သူက မင်းအပိုင်ပဲ
Vol. 113 Ch. 1681
ကပ်ဆိုးတစ်ခုကို ဖန်တီးမိခဲ့လေပြီ။ နတ်ဘုရားမျိုးနွယ်အတွက် အလွန် ကြောက်စရာကောင်းသော ရန်သူ တစ်ယောက်ကို သူ ပြုလုပ်မိခဲ့သည်။
ဤလူနှင့်ဆိုလျင် ခြေတစ်ဖက်ဆောင့်လိုက်သည်နှင့် သူတို့ကို အခါတစ်ထောင်မက သတ်နိုင်ပေ။
ထိုသူမှာ ဧကရာဇ်ကိုးပါး ဖြစ်သည်။ အတိတ်အခါက သူသည် ကိုးပြည်နယ်တွင်း၌ ကြီးစိုးခဲ့ပြီး ကောင်းကင်ဘုံ ကိုးလွှာကတောင်မှ သူ့ကို မထိရဲချေ။
တစ်ခါက နတ်စစ်သည် တစ်သိန်းကို စေလွှတ်၍ တိုက်ခိုက်စေခဲ့သော်လည်း အားလုံး ဆိုးဆိုးရွားရွား သေဆုံးခဲ့သည်။
ထိုသတင်းက လောကတစ်ခွင်သို့ ကျော်ကြားသွားခဲ့လေသည်။
သူသည် သူတော်စင်အဆင့်ကို စိန်ခေါ်နိုင်ပြီး ကောင်းကင်ဘုံအား ကိုင်လှုပ်နိုင်၏။ ဤသို့သော ပုဂ္ဂိုလ်မျိုးက ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေနိုင်သည်။
သို့သော် သူသည် ထိုသို့သော ပုဂ္ဂိုလ်မျိုးကိုမှ ရန်စခဲ့ပြီး ရန်သူ ဖြစ်အောင် လုပ်ခဲ့လေပြီ။ ထို့အပြင် တစ်ကြိမ် ရန်စမိသည်က ကိုးယောက်လုံးကို ရန်စသလို ဖြစ်သွားခဲ့သည်။
*သွားပြီ*
*သေပြီ*
တိဝူလုံချန်သာမက နတ်ဘုရားမျိုးနွယ်မှ လူများအားလုံးသည် မသိလျင် သူတို့၏ မိဘများ သေသွားသကဲ့သို့ ပူဆွေးဝမ်းနည်းဟန် ပြလာကြသည်။ နာကျင်စရာ ကောင်းလှပေ၏။
သေတွင်းတူးနေသည်က ယဲ့ဖန် မဟုတ်ဘဲ သူတို့သာ ဖြစ်နေလေသည်။
သူတို့အရှေ့မှ မထင်မရှား လူငယ်လေးက ဒဏ္ဍာရီလာ ဧကရာဇ် ကိုးပါး ဖြစ်နေသည်ကို ဘုရားသာ သိပေလိမ့်မည်။ ထို့အပြင် ထိုလူကိုးယောက်ကလည်း တကယ်တမ်း၌ တစ်ယောက်တည်း ဖြစ်နေပြန်သည်။
ကြောက်စရာကောင်းလှသည်။
သူတို့ နတ်ဘုရားမျိုးနွယ်သည် ကိုးပြည်နယ်တစ်ခုလုံး၏ ရန်သူ ဖြစ်ပေတော့မည်။
သူတို့သည် ယဲ့ဖန်ကို ကြည့်ပြီး မင်းဆက် ကိုးဆက်ကို မြင်ယောင်သလို ခံစားလိုက်ရသည်။
“ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ်၊ ငါက ဧကရာဇ်ကိုးပါးနဲ့ တိုက်ခိုက်နိုင်စွမ်း ရှိတာပေါ့”
ရုတ်တရက် ရှန်ကျွင်း၏ မျက်နှာတွင် ဝမ်းသာအားရစိတ်တို့ ပြည့်နှက်နေ၏။ သူသည် တစ်ဘဝလုံး အသန်မာဆုံးကို လိုက်ရျာနေသူ ဖြစ်သည်။ သို့သော် ကိုးပြည်နယ်တွင်း၌ အသန်မာဆုံးဖြစ်သည့် လူများမှာ ခြွင်းချက်မရှိ ပြိုင်ဘက်ကင်းသော ဧကရာဇ်များသာ ဖြစ်လေသည်။
