လူကြီးမင်းယဲ့ကို အရိုအသေ ပေးပါတယ်
Vol. 113 Ch. 1690
*သွားပြီ*
*ယွိချီ ဖုန့်ရှောင်က တကယ် လက်စားချေဖို့ ကိုယ်တိုင် လာတာပဲ၊ ဘယ်သူက တားနိုင်တော့မှာလဲ*
အိုးရန်မျိုးနွယ်တစ်ခုလုံးမှ လူများအားလုံး ကြောက်လန့်တကြား ဖြစ်လာကြသည်။
*ခုနက ယွိချီ ဖုန့်ရှောင်ပေးတဲ့ အကျိုးအမြတ်ကို လျော်ကြေးလို့ သတ်မှတ်လိုက်ရမှာလား*
*တစ်နည်းပြောရရင် ဒါ ယဲ့ဖန်ရဲ့ အသက်နဲ့ လဲလိုက်တဲ့ တန်ကြေးပေါ့*
လက်စားချေနိုင်ရုံသာမက အိုးရန်မျိုးနွယ်ကို ပြောစရာ စကားမဲ့အောင် ပြုလုပ်ခဲ့သည်။ ဤယွိချီ ဖုန့်ရှောင်က လောက၌ ကြီးကျယ်သော စီးပွားရေးသမားတစ်ယောက် ဖြစ်ထိုက်ပေ၏။
“ဟားဟားဟား ယဲ့ဖန် နင် မြင်ပြီလား၊ ယွိချီ ဖုန့်ရှောင်ကိုယ်တိုင် ရောက်လာပြီ၊ နင်တော့ ကံဆိုးပြီပဲ”
အိုးရန်မိန်လင်က ကျေနပ်အားရစွာ ပြောလာသည်။
“နင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်နေတဲ့စိတ်က တန်ကြေးပေးဆပ်ရတော့မယ်၊ ဂြိုဟ်ကောင် နင် သေဖို့ စောင့်နေလိုက်တော့”
အိုးရန်ရှောက်ကျွင်းကလည်း လှောင်ရယ်လေသည်။
သူ့မျက်နှာတွင် အတော်လေး မာန်တက်နေသော အမူအရာ ပေါ်နေပြီး ယဲ့ဖန် အသတ်ခံရမည့် အချိန်ကို စောင့်မျှော်နေ၏။
“အရူး မင်း ယွိချီဖုန့်ရှောင်ကို ရန်စမိရင် မင်းအဘိုးတောင်မှ မင်းကို မကယ်နိုင်ဘူး၊ မင်းမှာ နောက်ဆုံးစကားအဖြစ် ပြောစရာရှိရင် အခု မြန်မြန် ပြောထား”
အိုးရန်ရှန့်ဖုန်း၏ မိန်းမကလည်း ယဲ့ဖန် သေတော့မည်ဟု တွေးကာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
*ဒီမျိုးမစစ်ကောင် သေသွားရင် နောက်ဆို ဘယ်သူက ငါတို့ကို စိန်ခေါ်ရဲတော့မှာလဲ*
*မိသားစုခေါင်းဆောင်နေရာက ငါတို့အပိုင် ဖြစ်လာတော့မှာ*
တစ်ဖက်တွင် ယဲ့ဖန်မှာမူ တည်ငြိမ်မြဲ တည်ငြိမ်နေပြီး ပြုံးရုံသာပြုံး၍ ဘာမှမလုပ်ချေ။
“အရူးတွေ ယွိချီဖုန့်ရှောင်က ငါ့ဆရာကို မသတ်ရဲဘူး”
အိုးရန်ယွင်က အေးစက်စွာ ပျက်ရယ်ပြုလိုက်ပြီး ဤလူများ၏ မျက်နှာများအား မြင်နေရသည်ကို စိတ်ပျက် နေမိသည်။
သူတို့က နားကန်းတစ်လုံးမှ နားမလည်သော်လည်း အရာအားလုံးကို သိသည်ဟု ထင်နေကြသည်။
“ယွိချီဖုန့်ရှောင်က သူ့ကို မသတ်ရဲဘူး ဟုတ်လား၊ အိုးရန်ယွင် မင်းလည်း အဲ့ကောင်အနားမှာ ရှိနေတာ ကြာလာလို့ သူ့လို ဆင်ခြင်ဉာဏ်မဲ့နေပြီနဲ့တူတယ်”
အိုးရန်ရှန့်ဖုန်း၏မိခင်က ခေါင်းခါ၍ မချိုမချဉ် မျက်နှာပေးနှင့် ပြောလိုက်သည်.
