အခန်း (၄၀၉-၄၁၀)
Vol. 41 Ch. 409-410
အခန်း ၄၀၉: သခင် ဂရုစိုက်ပါ
လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းသည် ယခုအချိန်၌ အပျက်အစီးတစ်ခုနယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
လူတစ်စုသည် အပျက်အစီးများကြားမှ ဖြတ်သန်းသွားနေကြသည်။
ဤလူများမှာ ကျုံးချင်နှင့် သူ၏အပေါင်းအဖော်များပင်။
လောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ချိတ်ပိတ်ထားသော အလင်းတန်းများကို အဝေးတွင် မြင်တွေ့နိုင်သည်။
ဝင်္ကပါတစ်ခုလုံးသည် အလွန်အမင်းမြန်ဆန်သော အမြန်နှုန်းဖြင့် လည်ပတ်နေပြီး ထိုအရာ၏အလုပ်လုပ်ပုံကို သိမြင်ရန် သို့မဟုတ် ထွက်ပေါက်တစ်ခု ရှာဖွေရန်အတွက် မဖြစ်နိုင်အောင် လုပ်ဆောင်ထားပေ၏။
ဝင်္ကပါ၏နံဘေးပတ်လည်တွင်မူ မည်သူမျှ မရှိချေ။
သိသာထင်ရှားသည်မှာ ဤနေရာတွင် တပ်စွဲထားသော ဖုန်းယွီဂိုဏ်း၏တပည့်များအားလုံး ထွက်ပြေးသွားခဲ့ခြင်းပင်။
ဤအဆုံးမဲ့ ဆန်းကြယ်အလင်းဝင်္ကပါသည် သာမန်ထက် သာလွန်ထူးကဲပေ၏။
ထိုအရာသည် တိုက်ခိုက်မှုနှင့်ကာကွယ်မှု နှစ်ခုလုံးကို ပေါင်းစပ်ထားသည်။
ဆိုလိုသည်မှာ အာဏာရှင်များနှင့် ခေါင်းဆောင်အများအပြားတွင် ကန့်သတ်ဝင်္ကပါကို အသက်သွင်းရန် အခွင့်အာဏာသာရှိပြီး သတ်ဖြတ်ရေးဝင်္ကပါကို အသက်သွင်းရန် အခွင့်အာဏာမှာ မဟာအာဏာရှင် ထံတွင်သာ ရှိနေခြင်းပင်။
ထိုသို့မဟုတ်ပါက သူတို့တွင် သတ်ဖြတ်ရေး ဝင်္ကပါကို အသက်သွင်းရန် အခွင့်အာဏာ ရှိခဲ့လျှင် ယခင် တိုက်ပွဲသည် ဤမျှထိ လွယ်လင့်တကူ ပြီးဆုံးသွားမည် မဟုတ်ချေ။
သူတို့ ဤမျှထိ လွယ်လွယ်ကူကူ ထွက်ပြေးနိုင်ခဲ့မည်လည်း မဟုတ်ပေ။
သေချာသည်မှာ ဤအခြေအနေတွင် ထိုလုပ်ငန်းစဉ်သည် အရေးမကြီးတော့ချေ။
ကျုံးချင်သည် ဝင်္ကပါ၏အစွန်းသို့ ရောက်ရှိလာပြီး သူ၏ ကောင်းကင်ဘုံ မျက်လုံးကို အသက်သွင်းကာ အဆုံးမဲ့ ဆန်းကြယ်အလင်းဝင်္ကပါကို စတင်၍ စစ်ဆေးလိုက်သည်။
အကယ်၍ သူ တစ်ယောက်တည်း ထွက်သွားချင်ပါက သူ၏ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ပြုလုပ်နိုင်ပေ၏။
အကယ်၍ သူ လူသုံးယောက် သို့မဟုတ် ငါးယောက် ခေါ်သွားမည်ဆိုလျှင်လည်း လွယ်ကူပေလိမ့်မည်။
သို့သော် ဤနေရာတွင် လူပေါင်းသောင်းနှင့်ချီ၍ ရှိနေသည်။
ဤလူများအားလုံးကို ပို့ဆောင်ရန် သူ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားမနေနိုင်ချေ၊ ထိုအရာမှာ အလွန်ပြဿနာ များလွန်းလှသည်။
ကျုံးချင်ထံတွင် ဝင်္ကပါခံနိုင်ရည်စွမ်း ရှိပေ၏။
တစ်ချိန်တည်းမှာပင် သူသည် လှည့်စားမှုများ အားလုံးကို ဖောက်ထွင်းမြင်နိုင်သော ကောင်းကင်ဘုံ မျက်လုံးကိုလည်း ပိုင်ဆိုင်ထားသည်။
ထိုနှစ်ခု၏ပေါင်းစပ်မှုမှာ သူသည် ဝင်္ကပါများကို လျစ်လျူရှုရုံမျှမက ထို့ထက်ပို၍ လုပ်ဆောင်နိုင်သည်ဟု ဆိုလိုခြင်းပင်။
ထိုအရာက သူ့ကို ထူးခြားသည့် တခြားစွမ်းရည်တစ်ခုကိုလည်း ပေးစွမ်းထားသည်။
ဤသည်မှာ ဝင်္ကပါများကို ဖျက်ဆီးခြင်းပင်။
သူ၏ ဝင်္ကပါဖျက်ဆီးခြင်း စွမ်းရည်သည် လောကကြီးတွင် ပြိုင်ဘက်ကင်း မဟုတ်လျှင်ပင် သေချာပေါက် နီးစပ်နေသည်။