ယခု အသန်မာဆုံး ကိုးယောက်က သူ့အရှေ့၌ ရှိနေသည်။ သူ့နှလုံးသားက စိတ်လှုပ်ရှားကာ ထိတ်လန့်နေ၏။
အကယ်၍ သူတို့ကို သူ သတ်နိုင်လျင် သူသည် ကိုးပြည်နယ်တစ်ခုလုံး၌ အသန်မာဆုံး ဖြစ်ပေလိမ့်မည်။
ဤသည်ကိုတွေးမိပြီးနောက် ရှန်ကျွင်း၏ မျက်လုံးတွင် ခံစားချက်ပေါင်းစုံတို့ ပြည့်နှက်နေပြီး မာန်ပါပါဖြင့် ရှေ့သို့ တက်လာသည်။
သူ၏ ခန္ဓာကိုယ်က လေဟာနယ်ကို သက်ရောက်စေသဖြင့် လေဟာနယ်ပင် တုန်ခါလာရသည်။
ထိုအခိုက်တွင် ကောင်းကင်ယံမှ အသံထွက်လာပြီး ကောင်းကင်ယံ စုတ်ပြဲကာ မသိလျင် ထောင်ချီသော စစ်သည်တော်များ တိုးထွက်လာသည်ဟုပင် ထင်ရပြီး ကောင်းကင်ပင် အရောင် ပြောင်းလာ၏။
“သွေးနီကောင်းကင် လက်သီး”
၎င်းသည် ကြောက်စရာကောင်းသော လက်သီးသိုင်းဖြစ်ပြီး ရှေးခေတ်ကတည်းက သိပ်မပေါ်ထွက်ခဲ့ချေ။ ယင်းသည် တာအိုစွမ်းအင်နှင့် ပေါင်းစပ်ထားသော သိုင်းဖြစ်ပြီး မထင်မှတ်ထားလောက်သော စွမ်းအင် ပါဝင်သည်။
ထိုလက်သီးချက် ထွက်ပေါ်လာသည်နှင့် ကောင်းကင်ဘုံ၏ ဖန်တီးမှုကို ထိန်းချုပ်၍ ဥပဒေသအားလုံးကို ချေဖျက်ကာ နတ်ဘုရားများနှင့် နတ်ဆိုးများအားလုံးကို သတ်နိုင်လေသည်။
ယခုတစ်ကြိမ်၌ ရှန်ကျွင်း တကယ် လှုပ်ရှားလေပြီ။
တိဝူလုံချန် အလန့်တကြား ကြည့်နေပြီး စိတ်ထဲ၌ နိုင်ပါစေဟု ဆက်တိုက် ဆုတောင်းမိနေသည်။ နိုင်ကိုနိုင်မှ ဖြစ်မည်။
အကယ်၍ ရှန်ကျွင်း မနိုင်လျင် သူတို့ လုံးဝ ပွဲသိမ်းပေလိမ့်မည်။
ထိုအချိန်တွင် အိုးရန်ယွင်တောင်မှ မတုန်ယင်ဘဲ မနေနိုင်အောင် ဖြစ်နေသည်။ ဤသို့သော တိုက်ပွဲမျိုးက ကြက်သီးမွေးညင်း ထစေသည်။ ကြောက်စရာကောင်းသော ဤသိုင်းကွက် ထွက်လာသည်နှင့် မည်သူက ယှဉ်နိုင်မည်နည်း။
ရှန်ကျွင်းက လက်သီးဖြင့် ထိုးနှက်လာသဖြင့် လေဟာနယ် ပျက်စီးကာ အရာအားလုံး ကြေမွပြီး အလွန် ကြောက်စရာကောင်းသော စွမ်းအင်က ကောင်းကင်ယံကို စုတ်ဖြဲ၍ ယဲ့ဖန်ပေါ် သက်ဆင်းလာသည်။
ရည်ရွယ်ချက်က ရှင်းလင်းပါ၏။ ယဲ့ဖန်ကို တစ်စစီ စုတ်ဖြဲရန်သာ ဖြစ်သည်။
နတ်ဘုရားမျိုးနွယ်၏ အထူးချွန်ဆုံးနီးပါး ဖြစ်သော ပါရမီရှင်က ဤကြောက်စရာကောင်းသော လက်သီးသိုင်းကိုပါ ပေါင်းစပ် အသုံးပြုလိုက်လျင် တစ်လောကလုံးကိုပင် ရှင်းလင်းနိုင်ရန် လုံလောက်ပြီး ကောင်းကင်ဘုံကို ဖိနှိပ်နိုင်လောက်သည်။ သိုင်းအဆင့်တူသူထဲ၌ သူ့အား ယှဉ်နိုင်သူ အနည်းငယ်သာ ရှိနိုင်ပေသည်။
