အိုးရန်ချင်ရွှယ်ရဲ့သား ယဲ့ဖန်
Vol. 112 Ch. 1679
“ဝေါ့”
တိဝူလုံချန်သည် မြေကြီးပေါ် ပြန်ကျလာသည်နှင့် သွေးတစ်လုပ်အန်ကာ ချက်ချင်း မလှုပ်နိုင် ဖြစ်သွားသည်။
သူ့မျက်လုံးများက ရီဝေနေပြီး မျက်နှာတွင် မယုံနိုင်ဟန်များ ပြည့်နေပြီး အိုးရန်ယွင်ထံ၌ သူ ရှုံးနိမ့်သွားသည်ကို မယုံနိုင် ဖြစ်နေပုံ ရသည်။
ထို့နောက် သူက နီရဲကာ မုန်းတီးနေသော အကြည့်ဖြင့် ယဲ့ဖန်ကို ကြည့်လိုက်သည်။
“သူပဲ၊ လှည့်ကွက်တွေ လုပ်နေတာ သူပဲ၊ သူ့ကိုသတ်ကြ”
“ရွှစ်”
ချက်ချင်းဆိုသလိုပင် နတ်ဘုရားမျိုးနွယ်များကလည်း ယဲ့ဖန်ကို စူးစိုက်ကြည့်လာပြီး ယဲ့ဖန်၏ ထူးခြား ဆန်းကြယ်မှုကို သူတို့လည်း သတိထားမိပုံရသည်။
အကယ်၍ သူတို့သာ သူ့ကို မရှင်းလျင် ယနေ့ ဤနေရာမှ သူတို့ အသက်ရှင်လျက် ထွက်မသွားနိုင်မှာကိုပင် စိုးရသည်။
“ဟေ့ကောင် မင်းက ငါ့သခင်လေးကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ၊ မင်း … သေသင့်တယ်ကွ”
ထို့နောက် တစ်ဒါဇင်ကျော်သော် မျိုးနွယ်ဝင်များက ယဲ့ဖန်ထံ ပြေးတက်လာကြပြီး သတ်ဖြတ်လိုသော အငွေ့အသက်များက ယဲ့ဖန်ထံ စုပုံ ကျရောက်လာသည်။
ထိုအခါ ယဲ့ဖန်က လှောင်ရယ်လိုက်ပြီး ခြေတစ်ဖက်ကို အသာဆောင့်လိုက်သည်။ ထိုအခါ မြင်ကွင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
ပတ်ဝန်းကျင် အခြေအနေက ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ပုံရိပ်က မထင်မရှားနှင့် အရှိန်အဝါ ပြောင်းလဲလာပြီး အသွင်အပြင်က နတ်ဘုရားတစ်ပါးကဲ့သို့ ထည်ဝါလာသည်။
ထို့နောက် အားလုံး၏ မျက်စိရှေ့သို့ ငရဲမှမြင်ကွင်းတစ်ခု ပေါ်လာ၏။ ကောက်မက်ဖွယ် ကောင်းလှပေသည်။
ဤသည်မှာ လောကတွင်းရှိ ကြောက်စရာ အကောင်းဆုံး အမြင်အာရုံထဲမှ တစ်ခု ဖြစ်သည်။ ၎င်း ပေါ်လာသောအခါ မြေဆီလွှာ အက်ကွဲလာပြီး လူတိုင်း ချက်ချင်း မှင်တက်သွားကြသည်။
*ကြောက်ဖို့ကောင်းလိုက်တာ*
*ဘယ်လို ဖြစ်တာလဲ*
ထိုအခိုက်တွင် ယဲ့ဖန်ကို သတ်ရန် ပြေးလာသည့် ဒါဇင်ချီသော လူများအားလုံး အံ့အားသင့်သွားကြသည်။
*ဘယ်လိုလုပ် အသုံးမကျတဲ့ ဘုရင်အဆင့်မှာ ဒီလို ကြောက်စရာကောင်းတဲ့ ခွန်အားမျိုး ရှိနေတာလဲ*
