← Chapters

ဧကရာဇ်ကိုးပါးလုံးက တစ်ယောက်တည်းပဲ

Vol. 112 Ch. 1680

ဧကရာဇ်ကိုးပါးလုံးက တစ်ယောက်တည်းပဲ

Vol. 112 Ch. 1680

“ဝုန်း”

ရှန်ကျွင်း လွင့်ထွက်သွားပြီး သူ့ညာခြေမှ စူးခနဲ အောင့်သွားသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ ထိတ်လန့်သွားသည်။

*ဒီကောင့် ခန္ဓာကိုယ် သန်မာပုံက ငါ့ထက် မလျော့ပါလား*

ဤသည်ကိုမြင်သော် တိဝူလုံချန်နှင့် အခြားသူများအားလုံး မျက်နှာ ပြာနှမ်းသွားသည်။ ယဲ့ဖန်နှင့် ရှန်ကျွင်းတို့ ခန္ဓာကိုယ်ချင်း သန်မာမှု ယှဉ်သော်လည်း ရှုံးမသွားသည့်အပြင် သရေကျနေသေးသည်။

ရှန်ကျွင်း၏မျက်နှာ အတော် ပျက်ယွင်းနေသည်။ သူသည် လေထဲ၌ ဒယိမ်းဒယိုင် ဖြစ်နေပြီး နောက်ပြန် လဲမကျအောင် အစွမ်းကုန် ကြိုးစားပြီး မီတာတစ်ရာမျှ နောက်သို့ ဆုတ်သွားပြီးမှ ရပ်သွား၏။

သူ၏မျက်လုံးတွင် နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။

*ယီးပဲ*

*ငါက ဂျူနီယာမျိုးဆက်ရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတာလား*

သူသည် အိုးရန်ချင်ရွှယ်ကို မနိုင်ခဲ့သည့်အပြင် ယခု အိုးရန်ချင်ရွှယ်၏ သားဖြစ်သူကိုပါ ရင်မဆိုင်နိုင်ဘူးတဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ဆရာ”

အိုးရန်ယွင်က ယဲ့ဖန်ကို လေးစားသလို ကြည့်နေပြီး အံ့အားသင့်နေသည်။

ဤလူက သူမထက် ပိုငယ်ရွယ်သော်လည်း တကယ်တမ်း၌ သူမထက် ပို၍ သန်မာနေသည်။

အံ့ဩစရာပင်။

ရှန်ကျွင်းသည် အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ကိုတောင်မှ အသာလေး အနိုင်ယူနိုင်သူ ဖြစ်သည်။ အိုးရန်မျိုးနွယ်ကို ဖြိုဖျက်မည်ဟု သူ ပြောခဲ့တုန်းက လေကျယ်နေခြင်း မဟုတ်ချေ။

“ဆရာ”

ထိုအသုံးအနှုန်းကို အိုးရန်ယွင် စိတ်လိုလက်ရ အော်ခေါ်လိုက်ခြင်း ဖြစ်သည်။

ယဲ့ဖန်က သူမ၏ သိုင်းအဆင့်ကို ချက်ချင်း မြှင့်တင်နိုင်သလို ရှန်ကျွင်းကိုလည်း အထိနာအောင် လုပ်နိုင်သဖြင့် သူက အသုံးမကျသူ မဟုတ်ကြောင်း သိသာနေသည်။

*ငါ့အဒေါ်ရဲ့သားက သူ့ထက် ပိုကြောက်ဖို့ကောင်းတာပဲ*

တိဝူလုံချန်သည်လည်း အသက်ရှူမဝ ဖြစ်နေသည်။ ယခင်က သူသည် ယဲ့ဖန်အား နည်းလမ်းပေါင်းစုံဖြင့် လှောင်ပြောင်ခဲ့ပြီး သုံးစားမရသော ငကြောက်တစ်ယောက်ဟု ထင်ခဲ့မိသည်။

