← Chapters

သူတို့က သရဲတွေလား

Vol. 113 Ch. 1683

သူတို့က သရဲတွေလား

Vol. 113 Ch. 1683

ထိုသို့ပြောလိုက်သောအခါ အိုးရန်ကျန်း၏ မျက်လုံးတွင် ဒေါသစိတ်များ ပြည့်နှက်လာသည်။

“ဒါဆို မင်းက သူ့ကို မကူညီဘဲ သူ အသတ်ခံရတာကို ကြည့်နေခဲ့တယ်ပေါ့လေ”

အိုးရန်ရှောက်ကျွင်းက အိုးရန်ကျန်း ဤသို့ ပြောလာလိမ့်မည်ဟု ထင်ထားပြီးသားဖြစ်သဖြင့် အေးအေးလူလူ ပြန်ပြောလိုက်သည်။

“အဘိုး အဲ့တိဝူလုံချန်က ကျွန်တော်နဲ့ ခွန်အားချင်း အတူတူ နီးပါးလောက်ပဲလေ၊ ပြီးတော့ သူက သူ့အဖွဲ့ကိုပါ ခေါ်လာလိုက်သေးတာ၊ ကျွန်တော်က သူ့ပြိုင်ဘက်မှ မဟုတ်တာ၊ အဘိုး ကျွန်တော့်ကို အဲ့မှာ သေစေချင်တာတော့ မဟုတ်ဘူးမလား”

“ဟုတ်တယ် အဲ့ကောင်က မောက်မာတယ်လို့ ကျွန်မ ပြောခဲ့သားပဲ၊ ဒါတောင် အဖေက သူ့ကို ချစ်နေတုန်းပဲလား၊ သူ ရှာတဲ့ ပြဿနာကို ဘာလို့ ကျွန်မတို့က ရှောက်ကျွင်းကိုပါ ခံခိုင်းရမှာလဲ”

ယဲ့ဖန်၏ တတိယ အဒေါ် ဖြစ်သူ အိုးရန်ရှောက်ကျွင်း၏ မိခင်ကလည်း စဉ်းလဲစွာ ပြုံး၍ ပြောလာသည်။

“ပြီးတော့ သူက တိဝူလုံချန်ကိုပဲ ရန်စခဲ့တာ မဟုတ်ဘူး သခင်လေး ယွိချီကိုပါ အာခံခဲ့တာ၊ တကယ်လို့ ကျွန်တော် သူ့ဘက်မှာ ရပ်လိုက်ရင် သခင်လေး ယွိချီရဲ့ ရန်သူ ဖြစ်သွားမှာပေါ့၊ ကျွန်တော် အဲ့လောက် မမိုက်သေးဘူး”

အိုးရန်ရှောက်ကျွင်းက ရွှတ်နောက်နောက်ဟန်ဖြင့် ပြောလိုက်သည်။

အိုးရန်ကျန်း၏ မျက်နျာ မည်းမှောင်သွားသည်။ အိုးရန်ရှောက်ကျွင်း၏ စကားများကြောင့် ယဲ့ဖန် တကယ် အသတ်ခံလိုက်ရလေပြီလားဟု သူ မတွေးဘဲ မနေနိုင်အောင် ဖြစ်လာရသည်။

“အခု သူ ဘယ်မှာလဲ”

အိုးရန်ကျန်း အော်လိုက်သည်။ သူ ယဲ့ဖန်ကို သွားကယ်ရမည်။

“အဖေ အချိန်ကုန်ခံမနေပါနဲ့၊ အခုဆို သူ သေနေလောက်ပြီ၊ အဖေ အထင်လွဲခဲ့တဲ့ပုံပဲ၊ အဲ့ကောင်က အဖေ ထင်သလောက် တစ်မူထူးခြားမနေဘူး”

အိုးရန်ယုက ပျက်ရယ်ပြုလိုက်သည်။ သူ အိုးရန်ယုဆီ လာရသည့် အကြောင်းရင်းမှာ အိုးရန်ယုကို “ခင်ဗျား မှားနေပြီ၊ ခင်ဗျား အမှားကြီး မှားတယ်” ဟု ပြောချင်၍ ဖြစ်ပေ၏။