*ဟမ်*
သို့သော် အံ့ဩစရာက မကုန်ဆုံးသေးပေ။ လေဟာနယ်က ရုတ်တရက် တုန်ခါ အက်ကွဲလာပြီး ယဲ့ဖန်၏ အမြင်အာရုံက လေဟာနယ်ကို ပျက်စီးသွားစေသည်။
ထို့အပြင် ယင်းက ဒါဇင်ချီသော နတ်ဘုရားမျိုးနွယ်များ၏ ခန္ဓာကိုယ်များကိုပါ ဖြတ်တောက်သွားသည်။
တစ်ယောက်ပြီးတစ်ယောက် သွေးများ ပန်းထွက်ကာ အရိုးများ ကျိုးကုန်သည်။
ဒါဇင်ချီသော လူများသည် ယဲ့ဖန်၏ အမြင်အာရုံကြောင့် တစ်စစီ ဖြစ်သွားကြသည်ကို အားလုံး တွေ့လိုက်ရသည်။ မသိလျင် မမြင်ရသော လက်များက သူတို့ကို စုတ်ဖြဲလိုက်သည်ဟု ထင်မှတ်မှားရသည်။
အသားစများက မြေကီးပေါ် တဘုတ်ဘုတ် ပြုတ်ကျလာပြီး မြေကြီးပေါ်၌ သွေးစများနှင့် ဖုန်မှုန့်များ ရောနှောကုန်သည်။
တိဝူလုံချန်နှင့် အခြားသူများ မျက်လုံးကို ခပ်နာနာ ပွတ်ကြည့်လိုက်ပြီးနောက် သူတို့ အမြင်မမှားသည်ကို တွေ့လိုက်ရသောအခါ ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။
*ဘုရင်အဆင့် တစ်ယောက်က နတ်ဘုရင်အဆင့်တွေနဲ့ သူတော်စင်သခင်အဆင့်တွေကို သတ်ပစ်တာလား*
*ဒါကြီးက ဘာကြီးလဲ လာနောက်နေတာလား*
“မဟုတ်ဘူး၊ သူက ဘုရင်အဆင့် မဟုတ်ဘူး၊ သူ့အဆင့်ကို ဖုံးဖိထားတာ”
တိဝူလုံချန်သည် အားလုံးကို နားလည်သွားဟန်ဖြင့် အော်ဟစ်လာသည်။
မည်မျှပင် ထူးချွန်သော ပါရမီရှင် ဖြစ်ပါစေ ဘုရင်အဆင့်လေးနှင့် အဆင့်ကြီး နှစ်ဆင့် သာလွန်သောသူကို မည်သူမှ မသတ်နိုင်ပါ။
ထိုစကားကို ကြားသောအခါ ယဲ့ဖန်က ရယ်လိုက်သည်။
“အခုမှ သိတာလား၊ နောက်ကျလွန်းနေတယ်လို့ မထင်ဘူးလား”
“နောက်ကျတယ် ဟုတ်လား၊ မင်း တကယ် အဲ့လို ထင်တာလား”
ထိုအခိုက်တွင် ဘေးဘက်မှနေ၍ အေးတိအေးစက် ခနဲ့သံ ထွက်ပေါ်လာသည်။ ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်လာပြီး ယဲ့ဖန်အား အေးစက်စွာ ကြည့်နေသည်။
“ဦးလေး”
ထိုလူကို မြင်သောအခါ တိဝူလုံချန် ဝမ်းသာသွားပြီး မထီမဲ့မြင် မျက်နှာပေး ဖြစ်လာသည်။ ထို့နောက် သူက ယဲ့ဖန်အား စဉ်းလဲသော ဟန်ပန်ဖြင့် ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဟားဟား မင်းရဲ့ ခွေးလိုအသတ်ကို ငါ ဒီနေ့ နုတ်ယူမယ်ကွ”