ကျုံးချင် သူ၏ကောင်းကင်ဘုံမျက်လုံးကို အသက်သွင်းလိုက်သည့် အချိန်အခိုက်အတန့်တွင် နက်နဲသိမ်မွေ့ပုံရသော အဆုံးမဲ့ ဆန်းကြယ်အလင်း ဝင်္ကပါ၏ လှည်ပတ်မှု လမ်းကြောင်းသည် သူ့အတွက် ရှင်းလင်းပြီး မြင်သာလာသည်။
ထိုမျှသာမက ဝင်္ကပါတွင် စုစုပေါင်းဝင်္ကပါအခြေခံလမ်းကြောင်း ရှစ်ခုရှိကြောင်းကိုလည်း သူ မြင်တွေ့နိုင်ခဲ့ပေ၏။
ဝင်္ကပါအခြေခံများသည် ဝင်္ကပါတစ်ခု၏ လည်ပတ်မှု အခြေခံအုတ်မြစ်ပင်။
ဝင်္ကပါအခြေခံများ ဖျက်ဆီးခံရသရွေ့ ဝင်္ကပါတစ်ခုလုံးသည် တိုက်ခိုက်ခံရခြင်းမရှိဘဲ ပြိုလဲပျက်စီးသွားပေလိမ့်မည်။
ကျုံးချင်က လှုပ်ရှားလိုက်သည်။ သူသည် ပထမဆုံး ဝင်္ကပါအခြေခံ၏ရှေ့သို့ ရောက်ရှိလာသည်။ ထိုအရာမှာ ကြယ်တာရာ ကောင်းကင်ယံ ရှေးဟောင်းရွှေတုံး တစ်တုံးပင်။
ကြယ်တာရာ ကောင်းကင်ယံ ရှေးဟောင်းရွှေသည် ရွှေများအနက် အကောင်းဆုံးဖြစ်ပြီး အလွန်အမင်း အရည်အသွေး မြင့်မားပေ၏။
ထိုအရာသည် လက်နက်သန့်စင်ခြင်းအတွက် အဖိုးတန်သော ပစ္စည်းတစ်ခုပင်။
ထိုရွှေတုံးအပေါ်တွင် ဝင်္ကပါအခြေခံ၏ စွမ်းအားကို ရေးထွင်းထားသည်။
ဖမ်းဆုပ်မှုတစ်ချက်တည်းဖြင့် ကျုံးချင်သည် ကြယ်တာရာ ကောင်းကင်ယံ ရှေးဟောင်းရွှေတုံး တစ်တုံးလုံးကို သူ၏လက်ဖြင့် ယူဆောင်လိုက်၏။
ဤအချိန်တွင် ဝင်္ကပါတစ်ခုလုံး၏ အခြေခံ ထောင့်တစ်နေရာမှာ တိုက်ရိုက်ကျိုးပျက်သွားတော့သည်။
သူ မရပ်တန့်ဘဲ ဒုတိယ ဝင်္ကပါအခြေခံထံသို့ တိုက်ရိုက်သွားလိုက်သည်။
ဤအရာမှာ လေဟာနယ် ကျောက်တုံးတစ်တုံးပင်။
လေဟာနယ်ကျောက်တုံးသည် လေဟာနယ်စွမ်းအား ပါဝင်သော ဝင်္ကပါများကို ခင်းကျင်းရန်အတွက် အဖိုးတန်ဆုံးပစ္စည်းပင်။
ထိုအရာသည် မယုံနိုင်လောက်အောင်ရှားပါးပြီး လူအမြောက်အများက လိုချင်တပ်မက်ကြသည်။
အလယ်ပိုင်းဒေသတွင် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းပင်လျှင် လေဟာနယ်ကျောက်တုံးတစ်ကျပ်သားကို ဝယ်ယူ၍ မရနိုင်ဟူသော ဆိုရိုးစကားတစ်ခု ရှိနေပေ၏။
ဤအချက်က ဤကျောက်တုံး မည်မျှထိ အဖိုးတန်ကြောင်း ပြသနေသည်။
ထို့ပြင် ဤလေဟာနယ် ကျောက်တုံးမှာ ဂျင်အနည်းငယ် အလေးချိန်ရှိနေသည်။
ကျုံးချင်သည် လေဟာနယ်ကျောက်တုံးကို နောက်တစ်ကြိမ် ထုတ်ယူလိုက်၏။
ဝင်္ကပါအခြေခံတိုင်းတွင် အလွန်အမင်း အဖိုးတန်သော ရတနာပစ္စည်းတစ်ခုစီ ရှိနေခဲ့သည်။
ကျုံးချင်သည် ယခင်အတိုင်း ဆက်လက်လှုပ်ရှားကာ ထိုအရာများအားလုံးကို ယူဆောင်လိုက်သည်။
တိုက်ပွဲ၏ အောင်ပွဲရပစ္စည်းများအဖြစ် ထိုအရာများကို သူ၏ကမ္ဘာငယ်လေးထဲတွင် ထားရှိလိုက်၏။
အဋ္ဌမမြောက် ဝင်္ကပါအခြေခံကို ကျုံးချင် ဖျက်ဆီးလိုက်သည် ဝင်္ကပါတစ်ခုလုံးသည် လေထဲရှိ နန်းတော်တစ်ခုအလား ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ပြိုလဲပျက်စီးသွားသည်။
ဤမြင်ကွင်းက မရေမတွက်နိုင်သော ကြည့်ရှုနေသူများကို နက်ရှိုင်းစွာ ထိတ်လန့်တုန်လှုပ်သွားစေပြီး ဆွံ့အသွားစေသည်။
သူတို့ မည်သည့်အရာကို မြင်တွေ့လိုက်ရသနည်း။
ကျုံးချင်သည် ဝင်္ကပါအတွင်း၌ ခေါက်တုံ့ခေါက်ပြန် အကြိမ်အနည်းငယ် ပြေးလွှားသွားသည်ကို သူတို့ မြင်တွေ့လိုက်ရပြီးနောက် ဝင်္ကပါတစ်ခုလုံး တိုက်ရိုက် ကျိုးပျက်သွားခဲ့ခြင်းပင်။
"ဝင်္ကပါတွေကို ဖျက်ဆီးတာက ဘယ်အချိန်ကစပြီး ဒီလောက်ထိ လွယ်ကူသွားတာလဲ..."
