← Chapters

ခြားနားမှုကို ရှာခြင်း

Vol. 112 Ch. 1677

ခြားနားမှုကို ရှာခြင်း

Vol. 112 Ch. 1677

သို့သော် ယဲ့ဖန်က သူတို့ကို ကြည့်ပင်မကြည့်ဘဲ ဘေးနားမှ ဖြတ်လျှောက်သွားသည်။ ထိုအခါ သခင်လေး ယွိချီဘေးမှ နောက်လိုက်များအားလုံး မှင်တက်သွားကြသည်။

*ငါတို့ အထင်မှားတာလား*

*တစ်ယောက်ယောက်က သခင်လေး ယွိချီကို ဥပေက္ခာပြုရဲတယ် ဟုတ်လား*

*ဝမ်ရှန်း မြို့တော်သခင်ရဲ့ သားကို လျစ်လျူရှုရဲတယ်ပေါ့လေ*

*ဒါ အရမ်း ထောင်လွှားလွန်းတာပဲ*

*ဘာမဟုတ်တဲ့ ဘုရင်အဆင့်လေးက မောက်မာလွန်းနေရတယ်လို့*

အိုးရန်ရှောက်ကျွင်း၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ ယဲ့ဖန်က အလွန် မောက်မာ နေလိမ့်မည်ဟု သူ ထင်မထားမိပါ။ မြင့်မြတ်သော သခင်လေး ယွိချီကိုပင် အလေးအနက် မထားချေ။

အိုးရန်ယွင်သည် ယဲ့ဖန်၏ နောက်ကျောကိုကြည့်ပြီး တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ဘာမှမပြောဘဲ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့သောအချိန်တွင် သခင်လေး ယွိချီ၏ မျက်နှာက မည်းမှောင်လာပြီး သူ့မျက်လုံးတွင် ဒေါသမီးတို့ တောက်လောင် လာသည်။

သူသည် ကလေးဘဝကတည်းက ဤသို့ တစ်ခါမှ အထင်သေးမခံရဖူးချေ။

သူသည် ဝမ်ရှန်းမြို့ အရှင်သခင်၏ သားဖြစ်သည်။ ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရသော သားဖြစ်ပြီး မွေးကတည်းက အရာအားလုံးကို စိုးမိုးနိုင်မည့် ကံကြမ္မာ ပါလာပြီး ဖြစ်၏။

ထို့ကြောင့် သူ့စိတ်ထဲတွင် သူ ယဲ့ဖန်ကို အထင်သေးနိုင်သည်။ သို့သော် ယဲ့ဖန်က သူ့ကို အထင်သေးနိုင်သည့် အရည်အချင်း မရှိဟု မှတ်ယူထားသည်။

*ဒီကောင်က စည်းလာကျော်နေတာပဲ*

*ခွင့်မလွှတ်နိုင်ဘူး*

*သေသင့်တဲ့ကောင်*

ထို့နောက်တွင် သခင်လေး ယွိချီက အိုးရန်ရှောက်ကျွင်းကို ခက်ထန်စွာ ကြည့်လိုက်သည်။

“မင်းရဲ့ ဝမ်းကွဲညီက နည်းနည်း မောက်မာနေတယ် မဟုတ်ဘူးလား”

အိုးရန်ရှောက်ကျွင်းက တုန်လှုပ်သွားပြီး သွေးပျက်စွာ ပြောလိုက်သည်။

“အမှန်ပါပဲ၊ အဲ့ကောင်က အဘိုး သူ့ကို မျက်နှာသာ ပေးတယ်ဆိုပြီး ဘယ်လောက် မောက်မာသလဲဆိုရင် အစ်ကိုဖြစ်တဲ့ ကျွန်တော့်ကိုတောင် မျက်လုံးထဲ မထည့်ပါဘူး”

“ဪ … မင်း ဒီလောက် မလေးမစား အလုပ်ခံနေရမှတော့ သူ့ကို သင်ခန်းစာပေးသင့်တာပေါ့”