*ခင်ဗျား တန်ဖိုးထားတဲ့ကလေးက လုံးဝ တန်ဖိုးမရှိဘူး*

သို့သော် ထိုအချိန်၌ လူတစ်စုက ခြံဝန်းလေးထဲ ဖြည်းဖြည်းချင်း လှမ်းလာနေသည်ကို အိုးရန်ကျန်း တွေ့လိုက် ရသည်။

အိုးရန်ကျန်း တစ်ဒင်္ဂမျှ မှင်တက်သွားပြီးနောက် အိုးရန်ရှောက်ကျွင်းအား အေးစက်သော မျက်နှာထားနှင့် စူးစိုက်ကြည့်လိုက်သည်။

“ယဲ့ဖန် သေသွားပြီလို့ မင်း ပြောခဲ့တာ မဟုတ်လား”

“ဟုတ်တယ် သူ တိဝူလုံချန်ကြောင့် တစ်စစီ ဖြစ်သွားသည်။ အဘိုး ဘာဖြစ်နေတာလဲ”

အိုးရန်ရှောက်ကျွင်း စိတ်မရှည်စွာ ပြောလိုက်သည်။

*ဒီအဘိုးကြီး အခုထိ လက်မလျှော့သေးဘူးလား*

*သူ တော်တော် ရူးတာပဲ*

အိုးရန်ကျန်းက ရုတ်တရက် ထအော်၍ တံခါးဘက်ကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။

“သူတို့က ဘယ်သူတွေလဲ၊ သရဲတွေလား”

*ဟမ်*

အိုးရန်ယုတို့ သားအမိ သားအဖ သုံးယောက် မျက်နှာပျက်သွားပြီး တံခါးဝသို့ လှည့်ကြည့်လိုက်ကြသည်။

“ပွဲစည်နေပါလား၊ ခင်ဗျားတို့ ကျုပ်ကို ရှာနေတာလား”

ယဲ့ဖန်က ပြုံးစစနှင့် မေးလိုက်သည်။

အိုးရန်ယု၏ မျက်နှာပေါ်မှ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး အိုးရန်ရှောက်ကျွင်းအား မျက်နှာမာမာနှင့် မေးလိုက်သည်။

“သူ သေသွားပြီလို့ မင်း မပြောခဲ့ဘူးလား”

“သူက တကယ် သေသွားပြီလေ”

အိုးရန်ရှောက်ကျွင်း နားဝေတိမ်တောင် ဖြစ်နေသည်။ တိဝူလုံချန်၏ အကျင့်အရဆို ယဲ့ဖန်နှင့် စာရင်းရှင်းမည်က အသေအချာပင်။

*ဘာလို့ ဒီကောင်က ဘေးကင်းကင်းနဲ့ ပြန်လာတာလဲ*

*မဟုတ်မှလွဲရော တိဝူလုံချန် စိတ်ပြောင်းသွားတာလား*

“သတင်းပို့ပါတယ်”

ရုတ်တရက် အစေခံ လူငယ်တစ်ယောက်က ပြေးလာပြီး အိုးရန်ကျန်းရှေ့၌ ဒူးထောက်လာသည်။

“မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်၊ နတ်ဘုရားမျိုးနွယ်က တိဝူလုံချန် ဆိုးဆိုးရွားရွား သေသွားတယ်လို့ ကျွန်တော်တို့ သတင်းရလာပါတယ်”

*ဘာ*

ထိုစကားအဆုံး၌ ဘေးပတ်လည်မှ လူများအားလုံး ထိတ်လန့်သွားသည်။ လူတစ်စုသည် ချောက်ချားသွားပြီး မျက်လုံးများ ပြူးကျယ်ကုန်၏။

အားလုံး အံ့အားသင့်သော မျက်နှာထားများ ဖြစ်နေကြသည်။

*တိဝူလုံချန် သေသွားပြီလား*

*ဘယ်တုန်းက သေသွားတာလဲ*

*ဧကန္တ …*

ချက်ချင်းဆိုသလိုပင် လူတစ်စု၏ အကြည့်များက ယဲ့ဖန်ထံ ကျရောက်လာသည်။

တိဝူလုံချန်က သေချာပေါက် ယဲ့ဖန်ကို သတ်ရန် ကြိုးစားမှာပင်။ သို့သော် ရလဒ်မှာမူ ယဲ့ဖန်က အန္တရာယ် ကင်းနေပြီး တိဝူလုံချန်က ဆိုးဆိုးရွားရွား သေသွားသဖြင့် သူတို့ ယဲ့ဖန်နှင့် ပတ်သက်လိမ့်မည်ဟု သံသယ ဝင်လာ၏။