တစ်စုံတစ်ယောက်က တံတွေးကို ခက်ခဲစွာ မြိုချရင်း အလွန်အမင်း တုန်လှုပ်စွာဖြင့် ပြောဆိုလိုက်၏။
ဤလုပ်ငန်းစဥ်သည် အလွန်တိုတောင်းလွန်းပြီး စုစုပေါင်း နာရီဝက်ပင် မကြာခဲ့ချေ။
ထိုအရာက သူတို့လည်း လုပ်နိုင်သည်ဟူသော စိတ်ကူးယဉ်အတွေးကိုပင် ပေးစွမ်းခဲ့သည်။
ကျုံးချင်မှ ဝင်္ကပါကို ဖျက်ဆီးသည်အား ကြည့်နေရခြင်းမှာ သူတို့အတွက် မျက်စိပဿဒဖြစ်ဖွယ်ရာတစ်ခုပင်။
ထို့ပြင် ဤမှတ်ချက်က တခြားသူများထံမှ လှောင်ပြောင်မှုနှင့်သရော်မှု အများအပြားကို လျှင်မြန်စွာ ဆွဲဆောင်သွားသည်။
"လွယ်ကူတယ်လား..."
"မင်း သွားပြီး ချိုးဖျက်ကြည့်ပါလား..."
"စောစောက ဒီဝင်္ကပါကို ဖျက်ဆီးဖို့ ငါတိုရဲ့စွမ်းအားတွေကို စုပေါင်းပြီး ကြိုးစားခဲ့ကြတယ်..."
"ယန်သုံးပါးနယ်ပယ် အစွမ်းထက်ကျင့်ကြံသူ ဆယ့်ခုနစ်ယောက်က သူတို့ရဲ့ စွမ်းအားတွေကို ပေါင်းစပ်ပြီးတော့ အချိန်အကြာကြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပေမဲ့ ဒီမဟာဝင်္ကပါကြီးရဲ့ အစွန်းတွေကိုတောင် မချိုးဖျက်နိုင်ခဲ့ဘူး..."
"ဒီမဟာသခင်က ဒီဝင်္ကပါကို အချိန်တိုအတွင်းမှာ ချိုးဖျက်နိုင်ခဲ့တယ်ဆိုတဲ့ အချက်က ကိစ္စတစ်ခုတည်းကို သက်သေပြနေတယ်..."
"အဲဒါက ဝင်္ကပါတွေအပေါ် သူရဲ့ နားလည်မှုက ရိုးရှင်းမှုကို ပြန်လည်ရောက်ရှိခြင်း အခြေအနေကို ရောက်ရှိနေပြီးတော့ တာအိုကို ထိတွေ့လုနီးပါး ဖြစ်နေပြီဆိုတာပဲ..."
"ဒီမဟာသခင် လှုပ်ရှားပေးခဲ့လို့ မင်း ကျေးဇူးတင်သင့်တယ်..."
"မဟုတ်ရင် မင်း သေတဲ့အထိ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းကနေ ခြေတစ်လှမ်းတောင် ထွက်ခွာနိုင်မှာ မဟုတ်ဘူး..."
လူများအားလုံးအနက် လျှူယွင်သည် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် မယုံကြည်နိုင်ဆုံးလူ ဖြစ်နေပေ၏။
သူမ၏အတိတ်ဘဝတွင် သူမသည် အထွတ်အထိပ် သို့ ရောက်ရှိခဲ့သောကြောင့် ဤဝင်္ကပါ၏ ထိတ်လန့်ဖွယ်ကောင်းမှုကို တခြားမည်သူ့ထက်မဆို သူမ ပို၍သိရှိထားသည်။
ဝင်္ကပါတာအိုတွင် သူမသည် အတော်အသင့် ပြီးမြောက်အောင်မြင်မှုရှိသည်ဟု သူမကိုယ်သူမ ယူဆထားသည်။
သို့သော် သူမ၏ လက်ရှိစွမ်းအားဖြင့် ဤဝင်္ကပါ ကို လုံးလုံးလျားလျား ချိုးဖျက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
ဝင်္ကပါ၏ထောင့်တစ်နေရာကို ချိုးဖျက်ရန်ပင် ဝင်္ကပါ အပြည့်အဝ အသက်ဝင်နေချိန်ဖြစ်ပါက သူမ လဝက်ခန့် အားစိုက်ထုတ်ရန် လိုအပ်ပေလိမ့်မည်။
ဤမဟာဝင်္ကပါကြီး၏ ထိတ်လန့်ဖွယ်ကောင်းပုံကို သူမ နားလည်ထားသောကြောင့် နာရီဝက်အတွင်း ကျုံးချင်က ဝင်္ကပါကို လုံးလုံးလျားလျား ချိုးဖျက်လိုက်ခြင်းက သူမအတွက် ပို၍ပင် မယုံနိုင်စရာ ဖြစ်နေသည်။
သူမ၏အမြင်အရ ဤအရာမှာ လူသားများအနက် မည်သူတစ်ဦးတစ်ယောက်မျှ မစွမ်းဆောင်နိုင်သော လုပ်ရပ်တစ်ခုပင်။
ဝင်္ကပါတာအိုတွင် အထွတ်အထိပ်သို့ ရောက်ရှိပြီဟု ချီးကျူးခံရသော ဝင်္ကပါ မဟာသခင်တစ်ဦး ပင်လျှင် ဤဝင်္ကပါကို ဤမျှထိ အချိန်တိုအတွင်း၌ မည်သို့မျှ ချိုးဖျက်နိုင်မည် မဟုတ်ချေ။
"သူ ဘယ်လို လုပ်လိုက်တာလဲ..."