ထိုသို့ပြောနေစဉ်မှာပင် သခင်လေး ယွိချီက စဉ်းလဲစွာ ပြုံးလိုက်လေသည်။

“ဟုတ်တယ်၊ ကျုပ်တို့ အစ်ကိုကြီး ယွိချီကို လျစ်လျူရှုရဲတယ်ဆိုတော့ အဲ့ကောင် သူ့ကိုယ်သူ ဘာထင်နေတာလဲ၊ သူ့ကို ကျောင်းမှန်းကန်မှန်း သိအောင် မပြရင် နားလည်လာမှာ မဟုတ်ဘူး”

“အစ်ကိုကြီး ဒါမှမဟုတ်လည်း ကျွန်တော်ပဲ အခု သူ့ကို သင်ခန်းစာပေးလိုက်ပါ့မယ်၊ အစ်ကိုကြီးရှေ့မှာ သူ့ကို ဒူးထောက်ခိုင်းပြီး တောင်းပန်ခိုင်းမယ်”

ချက်ချင်းဆိုသလိုပင် သခင်လေး ယွိချီ၏ နောက်လိုက်များက ဖြောင့်မတ်တည်ကြည်ဟန်တို့ ပြလာကာ အားတက်သရော ပြောဆိုလာ၏။

သခင်လေးယွိချိက လက်မြှောက်ပြ၍ အထက်စီးဖြင့် ပြောလိုက်သည်။

“အမှိုက်လေး တစ်စပဲကို၊ ဘယ်အချိန်ရှင်းရှင်း ရနေတာပဲမလား၊ လေလံပွဲ ပြီးအောင် စောင့်ကြတာပေါ့”

ဤသည်ကိုမြင်သော် အိုးရန်ရှောက်ကျွင်း ချက်ချမ်း ဝမ်းသာအားရ ဖြစ်သွားသည်.

*ယဲ့ဖန် အရူးကောင် … မင်းကို အဘိုးက မျက်နှာသာပေးထားတယ်ဆိုပင်မယ့် မင်း ကျင်းတူးမိပြီဆိုတာ မသိဘူး မလား*

*သခင်လေး ယွိချိကို ရန်စမိရင် မင်း သေချာပေါက် သေမှာ*

ယခုတစ်ခေါက်တွင် သူကိုယ်တိုင် လှုပ်ရှားစရာ မလိုဘဲ ယဲ့ဖန်ကို သတ်နိုင်ပေတော့မည်။

သို့သော် သခင်လေး ယွိချိဘေးနားမှ အဘိုးအိုသည် စိတ်ရှုပ်ထွေးနေသော အမူအရာ ဖြစ်နေပြီး ယဲ့ဖန်ကို ရင်းနှီးနေသည်ဟု ခံစားနေရလေသည်။

*ငါ သူ့ကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ*

မကြာခင်မှာပင် လေလံပွဲ စတင်လာ၏။ ယဲ့ဖန်သည် လိုချင်သော ဆေးပင် စာရင်းများကို အိုးရန်ယွင်ထံ ကြိုတင်၍ ပေးထားသည်။

ဝမ်ရှန်းမြို့မှ လေလံပွဲသည် အတော်လေး ထူးခြားသည်။ ဟိတ်တစ်လုံး ဟန်တစ်လုံး လုပ်ထားခြင်းမရှိဘဲ ပစ္စည်းများအားလုံးကို မှန်အိမ်သေတ္တာထဲ၌ ထည့်၍ ပြသထားသည်။ လေလံဆွဲသူက ကိုယ့်ဘာသာကိုယ် လေလံကြေး ပေးပြီး အမြင့်ဆုံး ပေးနိုင်သူက အနိုင်ရသည်။

“နဂါးကတိုး၊ နဂါးကတိုး တွေ့ပြီ ဒီမှာပဲ”

