ယဲ့ဖန် သေသွားပြီ
Vol. 113 Ch. 1682
*ဘာ*
ထိုစကားကိုကြားသောအခါ တိဝူလုံချန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး အိုးရန်ယွင်ကို လှမ်းကြည့်လိုက်သည်။
ထိုအခါ အိုးရန်ယွင်၏ မျက်နှာပေါ်မှ လူသတ်လိုသော ဟန်ပန်ကိုမြင်ပြီး သူ ချောက်ချားသွားသည်။
ထို့နောက်တွင်မူ တိဝူလုံချန်၏ မျက်နှာက ပြာနှမ်းလာလေသည်။ အိုးရန်ယွင်၏ သူ့အပေါ် မုန်းတီးစိတ်နှင့်ဆိုလျင် သူ သက်တောင့်သက်သာ သေရမည် မဟုတ်ပေ။
အိုးရန်ယွင်သည် ဒဏ်ရာ အပြင်းအထန် ရထားသော ခန္ဓာကိုယ်ဖြင့် ထရပ်လာပြီး တိဝူလုံချန်ထံ တစ်လှမ်းချင်း လှမ်းလာသည်။
ထိုအခါ တိဝူလုံချန်သည် ကြောက်လန့်တကြား အော်ဟစ်လာသည်။
“အနားမလာနဲ့၊ မင်း အနားမလာနဲ့”
သို့သော် သူ့ခြေလက်များ ချိုးခြေခံထားရသဖြင့် သူ တစ်စက်ကလေးမျှ မလှုပ်နိုင်ဘဲ သွေးများ တတောက်တောက် စီးကျလာ၏။
အိုးရန်ယွင်က သူမဓားကို ဆွဲထုတ်၍ လွှဲယမ်းလိုက်သောအခါ သွေးစက်များနှင့်အတူ အသားစ တစ်ဖက် လွင့်စဉ်သွားသည်။
“အား”
တိဝူလုံချန် နာကျင်စွာ အော်ဟစ်လာကာ မြေကြီးကို လက်ဖြင့် တဘုန်းဘုန်း ရိုက်နေကာ တစ်ကိုယ်လုံး တုန်ယင်နေပြီး နာကျင်မှုကြောင့် သူ့မျက်နှာက ရှုံ့တွနေ၏။
“ဖျောက်”
ထိုစဉ် ယဲ့ဖန် လက်ဖျောက်တီးလာပြီး နတ်ဘုရားမျိုးနွယ်၏ ဦးခေါင်းများက လည်ပင်းမှ တိခနဲ ပြတ်ကျ သွားသည်။
မြေကြီးပေါ်သို့ ဖရဲသီးများသဖွယ် ပြုတ်ကျလာပြီး ဒါဇင်ချီသော အလောင်းများကလည်း မြေကြီးပေါ် တဘုန်းဘုန်း လဲကျကုန်သည်။
“ငါ မှားသွားပါတယ်၊ အိုးရန်ယွင် ငါ မှားသွားပါတယ်၊ ငါ့ကို ချမ်းသာပေးပါ၊ ငါ တောင်းပန်ပါတယ်၊ ငါ မင်းကို လျော်ကြေး ပြန်ပေးပါ့မယ်”
တိဝူလုံချန်က အလွန် ကြောက်လန့်နေသော မျက်နှာဖြင့် အော်ပြောလာသည်။ သူ ငိုကြွေးနေလေပြီ။ သူ မသေချင်သေးပါ။
အိုးရန်ယွင် လှောင်ရယ်လိုက်သည်။
“တမလွန်ကိုသွားပြီး ငါ့မောင်နဲ့ ငါ့ယောင်းမကို တောင်းပန်လိုက်လေ”
ထို့နောက် ဓားချက် တစ်ချက်ပြီးတစ်ချက်က တိဝူလုံချန်၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားသည်။ လှုပ်ရှားမှုက မြန်ဆန်၍ တိကျသည်။
သူမသည် တိဝူလုံချန်အား အသတ်ခံရသည့် နာကျင်မှုကို တဖြည်းဖြည်း ခံစားရစေချင်သည်။