လျှူယွင် မဇဝေဇဝါ ဖြစ်နေပြီး သူမ၏စိတ်နှလုံးသားထဲတွင် ကြီးမားသော လှိုင်းဂယက်များ ဖြစ်ပေါ်လာပေ၏။
အစောပိုင်းက ကျုံးချင် ဝင်္ကပါကို မည်သို့ ချိုးဖျက်မည်အား သူမ တွေးတောနေခဲ့သည်။
ကျုံးချင် ဝင်္ကပါကို ချိုးဖျက်ပြီးနောက် သူမ၏ ဇဝေဇဝါဖြစ်မှုမှာ လျော့ပါးမသွားရုံသာမက ပို၍ပင် အားကောင်းလာသည်။
ကျုံးချင်သည် သူမ၏မျက်လုံးများတွင် လျှို့ဝှက်ဆန်းကြယ်သော ဖုံးကွယ်မှုတစ်ခုဖြင့် အလိုအလျောက် နောက်တစ်ကြိမ် ဖုံးလွှမ်းသွားသည်။
လျှူယွင်သည် အချက်တစ်ချက်ကို နားလည်သဘောပေါက်သွားပေ၏။
ကျုံးချင်နှင့်သူမ အပြန်အလှန် ပို၍ဆက်ဆံလေလေ ဤအမျိုးသားကို သူမ နားလည်ရန် ခက်ခဲလေလေ ပင်။
ယခုအချိန်၌ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းသည် ကျုံးချင်၏ လုံးလုံးလျားလျား အသုံးချခြင်းကို ခံလိုက်ရပြီး နောက်ဆုံး ကျန်ရှိနေသော အစိတ်အပိုင်း အနည်းငယ်ပင်လျှင် ဖျက်ဆီးခံလိုက်ရလေပြီ။
မဟာဝင်္ကပါကြီး လုံးလုံးလျားလျား ကျိုးပျက်သွားသည်နှင့်...
ကျုံးချင်က လူများအားလုံးကိုကြည့်ပြီး ပြောဆိုလိုက်၏။
"အခု ဝင်္ကပါ ကျိုးပျက်သွားပြီဆိုတော့ မင်းတို့ အားလုံး လွတ်လပ်သွားပြီ..."
"မကြာခင်မှာ ဖုန်းယွီဂိုဏ်းက လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းက အပြောင်းအလဲတွေအကြောင်းကို သိသွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်..."
"မင်းတို့အားလုံး အသက်ရှင်ဖို့ မြန်မြန် ထွက်ပြေးကြတော့..."
သောင်းနှင့်ချီသော သတ္တုတွင်းကျွန်များသည် မည်သည့် အင်အားစုအတွက်မဆို လျှော့တွက်၍ မရနိုင်သော စွမ်းအားတစ်ရပ်ပင်။
အကယ်၍ သူသည် ဤအခိုက်အတန့်တွင် သူတို့ကို သိမ်းသွင်းမည်ဆိုပါက အနည်းဆုံး လူသူထက်ဝက်ခန့်ကို သူ၏လက်အောက်သို့ ခေါ်ဆောင်နိုင်မည်အား ကျုံးချင် သံသယ မရှိခဲ့ချေ။
သို့သော် သူ ထိုသို့ပြုလုပ်ရန် မလိုအပ်ပေ။
ဤခရီးစဉ်အတွက် သူ၏ရည်မှန်းချက်မှာ အောင်မြင်သွားခဲ့လေ၏။
သူ့အတွက် တပည့်များ လက်ခံခြင်းမှာ ထိပ်တန်း ဦးစားပေးပင်။
အင်အားစုတစ်ခုကို ဖွဲ့စည်းရန်အတွက် သူ၏စွမ်းအားများကို ဖြုန်းတီးနေရန် မလိုအပ်ချေ။
ကျုံးချင်၏စကားများ အဆုံးသတ်သွားသည်နှင့်...
လူအများအပြားသည် ဝမ်းသာမျက်ရည်များ ကျလာပြီး လေကို လောဘတကြီးဖြင့် ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။
ထိုအရာမှာ လွတ်လပ်မှု၏ အရသာပင်။
ဤဘဝတွင် လွတ်လပ်မှုသည် သူတို့အတွက် လက်လှမ်းမမီနိုင်တော့ဟု လူအများအပြားက မူလက ထင်မှတ်ထားခဲ့ကြသည်။
ပျော်ရွှင်မှုက ဤမျှထိ လျှင်မြန်စွာ ရောက်လာလိမ့်မည်ဟု မည်သူမျှ တွေးထင်မထားခဲ့ကြချေ။
"မဟာသခင်ရဲ့ ကျေးဇူးကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."
တစ်စုံတစ်ယောက်က ဒူးထောက်ကာ ကျုံးချင်အား သုံးကြိမ်တိုင်တိုင် ဦးညွှတ်အရိုအသေပြုလိုက်၏။
"ကျွန်တော်တို့က အဆင့်အတန်း နိမ့်ကျသူတွေပါ... ကျွန်တော်တို့ရဲ့ ဒီထွက်ခွာမှုက မြစ်ဝါမြစ်ထဲကို ရွှံ့တွေ ဝင်သွားသလိုပဲဆိုတော့ ဖုန်းယွီဂိုဏ်းက ကျွန်တော်တို့ အပေါ် သိပ်ပြီး အားစိုက်ထုတ်မှာ မဟုတ်ဘူး..."
"ဒါပေမဲ့ မဟာသခင်က ကျွန်တော်တို့နဲ့ မတူဘူး..."
"မဟာသခင်ရဲ့ တောက်ပမှုက နေနဲ့လရဲ့ အလင်းရောင်လိုပဲ.."
"ဒီတစ်ကြိမ်မှာ သခင်က ကြီးမားတဲ့ ဆူပူအုံကြွမှုကြီး ကို ဖြစ်ပေါ်စေခဲ့တယ်..."
"မဟာသခင်က ဖုန်းယွီဂိုဏ်းရဲ့ လက်စားချေမှု အတွက် အဓိက ပစ်မှတ် ဖြစ်လာလိမ့်မယ်လို့ ယူဆရတယ်..."
"ဒီခွဲခွာမှုမှာ ကျွန်တော်တို့ ဘယ်တော့မှ ပြန်တွေ့ရမလဲ မသိနိုင်ပေမဲ့ မဟာသခင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါစေလို့ မျှော်လင့်ပါတယ်..."
ဤစကားများကို ပြောဆိုလိုက်သည်နှင့် ထိုအရာကအဆက်မပြတ်တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
လူအုပ်ကြီးက ကျုံးချင်၏ရှေ့တွင် ဒူးထောက်လိုက်ကြ၏။
"မဟာသခင် ကောင်းကောင်းဂရုစိုက်နိုင်ပါစေ..."