ယဲ့ဖန်ကို ရှင်းလင်းရန် သူ လူတွေတောင်မှ ခေါ်လာခဲ့သေးသည်။ ယခု သူ့လုပ်ရပ်က သေတွင်းတူးနေသည့် အဖြစ်နှင့် တူနေသည်။

*ဒီလူက ဝက်ယောင်ဆောင်ပြီး ကျားကိုစားဖို့ ချောင်းနေတာပဲ၊ တကယ်လို့ ငါ့ဦးလေးက အချိန်မီ ရောက်မလာရင် ငါ နုတ်နုတ်စင်း ခံရလောက်တယ်*

ရှန်ကျွင်းသည် တစ်ခါက နတ်ဘုရားမျိုးနွယ်၏ အသန်မာဆုံးဖြစ်ပြီး မောက်မာသူ ဖြစ်ကာ လွန်ခဲ့သော နှစ်ရှစ်ထောင်က သိုင်းပညာရှင်များစွာကို အနိုင်ပိုင်းခဲ့ပြီး တစ်လောကလုံး၌ ယှဉ်နိုင်သူ မရှိလုနီးပါး ဖြစ်ခဲ့ပြီး သက်ရှိတိုင်းကို အထင်သေးကာ အထက်စီးဖြင့် ကြည့်ခဲ့သူ ဖြစ်သည်။

သူ့ဘဝတစ်လျှောက် အနိုင်ရခဲ့ပြီး လူတစ်ယောက်တည်းကိုသာ ရှုံးဖူးသည်။ ထိုသူက အိုးရန်ချင်ရွှယ်ပင်။ ထိုနာမည်က သူ့အား အရှက်ရစေပြီး ကောင်းကင်ဘုံမှ ပြုတ်ကျသလို ခံစားရစေခဲ့သည်။

သူမက သူ တစ်သက်လုံး သတ်ချင်နေသည့် အမျိုးသမီးပင်။

ထို့နေ့က သူသည် ထိပ်ဆုံးမှ ပါရမီရှင် မဟုတ်တော့သည့် နေ့လည်း ဖြစ်သည်။ လူအများက သူ့အကြောင်း ပြောသည်နှင့် အိုးရန်ချင်ရွှယ်ထံ၌ ရှုံးသွားသည်ဟုသာ ပြောကြသည်။

အခြားသူများက အိုးရန်ချင်ရွှယ်အကြောင်း ပြောလိုက်တိုင်း သူမက ရှန်ကျွင်းကို အနိုင်ယူခဲ့သည်ဟုလည်း ပြောကြလေသည်။ ထို့အပြင် တစ်ကွက်တည်းဖြင့် ရှုံးခဲ့ခြင်း ဖြစ်၏။

ယခု သူမ၏ သားကတောင်မှ သူ့ကို အရှက်ခွဲနေသည်။ ခွင့်မလွှတ်နိုင်စရာပင်။

“ငါ မင်းကို တစ်စစီ စုတ်ဖြဲပစ်မယ်ကွ”

ရှန်ကျွင်းက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး မျက်လုံးများ ပြူးကျယ်နေသည်။

ထိုသို့သောအချိန်၌ မိုးသက်လေပြင်း ကျရောက်လာသည်။

ထိုစဉ် ရှန်ကျွင်းက လေထဲသို့ လွှားခနဲ ခုန်ပျံလိုက်ပြီး လေထုထဲ၌ သတ်ဖြတ်ချင်သော အငွေ့အသက်များနှင့် ပြည့်နှက်လာကာ အရှိန်အဝါတစ်ခုက မာန်အပြည့်ဖြင့် ဖိနှိပ်လာလေည်။

ရှန်ကျွင်းသည် သတ်ဖြတ်တော့မည့်ဟန်ဖြင့် ညာသံပေးကာ ဆံပင်များ တလွင့်လွင့် ဖြစ်နေပြီး မျက်နှာတွင် သတ်ဖြတ်တော့မည်ဟန်တို့ဖြင့် ပြည့်နေကာ အမူအရာက အလွန် မာထန်နေပြီး အောက်ဘက်မှ ယဲ့ဖန်ကို ဒေါသတကြီး လက်တစ်ဖက်ဖြင့် ဖမ်းချုပ်လေသည်။