ထိုလူ ရှန်ကျွင်းကို ယဲ့ဖန်က ပြန်စိုက်ကြည့်လိုက်ပြီး လေသံမာမာဖြင့် မေးလိုက်သည်။
“မင်းက ဝင်ပါချင်တာလား”
ထိုစကားကိုကြားသောအခါ လူတိုင်း အံ့ဩသွားသည်။
*ဒီကောင် သေခါနီးတာတောင် ဘယ်လို မောက်မာနေတာလဲ*
*ရှန်ကျွင်းဆိုတာ ဘယ်သူလဲ၊ နတ်ဘုရားမျိုးနွယ်ရဲ့ ပါရမီရှင်၊ ဝမ်ရှန်းမြို့ရဲ့ စောင့်ရှောက်သူ၊ ဝမ်ရှန်း မြို့တော် သခင်ရဲ့ မျက်နှာသာ ပေးတာကို ခံရတဲ့လူလေ*
*အိုးရန်ကျန်းတောင်မှ သူ့ကိုမြင်ရင် ဟန်လုပ်ပြီး ယဉ်ကျေးပြနေရတာ၊ သူက ဒီလိုပုံစံနဲ့ ပြောရဲတာလား*
ရှန်ကျွင်းက ယဲ့ဖန်ကို အေးစက်စွာ ကြည့်နေပြီး သူ့အကြည့်က အေးစက်ကာ ခံစားချက်မဲ့လှပြီး မသိလျင် သေလူကို ကြည့်နေသည်ဟု ထင်ရသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ မင်းအမေကို ရှုံးခဲ့တယ်၊ ဒါကို ငါ ဒီအချိန်အထိ လက်မခံနိုင်ဘူး၊ တစ်နေ့ ငါ အိုးရန်ချင်ရွှယ်နဲ့ ပြန်ယှဉ်နိုင်မယ်လို့ ထင်ခဲ့ပင်မယ့် သူက ပေါ်မလာဘူး၊ ဒီနေ့ ငါ မင်းကို သတ်လိုက်ရင် သူ ပြန်လာမယ် ထင်တာပဲ”
ထိုသို့ပြောရသည့် အချက်တစ်ချက်မှာ အိုးရန်ချင်ရွှယ်ထံ၌ သူ ရှုံးခဲ့သည့်အဖြစ်ကို လက်စားချေချင်၍ ဖြစ်ပြီး ကျန်တစ်ချက်မှာ ယဲ့ဖန်၏ ခန္ဓာကိုယ်မှနေ၍ တစ်စုံတစ်ခုကို သူ ခံစားမိပြီး မလုံခြုံသလို ခံစားရသောကြောင့်ပင်။
*ဒီကောင့်ကို အသက်ဆက်ရှင်ခွင့် ပေးလို့ကို မဖြစ်ဘူး*
*မဟုတ်ရင် နောင်အနာဂတ်မှာ ပြဿနာ အကြီးကြီး ဖြစ်လာနိုင်တယ်*
ယဲ့ဖန်က အသာပြုံးလိုက်သည်။
“အမေ ပေါ်လာဖို့ မလိုဘူး၊ ဒီနေ့ ငါ မင်းကို သတ်မယ်”
*ဟမ်*
ရှန်ကျွင်း မျက်ခုံးပင့်သွားသည်။ ဤမျှ ထောင်လွှားသော လူငယ်ကို သူ ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။
သူ့စကားကိုကြားသော် တိဝူလုံချန်နှင့် အခြားသူများလည်း လှောင်ရယ်လာပြီး သူ ရူးနေပြီဟုပင် သံသယ ရှိလာကြသည်။
ရှန်ကျွင်းသည် သာမန် အင်မော်တယ် ဧကရာဇ်အဆင့်များနှင့် မတူသလို ဝမ်ရှန်း မြို့တော်သခင်၏ မျက်နှာသာ ပေးခြင်း ခံရသဖြင့် သာမန်လူတစ်ယောက်လည်း မဟုတ်ချေ။