ယဲ့ဖန် ရယ်နေသည်။ လောကထဲက လူတိုင်းက သူ့ကို နတ်ဆိုးဟု ပြောကြသည်။ သို့ရာတွင် လောကထဲ၌ ဘယ်လိုလုပ် နတ်ဆိုးက တစ်ကောင်ထဲ ရှိပါမည်နည်း။
ယခု အိုးရန်ယွင်သည် သွေးအေးသော နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲနေကာ တိဝူလုံချန်အား ပြင်းထန်စွာ အပြစ်ပေးနေသည်။
တကယ်တမ်းတွင် လူတိုင်း၏ နှလုံးသား၌ နတ်ဆိုးတစ်ကောင် ရှိစမြဲပင်၊ ထွက်ပေါ်မလာသေးခြင်းသာ ဖြစ်ပေ၏။
“ရွှစ်”
ရုတ်တရက် သွေးများ ပန်းထွက်လာပြီး တိဝူလုံချန်၏ ပေါင်ခြံ၌ သွေးများ ရွှဲနစ်လာသည်။ သူ၏ အော်သံက သားရဲတစ်ကောင် အော်ဟစ်လိုက်သကဲ့သို့ စူးရှလှသည်။
“နင် သန်မာတဲ့ မိန်းကလေးတွေကိုမှ ကြိုက်တာ မဟုတ်လား၊ နောက်ဆို နင် မိန်းကလေးတွေနဲ့ ဘယ်လို ပျော်ပါးမလဲ ငါ ကြည့်ရသေးတာပေါ့”
အိုးရန်ယွင်၏ မျက်နှာက ခက်ထန်ကြမ်းကြုတ်နေပြီး အလွန် ကြောက်စရာ ကောင်းလှသည်။
သူမက တိဝူလုံချန်ကို သင်းကွပ်လိုက်ခြင်းပင်။ ဤသည်က သူမကို အလွန် ပျော်ရွှင်စေသည်။ ထို့နောက် ဓားချက် တစ်ချက်က အရှိန်ဖြင့် ဆက်လက် ကျဆင်းလာသည်။
နာရီဝက်ကြာပြီးနောက် တိဝူလုံချန်သည် သွေးအိုင်ထဲ လဲနေပြီး သေသွားလေသည်။
သို့သော် အိုးရန်ယွင်က ရူးနေပုံ ပေါ်နေကာ သူ့ခန္ဓာကိုယ်ကို ဓားဖြင့် တစ်ချက်ပြီးတစ်ချက် ထိုးနေသည်။
သွေးများ ပန်းထွက်နေသောကြောင့် သူမတစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေကာ မျက်နှာပင် သွေးပေနေကာ လက်ရှိတွင် သွေးလူသားနှင့်ပင် တူနေသေးသည်။
ရက်စက်ကြမ်းကြုတ်လှသည်။ ထူးဆန်းလှသည်။
ထိုအချိန်တွင် ယဲ့ဖန်က ရှေ့သို့တိုးလာပြီး ဓားကို ဆက်လွှဲတော့မည့် သူမလက်ကို ဖမ်းချုပ်လိုက်သည်။
“တော်လောက်ပြီ”
အိုးရန်ယွင် ဓားကို ပစ်ချလိုက်ပြီး ငိုကြွေးလေသည်။ တိဝူလုံချန်ကို နုတ်နုတ်စင်း၍ အခါတစ်ထောင်မက သတ်လျင်တောင်မှ သူမမောင် အသက်ပြန်မရှင်လာနိုင်မှန်း သူမလည်း သိပါသည်။
“မငိုနဲ့၊ ငါတို့ သတ်ချင်တဲ့လူတွေ အများကြီး ရှိသေးတယ်၊ မင်း ဝမ်းနည်းချိန် ရှိလာမှာ မဟုတ်ဘူး”
ယဲ့ဖန်က အသာပြောလိုက်ပြီး ကုန်းမင်၏ လက်ကိုဆွဲ၍ နောက်လှည့်ကာ ထွက်သွားသည်။
အိုးရန်ယွင်သည် မျက်လုံးထောင့်မှ မျက်ရည်စကိုသုတ်၍ ယဲ့ဖန်အနောက်မှ အမီ လိုက်လာသည်။
….