“တလောင်ဖုန့်ရှန့်”

ဤသည်မှာ နတ်ဘုရားမျိုးနွယ်၏ အစွမ်းထက်ဆုံး သိုင်းကွက်တစ်ခု ဖြစ်ပြီး နတ်ဘုရားများနှင့် နတ်ဆိုးများကို သတ်နိုင်ပေသည်။

ထိုအခိုက်တွင် ကောင်းကင်ဘုံ ဥပဒေသတစ်ခု ဖိနှိပ်လာသလို ဖြစ်လာပြီး တိဝူလုံချန်နှင့် အခြားသူများ စိတ်ဝိညာဉ် နာကျင်သလို ခံစားနေရကာ သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲတော့မည်ဟု ထင်မှတ်မှားရသည်။

လူသတ်ချင်သော အငွေ့အသက်က တစ်ဟုန်းဟုန်း တောက်လောင်နေသည်။

လူတိုင်း အလွန် ကြောက်လန့်သဖြင့် နောက်သို့ မဆုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ လူသတ်လိုသည့် အငွေ့အသက်က ပင်လယ်အလား ကြီးမားလှကာ မိုင်ထောင်ချီ၍ ဖျက်ဆီးနိုင်လောက်သည်။

ထိုအချိန်တွင် ယဲ့ဖန်က ရပ်မြဲရပ်နေပြီး ကိုယ်နေဟန်ထားက ထူးဆန်းလွန်းလှသည်။ သူ့ဦးခေါင်းထက်၌ ကြယ်တာရာများ လင်းလက်နေပြီး ခြေထောက်အောက်၌ နဂါးငွေ့တန်းများ တည်ရှိနေသည်။ မသိလျင် သူသည် တစ်ခြားကမ္ဘာမှ ရောက်လာသည်ဟု ထင်မှတ်မှားရပြီး စကြဝဋ္ဌာ၏ တစ်ခြားတစ်ဖက်၌ ရပ်နေသလိုပင်။

ကြီးမားသော လက်တစ်ဖက်က အရှိန်ဖြင့် ကျဆင်းလာပြီး ယဲ့ဖန်ထံသို့‌ ဒေါသတကြီး အုပ်မိုးလာသည်။ အရှိန်အဝါက ကြောက်စရာ ကောင်းလှသည်။

ထိုစဉ် ယဲ့ဖန် ရယ်လိုက်သည်။

“အရင်တုန်းက ကျုပ်အမေ ခင်ဗျားကို တစ်ကွက်တည်းနဲ့ အနိုင်ယူခဲ့တယ်၊ ဒီနေ့ ကျုပ်ကလည်း ခင်ဗျားကို တစ်ကွက်တည်းနဲ့ အနိုင်ယူပြမယ်”

ထိုစကားကိုကြားသော် တိဝူလုံချန်နှင့် အခြားသူများ မှင်တက်သွားသည်။

*တစ်ကွက်တည်းနဲ့ အနိုင်ယူမယ် ဟုတ်လား၊ ဒီ့ကောင် ယုံကြည်မှုက ဘယ်ကလာတာလဲ*

*တစ်ခါနိုင်တာနဲ့ ရှန်ကျွင်းကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား*

*ဟာသပဲ*

လွန်ခဲ့သော နှစ်ရှစ်ထောင်က ရှန်ကျွင်းသည် အိုးရန်ချင်ရွှယ် တစ်ယောက်တည်းကိုသာ ရှုံးခဲ့သော်လည်း ကျန်ပြိုင်ဘက်များနှင့်ဆိုလျင် ပြိုင်ဘက်ကင်းဆဲပင်။ ဤလူငယ်လေးက သူ့ကို တစ်ကွက်တည်းဖြင့် အနိုင်ယူမယ်ဟု ပြောခြင်းက သွေးနားထင်ရောက်နေခြင်းသာ။

