← Chapters

အခန်း (၄၀၁-၄၀၂)

Vol. 41 Ch. 401-402

အခန်း (၄၀၁-၄၀၂)

Vol. 41 Ch. 401-402

အခန်း ၄၀၁:အလိုရှိသည်

မဟာအာဏာရှင်သည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတစ်ခုလုံးတွင် အကြွင်းမဲ့အာဏာကို ကိုင်စွဲထား၏။

သူ၏အမိန့်ကို ထုတ်ပြန်လိုက်သည်နှင့် တပြိုင်နက် ထိုနေ့တွင် သတ္တုတွင်းတစ်ခုလုံး၌ ရှောင်ကာအတွက် အလိုရှိကြောင်း ဝရန်းစာများကို ကပ်ထားခဲ့သည်။

ထိုအရာက လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း တစ်ခုလုံးတွင် ကြီးမားသော ဆူပူအုံကြွမှုတစ်ခုကို ဖြစ်ပေါ်စေသည်။

အထူးသဖြင့် မရေမတွက်နိုင်သော သတ္တုတွင်း ကျွန်များမှာ ဝမ်းသာအားရ ဖြစ်နေခဲ့ကြသည်။

အကြောင်းအရင်းမှာ တာဝန်ခံက တစ်စုံတစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့သောကြောင့်ပင်။

ထိုငှက်ရုပ်ဆိုးအကြောင်း သတင်းပေးနိုင်သူ သို့မဟုတ် ထိုငှက်ကို ဖမ်းနိုင်သူ မည်သူမဆို သတ္တုတွင်းကျွန်တစ်ဦးအဖြစ်မှ အဆင့်အတန်းကို ပယ်ဖျက်ပေးပေမည်။

ထိုအရာမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် သတ္တုတွင်းကျွန်များအတွက် သေစေနိုင်သော ဆွဲဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။

သတ္တုတွင်းကျွန် အများအပြားအတွက် ဤသတ္တုတွင်းသည် ငရဲကျနေသော နေရာတစ်ခုပင်။

ယခုအချိန်၌ ဤငရဲခန်းမှ လွတ်မြောက်ရန် အခွင့်အရေးတစ်ခုနှင့်အတူ လူတိုင်းသည် ကြီးမားသော စိတ်အားထက်သန်မှုဖြင့် ပေါက်ကွဲထွက်လာခဲ့ကြ၏။

အချိန်တခဏအတွင်း သတ္တုတွင်းတစ်ခုလုံးသည် ငှက်လိုက်လံရှာဖွေခြင်း ရူးသွပ်မှုတစ်ခုသို့ ကျရောက်သွားသည်။

ကျုံးချင်သည် ဝူကျောက်တို့ ညီအစ်ကိုသုံးဦးနှင့်အတူ အရက်သောက်ပြီး ယခုလေးတင် ပြန်ရောက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှန်ဖေးသည် လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် သူ့ထံသို့ ချဉ်းကပ်လာပေ၏။

"အစ်ကိုကျုံး... သတင်းကောင်း...ဒါက တကယ့်ကို သတင်းကောင်းကြီးပဲ..."

ကျုံးချင် အံ့အားသင့်သွားသည်။

"ဘာသတင်းကောင်းလဲ..."

ရှန်ဖေးသည် အလိုရှိကြောင်း ဝရန်းစာလွှာတစ်ခုကို ထုတ်ပြလေသည်။

"ကြည့်ပါအုံး... ဒီငှက်ရုပ်ဆိုးကို ဖမ်းနိုင်တာနဲ့ ကျွန်တော်တို့ သတ္တုတွင်းကျွန် အဆင့်အတန်းကနေ လွတ်မြောက်နိုင်ပြီ... ဒါက တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးပဲ..."

ကျုံးချင်သည် အလိုရှိကြောင်း ဝရန်းစာလွှာကို ယူကြည့်လိုက်ရာ ထိုငှက်မှာ ရှောင်ကာ ဖြစ်နေကြောင်း မြင်လိုက်ရ၏။ သတ္တုတွင်းတစ်ခုလုံးက ထိုငှက်ကို လိုက်လံရှာဖွေနေလောက်အောင် ဒေါသထွက်စေရန် ရှောင်ကာ ဘာလုပ်ခဲ့သည်အား သူ တွေးတောမိသွားသည်။

"အစ်ကိုကျုံး... ခင်ဗျားမှာ ကျယ်ပြန့်တဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခုနဲ့ သာမန်မဟုတ်တဲ့ နည်းလမ်း တွေ ရှိတယ်... အခုဆိုရင် ခင်ဗျားက တာဝန်ခံ သုံးယောက်နဲ့တောင် မိတ်ဆွေ ဖြစ်နေပြီ... ရက်နည်းနည်းလောက် တာဝန်မပြီးရင်လည်း သိပ်ကိစ္စမရှိပါဘူး... အချိန်ရရင် ခင်ဗျား ဟိုဟိုဒီဒီ လိုက်ရှာကြည့်သင့်တယ်... တကယ်လို့ ဒီငှက်ရုပ်ဆိုးကို ဖမ်းနိုင်ရင် ခင်ဗျားက ဒီဆင်းရဲဒုက္ခ ပင်လယ်ကြီးကနေ လွတ်မြောက်နိုင်လိမ့်မယ်..."

သိသာထင်ရှားသည်မှာ ရှန်ဖေးသည် ရှောင်ကာကို မမှတ်မိခဲ့ချေ။ သို့သော်လည်း ဤှသည်က သူ့ကို အပြစ်တင်၍ မရနိုင်ပေ။

ရှောင်ကာသည် ကလေးဘဝတွင် ရှိနေပြီး နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပေ၏။ ထို့ပြင် မကြာသေးမီက သတ္တုတူးဖော်ခြင်းကြောင့် သူ၏တစ်ကိုယ်လုံး ညစ်ပတ်နေခဲ့သည်။

ရှောင်ကာသည် သူ၏အုပ်ချုပ်မှုအောက်တွင် ရှိနေကြောင်း ကျုံးချင်က ရှန်ဖေးကို မည်သို့ ပြောပြနိုင်မည်နည်း။

"ငါတို့ စောင့်ကြည့်ကြတာပေါ့..."