ထိုအချိန်တွင် ဖုန်းလောင်က သခင်လေး ယွိချီထံ သွေးပျက်စွာ ပြန်လာသည်။ ဖုန်းလောင်၏ အမူအရာကို မြင်ပြီး သခင်လေး ယွိချီ အံ့ဩသွားပြီး တွေဝေသော မျက်နှာဖြင့် မေးလိုက်သည်။
“မစ္စတာဖုန်း ခင်ဗျား …”
တစ်ဖက်လူမျာ သူ့အဖေ၏ သီးသန့် သက်တော်စောင့်ဖြစ်ပြီး ယွိချီတောင်မှ သူ့ကို တလေးတစား ဆက်ဆံရသည်။
ဖုန်းလောင်က ယွိချီအား မသိမသာ မကျေနပ်သော မျက်နှာဖြင့် ကြည့်လာသည်။
“မင်း … မင်း ကပ်ဆိုးတစ်ခုကို ခေါ်လာခဲ့တာပဲ”
*ဘာ*
လူတိုင်း အံ့ဩသွားသည်။
*မစ္စတာဖုန့်က ဘာကိုပြောချင်တာလဲ*
*သခင်လေး ယွိချီ ပြဿနာရှာခဲ့တာလား*
*ဒီဝမ်ရှန်းမြို့မှာ သခင်လေး ယွိချီ ပြဿနာ ရှာတော့ရော ဘာဖြစ်လဲ၊ ဘယ်သူက သူ့ကို ထိရဲမှာလဲ*
*မဟုတ်သေးဘူး၊ ဒီနယ်မြေတစ်ခုလုံးမှာ ဘယ်သူက ထိရဲလို့လဲ*
*သူ့အဖေက ဝမ်ရှန်းမြို့ရဲ့ မြို့တော်သခင်လေ၊ ဒီနယ်မြေအတွင်းက အသန်မာဆုံး သူတွေထဲက တစ်ယောက်လေ*
*ယွိချီက ဘာများလုပ်မိလို့ ဖုန်းလောင်ရဲ့ အလေးအနက် ပြောတာကို ခံရတာလဲ*
ဖုန်းလောင်၏ မျက်နှာသည် သားရဲအုပ်ကြီးကို တွေ့လိုက်ရသကဲ့သို့ ကြောက်လန့်၍ စိုးရိမ်တုန်လှုပ်စိတ်တို့ ပြည့်နေသည်ကို သူတို့ အသေအချာ မြင်နေရသည်။
“မစ္စတာဖုန်း ကျွန်တော် ဘာလုပ်မိလို့လဲ”
ယွိချီသည်လည်း ပဟေဠိဖြစ်နေသော မျက်နှာဖြင့် ကြည့်နေမိသည်။ ဘာဖြစ်ခဲ့သလဲ သူ မသိပါ။
ထိုအခါ ဖုန်းလောင်က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ကမ္ဘာငယ်တစ်ခုကို ဖန်တီးလိုက်သည်။ သူ ပြောလာသည့် စကားကို ယွိချီတစ်ဦးတည်းသာလျင် ကြားရတော့သည်။
ဖုန်းလောင် ပြောသောစကားကို ကြားလိုက်ရသောအခါ ယွိချီသည် မြေကြီးပေါ် ဗိုင်းခနဲ လဲကျသွားပြီး မျက်နှာတွင် ကြောက်စိတ်တို့ ပြည့်နှက်လာ၏။ သူ အလွန်အမင်း ကြောက်ရွံ့သွားသည်။
ထို့နောက်တွင်မူ သူ မယုံနိုင်စွာ အော်ဟစ်လိုက်သည်။
“ခင်ဗျား နောက်နေတာပဲ ဖြစ်မယ်၊ ဘယ်လိုလုပ် သူက …”