အိုးရန်ယွင်သည် ဆေးပင်စာရင်းကို ကြည့်နေရင်းနှင့် ပထမဆုံးသော ဆေးပင်ကို ရှာတွေ့သွားသည်။

“ကြမ်းခင်းဈေးက ဝိညာဉ်သလင်းကျော် တစ်သောင်းပဲ၊ နင် အဆင်သင့်ဖြစ်ပြီးလား”

အိုးရန်ယွင် ယဲ့ဖန်ကို လှည့်ကြည့်၍ မေးလိုက်သည်။

“ဝိညာဉ်သလင်းကျောက် ဟုတ်လား၊ အဲ့ဒါ ဘာကြီးလဲ”

“ဘာ … နင် ဝိညာဉ် သလင်းကျောက်ကိုတောင် မသိဘူးလား၊ ဒါတောင် နင် ဒီလာပြီး လေလံဆွဲရဲသေးတယ်နော်”

အိုးရန်ယွင် မျက်လုံးပြူးသွားသည်။

*ဒီကောင်က ဘာလဲဟ*

“ငါ့မှာ ပိုက်ဆံရှိတယ်လေ မရဘူးလား*

ယဲ့ဖန် ခေါင်းကုတ်လိုက်မိသည်။

“အစ်ကိုကြီးရယ် ဒါ မြေရိုင်းနယ်မြေလေ၊ သေမျိုးတွေရဲ့ လောကထက် ကျော်လွန်တဲ့ နေရာ၊ ပိုက်ဆံက ဘာလုပ်လို့ ရမှာလဲ၊ ဒီက တစ်ခုတည်းသော ငွေကြေးက ဝိညာဉ် သလင်းကျောက်ပဲ”

အိုးရန်ယွင် စိတ်ပျက်စွာ အကြည့်လွှဲလိုက်မိသည်။

*ယဲ့ဖန်မှာ ဒီလိုလူပြိန်းအသိတောင် မရှိပါလား*

“ထားလိုက်တော့ ငါပဲ ဝယ်တော့မယ်၊ နင့်ကိုမှ ငါ ဆရာတင်ထားမိတာကိုး”

အိုးရန်ယွင် ကူကယ်ရာမဲ့စွာ ပြောလိုက်ပြီးနောက် အော်ပြောလိုက်သည်။

“ဒါကို တစ်သောင်းပေးမယ်”

နဂါးကတိုးကို အစကတည်းက ဝယ်ယူသူ နည်းသဖြင့် အိုးရန်ယွင် အော်ပြောလိုက်သောအခါ အနား၌ ဝင်လုဝယ်သူ မရှိချေ။

“ငါ တစ်သောင်းပေးမယ်”

သို့သော် ထိုအချိန်၌ အိုးရန်ယွင်နှင့် အခြားသူများ၏ အနောက်မှနေ၍ ရွှတ်နောက်နောက် အသံ ထွက်လာသည်။

အိုးရန်ယွင်၏ မျက်နှာ မည်းမှောင်သွားသည်။ နားထဲ ကန့်လန့်ဝင်လာသော ဤစိတ်ပျက်စရာအသံကြောင့် လှည့်မကြည့်လည်း ဘယ်သူဆိုတာကို သူမ သိပါသည်။

တိဝူလုံချန်က သူ့မျိုးနွယ်ဝင်များနှင့်အတူ ရောက်လာပြီး သရော်ပြုံး ပြုံးနေသည်။ ပြဿနာရှာခြင်း။ ဤသည်မှာ တမင်သက်သက် ဒုက္ခရောက်အောင် ဝင်မွှေနေခြင်းသာတည်း။

သူ ယွမ်တစ်သောင်းပေး၍ ဝင်ဆွဲခြင်းသည် တကယ် လိုချင်၍ လေလံဆွဲခြင်း မဟုတ်ဘဲ တစ်ဖက်လူ မရအောင် ဝင်ပြဿနာ ရှာနေခြင်း ဖြစ်ပေသည်။