ကျုံးချင်က သူ၏နဖူးကို ပွတ်သပ်လိုက်သည်။

"အစ်ကိုကျုံး... ဒီကိစ္စကို ခင်ဗျားရဲ့စိတ်ထဲ ထည့်ထားရမယ်နော်..."

ရှန်ဖေးသည် အလျင်အမြန်လာပြီး အလျင်အမြန် ထွက်သွားခဲ့လေ၏။ သူ ထွက်ခွာမသွားမီ ရှန်ဖေးကို သတိပေးရန် မမေ့ခဲ့ချေ။

ကျုံးချင်သည် သူ၏အင်မော်တယ်လှိုဏ်ဂူသို့ ပြန်ရောက်ချိန်တွင် ရှောင်ကာက မျက်ရည်များဖြင့် ချီလင်ကို တိုင်တန်းနေသည်အား မြင်တွေ့လိုက်ရသည်။

ထို့နောက် သူက နာကြည်းနေသော အမူအရာဖြင့် ပြောဆိုသည်။

"အစ်ကိုကြီး... အဲ့ဒီလူက အရမ်းရက်စက်တာပဲ... သူက ကျွန်တော့်ကို ရိုက်တယ်..."

ချီလင်ရှောင်ဟေးက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဒါက တကယ့်ကို တရားလွန်တာပဲ... သူတို့က ငါ့ရဲ့ညီလေးကို အနိုင်ကျင့်ရဲတယ်ပေါ့... လာ... အစ်ကိုကြီးက မင်းအတွက် လက်စားချေပေးမယ်..."

"မင်းတို့ ဘယ်သွားမလို့လဲ..."

ကျုံးချင်သည် အင်မော်တယ်လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လာပြီး သူ၏မျက်နှာအမူအယာ ကင်းမဲ့နေသည်။

"သခင်..."

ကျုံးချင်ကို မြင်တွေ့ချိန်၌ ရှောင်ဟေး၏ဒေါသများ လျော့ကျသွားသည်။ ထို့နောက် သူက ဖားယားသော အမူအရာဖြင့် ပြောဆိုလိုက်၏။

"ဆရာ... ရှောင်ကာက အပြင်မှာ သူ့ဘာသာသူ နေနေတာ... ဘယ်သူ့ကိုမှ မနှောင့်ယှက်ဘဲနဲ့ ရုတ်တရက်ကြီး ပါးရိုက်ခံလိုက်ရတယ်... အဲဒါက သူ့ကို ရိုက်တာလား... အဲဒါက သခင့်ရဲ့မျက်နှာကို ဖြတ်ရိုက်တယ်ဆိုတာ အသိသာကြီးလေ... ကျွန်တော်က သူ့အတွက်တရားမျှတမှု သွားရှာပေးရမယ်..."

ကျုံးချင် ဆွံ့အသွားသည်။ ရှောင်ဟေးတွင် အနည်းငယ် မိုက်မဲသောဘက်ခြမ်း ရှိနေသည်ကို သူ သတိမထားမိခဲ့ပေ။

သူသည် ရှောင်ကာကို ကြည့်လိုက်၏။

"ဒီနေ့ ဘာဖြစ်ခဲ့တာလဲ..."

ထို့နောက် ရှောင်ကာသည် အစမှအဆုံး ဇာတ်လမ်း တစ်ခုလုံးကို ပြန်လည် ပြောပြခဲ့သည်။ ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် ထပ်မံ၍ ပြောဆိုသည်။

"သခင်... ကျွန်တော်က သခင့်ကို အရှက်မကွဲစေခဲ့ပါဘူး... အဲဒီလူကြီး ရိုက်တာ ခံရပေမဲ့.. ကျွန်တော်က သူ့ဆီကနေ ဆေးလုံးတစ်လုံးကို လုယူလာခဲ့တယ်... ဒီမှာ... ဒါလေးပဲ..."

သူ စကားပြောဆိုနေစဉ် ချီးကျူးမှုကို တောင်းခံနေသည့်အလား သူ၏ပါးစပ်မှ ဆေးလုံးတစ်လုံးကို ဂုဏ်ယူဝံ့ကြွားသော အမူအရာဖြင့် ထွေးထုတ်လိုက်၏။ ထိုအရာမှာ အမှန်တကယ်ကို ဧကရာဇ်အဆင့် ဆေးလုံး တစ်လုံးပင်။

သတ္တုတွင်း တစ်ခုလုံးက ရှောင်ကာကို မည်သည်ကြောင့် ဤမျှထိ ကျယ်ကျယ်ပြန့်ပြန့် လိုက်လံရှာဖွေနေကြသည်ကို ကျုံးချင် ချက်ချင်းနားလည်သွားပေ၏။

ဤကောင်စုတ်လေးမှာ သူ မည်မျှထိ ကြီးမားသော ပြဿနာတစ်ခုကို ဖန်တီးခဲ့သည်အား ယခုချိန်ထိ သဘောပေါက်ပုံ မပေါ်သေးချေ။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူက ပြောဆိုလိုက်သည်။

"မင်းတို့ နှစ်ယောက်... ဒီကာလ အတွင်း သတ္တုတွင်း ထဲမှာပဲနေ... ဟိုဟိုဒီဒီ မပြေးနဲ့..."

သူသည် ဖုန်းယွီဂိုဏ်းအပေါ် ကောင်းမွန်သော သဘောထားများ မရှိသော်လည်း ယခုအချိန်၌ သူတို့နှင့် အဆင်မပြေ ဖြစ်ရမည့်အချိန် မဟုတ်ချေ။

နောက်တခဏတွင် ကျုံးချင်က ဆက်ပြောလိုက်၏။

"အချိန်နည်းနည်းကြာရင် မင်းတို့အတွက် လက်စားချေပေးဖို့ ငါ လှုပ်ရှားမယ်..."

"သခင်က အစွမ်းထက်တယ်..."