“ငါ့ကို တစ်ချက်တည်းနဲ့ အနိုင်ယူမယ် ဟုတ်လား၊ မင်းကိုယ်မင်း အိုးရန်ချင်ရွှယ်များ မှတ်နေလား”

ရှန်ကျွင်းက ငေါက်ငမ်းလိုက်ပြီးနောက် ဒေါသသံဖြင့် ရယ်လိုက်သည်။

*ဒီကောင်က ကိုယ့်နေရာကိုယ် မသိဘူးပဲ*

“ငါက အိုးရန်ချင်ရွှယ် မဟုတ်ဘူး၊ ငါက သူ့ထက် သာတယ်”

ယဲ့ဖန် ပြုံးလိုက်ပြီးနောက် လက်တစ်ဖက်ကို မြှောက်၍ သူ့ပေါ် ကျလာသော လက်တစ်ဖက်ကို ဖမ်းချုပ် လိုက်သည်။

*ဒီကောင် ရူးနေတာလား*

ဤသည်ကိုကြည့်ပြီး တိဝူလုံချန်က လှောင်ရယ်လိုက်သည်။

*ယဲ့ဖန်က ရှန်ကျွင်းကို တကယ် ရင်ဆိုင်ဖို့ ကြံနေတာလား*

ဤသိုင်းကွက်သည် သူတို့ မျိုးနွယ်၏ ဂုဏ်အယူရဆုံး သိုင်းကွက်ဖြစ်သည်ကို သူတို့သာ သိကြသည်။ ထို့အပြင် ရှန်ကျွင်း၏ သန်မာသော ခန္ဓာကိုယ် ကျင့်ကြံမှု သိုင်းပညာနှင့်ပါ ပေါင်းလိုက်သောအခါ ယင်းက ပို၍ ကြောက်စရာ ကောင်းသွားသည်။ ခွန်အားက ဆယ်ဆ ပိုတိုးလာ၏။

*ဒီကောင်တော့ သေတွင်းတူးတာပဲ*

ထိုစဉ် ကောင်းကင်ယံ၌ နေကိုးစင်း ထွက်ပေါ်လာပြီး နောက်ထပ် အမြင်အာရုံတစ်ခု ပေါ်လာသည်။

ရွှေရောင်အလင်းတန်းက မျက်စိကျိန်းမတတ် ဖြစ်ပေါ်နေပြီး လောကတွင်း၌ လင်းလက်နေကာ တစ်လောကလုံးအား ရွှေရောင်အလွှာက အုပ်မိုးထားသည်ဟု ထင်မှတ်ရသည်။

“ကောင်းကင်ယံအား နေကိုးစင်း ဖုံးလွှမ်းခြင်း”

ရှန့်ကျွင်း မျက်လုံးပြူးသွားသည်။ ယင်းအမြင်အာရုံသည် ရှေးခေတ်အခါက ကြောက်စရာ အကောင်းဆုံးသော အမြင်အာရုံများထဲမှ တစ်ခုဖြစ်ပြီး ဧကရာဇ်ရီသာ ထုတ်ဖော်နိုင်သော အမြင်အာရုံ ဖြစ်သည်။

*ဘာလို့ ဒီကောင့်မှာ ဒီလို အမြင်အာရုံမျိုး ရှိနေတာလဲ*

*ဒါကြီးက …*

*အံ့ဩဖို့ကောင်းလိုက်တာ*

ယဲ့ဖန်၏ ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းတို့ ဖုံးလွှမ်းနေပြီး တစ်ကိုယ်လုံး တောက်ပနေကာ ရတနာတစ်ပါးအလား ထင်မှတ်ရပြီး ဧကရာဇ်တစ်ပါး ထွက်ပေါ်လာသကဲ့သို့ လူအများ မှင်တက်ရသည်။

