← Chapters

သူတော်စင် အငွေ့အသက်

Vol. 113 Ch. 1685

သူတော်စင် အငွေ့အသက်

Vol. 113 Ch. 1685

ကုန်းမင် အဝတ်အစားချွတ်ပြီး မီးလင်းဖိုထဲ ဝင်လိုက်သည်။ ထို့နောက် သူက သက်တောင့်သက်သာ ညည်းညူလိုက်သည်။

“ဆရာ၊ ဒီထဲမှာ အရမ်း နေလို့ကောင်းတယ်ဗျ”

ယဲ့ဖန် ရယ်လိုက်ပြီး ထောင့်နားမှ ကျားဖြူကို တစ်ချက်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

ချုံးချီက သမ်းဝေ၍ အင်တင်တင်ဖြင့် လျှောက်လာသည်။ ထို့နောက် သူ့ကျားလက်သည်းကို ကိုက်၍ သွေးစက်ကို မီးလင်းဖိုထဲ ထည့်လိုက်သည်။

ထိုအခါ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

အစိမ်းရောင် သန်းနေသော ရေက ချက်ချင်း နီရဲလာပြီး ပွက်ပွက်ဆူလာ၏။

“ပူတယ် ပူတယ်ဗျ”

ကုန်းမင်က နာကျင်စွာ ညည်း၍ အထပ်ထပ် အော်ဟစ်လေသည်။

*ဘယ်လိုလုပ်*

အိုးရန်ယွင်သည်လည်း မှင်တက်သွားသည်။

*ခုနလေးတင် သိမ်မွေ့နေတဲ့ ဆေးရည်က ဘယ်လိုလုပ် ချက်ချင်း ဒီလို ဖြစ်သွားတာလဲ*

မွှေးပျံ့သော အနံ့သည်လည်း ပျောက်ကွယ်ထားသည်။ ထိုအစား ညှီစို့စို့ သွေးနံ့သာ လှိုင်လှိုင်ထ၍ ထွက်ပေါ် လာ၏။

အငွေ့အသက်သည်လည်း မသိမ်မွေ့တော့ဘဲ ပြင်းထန်ကြမ်းကြုတ်လာကာ မသိလျင် မုန်ယိုနေသော သားရဲတစ်ကောင် အော်ဟစ်နေသည်ဟုပင် ထင်မှတ်ရသည်။

ချုံးချီ၏ သွေးက နောက်ဆုံးသော ဆေးအမယ် ဖြစ်သည်။

“တောင့်ထား”

ယဲ့ဖန် အေးစက်စွာ ပြောလိုက်သည်။ သူ့မျက်နှာက အေးစက်၍ ခံစားချက် ကင်းမဲ့နေ၏။ ကုန်းမင်၏ ကလေးမျက်နှာလေးက အလွန်အမင်း ရှုံ့တွနေသည်။

သူ နာကျင်နေ၏။ သူ့ခန္ဓာကိုယ်အား ဓားပေါင်း တစ်သောင်းဖြင့် ထိုးစိုက်နေသည်ဟု ခံစားနေရကာ နာကျင်မှုက ပြောမပြတတ်လောင်အောင် ဆိုးရွားလှသည်။

သူ့တစ်ကိုယ်လုံး မီးပင်လယ်ထဲ ကျရောက်နေသကဲ့သို့ အဆက်မပြတ် ပူလောင်နေ၏။

“အား … အား … အား”

စူးရှနာကျင်စွာ အော်ဟစ်နေသော အော်သံက ပတ်ဝန်းကျင်အနှံ့ ကြာမြင့်စွာ ပဲ့တင်ထပ်နေသည်။

အိုးရန်ယွင် ချောက်ချားသွားသည်။ ဤမျှ ဆိုးရွားသော အော်သံကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ဤကလေး၏ အော်သံက စာဝါငှက်တစ်ကောင် အော်နေသလိုပင်။

“ဆရာ ကျွန်တော် မခံနိုင်တော့ဘူး”

ကုန်းမင် အော်ငိုလေတော့သည်။ သူ့အသံက သိသိသာသာ တုန်နေပြီး ခန္ဓာကိုယ်က စုတ်ပြဲစ ပြုလာသည်။