ကျုံးချင် လှုပ်ရှားမည်ဟု ကြားချိန်၌ ရှောင်ဟေးနှင့် ရှောင်ကာတို့သည် ချက်ချင်းဆိုသလိုပင် ဝမ်းသာအားရ ဖြစ်သွားကြသည်။ သူတို့၏အမြင်အရ သူတို့၏ သခင် လှုပ်ရှားသရွေ့ ဤကိစ္စမှာ ဖြေရှင်းပြီးသား ဖြစ်သွားမည်မှာ သေချာပေါက်ပင်။

...

နောက်ဆက်တွဲနေ့ရက်များတွင် အလိုရှိကြောင်း ဝရန်းစာထွက်ပေါ်လာခြင်းက သတ္တုတွင်းတစ်ခုလုံးတွင် ပြင်းထန်သော ဆွေးနွေးမှု အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။

တာဝန်ခံတချို့က သက်ပြင်းချလိုက်ကြ၏။ ပြဿနာကြီးများ ဖြစ်လာရသည့် လက်သည်တရားခံနှစ်ကောင်လုံးမှာ ငှက်များသာ ဖြစ်နေသည်။ ဖုန်းယွီဂိုဏ်းသည် နတ်ဘုရားငှက်တစ်ကောင်ကို ဆုံးရှုံးခဲ့ရပြီး မဟာအာဏာရှင်က ရာဇဝတ်သား ငှက်တစ်ကောင်ကို လိုက်လံဖမ်းဆီးနေခံ့သည်။

မည်သည်ကြောင့် ဤမျှထိ ကွာခြားချက် ကြီးမားနေရသည်ကို သူတို့ နားမလည်နိုင်ဖြစ်နေကြ၏။

အကယ်၍ ဤငှက်နှစ်ကောင် တူညီမည်ဆိုပါက ထိုအရာက အလွန်ကောင်းမွန်ပေလိမ့်မည်။ သို့သော် ယခုအချိန်၌ သူတို့သည် နတ်ဘုရားငှက်ကို ရှာမတွေ့နိုင်ရုံသာမက နောက်ထပ်ငှက်တစ်ကောင်ကိုပင် ရှာဖွေနေရလေပြီ။

"ဒါက ပင်ပန်းတဲ့ဘဝပါပဲ..."

တာဝန်ခံတစ်ယောက်သည် သူ၏လက်ထဲရှိ အလိုရှိကြောင်း ဝရန်းစာလွှာကို ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွားသည်။

အကြောင်းတစ်ခုခုကြောင့် ဤငှက်ရုပ်ဆိုးသည် သူတို့၏ဂိုဏ်းတွင် ကိုးကွယ်ထားသော နတ်ဘုရားငှက် နှင့် အနည်းငယ် ဆင်တူနေသည်ဟု သူ ခံစားလိုက်ရသည်။ သို့သော် အလွန်လျင်မြန်စွာဖြင့် ဤရယ်စရာကောင်းသော အတွေးကို သူ ပယ်ချလိုက်၏။

"နတ်ဘုရားငှက်က ခမ်းနားထည်ဝါမှု မှာ ပြိုင်ဘက်ကင်းပြီး မြင့်မြတ်မှုမှာ သာမန်ထက် သာလွန်ထူးကဲတယ်... ဒီငှက်ကတုံးက နတ်ဘုရားငှက်နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ... မကြာသေးခင်က ငါ အရမ်း အလုပ်များနေလို့ အမြင်အာရုံမှားတာပဲဖြစ်မယ်..."

လူတိုင်း၏ ပြင်းထန်သော ရှာဖွေမှုများ ကြားတွင် အချိန်များ တိတ်တဆိတ် ကုန်လွန်သွားခဲ့သည်မှာ သုံးရက် ရှိနေလေပြီ။ သုံးရက်ကြာမြင့်ပြီးသည့်တိုင် ငှက်ရုပ်ဆိုး ကို ရှာဖွေရန် စိတ်အားထက်သန်မှုမှာ မြင့်မားနေဆဲပင်။

သူတို့သည် အားလပ်ချိန်ရတိုင်း ချောင်ကြိုချောင်ကြားများပါမကျန် အမြဲတစေ ရှာဖွေနေကြ၏။ ကံမကောင်းစွာဖြင့် ရှောင်ကာသည် ကျုံးချင်၏အမိန့်ကို ရရှိပြီးကတည်းက အင်မော်တယ်လှိုဏ်ဂူမှ ထွက်ခွာမလာခဲ့သဖြင့် သူတို့၏ ရှာဖွေမှုများမှာ အချည်းနှီး ဖြစ်ခဲ့ရသည်။

လူတိုင်း ငှက်ရှာဖွေရေးရူးသွပ်မှုတွင် နစ်မြောနေစဉ်တွင် တစ်နေ့၌ နံပါတ်တစ်ဆယ်သတ္တုတွင်း တစ်ခုလုံး၌ ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

တောင်တန်းများ တုန်ခါသွားပြီး မြေမျက်နှာပြင် ရွေ့လျားသွားခဲ့သည်။ နတ်ဘုရား အလင်းတန်း တစ်ခုက မြေကြီးထဲမှ ကောင်းကင်ယံသို့ ပျံ့လွင့်သွားပေ၏။ နတ်ဘုရားအလင်းတန်းတစ်ခု မြင့်တက်လာပြီး အဆုံးမဲ့ကြီးမားသော ရတနာအရှိန်အဝါတစ်ခုကို သယ်ဆောင်လာသည်။

"ဒါက ရတနာတစ်ခု ထွက်ပေါ်လာတာလား..."

တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သတ္တုတွင်း ဥမင်လိုဏ်ခေါင်း အတွင်းမှပင် တောက်ပသော ရတနာအလင်းရောင်တစ်ခုကို သူတို့ မြင်တွေ့မိသည်။

ဤရတနာအလင်းရောင်သည် နံပါတ်တစ်ဆယ်သတ္တုတွင်း တစ်ခုလုံးကို ပြည့်လုနီးပါး ဖြစ်စေခဲ့၏။ ထိုအရာက မရေမတွက်နိုင်သော လူများထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်စေခဲ့ပြီး အဆုံးမရှိ မှန်းဆမှုများ ဖြစ်ပေါ်စေခဲ့သည်။

အသက်ကြီးသော သတ္တုတွင်းကျွန်တချို့မှာ ဝမ်းသာအားရ ဖြစ်နေကြသည်။ အကယ်၍ သတ္တုတွင်းတွင် တန်ဖိုးရှိသော ရတနာတစ်ခု တူးဖော်တွေ့ရှိပြီး အထက်လူကြီးများ ဝမ်းသာပျော်ရွှင်သွားပါက သူတို့၏ဘဝများသည် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် သိသိသာသာ တိုးတက်လာပေလိမ့်မည်။

ဤရတနာအလင်းရောင်၏ ကြွယ်ဝမှုကို ကြည့်ခြင်းအားဖြင့် ဤရတနာမှာ သာမန်ထက် သာလွန်ထူးကဲပေမည်။ ထိုအရာကို တစ်စုံတစ်ယောက်က တူးဖော်တွေ့ရှိခဲ့သလော သို့မဟုတ် သူ့အလိုလို ထွက်ပေါ်လာသလော ဆိုသည်ကိုမူ သူတို့ မသိခဲ့ချေ။

အကယ်၍ ပထမအချက်ကြောင့်သာဖြစ်ပါက ရတနာ ကို တူးဖော်တွေ့ရှိသူများသည် အလွန်အမင်း ကံကောင်းသူများ ဖြစ်ပေလိမ့်မည်။

ရတနာထွက်ပေါ်လာခြင်းက သတ္တုတွင်းမှ အဆင့်မြင့် အရာရှိများ၏အာရုံစိုက်မှုကို သဘာဝကျစွာပင် ချက်ချင်းဖမ်းစားသွားသည်။ လုဖုန်းသည် ဤအချိန်တွင် ထိုငှက်ရုပ်ဆိုးအပေါ် သူ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ယာယီဖိနှိပ်ထားခဲ့သည်။ သူသည် အခင်းဖြစ်ပွားရာနေရာသို့ လူများကို ချက်ချင်းခေါ်ဆောင်သွားခဲ့၏။

သတ္တုတွင်းကျွန်များအနက် မည်သူကမျှ ရတနာကို တူးဖော်တွေ့ရှိခဲ့ကြောင်း မပြောဆိုခဲ့ကြချေ။ သို့သော် တချို့လူများက ရတနာကို မြင်တွေ့ခဲ့ကြသည်။ မကြာမီမှာပင် သတ္တုတွင်း၏ မဟာအာဏာရှင်သည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းမှ အလျင်စလို ထွက်ခွာသွားတော့သည်။

သူသည် အလွန်အမင်း အရေးကြီးသော ကိစ္စတစ်ရပ်ကို ကြုံတွေ့ခဲ့သည့်အလားပင်။ ဤအရာက ဤတစ်ကြိမ် ထွက်ပေါ်လာသော ရတနာသည် သာမန်ထက် လွန်ကဲကြောင်း လူတိုင်းကို တွေးတောမိစေသည်။

ထိုသို့မဟုတ်ပါက မဟာအာဏာရှင် သည် ဤကဲ့သို့ ပြုမူမည် မဟုတ်ချေ။ ထိုမျှ တန်ဖိုးရှိသော ရတနာ တစ်ခုကို ရရှိပြီးနောက် ဖုန်းယွီဂိုဏ်းသည် အလွန် ဝမ်းသာသဖြင့် သူတို့ကို နောက်ထပ်အားလပ်ရက် အနည်းငယ် ပေးလာနိုင်သည်ဟုပင် သူတို့ တွေးတောခဲ့ကြ၏။

ဤငရဲကျနေသော သတ္တုတွင်း ဥမင်လိုဏ်ခေါင်းတွင် အားလပ်ရက် အနည်းငယ် ရရှိခြင်းက ကြီးမားသော ကောင်းချီးတစ်ခု ဖြစ်ကြောင်း သိသာရှင်းလင်းသည်။ သို့သော် သတ္တုတွင်းကျွန်များ စောင့်မျှော်နေသော ကောင်းချီးသည် ထွက်ပေါ်မလာခဲ့ချေ။

သုံးရက်အကြာတွင် မဟာအာဏာရှင် ပြန်လာပြီး သတ္တုတွင်းတာဝန်ခံများအားလုံးနှင့် အဆင့်မြင့် အရာရှိများကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

သူက တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြောဆိုသည်။

"အားလုံးပဲ... အသစ်တူးဖော်တွေ့ရှိထားတဲ့ ရတနာ က အရမ်းအရေးပါပြီးတော့ ငါတို့ဖုန်းယွီဂိုဏ်းရဲ့ ခွန်အား နဲ့အခြေခံအုတ်မြစ်ကို အဆင့်အတော်များများ မြှင့်တင်ပေးနိုင်တယ်... ဒါပေမဲ့ ဒီရတနာက အရမ်း အဖိုးတန်လွန်းလို့ အဲဒီအရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုလေးတောင် မပေါက်ကြားစေရဘူး... လျှို့ဝှက်ချက်ကို သေချာစေဖို့ ဒီနေ့ကစပြီး လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းက ဝန်ထမ်း တွေအားလုံးကို ထွက်ခွာခွင့် တားမြစ်ထားတယ်... ဒီကာလ အတွင်း မင်းတို့အားလုံး ကိုယ့်နေရာကိုယ် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားရမယ်... ဘာအမှားမှ မဖြစ်စေရဘူး... ဒါ့ပြင် အဲဒီ အထွတ်အထိပ်ရတနာက အပြည့်အဝ ထွက်ပေါ်မလာသေးဘူး... အဲ့ဒီအရာရဲ့ နံဘေးပတ်လည်မှာ ပူးတွဲတည်ရှိနေတဲ့ ကြီးမားတဲ့ ဝင်္ကပါတစ်ခုက ကာကွယ်ထားတယ်... ရက်နည်းနည်းလောက်ကြာရင် ဒီရတနာကိုယူဖို့ ဂိုဏ်းက ကျွမ်းကျင်သူတွေ ရောက်လာလိမ့်မယ်... အဲဒီအချိန်ကျရင် ကြီးမားတဲ့ ဆူပူအုံကြွမှုကြီး ဖြစ်လာနိုင်ပြီးတော့သတ္တုတွင်းရဲ့နံဘေးပတ်လည်က ဝင်္ကပါတွေတောင် ထိခိုက်နိုင်တယ်... သတ္တုတွင်းကျွန်တွေက ဂိုဏ်း ကျွမ်းကျင်သူတွေ ရတနာ ယူနေတာကို အခွင့်ကောင်းယူပြီး ပြဿနာရှာတာ ထွက်ပြေးတာ မျိုး မဖြစ်အောင် ကာကွယ်ဖို့နဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားတာမျိုး မဖြစ်အောင် ကာကွယ်ဖို့... ဂိုဏ်းရဲ့ အဆင့်မြင့်အရာရှိတွေက ဆုံးဖြတ်လိုက်တယ်...ဒါက နံပါတ်တစ်ဆယ်သတ္တုတွင်း တစ်ခုလုံးက သတ္တုတွင်းကျွန်တွေ အားလုံးကို အရှင်လတ်လတ် မြှုပ်နှံဖို့ပဲ..."

ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏နှလုံးသားများ တုန်ရီသွားပေ၏။ နံပါတ်တစ်ဆယ်သတ္တုတွင်း တစ်ခုလုံးတွင် သတ္တုတွင်းကျွန် ထောင်ပေါင်းများစွာ ရှိသည်။ အကယ်၍ သူတို့ အားလုံး အရှင်လတ်လတ် မြှုပ်နှံခံရပါက သွေးမြစ် တစ်စင်း ဖြစ်သွားပေလိမ့်မည်။

...

အခန်း ၄၀၂: ပုရွက်ဆိတ် တစ်အုပ်

ပင်မခန်းမအတွင်းတွင် တစ်စုံတစ်ယောက်က ကူကယ်ရာမဲ့နေသော အမူအရာဖြင့် ပြောဆိုလိုက်၏။

"မဟာအာဏာရှင်... သူတို့အားလုံးကို အရှင်လတ်လတ် မြှုပ်နှံတာက နည်းနည်းတော့ ရက်စက်လွန်းရာ ကျမနေဘူးလား..."

အမှန်အားဖြင့် ဤနေရာတွင် ရှိနေသော လူတိုင်းနီးပါးက သတ္တုတွင်းကျွန်များကို လူသားများအဖြစ် မဆက်ဆံခဲ့ကြချေ။ သတ္တုတွင်းကျွန်များ၏ အဆင့်အတန်းမှာလည်း အနိမ့်ဆုံးပင်။

သာမန်အချိန်များတွင် လူဆယ်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာ သေဆုံးသွားလျှင်ပင် သူတို့ မျက်တောင်တစ်ချက်ခတ်မည် မဟုတ်ချေ။

သို့သော် လူထောင်ပေါင်းများစွာကို ရုတ်တရက် အရှင်လတ်လတ် မြှုပ်နှံလိုက်ခြင်းသည် သဘောတရားတချို့အရ တာအိုနှင့် အနည်းငယ် ဆန့်ကျင်နေသည်။

ဤမေးခွန်းအတွက် လုဖုန်းက လျစ်လျူရှုသော အသံဖြင့် တုံ့ပြန်သည်။

"ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးရဲ့ ကြီးမားတဲ့ အစီအစဉ် အတွက် နည်းနည်းအနစ်နာခံတာက တန်ဖိုးရှိပါတယ်... ဒါ့ပြင် ဒါက ဂိုဏ်းရဲ့ အထက်လူကြီးတွေ ဆုံးဖြတ်ထားတဲ့ အဓိကအစီအစဉ် တစ်ခုပဲ... ငါတို့က အဲ့ဒါကို အကောင်အထည်ဖော်ဖို့ပဲ အခွင့်အရေး ရှိတယ်...ငြင်းပယ်ဖို့ အခွင့်အရေး မရှိဘူး... မင်းတို့မှာ တခြားမေးစရာတွေ ရှိသေးလား... မရှိရင် သွားပြီး ကိုယ့်အလုပ်ကိုယ် လုပ်ကြတော့..."

ကိစ္စများသည် ဤအတိုင်းအတာအထိ ဖြစ်လာသဖြင့် လူအများထံတွင် မေးခွန်းများ ရှိနေလျှင်ပင် သူတို့ မည်သို့မျှ မတတ်နိုင်တော့ချေ။

အထူးသဖြင့် ဝူကျောက်တို့ညီအစ်ကိုသည် အချင်းချင်း အကြည့်ချင်း ဖလှယ်ပြီးနောက် သူတို့၏ နှလုံးသားထဲတွင် အလွန်စိတ်မအေးချမ်းသကဲ့သို့ ခံစားလိုက်ရ၏။ ဖုန်းယွီဂိုဏ်း၏ တာဝန်ခံ တစ်ဦး ဖြစ်လာခြင်းမှာ အဆင့်အတန်းအရ ခုန်ပျံကျော်လွှားမှု တစ်ခုနှင့် အထောက်အထား ပြောင်းလဲမှုတစ်ခု ဖြစ်သည်ဟု သူတို့ မူလက ထင်မှတ်ခဲ့ကြသည်။

သို့သော် ယခု ကြည့်ရသည်မှာ ဖုန်းယွီဂိုဏ်းသည်လည်း ကြင်နာတတ်သော ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ချေ။

ဤသည်မှာ ထောင်ပေါင်းများစွာသော လူ့အသက်များပင်။

ဂိုဏ်း၏အထက်လူကြီးများသည် ထိုလူများကို ဤအတိုင်း သတ်ဖြတ်ရန် အမှန်တကယ် ဆုံးဖြတ်လိုက်ကြ၏။

ဤသည်မှာ ယခင်က မြို့တစ်မြို့လုံးကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော အာဏာရှင်ကျီးမန်၏လုပ်ရပ်နှင့် မည်သည့်ကွာခြားမှုမျှ မရှိချေ။

သူတို့သုံးဦးသည် သူတို့၏စိတ်နှလုံးသားများ အနည်းငယ် လေးလံသွားသည်ကို ခံစားလိုက်ရသည်။ ထိုကဲ့သို့ အရာမျိုးကို သူတို့ ဘယ်တော့မှ လုပ်နိုင်မည် မဟုတ်ချေ။ သို့သော် သူတို့ထံတွင် ခွန်အား အတန်အသင့် ရှိလျှင်ပင် ဖုန်းယွီဂိုဏ်းတစ်ဂိုဏ်းလုံးနှင့် နှိုင်းယှဥ်ပါက သူတို့သည် ဆင်တစ်ကောင်ရှေ့ရှိ ပုရွက်ဆိတ်များနှင့် တူညီနေသည်။