အင်မော်တယ် ဧကရာဇ်အဆင့်များ ကြားထဲ၌ ရှန်ကျွင်းက ရှေ့ဆုံးက ပြေးနေသူ ဖြစ်သည်။ တစ်ခါက သူသည် အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်အား တစ်ချက်တည်းဖြင့် သတ်ခဲ့သည်။ တစ်ကယ်ကို တစ်ချက်တည်းပင်။
တိဝူလုံချန်၏ အမြင်၌ ယဲ့ဖန်၏ သိုင်းအဆင့်က သူနှင့် တူနေလျင်တောင်မှ သေမည်ဟု ယူဆထားသည်။ ယဲ့ဖန်က တကယ်ပင် အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်နေလျင်တောင်မှ သူ့ဦးလေးကဲ့သို့ မိစ္ဆာအိုကြီးကို မည်သို့ ယှဉ်နိုင်မည်နည်း။
ထိုအခိုက်တွင် တိဝူလုံချန်နှင့် အခြားသူများအားလုံး ရယ်မောနေကြသည်။
*ဒီကောင် အကြောက်လွန်ပြီး စိတ်လွတ်နေတာလား*
*အဓိပ္ပာယ်မရှိတာတွေပဲ ပြောနေတယ်*
*ဘာလဲ၊ နောက်ခံလေး နည်းနည်း ရှိတော့ သေချင်နေတာလား*
ထိုစဉ် ရှန်ကျွင်းကလည်း ရယ်လာသည်။
“ကောင်းပြီလေ မင်းကို သတ်ဖို့အတွက် နောက်ထပ် အကြောင်းပြချက်တစ်ခု ငါ့ကို ပေးလိုက်တာပဲ”
“သတိထားပါ ယဲ့ဖန် သူက သွားရှုပ်ရ လွယ်တဲ့သူ မဟုတ်ဘူး”
အိုးရန်ယွင်က ယဲ့ဖန်ကို အလျင်အမြန် သတိပေးလာသည်။ ဤရှန်ကျွင်း မည်မျှ ကြောက်စရာ ကောင်းလဲ သူမ သိပါသည်။ သူသည် နတ်ဘုရားမျိုးနွယ်တွင်း၌ နာမည်ကြီးသော လူတစ်ယောက် ဖြစ်၏။
အိုးရန်မျိုးနွယ်တွင်း၌ သူ့ကို အနိုင်ယူခဲ့သော အိုးရန်ချင်ရွှယ်မှလွဲလျင် အခြားသူများ ဖြစ်သော အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့သည်လည်း သူ့ကို ရှုံးခဲ့ကြသည်။
ထို့အပြင် သူသည် သန်မာသော အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက် ဖြစ်သည်။ တစ်ချိန်က အိုးရန်ချင်ရွှယ်သာလျင် သူ့ကို အနိုင်ယူနိုင်ခဲ့သည်။
“သတိထား ဟုတ်လား၊ သတိထားတာက အသုံးဝင်မယ်လို့ ထင်နေတာလား”
ရှန်ကျွင်း အပြုံးကြီး ပြုံးလိုက်ပြီး အသက်တစ်ကြိမ် ရှူစာအတွင်း အိုးရန်ယွင် အရှေ့သို့ သူ ရောက်သွားသည်။
“လျှို့ဝှက် လေဟာနယ် သိုင်းကွက်”
အိုးရန်ယွင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ ဤသည်မှာ နတ်ဘုရားမျိုးနွယ်၏ အတုမရှိသော သိုင်းကွက် ဖြစ်ပြီး ခြေစလက်စမရှိဘဲ လူသတ်နိုင်၏။
