← Chapters

ခန္ဓာကိုယ် သန့်စင်ခြင်း

Vol. 113 Ch. 1684

ခန္ဓာကိုယ် သန့်စင်ခြင်း

Vol. 113 Ch. 1684

“ငါ့ယောက်ျား ရှန့်ဖုန်းက ဝမ်ရှန်းမြို့ရဲ့ စောင့်ရှောက်သူ တစ်ယောက် ဖြစ်လာတော့မှာ၊ ဒါပေမဲ့ နင်က အားလုံးကို ဖျက်ဆီးလိုက်တာပဲ”

ထိုစကားကို ကြားသော် မျိုးနွယ်ဝင်တစ်စုကလည်း သက်ပြင်းချလာသည်။

ဝမ်ရှန်းမြို့၏ စောင့်ရှောက်သူ ဖြစ်လာလျင် အရာအားလုံး ဆီနှင့်ရေလို ကွာခြားလာပေမည် ဖြစ်ပြီး သူတို့အတွက် နောင်တွင် ဝမ်ရှန်းမြို့၌ ဘာမဆို လုပ်ဆောင်ရန် အဆင်ပြေလာပေလိမ့်မည်။

နတ်ဘုရားမျိုးနွယ်သည် ဝမ်ရှန်းမြို့၏ မြို့ကို စောင့်ရှောက်သူအဖြစ် တာဝန်ယူနေသော မျိုးနွယ်တစ်ယောက် ရှိသဖြင့် သူတို့အား နေရတကာ၌ ဖိနှိပ်ခဲ့သည်။ သူတို့ အခြေအနေကို ပြောင်းလဲနိုင်လောက်သော်လည်း ယခု အားလုံး ပျက်စီးသွားလေပြီ။

သူတို့ ကြီးမားသော အခွင့်အရေးတစ်ခုကို ဆုံးရှုံးခဲ့ရလေပြီ။

အိုးရန်လင်းပင် မျက်နှာကို ငုံ့ထားမိသည်။ ယဲ့ဖန် ယခုတစ်ခေါက် ရှာသော ပြဿနာက တကယ်ပင် ကြီးမားလှသည်။

အခြားသူများစွာ ရှိပါလျက်နှင့် ဘယ်လိုလုပ် ဝမ်ရှန်းမြို့တော်သခင်၏ သားကိုမှ ရန်စရသနည်း။

အိုးရန်ရှန့်ဖုန်းသည် ဒေါသကြောင့် တုန်ယင်နေကာ အော်ဟစ်လာသည်။

“အဖေ ဒီအရူးကို ဝမ်ရှန်းမြို့ဆီ ချက်ချင်း လွှဲလိုက်ဖို့ ကျွန်တော် ပြောချင်တယ်”

*ဘာ*

ထိုစကားကို ကြားသော် အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

*ဒါ ယဲ့ဖန်ကို သတ်ခိုင်းတာနဲ့ အတူတူပဲ ဖြစ်မနေဘူးလား*

“ဒီကိစ္စက ကျွန်မတို့ မိသားစုရဲ့ အနာဂတ် တိုးတက်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်နေတယ်၊ သူ့မောက်မာပုံကြောင့် အခု ပျက်စီးသွားပြီလေ၊ သူ တာဝန်ယူ ပေးဆပ်သင့်တာပေါ့”

တတိယ အဒေါ်ကလည်း ဝင်ပြောလာသည်။ ထိုအချိန်တွင် အိုးရန်လင်းသည်လည်း အသနားခံသင့်၊ မခံသင့် တွေဝေနေ၏။

“ဝမ်းကွဲအစ်ကို ရှင် ဒီတစ်ခါတော့ တကယ် အမှားကြီး လုပ်မိတာပဲ၊ ဒါ ကျွန်မတို့ အိုးရန်မျိုးနွယ်ရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတာလေ၊ ဘယ်လိုလုပ် ဒီလို အဆင်အခြင် မဲ့ရတာလဲ၊ ဒီလိုပုံနဲ့ဆို ကျွန်မတို့ကို ရှင် ဘယ်လို အုပ်ချုပ်မှာလဲ”

