ဝမ်ရှန်းမြို့တော်သခင် ရောက်လာပြီ
Vol. 113 Ch. 1689
“ဝိုး … ဝမ်ရှန်းမြို့တော်ရဲ့ မြို့တော်သခင်တောင်မှ လာရတာဟ၊ အိုးရန်မျိုးနွယ်က ဒီတစ်ခါတော့ အမြင့်ကို တကယ် တက်လှမ်းနိုင်ပြီနဲ့ တူတယ်”
လူတိုင်း တအံ့တဩ ရေရွတ်လာကြသည်။ ဝမ်ရှန်းမြို့တော်သခင်သည် ဤနယ်မြေတစ်ခွင်၌ အရေးပါသော အဆင့်အတန်း၌ ရှိသူ ဖြစ်ပြီး လူတိုင်း၊ မျိုးနွယ်စုတိုင်း အလေးထား၍ ဆက်ဆံရသူ ဖြစ်သည်။
သူ၏ အလေးထားခြင်းသာ ခံရလျင် အိုးရန်မျိုးနွယ်သည် ဤနယ်မြေတစ်ခွင်၌ စိတ်ရှိသလို သွားလာနိုင် လောက်သည်။
*ဧကန္တ အိုးရန်မျိုးနွယ်က အရင်က တောက်ပခဲတဲ့အချိန်ကို ပြန်ရောက်တော့မှာလား*
ဤသည်ကိုမြင်သော် အိုးရန်ရှန့်ဖုန်းက ချက်ချင်း မှိုရသော မျက်နှာထား ဖြစ်သွားပြီး တမင်သက်သက် ချောင်းဟန့်လိုက်သည်။
“ဝမ်ရှန်း မြို့တော်သခင်က ကျုပ်ကို လာရှာတာလို့ ထင်တာပဲ”
ထိုအခါ အားလုံး၏ အကြည့်များက အိုးရန်ရှန့်ဖုန်းထံ တအံ့တဩ ကျရောက်လာသည်။ သူတို့သည် ဝမ်ရှန်း မြို့တော်သခင်ကလည်း ယဲ့ဖန်ကို လာရှာသည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်း၌ ထိုသို့ ဖြစ်ဟန်မတူချေ။
အိုးရန်ရှန့်ဖုန်းသည်လည်း သက်ပြင်းချလိုက်သည်။ နောက်ဆုံး၌ သူ့သိက္ခာ အဖက်ဆယ်နိုင်တော့ပေမည်။
ယဲ့ဖန်၏ မိတ်ဆွေများက နောက်ခံမသေးသော်လည်း သူတော်စင်အဆင့်များ မဟုတ်ချေ။ သူတို့သည် ဝမ်ရှန်းမြို့တော်သခင်နှင့် မယှဉ်နိုင်ပါ။
မကြာခင်မှာပင် ခံ့ညား၍ တည်ကြည်သော မျက်နှာထားနှင့် အမျိုးသားတစ်ယောက်က အားလုံးရှေ့သို့ ရောက်လာသည်။
အဝတ်အစားက ရိုးရှင်းပြီး ရှည်လျားသော ဆံပင်များက လွင့်နေကာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် တိမ်တိုက်များကို ဖြတ်သန်းလာသည်နှင့် သဏ္ဌာန်တူကာ ကြည့်ကောင်းပေ၏။
ဝမ်ရှန်းမြို့တော်၏ မြို့တော်သခင် ယွိချီ ဖုန့်ရှောင်။
ထိုအခိုက်တွင် အိုးရန်ကျန်းကဲ့သို့သော လူအိုကြီးတစ်ချို့တစ်လေမှလွဲ၍ ကျန်လူများအားလုံးက ယွိချီ ဖုန့်ရှောင်ရှေ့၌ ဒူးထောက်ကြသည်။
ဤသည်ကား အင်အားကို ပြသနေ၏။
ဘာမှကိုလုပ်စရာမလိုဘဲ အသွင်အပြင်၏ အရှိန်အဝါကပင် လူတိုင်းကို ဖိနှိပ်နိုင်ရန် လုံလောက်နေပြီး လူတိုင်းက လေးစား ကြည်ညိုနေရသည်။
ထိုအချိန်တွင် အိုးရန်ရှန့်ဖုန်းကလည်း ခပ်သွက်သွက် လျှောက်လာပြီး ယွိချီ ဖုန့်ရှောင်ရှေ့သို့ အလျင်အမြန်သွား၍ ဒူးထောက်လိုက်သည်။
“မြို့တော်သခင်ကို ကြိုဆိုပါတယ်၊ မသိလိုက်လို့ ခရီးဦးကြိုမပြုနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ”
ယွိချီ ဖုန့်ရှောင်က အိုးရန်ရှန့်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားကာ သူ့ဘေးနားမှ ဖုန်းလောင်ကို တစ်ချက် ကြည့်လိုက်သည်။
ထိုအခါမှသာ ဖုန်းလောင်က ရှင်းပြလေသည်.