ဤလျှို့ဝှက်သိုင်းကွက်သည် အိုးရန်မျိုးနွယ်အတွက် ခေါင်းကိုက်စေသော သိုင်းကွက် ဖြစ်သည်။ သူတို့ တိုက်ခိုက်သည့် အကြိမ်တိုင်း ဤသိုင်းကွက်မျိုးနှင့် ကြုံရမည်ကို ကြောက်ကြသည်။
ထို့အပြင် ရှန်ကျွင်း၏ သိုင်းကွက်က ပို၍ ထူးခြားသည်။
အိုးရန်ယွင်သည် အင်မော်တယ် ဧကရာဇ်အဆင့်သို့ တက်ရောက်သွားနိုင်သော်လည်း သတိမထားမိသေးပေ။
ရှန်ကျွင်းက လက်နှစ်ဖက်ကို မြှောက်၍ အိုးရန်ယွင်၏ ခန္ဓာကိုယ်ကို ရိုက်နှက်ရန် ပြင်လာပြီး သူ့ခွန်အားက ဝုန်းခနဲ ထွက်ပေါ်လာသည်။
“ဘုန်း”
အိုးရန်ယွင် အရိုက်ခံရပြီး နောက်သို့ လွင့်ထွက်ကာ မြေကြီး၌ တရွတ်ဆွဲသွားလေသည်။
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ ထိုအခါ သူသည် အိုးရန်ယွင်၏ အနောက်၌ ပြန်ပေါ်လာ၏။ အိုးရန်ယွင်၏ ပခုံးကို လက်နှစ်ဖက်ဖြင့် ဖိ၍ စွမ်းအင်များ ထည့်ပေးလိုက်ပါမှ သူမ နောက်သို့ တရွတ်ဆွဲ လွင့်ရာမှ ရပ်တန့်သွားသည်။
သို့သော် အိုးရန်ယွင်က သွေးအန်နေသေးသည်။
ဖြစ်ပျက်သွားပုံက မြန်လွန်းသဖြင့် အိုးရန်ယွင် သတိထားမိရန် မဆိုထားနှင့် ယဲ့ဖန်တောင်မှ သတိမထားမိပါ။
သို့သော် ယဲ့ဖန် မတုံ့ပြန်နိုင်ခင်မှာပင် ရှန်ကျွင်းက ဆက်လက်၍ သတ်ဖြတ်ရန် ကြိုးစားလာပြီး အိုးရန်ယွင်၏ မျက်နှာကို ဖြတ်ကန်လေသည်။
ဖြစ်ပျက်သွားပုံက ပေါ့ပါး လျင်မြန်လှ၏။
ဤသည်ကိုမြင်သော် အိုးရန်ယွင်၏ မျက်နှာက ထိတ်လန့်ကာ ဖြူရော်သွားသည်။ ဤသို့သော လျင်မြန်သည့် အဖြစ်ကြောင့် သူမ တုံ့ပြန်ချိန် မရပေ။
ဤသည်ကိုကြည့်ပြီး တိဝူလုံချန်က လူမဆန်သော အပြုံးမျိုး ပြုံးလိုက်သည်။ သူ့ဦးလေးသည် သူ့အဖေတို့ မျိုးဆက်အတွင်း၌ တကယ်ကို အသန်မာဆုံးသောသူ ဖြစ်လေသည်။
အင်မော်တယ် ဧကရာဇ်အဆင့်အား တစ်ခဏလေးအတွင်း သာသာယာယာ အနိုင်ယူခဲ့သည်။ အိုးရန်ယွင် ခေါင်းပင် ပေါက်ကွဲသွားလောက်သည်။
အိုးရန်ယွင် ဦးခေါင်းပေါက်ကွဲမည့်ပုံစံကိုပင် သူ မြင်ယောင်နေ၏။ နတ်ဘုရားမျိုးနွယ်များအားလုံးကလည်း စဉ်းလဲစွာ ပြုံးနေကြသည်။ အိုးရန်ယွင် သေလိမ့်မည်ဟု သူတို့ ထင်နေကြသည့်ပုံပင်။
သူတို့သည်သာမက အိုးရန်ယွင်တောင်မှ ရှန်ကျွင်း၏ လက်ဝါးချက်အောက်၌ သူမ အသက်ရှင်ရန် မဖြစ်နိုင်ဟုပင် ခံစားမိကာ ကြောက်စိတ်ကြောင့် မျက်လုံးကို မှိတ်ထားလိုက်သည်။
တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းအသံက မိုးကြိုးပစ်ချသံနှင့်အတူလှပြီး မိုးကောင်းကင်နှင့် မြေပြင်အနှံ့ ပဲ့တင်ထပ်သွားပြီး တုန်လှုပ်စရာ ကောင်းပေသည်။
ထိုအခိုက်တွင် လူတိုင်း မှင်တက်သွားကြသည်။ လှုပ်ရှားပုံက ကြောက်စရာ ကောင်းလှပေ၏။
ပြင်းထန်သော လေက သူမမျက်နှာထံ ရိုက်ခတ်လာသည်ကို အိုးရန်ယွင် အသေချာ ခံစားမိသော်လည်း သူမ ဘာမှမဖြစ်သည်ကို သတိထားလိုက်မိသည်။
သူမ အလန့်တကြား မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ခြေထောက်တစ်ဖက်က သူမရှေ့၌ ပိတ်ကာ၍ တားဆီး ထားသည်ကို တွေ့လိုက်ရသည်။
ထိုခြေထောက်တစ်ဖက်က ရှန်ကျွင်း၏ ခြေထောက်ကို တားဆီးထားသည်။ ထိုသို့တားလိုက်သူမှာ ယဲ့ဖန် ပင်တည်း။
ယဲ့ဖန်က လက်ပိုက်ထားပြီး မျက်နှာက အရိုးကွဲမတတ် အေးစက်နေ၏။
“ငါ့မျက်စိရှေ့မှာ ငါ့တပည့်ကို သတ်ချင်တယ်ပေါ့လေ၊ မင်း … သေချင်နေပြီပဲ”
ရှန်ကျွင်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး မယုံနိုင်ဟန် ပေါ်နေသည်။ ယဲ့ဖန်က သူ့ကန်ချက်ကို တားလိုက်နိုင်မည်ဟု သူ မယုံကြည်နိုင် ဖြစ်နေသည့်ပုံပင်။
တိဝူလုံချန်သည်လည်း မျက်လုံးပြူးကာ မယုံသင်္ကာ ဖြစ်နေ၏။ သူ ထိတ်လန့်တုန်လှုပ်နေ၏။ သူ့အရှေ့မှ လူက ရှန်ကျွင်း၏ တိုက်ကွက်ကို တားနိုင်နေပါတကား။
*ဒါ*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူတို့၏ အမူအရာက အထင်သေးဟန်မှ ထိတ်လန့်ဟန်သို့ ပြောင်းလဲသွားကာ ထို့နောက်တွင် သွေးပျက်ခြင်းသို့ ပြောင်းလဲသွားသည်။ သူတို့၏ မျက်လုံးတွင် ကြောက်ရွံ့စိတ်များ ပြည့်နှက်လာသည်။
“အင်မော်တယ် ဧကရာဇ်အဆင့်၊ ဒီလူက သေချာပေါက် အင်မော်တယ် ဧကရာဇ်အဆင့်ပဲ”
လူတစ်ယောက်က ထအော်လေသည်။
*အင်မော်တယ် ဧကရာဇ်အဆင့်လား*
*အဲ့ဒါ ဖြစ်နိုင်လို့လား*
တိဝူလုံချန်၏ မျက်လုံးအိမ် တုန်လာသည်။ ဤလူသည် သူတို့နှင့် သက်တူရွယ်တူ ဖြစ်ဟန်တူသော်လည်း အင်မော်တယ် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ပြီးပြီတဲ့လား။
*ဒီလိုဆိုရင် သူက ငါ့အစ်ကိုကြီးနဲ့ ယှဉ်နိုင်နေတာလား*