“တိဝူလုံချန် နင် တမင်သက်သက် ပြဿနာ ရှာနေတာလား”

အိုးရန်ယွင် အံကြိတ်လိုက်သည်။

“အဟဲ နင် သတိထားမိသားပဲ၊ ဉာဏ်ကောင်းတယ်”

တိဝူလုံချန်က ညစ်ကျယ်ကျယ် ရယ်လိုက်သည်။

“နှစ်သောင်း”

အိုးရန်ယွင်သည် အရေးမပါသော စကားများ ပြောရန် ပျင်းရိသဖြင့် ဈေးကိုသာ ပိုမြှင့်လိုက်သည်။

“နှစ်သောင်းနဲ့ တစ်တုံး”

တိဝူလုံချန်က ပြုံး၍ လိုက်၍ လေလံဆွဲလေသည်။

“ငါးသောင်း”

“ငါးသောင်းနဲ့တစ်တုံး”

အိုးရန်ယွင် မည်မျှ ဈေးခေါ်ပါစေ တိဝူလုံချန်က လိုက်၍ တစ်ခုသာတိုး၍ လိုက်ဆွဲသည်။ အိုးရန်ယွင်အား သူမ လိုချင်တာ ဝယ်မရအောင် နည်းမျိုးစုံဖြင့် လိုက်တားနေ၏။

“တိဝူလုံချန် နင် ဒီပစ္စည်းကို မလိုချင်ဘူးဆိုရင် ဘာလို့ ငါ ဝယ်တာကို လိုက်ဖျက်နေတာလဲ”

အိုးရန်ယွင်က တိဝူလုံချန်ကို စူးစိုက်ကြည့်လိုက်သည်။ တိဝူလုံချန်က အားရကျေနပ်စွာ ပြန်ပြောလေသည်။

“ဘာလို့လဲဆိုတော့ ငါ မင်း မပျော်တာကို မြင်နေရရင်ကို ပျော်နေလို့လေ ဟားဟားဟား”

“မျိုးမစစ်ကောင်”

တိဝူလုံချန်၏ ညစ်ကျယ်ကျယ် အပြုံးကိုကြည့်ပြီး အိုးရန်ယွင် သူ့မျက်နှာကို ဖြတ်ရိုက်ချင်စိတ်သာ ပေါက်နေသည်။

“အရေးမပါတာတွေ ပြောမနေနဲ့၊ မင်း ပိုက်ဆံရှိရင် လေလံဆွဲ၊ မရှိရင် ဂျောင်းလိုက်”

“ဒါပဲလေ မင်းမှာ သောင်းဂဏန်းလေးတောင် မရှိဘူးလား၊ မင်းတို့မျိုးနွယ် ဆင်းရဲနေပြီလား”

နတ်ဘုရားမျိုးနွယ်များကလည်း လှောင်ပြောင်လာ၏။

အိုးရန်ယွင်က လေလံဆွဲရန် ပြင်လိုက်သော်လည်း ယဲ့ဖန်က သူ့ကို ပြန်ဆွဲ၍ အပြုံးဖြင့် ပြောလိုက်သည်။

“ထားလိုက်တော့၊ တခြားဟာပဲ သွားဝယ်ကြတာပေါ့”

တိဝူလုံချန်က ကျေနပ်အားရစွာ ရယ်လေသည်။

“ဆရာ ဘာလို့ ငါ့ကို လေလံဆွဲခွင့်မပေးတာလဲ၊ ငါ သူ့ကို သတ်လို့လိုတယ်”

အိုးရန်ယွင်က အင်တင်တင်ဖြင့် ပြောလိုက်သည်။

“မင်း ဘယ်လောက် လေလံဆွဲဆွဲ သူက နောက်ကလိုက်ဖျက်နေမှာပဲ၊ နောက်ဆုံးကျရင် နှစ်ဘက်လုံး အထိနာလိမ့်မယ်”