“အိုးရန်မျိုးနွယ်က ဒုတိယ သခင်လေး၊ အိုးရန်ကျန်းရဲ့ ဒုတိယသားပါ”
ယွိချီ ဖုန့်ရှောင်က အိုးရန်ရှန့်ဖုန်းကိုပင် မသိမှန်း သိသာလှသည်။
ထိုစကားကိုကြားသော် ယွိချီ ဖုန့်ရှောင်သည် တစ်ဒင်္ဂမျှ မှင်တက်နေပြီးမှ အားပါးတရ ရယ်မော၍ သူ့အား အလျင်အမြန် ထစေသည်။
“ထပါ၊ တူလေးက ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး”
*တူလေး ဟုတ်လား*
ယွိချီဖုန့်ရှောင်၏ အိုးရန်ရှန့်ဖုန်းအပေါ် ခေါ်ဝေါ်သော အသုံးအနှုန်းနှင့် တက်ကြွသော အမူအရာကိုကြည့်ပြီး လူတိုင်း အံ့ဩသွားကြသည်။
*သူက တကယ်ပဲ အိုးရန်ရှန့်ဖုန်းကို လာရှာတာလား*
*ဒါပေမဲ့ အိုးရန်ချင်ရွှယ်ကလွဲရင် အိုးရန်မျိုးနွယ်ထဲမှာ ဘယ်သူက ယွိချီ ဖုန့်ရှောင် လာလည်ဖို့ ထိုက်တန်လို့လဲ*
ဤအိုးရန်ရှန့်ဖုန်းက တော်သော်လည်း အလွန် ထူးချွန်နေခြင်း မရှိပါ။ လူကြီးအများစုက အိုးရန်ရှန့်ဖုန်းသည် ဆိုးသွမ်းသည်ဟု ပြောကြ၏။
*ဒီလိုလူမျိုးကို ယွိချီဖုန့်ရှောင် မျက်နှာသာပေးစရာ ဘာရှိလို့လဲ*
ယွိချီ ဖုန့်ရှောင်၏ စိတ်အားထက်သန်သော အသံကိုကြားပြီး အိုးရန်ရှန့်ဖုန်းသည်လည်း အံ့ဩသွားကာ မယုံနိုင်သော မျက်နှာ အမူအရာ ဖြစ်သွားလေသည်။
*မဟုတ်မှလွဲရော နှစ်တွေ ဒီလောက်ကြာပြီးမှ ငါက နုံအတဲ့သူ မဟုတ်ဘူးဆိုတာကို သိတဲ့သူ တစ်ယောက် ထွက်ပေါ်လာပြီလား*
ထို့နောက်တွင်မူ အိုးရန်ရှန့်ဖုန်းက ယွိချီ ဖုန့်ရှောင်ကို ကြည့်လာပြီး ထိုအကြည့်က အလွန် ပြင်းပြနေပြီး မသိလျင် တုနှိုင်းမဲ့သော မိန်းမလှလေးကို ကြည့်နေသည်ဟုပင် ထင်မှတ်မှားရသည်။
သူ့စိတ်ထဲတွင် ယွိချီဖုန့်ရှောင်က သူ၏ ရေသောက်မြစ်ဟု မှတ်ယူနေ၏။ သူ့ကို တန်ဖိုးမထားလျင် ဘယ်လိုလုပ် တစ်ဖက်လူက သူ့ကို တက်တက်ကြွကြွ ပြောဆိုမည်နည်း။
အစက သူသည် ယဲ့ဖန်က သူ့ခေါင်းပေါ် နင်းသွားသဖြင့် မကျေမနပ် ဖြစ်ခဲ့သည်။ သို့သော် ယခု သူ၏ မပျော်ရွှင်သော စိတ်က လုံးဝ ပျောက်ကွယ်သွားသည်။
သူ ပျော်နေသည်။ သူ အလွန် ပျော်ရွှင်နေ၏။
သို့သော် အခြေအနေက ဤမျှနှင့် ရပ်မသွားချေ။