*ဒါပေမဲ့ ယဲ့ဖန်က ဘုရင်အဆင့်ပဲ ရှိတာလေ၊ နတ်ဘုရင်အဆင့် အများကြီးကို သတ်နိုင်ပါ့မလား”

အိုးရန်ကျန်းတောင်မှ ယဲ့ဖန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လာသည်။ တကယ်ပဲ သူ့မြေးက တိဝူလုံချန်ကို သတ်လိုက်လေသလော။

“လုံးဝ မဖြစ်နိုင်ဘူး၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ”

အိုးရန်ရှောက်ကျွင်းက ယဲ့ဖန်ကို စူးစိုက်ကြည့်ကာ အံကြိတ်နေ၏။ ယခင်က သူသည် သူတစ်ပါး၏ ကံဆိုးခြင်းကို ကျိတ်၍ ဝမ်းသာနေပြီး ယဲ့ဖန် သေချာပေါက် သေပြီဟု ပြောခဲ့သည်။

သို့သော် သူ နောက်လှည့်လိုက်သည်နှင့် မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို အရှက်ခွဲသွားသဖြင့် အလွန်အမင်း အရှက်ရမိသည်။

ယဲ့ဖန်က အိုးရန်ရှောက်ကျွင်းကို ပြန်ကြည့်၍ အေးအေးလူလူ ပြန်ပြောလိုက်သည်။

“သူက ငါ့ကို သတ်ချင်နေတာ၊ ဒါပေမဲ့ စီနီယာ နက်ဗျူလာက သူ့ကို ရှင်းလိုက်တာ”

*နက်ဗျူလာလား*

အိုးရန်ယုနှင့် အခြားသူများ၏ မျက်နှာများ မှုန်တုန်တုန် ဖြစ်သွားကြသည်။

*ယီးပဲ ထပ်ပြီးတော့ အဲ့မကောင်းဆိုးဝါးပဲလား*

လက်ရှိတွင် သူတို့ နက်ဗျူလာကို အရိုးထဲအထိ မုန်းတီးနေသည်ဟု ဆိုရပေမည်။ သူမသာ မဆိုင်သော ကိစ္စများကို ဝင်မရှုပ်လျင် သည်ကောင်လေး သေချာပေါက် သေသွားလောက်သည်။

သူတို့အားလုံး ယဲ့ဖန်၏ စကားကို ယုံကြည်သွားကြသည်။ အဘယ်ကြောင့်ဆိုသော ဤသို့သော စကားမျိုးက ဘုရင်အဆင့်လေးက နတ်ဘုရင်အဆင့်များကို သတ်လိုက်သည် ဆိုသော စကားထက် ပို၍ ကြောင်းကျိုး ဆီလျော်သောကြောင့် ဖြစ်ပေသည်။

အိုးရန်ကျန်းက ခနဲ့သံပေး၍ အိုးရန်ယုတို့ကို စူးစိုက်ကြည့်လေသည်။

“မင်းတို့တွေက ယဲ့ဖန် ကံဆိုးတာကို ကြည့်ပြီး ပျော်နေတဲ့ပုံပဲ ဟုတ်လား၊ မင်းတို့က ပုဂ္ဂိုလ်ရေးအရ မကျေမနပ် ဖြစ်နေတာလား”

သူတို့သည် မိသားစုတွင်း တိုက်ခိုက်ပြီး သူ့ကိုယ်ကျိုး အသာစီး ရရေးကိုသာ တွေးနေကြသည်။ သူ့သားများနှင့် မြေးများကို အိုးရန်ကျန်း အလွန် စိတ်ပျက်မိ၏။