“ဒီကောင်မလေးက အရင်က တော်ပါတယ်၊ အခု သူနဲ့ ရက်နည်းနည်းလောက်ပဲ နေလိုက်တာ စိတ်မမှန်တော့ဘူး၊ ထင်တဲ့အတိုင်းပဲ ဆင်ခြင်ဉာဏ်မရှိခြင်းက အနေနီးရင် ကူးစက်တတ်တာပဲ”
“ရှင်”
အိုးရန်ယွင် ဒေါသကြောင့် မျက်နှာနီလာသည်။
လူတစ်စုက ယဲ့ဖန် ဒုက္ခကြုံတွေ့ရသည်ကို မြင်တွေ့ရန် စောင့်မျှော်နေပါတကား။
ထိုအချိန်တွင် အိုးရန်ကျန်းက သုန်မှုန်နေသော မျက်နှာနှင့် ဝင်ပြောလာ၏။
“အစ်ကို ယွိချီ၊ ကျုပ်မြေးက ခင်ဗျားကို မတော်တဆ ရန်စမိမှန်း ကျုပ် သိပါတယ်၊ သူ့အစား ကျုပ် တောင်းပန်ပါရစေ၊ တစ်ခုခု အမှားလုပ်ခဲ့မိရင် လူငယ်မို့လို့ မသိတတ်သေးတာလို့ တွေးပေးဖို့ မျှော်လင့်ပါတယ်”
“တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင် ကျုပ်တို့ လျော်ကြေး ပေးပါ့မယ်၊ ပမာဏသာ သတ်မှတ်လိုက်ပါ”
အိုးရန်ကျန်းက ယွိချီဖုန့်ရှောင်ကို လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးကာ အလေးအနက် ပြောဆိုလိုက်သည်။ သူ့စကားတွင် တောင်းပန်ခယမှုတို့ ပြည့်နှက်နေ၏။
“ကျုပ် သဘောမတူဘူး၊ ဘာလို့ သူ့အမှားအတွက် ကျုပ်တို့က တာဝန်ယူရမှာလဲ”
အိုးရန်ရှန့်ဖုန်းက ချက်ချင်း ရှေ့ထွက်၍ အော်ဟစ်ကာ အိုးရန်ကျန်းအား အလွန် ရိုင်းပျစွာ စူးစိုက်ကြည့်လာသည်။
“ယဲ့ဖန်က မြို့တော်သခင်ကို ရန်စခဲ့တာ၊ သူ ပြန်ပေးဆပ်သင့်တယ်၊ သူ့ကို ဒီတစ်ခါ သက်ညှာပေးလိုက်ရင် နောက်တစ်ခါဆို ဓားနဲ့တောင် ထိုးလောက်တယ်”
ထိုသို့သောအချိန်၌ သူသည် ယွိချီဖုန့်ရှောင်ကို ခေါင်းစဉ်တပ်၍ ပြောဆိုနေသည်။ သူ့ကိုယ်သူ ယွိချီဖုန့်ရှောင်၏ လူဖြစ်သွားပြီဟု ထင်နေကာ ယွိချီဖုန့်ရှောင်ကိုယ်စား ပြောဆိုနေ၏။ ထို့အပြင် သူကိုယ်တိုင်ကလည်း ယဲ့ဖန်ကို သတ်ချင်စိတ် ပြင်းပြနေသည်။
“ရှန့်ဖုန်း မင်း ….”