လူချို့လူများက နှုတ်ဆက်စကား ပြောကာ အသက်ရှင်သန်နိုင်ရန်အတွက် အလျှင်အမြန် ထွက်ပြေးသွားသည်။
တခြားသူများကမူ ကျုံးချင်၏နောက်သို့ လိုက်ကာ သူ့ကို သခင်အဖြစ်အစေခံလိုကြောင်း တောင်းဆိုခဲ့ကြသော်လည်း သူက သူတို့အားလုံးကို ငြင်းပယ်ခဲ့သည်။
မကြာမီ သောင်းနှင့်ချီသော သတ္တုတွင်းကျွန်များသည် ထွက်ပြေးသွားခဲ့ပြီး ကျုံးချင်၊ ချီလင်၊ ရှောင်ကာနှင့် ရင်းနှီးသော သိဟောင်းကျွမ်းဟောင်းအနည်းငယ်သာ ကျန်ရစ်ခဲ့တော့သည်။
အခန်း ၄၁၀: ဟာသ တစ်ခု
နေဝင်သွားသည်နှင့်အမျှ မိုးကုတ်စက်ဝိုင်းသည် မီးကဲ့သို့ လောင်ကျွမ်းနေပြီး သွေးအလား နီရဲနေသည်။
ညနေခင်း လေညှင်းလေးတစ်ချက် တိုက်ခတ်လာပြီးနောက် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များကို ကွေးညွှတ်သွားစေပေ၏။
ဝူကျောက်တို့ညီအစ်ကိုသုံးဦးက ကျုံးချင်ကို ကြည့်လိုက်ကြသည်။
"သခင်... ကျွန်တော်တို့ ညီအစ်ကိုသုံးယောက် ထွက်သွားရမယ့်အချိန် ရောက်ပြီ..."
"သခင်က အရမ်းအစွမ်းထက်တယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်... ဒါပေမဲ့ ဖုန်းယွီဂိုဏ်းက ဖရိုဖရဲနယ်မြေကို မရေမတွက်နိုင်တဲ့ နှစ်တွေကြာအောင် လွှမ်းမိုးထားခဲ့တာပါ... အဲ့ဒီဂိုဏ်းရဲ့ အင်အားကလည်း အရမ်းအားကောင်းတယ်..."
"လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းက ဖုန်းယွီဂိုဏ်းတစ်ခုလုံးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ..."
"ဖုန်းယွီဂိုဏ်းရဲ့ လုပ်ဆောင်ပုံတွေအရ သူတို့က လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းဖြစ်ရပ်ကို အဆုံးထိ သေချာပေါက် စုံစမ်းစစ်ဆေးပါလိမ့်မယ်..."
"သခင့်အကြောင်း သဲလွန်စ ရသွားတာနဲ့ သူတို့က သေချာပေါက် အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး..."
"ဒါကြောင့် အခုကစပြီး ဂရုစိုက်ပါ..."
"သိုသိုသိပ်သိပ် နေဖို့ ကြိုးစားပါ..."
ဝူကျောက်သည် စကားပြောဆိုနေစဉ် သူက တည်ကြည်လေးနက်သော အမူအရာဖြင့် အကြံပြုလိုက်၏။
"ကျေးဇူးပါပဲ...ငါ့ သတိထားပါ့မယ်..."
ကျုံးချင်က ခေါင်းညိတ်လိုက်သည်။
ကျုံးယင်သည် မိုးကုတ်စက်ဝိုင်းရှိ မီးကဲ့သို့ နီရဲနေသော တိမ်တိုက်များကို တစ်ချက်ကြည့်ပြီး ပြောဆိုသည်။
"ဒီခွဲခွာမှုပြီးရင် ကျွန်တော်တို့ ဘယ်တော့မှ ပြန်တွေ့ရမလဲ မသိဘူး... အနာဂတ်မှာ သခင်နဲ့ အရက်သောက်ရင်းစကားပြောဆိုဖို့ အခွင့်အရေး ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
ကျုံးချင်က အပြုံးနှင့် တုံ့ပြန်လိုက်၏။
"အဲဒီနေ့ ရောက်လာမှာပါ... လမ်းခရီးမှာ ဂရုစိုက်ပါ..."
"သခင်လည်း ဂရုစိုက်ပါ..."
သူတို့သုံးဦးသည် နေဝင်ဆည်းဆာအောက်တွင် လျှောက်လှမ်းကာ ထွက်ခွာသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်သို့ ခုန်တက်သွားကာ မကြာမီ လောကကြီး၏အဆုံးသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ဤအခိုက်အတန့်တွင် ရှန်ဖေးသည် ကျုံးချင်ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်၏။
"အစ်ကိုကျုံး... ဒီခရီးစဉ်မှာ ခင်ဗျားကို တွေ့ရတာ ကျွန်တော် အရမ်းပျော်တယ်... အစက ကျွန်တော်တို့ နဂါးတံခါးကို အတူတူ ဖြတ်ကျော်နိုင်ရင် အလယ်ပိုင်းဒေသကို အပေါင်းအဖော်တွေအနေနဲ့ စွန့်စားသွားလာနိုင်မယ်လို့ တွေးထင်ထားခဲ့တယ်..."
"ဒါပေမဲ့ အခု ကြည့်ရတာတော့ အဲဒါက ဖြစ်လာမှာ မဟုတ်တော့ဘူး..."
"ခင်ဗျားနဲ့ ကျွန်တော်က အဆုံးမှာတော့ မတူညီတဲ့ လောကနှစ်ခုက လူတွေပဲ... ခင်ဗျားက အရမ်းအစွမ်းထက်ပြီးတော့ အရင်းအမြစ်တွေ ပေါများတယ်... အနာဂတ်မှာ ခင်ဗျားက အလယ်ပိုင်းဒေသ တစ်ခုလုံးမှာတောင် နာမည်ကြီးလာနိုင်တယ်..."
"ကျွန်တော် သွားတော့မယ်... တစ်နေ့နေ့ကျရင် ခင်ဗျားရဲ့ နာမည်ကို တခြားတစ်နေရာရာမှာ ကျွန်တော် ကြားရကောင်း ကြားရနိုင်တယ်..."
