ လူငယ် မျိုးဆက်များသည် ခေါင်းပင် မမော်နိုင်ခဲ့ချေ။
သို့သော် အိုးရန်ချင်ရွှယ်က အိုးရန်မျိုးနွယ်မှ ထွက်သွားသောအခါ မည်သူမှ နတ်ဘုရားမျိုးနွယ်ကို အနိုင်မယူ နိုင်တော့ချေ။
ထို့အပြင် အိုးရန်မျိုးနွယ်က အားနည်းသထက် အားနည်းလာပြီး ယခုနှစ်များအတွင်း နတ်ဘုရားမျိုးနွယ်က ပိုပို၍ ရိုင်းစိုငးလာပြီး နယ်မြေကို လုယူခြင်း၊ စီးပွားရေးနှင့် လူများကိုပါ တိုက်ခိုက်လာသည်။ အဘယ်အရာပြ ဖြစ်နေပါစေ သူတို့သည် လုယူနိုင်သော အရာအားလုံးကို လုယူကြသည်။
ထို့ကြောင့်ပင် တိဝူလုံချန်သည် အလွန် ထောင်လွှားရဲခြင်း ဖြစ်ပြီး အိုးရန်ယွင်၏ နောက်ခံကို သိသော်လည်း စီးတော်ယာဉ် သားရဲများဖြင့် သူမကို ဝင်တိုက်၍ နင်းချေရန် ကြံစည်ခြင်း ဖြစ်လေသည်။
သို့သော် ယဲ့ဖန်က သူမကို လှမ်းဆွဲ၍ အပြုံးဖြင့် ပြောလိုက်သည်။
“ပြဿနာ မရှာနဲ့ မင်း မပြောခဲ့ဘူးလား”
“သူက မတူဘူး၊ နတ်ဘုရားမျိုးနွယ်က အရမ်း ကောက်ကျစ်တယ်၊ ငါ့မောင်လေးက သူတို့ကြောင့် အသတ်ခံ လိုက်ရတာ”
အိုးရန်ယွင်သည် အံကြိတ်ထားပြီး နတ်ဘုရားမျိုးနွယ်အား အရိုးထဲအထိ မုန်းတီးနေသည်။
ထိုစဉ် တိဝူလုံချန်သည်လည်း သူ့ကို သတိထားမိသွားပြီး မျက်လုံးကို မှေးစင်း၍ မခန့်လေးစား ပြောလိုက်သည်။
“ဪ …ဒါက မင်းတို့ ပြန်ရှာဖို့ ကြိုးစားခဲ့တဲ့ အမှိုက်ကောင်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား၊ ဟားဟားဟား … ဘုရင်အဆင့်တဲ့ကွာ တကယ် ရယ်ရတယ်”
“အိုးရန်ချင်ရွှယ်ရဲ့သားက ဘုရင်အဆင့်ပဲ ရှိတဲ့ အမှိုက်ကောင် ဖြစ်နေပါလား၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ ဟေ့ကေကာင် မင်းက ငါတို့မိသားစုက ကလေးပေါက်စတွေကို မယှဉ်နိုင်တာကို ပြန်လာရဲသေးတယ်ပေါ့၊ ငါသာ မင်းနေရာမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမိမှာ”
ထိုစကားများကြောင့် နတ်ဘုရားမျိုးနွယ်က လူများကလည်း လှောင်ပြုံး ပြုံးလာကြသည်။
“ကြည့်ရတာ အိုးရန်မျိုးနွယ်မှာ တစ်ယောက်မှ မရှိတော့ဘူးနဲ့တူတယ်၊ အမှိုက်ကောင်ကိုတောင် ရအောင် ပြန်ရှာနေရတယ်လို့၊ သူတို့အတွက် ဂုဏ်သိက္ခာ ညစ်နွမ်းတယ်လို့ မထင်ဘူးနဲ့တူတယ်”