ယွိချီက ယဲ့ဖန်၏ နောက်ကြောင်းကို ထုတ်ပြောချင်သော်လည်း ဖုန်းလောင်က သူ့ကို ဖြတ်ရိုက်လာသဖြင့် သူ့ရှေ့သွား ကျွတ်ထွက်သွားကာ သွေးများ စိမ့်ထွက်လာသည်။
ယွိချီ၏ မျက်နှာတစ်ခုလုံး ရောင်ကိုင်းသွားလေသည်။
ဤမြင်ကွင်းက ဘေးပတ်လည်မှလူများကို သေမတတ် ကြောက်ရွံ့သွားစေသည်။
*ဖုန်းလောင်က ယွိချီကို တကယ် ရိုက်လိုက်တာလား*
*ဘာတွေဖြစ်ကုန်တာလဲ*
*အစေခံတစ်ယောက်က သခင်ကို တကယ် ရိုက်လိုက်တယ်ပေါ့*
ဖုန်းလောင် အလွန် စိတ်ရှုပ်ထွေး၍ ဒေါသထွက်နေသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးချေ။
*ဘာတွေဖြစ်နေတာလဲ*
ယွိချီတောင်မှ မှင်တက်သွားသည်။ ဖုန်းလောင် သူ့ကို ရိုက်သည်က ပထမဆုံးအကြိမ်ပင်။ တကယ် ဖြစ်နေသည်ဟုပင် သူ မယုံနိုင်ပါ။
သို့သော် ဤသည်ကြောင့် သူ့မျက်နှာက ပို၍ နားလည်ရခက်ဟန် ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ရပ်က ဖုန်းလောင် နောက်နေခြင်း မဟုတ်ကြောင်း ပြသနေသောကြောင့်ပင်တည်း။
ဤသည်က တကယ့် အမှန်တရားပင်။
“ပါးစပ်ပိတ်ထား၊ အရူးကောင် မင်း သူ့နောက်ခံကို ထုတ်ပြောရဲရင် ဝမ်ရှန်းတစ်မြို့လုံး စိစိညက်ညက် ကြေသွားလိမ့်မယ်”
ဖုန်းလောင်က မာန်မဲလိုက်သည်။ သူတောင်မှ ယဲ့ဖန်၏ နောက်ခံကို ထုတ်မပြောရဲပါ။
ယဲ့ဖန်က ကိုးပြည်နယ်တစ်ခုလုံးမှ အသန်မာဆုံး လူကိုးယောက်၏ ကိုယ်ပွားဖြစ်ကြောင်း ယွိချီကို သူ ပြောလိုက်ခြင်း ဖြစ်သည်။
ယွိချီက အရူးမဟုတ်သဖြင့် ဤစကား၏ အဓိပ္ပာယ်ကို သူ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
ချက်ချင်းဆိုသလိုပင် ယွိချီ သွေးပျက်လာပြီး အလျင်အမြန် ဒူးထောက်၍ ဖုန်းလောင်ရှေ့ တွားသွားလာသည်။
“ကျွန်တော့်ကို ကယ်ပါဦး ဖုန်းလောင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော် မသေချင်ဘူး”
ဧကရာဇ်ကိုးပါး၊ သူ ဧကရာဇ်ကိုးပါးကို ရန်စခဲ့မိသည်။ ထို့အပြင် ထိုသူအား ခွေးလိုကြောင်လိုဟုပင် သုံးနှုန်း ခဲ့သဖြင့် သူ သေတွင်းတူးခဲ့မိသည် မဟုတ်ပါလော။
အကယ်၍ တစ်ဖက်လူကသာ သူ့ကို သတ်ချင်လျင် အလွယ်လေးပင်။