အိုးရန်မိန်လင်က နောင်တရသော မျက်နှာနှင့် ပြောလာသည်။ ထိုစကားက တမင် ဆွပေးသော စကားမှန်း သိသာလှသည်။

ထိုစကားကိုကြားသော် မျိုးနွယ်ဝင်များ တစ်ယောက်ပြီး တစ်ယောက် သက်ပြင်းချလာသည်။ ယဲ့ဖန်၏ အရည်အချင်းများက ကောင်းမွန်ပါသည်။ သို့သော် သူသည် အလွန် ငယ်ရွယ်လွန်းပြီး စိတ်အား တက်သန်လွန်း၏။

ယင်းက မိသားစုအတွက် အလွယ်တကူ ပြဿနာ တက်စေနိုင်သည်။

ထိုသို့သောအချိန်၌ ယဲ့ဖန်သည် ပေါ်တင် ဖယ်ကျဉ်ခံထားရပြီး ကူကယ်ရာမဲ့နေကာ လူတစ်စု၏ တိုက်ခိုက်ခြင်း ခံနေရသည်။

တစ်ဖက်တွင်မူ အိုးရန်ယုသည်လည်း တက်ကြွနေကာ အေးစက်စွာ ခနဲ့လိုက်သည်။

“အဖေ၊ အဖေလည်း မြင်တယ်မလား၊ လူတွေရဲ့ အမြင်က စူးရှတယ်၊ ဒီကောင်က ဂြိုဟ်ကောင်ပဲ၊ ပြီးတော့ သူက နှစ်ရက်တည်းနဲ့ ကျွန်တော်တို့ကို ပြဿနာတွေ ခြင်းလိုက် သယ်လာတာ၊ ဒါတောင် အဆင်ပြေရဲ့လား”

“သူ့ကို ဝမ်ရှန်းမြို့ဆီ တန်းပြီး ပို့လိုက်သင့်တယ်၊ ဒီသတင်းကို ကြားရင် မြို့တော်သခင် ဒေါသထွက်မှာပဲ၊ ဒါကို ကျွန်တော်တို့ တောင်းပန်တဲ့ အပြုအမူလို့ သတ်မှတ်လိုက်ရင် သူ အရမ်း ဖိအားပေးမှာ မဟုတ်လောက်ဘူး”

အိုးရန်ရှောက်ကျွင်းနှင့် အခြားသူများက ခေါင်းညိတ်၍ အိုးရန်ယု၏ စကားကို ထောက်ခံကြောင်း ပြသလာသည်။

ဤသည်ကိုမြင်သော် အိုးရန်ယွင် ဒေါသထွက်သွားသည်။ ယခု ယဲ့ဖန်သည် သူမ၏ ဆရာ ဖြစ်သည်။ အထူးသဖြင့် ယဲ့ဖန်၏ နောက်ခံကို သိလိုက်ရသဖြင့် သူမစိတ်ထဲ၌ ယဲ့ဖန်ကို ပို၍ လေးစားမိသည်။

လူများစွာက သူမဆရာကို စော်ကားပုတ်ခတ်နေသည်ကိုမြင်ပြီး သူမ ဆက်၍ သည်းမခံနိုင်တော့ချေ။ ယဲ့ဖန်သာ သူမကို ထိန်းမထားပါက သူမ အကြိမ်ပေါင်းများစွာ ရှေ့ထွက်နေပြီ ဖြစ်သည်။

သူမဆရာ၏ လေးနက်သော စိတ်ကို ဤသာမန်လူများက မြင်နိုင်ပါမည်လော။

ယဲ့ဖန်၏ အမူအရာက တည်ငြိမ်နေပြီး သူတို့က ဆူဆူညံညံနှင့် သောင်းကျန်းခွင့် ပေးထားသည်။ သူ့မျက်လုံးများက ခံစားချက်ကင်းမဲ့၍ တင်စီးမြဲဖြစ်ကာ လူပြက်တစ်သိုက် သောင်းကျန်းသည်ကို ကြည့်နေသည်ဟု သဘောထားနေ၏။

“စကားများမနေနဲ့တော့”

အိုးရန်ကျန်းက ငေါက်ငမ်းလိုက်ပြီးနောက် အိုးရန်ရှန့်ဖုန်းကို သုန်မှုန်စွာ ကြည့်လိုက်သည်။