ဆေး၏ အကျိုးသက်ရောက်မှုက ပြင်းထန်လွန်းသဖြင့် သူကဲ့သို့သော ကလေးတစ်ယောက်က လုံးဝ မခံနိုင်ချေ။ တစ်ကိုယ်လုံး အရှင်လတ်လတ် စုတ်ဖြဲခံနေရသလိုပင်။

“မင်း မခံနိုင်လည်း တောင့်ခံထားမှကို ရမယ်”

ယဲ့ဖန်က မသိကျိုးကျွန်ပြု၍ အညှာအတာမဲ့စွာ ပြောလိုက်သည်။

ဤအဖြစ်က အိုးရန်ယွင်ကိုတောင်မှ ယဲ့ဖန်သည် အလွန် ရက်စက်လွန်းပြီး တပည့်ဖြစ်သူ၏ အသက်ကိုပင် အရေးမစိုက်ဟုပင် ခံစားမိစေသည်။

နောက်ထပ် ငါးမိနစ် ကြာသောအခါ ကုန်းမင် သတိလစ်ကာ သေလုမျောပါး ဖြစ်သွားသည်။

အိုးရန်ယွင်က ယဲ့ဖန်ကို အသည်းအသန် အော်ပြောလိုက်သည်။

“ဆရာ စီနီယာအစ်ကို ထပ်ပြီး တောင့်မခံနိုင်တော့ပါဘူး၊ ဒီလိုသာ ဆက်သွားနေရင် သူ သေရပါလိမ့်မယ်”

“ကုန်းမင်”

ထိုအခိုက်တွင် ယဲ့ဖန် ထည်ဝါမှုအပြည့်ဖြင့် ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။ ကုန်းမင် လန့်နိုးသွားသည်။

“အသိကပ်ထားစမ်း၊ မင်း အသိကပ်မထားရင် နောင်အနာဂတ်မျာ အောင်မြင်နိုင်မှာ မဟုတ်ဘူး၊ အခု ငါ မင်းကို မကူညီနိုင်ဘူး၊ မင်းကိုယ်မင်းပဲ အားကိုးရမှာ”

ယဲ့ဖန် အလေးအနက် ပြောလိုက်သည်။

“ဒါ အရမ်း နာတယ်၊ ဒီတပည့် တကယ် နာပါတယ်”

ကုန်းမင်က နှာတရှုံ့ရှုံ့နှင့် အော်ဟစ်နေပြီး ပါးပေါ်သို့ မျက်ရည်များ စီးကျလာသည်။ လက်ရှိတွင် သူ၏ နာကျင်မှုက ကြောက်စရာ ကောင်းလှသည်။ သို့

သော် သူ တောင့်ခံထားသည်။ သူ မီးလင်းဖိုထဲမှ မထွက်လိုက်ပါ။ သူ ယခုအထိ ကြိုးစားထားသမျှ လက်မလျှော့နိုင်ပါ။ သူ့ဆရာ စိတ်ပျက်သွားအောင် လုပ်၍ မဖြစ်ပေ။

အိုးရန်ယွင်၏ မျက်နှာတွင် စိုးရိမ်သော အမူအရာ ပေါ်နေသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ ကုန်းမင်၏ ပုံစံက သေသည်ထက် ပိုဆိုးသော ပုံစံ ဖြစ်နေသည်ကို သူမလည်း မြင်နေရသောကြောင့်ပင်။

ထို့နောက် သူမ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။ သို့သော် ကုန်းမင်၏ နာကျင်ဟန်ကို မသိကျိုးကျွန် ပြုထားသည့် ယဲ့ဖန်၏ ခံစားချက် ကင်းမဲ့သော အမူအရာကိုသာ မြင်တွေ့လိုက်ရသည်။

အိုးရန်ယွင် သက်ပြင်းချလိုက်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

ထိုသို့သောအချိန်၌ စာဖတ်ခန်းထဲ၌ ရှိနေသော အိုးရန်ကျန်းသည် ဆေးနံ့တစ်မျိုးက သူ့နှာဝတွင်းသို့ ဝင်ရောက်လာသည်ကို သတိထားမိသွားသည်။