“နဂါးက နဂါးကိုပဲ မွေးသလို ဖီးနစ်ကလည်း ဖီးနစ်ကိုပဲ မွေးတာပါ၊၊ ဘာလို့ အခုမှ ဖီးနစ်ငှက်က ကြက်ကို မွေးလာရတာလဲ ဟားဟားဟား”
“နင် သေလိုက်တော့”
ထိုစကားကိုကြားပြီး အိုးရန်ယွင် ပေါက်ကွဲကာ ဓားကိုဆွဲထုတ်လာပြီး မျက်နှာတွင် လူသတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်လာသည်။
ထိုအချိန်တွင် တစ်ဟုန်ထိုး ထွက်ပေါ်လာသော ဖိအားတစ်ခုက အိုးရန်ယွင်အပေါ် ကျရောက်လာသည်။ လူသတ်ချင်သော အငွေ့အသက်က အဆင်သင့်နီးပါး ဖြစ်နေပြီး အိုးရန်ယွင် လှုပ်ရှားသည်နှင့် ချက်ချင်း သတ်ပစ်မည့်ပုံပင်။
ချက်ချင်းဆိုသလိုပင် အိုးရန်ယွင် မျက်နှာဖြူရော်သွားပြီး ကြောက်လန့်စိတ်တို့ ပြည့်နှက်လာသည်။
“ဝမ်ရှန်းမြို့မှာ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေကို ခွင့်မပြုထားဘူး”
အိုးရန်ယွင်၏ ဦးခေါင်းအထက်မှနေ၍ မာန်ပါသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုစကားသံကို ကြားသောအခါ တိဝူလုံချန်၏ သရော်ဟန်က ပို၍ ပီပြင်လာ၏။
“အရူးမ ဝမ်ရှန်းမြို့မှ ဓားကို ဆွဲထုတ်ရဲတယ်ပေါ့လေ၊ မင်း တော်တော် သတ္တိကောင်းတာပဲ၊ ဘာလဲ မင်းအဘိုးက ဝမ်ရှန်း မြို့တော်သခင်ကိုတောင် အရေးစိုက်စရာ မလိုအောင် မောက်မာနေလို့လား”
ဝမ်ရှန်းမြို့၏ မြို့တော်သခင်သည် ကြီးမားသော အောင်မြင်မှုများ ပိုင်ဆိုင်ထားသူဖြစ်ပြီး အသက်က နှစ်ဘီလီယံချီနေပြီ ဖြစ်ကာ နတ်ဘုရားတစ်ပါးပင် ဖြစ်နေပြီ ဖြစ်ကာ သူတော်စင်အဆင့်များပင် တလေးတစား ဆက်ဆံရသည်။
အိုးရန်ကျန်းတောင်မှ သူ့ကို တွေ့လျင် ယဉ်ကျေးရလေသည်။
“သူ ကျွန်မကို ဝင်တိုက်ဖို့ လုပ်တာကို မမြင်ဘူးလား”
အိုးရန်ယွင်က ခေါင်းမော့၍ ပြန်အော်လိုက်သည်။ ဓားဆွဲထုတ်မိသည့်အတွက် သူမက ဘာလို့ အပြစ်ပေး ခံရမည်နည်း။ တစ်ဖက်လူက လူသတ်ဖို့ ကြံစည်ခဲ့သည့်အပေါ်ကျတော့ တာဝန်မယူရဘူးတဲ့လား။
“သူ လူသတ်တာကို ငါ မမြင်ဘူး၊ မင်း ဓားဆွဲထုတ်တာကိုပဲ ငါ မြင်တယ်”
ထိုအခိုက်တွင် အားလုံးရှေ့သို့ လူတစ်ယောက် ပေါ်လာသည်။ ထိုလူသည် ကြယ်လပုံစံ ဝတ်စုံကို ဝတ်ဆင်ထားပြီး လေထဲ၌ ပျံသန်း၍ ရပ်နေ၏။
“ရှင် …”