“မင်း မြို့တော်သခင်နဲ့ ဆက်သွယ်နိုင်သလား၊ သူ့ကို တောင်းပန်ဖို့ နည်းလမ်းရှာရမယ်၊ သူက လူကြီးဆိုတော့ လူငယ်တွေရဲ့ စိတ်ကို နားလည်ပြီး ခွင့်လွှတ်သင့်တယ် မဟုတ်လား”

“အဖေ နည်းလမ်းတော့ ရှိတယ်၊ ဒီကောင် လုပ်နိုင်မလားပဲ ကြည့်ရမှာ”

အိုးရန်ရှန့်ဖုန်းက မောက်မာစွာ ပြောလာသည်။

“သူ ကျွန်တော့်ကို ဒူးထောက်ပြီး တောင်းပန်သရွေ့ ကျွန်တော် သူ့ကို ကူညီဖို့ စဉ်းစားပေးမယ်”

တကယ်တမ်း၌ သူက ယဲ့ဖန်ကို စော်ကားပုတ်ခတ်ချင်လိုခြင်းသာ ဖြစ်သည်။

ယဲ့ဖန်က တကယ် ဒူးထောက်လျင်တောင်မှ သူ ဝမ်ရှန်းမြို့သို့သွား၍ အသနားခံမည် မဟုတ်ပါ။ ယဲ့ဖန်ကို သူ သေသာ သေစေချင်သည်။

*မင်း ကျော်ကြားရတာ ကြိုက်တယ်မလား၊ မင်းကိုယ်မင်း ဘုရင်လို့ ထင်နေတာ မဟုတ်လား*

*မင်း ဒူးထောက်မယ့် အချိန်ကို ငါ စောင့်နေတယ်၊ ဘယ်လောက် လူများများက မင်းနောက်လိုက်မလဲ ငါ ကြည့်ရသေးတာပေါ့”

ထိုအခါ ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးလာပြီး အထင်သေးဟန် ပေါ်လာသည်။

“ငါ့ကို ဒူးထောက်ခိုင်းတာလား၊ မင်းက ထိုက်တန်လို့လား”

လူတိုင်း အံ့ဩသွားသည်။ ယဲ့ဖန် ယခုထိ ခေါင်းမာနေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

*သူ သေမတတ် ဖြစ်နေတဲ့အချိန်မှာတောင်မှ အိုးရန်ရှန့်ဖုန်းကို အဲ့လို ပြန်ပြောရဲတာလား၊ အခု အိုးရန်ရှန့်ဖုန်းက သူ့ရဲ့ တစ်ခုတည်းသော ထောက်တိုင်လေ*

အိုးရန်ရှန့်ဖုန်း၏ မျက်နှာ သုန်မှုန်လာပြီး ဒေါသတကြီး ပြောလိုက်သည်။

“အဖေ၊ အဖေလည်း ကြားတယ်မလား၊ အခုထိ သူက အဲ့ပုံစံအတိုင်း ဖြစ်နေတုန်းပဲ၊ အဖေ့ စကား နားမထောင်နိုင်လို့ ကျွန်တော့်ကို ခွင့်လွှတ်ပါ”

“ယဲ့ဖန် အရေးမပါတာတွေ မပြောနဲ့”

အိုးရန်ကျန်းကလည်း ယဲ့ဖန်ကို ဆူလေသည်။ ပြောရမည်ဆိုလျင် ယခု အိုးရန်ရှန့်ဖုန်းကသာလျင် ယဲ့ဖန်ကို ကယ်နိုင်၏။

“ယဲ့ဖန် ဒါကို မင်း မခံနိုင်ဘူး၊ မင်း ပြဿနာ အကြီးကြီး လုပ်မိလိမ့်မယ်၊ မင်း မှားမှန်း သိသင့်နေပြီ”

အိုးရန်လင်းကလည်း ဝင်ပြောလာသည်။ မြို့တော်သခင်က ယဲ့ဖန်ကို ရှင်းရန် ကြံလာပါက အိုးရန်မျိုးနွယ်ပင် ယှဉ်တိုက်နိုင်စွမ်း ရှိမည် မဟုတ်ပါ။