ယဲ့ဖန်က အပြုံးနှင့် ပြောလိုက်သည်။

“ဒါပေမဲ့ ငါ့မှာ နည်းလမ်းရှိတယ်၊ ငါတို့ လိုချင်တာကို တစ်ပြားမှ မကုန်ဘဲ ရနိုင်မယ့် နည်းလမ်းပဲ”

“ဘာနည်းလမ်းလဲ”

အိုးရန်ယွင် သိချင်စိတ်ဖြင့်င မေးလိုက်သည်။

“မင်း ခဏနေရင် သိလိမ့်မယ်”

ယဲ့ဖန်က ရက်စက်သော အပြုံးမျိုး ပြုံးလာသည်။

နောက်ပစ္စည်းတွင်လည်း ထိုနည်းတူပင်။ တိဝူလုံချန်က သူတို့ကို လိုက်ဖျက်ချင်နေပုံရသည်။ သူတို့ ဘာကို ဝယ်ချင်ဝယ်ချင် တိဝူလုံချန်က နောက်မှနေ၍ ဝိညာဉ် သလင်းကျောက် တစ်တုံး လိုက်လိုက်တိုးပေးသည်။

“ဟေ့ ငါ ဒီဆေးပင် လိုချင်တယ်၊ ငါ ဒါကို ခွေးတွေကို မပေးနိုင်ဘူး”

တိဝူလုံချန်၏ မျက်နှာက ပိုပို၍ မာန်တက်လာပြီး အိုးရန်ယွင်၏ မချင့်မရဲ ဖြစ်နေသော အမူအရာကို မြင်ရသောအခါ သူ့စိတ်ထဲ၌ ပို၍ အားရကျေနပ်လာသည်။

အိုးရန်ယွင်၏ မျက်နှာက ဒေါသကြောင့် နီဲရလာကာ လူသတ်ချင်နေ၏။

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က ရှေးဟောင်း လက်နက်တစ်ခုကို လက်ညှိုးထိုး၍ သူမကို ပြောလာသည်။

“လေလံဆွဲလိုက်”

“အဲ့ဒါလား၊ ဒါပေမဲ့ အဲ့ဒါက ငါ့အသုံးစရိတ်နဲ့ မလောက်ဘူး”

အိုးရန်ယွင်က မယုံနိုင်သလို မေးလာသည်။

“ငါ သိတယ်၊ ဒါပေမဲ့ တိဝူလုံချန် တတ်နိုင်တယ်လေ”

ယဲ့ဖန် ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ ထိုစကားကိုကြားသော် အိုးရန်ယွင် ပထမ၌ ကြက်သေ သေနေပြီးမှ ယဲ့ဖန် ပြောချင်သော စကားကို နားလည်သွားကာ အမူအရာက ဉာဏ်များဟန် ပေါ်လာသည်။

“နင် တကယ် ဆိုးတာပဲ”

ထို့နောက် အိုးရန်ယွင်က စ၍ လေလံဆွဲလေသည်။

“ဒီလက်နက်ကို ငါ တစ်သိန်းခွဲ ပေးမယ်”

“တစ်သိန်းခွဲနဲ့ တစ်တုံး”

တိဝူလုံချန်ကလည်း တွေဝေမနေဘဲ ဈေးလိုက်ပေးသည်။

“ဒါ … ဒါရော၊ ပြီးတော့ ဒါရောပဲ”

အိုးရန်ယွင်က ဈေးကြီး၍ အရေးပါသော အရာများကို ရွေးကာ လေလံဆွဲလေသည်။ အားလုံးက ရှေးဟောင်း ပစ္စည်းများ၊ နာမည်ကျော် ပန်းချီကားများ စသော ပစ္စည်းများ ဖြစ်သည်။