ရှန်ဖေးက သူ၏လက်ကို ဝှေ့ယမ်းကာ ကျုံးချင်အား နှုတ်ဆက်လိုက်သည်။
ကျုံးချင်က မေးလိုက်သည်။
"ညီအစ်ကိုရှန်... မင်းက ဘယ်သွားမလို့လဲ..."
ရှန်ဖေးက အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။
"လောကကြီးက ကျယ်ပြန့်တယ်... ကျွန်တော် ရောက်တဲ့ နေရာတိုင်းမှာ ကျွန်တော့်ရဲ့ အိမ်ကို ဖန်တီးမှာပါ..."
"ကျွန်တော်က အစကတော့ နဂါးတံခါးကို ဖြတ်ကျော်ပြီးရင် အလယ်ပိုင်းဒေသရဲ့ လှပတဲ့ ရှုခင်းတွေကို ကြည့်ဖို့ စီစဉ်ထားခဲ့တာ... အခုတော့ ကျွန်တော်ရဲ့ဆန္ဒ ပြည့်ဝသွားပြီလို့ ယူဆနိုင်ပါပြီ..."
သူ စကားပြောဆိုနေစဉ် လျှူယွင်ကို ထူးဆန်းသော အကြည့်တစ်ခုဖြင့် ကြည့်လိုက်၏။ ထို့နောက် သူသည် ကျုံးချင်၏နားနံဘေးသို့ကပ်ကာ တီးတိုးပြောဆိုလိုက်သည်။
"ဒီစီနီယာကို ခင်ဗျားရဲ့ တပည့်အဖြစ် လက်ခံချင်တယ် လို့ ခင်ဗျားပြောတုန်းက နောက်နေတာလို့ ကျွန်တော် ထင်ခဲ့တာ..."
"ဒါပေမဲ့ ခင်ဗျား မွေးထားတဲ့ ချီလင်ကို မြင်ပြီးတဲ့နောက် ခင်ဗျားတို့ နှစ်ယောက်ကြားမှာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် မခံစားရတော့ဘူး..."
"တစ်နေ့နေ့ကျရင် ဒီစီနီယာကို ခင်ဗျားရဲ့တပည့် အဖြစ် တကယ်ကြီး လက်ခံနိုင်ခဲ့ပြီးတော့ ကျွန်တော်တို့ ပြန်တွေ့ဖို့ အခွင့်အရေးရရင် ခင်ဗျား ကျွန်တော့်ကို သေချာပေါက် ပြောပြရမယ်နော်..."
"ဒီစီနီယာက အရမ်းမာနကြီးပြီးတော့ လူတွေနဲ့ ခပ်ခွာခွာ နေတတ်တာ... တစ်ယောက်ယောက်ရဲ့ တပည့် အဖြစ်နဲ့ဆိုရင် သူ ဘယ်လို ဖြစ်နေမလဲ ဆိုတာကို ကျွန်တော် တကယ်ကြီး ကြည့်ချင်တယ်..."
ရှန်ဖေးက စကားပြောဆိုနေစဉ် သူ၏လည်ပင်း တလျှောက် အေးစိမ့်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
နတ်ဆိုးဆန်သောချီများ အပြည့်ပါသည့် အကြည့်တစ်ခုက သူ့ကို မလှုပ်မယှက် စိုက်ကြည့်နေပေ၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။
"အစ်ကိုကျုံး... ဂရုစိုက်နော်..."
"အလယ်ပိုင်းဒေသကို စူးစမ်းဖို့ ကျွန်တော် သွားတော့မယ်..."
ထိုအကြည့်ပိုင်ရှင်မှာ မည်သူဖြစ်ကြောင်း သိရန်အတွက် သူ လှည့်ကြည့်နေရန်ပင် မလိုအပ်ချေ။
ရှန်ဖေးသည် ကျုံးချင်အား အလျှင်အမြန် လက်ပူးဆုပ်ကာ နှုတ်ဆက်လိုက်ပြီးနောက် ထွက်ပြေးသွားတော့သည်။
"ဒီကောင်လေးကတော့..."
ကျုံးချင်သည် ရှန်ဖေး၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နည်းလမ်း တချို့ ပေးချင်ခဲ့သော်လည်း တစ်ဖက်လူက ဤမျှထိ လျင်မြန်စွာ ထွက်ပြေးသွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
အသက်ရှုချိန်အနည်းငယ်အတွင်း ရှန်ဖေးသည် ပျောက်ကွယ်သွားခဲ့လေပြီ။
"ဒီလို လူမျိုးကိုတောင် ရှင်က ညီအစ်ကိုလို့ ခေါ်ဖို့ ဆန္ဒရှိတယ်ပေါ့... ရှင်ရဲ့ အဆင့်အတန်းကို နှိမ့်ချမိမှာ မကြောက်ဘူးလား..."
ဒေါသအနည်းငယ် ရောယှက်နေသော အသံတစ်သံက ကျုံးချင်၏အတွေးများကို ပြန်လည်၍ ဆွဲခေါ်သွားသည်။
သူသည် ဤအနာဂတ် အဖိုးတန်တပည့်လေးကို ကြည့်လိုက်၏။
ထို့နောက် သူက ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"မိတ်ဆွေဖွဲ့တဲ့အချိန်မှာ ငါက လူကိုပဲ မိတ်ဆွေဖွဲ့တာ... သူတို့ရဲ့ အဆင့်အတန်းကို မဟုတ်ဘူး... သူတို့က ငါ့ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်တယ် ဆိုရင် သူတို့က မြင့်မြတ်တဲ့ ဧကရာဇ်အဆင့် ကျွမ်းကျင်သူပဲ ဖြစ်ဖြစ် သာမန်သူတောင်းစားပဲဖြစ်ဖြစ် ငါ့အတွက်တော့ သူတို့အားလုံးက တန်းတူပဲ..."
လျှူယွင်က ကျုံးချင်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမက ပြောဆိုသည်။
"ရှင်က အရမ်းထူးခြားပြီးတော့ ရှင့်ရဲ့ နည်းလမ်းတချို့ က ကျွန်မအတွက်တောင် နားလည်ရခက်တယ် ဆိုပေမဲ့..."