“တစ်ကွက်ထဲနဲ့ မင်းကို အနိုင်ယူခဲ့သလို တစ်ကွက်တည်းနဲ့ မင်းကို သတ်ပစ်မယ်”
ယဲ့ဖန်က အေးစက်၍ မောက်မာနေဆဲဖြစ်ကာ လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ ကြောက်စရာ ကောင်းသော အမြင်အာရုံနှစ်ခုက ရှန်ကျွင်းကို သည်းကြီးမည်းကြီး တိုက်ခိုက်လာ၏။
သူ့စကားကိုကြားပြီး ရှန်ကျွင်း၏ မျက်နှာက အလွန်အမင်း မည်းမှောင်လာပြီး အရှက်ကွဲခံရသလို ခံစားရကာ အလွန် ကြည့်ရဆိုးလာသည်။
ထိုစဉ် ကြောက်စရာကောင်းသော အမြင်အာရုံနှစ်ခုက ပြိုင်တူ ပျံ့လွင့်လာသည်။ ၎င်းတို့သည် ကြီးမားခိုင်ခံ့သော မြို့တံတိုင်းနှစ်ခုနှင့် တူလှပြီး ဖျက်ဆီး၍ မရနိုင်ချေ။
ကျောက်ဆောင်သားလေအလား မာကျောကျစ်လျစ်ပြီး ထည်ဝါလှသည်။
“ဒုန်း”
ရှန်ကျွင်း၏ လက်သီးက ထိုအမြင်အာရုံ နှစ်ခုကို ထိုးခွင်းမိသွားပြီး အမြင်အာရုံ နှစ်ခုက ပြင်းထန်စွာ တုန်ခါသွားလေသည်။ သို့သော် တောင်တစ်လုံးလေအလား မားမားမတ်မတ် ရှိနေဆဲပင်။
ဤသည်ကိုမြင်သော် တိဝူလုံချန်၏ နှလုံးသားက အေးခဲသွားသည်။
“ဒီလို မဖြစ်သင့်ဘူး၊ ဒီလို မဖြစ်သင့်ဘူးလေ”
“တားလိုက်တယ်၊ ငါတို့ … ငါတို့တော့ သွားပြီ”
ချက်ချင်းဆိုသလိုပင် နတ်ဘုရားမျိုးနွယ်မှ လူများ မျက်နှာပြာနှမ်းသွားပြီး လက်ရှိတွင် သူတို့ သေရန် စောင့်နေရုံသာ ရှိတော့ကြောင်း သတိပြုမိလိုက်သည်။
“ဝုန်း”
ကောင်းကင်ယံက ကြီးမားသော ခန်းစီးတစ်ခု ပြဲသွားသကဲ့သို့ စုတ်ပြဲလာပြီး မြင်ကွင်းက ကြောက်စရာ ကောင်းလှသည်။
အမြင်အာရုံနှစ်ခု၏ တိုက်ခိုက်မှုအောက်၌ ရှန်ကျွင်း၏ ခန္ဓာကိုယ်က ဟောင်းနွမ်းနေသော အဝတ်တစ်ခုသဖွယ် တဖြည်းဖြည်း ပျက်စီးလာပြီး အပေါက်များ ဖြစ်လာကာ စုတ်ဖြဲခံလိုက်ရသည်။
“မင်း …”
ရှန်ကျွင်း၏ မျက်လုံးတွင်း၌ အတောမသတ်နိုင်သော ကြောက်စိတ်များဖြင့် ပြည့်နှက်လာကာ သူ မရှုမလှ ရှုံးသွားသည်ကို မယုံနိုင် ဖြစ်နေပုံရသည်။
“ငါနဲ့ တိုက်ခိုက်ချင်တာလား၊ စိတ်မကောင်းပါဘူး မင်းက မထိုက်တန်ဘူး”
ယဲ့ဖန်၏ မျက်လုံးတွင် လူသတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် လက်တစ်ဖက်ဖြင့် ရှန်ကျွင်းကို ရိုက်ထုတ်လိုက်သည်။