ယဲ့ဖန် တကယ် အသတ်ခံလိုက်ရသည် ဆိုလျင်တောင်မှ အိုးရန်ယု တကယ် စိတ်အေးလက်အေး နေနိုင် ပါမည်လော။ နောင်အနာဂတ်၌ အင်အားကြီးသော ရန်သူက တိုက်ခိုက်လာလျင် လှည့်ကွက်အချို့ သုံးရုံလောက်နှင့် တားဆီးနိုင်ပါ့မလား။

အမြင်ကျဉ်းမြောင်းလာပြီး အတ္တကြီးလာသည်။

သူတို့သည် အိုးရန်ချင်ရွှယ်ထက် ပိုသာသော ယဲ့ဖန်ကို မဆိုထားနှင့် အိုးရန်ချင်ရွှယ်၏ ဆယ်ပုံတစ်ပုံကိုပင် မယှဉ်နိုင်ကြပါ။

ယဲ့ဖန်သည် အပြင်လူတစ်ယောက် ဖြစ်သော်လည်း တစ်ရက်တည်းနှင့် အိုးရန်တစ်မျိုးနွယ်လုံး သူ့အပေါ် အညံ့ခံလာအောင် လုပ်နိုင်သည်။

သူနှင့် ဆန့်ကျင်ဘက် ဖြစ်စွာပင် အိုးရန်ယုနှင့် အိုးရန်ရှန့်ဖုန်းတို့က မိသားစုတွင်း၌ နှစ်ပေါင်းများစွာ လုပ်ကိုင်နေသော်လည်း လူတိုင်း သူတို့စကားအား နာခံသည်ကို မြင်ဖူးပါသလော။

အရူးပင် တစ်ချက်ကြည့်ရုံနှင့် ဘယ်သူက နဂါးလဲ၊ တီကောင်လဲဆိုတာကို သိနိုင်ပေ၏။

အကယ်၍ အိုးရန်မျိုးနွယ်ကိုသာ သူတို့လက်ထဲ လွှဲလိုက်ပါက မျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းသွားမည်ကိုပင် စိုးရိမ်ရသည်။

အိုးရန်ကျန်း၏ မာန်မဲခြင်း ခံလိုက်ရသဖြင့် အိုးရန်ရှောက်ကျွင်းသည် အံကြိတ်၍ မကျေမနပ် ပြောလိုက်သည်။

“သူက တိဝူလုံချန်ကို သတ်လိုက်တယ် မဟုတ်လား၊ ဒါ ကျွန်တော်တို့နဲ့ နတ်ဘုရားမျိုးနွယ်ကြားမှာ တမင်သက်သက် စစ်ပွဲကို မီးမွှေးပေးလိုက်သလို ဖြစ်မသွားဘူးလား”

“အခု ကျွန်တော်တို့က ရုန်းကန်နေရတာ၊ ကျွန်တော်တို့ တကယ် ကျင့်ကြံမှုကိုပဲ အာရုံစိုက်သင့်တာလေ၊ သူက ကျွန်တော်တို့ကို ထိခိုက်အောင် လုပ်နေတာပဲ”

ယဲ့ဖန်က ရုတ်တရက် ရယ်မော၍ ပြန်ပြောလိုက်သည်။

“အဲ့တော့ တိဝူလုံချန်က ငါ့ကို သတ်သင့်တယ်လို့ မင်း ထင်ပင်မယ့် ငါက မသတ်သင့်ဘူးပေါ့လေ ဟုတ်လား”

“တိဝူလုံချန်က မင်းကို သတ်မယ်လို့မှ မပြောခဲ့တာ၊ သူ မင်းကို သင်ခန်းစာ ပေးရုံလောက်ပဲ လုပ်ချင်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်တာပဲလေ၊ ပြီးတော့ အခု မင်း ဘာမှမဖြစ်ဘူး မဟုတ်လား၊ မင်းလည်း သူ့ကို သင်ခန်းစာ ပေးရုံလောက်ပဲ လုပ်လို့ရတာပဲ၊ ဘာလို့ သူ့ကို သတ်ပြီး ငါတို့ကို ဒုက္ခရောက်အောင် လုပ်တာလဲ”

အိုးရန်ယုကလည်း မကျေမနပ် ဝင်ပြောသည်။ အတော်လေး အရှက်မဲ့လှပေသည်။

“တိဝူလုံချန်က မင်းကို သတ်မယ်လို့ မပြောခဲ့တော့ မင်း သူ့ကို သတ်လို့မရဘူး” ဟု သွယ်ဝိုက်၍ ပြောလာခြင်းပင်။