တိဝူလုံချန်၏ အစ်ကိုကြီး တိဝူကျန့်ယွဲ့သည် နတ်ဘုရားမျိုးနွယ်၏ လူငယ်မျိုးဆက်တွင်း၌ ကျော်ကြားသူ ဖြစ်ပြီး နံပါတ်တစ် ပါရမီရှင်ဟုပင် လူသိများသည်။
သူသည် တစ်ကိုယ်တည်းနှင့် မျိုးဆက်တစ်ခု၊ မင်းဆက်တစ်ခုကို တည်ထောင်နိုင်စွမ်း အပြည့်အဝ ရှိသည်။
ဤမျှ အသက်ငယ်ငယ်လေးနှင့် အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်နေခြင်းက သူတို့ နတ်ဘုရားမျိုးနွယ် အတွက် ခြိမ်းခြောက်မှုပင်။
အိုးရန်ချင်ရွှယ်၏ ကြီးစိုးခြင်း ခံရသည့် ကြောက်မက်ဖွယ်အဖြစ်ကို သူတို့ ပြတ်ပြတ်သားသား မှတ်မိနေ ပါသေးသည်။
ယခု အိုးရန်ချင်ရွှယ် မရှိတော့သော်လည်း သူ့သားက တစ်ဖန် ဦးမော့အောင် ပြန်လုပ်တော့မည်လော။
ဤသည်ကို သူတို့ လက်မခံနိုင်ပါ။
“စောက်ကျိုးနည်း မင်းက ဘာလဲ”
ရှန်ကျွင်းက ယဲ့ဖန်ကို မယုံသလို ကြည့်လိုက်သည်။ ယဲ့ဖန်က အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်လျင်တောင်မှ ဤအဖြစ်ကြီးက လွန်လွန်းလှသည်။
သူ့အား ထိပ်တိုက်ရင်ဆိုင်သည့်လူကို သူ တစ်ခါမှ မမြင်ဖူးပါ။ သူသည် ခန္ဓာကိုယ် မွမ်းမံသူ ဖြစ်သည်။ သူ ကလေးဘဝကတည်းက တစ်ခုတည်းကိုသာ အာရုံစိုက်ခဲ့သည်။ ယင်းမှာ ခန္ဓာကိုယ် လေ့ကျင့်ရေးပင်။
သူသည် တာအိုသဘောတရား၊ ဥပဒေသတို့ကို လေ့ကျင့်ခြင်း မဟုတ်ဘဲ ခန္ဓာကိုယ် ကျင့်ကြံမှုကိုသာ အလေးအနက် သိမြင်အောင် ကျင့်ကြံသူ ဖြစ်သည်။
ထို့ကြောင့် သူ၏ ခန္ဓာကိုယ်က နာမည်ကျော်များထက် ပို၍ တစ်မူထူးခြားပြီး မသေနိုင်သူဟုပင် ခေါ်နိုင်ပေ၏။ သူသည် စိန်ပွင့်ကဲ့သို့ မာကြောနေသည်မှာ ကြာပြီ ဖြစ်ပြီး ဥပဒေသအားလုံးကို ရင်ဆိုင်နိုင်စွမ်း ရှိသည်။
သို့သော် ယခု သူ၏ တိုက်စစ်ကို ယဲ့ဖန်က အသာလေး တားဆီးနိုင်နေသည်။
“အိုးရန်ချင်ရွှယ်ရဲ့သား ယဲ့ဖန်”
ယဲ့ဖန်က ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီးနောက် မြှောက်ထားသော ခြေထောက်အောက်မှနေ၍ စိန်းစိန်းဝါးဝါး ကြည့်နေသည်။ သူ၏ ခြေထောက်၌ ပြင်းထန်သော စွမ်းအင်တစ်ခု ပါရှိနေပြီး တောင်တစ်လုံး ကိုပင် ချက်ချင်း ကြေမွနိုင်စေရန် လုံလောက်ပေသည်။