“သက်စောင့်ဆေးလား”

အိုးရန်ကျန်း ထိတ်လန့်သွားသည်။ တစ်စုံတစ်ယောက်က သူတို့ အိုးရန်မျိုးနွယ်တွင်း၌ သက်စောင့်ဆေးကို ဖော်စပ်နေသည်တဲ့လား။

ဆေးရနံ့နှင့် ရော၍ ပါလာသော ပြင်းထန်သည့် စွမ်းအင်တစ်ခုကိုလည်း သူ ခံစားမိသည်။

ဆေးရည်ကို ဖော်စပ်နိုင်သော လူများသည် တစ်မူထူးခြားသောသူများပင်။ ထိုဆေးရည်က ပြင်းထန်၍ သာမန် မဟုတ်ချေ။

အိုးရန်ကျန်း အခန်းထဲမှ အပြေးထွက်လာသည်။ ဤနေရာ၌ ဆေးဖော်စပ်နေသူက မည်သူ ဖြစ်နေပါစေ၊ ထိုသူက သာမန်လူတော့ မဟုတ်နိုင်ပါ။ ထိုသို့သောလူနှင့် မိတ်ဆွေ ဖြစ်ထားသင့်၏။

အိုးရန်ကျန်း ပြေးထွက်လာသည်နှင့် အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ကိုပါ တွေ့လိုက်ရသည်။ သူတို့သည်လည်း ပြင်းထန်သော ဆေး၏ စွမ်းအင်ကို ရှုရှိုက်မိကြသည်။

“အဖေ”

အိုးရန်ကျန်း လက်ကာပြလိုက်သည်။

“ရောက်လာတဲ့သူက ဘယ်သူပဲ ဖြစ်နေပါစေ သာမန်တော့ မဟုတ်ဘူး”

ထိုသို့သောအချိန်၌ နဂါးသဏ္ဌာန် မြူခိုးတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်လာပြီး ရွှေရောင်အလင်းများ ဖြာထွက်လာသည်။

ထိုသို့သော ချီစွမ်းအင်က သူတို့အားလုံးကို အံ့အားသင့်သွားစေ၏။

“ဒါက … သူတော်စင်အဆင့်က ဆေးဖော်စပ်နေတာ မဟုတ်လား”

အိုးရန်ရှန့်ဖုန်းက မရေရာသော အမူအရာဖြင့် ရေရွတ်လိုက်သည်။

“ဟုတ်ကိုဟုတ်လိမ့်မယ်၊ ကောင်းကင်က ပုံစံကို ကြည့်လေ၊ ဒါ သူတော်စင်အဆင့်ရဲ့ ပုံစံပဲ”

အိုးရန်ယု တအံ့တဩ ပြောလိုက်သည်.

“ငါတို့စံအိမ်ထဲမှာ တကယ်ပဲ သူတော်စင်အဆင့်တစ်ယောက်က ဆေးဖော်စပ်နေတာလား၊ ဘာတွေ ဖြစ်နေတာလဲ”

လက်ရှိအချိန်၌ ညီအစ်ကိုနှစ်ယောက်က အိုးရန်ကျန်းကို ပြိုင်တူ ကြည့်လာကြသည်။ နှစ်ယောက်လုံးက ထိုပုဂ္ဂိုလ်သည် အိုးရန်ကျန်း၏ မိတ်ဆွေဟု ထင်နေကြ၏။

“တစ်ချက် သွားကြည့်တာပေါ့”

အိုးရန်ကျန်းကိုယ်တိုင်လည်း ပဟေဠိ ဖြစ်နေပြီး နဂါးပုံသဏ္ဌာန် ထွက်ပေါ်နေရာဘက်သို့ အပြေးသွားလိုက်သည်။

ထိုအချိန်တွင် အိုးရန်ယွင်သည် မီးလင်းဖိုထဲမှ သွေးရောင်က တဖြည်းဖြည်း အရောင်မှိန်လာသည်ကို သတိထားမိ သွားသည်။ မူလက ရှိသော အစိမ်းရောင်သည်လည်း ပျောက်ကွယ်သွားပြီး ရေသဖွယ် ကြည်လင်လာ၏။