“မြို့တော်သခင်လေး တစ်ယောက်ပဲကို၊ ကျုပ် တောင်းပန်ဖို့ မလိုဘူး”

ယဲ့ဖန်က အထက်စီးဖြင့် ပြောလိုက်သည်။

သူ ထိုသို့ပြောလိုက်သောအခါ မျိုးနွယ်ဝင်များ ထိတ်လန့်သွားသည်။

*ဝမ်ရှန်း မြို့တော်သခင်က သူ တောင်းပန်တာနဲ့ မထိုက်တန်တဲ့သူတဲ့လား၊ လာနောက်နေတာများလား*

*ဒီကောင်က ဝမ်ရှန်းမြို့တော်သခင်ကို စိတ်ထားကြည်ဖြူတဲ့သူလို့ ထင်နေတာလား*

*မောက်မာလွန်းတယ်*

*သူ ဘယ်လိုတွေ သတ္တိရှိနေတာလဲ*

ထိုသို့သောအချိန်၌ အိုးရန်လင်းတောင်မှ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

*မွေးကင်းစ နွားပေါက်တွေက ကျားကို မကြောက်ဘူးဆိုတာ တကယ်ပါပဲလား*

*ဒီကောင်လေးက ဝမ်ရှန်းမြို့တော်သခင် ဘယ်လောက် ကြောက်စရာကောင်းမှန်း မသိဘူးပဲ*

“ယဲ့ဖန် မင်း အရမ်း မောက်မာလွန်းနေပြီ”

အိုးရန်ကျန်းသည်လည်း မျက်နှာ မကောင်းပေ။ သူ ယဲ့ဖန်ကို ကယ်ချင်သော်လည်း သည်ကလေးက မာနကြီးလွန်းနေ၏။

ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။

“အဘိုး မစိုးရိမ်ပါနဲ့၊ ကျွန်တော် တောင်းပန်ဖို့ မလိုဘူး၊ တကယ်က ဝမ်ရှန်းမြို့တော်သခင် လာတောင်းပန်သင့်တာ”

*ဘာ*

လူတိုင်း အံ့ဩသွားပြီး နားကြားများ မှားလေသလားဟု ထင်သွားလေသည်။

*ဝမ်ရှန်းမြို့တော်သခင်က လာတောင်းပန်သင့်တာလို့ သူ တကယ် ပြောလိုက်တာလား*

*ရူးနေပြီ*

*ဒီကောင်လေး ရူးပြီး မဟုတ်တာတွေ ပြောနေတာပဲ*

*မောက်မာတယ်ဆိုတာလည်း အကန့်အသတ် ရှိသင့်တယ်လေ၊ လေပဲ ကျယ်နေတော့ ဘာလုပ်ရမှာလဲ၊ သူ သင်ခန်းစာ အပေးခံရဖို့ လိုနေပြီ*

အိုးရန်မျိုးနွယ်ဝင်များ သက်ပြင်းချမိသည်။ သူတို့ ယဲ့ဖန်အပေါ် မျှော်လင့်ချက် လွန်ကျူးစွာ ထားခဲ့မိပုံရသည်။

*လတ်စသက်တော့ သူက လေအိုးသမားတစ်ယောက် ဖြစ်နေတာကိုး*

*အရင်က သူ ပြခဲ့တဲ့ အထက်စီးဆန်တဲ့ ဟန်ပန်က မောက်မာတဲ့ပုံ သက်သက်ပဲ ဖြစ်နေတာကိုး*

*အိုးရန်ကျန်းတောင်မှ ဝမ်ရှန်းမြို့တော်သခင် ကိုယ်တိုင် တောင်းပန်စရာမလိုတဲ့သူ ဖြစ်နေတာကို ဘာလို့ ယဲ့ဖန်က တောင်းပန်တာ ခံရတဲ့သူ ဖြစ်မှာလဲ*

*ယဲ့ဖန် မောက်မာတဲ့ပုံက ကမ်းကုန်နေပြီ*

“မင်းက တကယ်ကို အဆင်အခြင် မရှိတာပဲ”