ဤနေရာမှ ရန်စကားသံများကို ကြားပြီး မျိုးနွယ်ဝင်များ တစထက်တစ်စ စုဝေးရောက်ရှိလာသည်။

အိုးရန်ရှန့်ဖုန်း၊ အိုးရန်မိန်လင်နှင့် အခြားသူများလည်း ဤခြံငယ်လေးထဲသို့ ရောက်နေသည်။ သူတို့ မိသားစုသည် ယဲ့ဖန်ကို မြင်လိုက်သည်နှင့် မျက်လုံးတွင်း၌ အမုန်းတရားများ မရပ်တန့်နိုင်အောင် ပေါ်လာပြီး ယဲ့ဖန်အား ရှစ်ပိုင်း ပိုင်းချင်နေကြသည်။

“ငါ နားလည်ပြီ၊ ငါတို့တွေက သူရဲဘောကြောင်တဲ့ ငကြောက်မျိုးနွယ်ပေါ့၊ ငါတို့တွေက နတ်ဘုရားမျိုးနွယ် လက်စားပြန်ချေမှာကို စိုးရိမ်လို့ ငြိမ်ခံနေသင့်တယ်ပေါ့၊ သူကတော့ ငါ့ကို သတ်ချင်သတ်လို့ ရပင်မယ့် ငါကတော့ သူ့ကို သတ်လို့မရဘူး ဟုတ်တယ်မလား”

ထိုစကား ထွက်လာသည်နှင့် အိုးရန်မျိုးနွယ်တိုင်း၏ မျက်နှာ မည်းမှောင်သွားသည်။ အိုးရန်ယုကို ကြည့်လိုက်သော အကြည့်၌ အထင်သေးမှုနှင့် ဒေါသတို့ ပါဝင်နေ၏။

သူတို့သည် အလွန်အမင်း မာနကြီး၍ မောက်မာသော မျိုးနွယ်ဖြစ်သည်။ အဆင့်အတန်း နိမ့်ဆင်းမသွားစေရန် သွေးချောင်းစီးရမည် ဆိုလျင်တောင်မှ ကောင်းကင်ဘုံကို စိန်ခေါ်မည့် မျိုးနွယ် ဖြစ်ပေသည်။

ဘယ်လိုလုပ် သူတို့က ကြောက်လန့်ရမည်နည်း။

ထို့အပြင် သူတို့နှင့် နတ်ဘုရားမျိုးနွယ်သည် ကမ္ဘာ့ရန်များ ဖြစ်သည်။

“မင်း…”

ထိုစကားနှင့် မျိုးနွယ်များ၏ အကြည့်များကို ကြည့်ပြီး အိုးရန်ယုသည် သူ စကားမှားသွားပြီ ဖြစ်ကြောင်း သိသွားသည်။

“အသုံးမကျတဲ့ အမှိုက်ကောင်၊ စစ်မရောက်ခင် မြားကုန်နေတာလား၊ အိုးရန်မျိုးနွယ်ရဲ့ မျက်နှာကို အိုးမည်း သုတ်တဲ့ကောင်၊ မင်းလို ငကြောက်မျိုးကို ငါ ဘယ်လိုလုပ် မွေးခဲ့မိတာလဲ”

အိုးရန်ကျန်းကလည်း ကြိမ်းမောင်းလာပြီး အိုးရန်ယုကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်နေသည်။

“အဖေ ကျွန်တော် ….”

အိုးရန်ယု သေချင်စိတ် ပေါက်သွားသည်။

*ငါ စကားလေး တစ်ခွန်းလောက် မှားပြောမိရုံပဲ မဟုတ်ဘူးလား*

“နတ်ဘုရားမျိုးနွယ်က မျိုးမစစ်ကောင်က ငါ့မြေးကို သတ်ချင်နေတာ၊ ဒါ ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ၊ မင်းက ယဲ့ဖန်ကို အဲ့ကောင်ကို မသတ်ဖို့ မျှော်လင့်ချင်နေသေးတာလား၊ ယဲ့ဖန် မသတ်ခဲ့ရင် တစ်လောကလုံးက ငါက ဘာမဟုတ်တဲ့ တိဝူချင်ရို့ကို ကြောက်တယ်လို့ ထင်မသွားနိုင်ဘူးလား၊ အိုးရန်ကျန်းဆိုတဲ့ ငါ့မျက်နှာကို ဘယ်နား သွားထားရမလဲ”