တိဝူလုံချန်သည် ဤအမြင်အာရုံ၏ ဇစ်မြစ်ကို မသိသော်လည်း လူတစ်ယောက်၌ အမြင်အာရုံ နှစ်ခု ရှိနေသည်ကို တွေ့လိုက်ရသောအခါ ကြောက်လန့်တကြား ဖြစ်သွားရသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ရှေးခေတ်အခါမှ ယနေ့ခေတ်အထိ လူတစ်ယောက် အမြင်အာရုံတစ်ခုကို ထုတ်ဖော်နိုင်လျင် အလွန် ထူးချွန်‌နေပြီ ဖြစ်သည်။

*လူတစ်ယောက်တည်းက အမြင်အာရုံနှစ်ခု ထုတ်နိုင်တဲ့ လူစားမျိုး ရှိနေသေးတာလား*

သူတို့၏ မျက်လုံးများ ကျွတ်ကျတော့မည်ဟုပင် ထင်မှတ်မှားရသည်။

“ဝုန်း”

လက်တစ်ဖက် ပေါက်ကွဲသွားလေသည်။ ပေါက်ကွဲသွားသော လက်ပိုင်ရှင်မှာ ရှန့်ကျွင်းပင်။

“အား…”

မထင်မှတ်ထားသော အော်သံတစ်သံ ထွက်ပေါ်လာ၏။ ကောင်းကင်ယံမှ လက်ကြီးတစ်ဖက်က လုံးဝ ပျက်စီး သွားလေသည်။

ထိုအခိုက်တွင် ကောင်းကင်ယံမှ ကြောက်စရာကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်က ပျက်စီး လွင့်ပြယ်သွား၏။

ရှန်ကျွင်း၏ ညာဘက်လက် ပျက်စီးသွားသည်။ လက်တစ်ဖက်လုံးမှ အသားများ မရှိတော့ဘဲ အရိုးများ အမြောင်းလိုက် ပေါ်နေကာ သွေးများ တတောက်တောက် ကျနေ၏။ ဤမြင်ကွင်းက လူတိုင်းကို ကြောက်ရွံ့ သွားစေသည်။

*မယုံနိုင်စရာပဲ*

*အံ့ဩဖို့ကောင်းလိုက်တာ*

*ရှန့်ကျွင်း ရှုံးသွားတာလား*

*ပြီးတော့ တကယ်ကြီး တစ်ကွက်တည်းနဲ့ ရှုံးသွားတာပဲ*

*ဒါ ရှန်ကျွင်းလေ၊ အိုးရန်ချင်ရွှယ်ကလွဲရင် ဘယ်သူက သူ့ကို အထိနာအောင် လုပ်နိုင်လို့လဲ*

*အခု သူက တစ်ခဏလေးအတွင်း ရှုံးသွားတာတဲ့လား*

အိုးရန်ယွင်သည်လည်း အံ့ဩနေသည်။ အဘယ်ကြောင့် သူမအဘိုးက သူမကို ယဲ့ဖန်အား ဆရာအဖြစ် တင်မြှောက်ရန် ခိုင်းစေသလဲကို ယခုမှ သူမ နားလည်သလို ရှိသွားသည်။

*ဒီလူက ကြောက်စရာကောင်းလောက်အောင် သန်မာနေတာပဲ*

*ခန္ဓာကိုယ်တစ်ခုတည်းကနေ အမြင်အာရုံ နှစ်ခု ထုတ်ဖော်နိုင်တယ်၊ ကြောက်ဖို့ကောင်းလိုက်တာ*

တိဝူလုံချန်၏ မျက်လုံးအိမ် တုန်နေသည်။

*တစ်ကွက်တည်းနဲ့ ရန်သူကို အနိုင်ပိုင်းတယ်၊ တစ်ကယ်ကို တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တာပဲ*