အိုးရန်ကျန်းက ယဲ့ဖန်ကို လက်ညှိုးထိုးလိုက်ပြီးနောက် အင်္ကျီလက်ကို ခါထုတ်၍ အဝေးသို့ ထွက်သွားသည်။ သူ့မျက်နှာတွင် မည်မျှ ဒေါကန်နေသလဲ သိသိသာသာ ပေါ်နေ၏။

သူ့စိတ်ထဲတွင် ယဲ့ဖန်က ကမ်းမမြင် လမ်းမမြင် မောက်မာလွန်းသည်ဟု ထင်နေသည်။

အိုးရန်ကျန်း လက်ခါ၍ ထွက်သွားသည်ကိုမြင်သော် အိုးရန်ရှန့်ဖုန်းနှင့် အခြားသူများက သူတစ်ပါး၏ ကံဆိုးမှုအပေါ် အားရဝမ်းသာ ဖြစ်နေကြသည်။

အိုးရန်ကျန်းက ယဲ့ဖန်နှင့် ပတ်သက်၍ ထပ်မပြောချင်တော့မှန်း သူတို့ သိလိုက်သည်။

ယခု ယဲ့ဖန်က လေကျယ်ရုံ သက်သက်သာ ဖြစ်ပြီး အစွမ်းအစ ထင်သလောက် မရှိမှန်း အိုးရန်ကျန်း သိသွား လောက်လေပြီ။

“ငါတို့ တစ်မိသားစုလုံး အထိနာကုန်ပြီ၊ ငါတို့က ဒီလောက် ကြီးကျယ် မြင့်မြတ်တာကို၊ တာဝန်မခံရဲတဲ့ လူတစ်ယောက်က တစ်မိသားစုလုံးကို ဦးဆောင်မှာတဲ့လား”

အိုးရန်ရှန့်ဖုန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

အိုးရန်မိန်လင်က သက်ပြင်းချ၍ ဟန်လုပ်၍ ပြောလိုက်သည်။

“ဝမ်းကွဲအစ်ကို ကျွန်မအဖေဆီမှာ ဒူးထောက်လိုက်ပါလား၊ ဘာပဲဖြစ်ဖြစ် ရှင့်ဦးလေးပဲလေ၊ ဘာမှမှ မဖြစ်သွားတာ”

“ဟားဟား …”

ယဲ့ဖန် လှောင်ရယ်၍ အိုးရန်ရှန့်ဖုန်းကို စိုက်ကြည့်လိုက်သည်။

“သူ ငါ့ရှေ့ ဒူးထောက်တောင်းပန်လာဖို့ သိပ်မလိုတော့ဘူး”

“ကောင်းပြီလေ”

အိုးရန်ရှန့်ဖုန်းက ဒေါသသံဖြင့် ရယ်၍ ယဲ့ဖန်ကို လှံဖြင့် ချိန်လာ၏။

“စောင့်နေလိုက်၊ ဝမ်ရှန်းမြို့တော်သခင် မင်းကို လာဖမ်းတဲ့အချိန်ကျရင် အရင်ဆုံး လက်ခုပ်တီးမယ့်သူက ငါပဲ”

ထိုသို့ပြောပြီးနောက် အိုးရန်ရှန့်ဖုန်းက တစ်ဖက်လှည့်၍ ထွက်သွားသည်။ အိုးရန်ယုကလည်း စဉ်းလဲစွာပြုံး၍ ပြောလိုက်သည်။

“တကယ့်ကို အမြင်ပွင့်သွားစေတာပဲ၊ မြို့တော်သခင် အိုးရန်စံအိမ်ထဲ ခြေချလာမယ့်အချိန်ကို ငါလည်း စောင့်နေတယ်၊ အဲ့အခါကျရင် မင်း တည်ငြိမ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့”

အားလုံးက ယဲ့ဖန်ကို စိတ်ပျက်ဟန်၊ ထီမထင်ဟန်နှင့် အားရကျေနပ်ဟန်တို့ဖြင့် ကြည့်ကာ အသီးသီး ထွက်ခွာ သွားကြသည်။ သူတို့ စိတ်ထဲ၌ ယဲ့ဖန် သေပြီဟု တွက်ထားကြသည်။

ဝမ်ရှန်းမြို့တော်သခင်ကို ရန်စပြီးနောက် မည်သူမှ ပြေးမလွတ်ပါ။ ယဲ့ဖန်သည်လည်း ခြွင်းချက် မဟုတ်ချေ.