*စုပ်ယူသွားတာပဲ*

ဆေးအာနိသင်အားလုံးကို ကုန်းမင် စုပ်ယူလိုက်ပြီဖြစ်ကြောင်း အိုးရန်ယွင် ရိပ်စားမိသွားသည်။

ထိုအခိုက်၌ ကုန်းမင်သည်လည်း အကန့်အသတ်သို့ ရောက်နေသည်။ သူ့နှုတ်ခမ်းက ဖြူကာ မျက်နှာ ပြာနှမ်းနေပြီး မီးလင်းဖို၏ အစွမ်းဘက်သို့ ခွေယိုင်၍ လဲကျလာသည်။

ယဲ့ဖန်က သူ့ကို လက်တစ်ဖက်ဖြင့် ဖမ်းထိန်းလိုက်ပြီးနောက် တဘက်ဖြင့် သူ့ကိုယ်ကို လွှမ်းလိုက်သည်။ အိုးရန်ယွင်က သူ့အားသို့ အလျင်အမြန် ကပ်လာပြီး စိုးရိမ်တကြီး မေးသည်။

“ဆရာ သူ အဆင်ပြေရဲ့လား”

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။

“အဆင်ပြေတယ်၊ သူ ကျော်ဖြတ်နိုင်သွားပြီ”

“ဒါဆို သူ့ခန္ဓာကိုယ်က သန့်စင်ပြီးသွားပြီလား”

အိုးရန်ယွင် သိချင်စိတ်ဖြင့် မေးလိုက်သည်။ ယဲ့ဖန်က ဘာမှမပြောဘဲ သဘက်အနားစကိုသာ မပြသည်။

ထိုအခါ ကုန်းမင်၏ ခန္ဓာကိုယ်က သလင်းကျောက်သဖွယ် ကြည်လင်နေပြီး ကြွက်သားတွင်း၌ အရှိန်အဝါတစ်ခု ရှိနေပြီး အရေပြား စုတ်ပြဲကာ ပွင့်ထွက်ခဲ့သည့် နေရာတိုင်းက ဒဏ်ရာ ပြန်ကျက်နေသည်။

တစ်ကိုယ်လုံး အဖြူရောင် ကျောက်စိမ်းပိုင်းအလား ထင်မှတ်ရ၏။

“ဒါက …”

အိုးရန်ယွင် တစ်ခဏမျှ မှင်တက်သွားသည်။ ကုန်းမင်ထံမှ ပြောမပြတတ်သော အငွေ့အသက်တစ်ခု ထွက်ပေါ် နေသည်ကို သူမ ခံစားမိနေသည်။

ထိုအငွေ့အသက်က တစ်ခဏမျှ ရေသေအလား တည်ငြိမ်နေသော်လည်း ပေါက်ကွဲလာလျင် မုန်တိုင်းထန်သော လှိုင်းလုံးအလား ကြီးမားပြင်းထန်လောက်သည်။ အလွန် ထူးဆန်းဖွယ် ကောင်းလှသည်။

သူ့ခန္ဓာကိုယ်မှ ချီစွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်နေ၏။

“အံ့ဩဖို့ကောင်းလိုက်တာ”

အိုးရန်ယွင်က အားကျသော မျက်နှာနှင့် ပြောလိုက်သည်။ ကုန်းမင်၏ ခန္ဓာကိုယ်က ယခု သူမထံမှ လက်သီးချက်ကိုပင် ခုခံနိုင်လောက်သည်ဟု တွေးမိနေသည်။

ယဲ့ဖန်ကလည်း သူမ၏ စိတ်လှုပ်ရှား အားကျဟန်ကို သတိထားမိသဖြင့် ပြုံး၍ ပြောလိုက်သည်။

“အသင့်ပြင်ထား၊ မနက်ဖြန် မင်းကို ခန္ဓာကိုယ် သန့်စင်မယ်”