နှိုင်းမရသော စွမ်းအင်လှိုင်းက သည်းကြီးမည်းကြီး ဖိနှိပ်လာသည်။
“ဗျစ်”
ထို့နောက် ရှန်ကျွင်းသည် လေထဲ၌ ဖျစ်ညှစ်ခံလိုက်ရပြီး အသားလုံးသဖွယ် ဖြစ်ကာ အောက်သို့ ပြုတ်ကျ လာသည်ကို အားလုံး တွေ့လိုက်ရသည်။
အင်မော်တယ် ဧကရာဇ်အဆင့်၌ ထိပ်ဆုံး၌ ရှိခဲ့သောသူ သေဆုံးသွားလေပြီ။
*သေသွားပြီ*
ရှန်ကျွင်း သေသွားသည်ကို မြင်လိုက်သည့်အခိုက်တွင် တိဝူလုံချန်နှင့် အခြားသူများအားလုံး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့လာပြီး မျက်လုံးတွင် ကြောက်စိတ်များ စိုးမိုးလာ၏။
*တစ်ကွက်တည်းနဲ့ မင်းကို အနိုင်ယူခဲ့တယ်၊ တစ်ကွက်တည်းနဲ့ မင်းကို သတ်မယ်*
*ဒီလူက သတ်မယ်ဆို တကယ် သတ်နိုင်တာပဲ*
*ဒါ ဧကရာဇ်ကိုးပါးရဲ့ အစွမ်းလား၊ နတ်ဘုရားမျိုးနွယ်ရဲ့ အတော်ဆုံး ပါရမီရှင် ဖြစ်ခဲ့တဲ့သူက အခု ခွေးလိုကြက်လို တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပါလား*
တိဝူလုံချန်၏ အမူအရာက အလွန်အမင်း သုန်မှုန်နေသည်။ အကယ်၍ ဤသို့သော လူမျိုးနှင့်သာ သူတို့ မိတ်ဆွေ ဖြစ်ခဲ့လျင် အဘယ်ကြောင့် အထက်မှလူများ၏ သူတို့အပေါ် ခွေးလို ဆက်ဆံခြင်းကို ခံရမည်နည်း။
ထိုသို့ဆိုလျင် ကိုးပြည်နယ်တစ်ခွင် မဆိုထားနှင့် ကောင်းကင်ဘုံကိုပင် သူတို့ စိန်ခေါ်နိုင်လောက်သည်။
သူတို့ မိတ်ဆွေ မဖြစ်လျင်တောင်မှ အဘယ်ကြောင့် ယခု အသတ်ခံရအောင် လုပ်မိရသနည်း။
အထက်မှလာမည့် လူများ ရှိပေသည်။ ထိုအချိန် ရောက်လာလျင်တောင်မှ သူ့အရှေ့မှလူကို သတ်ရန် မဖြစ်နိုင်ပေ။
သူ မဆင်မခြင် လုပ်လွန်းခဲ့သဖြင့် ယခု သူ နောင်တရရုံသာ တတ်နိုင်တော့သည်။
“မင်း ပွဲကြည့်လို့ ပြီးပြီလား”
ရုတ်တရက် ယဲ့ဖန်၏ မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးလာကာ တစ်နေရာသို့ ဖျတ်ခနဲ လှုပ်ရှား၍ သွားလိုက်သည်။ ထို့နောက် သူသည် လက်တစ်ဖက်ဖြင့် လူရိပ်တစ်ခုကို ဖမ်းချုပ်ကာ မြေကြီးပေါ် ဖိနှိပ်ခံလိုက်ရသည်။
သူ၏ လက်ငါးချောင်းက ချိတ်များသဖွယ် မြဲမြံနေပြီး တစ်ဖက်လူ၏ အသားထဲပင် စိုက်နေသဖြင့် ခန္ဓာကိုယ်မှ သွေးများ ထွက်လာသည်။
ရောက်လာသူမှာ အဘိုးအိုတစ်ယောက် ဖြစ်သည်။
ထိုသူမှာ သခင်လေး ယွိချီ၏ နောက်လိုက် ဖြစ်သည်။ သူသည် ယဲ့ဖန် ထွက်သွားကတည်းက တစ်ခုခု မှားနေသည်ဟု ခံစားမိသဖြင့် နောက်ကလိုက်လာခဲ့ကာ မူမမှန်သော တစ်စုံတစ်ရာကို တွေ့လိုက်ရသည်။