ဂိုဏ်းက ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်ကို သူတို့ မည်သို့မျှ တားဆီးနိုင်စွမ်း မရှိချေ။

အချိန်တခဏအတွင်း သူတို့၏နှလုံးသားပေါ်တွင် ထူထပ်သော လေးလံမှုအလွှာတစ်လွှာ ကျဆင်းလာပေ၏။ ဤအစည်းအဝေး ပြီးဆုံးသွားချိန်၌ သူတို့သုံးဦးသား တွေဝေနေရင်း လမ်းပေါ်တွင် လျှောက်လှမ်းသွားခဲ့ကြသည်။

"အစ်ကိုကြီး... အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ..."

ကျုံးယင်က မေးလိုက်သည်။

သူတို့သုံးဦးလုံးသည် ကြင်နာတတ်သော လူများပင်။ သူတို့ထံတွင် ကိုယ်ကျင့်တရား၊ ရိုးသားမှုနှင့် အခြေခံ စည်းမျဉ်းများ မရှိခဲ့ပါက အာဏာရှင်ကျီးမန်မှ မြို့ကို သတ်ဖြတ်စဉ်က သူတို့ ရှေ့ထွက်လာခဲ့မည် မဟုတ်ချေ။

ဤအချိန်အခိုက်အတန့်တွင် ဝူကျောက် သည် နက်ရှိုင်းသော စွမ်းအားကင်းမဲ့မှုကို ခံစားလိုက်ရ၏။ ဖုန်းယွီဂိုဏ်းဟူသော ဧရာမမွန်းစတားကြီး၏ရှေ့တွင် သူသည် နံပါတ်တစ်ဆယ်သတ္တုတွင်းမှ သတ္တုတွင်း ကျွန်များအားလုံးကို ကယ်တင်ချင်လျှင်ပင် သူ မည်သို့မျှ မလုပ်နိုင်ချေ။

အချိန်အတော်ကြာ နက်နက်နဲနဲ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။

"နံပါတ်တစ်ဆယ်သတ္တုတွင်းမှာ သတ္တုတွင်းကျွန်တွေ အရမ်းများတယ်... ငါတို့မှာ စွမ်းအားမရှိဘူး... ဒါပေမဲ့ သခင်ကျုံးချင်ဆီကို သတင်းစကားတစ်ခုတော့ ပို့လို့ ရတယ်... သခင်ကျုံးချင်ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် သူ သတ္တုတွင်းကနေ လွတ်မြောက်နိုင်လိမ့်မယ်... ဒီအချိန်မှာ ငါတို့က တစ်ကြိမ်မှာ လူတစ်ယောက်ကိုပဲ ကယ်နိုင်လိမ့်မယ်..."

ကျုံးချင်၏စွမ်းအားမှာ ကြီးမားပြီး သူ၏ နည်းလမ်းများမှာ ထူးခြားလှ၏။ ကျုံးချင်ထံတွင် ဤသတ္တုတွင်းမှ လွတ်မြောက်နိုင်သောစွမ်းရည်ရှိကြောင်း သူတို့ သိထားကြသည်။ ထိုသို့မဟုတ်ပါက သူသည် အစောပိုင်းက သူတို့နှင့် ဆက်ဆံခဲ့သော ဖြစ်ရပ်မှာ ဖြစ်ပေါ်လာခဲ့မည် မဟုတ်ချေ။

...

နံပါတ်တစ်ဆယ်သတ္တုတွင်း တစ်ခုလုံးရှိ လူများသည် သားသတ်သမား၏ဓားက သူတို့၏ ခေါင်းပေါ်သို့ ကျရောက်တော့မည်ကို မသိခဲ့ကြချေ။

လူတိုင်းသည် သတ္တုတူးပြီး ပုံမှန်အတိုင်း တာဝန်ခွဲတမ်းများကို ပေးအပ်နေကြဆဲပင်။

သူတို့သည် ဖုန်းယွီဂိုဏ်းမှ ကြီးမားသောရတနာကို ရရှိပြီးနောက် သတ္တုတွင်းကျွန်ဘဝမှ သူတို့ လွတ်မြောက်ရန်ပင် အိပ်မက်မက်နေကြဆဲဖြစ်သည်။ သတ္တုတွင်း ခန်းမအတွင်းတွင် လူများ အသွားအလာ ရှိနေကြ၏။

ကျုံးချင်နှင့် ရှန်ဖေးတို့သည်လည်း သူတို့၏ တာဝန်ခွဲတမ်းများကို ပေးအပ်ရန် ရောက်လာခဲ့ကြသည်။ ဝူကျောက်တို့ညီအစ်ကိုသည် အနီးအနားတွင် အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ကြပြီဖြစ်သည်။

ကျုံးချင်ကိုမြင်တွေ့ချိန်၌ သူတို့သုံးဦး၏မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။

"သခင်ကျုံးချင်... ကျေးဇူးပြုပြီး စကားနည်းနည်းလောက်ပြောဖို့ ဒီနေရာကို လာခဲ့ပါအုံး..."