ထိုစကားကိုကြားသော် အိုးရန်ယွင် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ဒူးထောက်လိုက်၏။

“ကျေးဇူးတင်ပါတယ် ဆရာ”

ထိုစဉ် ယဲ့ဖန်က အိုးရန်ကျန်းနှင့် အခြားသူများ ချဉ်းကပ်လာသည်ကို သတိထားမိပြီး မျက်မှောင်ကြုတ်သွားကာ အိုးရန်ယွင်ကို ပြောလိုက်သည်။

“မင်းမောင်ကို အရင် သယ်သွားလိုက်”

အိုးရန်ယွင်က ကုန်းမင်ကို ချီ၍ အခန်းထဲ ဝင်သွားသည်။ ထို့နောက်တွင်မူ ယဲ့ဖန်က ဝှေ့ယမ်းလိုက်သဖြင့် မီးလင်းဖိုက အစအနမရှိ ပျောက်ကွယ်သွားလေသည်။

သိပ်မကြာခင်မှာပင် အိုးရန်ကျန်းနှင့် အခြားသူများ ရောက်လာသည်။ ယဲ့ဖန်ကို တွေ့လိုက်ရသောအခါ သူတို့အားလုံး အံ့အားသင့်သွားကြသည်။

အိုးရန်ကျန်း တန်း၍မေးလိုက်သည်။

“ယဲ့ဖန် မင်း ဒီမှာ စီနီယာတစ်ယောက် ဆေးဖော်စပ်နေတာကို မြင်လိုက်လား”

“ဟင့်အင်း ဒီမှာ ကျွန်တော် တစ်ယောက်ပဲ ရှိတာ”

ယဲ့ဖန်က ခပ်သွက်သွက် ခေါင်းခါပြလိုက်သည်။

“မဖြစ်နိုင်ဘူး၊ အရှိန်အဝါက ဒီက လာတာပါ၊ ဒီမှာပဲ ရှိသင့်တာ”

အိုးရန်ကျန်းက မယုံသင်္ကာ မျက်နှာထားနှင့်အတူ ခေါင်းကုတ်နေ၏။ သူ့မျက်လုံးက ဘေးဘီကို မပြတ် ဝေ့ကြည့်နေသော်လည်း ဘာသဲလွန်စမှ မတွေ့ချေ။

“အဲ့သူတော်စင်အဆင့်က ဒီနားက ဖြတ်သွားတာလဲ ဖြစ်နိုင်တာပဲ၊ ကျွန်တော်တို့ လာတာ ခြေတစ်လှမ်း နောက်ကျသွားတယ်”

အိုးရန်ရှန့်ဖုန်း သက်ပြင်းချလိုက်သည်။

“ချီးပဲ ငါတို့သာ ခြေတစ်လှမ်းလောက် စောခဲ့ရင် ငါတို့ သူနဲ့ မိတ်ဆွေ ဖွဲ့နိုင်လောက်တယ်”

အိုးရန်ယုသည်လည်း စိတ်ပျက်နေ၏။ အစောပိုင်းက ဆေးရည်က တစ်မူထူးခြားကြောင်း သူတို့အားလုံး ခံစားမိသည်။ ထို့ကြောင့် ထိုဆေးကို ဖော်စပ်သူအား ပေါ့ပေါ့တန်တန် သဘောထား၍ မဖြစ်ချေ။

အိုးရန်ကျန်းက လက်လျှော့ခြင်း မရှိသေးဘဲ ကောင်းကင်ကိုမော့ကြည့်၍ အော်ပြောလိုက်သည်။

“ဘယ်အင်မော်တယ်မိသားစုက တာအိုသခင်များ ရောက်လာတာလဲလို့ ကျုပ် မေးခွင့်ရှိမလား၊ ခင်ဗျား လူလုံးထွက်ပြနိုင်မလား”

ဤအသံက မိုးခြိမ်းသံကဲ့သို့ မိုင်တစ်ရာလောက်အထိ ပျံ့နှံ့သွားသည်။ သို့သော် မည်သူမှ ပြန်မဖြေပေ။