“အဘိုးကြီးဖုန်း”
ဤအဘိုးအိုကို မြင်သောအခါ တိဝူလုံချန် မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ ဤအဘိုးအိုသည် ဝမ်ရှန်း မြို့တော်သခင်၏ အနီးကပ် စောင့်ရှောက်သူ ဖြစ်ပြီး လက်ရှိတွင် သခင်လေး ယွိချီ၏ စောင့်ရှောက်သူအဖြစ် တာဝန်ပေးခံရသူ ဖြစ်သည်။
သူ့ဦးလေးတောင်မှ ထိုအဘိုးအိုကို ကြောက်ရသည်။ အကြောင်းရင်းမှာ သူ၏ တာအိုကြောင့်ပင်။ သူ့အား ကောင်းကင်ဘုံမှလူဟုပင် ခေါ်နိုင်ပေသည်။
တစ်ချိန်က သူသည် မောက်မာပြီး မဆင်မခြင် လုပ်တတ်ကာ ဝမ်ရှန်းမြို့၌ တစ်ကိုယ်တည်း သောင်းကြမ်းခဲ့ပြီး အင်မော်တယ် ဧကရာဇ်အဆင့်များစွာကို ဒဏ်ရာ ရစေခဲ့ပြီး မြို့ကို စောင့်ရှောက်သူ ဆယ့်နှစ်ယောက်တောင်မှ သူ့အား မတားနိုင်ချေ။
ဝမ်ရှန်း မြို့တော်သခင်သာ ကိုယ်တိုင် ဝင်ပါခဲ့မှသာ သူ အညံ့ခံခဲ့သည်။
ဝမ်ရှန်းမြို့တော်သခင်က သူ၏ အောင်မြင်မှုများကို သိပြီး၊ ယင်ယန်အပေါ် နားလည်နိုင်စွမ်းနှင့် သိုင်းပညာ စွမ်းရည်တို့ကြောင့် သူ့ကို မသတ်ဘဲ အနား၌ ခေါ်ထားကာ အမှုထမ်းစေခဲ့သည်။
ယခု မြို့တော်သခင်သာလျင် အနိုင်ယူနိုင်သော ပုဂ္ဂိုလ်က ယဲ့ဖန်ထံ၌ လက်တစ်ဖက်တည်းဖြင့် ဖမ်းချုပ်ခံ ထားရသည်တဲ့လား။
*ဒါက*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*အံ့ဩဖို့ကောင်းလိုက်တာ*
ရှန်ကျွင်းကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်ပြီး ဖုန်းလောင်ကို ချက်ချင်း အနိုင်ယူနိုင်သည်တဲ့လား။ ထိုသို့ဆိုလျင် သူတော်စင်အဆင့်အောက်၌ သူ့အား မည်သူမှ မယှဉ်နိုင်တော့သည့် သဘောလား။
“အရှင်မင်းမြတ် အသက်ချမ်းသာပေးပါ”
ဖုန်းလောင် ခက်ခက်ခဲခဲ ပြောလိုက်ရပြီး သူ့လည်ပင်း အစ်နေသလို ခံစားနေရသည်။
အစက သူသည် သူ့အရိပ်အယောင်ကို အမြဲ ဖုံးထားခဲ့သည်။ သို့သော် ယဲ့ဖန်က အိုးရန်ချင်ရွှယ်၏ သားဟုပြောပြီး နောက်ကြောင်းအား ထုတ်ပြောသည်ကို ကြားလိုက်သည့်အခါ၌ သူ့အရိပ်အယောင်ကို ထုတ်ဖော်ပြလိုက်သည်။
ယဲ့ဖန် လက်ကိုလွှတ်လိုက်သည်။ ထိုအခါမှ ဖုန်းလောင်က စိတ်အေးကာ ပင့်သက်ရှိုက်လိုက်ပြီး တဟွတ်ဟွတ် ချောင်းဆိုးနေသည်။