အိုးရန်ယွင်က ထိုလူကို မြင်သည်နှင့် ဘာဖြစ်နေသလဲ ချက်ချင်း ရိပ်မိသွားသည်။ သူ့အရှေ့မှလူသည် တိဝူလုံချန်’ ဦးလေး ဖြစ်ပြီး ဝမ်ရှန်းမြို့၏ စောင့်ရှောက်သူ ဆယ့်နှစ်ပါးထဲမှ တစ်ပါးလည်း ဖြစ်သည်။
ဤသည်က မျက်နှာလိုက်ခြင်း ဖြစ်ပေသည်။
“မင်း သည်းမခံနိုင်ရင် ပြဿနာ တက်လိမ့်မယ်”
ယဲ့ဖန်က အိုးရန်ယွင်ကို ဆွဲတားထားသည်။ ယနေ့ အဓိက ရည်ရွယ်ချက်မှာ သူ့တပည့်အတွက် ဆေးဝယ်ပြီး သန့်စင် ဖော်စပ်ရန် ဖြစ်သည်။ နတ်ဘုရားမျိုးနွယ်ကို နောက်မှ ရန်ကြွေးပြန်ဆပ်၍ ရပေသည်။
အိုးရန်ယွင်က အံကြိတ်၍ ရင်ထဲမှ အမုန်းတရားကို ကြိတ်မှိတ်၍ သည်းခံလိုက်သည်။ ဤသည်ကိုမြင်သော် တိဝူလုံချန်က ယဲ့ဖန်အား အထင်သေးဟန်ဖြင့် ကြည့်လေသည်။
“အိုးရန်ချင်ရွှယ်ရဲ့သားက အမှိုက်ကောင် ဖြစ်နေရုံတင်မဘဲ ငကြောက်ပါ ဖြစ်နေတာပါလား၊ ဟားဟားဟား”
“သွားကြမယ်၊ ဒီနံဟောင်နေတဲ့ ခွေးကို ငါတို့ တက်နင်းလို့ မကောင်းဘူး”
ထိုသို့ပြောပြီး တိဝူလုံချန်က ရယ်မောပြီး သူ့လူများကို ဦးဆောင်၍ လေလံစံအိမ်ထဲသို့ ဝင်သွားလေသည်။
“နင် ဘယ်လို သည်းခံနိုင်တာလဲ”
အိုးရန်ယွင်က စိတ်ဆိုးမာန်ဆိုး ပြောလေသည်။ တိဝူလုံချန်၏ ယုတ်မာပုံကို မြင်ပြီး သူမစိတ်ထဲ၌ မပျော်တော့ချေ။
ယဲ့ဖန် ပြုံးလိုက်သည်။
“လူသတ်တာက အချိန်မရွေး လုပ်လို့ရတယ်၊ ဘာလို့ အလျင်လိုနေမှာလဲ”
သူ့မျက်လုံးတွင်း၌ အေးစက်စက် အရိပ်တစ်ချက် ဖြတ်ပြေးသွားသည်။
ထိုသို့သောအချိန်၌ ကောင်းကင်ယံ၌ ရပ်နေသော လူကလည်း ယဲ့ဖန်ကို ကြည့်၍ သတိပေးလာ၏။
“ဝမ်ရှန်းမြို့ထဲမှာ လာမလုပ်နဲ့၊ မဟုတ်လို့ကတော့ ငါ့ကို ရိုင်းတယ်လို့ အဆိုးမဆိုနဲ့”
သို့သော် ယဲ့ဖန်က သူ့စကားကို မကြားသယောင်ပြု၍ အိုးရန်ယွင်ကိုခေါ်၍ လေလံစံအိမ်ထဲသို့ တန်းဝင်သွားသည်။
ဤမြင်ကွင်းကြောင့် ဝမ်ရှန်မြို့၏ စောင့်ရှောက်သူ မျက်လုံးထဲတွင် လူသတ်ချင်စိတ်များ ဝုန်းခနဲ ထွက်ပေါ် လာသည်။ ဤမျှ ရဲတင်းသောလူကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
*မင်းကများ ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့လေ*
“မျိုးမစစ်ကောင် မင်းကများ ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့၊ မင်း ဒီနေ့ အသက်ရှင်လျက် ပြန်ရမယ် မထင်နဲ့”