မသိလိုက် မသိခင်မှာပင် တိဝူလုံချန်သည် ငွေကို ရေလို ဖြုန်းမိသွားပြီး ဝိညာဉ်သလင်းကျောက် တစ်သန်းကျော် ကုန်သွားသည်။

ထိုအခိုက်တွင် တိဝူလုံချန်နှင့် အခြားသူများသည် မူမမှန်သလို ခံစားမိလာသည်။ သူတို့ထဲမှ တစ်ယောက်က စပြောလာ၏။

“သခင်လေး ကျွန်တော်တို့ လှည့်စားခံရပြီနဲ့တူတယ်”

“ဖြောင်း”

တိဝူလုံချန်က သူ့ကို လက်ပြန်ရိုက်ချလိုက်ပြီး ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။

“ဒါလေးကို ငါ မသိဘူးများ ထင်နေလား”

အရိုက်ခံလိုက်ရသူက သူ့မျက်နှာကို လက်ဖြင့်ပွတ်ရင်း စိတ်ထဲမှ ပြောနေ၏။

*ခင်ဗျား သိနေရင်လည်း ဘာလို့ ဈေးလိုက်ပေးနေသေးလဲ*

“ဟဲ့ နင် လိုက်လုရတာကို ကြိုက်တယ်မလား၊ ဘာလို့ ဆက်မလုတာလဲ”

အိုးရန်ယွင်၏ မျက်နှာက စိတ်ဆိုးဟန် ပေါ်မနေဘဲ တိဝူလုံချန်ကို ရန်စ‌ဟန်ဖြင့်သာ ကြည့်နေသည်။

“ခွေးမ နင်ကများ ငါ့ကို လာလှောင်ရဲတယ်ပေါ့လေ”

တိဝူလုံချန်က အိုးရန်ယွင်ကို ခက်ထန်စွာ ကြည့်၍ အံကြိတ်လိုက်သည်။

အစက လှည့်စားနေသူမှာ သူ ဖြစ်သော်လည်း အဆုံးသတ်၌ သူသာ လှည့်စားခံလိုက်ရသဖြင့် အလွန် နေမထိ ထိုင်မသာ ဖြစ်သွားရသည်။

အိုးရန်ယွင်က ဒေါသဖြင့် ရယ်၍ ပြန်ပြောလိုက်သည်။

“နင် ငါ့ကို လှည့်စားမလား၊ ငါကပဲ နင့်ကို လှည့်စားမလား ကြည့်ကြတာပေါ့၊ နင့်မှာ အစွမ်းရရှိရင် လေလံ လိုက်ဆွဲလေ၊ မရှိရင်လည်း ဂျောင်းတော့”

“ကောင်းပြီလေ၊ ဝမ်ရှန်းမြို့ကနေ ထွက်လာကြည့်လိုက်၊ မင်း ဘယ်လိုသေမလဲ ကြည့်ရသေးတာပေါ့”

တိဝူလုံချန် အံကြိတ်လိုက်ပြီး ဤမျိုးမစစ်ကောင် နှစ်ကောင်ကို မြို့က ထွက်သည်နှင့် ပညာပြမည်ဟု ဆုံးဖြတ် လိုက်သည်။

ထို့နောက် တိဝူလုံချန်က အေးစက်စွာ ခနဲ့သံပြု၍ လေလံခန်းမထဲမှ သူ့လူများနှင့်အတူ ထွက်သွားလေသည်။

“အာ …”

အိုးရန်ယွင်က အနည်းငယ် ကြောက်နေဟန်ဖြင့် ခေါင်းကုတ်သွားသည်။

“ငါတို့ သူ့ကို ဒေါသထွက်အောင် လုပ်မိပြီနဲ့တူတယ်”

“ကြောက်နေတာလား”

ယဲ့ဖန် ပြုံး၍ မေးလိုက်သည်။

“နည်းနည်းပေါ့”