ယဲ့ဖန် သူ့ကို မသတ်လိုက်သည့်အတွက် ဝမ်းသာမိသည်။ ဝမ်ရှန်းမြို့တော်သခင်ကို သူ စိန်ခေါ်ရဲသည့် သတ္တိ ရှိသော်လည်း ယဲ့ဖန် စိတ်မကြည်အောင် လုပ်ရဲသည့် သတ္တိတော့ မရှိပါ။
တစ်ဖက်လူ၏ အရိပ်အာဝါသက ကြီးမားလွန်းသည် မဟုတ်ပါလော။
ဧကရာဇ်ကိုးပါးလုံးက တစ်ယောက်တည်း ဖြစ်နေသဖြင့် သူသည် အတိတ်အခါက ကိုးပြည်နယ်လုံး၌ အသန်မာဆုံး ဖြစ်ခဲ့သော လူကိုးယောက်ကို ရင်ဆိုင်နေသည့် သဘော ဖြစ်သွားသည် မဟုတ်ပါတကား။ သူ့၌ ထိုသို့သော သတ္တိမျိုး မရှိပါ။
သို့သော် ယဲ့ဖန် သူ့ကို လွှတ်ပေးပြီဟု ထင်နေသောအချိန်၌ ခြေထောက်တစ်ဖက်က ဖုန်းလောင်၏ လည်မျိုကို နင်းလာပြီး သူ့အား ထပ်၍ မြေကြီးနှင့် ဖိကပ်လာပြန်သည်။
ယဲ့ဖန်၏ မျက်လုံးများက အေးစက်ကာ တောက်ပနေ၏။
“ငါ မှတ်မိတာသာ မှန်မယ်ဆိုရင် ယွိချီက မင်းကို သတ်ဖို့ ခိုင်းလိုက်တာ မဟုတ်လား”
ဖုန်းလောင် အသည်းအသန် ခေါင်းခါလိုက်ပြီး သွေးပျက်စွာ ပြောလိုက်သည်။
“အဲ့လို မဟုတ်ပါဘူး၊ အရှင်မင်းမြတ် အထင်မှားနေပါပြီ၊ ဒီငယ်သားက အရှင်နဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းသလို ခံစားရလို့ လိုက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ရုံ သက်သက်ပါ”
“ဒီငယ်သားက တကယ့် နဂါးကို တွေ့လိုက်ရလိမ့်မယ်လို့ ထင်မထားမိပါဘူး”
ဖုန်းလောင်က တရိုတသေ ပြောလိုက်သည်။ ကိုးပြည်နယ်တွင်း၌ ဧကရာဇ်အား မသိသူ ရှိပါမည်လော။
ဧကရာဇ်ကိုးပါး၏ ဒဏ္ဍာရီကို သုံးနှစ်ကလေးပင် သိပေသည်။
“စိတ်မကောင်းစရာက ငါ မင်းကို အသက်ရှင်ခွင့် မပေးနိုင်တာပဲ”
ယဲ့ဖန်က အေးအေးလူလူ ပြောလိုက်သည်။ သူ့နောက်ကြောင်းက ကြီးမားလွန်းနေပြီး သူ့၌ ယခင်ကဲ့သို့ အမြင့်သို့ ပြန်မရောက်သေးပေ။ အကယ်၍ အခြားသူများအား သူ့နောက်ကြောင်းအစစ်ကို ပေးသိလိုက်လျင် သူ့အဘိုးသာ ဒုက္ခရောက်ပေလိမ့်မည်။
သူတောင်မှ အသက်အန္တရာယ် ရှိလာနိုင်သည်။ ဤကိုးရက်အတွင်း သူ့ရန်သူများက မနည်းတော့ချေ။
“ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော့်မှာ မြို့တော်သခင်ရဲ့ ဝိညာဉ် မျိုးစေ့ချခြင်း ရှိနေပါတယ်၊ အရှင် ကျွန်တော့်ကို သတ်လိုက်ရင် မြို့တော်သခင်က အရှင်မှန်း ချက်ချင်း သိပါလိမ့်မယ်၊ အဲ့လိုဆို အိုးရန်မျိုးနွယ် အန္တရာယ်ထဲ ရောက်သွားမှာပါ”
ဖုန်းလောင်က လက်ကိုဝှေ့ယမ်း၍ အရိုးသားဆုံး ပြောလိုက်သည်။