"ကျွန်မ အမြင်မမှားဘူးဆိုရင် ရှင်က အခု ဓမ္မသောင်းချီနယ်ပယ်မှာပဲ ရှိသေးတာ မဟုတ်လား..."
"ရှင်ရဲ့ အသက်အရွယ်နဲ့ ဓမ္မသောင်းချီနယ်ပယ်အထိ ကျင့်ကြံနိုင်တာက ရှင့်ကို ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ဖြစ်စေဖို့အတွက် သေချာပေါက် အရည်အချင်း ပြည့်မီတယ်..."
"ဒါပေမဲ့ ရှင်က ဖုန်းယွီဂိုဏ်းရဲ့ စိတ်ဝိညာဉ်သတ္တုတွင်းကို စုပ်ယူခဲ့တယ်...သူတို့ရဲ့ မဟာဝင်္ကပါကို ချိုးဖျက်ခဲ့တယ်..ပြီးတော့ သောင်းနဲ့ချီတဲ့ သတ္တုတွင်းကျွန်တွေကို လွှတ်ပေးခဲ့တယ်..."
"နောက်ပိုင်းကျရင် ရှင်က ဖုန်းယွီဂိုဏ်းရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ တွေးတောကြည့်လို့ ရနိုင်တယ်..."
"ဓမ္မသောင်းချီနယ်ပယ် စွမ်းအားက မဆိုးဘူးဆိုပေမဲ့ ဖုန်းယွီဂိုဏ်းအတွက်တော့ ပြိုင်ဘက်ဖြစ်ဖို့ အများကြီး လိုသေးတယ်..."
"ရှင့်ကို ကာကွယ်ဖို့ ချီလင် ရှိနေရင်တောင် အဲ့ဒီသားရဲက ငယ်နေသေးတယ်...သူက ဓမ္မသောင်းချီနယ်ပယ် မှာ ထင်ရာစိုင်းသောင်းကျန်းနိုင်ပေမဲ့ ကွေ့ရီနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်နဲ့ တွေ့တာနဲ့ ရှင့်ရဲ့ ဘေးကင်းမှုကို လုံးဝအာမခံနိုင်မှာ မဟုတ်ဘူး..."
"ဒါကြောင့် ဒီတစ်ကြိမ် ဖုန်းယွီဂိုဏ်းကို ရင်ဆိုင်ရတာက ရှင့်အတွက် သေရေးရှင်ရေးအခြေအနေမျိုး သေချာပေါက်ဖြစ်နေပြီ..."
"ကျွန်မက အကြောင်းအရာ တစ်ခုတည်းကို နှစ်ကြိမ် ဘယ်တော့မှ ထပ်မပြောဘူး..."
"ဒါပေမဲ့ ရှင့်အတွက်တော့ ကျွန်မက တစ်ကြိမ်လောက် ချွင်းချက်လုပ်ပေးနိုင်တယ်..."
"ကျွန်မဆီ အညံ့ခံလိုက်... ဒါဆိုရင် ရှင် ဘေးကင်းလုံခြုံမှုရအောင် ကျွန်မက ကာကွယ်ပေးနိုင်တယ်..."
သူမသည် လက်နောက်ပစ်ပြီး မြေပြင်ပေါ်တွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။
"ကျွန်မရဲ့နောက်ကို လိုက်တဲ့သူတွေရဲ့ အနာဂတ် အောင်မြင်မှုက အနည်းဆုံးတော့ အထွတ်အထိပ်နယ်ပယ် ဖြစ်လိမ့်မယ်..."
"အာဏာ ဂုဏ်သိက္ခာနဲ့ စွမ်းအားတွေက လက်လှမ်းမီတဲ့နေရာမှာ ရှိနေလိမ့်မယ်..."
"အလယ်ပိုင်းဒေသ တစ်ခုလုံးကို ကြည့်ရင်တောင် ရှင်က လောကကြီးက လူတွေအားလုံးရဲ့ မျက်လုံးထဲမှာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလိမ့်မယ်..."
"အနာဂတ်ကို မပြောနဲ့အုံး...အခုလက်ရှိမှာ ကျွန်မက ကျွန်မရဲ့ အတိတ်ဘဝက ချန်ထားခဲ့တဲ့ သေးငယ်တဲ့ ရတနာ သိုလှောင်ရုံတစ်ခုကို သွားယူမယ်..."
"အဲ့ဒီအထဲမှာ အဆင့်မြင့်ဆုံး နတ်ဘုရားလက်နက် တွေ အဆင့်မြင့် ရတနာဆေးလုံးတွေ ဧကရာဇ်အဆင့် သူတော်စင်အဆင့် စိတ်ဝိညာဉ် ဆေးလုံးတွေနဲ့ သူတော်စင်အဆင့် ကျင့်ကြံနည်းစနစ်တွေတောင် ရှိနေတယ်..."
"ရှင်က ကျွန်မရဲ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိသရွေ့ အဲဒီအထဲက ကံကောင်းမှုရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ရှင့်ဆီ ကျွန်မ ပေးနိုင်တယ်..."
"ဒါ့ပြင် ကျွန်မရဲ့နောက်ကို လိုက်မယ်ဆိုရင် ဖုန်းယွီဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးမှုကို ရှင် စိတ်ပူစရာ မလိုတော့ဘူး..."
"ဖုန်းယွီဂိုဏ်းက ရှင့်ကို ရှာမတွေ့နိုင်အောင် ရှင့်ရဲ့ ချီ အရှိန်အဝါကို ကျွန်မက ယာယီဖုံးကွယ်ထားပေးနိုင်တယ်..."
"ပြီးတော့ ရှင် အချိန်အကြာကြီး ပုန်းနေစရာ မလိုဘူး... ရတနာ သိုလှောင်ရုံကို ကျွန်မ ရသွားတာနဲ့ ဓမ္မသောင်းချီနယ်ပယ်ကို အမြန်ဆုံး ချိုးဖျက်ပြီးတော့ ကွေ့ရီနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာလိမ့်မယ်..."