အိုးရန်ရှောက်ကျွင်းနှင့် ယဲ့ဖန်အပေါ် ရန်လိုသော အခြားသူများအားလုံးက ယဲ့ဖန်ကို လှောင်ရယ်၍ ကြည့်နေကာ သူ ဘယ်လို အသတ်ခံရမလဲ တွေးနေကြသည်။

ထိုအချိန်တွင် အိုးရန်လင်းတောင်မှ မနေနိုင်ဘဲ ယဲ့ဖန်ကို လက်ညှိုးထိုးကာ ပြောလာသည်။

“မင်း သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ၊ အခုမှ ဒုတိယမြောက်နေ့ပဲ ရှိသေးတယ်လေကွာ၊ ဘာလို့ ဝမ်ရှန်း မြို့တော်သခင်ကို သွားရန်စတာလဲ၊ မင်း ဒီနယ်မြေမှာ စိတ်ရှိသလို သောင်းကျန်းလို့ ရမယ်လို့ ထင်နေတာလား”

ယဲ့ဖန်က ယဲ့ဘုရင် ဖြစ်လျင်တောင်မှ ဝမ်ရှန်းမြို့တော်သခင်နှင့် ယှဉ်လိုက်လျင် သေးနုပ်နေဆဲ ဖြစ်သည်။

“ကျွန်တော် လေကျယ်နေတယ်လို့ ထင်နေတာလား”

ယဲ့ဖန်က အိုးရန်လင်းကို အသာ ကြည့်လိုက်သည်။

“မဟုတ်ဘူး ငါက မင်း စိတ်လွတ်သွားပြီလို့ ထင်နေတာ”

အိုးရန်လင်း စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

*ဒါ အရေးမပါတဲ့ စကား မဟုတ်ဘူးလား၊ ဝမ်ရှန်းမြို့တော်သခင်က မင်းကို တောင်းပန်ဖို့ လာမယ် ဟုတ်လား၊ ဒါ လေကျယ်တာ မဟုတ်ရင် ဘာလဲ*

သူ မွေးကတည်းက ဝမ်ရှန်းမြို့တော်သခင်က ကြင်နာတတ်သောသူ ဖြစ်သည်ဟု တစ်ခါမှ မကြားဖူးချေ။

*မင်းက အမွေးတောင် မစုံသေးတဲ့ ကလေးပဲကို၊ ဘာတတ်နိုင်မှာမို့လို့လဲ*

“ဒါဆိုလည်း စောင့်ကြည့်နေလိုက်ပေါ့”

ယဲ့ဖန်ကလည်း အေးတိအေးစက် ပြော၍ နောက်သို့လှည့်ကာ အိုးရန်ယွင်ကို ခေါ်၍ အခန်းသို့ ပြန်သွားသည်။

“ဒါက ဘာတွေ ဖြစ်ကုန်တာလဲ”

အိုးရန်လင်းက အနောက်၌ ဒေါသကြောင့် စွေ့စွေ့ခုန်ကာ ကျန်ခဲ့သည်။ ယခု ကပ်ဆိုက်ခါနီးနေသော်လည်း ယဲ့ဖန်က ခေါင်းမာနေဆဲပင်။

“ထားလိုက်ပါ သူ့မှာ တကယ် ဖြေရှင်းနိုင်စွမ်း ရှိတာလဲ ဖြစ်နိုင်တာပဲလေ၊ သူ ဘယ်သူလဲ ရှင် သိနေတာပဲ၊ သူ မသေချာပဲ မဆင်မခြင် လုပ်မှာ မဟုတ်ပါဘူး”

လီဟွမ်ဟွမ်က နှစ်သိ့မ်စကား ဆိုလာသည်။ အိုးရန်လင်း သက်ပြင်းချလိုက်သည်။

“ငါလည်း အဲ့လို မျှော်လင့်တာပါပဲ”