သူ လေးစားရသည့် မြို့တော်သခင်ဖြစ်သော သူ့ဖခင်လျင်ပင် ဘဝ၌ ဧကရာဇ်ကိုးပါးမှတစ်ပါး မည်သူ့၏ အမိန့်ကိုမှ နာခံမည် မဟုတ်ဟု ဆိုခဲ့ဖူးသည်။
ထို့အပြင် တစ်ခါက သူ့ဖခင်သည် ဧကရာဇ်ကိုးပါးသည် တကယ်တမ်း၌ တစ်ယောက်တည်းဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ နည်းလမ်း၊ စိတ်နေစိတ်ထားနှင့် အပြုအမူက တစ်ထပ်တည်းနီးပါး ဖြစ်သောကြောင့် ပင်တည်း။ မသိလျင် ပုံစံခွက်ထဲက ထုတ်လာသလိုပင်။
တိုက်ဆိုင်တာသာ ဆိုပါက အတော်လေး လွန်လွန်းသွားလေပြီ။
ဤမြင်ကွင်းက နောက်လိုက်ငယ်သားများကို ပို၍ ချောက်ချားသွားစေသည်။
*ယွိချီက တကယ် ဒူးထောက်တာလား၊ သူ့လို မောက်မာပြီး မာနကြီးတဲ့လူက တကယ် ဒူးထောက်တယ်ပေါ့လေ”
*ငါတို့ အမြင်များမှားတာလား*
သူတို့ လုံးဝ တွေဝေနေကြသည်။
*အံ့ဩစရာ ကောင်းလိုက်တာ*
*မယုံနိုင်စရာပဲ*
ယွိချီ၏ မျက်နှာပေါ်မှ ထိတ်လန့်ကြောက်ရွံ့စိတ်ကို သူတို့ သေချာ မြင်နေရသည်။ သူ့အမူအရာက သူတို့ကို မသက်မသာ ဖြစ်စေသည်။
*သခင်လေး ယွိချီ ဘာဖြစ်တာလဲ*
သူတို့ အသတ်ခံရမည် ဆိုလျင်တောင်မှ အမှိုက်ကောင် ဘုရင်အဆင့်သာ ရှိသောသူနှင့် ပတ်သက်နေလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ပါ.
ယွိချီ ဤသို့ ဖြစ်နေသည်ကိုမြင်ပြီး ဖုန်းလောင် ထပ်၍ အပြစ်မတင်ရက်တော့ပေ။ သူ သက်ပြင်းချ၍သာ ပြောလိုက်သည်။
“အခု မင်းအဖေကပဲ မင်းကို ကယ်နိုင်လိမ့်မယ်၊ သူ့ကို အိုးရန်မျိုးနွယ်အတွက် လက်ဆောင် ကြီးကြီးမားမား ပြင်ခိုင်းရတာပေါ့”
ယဲ့ဖန် ယွိချီကို မုန်းနေသလား၊ မမုန်းနေသလားကိုတော့ သူ အာမမခံရဲပါ။ သို့သော် ဘေးကင်းရန် အလို့ငှာ ထိုသို့ သွားလိုက်သည်က ပိုကောင်းသည်။
ယွိချီ လေးလံစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်နှာ မည်းမှောင်သွားပြီး လူအုပ်ကြီးအား အော်ပြော လိုက်သည်။
“အိုးရန်ရှောက်ကျွင်း ဘယ်မှာလဲ၊ သောက်အိုးရန်ရှောက်ကျွင်း ဘယ်မှာလဲ”