ယွိချီ ဖုန့်ရှောင်က အိုးရန်ရှန့်ဖုန်းကို ကိုယ်တိုင်ကိုယ်ကျ ထူမလိုက်ပြီးနောက် ဆက်ပြောလေသည်။
“မင်းက ဝမ်ရှန်းမြို့မှာ အလုပ်တစ်ခု ရှာချင်နေတာကို ငါ ကြားခဲ့တယ်၊ ငါ စောင့်ရှောက်သူ တစ်ယောက် လိုနေတာနဲ့ အတော်ပဲ၊ မင်း လုပ်နိုင်မလား ငါ သိချင်တယ်”
လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားကြသည်။
*အိုးရန်ရှန့်ဖုန်းကို ဝမ်ရှန်းမြို့ရဲ့ စောင့်ရှောက်သူအဖြစ် ခန့်မလို့လား၊ ဒါ ယွိချီဖုန့်ရှောင်က အိုးရန်ရှန့်ဖုန်းရဲ့ ခန္ဓာကိုယ်မှာ တန်ဖိုးတစ်ခု တပ်ပေးလိုက်သလို ဖြစ်မသွားဘူးလား*
အိုးရန်ရှန့်ဖုန်းက ယွိချီဖုန့်ရှောင်ဟူသော သူ၏လူဖြစ်ကြောင်း အခြားသူများ သိအောင် ပြောလိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် သူက အိုးရန်မျိုးနွယ်နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ချင်နေကြောင်း သိသာ ပေါ်လွင်နေ၏။
အိုးရန်ကျန်းသည်လည်း တစ်ခဏမျှ မှင်တက်နေပြီးမှ ဝမ်းသာဟန် ပေါ်လာသည်။
*ဒါကို နှစ်ထပ်ကွမ်း ပျော်ရွှင်မှုလို့ ခေါ်ရမလား*
သူ့မြေးက သူ့ကို အံ့ဩရအောင် လုပ်ရုံသာမက သူ့သားကပါ သူ့ကို မထင်မှတ်ထားသော တန်ဖိုးတစ်ခုကို ပေးစွမ်းလာ၏။
ယခုအချိန်မှစ၍ သူတို့ အိုးရန်မျိုးနွယ်သည် ကောင်းကင်ယံသို့ ထိုးတက်လာပေတော့မည်။
နတ်ဘုရားမျိုးနွယ်က မည်သို့ ရန်စလာပါစေ မှုစရာ မလိုတော့ချေ။
“ဟဲ့ကောင် နင် မြင်ပြီလား၊ ငါ့အဖေက နင့်ထက် နိမ့်ကျတဲ့သူ မဟုတ်ဘူး၊ နင်က ဘာတွေ လာဝင့်ကြွားနေတာလဲ”
အိုးရန်မိန်လင်က ယဲ့ဖန်ကို ချက်ချင်း သရော်လာ၏။
ယဲ့ဖန်က မိတ်ဆွေအပေါင်းအသင်း များသည်။ သို့သော် သူမဖခင်က ယွိချီ ဖုန့်ရှောင်၏ လူ ဖြစ်လာတော့မည် ဖြစ်သဖြင့် သူမ ယဲ့ဖန်ကို အဘယ်ကြောင့် ကြောက်ရမည်နည်း။
“ဟဲ့ကောင် နင့်နောက်ခံကို ထုတ်ပြရုံနဲ့ ငါတို့ကို ချုပ်ကိုင်နိုင်ပြီလို့ ထင်နေတာလား၊ အိပ်မက် မက်နေလိုက်တော့၊ ငါတို့ ရှန့်ဖုန်းနဲ့ဆိုရင် အိုးရန်မျိုးနွယ်ထဲမှာ ဘယ်တော့မှ နင့်အလှည့်ကို ရောက်လာမှာ မဟုတ်ဘူး”