နောက်တစ်နေ့တွင် ယဲ့ဖန်က ခြံဝန်းငယ်လေးထဲ၌ နေ၍ ကုန်းမင်၏ ခန္ဓာကိုယ်‌ လေ့ကျင့်မှုအတွက် တိတ်တဆိတ် ဆေးဖော်စပ်နေသည်။

တစ်နေကုန်သောအခါ ယဲ့ဖန်က ကုန်းမင်နှင့် အိုးရန်ယွင်ကို လှမ်းခေါ်လိုက်ပြီး သူတို့ရှေ့၌ မီးလင်းဖိုကြီး ထားထားသည်။ ၎င်းမီးလင်းဖိုထဲ၌ အစိမ်းရင့်ရင့် အရည်များနှင့် ပြည့်နေကာ အငွေ့အသက်များ ပြည့်နှက်နေ၏။

အနည်းငယ် သောက်ကြည့်လျင် စိတ်ပေါ့ပါး၍ ကြည်လင်သွားနိုင်သည်။

“ဆရာ ဒါက …”

အိုးရန်ယွင်သည် ဗဟုသုတ ကြွယ်ဝသဖြင့် တစ်ချက်ကြည့်ရုံဖြင့် ဤဆေးများက သာမန်မဟုတ်မှန်း ပြောနိုင်သည်။

“သက်စောင့်ဆေးလေ”

ယဲ့ဖန် တည်ငြိမ်စွာ ပြောလိုက်သည်။ အိုးရန်ယွင် တုန်လှုပ်သွားသည်။ ယဲ့ဖန်က သက်စောင့်ဆေးအား အသာလေး ဖော်စပ်နိုင်သည်တဲ့လား။

အိုးရန်မျိုးနွယ်တစ်ခုလုံး ခေတ်အဆက်ဆက် စုဆောင်းခဲ့သော သက်စောင့်ဆေးက လက်ဆယ်ချောင်းပင် မပြည့်ချေ။

ယဲ့ဖန်က သက်စောင့်ဆေးကို အလွယ်တကူ ဖော်စပ်နိုင်နေ၏။

*ငါ့ဆရာက တကယ့်ကို သာမန် နတ်ဆိုး မဟုတ်ဘူးပဲ*

“အနံ့ နည်းနည်းရှူရုံ၊ နည်းနည်းလောက် သောက်ကြည့်ရုံနဲ့ အသက်ကို နှစ်သုံးထောင် ရှည်စေတယ်၊ အသက်ရှင်နေရင် ဆက်ရှင်နေပြီးတော့ သေသွားရင် ပြန်ရှင်လာလိမ့်မယ်”

“အဲ့လောက် မှော်ဆန်တာလား”

အိုးရန်ယွင် အံ့ဩသောမျက်နှာနှင့် မှင်တက်နေ၏။

“အထဲဝင်”

ယဲ့ဖန်က ပြုံး၍ ကုန်းမင်ကို တွန်းလိုက်သည်။

ကုန်းမင်က အဝတ်အစားကို တန်းချွတ်လိုက်သည်။ သို့သော် တစ်ဝက်မျှ ချွတ်ပြီးနောက် သူ့ဘေး၌ အိုးရန်ယွင် ရှိနေသည်ကို သတိရသွားကာ ယဲ့ဖန်ကို ငို၍ ပြောလေသည်။

“ဆရာ သူ ကျွန်တော့်ကို ခိုးကြည့်နေတယ်”

*ဘာ*

အိုးရန်ယွင် ဒေါကန်လေတော့သည်။

*ဒီမေမေကြီးက အသက် ခြောက်ရာကျော်ပြီဟဲ့၊ ငါ မမြင်ဖူးတာ ရှိမယ် ထင်နေလား၊ နင့်လို သေးသေး ကွေးကွေးလေးကို ငါက ဘာလို့ အရေးစိုက်ရမှာလဲ*

ယဲ့ဖန် ရယ်မိပြီးမှ အိုးရန်ယွင်ကို ပြောလိုက်သည်။

“မင်း ဟိုဘက်လှည့်နေလေ”

“ဒီလိုလူမျိုး ရှားမှရှားပဲ”

အိုးရန်ယွင် ခပ်တိုးတိုး ပြောသော်လည်း တစ်ဖက်သို့ လှည့်လိုက်လေသည်။

All Chapters