ဤမြင်ကွင်းသည် ဤရက်ပိုင်းအတွင်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသော်လည်း သတ္တုတွင်းကျွန်များအတွက်မူ အလွန်အမင်း မယုံနိုင်စရာ ဖြစ်နေဆဲပင်။

သူတို့အတွက် သတ္တုတွင်းတာဝန်ခံများသည် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင် အဆင့်မြင့်မားပြီး မောက်မာထောင်လွှားကြပေသည်။ တာဝန်ခံတိုင်းသည် သူတို့အတွက် လက်လှမ်းမမီနိုင်သော ပုဂ္ဂိုလ် တစ်ဦးပင်။ သို့သော် ကျုံးချင်သည် တာဝန်ခံများ၏ မျက်နှာသာပေးမှုကို ရရှိရုံသာမက သူတို့ထံမှ လေးစားမှုရှိသော ဆက်ဆံမှုကိုလည်း ရရှိခဲ့သည်။ ဤအချက်တစ်ခုတည်းကပင် သူတို့ကို အလွန်အမင်း မနာလို ဖြစ်စေခဲ့၏။

သူတို့သုံးဦး၏ အမူအရာများ အနည်းငယ် ပျက်ယွင်းနေကြောင်း ကျုံးချင်က ရှင်းလင်းစွာ သတိပြုမိခဲ့သည်။ သူ၏စိတ်နှလုံးသား လှုပ်ရှားသွားပြီး သူသည် အေးအေးလူလူ ရှေ့သို့လျှောက်လှမ်းသွားလိုက်သည်။

"လူကြီးမင်းတို့... တစ်ခုခု ဖြစ်လို့လား..."

ဝူကျောက်၏အမူအရာမှာ တည်ကြည်လေးနက်နေပြီး သူက အသံကိုနှိမ့်ကာ ပြောဆိုသည်။

"သခင်ကျုံးချင်... နံပါတ်တစ်ဆယ်သတ္တုတွင်းက ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို ဖြတ်သန်းရတော့မယ်... အထွတ်အထိပ်ရတနာရဲ့ ထွက်ပေါ်လာမှုက ဒီကိစ္စမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်နေတယ်...ဖုန်းယွီဂိုဏ်းက ရတနာရဲ့သတင်း မပေါက်ကြားမှုကို သေချာစေဖို့ နံပါတ်တစ်ဆယ်သတ္တုတွင်းက လူတိုင်းကို အရှင်လတ်လတ် မြှုပ်နှံဖို့ ပြင်ဆင်နေတယ်... သခင်... သခင်က အသက်ရှင်ဖို့ မြန်မြန်ထွက်ပြေးသင့်တယ်..."

ဤသတင်းကိုကြားချိန်၌ ကျုံးချင် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ ဖုန်းယွီဂိုဏ်းသည် ကြင်နာတတ်သော ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ကြောင်း သူ သိထားသော်လည်း သူတို့ ဤမျှထိ ရူးသွပ်နေလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။

အထွတ်အထိပ်ရတနာ ထွက်ပေါ်လာသည့် သတင်းကို လျှို့ဝှက်ထားရန်အတွက် နံပါတ်တစ်ဆယ်သတ္တုတွင်း ရှိ လူတိုင်းကို သူတို့က သတ်ဖြတ်ကြပေမည်။ သူ မတုံ့ပြန်နိုင်မီမှာပင် အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာသည်။

"ဟမ့် ထွက်ပြေးမလို့လား... ငါတို့ကို အလှဆင်ထားတဲ့ အရာတွေလို့များ ထင်နေတာလား..."

သူတို့ စကားပြောဆိုနေစဉ်မှာပင် တာဝန်ခံတစ်စုသည် လမ်းကြောင်းတစ်ခုမှ ဝင်ရောက်လာခဲ့လေပြီ။

သူတို့သည် သတ္တုရိုင်းများကို ပေးအပ်နေကြသော သတ္တုတွင်းကျွန်များကို ဝိုင်းရံလိုက်ကြ၏။ ထိုလူစု၏ခေါင်းဆောင်မှာ မဟာအာဏာရှင်လုဖုန်းမှလွဲ၍ တခြားလူမဟုတ်ချေ။

ဤမြင်ကွင်းကြောင့် သတ္တုတွင်းကျွန်များ၏မျက်နှာအမူအရာများ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။ အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ခံများ အားလုံးသည် တည်ကြည်လေးနက်နေကြပြီး သူတို့၏ မျက်လုံးများက မှိန်ဖျော့သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် တလက်လက် တောက်ပနေသည်။ ဤသည်က သတ္တုတွင်းကျွန်များကို စိတ်မသက်မသာ ခံစားရစေပေ၏။

သူတို့၏ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် မှော်စွမ်းအားများကို ချိတ်ပိတ်ထားသဖြင့် ဝူကျောက်နှင့် ကျုံးချင်တို့ ပြောခဲ့သည်များကို သူတို့ ရှင်းရှင်းလင်းလင်း မကြားခဲ့ရချေ။

သို့သော် တာဝန်ခံများနှင့် မဟာအာဏာရှင်တို့ထံတွင် ရင်းနှီးမှု မရှိသော အမူအရာများ ရှိနေကြသည်ကို ကြည့်ခြင်းအားဖြင့် ကြီးမားသောအရာတစ်ခု ဖြစ်တော့မည်ဟု သူတို့ ခံစားလိုက်ရသည်။

မဟာအာဏာရှင်သည် ခြေလှမ်းအနည်းငယ်လှမ်းကာ သတ္တုတွင်းခန်းမ၏ အလယ်သို့ ရောက်ရှိလာပြီးနောက် သူ၏အကြည့်က ဝူကျောက်တို့ညီအစ်ကိုများအပေါ်တွင် စူးစိုက်၍ ကျရောက်သွားသည်။

"ဝူကျောက် ကျုံးယင် ချန်ချီ... မင်းတို့ သုံးယောက်က ငါ့ကို အရမ်းစိတ်ပျက်အောင် လုပ်ခဲ့တယ်... အရင်က မင်းတို့က ငါတို့ဖုန်းယွီဂိုဏ်းက တာဝန်ခံတစ်ယောက်ကို သတ်ခဲ့တယ်... မင်းတို့ဆီမှာ ကောင်းမွန်တဲ့စွမ်းအား ရှိတာကို မြင်တော့ ငါက မင်းတို့ကို တစ်ကြိမ် ခွင့်လွှတ်ပေးခဲ့ပြီး တာဝန်ခံတွေ ဖြစ်လာခွင့်တောင် ပေးခဲ့တယ်... မင်းတို့ကို ဂုဏ်သိက္ခာ အလုံအလောက် ပေးခဲ့တယ်... ဒါပေမဲ့ မင်းတို့က သေဖို့ တောင်းဆိုနေကြတာပဲ... ဂိုဏ်းရဲ့ အခြေခံ စည်းမျဉ်းကို စိန်ခေါ်ပြီးတော့ ဂိုဏ်းရဲ့အစီအစဉ်ကို နှောင့်ယှက်ဖို့ ကြိုးစားနေကြတယ်... တကယ့်ကို ပြုပြင်လို့ မရဘူး... မင်းတို့က ကောင်းကောင်းမွန်မွန် ပြောတာကို လက်မခံဘဲ အတင်းအကြပ်လုပ်မှ ရမယ့်သူတွေပဲ... မင်းတို့က ဒီလောက်ထိ ကျေးဇူးကန်းနေမှတော့ နံပါတ်တစ်ဆယ်သတ္တုတွင်းက သတ္တုတွင်းကျွန်တွေနဲ့ အတူတူ သေလိုက်ကြတော့..."