*ဒီကောင်က တကယ်ကို အိုးရန်ချင်ရွှယ်ရဲ့ ကိုယ်ပွားပဲ*

*မဟုတ်ဘူး အိုးရန်ချင်ရွှယ်ထက်တောင် ပိုကြောက်ဖို့ ကောင်းတယ်*

*အရင်တုန်းက ရှန်ကျွင်း ရှုံးပင်မယ့် ပက်ပက်စက်စက် ရှုံးတာ မဟုတ်ဘူး၊ အခုတော့ လက်တစ်ဖက်လုံး စုတ်ပြတ်သွားပြီ”

“ကောင်းကင်ယံအား နေကိုးစင်း ဖုံးလွှမ်းခြင်း၊ မင်းက ဧကရာဇ်ရီပဲ၊ မင်းက အိုးရန်ချင်ရွှယ်ရဲ့သား မဟုတ်ဘူး”

ရှန်ကျွင်း အော်ဟစ်လိုက်သည်။ ဧကရာဇ်ရီသည် ဧကရာဇ်ကိုးပါးထဲမှ တစ်ပါး ဖြစ်ပေသည်။

ဧကရာဇ်တစ်ပါးချင်းစီက အင်မော်တယ် ဧကရာဇ်အဆင့်များ ဖြစ်သော်လည်း တစ်ယောက်ချင်းစီက သူတော်စင်အဆင့်နှင့် ယှဉ်နိုင်ကာ အလွန်အမင်း သန်မာလှသည်။

အင်မော်တယ် ဧကရာဇ်အဆင့် ခန္ဓာကိုယ်ဖြင့် သူတော်စင်အဆင့်ကို တိုက်ခိုက် သတ်ဖြတ်နိုင်၏။

ဧကရာဇ်ရီ။

ထိုစကားလုံး ထွက်ပေါ်လာသောအခါ တိဝူလုံချန်နှင့် အခြားသူများ အကြီးအကျယ် မျက်နှာ ပျက်ယွင်းသွားသည်။

*ဧကရာဇ်ရီလား*

*သူက သေသွားပြီ မဟုတ်ဘူးလား*

ဧကရာဇ်ရီသည် ယခုထိ ကိုးပြည်နယ်တွင်း၌ မေးခွန်းထုတ်စရာမလိုသော တည်ရှိမှု ဖြစ်သည်။ ကိုးပြည်နယ်တွင်း၌ သူက နံပါတ်တစ်ဟု ပြောလျင် မည်သူမှ နံပါတ်နှစ်ဟု လိုက်မပြောရဲပါ။

အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်သော်လည်း သူတော်စင်အဆင့်များတောင်မှ သူ့ကို ရန်မစရဲချေ။ သူသည် အလွန်အမင်း သန်မာလှပြီး အရပ်ဆယ်မျက်နှာမှ အရာအားလုံးကို ကြောက်လန့်စေသည်။

မိုးကောင်းကင်အောက်၌ အစွမ်းထက်သော နံပါတ်တစ် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

*ဒီလူက နှိုင်းမရအောင် ကြောက်ဖို့ကောင်းတဲ့ ဧကရာဇ်ရီတဲ့လား*

*မဖြစ်နိုင်လိုက်တာ*

အိုးရန်ယွင်တောင်မှ မှင်တက်နေသည်။

*ယဲ့ဖန်က ဧကရာဇ်ရီလား*

*သူက ဒေါ်လေးရဲ့ သား မဟုတ်ဘူးလား*

*ဘာတွေဖြစ်ကုန်တာလဲ*

ယဲ့ဖန် ထင်ရသလောက် မရိုးရှင်းဟု အိုးရန်ယွင် သတိထားမိလာသည်။

“ငါက ဧကရာဇ်ရီ ဖြစ်ရုံတင် မကဘူး၊ ငါက ကျူးလုံ ဧကရာဇ်၊ ငါက တာအိုသခင် လုယာ၊ ငါက …”