အိုးရန်ကျန်းက အိုးရန်ရှန့်ဖုန်းကို ဒေါသတကြီး ကြည့်လိုက်မိသည်။ အိုးရန်ရှန့်ဖုန်းက အမြင့်သို့ တက်နိုင်သည်နှင့် ပြဿနာ ရှာနေပါတကား။
“အဖေ၊ အဖေက အသက်ကြီးလာတော့ တွေဝေလာပြီ၊ အဖေက ဒီမြေးကို ရတနာလို တန်ဖိုးထားနေတယ်၊ ဒါပေမဲ့ ဒီကောင်က ပြဿနာအိုးလေ၊ ကျွန်တော်သာ အဖေ့နေရာမှာဆိုရင် သူ့ကို သတ်မိလောက်တယ်”
အိုးရန်ရှန့်ဖုန်းက အထင်အမြင်သေးစွာ ပြုံးနေပြီး သူ့ဖခင်အား မခန့်လေးစားဟန်ဖြင့် ကြည့်နေသည်။ ယခင်ကဆိုလျင် သူသည် အိုးရန်ကျန်းက ဤသို့သော အပြုအမူနှင့် တစ်ခါမှ မပြောဆိုရဲပါ။ ယခုအခါတွင်တော့ မတူတော့ချေ။ သူ့အနောက်၌ ယွိချီ ဖုန့်ရှောင် ရှိနေပြီ မဟုတ်ပါလော။
အိုးရန်ကျန်းကိုတောင်မှ သူ အရေးလုပ်စရာ မလိုတော့ပါ။
“မင်း … ကောင်းပြီလေ”
အိုးရန်ကျန်း အံကြိတ်လိုက်ပြီး စားသောက်ရန် တူကို ကောက်ကိုင်လိုက်သော်လည်း တူကို ပြန်ချကာ အိုးရန်ရှန့်ဖုန်းလို ဆန်ကုန်မြေလေးကို မွေးမိသည့်အတွက် ကျိန်ဆဲနေမိသည်။
အိုးရန်ရှန့်ဖုန်းသည်လည်း သူနှင့် ပြိုင်ပြောရန် ပျင်းရိလွန်းသဖြင့် ထောင့်နား၌ ရှိနေသော ယဲ့ဖန်ကို ပေါ်တင် လက်ညှိုးထိုးလိုက်သည်။
“မြို့တော်သခင်၊ အရှင် ရှာနေတဲ့ ကောင်က ဟိုမှာပါ”
ချက်ချင်းဆိုသလိုပင် လူအများက ရှဲခနဲ လမ်းဖယ်သွားကြပြီး ထောင့်နားမှ စားပွဲ၌ ထိုင်၍ အေးအေးလူလူ သောက်နေသော ယဲ့ဖန်က ယွိချီ ဖုန့်ရှောင်၏ မြင်ကွင်းထဲသို့ အထင်းသား ဝင်လာသည်။
*သေပြီပဲ*
ဤသည်ကိုမြင်သော် အိုးရန်မိန်လင်နှင့် အခြားသူများ၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်ဟန် ပေါ်လာသည်။ ယခု ယဲ့ဖန်ကို ကယ်ရန် ခက်ခဲသွားလေပြီ။
“ဒေါက် ဒေါက် ဒေါက်”
ယွိချီ ဖုန့်ရှောင်က ရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်း၍ ယဲ့ဖန်ထံ လျှောက်သွားသည်။ ဤသည်ကိုမြင်သော် လူတိုင်း ရင်တုန်လာပြီး လည်ချောင်းထဲမှ နှလုံးခုန်ထွက်လာတော့မလားဟုပင် ထင်မှတ်မှားရသည်။
သို့သော် ယဲ့ဖန်က ယခုအထိ ဘာမှဖြစ်ဟန်မတူဘဲ သူ့အရှေ့၌ ရှိနေသော အိုးရန်ယွင်ကိုသာ စကားစလိုက်သည်။