“အရှင်မင်းမြတ် ဒီနေ့ကိစ္စကို ကျွန်တော် ထုတ်မပြောဖူးလို့ ကတိပေးပါတယ်၊ ကျွန်တော် သခင်လေးယွိချီကို တင်းတင်းကြပ်ကြပ် သွန်သင်ပြီး ဘယ်တော့မှ အရှင့်ကို ပြဿနာ မရှာအောင် လုပ်ပါ့မယ်”
ယဲ့ဖန် တစ်ခဏမျှ တွေးနေပြီးနောက် ဖုန်းလောင် ပြောသောစကားက နည်းလမ်းကျသည်ဟု တွေးမိသည်။ ထို့နောက် သူ အေးစက်စွာ ပြောလိုက်သည်။
“ဒီနေ့ မင်းပြောခဲ့တဲ့ စကားကို သတိရပါ၊ မင်း ငါ့နောက်ကြောင်းကို ဖော်ရဲရင် မြို့တော်သခင်တောင်မှ မင်းကို က ကာကွယ်နိုင်မှာ မဟုတ်ဘူး”
“ဒီငယ်သား နားလည်ပါတယ်”
ဖုန်းလောင် မချိပြုံး ပြုံးလိုက်သည်။ ဧကရာဇ်ကိုးပါး သတ်ချင်သည့်လူကို မည်သူက ကယ်နိုင်ပါမည်နည်း။ ဖုန်းလောင်က ကိုယ့်သေတွင်း ကိုယ်တူးရဲသည့် အရူး မဟုတ်ပါ။
“သွားတော့”
ယဲ့ဖန်က စိတ်မရှည်သလို လက်ခါပြသည်။
“ဟုတ်ကဲ့”
ဖုန်းလောင် မကျေနပ်ဟန် မပြရဘဲ ချက်ချင်း နေရာမှ ပျောက်ကွယ်သွားသည်။
ထို့နောက် ယဲ့ဖန်က တစ်ဖက်လှည့်၍ တိဝူလုံချန်တို့ကို လှည့်ကြည့်လာသည်။ ယဲ့ဖန် ကြည့်လာသည်ကို မြင်သောအခါ တိဝူလုံချန်နှင့် အခြားသူများ ငိုယို၍ တုန်ယင်လာကြသည်။
ယခု သူတို့ ဝမ်းနည်းခြင်းဆိုသည်ကို နားလည်သွားကြလေသည်။
“ခုနက မင်းတို့ အရမ်း ဂုဏ်ယူနေခဲ့တာ မဟုတ်လား”
ယဲ့ဖန်က တိဝူလုံချန်ကို ပြုံး၍ ကြည့်နေသည်။ တိဝူလုံချန် ဆက်တိုက် ခေါင်းခါနေသော်လည်း စကား မပြောနိုင်ချေ။
*ဂုဏ်ယူနေတယ်တဲ့လား*
လက်ရှိတွင် သူ မာနကြီးရန် နေနေသာသာ မျက်နှာတွင် ကြောက်ရွံ့ စိုးထိတ်စိတ်တို့သာ ပြည့်နှက်နေသည်။
ယဲ့ဖန်က အနားသို့ လျှောက်လာပြီး တိဝူလုံချန်၏ ခြေထောက်တစ်ဖက်ကို နင်းလိုက်သည်။
“ဂျွတ်”
ချက်ချင်း အရိုးကျိုးသွားသည်။
“အား…”
အလွန်အမင်း ကျောချမ်း၍ လန့်စရာကောင်းသော တိဝူလုံချန်၏ အော်သံ ထွက်ပေါ်လာသည်။ သို့သော် ထိုမျှနှင့် မရပ်သွားချေ။
ယဲ့ဖန်က ဆက်လက်၍ လူမဆန်စွာ ပြုမူကာ တိဝူလုံချန်၏ ခြေလက်များကို ဖျက်ဆီးလိုက်သည်။
ဤမြင်ကွင်းက နတ်ဘုရားမျိုးနွယ်မှလူများကို ချောက်ချားသွားစေသည်။ သို့သော် မည်သူမှ ရှေ့တက်၍ တားရဲသည့် သတ္တိမရှိချေ။ လက်ရှိတွင် မည်သူက ရှေ့တက်၍ အသေခံရဲမည်နည်း။
သူ့ခြေလက်များကို ချိုးပြီးနောက် ယဲ့ဖန်က နောက်လှည့်၍ အိုးရန်ယွင်ကို ပြောလိုက်သည်။
“သူက မင်းအပိုင်ပဲ”