ယဲ့ဖန်က ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နာမည်တစ်ခုကို ရေရွတ်ပြသည်။ နာမည်တိုင်းက လူတိုင်းကို ရူးမတတ် ဖြစ်သွားစေသည်။

ဧကရာဇ် ကိုးပါး။

သူတို့အရှေ့မှ လူက ဧကရာဇ် ကိုးပါး ဖြစ်နေသည်တဲ့လား။ မဟုတ်သေး၊ ဧကရာဇ်ကိုးပါးက လူတစ်ယောက်တည်း ဖြစ်နေသည်ဟု ပြောသင့်ပေ၏။

မိုးကောင်းကင် လက်အောက်မှ အသန်မာဆုံးလူ ကိုးယောက်သည် ကိုးခါ ဝင်စားသော လူ ဖြစ်နေ၏။

*မဖြစ်နိုင်ဘူး*

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ရှန်ကျွင်း၏ လက်များ အဆက်မပြတ် တုန်ခါနေသည်။

*ဒီလိုဆိုရင် ငါတို့ နတ်ဘုရားမျိုးနွယ် ဇာတ်သိမ်းနေပြီ မဟုတ်လား*

*ဧကရာဇ်ကိုးပါး၊ ကိုးပြည်နယ်ထဲက ကြောက်စရာ အကောင်းဆုံး လူကိုးယောက်က တစ်ယောက်တည်း ဖြစ်နေတာလား*

*ပြီးတော့ အဲ့လူက ငါတို့အရှေ့မှာ ရှိနေတယ်*

*ထိတ်လန့်စရာ ကောင်းလိုက်တဲ့ မြင်ကွင်းပါလား*

ဒဏ္ဍာရီ ကိုးခုကို ဖန်တီးခဲ့သော ဧကရာဇ်ကိုးပါးက လူတစ်ယောက်တည်း ဖြစ်နေလိမ့်မည်ဟု သူ မယုံနိုင်ပါ။

ဧကရာဇ်ကိုးပါးထဲမှ တစ်ပါးစီကပင် လောကကို ကြောက်ရွံ့အောင် လုပ်နိုင်နေပြီ ဖြစ်သည်။ သို့သော် ယခု လူကိုးယောက်က တစ်ယောက်ထဲ ဖြစ်နေသဖြင့် မည်မျှ ကြောက်စရာ ကောင်းနေတော့မည်နည်း။

ဤသည်က ခေတ်အဆက်ဆက်တွင် ကိုးပြည်နယ်အား လူတစ်ယောက်တည်းက အုပ်စိုးခဲ့သည်ဟု ဆိုလိုနေ၏။

လူတစ်ယောက်တည်းက ကိုးပြည်နယ်တစ်လျှောက်တွင် ပြိုင်ဘက်ကင်းခဲ့ပြီး လောကတွင်းမှ သိုင်းပညာရျင် အားလုံးကို ကစားစရာသဖွယ် သတ်မှတ်ထားခဲ့သည်။

အရပ်ဆယ်မျက်နှာတွင်းမှ မြစ်ချောင်းနှင့် ပင်လယ်သမုဒ္ဒရာတို့အား လက်ထဲ၌ တင်းကျပ်စွာ ဆုပ်ကိုင် ထားနိုင်သည်။

ထိုသို့သောလူက သူတို့အရှေ့၌ ရပ်နေပါတကား။

“မဖြစ်နိုင်ဘူး၊ မင်း ငါ့ကို လိမ်နေတာပဲ နေမှာ၊ အဲ့လူ ကိုးယောက်လုံးက ခေတ်မတူဘူးကွ၊ ဘယ်လိုလုပ် တစ်ယောက်တည်း ဖြစ်မှာလဲ”

ရှန်ကျွင်း အော်လိုက်သည်။ သူ့အမူအရာက အလွန် ပျက်ယွင်းနေ၏။

“သံသရာ စက်ဝန်းထဲက ပြန်လည်ဝင်စားခြင်းမျိုး မဟုတ်ဘဲ အဆုံးအစမဲ့ ပြန်လည် မွေးဖွားခြင်း၊ မင်း အဲ့ဒါကို ကြားဖူးလား”