“ဝိုင်ငှဲ့ပေး”
အိုးရန်ယွင်ကလည်း ဆရာဖြစ်သူ၏ တည်ငြိမ်မှုကို အတုမြင် အတတ်သင် ဖြစ်သွားပြီး တည်ငြိမ်စွာဖြင့် ယဲ့ဖန်အတွက် ဝိုင်ငှဲ့ပေးလေသည်။
*သောက်ကျိုးနည်း*
ဤသည်ကိုမြင်သော် လူတိုင်း အံ့အားသင့်သွားကြသည်။ ယွိချီ ဖုန့်ရှောင်က အပြစ်ရှာရန် လာခြင်း ဖြစ်သည်ကို သူတို့အားလုံး တွေ့သော်လည်း သူက ဘာမှမဖြစ်သည့်ပုံပင်။
*ဒီလူ ရူးနေတာလား၊ ယွိချီ ဖုန့်ရှောင်က သူ့ကို သတ်မယ်ဆိုတာကို သိနေတာတောင် ထွက်မပြေးသေးဘူးလား*
“နင်က တကယ် ဟန်ဆောင်ကောင်းတာပဲ၊ နင် သေခါနီးနေတာတောင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်ချင် သေးတာလား၊ ရူးပါ့ဟယ်”
အိုးရန်မိန်လင်က အထင်သေးသော မျက်နှာထားဖြင့် အေးတိအေးစက် ခနဲ့လေသည်။
“မသာက ဒီလိုလုပ်တာ ဘာဖြစ်လဲကွာ၊ မင်းမှာ အချိန်ပိုနေရင် သူ ဘယ်လိုသေမလဲ မှန်းကြည့်ပါလား”
အိုးရန်ရှောက်ကျွင်းက ရယ်မောလိုက်ပြီး ယဲ့ဖန်၏ ဆိုးရွားသော အခြေအနေကို မြင်ရရန် စောင့်မျှော် နေလေသည်။
အိုးရန်ကျန်း ချွေးပြန်နေပြီး အနောက်မှ အသည်းအသန် လိုက်လာသည်။
ထိုအချိန်တွင် ယွိချီ ဖုန့်ရှောင်တို့ သုံးယောက်က ယဲ့ဖန်အရှေ့၌ မတ်တပ်ရပ်နေပြီ ဖြစ်သည်။ သို့သော် ယဲ့ဖန်က လှည့်မကြည့်ဘဲ သူ့ဝိုင်ခွက်ကိုသာ ဆက်သောက်နေ၏။
“ဒီဝိုင်က နည်းနည်း ပြင်းတယ်”
ယဲ့ဖန်က လျှာသပ်၍ မနှစ်သက်သလို ပြောလိုက်သည်။
*သေချင်နေတာပဲ*
လူတိုင်း အံ့ဩသွားသည်။ သူတို့ အခု စိတ်လှုပ်ရှားလွန်း၍ သေမတတ် ဖြစ်နေသော်လည်း သူတို့အရှေ့မှ လူငယ်လေးက ခံစားချက် ကင်းမဲ့နေသည်။
*ဒီကောင်လေး တကယ် သေမှာ မကြောက်ဘူးလား*
*ယွိချီ ဖုန့်ရှောင် ဒီရောက်နေတာကို မမြင်ဘူးလား*
လက်ရှိတွင် သူတို့အားလုံးက ယဲ့ဖန်ကိုယ်စား ချွေးပြန်နေသော်လည်း ယဲ့ဖန်က လုံးဝ အရေးမစိုက်ချေ။
*အရူး*
*တကယ် ရူးနေတာပဲ*
*ဒီလိုအချိန်မှာတောင် ဝိုင်အရသာကို ဝေဖန်ချင်တဲ့စိတ် ရှိသေးတာလား*
“ငနာလေး မင်း ထပြီး မြို့တော်သခင်ကို မတောင်းပန်သေးဘူးလား”