အိုးရန်ရှန့်ဖုန်း၏ မိန်းမကလည်း မာန်တက်နေသော မျက်နှာနှင့် ကြိမ်းမောင်းလာသည်။
ဤမြင်ကွင်းက သားအမိနှစ်ယောက်၏ မျက်နှာကို ဝင်းပစေပြီး ခါးကိုမတ်ကာ တစ်ချက်ကြည့်ရုံနှင့် သူမတို့၏ မျက်နှာများက မောက်မာ ဝင့်ကြွားနေသည်ကို မြင်နေရသည်။
ဤသည်က မရှိဆင်းရဲသား ပညာသင်ဆုရ ကျောင်းသားက ပထမဆု ရရှိပြီး ဧကရာဇ်၏ အလေးပေးခြင်း ခံရသည့် အဖြစ်နှင့်ပင် ဆင်တူနေ၏။ သူတို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ထိုအခါ ယဲ့ဖန်က ပြုံးရုံမျှသာ ပြုံးနေပြီး ခွန်းတုံ့ပြန်ခြင်း မရှိချေ။
“ကျွန်တော် လုပ်ပါ့မယ်၊ ကျွန်တော် လုပ်ချင်တာပေါ့”
အိုးရန်ရှန့်ဖုန်းက ဆန်စေ့ကို ဆိတ်စားနေသော ကြက်တစ်ကောင်သဖွယ် ခေါင်းတဆတ်ဆတ် ညိတ်နေပြီး မေးရိုးပင် ပြုတ်တော့မည်ဟု ထင်မှတ်မှားရ၏။
ယခုအချိန်မှစ၍ သူသည် ယွိချီ ဖုန့်ရှောင်၏ လက်အောက်ငယ်သား ဖြစ်လာတော့မည် ဖြစ်သဖြင့် နောင်တွင် မည်သူက သူ့ကို ရန်စရဲမည်နည်း။
လွန်ခဲ့သော အချိန်ပိုင်းက သူသည် ယဲ့ဖန်၏ လွှမ်းမိုးခြင်း ခံခဲ့ရသည်။ သို့သော် နောင်တွင် အခြေအနေက မတူတော့ချေ။ ယွိချီ ဖုန့်ရှောင်က သူ့ကို ပံ့ပိုးပေးလျင် အိုးရန်ကျန်းတောင်မှ သူ့ကို မသိကျိုးကျွန် ပြုရဲမည် မဟုတ်ပါ။
နောက်အနာဂတ်၌ အိုးရန်မျိုးနွယ်ကို သူ အမိန့်ပေးလာနိုင်ပေမည်။
“ကြိုးစားရင် ငါ မင်းကို ပစ်မထားဘူး”
ယွိချီ ဖုန့်ရှောင်က အိုးရန်ရှန့်ဖုန်းကို ပခုံးပုတ်၍ တည်ကြက်သော မျက်နှာနှင့် အာမခံလေသည်။
“စိတ်ချပါ၊ ကျွန်တော် မြို့တော်သခင် မျှော်မှန်းထားတဲ့အတိုင်း သေချာပေါက် နေမှာပါ”
အိုးရန်ရှန့်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်နေလေသည်။
ထိုစဉ် ယွိချီ ဖုန့်ရှောင်က အိုးရန်ကျန်းထံ တန်း၍လျှောက်သွားပြီး ပြုံးပြလိုက်သည်။
“ညီလေးအိုးရန် ခင်ဗျားနာမည်ကို ကြားဖူးတာ ကြာပါပြီ၊ အခုမှပဲ ကျုပ် လာလည်ဖြစ်တော့တယ်”
အိုးရန်ကျန်း ချက်ချင်း ဝမ်းသာသွားသည်။ ယွိချီ ဖုန့်ရှောင်လိုလူကတောင် သူ့အပေါ် ယဉ်ကျေး၍ မသိမသာ ရိုကျိုးနေသဖြင့် သူ မှင်တက်သွားရသည်။