"ကျွန်မက ကွေ့ရီနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာတာနဲ့ ဖုန်းယွီဂိုဏ်းလို့ ခေါ်တဲ့ အရာကို ကျွန်မရဲ့ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ ဖျက်ဆီးပစ်လို့ ရတယ်..."
လျှူယွင်သည် တစ်ထိုင်တည်း စကားများစွာ ပြောဆိုလိုက်၏။
သူမသည် ကျုံးချင်ကို သူမ၏နောက်လိုက်အဖြစ် အမှန်တကယ် လက်ခံချင်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
ထို့ပြင် ကျုံးချင်ကလည်း စိတ်ရှည်လက်ရှည် နားထောင်နေခဲ့သည်။
ဤတပည့်မှာ အမှန်တကယ်ကို မာနကြီးလှကြောင်းသူ ဝန်ခံရပေမည်။
သူမကို တပည့်အဖြစ် လက်ခံလိုခြင်းအကြောင်းကို သူ ပါးစပ်ပင် မဖွင့်ဟရသေးသော်လည်း သူမက သူ့ကို သိမ်းသွင်းပြီး အညံ့ခံစေလိုသည်။
သူ ခေါင်းမော့လိုက်ပြီး သူ၏အကြည့်က လျှူယွင် နှင့် တိုက်ရိုက် ဆုံတွေ့သွားပေ၏။
"တကယ်လို့ ဖုန်းယွီဂိုဏ်းက ငါ့ကို ဘာမှလုပ်လို့ မရဘူးလို့ ငါ ပြောရင်ကော..."
"ဟား ဟား ဟား..."
လျှူယွင်က ရယ်မောလိုက်သည်။ သူမက ခေါင်းခါယမ်းပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုသည်။
"အဲ့ဒါက မဖြစ်နိုင်ဘူး..."
"ရှင်က ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်လွန်းနေတယ်..."
"ဓမ္မသောင်းချီနယ်ပယ်နဲ့ ကွေ့ရီနယ်ပယ်ဆိုတာက နည်းနည်းလေးမှ မတူညီတဲ့ အယူအဆတွေပဲ..."
"အဲ့ဒီနယ်ပယ်နှစ်ခုကြားက ကွာဟချက်ကို ပါရမီ တစ်ခုတည်းနဲ့ ပေါင်းကူးလို့ မရဘူး..."
"ဒါ့ပြင် ဖုန်းယွီဂိုဏ်းမှာ ကွေ့ရီနယ်ပယ်ကျွမ်းကျင်သူ တစ်ယောက်ထက်မက ရှိနေတယ်..."
"တကယ်လို့ ရှင် ကြီးထွားလာဖို့ အချိန်နည်းနည်း ပေးခံရရင် ဖုန်းယွီဂိုဏ်းကို မကြောက်ရွံ့ရတဲ့အဆင့်မျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်..."
"ဒါပေမဲ့ အခု ရှင့်ရဲ့ အနေအထားအရဆိုရင် သူတို့ရဲ့ ပြိုင်ဘက် ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး..."
ကျုံးချင်သည် သူမနှင့် ငြင်းခုံခြင်း မပြုခဲ့ချေ။
"အဲ့ဒီလိုဆိုရင် စောင့်ကြည့်ကြတာပေါ့..."
ငြင်းခုံခြင်းက အသုံးမဝင်ကြောင်း သူ သိထားသည်။
လျှူယွင်က မဖြစ်နိုင်ဟု ပြောဆိုခဲ့သဖြင့် လောကရှိ အရာများစွာမှာ မဖြစ်နိုင်သည် မဟုတ်ကြောင်း သူ၏ လုပ်ရပ်များဖြင့် သူ သက်သေပြရပေလိမ့်မည်။
"ကောင်းပြီလေ... ရှင့်ရဲ့ ယုံကြည်မှုက ဘယ်ကနေ ရလာတာလဲဆိုတာ ကျွန်မ တကယ်ကို သိချင်တယ်..."
"ပြီးတော့ ဖုန်းယွီဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးမှုကို ခုခံဖို့ ရှင့်မှာ ဘယ်လိုနည်းလမ်းတွေ ရှိနေလဲ ဆိုတာကိုပေါ့..."
သူမ စကားပြောဆိုနေစဉ်မှာပင် ထွက်ခွာသွားရန် ဟန်ပြင်ထားပြီးဖြစ်သည်။
သူမသည် ကျုံးချင်၏တပည့် ဖြစ်မလာနိုင်ကြောင်း သူမ သိထားသည့်အပြင်...
ကျုံးချင်၏သဘောထားကလည်း သူသည် သူမကို အညံ့ခံမည် မဟုတ်ကြောင်း ပြသနေပေ၏။
ဤအခြေအနေမျိုးတွင် ဤနေရာ၌ ဆက်နေခြင်းက အဓိပ္ပာယ် မရှိချေ။
ကျင့်ကြံခြင်းလောကမှာ အန္တရာယ်များလှသည်။ သူမသည် ရတနာသိုလှောင်ရုံကို ချက်ချင်း သွားယူပြီး ကိုယ့်ကိုယ်ကိုယ် သန်မာအားကောင်းအောင် ပြုလုပ်ရန် လိုအပ်သည်။
သူမ ပို၍အစွမ်းထက်လာမှသာ လောကကြီးတွင် လှုပ်ရှားသွားလာချိန်၌ သူမထံတွင် ယုံကြည်မှု ပို၍ရရှိနိုင်ပေမည်။
လျှူယွင်၏ဆုတ်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ကျုံးချင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"တကယ်လို့ ဖုန်းယွီဂိုဏ်းက ငါ့ကို ဘာမှလုပ်လို့ မရဘူးဆိုရင် မင်းက ငါ့ရဲ့ တပည့် ဖြစ်လာမှာလား..."
မြင့်မားသော ကောင်းကင်ယံတွင်ရှိနေသောလျှူယွင် ထံမှ မည်သည့်တုံ့ပြန်မှုမျှ ထွက်ပေါ်မလာခဲ့ချေ။
ဤသည်မှာ သူသည် ဟာသပြက်လုံးတစ်ခုကို ပြောဆိုနေသည့်အလားပင်။
Thank For Reading.