အိုးရန်ကျန်းက ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။ သူ စကားပိုပြောလေ ပိုဒေါသထွက်လာလေ ဖြစ်နေပြီး အိုးရန်ယု စိတ်လွတ်မတတ် ဖြစ်နေသည်။

အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့သည် အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး ထိုအကြည့်၌ အထင်သေးဟန်များ ပါဝင်နေ၏။

အိုးရန်ယုတို့ မိသားစုအားလုံးက ဦးနှောက်မရှိသော အရူးများပင်။ ဉာဏ်များ၍ ပရိယာယ်ကြွယ်သော ယဲ့ဖန်အား ဆွဲချရန် ကြိုးစားခြင်းက လူရယ်စရာပင်တည်း။

လက်ရှိတွင် သူတို့ အိုးရန်ကျန်းကို ဤသို့ ဒေါသထွက်အောင် ဆွလိုက်သဖြင့် နောင်တွင် သူတို့ မိသားစု မျက်နှာပန်း မလှမှာကိုပင် စိုးရသည်။

“ယဲ့ဖန် မင်း လုပ်တာ ကောင်းတယ်၊ တိဝူလုံချန်က ငါ့မျိုးနွယ်က လူတွေကို လျှို့ဝှက်ပြီး သတ်နေတာ ဘယ်နှစ်ယောက်တောင် ရှိနေပြီလဲ မသိနိုင်တော့ဘူး၊ ဒီနေ့ မင်း လုပ်လိုက်တဲ့အရာက ငါတို့အတွက် လက်စားချေတာလို့ သတ်မှတ်လို့ရတယ်”

“ဟုတ်တယ် တိဝူလုံချန်လို တော်တဲ့သူကို သတ်လိုက်တာက ငါတို့ အိုးရန်မျိုးနွယ်အတွက် နောင်ကြုံရမယ့် ခြိမ်းခြောက်မှုကို ဖြေရှင်းလိုက်တာနဲ့ အတူတူပဲ၊ သတ်တာ ကောင်းတယ်”

“တကယ်ကို တော်တဲ့သူပဲ၊ ပြန်ရောက်လာတာ နှစ်ရက်ပဲ ရှိသေးတယ် တစ်ချို့တချို့သော ငကြောက်တွေထက် အများကြီး သာနေပါလား”

ထိုစကားများကိုကြားပြီး အိုးရန်ယု၏ မျက်နှာ မည်းမှောင်လာကာ အံကို ကြိတ်ထားသည်။

သူတို့ ပြောနေသော ငကြောက်ဟူသောလူက သူမှန်း သိနေပါသည်။

အခြေအနေ မကောင်းသည်ကိုမြင်သော် အိုးရန်ရှောက်ကျွင်းက ချက်ချင်း ကြားဝင်၍ ပြောလိုက်သည်။

“သူ တိဝူလုံချန်ကို သတ်လိုက်တယ်ဆိုရင်တောင်မှ သူ သခင်လေး ယွိချီကို ရန်စတာ ဖြစ်သင့်လို့လား”

*သခင်လေး ယွိချီလား*

လူတိုင်း ပင့်သက်ရှိုက်သွားပြီး ခေါင်းပေါ်သို့ ရေအေးများ လောင်းချခံလိုက်ရသလို ခံစားလိုက်ရကာ ခေါင်းစ ခြေဆုံး သွေးမစီးဆင်းတော့ဘဲ အေးစက်သွားလေသည်။

ထိုသခင်လေး ယွိချီသည် ဝမ်ရှန်းမြို့တော်သခင်၏ သားဖြစ်သည်။ ဝမ်ရှန်းမြို့တော်သခင်သည် အိုးရန်ကျန်း တောင်မှ အစ်ကိုကြီးဟု တလေးတစား ခေါ်ရသော ပုဂ္ဂိုလ် ဖြစ်၏။