သူ၏ မျက်လုံး၌ သတ်ဖြတ်ချင်စိတ်များ ပြည့်နေလေသည်။
ယဲ့ဖန်နှင့် အခြားသူများ လေလံစံအိမ်ထဲသို့ ဝင်လာပြီးနောက် အိုးရန်ရှောက်ကျွင်းက လူငယ်တစ်ယောက်နား၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူငယ်သည် မာနကြီးပုံပေါ်ပြီး သူ့ခန္ဓာကိုယ်က အရောင်အဝါ တောက်ပနေကာ သူ လမ်းလျှောက်ချိန်တိုင်း သူ့ဘေးပတ်လည်၌ လေဟာနယ်တစ်ခု ဖြစ်ပေါ်နေ၏။
ထိုလူငယ်ရှေ့၌ အိုးရန်ရှောက်ကျွင်းသည် ခန္ဓာကိုယ်ကို ကိုးဆယ်ဒီဂရီ ကိုင်းထားပြီး မျက်နှာတွင် လေးစားမှုနှင့် မျက်နှာချိုသွေးဟန်တို့ ပြည့်နေလေသည်။
သို့သော် ထိုလူငယ်ကမူ နားထောင်ရုံသာ နားထောင်ပြီး တစ်ခါတရံမှ ခေါင်းညိတ်ကာ မည်သို့သော အမူအရာမှ မဖော်ပြဘဲ အလွန် မောက်မာပုံ ပေါ်နေသည်။
“မင်း ဘာလို့ ဒီရောက်နေတာလဲ”
ယဲ့ဖန်ကို မြင်သောအခါ အိုးရန်ရှောက်ကျွင်း မသိမသာ မျက်မှောင်ကြုတ်သွားပြီး လေသံကလည်း မကောင်းတော့ချေ။
“အရေးမပါလိုက်တာ၊ လေလံစံအိမ်ကိုလာပြီး လေလံမဆွဲလို့ ဘာလုပ်ရမှာလဲ”
အိုးရန်ယွင် စိတ်ဆိုးမာန်ဆိုး ပြန်ပြောလိုက်သည်။ အိုးရန်ရှောက်ကျွင်းက အေးစက်စွာ ခနဲ့သံပြု၍ သူ့ဘေးမှ လူငယ်လေးကို ပြောလိုက်သည်။
“သခင်လေး ယွိချီ ဒီနှစ်ယောက်က ကျွန်တော့်ရဲ့ ဝမ်းကွဲညီနဲ့ ညီမပါ”
“ကြောင်တွေခွေးတွေကို ငါနဲ့ မိတ်ဆက်ပေးဖို့ မလိုဘူး”
သခင်လေး ယွိချီက အထက်စီးဖြင့် ပြောလိုက်သည်။
*အိုးရန်ယွင်က မဆိုးပင်မယ့် ဒီတီကောင်က ဘာလဲ*
*ဘုရင်အဆင့်လား*
*ဒီလိုလူမျိုးက ငါ တစ်ချက်လောက် ပိုကြည့်မိရင်တောင် မျက်လုံးကို ညစ်ညမ်းအောင် လုပ်မယ့်ဟာတွေ*
သူ့စကားက ယဲ့ဖန်နှင့် အိုးရန်ယွင်အား မျက်မှောင်ကြုတ်သွားစေသည်။
သို့သော် တစ်ဖက်လူက အဘယ်ကြောင့် ဤမျှ ထောင်လွှားနိုင်သလဲ ဆိုသည်ကို အိုးရန်ယွင် နားလည်ပေသည်။ အကြောင်းမှာ သူမတို့အရှေ့မှ သခင်လေး ယွိချီသည် ဝမ်ရှန်းမြို့တော်သခင်၏ သား ဖြစ်သောကြောင့်ပင်တည်း။
အိုးရန်ရှောက်ကျွင်း သူ့ကို မျက်နှာလုပ်နေသည်က ဖြစ်သင့်ပေ၏။
ထိုစကားကိုကြားသော် အိုးရန်ရှောက်ကျွင်းကလည်း လှောင်ရယ်လာပြီး ယဲ့ဖန်တို့ကို ငေါက်ငမ်းလိုက်သည်။
“မင်းတို့နှစ်ယောက် ဒီလာပြီး သခင်လေး ယွိချီကို နှုတ်မဆက်သေးဘူးလား”