*ထူးဆန်းတယ်*
*တစ်ခုခုတော့ မှားနေသလိုပဲ*
ယွိချီဖုန့်ရှောင်က အိုးရန်ရှန့်ဖုန်းကို သူ့လက်အောက်သို့ ခေါ်သွားချင်လျင်တောင်မှ ဤမျှ နိမ့်ချနေရန် မလိုလောက်ဟု တွေးမိကာ လူတိုင်း တစ်ခုခု ထူးဆန်းနေကြောင်း သတိပြုမိလာသည်။
*လာချင်နေတာ ကြာပြီ၊ အခုမှပဲ လာလည်ဖြစ်တော့တယ်တဲ့၊ သောက်ရေးမပါတဲ့ စကားပါကွာ*
*အိုးရန်မျိုးနွယ်နဲ့ ဝမ်ရှန်းမြို့တော်က သိပ်မှမဝေးတာ၊ ဒါပေမဲ့ ယွိချီဖုန့်ရှောင်က တစ်ခါတောင် လာမလည်ဘူးလေ၊ သူ မပြောနဲ့ သူ့လက်အောက်ငယ်သားတွေတောင် မလာတာကို*
ဤသည်က ယွိချီဖုန့်ရှောင်က အိုးရန်မျိုးနွယ်ကို မျက်လုံးထဲ မထည့်ကြောင်း သိသာလှသည်။ ယနေ့ အပြုအမူက အတော်လေး မူမမှန်ချေ။
“အစ်ကိုယွိချီကတော့ နောက်နေပြန်ပါပြီ၊ ဒီညီငယ်က ဘယ်လိုလုပ် ကြိုဆိုရဲပါ့မလဲ”
အိုးရန်ကျန်းက အလျင်အမြန် လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပေးကာ ပြုံးလိုက်သည်။ သူ့အရှေ့မှလူသည် အင်အားကြီးသူ တစ်ယောက်ဖြစ်ပြီး လောကတွင်း၌ ကြီးကျယ်သော စီးပွားရေးသမား တစ်ယောက် ဖြစ်ကာ ကိုးပြည်နယ် တစ်ခုလုံး၌ အဆက်အသွယ်များ ရှိပြီး လူအများက သူ့ထံလာ၍ ပူးပေါင်းရန် ပြောဆိုရသည်။
ယွိချီ ဖုန့်ရှောင် တိုက်ခိုက်သည်ကို မည်သူမှ မမြင်ဖူးသော်လည်း နောက်ပိုင်း၌ သူတော်စင်အဆင့်များက သူနှင့် မတိုက်ခိုက်ရဲကြောင်း သူတို့ သိလိုက်ရသည်။
အိုးရန်ကျန်းသည် သူတော်စင်အဆင့် ဖြစ်သော်လည်း ယွိချီ ဖုန့်ရှောင်နှင့် ရင်ဆိုင်ရပါက စိုးရိမ်သလို ခံစားနေရဆဲပင်။
အရှိန်အဝါတွင် ယွိချီ ဖုန့်ရှောင် တစ်ဝက်မျှ ပိုသာနေ၏။
“ကျုပ် ဒီနေ့ အလျင်စလို လာခဲ့ရလို့ လက်ဆောင် ကောင်းကောင်းလေး မသယ်လာမိဘူး၊ အဲ့ဒါကြောင့် ကျုပ် ဝမ်ရှန်းမြို့က ဆိုင်ဆယ့်သုံးဆိုင်ကို ခင်ဗျားကို အငှားချပေးမယ်ဆိုရင်ရော ဘယ်လိုလဲ”
ယွိချီ ဖုန့်ရှောင်က အပြုံးနှင့် ပြောလိုက်သည်။
လူတိုင်း ပွက်လောရိုက်သွားကြကာ အံ့အားသင့်သွားလေသည်။