သူမ မကြောက်ဟု ပြောလျင် လိမ်ရာကျပေမည်။ တစ်ဖက်လူက အင်အားတောင့်သော်လည်း သူမတို့က သုံးယောက်သာ ရှိသည်။ ထိုအထဲမှ တစ်ယောက်ကလည်း ဘာမှမတတ်သော ကလေးတစ်ယောက် ဖြစ်နေသေး၏။

ထိုအခါ ယဲ့ဖန် တင်းမာသော အမူအရာဖြင့် ပြောလိုက်သည်။

“သူ လက်ဆန့်ရဲလာရင် ငါ သူ့လက်ကို ဖြတ်မယ်၊ သူ ရှေ့တက်ရဲရင်‌တော့ သူ့ခေါင်းကို ငါ ဖြတ်မယ်”

အထက်စီးဆန်လွန်းလှသည်။ မောက်မာလွန်းလှပေ၏။

သခင်လေး ယွိချီတို့ဘက်တွင်လည်း ယဲ့ဖန်တို့ အဖြစ်အပျက်ကို သတိထားမိကာ မခိုးမခန့် ပြုံးလိုက်သည်။

“ငါတို့တောင် လှုပ်ရှားစရာ မလိုတော့ဘူးနဲ့တူတယ်”

အိုးရန်ရှောက်ကျွင်းကလည်း ဝင်ခနဲ့သည်။

“အဲ့ကောင်က ပြဿနာအိုးပဲ၊ ရောက်တဲ့နေရာတိုင်း ပြဿနာ ရှာတယ်၊ သူ သေကိုသေသင့်တယ်”

သခင်လေး ယွိချီ လှောင်ရယ်လိုက်သည်။

“ပျင်းစရာ ကောင်းလိုက်တာ၊ အစက ငါ သူ့ကို ရှင်းဖို့ အကြံထုတ်နေတာ၊ အခုတော့ ငါ လုပ်စရာတောင် မလိုတော့ဘူး”

“အစ်ကိုယွိချီ အဲ့ခွေးသူခိုးက အစ်ကို့လိုလူကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး”

“ဟုတ်တယ် ဟုတ်တယ်၊ သူ့ကိုသတ်ရင် အစ်ကိုကြီးရဲ့ လက်ပဲ ညစ်ညမ်းရမှာ”

လူတိုင်းက အလျင်အမြန် မျက်နှာချိုသွေးသော စကားများဖြင့် ဖားယားနေကြသည်။ မကြာခင်မှာပင် သခင်လေး ယွိချီက ယဲ့ဖန်တို့ကို ထားခဲ့၍ ထွက်သွားလေသည်။

ထိုအချိန်တွင် ယဲ့ဖန်တို့သည် ဘာမှမဝယ်ဖြစ်သဖြင့် လေလံစံအိမ်မှ ထွက်လာပြီး အိမ်ပြန်ကြလေသည်။

“အဲ့မျိုးမစစ်ကောင် တိဝူလုံချန်ကြောင့် အခု ဘာမှမဝယ်လိုက်ရဘူး”

အပြန်လမ်း၌ အိုးရန်ယွင်က မကျေမနပ် ပြောလာပြီး ယနေ့ ခရီးက အချည်းနှီး ဖြစ်သွားရသဖြင့် ဒေါကန်နေသည်။

“ငါတော့ အဲ့လို မထင်ဘူး”

ယဲ့ဖန်က ထူးဆန်းစွာ ပြုံးလိုက်ပြီး ဘယ်ဘက်မှ နက်ရှိုင်းသော တောအုပ်ကြီး၏ အတွင်းတစ်နေရာသို့ ကြည့်လိုက်သည်။

*ဟင်*

အိုးရန်ယွင် အံ့ဩသွားပြီး ယဲ့ဖန် ဘာကို ဆိုလိုချင်မှန်း မသိချေ။ သို့သော် သူမက ယဲ့ဖန် ကြည့်နေသော နေရာဆီသို့ လိုက်ကြည့်လိုက်လေသည်။

All Chapters