အိုးရန်ရှောက်ကျွင်းကြောင့်သာ မဟုတ်လျင် သူ ထိုလူနှင့် ရန်ငြိုးရှိခဲ့မည် မဟုတ်ပါ။ လက်ရှိတွင် သူ အိုးရန်ရှောက်ကျွင်းအား အရေခွံခွာ၍ နုတ်နုတ်စင်းချင်နေ၏။
အိုးရန်ရှောက်ကျါင်းက အိမ်သို့ ပြန်ရောက်နေပြီး ဖြစ်သည်။ အကြောင်းမှာ သူ့အဖေအား သတင်းကောင်း ပြောရန် မစောင့်နိုင်သောကြောင့်ပင်။
“မင်း ဘာပြောလိုက်တာလဲ၊ ယဲ့ဖန် သေသွားပြီ ဟုတ်လား”
သတင်းကို ကြားသောအခါ အိုးရန်ယုသည် ဝမ်းသာသော မျက်နှာထားနှင့်အတူ ထိုင်ခုံမှ ထခုန်လေသည်။ အိုးရန်ရှောက်ကျွင်းက ခေါင်းတဆတ်ဆတ် ညိတ်သည်။
“ကျွန်တော့်မျက်လုံးနဲ့ မြင်လိုက်တာပါ၊ ဘယ်မှားနိုင်ပါ့မလဲ၊ တိဝူလုံချန်က လူခေါ်ပြီး သူတို့ကို သတ်ဖို့ ထွက်သွားတာ၊ အခုလောက်ဆို အသတ်ခံရလောက်ပြီ ထင်တယ်”
“ကောင်းတယ် သိပ်ကောင်းတယ်”
အိုးရန်ယု ဝမ်းသာအားရ လက်ခုပ်တီးနေပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အဲ့ကောင်က ပြဿနာကောင်ဆိုတာ ငါ သိနေတယ်၊ သူက အဘိုးကြီး ထောက်ခံပေးနေလို့ မာန်တက်နေတာ၊ အပြင်လူတွေက သူ့မကောင်းတဲ့အကျင့်ကို ခံနိုင်မှာ မဟုတ်ဘူး”
အိုးရန်ရှောက်ကျွင်းက အားရဝမ်းသာ ပြောလိုက်သည်။
“အဲ့ထက်တောင် ပိုသေးတယ်၊ တိဝူလုံချန်အပြင် သူက သခင်လေး ယွိချီကိုလည်း ရန်စခဲ့သေးတယ်၊ တကယ်လို့ တိဝူလုံချန်က သူ့ကို မသတ်နိုင်ရန် သခင်လေး ယွိချီလက်ထဲမှာ သူ သေလောက်တယ်”
ထိုစကားကိုကြားသော် အိုးရန်ယုကလည်း စဉ်းလဲစွာ ပြုံးလိုက်သည်။
“သခင်လေးယွိချီကတောင်မှ သူ့ကို သတ်ချင်နေတယ်ဆိုတော့ အဲ့ကောင် သေချာပေါက် သေမှာပဲ”
ချက်ချင်းဆိုသလိုပင် အိုးရန်ယုက လက်ဝှေ့ယမ်းပြလေသည်။
“သွားမယ်၊ ဒီသတင်းကို မင်းအဘိုးဆီ သွားပြောရမယ်၊ အဲ့အဘိုးကြီး ဘာပြောနိုင်ဦးမလဲ ငါ ကြည့်ချင်သေးတယ်”
သားအဖနှစ်ယောက်က အိုးရန်ကျန်းထံ ဂုဏ်ယူစွာ လျှောက်သွားကြသည်။
ထိုအချိန်တွင် အိုးရန်ကျန်းသည် အိုးရန်ချင်ရွှယ်၏ စံအိမ်အတွင်း၌ ငေးငိုင်နေသည်။ ယခုတစ်ခေါက်၌ သူသည် တံခါး၌ ရပ်နေခြင်း မဟုတ်ဘဲ ခြံဝန်းငယ်လေးထဲသို့ လျှောက်သွားသည်။