ဝမ်ရှန်းမြို့မှ ဆိုင်တစ်ဆိုင်သည် အလွန် ဈေးကြီးသည်။ ခိုင်မာသော နောက်ခံမရှိလျင် မြို့၌ ဆိုင်တစ်ဆိုင်ဖွင့်ရနန် မတွေးနိုင်ချေ။
အိုးရန်ကျန်းတောင်မှ ဆိုင်နှစ်ဆိုင်သာ ဖွင့်နိုင်၏။
သို့သော် ဆိုင်နှစ်ဆိုင်သာ ရှိသော်လည်း ၎င်းတို့မှရသော စိတ်ဝိညာဉ် သလင်းကျောက်က မျိုးနွယ်တစ်ခုလုံး၏ ကုန်ကျစရိတ်ကို ထောက်ပံ့နိုင်ပေသည်။
ဆိုင်ဆယ်သုံးဆိုင်ကိုသာ အငှားချပေးပါက အိုးရန်မျိုးနွယ်တစ်ခုလုံး ချမ်းသာလာမည် မဟုတ်ပါလော။
ကျင့်ကြံခြင်း လောက၌ စိတ်ဝိညာဉ် သလင်းကျောက်အား ငွေကြေးအဖြစ် အသုံးပြုသည်။ အကြောင်းမှာ ကျင့်ကြံခြင်းက စိတ်ဝိညာဉ် သလင်းကျောက်များစွာကို သုံးစွဲရသောကြောင့်ပင်တည်း။
ဝိညာဉ် သလင်းကျောက် အရေအတွက်က မိသားစုတစ်ခု၏ အင်အားကို တိုက်ရိုက် ပြသနေသည်။ အရင်းအမြစ် များလေ၊ မိသားစုတွင်းမှ ကလေးများ၏ ကျင့်ကြံမှုက မြန်ဆန်လေ ဖြစ်သည်။
ယွိချီဖုန့်ရှောင်က အိုးရန်မျိုးနွယ်ကို အခွင့်အရေးတစ်ခု ပေးလိုက်ခြင်းပင်။
ထိုစကားကိုကြားသော် အိုးရန်မျိုးနွယ်ဝင်များအားလုံး အလွန် စိတ်လှုပ်ရှားလာ၏။
*ငါတို့ အိုးရန်မျိုးနွယ် မြင့်တက်လာတော့မှာပဲ*
ကျန်လူများသည်လည်း မျက်လုံးများ အရောင်တောက်လာ၏။
*ဆိုင်ဆယ့်သုံးဆိုင်၊ ဒါဆို သူတို့ တစ်နှစ်ကို စိတ်ဝိညာဉ် သလင်းကျောက် ဘယ်လောက်တောင် ရလာမှာလဲ*
“အစ်ကိုကြီး ဒီလိုလုပ်လို့ မဖြစ်ပါဘူး”
အိုးရန်ကျန်းက အလျင်အမြန် လက်ကာပြသည်။ သူ ဘယ်လိုလုပ် ဤမျှ ကြီးမားသော လက်ဆောင်ကို လက်ခံရဲပါမည်နည်း။
“ဟ … ခင်ဗျားနဲ့ ကျုပ်က ညီအစ်ကိုတွေ ဖြစ်နေပြီဆိုမှတော့ ဒီလို လက်ဆောင်လေး ပေးတာ ဘာဖြစ်သလဲ၊ နောက်အနာဂတ်မှာ ကောင်းစားလာရင် ကျုပ်ကို သတိရရင် ရပါပြီ ညီလေးရာ”
ယွိချီဖုန့်ရှောင်က ရယ်၍ အိုးရန်ကျန်းကို ပခုံးပုတ်လိုက်သည်။
အိုးရန်ကျန်း ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။ ယွိချီဖုန့်ရှောင်က စီးပွားရေးသမားမှန်း သူ သိသည်။ စီးပွားရေး သမားများသည် သူတို့ အကျိုးအမြတ် ရမည့်အရာများတွင်သာ မျက်စိကျမှန်းလည်း သူ သိပေသည်။