ထိုစဉ် အိုးရန်ရှန့်ဖုန်းက ယဲ့ဖန်ကို စိုက်ကြည့်လာ၏။

“မင်း သူ့ကို တကယ် မမြင်ဘူးလား”

သူ့အကြည့်က ထိုးဖောက်ကြည့်တော့မတတ် စူးရှနေသည်။

“ဒါပေါ့ ကျုပ်သာ မြင်ခဲ့ရင် ကျုပ် သူ့ကို အမိအရ ဆွဲထားမှာပေါ့”

ယဲ့ဖန် ကြက်သီးထနေသည်။ အဘိုးကြီးများက အိုမင်းသော်လည် ဉာဏ်ကောင်းလွန်းလှသည်။ သူ ပြီးပြည့်စုံစွာ လုပ်ဆောင်ထားပြီးသော်လည်း အိုးရန်ကျန်းက ယခုအထိ မယုံသင်္ကာ ဖြစ်နေဆဲပင်။

အိုးရန်ကျန်း သက်ပြင်းချလိုက်သည်။

“ထားလိုက်တော့ လွဲသွားတယ်ဆိုရင်လည်း လွဲသွားတာပေါ့၊ အတင်း ဖိအားပေးမနေနဲ့”

သို့သော် အိုးရန်ကျန်းက ဤအခွင့်အရေးကို လက်မလွှတ်ချင်သဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်၍ အေးတိအေးစက် ပြောလိုက်သည်။

“အဲ့သူတော်စင်အဆင့်က မင်း ရန်စခဲ့လို့ မင်းကို ပြန်လာရှာတာတော့ မဟုတ်ဘူးမလား”

ထိုစကားကိုကြားသော် အားလုံးက ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်လာကြသည်။

ယဲ့ဖန်က ပြုံးရုံသာပြုံး၍ ပြန်ပြောလိုက်သည်။

“ခင်ဗျား အရမ်း အတွေးလွန်နေပြီ”

“အဲ့လိုပဲဖြစ်ဖို့ မျှော်လင့်ပါတယ်”

အိုးရန်ရှန့်ဖုန်းက ခနဲ့သံပြု၍ တစ်ဖက်သို့လှည့်ကာ ထွက်သွားသည်။

“ဝမ်းကွဲအစ်ကို ဒီရက်ပိုင်းအတွင်း အဘိုးရဲ့ မွေးနေ့ပွဲ ရှိတယ်၊ ရှင် လက်ဆောင် ကြိုပြင်ထားသင့်တယ်”

အိုးရန်မိန်လင်က ရည်ရွယ်ချက်ရှိစွာ ပြောလာ၏။

“အဲ့အချိန်ကျရင် ငါတို့အိမ်က ပစ္စည်းကို ငှားပြီး အရှက်မရှိ မျက်နှာလုပ်ဖို့ စဉ်းစားမနေနဲ့”

အိုးရန်ရှောက်ကျွင်းကလည်း သံယောင်လိုက်၍ လိုက်ပြောသည်။ ယဲ့ဖန်က ကောင်းမွန်သော ပစ္စည်းတစ်ခုခု မပေးနိုင်မှန်း သူတို့အားလုံး သိနေကြသည်။

ယဲ့ဖန်၏ မျက်နှာက ခံစားချက် ကင်းမဲ့နေပြီး ဘာအမူအရာမှ မပြသချေ။

အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့က သူတို့၏ စကားက ဘာမှဖြစ်မသွားစေသဖြင့် နှာမှုတ်သံပြုကာ အသီးသီး ထွက်သွားလေသည်။

သူတော်စင်အဆင့်နှင့် မိတ်ဆွေမဖြစ်နိုင်တော့မှန်း သိပြီးနောက် ကျန်လူများကလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။

အိုးရန်ကျန်း တစ်ယောက်တည်း ကျန်ခဲ့သောအချိန်တွင်မှ ယဲ့ဖန်ကို စကားစလာ၏။

“မင်း ပြဿနာတစ်ခုခု ကြုံရင် ဒီအဘိုးကို ပြောဖို့ သတိရဦး”

“ကျွန်တော် သိပါတယ် အဘိုး”