အိုးရန်ကျန်းကလည်း ယဲ့ဖန်ကို ဆူပူလိုက်သည်။ သူ့စိတ်ထဲ၌ ကောက်ဆဲချင်စိတ်ပင် ပေါက်နေ၏။
*ဒီသေနာလေးက ဘာလို့ လုံးဝ အမြင်မရှိတာလဲ၊ အားလုံး သူ့ရှေ့ရောက်နေတာကို မမြင်ဘူးလား*
*ဒီလောက်အထိ မောက်မာရဲတင်းနေတာ၊ တစ်ဖက်လူရဲ့ ဒေါသကို တမင် ဆွပေးနေတာ မဟုတ်ဘူးလား*
သို့သော် အိုးရန်ကျန်း၏ ဆူပူသံအဆုံးတွင် ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ယွိချီ ဖုန့်ရှောင်က တဖြည်းဖြည်း ကိုယ်ကိုကိုင်း၍ လက်သီးနှစ်ဖက်ကိုဆုပ်၍ အရိုအသေပေးကာ တရိုတသေ ဦးညွှတ်လေသည်။
“လူကြီးမင်းယဲ့ကို အရိုအသေ ပေးပါတယ်”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လက်ရှိတွင် အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေပြီး ယင်ကောင်ပင် ဥဝင်ဥ၍ ရနေလေပြီ။
ထိုသို့သောအချိန်၌ တစ်ယောက်ပြီး တစ်ယောက်က ယွိချီ ဖုန့်ရှောင်အား ကြောက်လန့်တကြား ကြည့်နေ ကြသည်။ အားလုံး အတွေးထဲ ဗလာဖြစ်နေ၏။
ခန်းမထဲ၌ အံ့ဩစရာကောင်းသော အသံကိုသာ ပဲ့တင်ထပ်၍ ကြားယောင်နေသည်။
*လူကြီးမင်းယဲ့ကို အရိုအသေ ပေးပါတယ် ဟုတ်လား*
အသံက မကျယ်သော်လည်း အားလုံး၏ စိတ်ထဲ၌ ကျယ်လောင်စွာ ရိုက်ခတ်နေ၏။
*ငါတို့ ဘာကြားလိုက်တာလဲ*
*ငါတို့ ဘာတွေမြင်လိုက်တာလဲ*
*ဝမ်ရှန်းမြို့ရဲ့ မြို့တော်သခင်က ထူးဆန်းတဲ့ လူငယ်လေးတစ်ယောက်ကို ဦးညွှတ်ပြီးတော့ လူကြီးမင်းယဲ့လို့ ခေါ်နေတာလား*
*ဒီလောကထဲမှာ ဘယ်သူက ယွိချီ ဖုန့်ရှောင်ဆီကနေ ဒီလို အလေးအနက်ထားပြီး ဆက်ဆံတာ ခံရဖို့ ထိုက်တန် မှာလဲ*
*အမြင်မှားတာ*
*ဒါ အမြင်မှားတာပဲ ဖြစ်မယ်*
*ယီးပဲ အဲ့လူက ဘယ်သူလဲကွာ*
လူတိုင်း အံ့ဩနေကြပြီး မျက်လုံးတွင်း၌ အတောမသတ်နိုင်သော ကြောက်စိတ်များ ပြည့်နှက်နေ၏။ မသိလျင် သရဲသဘက်ကို မြင်တွေ့နေရသည့် အတိုင်းပင်။
အခြားသူများကို အရေးမစိုက်လျင်တောင်မှ အရှေ့၌ ရှိနေသူသည် ယွိချီ ဖုန့်ရှောင်ဖြစ်သည်။ အဘယ်သူကများ သူ၏ ဦးညွှတ် အရိုအသေပေးခြင်းကို ခံယူထိုက်သနည်း။
လူအုပ်ထဲ၌ ပွက်လောရိုက်သံများ ထွက်ပေါ်လာသည်။