အေးစက်သောအသံက လှိုဏ်ဂူတစ်ဂူလုံးတွင် ပဲ့တင်ထပ်သွားပေ၏။ ဤသည်က လက်ရှိနေရာတွင် ရှိနေသော သတ္တုတွင်းကျွန်များ အားလုံးကိုလည်း လုံးလုံးလျားလျား ထိတ်လန့်သွားစေခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင်မှ သူတို့ နောက်ဆုံးတွင် နားလည်သွားကြလေပြီ။

ဤလူများသည် သူတို့ကို သတ်ရန် ထွက်ပေါ်လာခဲ့ခြင်းပင်။ အချိန်တခဏအတွင်း သူတို့ထံတွင် ဒေါသများဖြင့် ပြည့်နှက်သွားတော့သည်။ သူတို့က စိတ်ပျက်အားငယ်စွာဖြင့် မေးလိုက်ကြ၏။

"ဘာလို့လဲ... ဘာလို့ ဒီလို ဖြစ်ရတာလဲ... ကျွန်တော်တို့က သတ္တုတွင်းကျွန်တွေ ဖြစ်ပြီးတော့ တန်ဖိုး မထားခံရဘူး ဆိုပေမဲ့... ကျွန်တော်တို့က နှစ်ပေါင်းများစွာကြာတဲ့အထိ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ပြီးတော့ ဖုန်းယွီဂိုဏ်းအတွက် သွေးမြေကျတဲ့အထိ ဂိုဏ်းအတွက် ဝန်ဆောင်မှုတွေ ပေးခဲ့ပါတယ်... မဟာ အာဏာရှင်... ကျွန်တော်တို့က ဘာအမှား လုပ်မိလို့လဲ... ဘာလို့ ဒီလောက် ကြီးမားတဲ့ လှုပ်ရှားမှုကြီးလုပ်ပြီး ကျွန်တော်တို့ကို သေဒဏ်ပေးချင်ရတာလဲ..."

"ပုရွက်ဆိတ် တစ်အုပ်... သေရင်လည်း သွားသေလိုက်ကြစမ်း... ဘာလို့ မေးခွန်းတွေ ဒီလောက်ထိ များနေရတာလဲ..."

ဤမေးခွန်းအတွက် မဟာအာဏာရှင်၏အဖြေမှာ အလွန်အမင်း အေးစက်ပြီး ရက်စက်လှသည်။

"သတ်..."

အမိန့်တစ်ခုနှင့်အတူ တာဝန်ခံများအားလုံး ချက်ချင်း လှုပ်ရှားလိုက်ကြ၏။ အချိန်တခဏအတွင်းတွင် ထိတ်လန့်ဖွယ် နတ်ဘုရားစွမ်းအားများ တလိမ့်လိမ့်ထလာသည်။ လွှမ်းမိုးနိုင်သော သတ်ဖြတ်လိုခြင်း အရှိန်အဝါများက သတ္တုတွင်းတစ်ခုလုံးကို ပြည့်နှက်သွားပေ၏။ ဤနေရာတွင်ရှိနေသူတိုင်းနီးပါး နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုအတွင်းသို့ ကျရောက်သွားကြသည်။

ယခုရောက်လာသော တာဝန်ခံတစ်ရာခန့်ထဲတွင် ဓမ္မသောင်းချီနယ်ပယ် ကျွမ်းကျင်သူဆယ်ဦးကျော်ပင် ရှိနေသည်။

ထိုလူများအနက် လေးဦးမှာ ဓမ္မသောင်းချီနယ်ပယ် ပထမအဆင့်တွင် ရှိကြသည်။ လူသုံးဦးသည် ဓမ္မသောင်းချီနယ်ပယ် ဒုတိယအဆင့်တွင် ရှိကြ၏။ နှစ်ဦးမှာ ဓမ္မသောင်းချီနယ်ပယ် တတိယအဆင့်တွင် ရှိကြသည်။ တစ်ဦးမှာ ဓမ္မသောင်းချီနယ်ပယ် စတုတ္ထအဆင့်တွင် ရှိနေသည်။ ထို့ပြင် ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့်ရှိသော မဟာအာဏာရှင်တစ်ဦးလည်း ရှိနေသည်။

ဤအင်အားတစ်ခုတည်းကပင် လက်ရှိနေရာတွင် ရှိနေသူတိုင်းကို ရှင်းလင်းပစ်ရန် လုံလောက်ပေ၏။ ထို့ထက်ပို၍ တစ်ဖက်တွင် ဤလူများသာမက တခြား ယန်သုံးပါးနယ်ပယ် အစွမ်းထက်ကျင့်ကြံသူများလည်း ရှိနေသည်။

ထို့ပြင် သူတို့အားလုံးသည် ကြေးနီကွင်းများဖြင့် ချည်နှောင်ခံထားရသဖြင့် စွမ်းအားများ ချိတ်ပိတ်ခံထားရလေရာ သတ္တုတွင်းကျွန်များအတွက် အသက်ရှင်သန်ရန် မျှော်လင့်ချက် လုံးဝမရှိချေ။

ဤအရေးကြီးသော အချိန်အခိုက်အတန့်တွင် ပြိုင်ဘက်ကင်းသော နတ်ဘုရားစွမ်းအားကို သယ်ဆောင်လာသည့် ကောင်းကင်ပြာရောင် ပုံရိပ်တစ်ခုက တိုက်ပွဲမြေပြင်သို့ ဆင်းသက်လာသည်။

All Chapters