ယဲ့ဖန်က ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

“သံသရာ စက်ဝန်းထဲက ပြန်လည်ဝင်စားခြင်းမျိုး မဟုတ်ဘဲ အဆုံးအစမဲ့ ပြန်လည် မွေးဖွားခြင်း”

သူ တီးတိုးရေရွတ်နေပြီး အမူအရာက ထိုင်းမှိုင်းနေသည်။

သူ နားလည်သွားလေပြီ။ ဤဒဏ္ဍာရီလာ နည်းလမ်းအကြောင်းကို သူ မကြားဖူးခြင်း မဟုတ်ပါ။ သူတော်စင် အဆင့်ထဲ ဝင်သွားနိုင်ပါက မသေမျိုး ဖြစ်လာပေလိမ့်မည်။

ဧကရာဇ်ကိုးပါးလုံးက သူတော်စင်အဆင့်ကို မတက်နိုင်သော်လည်း မည်သည့် သူတော်စင်အဆင့်နှင့်မဆို ယှဉ်နိုင်သူ ဖြစ်ပြီး မည်သူကိုမျ မကြောက်ချေ။

လက်ရှိတွင် အိုးရန်ယွင် မှင်တက်အံ့အားသင့်နေ၏။

*ငါ့အရှေ့ကလူက ဧကရာဇ်ကိုးပါးလား*

*ကိုးပြည်နယ်ရဲ့ သမိုင်းမှာ အထင်ကြီးစရာတွေ ချန်ထားရစ်ခဲ့တဲ့ အဲ့လူကိုးယောက်လား*

*ပြီးတော့ သူက ငါ့ရှေ့မှ ရပ်နေပြီးတော့ ငါ့ဆရာတောင် ဖြစ်နေသေးတယ်*

သူမရှေ့မှ အရာအားလုံးက အမှန်မဟုတ်ဘဲ အိပ်မက်ဟုပင် သူမ ခံစားမိနေ၏။

*ဧကရာဇ်ကိုးပါးကို ငါ့ဆရာအဖြစ် ငါ တကယ် တင်မြောက်နိုင်တာလား*

*ပြီးတော့ အမောက်မာဆုံးနဲ့ အလွှမ်းမိုးဆိုး ဧကရာဇ်ကိုးပါးက ငါ့ဆရာအဖြစ် တစ်ပြိုင်တည်း ဖြစ်နေတာပေါ့*

ထိုစဉ် အိုးရန်ယွင် သူ့ပါးသူ ပြန်ဆိတ်ကာ အိပ်မက်မက်နေသလားဟု စမ်းကြည့်လိုက်သည်။ အကြောင်းမှာ မျက်စိရှေ့မှ မြင်ကွင်းက မယုံနိုင်စရာ‌ ကောင်းလွန်းသောကြောင့်ပင်တည်း။

*ဧကရာဇ်ကိုးပါးထဲက တစ်ပါးကတောင် ကိုးပြည်နယ်ကို သိမ်းနိုင်နေပြီ*

*တကယ်လို့ ဧကရာဇ်ကိုးပါးလုံး ပြိုင်တူ ထွက်လာရင် ကောင်းကင်ဘုံပါ ပြိုလဲမှာလား*

*ဒါက မယုံနိုင်စရာပဲ*

ထိုသို့သောအချိန်၌ တိဝူလုံချန်၏ သွားများက တဂတ်ဂတ် ရိုက်နေပြီး အသံများ ထွက်နေကာ မျက်နှာ တစ်ပြင်လုံး ဖြူရော်နေ၏။ သူ ပြဿနာ တက်ပြီဟု သတိပြုလိုက်မိတော့သည်။

စာစဉ် ၁၁၂ ဤတွင် ပြီးပါပြီ။

All Chapters