ယွိချီ ဖုန့်ရှောင်သည် ဘယ်သောအခါမှ အကျိုးအမြတ် မရှိဘဲ ကြံစည်ခြင်း မရှိပေ။ သို့သော် သူတို့ အိုးရန်မျိုးနွယ်က ဘာများ တန်ဖိုးကြီးနေ၍ တစ်ဖက်လူက မျက်နှာလုပ်နေသလဲဆိုသည်ကို အိုးရန်ကျန်း နားမလည်နိုင်ချေ။
သို့သော် လက်ရှိတွင် စကားလုံးများကို မျိုသိပ်ထားလိုက်ရသည်။ ယွိချီဖုန့်ရှောင်၏ လက်ဆောင်ကို ငြင်းပယ်ပါက မောက်မာရာ ကျသွားပေလိမ့်မည်။
အိုးရန်ကျန်း လက်နှစ်ဖက်ကိုဆုပ်၍ အရိုအသေပေးကာ ပြောလိုက်ရသည်။
“ကျေးဇူးတင်ပါတယ် အစ်ကို”
“ဟားဟား ရပါတယ်ကွာ”
ယွိချီ ဖုန့်ရှောင်က ရယ်မောနေပြီး ပိုပို၍ ပျော်ရွှင်လာသည်။ ထိုစကားအဆုံး၌ ယွိချီ ဖုန့်ရှောင်က လိုရင်းကို ပြောတော့မည် ဖြစ်ကြောင်း အိုးရန်ကျန်း ရိပ်မိလိုက်သည်။
မကြာခင်မှာပင် ယွိချီ ဖုန့်ရှောင်၏ မျက်လုံးက တစ်စုံတစ်ခုကို ရှာနေသကဲ့သို့ လူအုပ်ကြီးကို ဝေ့ဝဲကြည့်လာ၏။ သူသည်သာမက သူ့အနားမှ သခင်လေး ယွိချီနှင့် ဖုန်းလောင်တို့ကလည်း ကူ၍ ရှာနေကြသည်။
“အစ်ကိုကြီး ခင်ဗျား ဘယ်သူ့ကို ရှာနေပါသလဲ”
အိုးရန်ကျန်း အလျင်အမြန် မေးလိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင် တစ်ဖက်လူ၌ ရည်ရွယ်ချက် ရှိနေသည်။
ထိုအခါ ယွိချီ ဖုန့်ရှောင်က သူ့ဘက်လှည့်လာပြီး တရိုတသေ မေးလာသည်။
“ဒါနဲ့ မင်းအိမ်မှာ ယဲ့မျိုးရိုးနာမည်နဲ့ လူငယ်လေးတစ်ယောက် ရှိသလား”
*ယဲ့မျိုးရိုးနာမည်နဲ့ လူငယ်တစ်ယောက်လား*
ဧည့်သည်တော်များအားလုံး ပဟေဠိ ဖြစ်သွားကြသည်။
*လတ်စသက်တော့ ယွိချီ ဖုန့်ရှောင် ဒီကို လာလည်ရတဲ့ ရည်ရွယ်ချက်က ယဲ့မျိုးရိုးနာမည်နဲ့လူကို ရှာဖို့ ဖြစ်နေတာပါလား*
*ဒါပေမဲ့ ယဲ့မျိုးရိုးနာမည်နဲ့ မိသားစုကြီးလည်း မရှိဘူး မဟုတ်လား*
ဧည့်သည်တော်များက မသိသော်လည်း အိုးရန်မျိုးနွယ်ဝင်များ သိပေသည်။ ထိုအခိုက်တွင် သူတို့သည် ဓာတ်လိုက်သကဲ့သို့ မလှုပ်မယှက် ဖြစ်နေကြပြီး ကြက်သေ သေနေ၏။
*မဟုတ်မှလွဲရော…*
အိုးရန်ကျန်း အံ့ဩသွားသည်။ သူ အစိုးရိမ်ဆုံး ကိစ္စ ဖြစ်လာလေပြီ။ တစ်ဖက်လူက ယဲ့ဖန်ကို လာရှာနေ ပါတကား။