လူတိုင်းဟုဆိုလျင် ချဲ့ကားပြောရာ ကျမည် မဟုတ်ပါ။ အကြောင်းမှာ အိုးရန်ကျန်းကိုယ်တိုင်တောင်မှ ကြောက်လန့်နေပြီး အသိစိတ်လွတ်မတတ် ဖြစ်နေသောကြောင့်ပင်တည်း။
တစ်ယောက်ပြီး တစ်ယောက် နေရာမှာတင် ကတုန်ကယင် ဖြစ်လာကြသည်။
*အံ့ဩဖို့ကောင်းလိုက်တာ*
*ထူးဆန်းလွန်းတယ်*
*ဒါ မဖြစ်နိုင်ဘူးလေ*
အိုးရန်ရှန့်ဖုန်းနှင့် အခြားသူများ၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားပြီး သွေးပျက်ဟန် ပေါ်လာသည်။
*ထပ်ပြီးတော့ ဒီလူပဲလား*
*သူနဲ့ပဲ ထပ်ပြီး ပတ်သတ်နေပြန်တာလား*
*ဘာလို့လဲ၊ ဘာလို့ ဒီလို ဖြစ်ရတာလဲ*
ချက်ချင်းဆိုသလိုပင် လူတိုင်း နားလည်သွားကြသည်။ နောက်ခံရှိသော သူများအားလုံးက ယဲ့ဖန်ကို တွေ့ရန် လာကြခြင်း ဖြစ်လေသည်။
သူတို့က အိုးရန်ကျန်း၏ မွေးနေ့ကို ဂုဏ်ပြုရန် လာသည်ဟု ပြောကြသော်လည်း တကယ်တမ်း၌ ယဲ့ဖန်ကို မျက်နှာလုပ်လိုခြင်း ဖြစ်ပေသည်။
ယခုအချိန်မှစ၍ သူတို့ အိုးရန်မျိုးနွယ်ကို သာမန်ကာလျှံကာဖြင့် မြင်၍ မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ အရှေ့မှ ဤလူငယ်ကြောင့် ဤမျိုးနွယ်က အမြင့်သို့ တက်လှမ်းနိုင်ပေတော့မည်။
အိုးရန်မျိုးနွယ်ဝင်များ အလွန်အမင်း ထိတ်လန့်နေကြသည်။ ယခုအချိန်မှစ၍ သူတို့ ယဲ့ဖန်ကို အကြွင်းမဲ့ ယုံကြည် သွားပေတော့မည်။
* ယွိချီ ဖုန့်ရှောင်တောင်မှ သူ့ကို အရိုအသေ ပေးရတယ်၊ ငါတို့ သခင်လေးက တကယ် အံ့ဩဖို့ကောင်းလိုက်တာ*
*သန်မာလွန်းတယ်*
*လွှမ်းမိုးနိုင်လွန်းတယ်*
*အင်အားကြီးတဲ့လူတွေကတောင် ကြောက်နေရတယ်*
လက်ရှိတွင် သူတို့စိတ်ထဲ၌ ယဲ့ဖန်အား ဖောက်ထွင်းမမြင်ရသော မြူခိုင်းတစ်ခုသဖွယ် မြင်ယောင်လာကြသည်။
*ထူးဆန်းလိုက်တာ*
အိုးရန်ကျန်းတောင်မှ နားဝေတိမ်တောင် ဖြစ်နေပြီး လက်များ တုန်ယင်နေ၏။ ဤမြင်ကွင်းက သူ့အား အလွန်အမင်း ထိတ်လန့်စေသည်။
သူတောင် ကြောက်လန့်ရသော၊ သူတောင် ဦးညွှတ်ရသော ပုဂ္ဂိုလ်က ဘုရင်အဆင့်သာ ရှိသော သူ့မြေးကို ဦးညွှတ်သည့်အပြင် လူကြီးမင်းဟုပင် ခေါ်ဝေါ်နေ၏။
ဤမြင်ကွင်းက သူ့ကို ကြက်သေ သေစေသည်။ ဘေးလူများထံမှ ဘာအသံမှ ထွက်မလာချေ။