ယဲ့ဖန်က သူ့သားကို ရန်စလိုက်သည်က သူတို့အတွက် သတင်းဆိုးပင်။

တစ်ဖက်လူက လက်စားချေခြင်း၊ မချေခြင်း မဆိုထားနှင့် ဝမ်ရှန်းမြို့က သူတို့ကို ထောက်ပံ့မှုများ မပို့တော့ဘဲ ဖြတ်တောက်လိုက်လျင် သူတို့အတွက် ကံဆိုးပေတော့မည်။

သူတို့၏ ရိက္ခာ အထောက်အပံ့၊ ဆေးပင်များနှင့် အခြားသော လိုအပ်သည့် ပစ္စည်များကို ဝမ်ရှန်းမြို့မှ ဝယ်ယူရပြီး သူတို့ မိသားစုသည် ဝမ်ရှန်းမြို့တွင်း၌ လုပ်ငန်းစုများစွာ ရှိနေသည်။

အကယ်၍ ဤထောက်ပံ့မှု ဖြတ်တောက်ခံလိုက်ရလျင် သူတို့ စားသောက်နိုင်မည်ပင် မဟုတ်ချေ။

အိုးရန်ကျန်း၏ မျက်နှာသည်လည်း မှုန်မှိုင်းသွားသည်။ ဤသည်က တကယ် မကောင်းသော ကိစ္စရပ်ပင်။

ဤနယ်မြေတစ်ခွင်၌ သူ့အား မျက်နှာသာ မပေးဘဲ နေရဲသောလူကို ပြပါဆိုလျင် ဝမ်ရှန်းမြို့တော်သခင်ကို ပြရပေမည်။

“ခွေးမသား”

ထိုသို့သောအချိန်၌ အိုးရန်ရှန့်ဖုန်းကလည်း သံယောင်လိုက်၍ မာန်မဲကာ ယဲ့ဖန်အား ဒေါသတကြီး လက်ညှိုး ထိုးသည်။

“မင်း သုံးစားမရတဲ့ကောင်၊ ငါ ဆယ်နှစ်ကျော် အနိမ့်အမြင့်အတက်အကျတွေ ဖြတ်ကျော်ရင်ဆိုင်ပြီးမှ ဝမ်ရှန်း မြို့တော်သခင်ရဲ့ အနားကို ကပ်နိုင်ခွင့် ရှိတော့မှာကွ၊ ငါ သူနဲ့ စီးပွားရေး ပူးပေါင်းနိုင်တော့မလို့ကို မင်း ဝင်ဖြတ်တာ၊ မင်း ငါ့ကို ဘယ်လိုလုပ်လိုက်တာလဲ”

အခြားသော မျိုးနွယ်ဝင်များ၏ မျက်နှာများလည်း မကောင်းတော့ချေ။ တစ်ဖက်လူက ဝမ်ရှန်းမြို့တော်သခင် ဖြစ်နေသည်။

ထိုသူအား ဤနယ်မြေတစ်ဝိုက်၌ မလေးစားသူ ရှိပါသေးသလော။

ဝမ်ရှန်းမြို့တော်သခင်သည် လောက၌ ကျော်ကြားသော စီးပွားရေးသမားဟုလည်း နာမည်ကြီးသည်။

သူနှင့် မပူးပေါင်းချင်သောသူဟူ၍ မရှိချေ။ အိုးရန်ကျန်းတောင်မှ သူ့ကို အကူအညီ တောင်းရသည်။

ဝမ်ရှန်းမြို့တော်သခင်ကို ရန်စခြင်းက ရန်သူများစွာ ထားလိုက်သည်နှင့် ညီမျှသည်ဟု ဆိုရပေမည်။

အိုးရန်မျိုးနွယ်က မည်မျှ မာနကြီးပါစေ ဤနယ်တစ်ခွင်လုံးကို တစ်ပြိုင်တည်း ရင်ဆိုင်ရဲလောက်အောင် မထောင်လွှားပါ။

“ဂြိုဟ်ကောင် နင်က ဂြိုဟ်ကောင်ပဲ”

အိုးရန်ရှန့်ဖုန်း၏ မိန်းမကလည်း ယဲ့ဖန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ အလွန် အာဃာတထားသော မျက်နှာဖြင့် အော်ငေါက်လာသည်။

All Chapters