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။

“သူတို့ရဲ့ မဟုတ်တမ်းတရားတွေကို နားထောင်မနေနဲ့၊ လက်ဆောင် ပေးတာ မပေးတာက အရေးမကြီးဘူး၊ မင်း အိမ်ကို ပြန်လာနိုင်တာကတင် ဒီအဘိုးအတွက် အကောင်းဆုံး လက်ဆောင်ပဲ”

အိုးရန်ကျန်းက ယဲ့ဖန်ကို ပခုံးပုတ်လိုက်သည်။ ယဲ့ဖန် ပြုံး၍ ခေါင်းညိတ်လေသည်။

ငါးရက်ကြာသော် အိုးရန်ကျန်း၏ မွေးနေ့သို့ ရောက်လာ၏။

အဖွဲ့များစွာမှ လူများ တစ်ယောက်ပြီးတစ်ယောက် အိုးရန်မျိုးနွယ်ထံ ရောက်လာကြသည်။

“ဟင်းလင်းပြင် လျှောက်လှမ်းသူ၊ ဒါ အပြင်နယ်မြေက သိုင်းပညာရှင်ပဲ၊ အစောပိုင်းနှစ်တွေတုန်းက သူက ငါတို့ မိသားစုခေါင်းဆောင်နဲ့ အတူတူ ခရီးဆန့်ခဲ့တာ၊ သူ့ကို ညီအစ်ကိုလို သတ်မှတ်ထားတာပဲ”

ထိုအချိန်တွင် သူတို့က မြင့်မြတ်ထည်ဝါသော လူများအား တလေးတစား ကြိုဆို နှုတ်ဆက်နေကြလေသည်။

“ဧကရာဇ် ရှင်းယွဲ့၊ သူကလည်း ငါ့အဖေရဲ့ မိတ်ဆွေကောင်းပဲ၊ သူ့အရည်အချင်းက ပြောမပြတတ်လောင်အောင် ကောင်းမွန်တာ”

အိုးရန်ရှန့်ဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

မွေးနေ့ပွဲသို့ ဖိတ်ကြားခံထားရသည့် တစ်မူထူးခြားသော နောက်ခံများနှင့် ပုဂ္ဂိုလ်များ တစ်ယောက်ပြီး တစ်ယောက် စံအိမ်ထဲ ရောက်လာနေ၏။

ထိုအချိန်တွင် ယဲ့ဖန်လည်း ရောက်လာသည်။ ယဲ့ဖန်ကိုမြင်သော် အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ မျက်နှာ မည်းမှောင်သွားသည်။

ထို့နောက် အိုးရန်ရှန့်ဖုန်းက ယဲ့ဖန်ရှေ့သို့ ချက်ချင်း ပိတ်ရပ်လေသည်။

“မင်း ဒီကို ဘာလာလုပ်တာလဲ”

“ကျွန်တော် အဘိုးရဲ့ မွေးနေ့ပွဲကို တက်ဖို့လာတာ”

“ဟီးဟီး မင်းကိုယ်မင်း အရည်အချင်း ရှိတယ် ထင်နေလား၊ ဒီနေ့ လာတဲ့လူတိုင်းက အဆင့်အတန်း ရှိတဲ့ လူတွေကြီးပဲ၊ မင်း မြင့်မြတ်တဲ့ ဧည့်သည်တော်တစ်ယောက်ကို ဝင်တိုက်မိရင် ဘယ်လိုလုပ်မလဲ”

အိုးရန်ရှန့်ဖုန်းက အညှာအတာမဲ့စွာ ပြောလိုက်သည်။

“ဟုတ်တယ် မင်း ပြဿနာ ရှာလို့ မဝသေးဘူးလား”

အိုးရန်ယုကလည်း အထင်သေးသော အပြုံးဖြင့် အနောက်မှ လိုက်ပြောလာသည်။

ထိုသို့သောအချိန်၌ အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ကလည်း အတူတူ လျှောက်လာပြီး ယဲ့ဖန်အား အထင်အမြင် သေးသော အကြည့်ဖြင့် ကြည့်လာလေ၏။

All Chapters