မည်သူမှ စကားမပြောရဲဘဲ ငေးငိုင်နေကြသည်။ အားလုံး၏ ထိတ်လ့န်နေသော အကြည့်များက ယဲ့ဖန်ကိုယ်ပေါ်၌သာ ကပ်ညိနေပြီး ဘယ်ကိုမှ ထပ်မရွေ့တော့ချေ။
ဤမြင်ကွင်းက ရူးချင်စရာ ကောင်းလှသည်။
အိုးရန်ရှန့်ဖုန်း ငိုချင်လာသည်။ ယွိချီ ဖုန့်ရှောင်က သူ၏ ရေသောက်မြစ် မဟုတ်ဘဲ ယဲ့ဖန်၏ လက်ပါးစေသာ ဖြစ်ကြောင်း သူ နားလည်လိုက်သည်။
ယွိချီဖုန့်ရှောင်က အဘယ်ကြောင့် ရုတ်တရက် သူ့အား တက်တက်ကြွကြွ ဆက်ဆံနေသလဲကို သူလည်း သိချင်ခဲ့မိသည်။ ယွိချီဖုန့်ရှောင်၏ ယဲ့ဖန်အပေါ် အပြုအမူကို မြင်လိုက်ပြီးနောက် ဘာဖြစ်နေသလဲ ဆိုသည်ကို သူ ချက်ချင်း နားလည်သွားလေသည်။
ယဲ့ဖန်က ယွိချီဖုန့်ရှောင်ကို မကြည့်ဘဲ ဖုန်းလောင်ကို ကြည့်လိုက်သည်။
“ငါ မင်းကို သတိပေးခဲ့တယ် မဟုတ်လား၊ ဒါပေမဲ့ မင်းက ငါ့စကားကို မကြားသလို လုပ်ခဲ့တာပဲ၊ ဆိုတော့ မင်းက ငါ မင်းကို သတ်လာအောင် ဖိအားပေးနေတာလား”
*မောက်မာလွန်းတယ်*
*ဖိနှိပ်လွန်းတယ်*
*ယွိချိဖုန့်ရှောင်ရှေ့မှာတောင် သူ့သက်တော်စောင့်ကို ခြိမ်းခြောက်ရဲတာလား*
*ဒါ ရဲတင်းလွန်းတယ် မဟုတ်လား*
သို့သော် ယွိချီဖုန့်ရှောင်၏ မျက်နှာတွင် အလိုမကျဟန် နည်းနည်းလေးမှ မရှိပေ။ ထိုအစား သူက တောင်းပန်ဟန်ဖြင့် ပြုံး၍ ပြောလာသည်။
“ဖုန်းလောင်ကလည်း ဝမ်ရှန်းမြို့က နောက်အရူးတစ်ကောင် ခင်ဗျားကို ပြဿနာရှာမိမှာ စိုးရိမ်နေတာပါ၊ အဲ့ဒါကြောင့် သူက ကျုပ်ကို အမှန်အတိုင်း ပြောပြခဲ့တာပါ”
ထို့နောက် ယွိချီဖုန့်ရှောင်က ဖုန်းလောင်၏ ပခုံးကို ဖြောင်းခနဲရိုက်၍ ယဲ့ဖန်ရှေ့၌ မြေကြီးပေါ် ဒူးထောက်စေသည်။
တစ်ချိန်တည်းမှာပင် သူက ကြိမ်းမောင်းလိုက်သည်။
“အခုချိန်ထိ ဘာလုပ်ရမလဲ မသိသေးဘူးလား၊ လူကြီးမင်းယဲ့ကို ဘာလို့ မတောင်းပန်သေးတာလဲ”
ချက်ချင်းဆိုသလိုပင် အိုးရန်ရှောက်ကျွင်း ကြက်သေ သေသွားလေသည်။
*ယွိချီဖုန့်ရှောင်က ယဲ့ဖန်ဆီ လက်စားချေဖို့ လာတာ မဟုတ်ဘဲ တောင်းပန်ဖို့ လာတာလား*
*ဒါက …*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*