သူသည် ရေကန်ဘေး၌ ထိုင်နေပြီး လက်ထဲ၌ အရုပ်စုတ်လေးကို ကိုင်ထားပြီး အချိန်အတော်ကြာအောင် တွေးတောနေ၏။
ထိုစဉ် သူ ခြေသံများ ကြားလိုက်ရသဖြင့် အရုပ်ကို ချက်ချင်း အဝေးသို့ ပို့လိုက်သည်။ အိုးရန်ယုနှင့် သူ့သားကို တွေ့လိုက်ရသောအခါက သူ မျက်နှာသာမပေးဘဲ ပြောလိုက်သည်။
“ထွက်သွားစမ်း”
ထိုသားအဖနှစ်ယောက် သူ့ကို လာရှာလျင် ကောင်းသောကိစ္စ မဖြစ်နိုင်မှန်း သူလည်း သိသည်။
သူ့စကားကြောင့် အိုးရန်ယုသည် တစ်ခဏမျှ မှင်တက်သွားပြီးမှ လှောင်ရယ်လေသည်။
“အဖေ ကျွန်တော့်ကို နှင်မထုတ်ခင် အဖေ့ကို ပြောသင့်တာ ရှိတယ်လို့ ကျွန်တော် ထင်တယ်”
“ဘာကိစ္စလဲ”
အိုးရန်ကျန်း သုန်မှုန်နေသော မျက်နှာနှင့် မကျေမနပ် မေးလိုက်သည်။
အိုးရန်ကျန်း၏ အမူအရာကိုကြည့်ပြီး အိုးရန်ယုသည် ကျိတ်၍ ခနဲ့လိုက်သည်။
*ခဏနေရင် ခင်ဗျား တည်ငြိမ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့*
“ယဲ့ဖန် သေသွားပြီ”
အိုးရန်ရှောက်ကျွင်းက အရင်ဦးအောင် ပြောလိုက်သည်။ သူ့မျက်နှာပေါ်မှအပြုံးက ဖုံးဖိမရချေ။
“ဘာ”
အိုးရန်ကျန်း အမူအရာ ပြောင်းလဲသွားပြီး ဒေါသတကြီး ထရပ်ကာ အိုးရန်ရှောက်ကျွင်းအား စူးစိုက်ကြည့် လေသည်။
‘မင်း ဘာပြောလိုက်တာလဲ”
“အဖေ ကြားလိုက်တာ မှန်တယ်၊ အဖေ့ရဲ့ အဖိုးတန်မြေးလေး တကယ် သေသွားပြီ”
အိုးရန်ယုက လှောင်ရယ်သံဖြင့် ဆက်ပြောသည်။
“သူက တိဝူလုံချန်ကို ရန်စခဲ့တယ်လေ၊ အခု သူ အသတ်ခံလိုက်ရပြီ”
“မဖြစ်နိုင်ဘူး၊ တိဝူလုံချန်က သူ့ကို သိတောင်မသိတာ၊ ဘာလို့ သူ့ကို သတ်ရမှာလဲ”
အိုးရန်ကျန်း၏ မျက်နှာက တကယ် မည်းမှောင်နေသည်။
“ကျွန်တော့် မျက်လုံးနဲ့ မြင်လိုက်တာ မှားပါ့မလား၊ အဲ့ကောင်က မိုးကောင်းကင်ဆိုတာ ဘယ်လောက် မြင့်မားလဲ မသိဘဲ တိဝူလုံချန်ကို အာခံတာလေ၊ အဲ့ဒါကြောင့် သူ တိုက်ခိုက်ခံရပြီးတော့ အသတ်ခံလိုက်ရတာ”
အိုးရန်ရှောက်ကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။