အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း (၁၇၉) ချမ်းသာရန် နည်းလမ်း တစ်ခုတည်းရှိသည်မဟုတ်
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဟင်းအနံ့က သင်းပျံ့လာပြီး မီးဖိုချောင်ထဲမှ ချီလန်၏ နူးညံ့သောအသံ ထွက်ပေါ်လာ၏။
"ချန်ဇီ... ပြန်ရောက်ပြီလား... မြန်မြန် လက်ဆေးပြီး ထမင်းစားရအောင်... ဒီနေ့ ရှင်အကြိုက်ဆုံး ဝက်နံရိုးဟင်းချို ချက်ထားတယ်..."
လဲ့ချန်က ဖိနပ်လဲစီး၍ ပြုံးကာ အသံပြုလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွား၏။ ထို့နောက် ချီလန်ကို နောက်ကျောမှ သိုင်းဖက်၍ သူမ၏ ပါးပြင်ကို နမ်းလိုက်သည်။
"မိန်းမ... ပင်ပန်းသွားပြီ..."
ချီလန်၏ မျက်နှာလေး နီရဲသွားပြီး သူ့ကို ညင်သာစွာ ရိုက်လိုက်၏။
"ချင်းချင်းနဲ့ အားကော်တို့ ရှိနေတာကို... မရှက်ဘူးလား..."
လဲ့ချင်းက အခန်းထဲမှ ခေါင်းပြူထွက်လာပြီး နောက်ပြောင်လိုက်သည်။
"ဟယ်... အစ်ကိုချန်... ဒီနေ့ အရောင်းအဝယ် ကောင်းတယ်ထင်တယ်... စိတ်တွေ အရမ်းကြည်နေပါလား..."
လဲ့ချန်က တဟားဟား ရယ်မောလိုက်ပြီး ချီလန်ကို လွှတ်ပေးလိုက်၏။ ထို့နောက် လက်ဆေး၍ ထမင်းစားစားပွဲရှေ့တွင် ဝင်ထိုင်လိုက်သည်။
လဲ့အားကော်က ထမင်းခူးထားပြီးသားဖြစ်ကာ သူ စားမည့်အချိန်ကိုသာ စောင့်နေခြင်း ဖြစ်၏။
"ဒီနေ့ ဈေးထဲမှာ ထူးဆန်းတဲ့ ကိစ္စတစ်ခုနဲ့ ကြုံခဲ့ရတယ်..."
လဲ့ချန်က ဟင်းချို တစ်ငုံသောက်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဘာကိစ္စလဲ... အစ်ကိုချန်..."
လဲ့အားကော်က ပါးစပ်ထဲတွင် ထမင်းများ ပြည့်နေသဖြင့် မပီမသ မေးလိုက်၏။
"ဘယ်ခွေးကောင်က ငါ့အရက်ထဲမှာ ရေရောတယ်ဆိုပြီး အမည်မဖော်ဘဲ တိုင်လိုက်တယ် မသိဘူး... မြို့နယ် ဆေးခန်းက လူတွေတောင် ရောက်လာကြတယ်..."
လဲ့အားကော်က ထိုစကားကို ကြားသည်နှင့် တစ်မုဟုတ်ချင်း ဒေါသအိုး ပေါက်ကွဲသွားပြီး စားပွဲကို ဒိုင်းခနဲ ရိုက်လိုက်သည်။
"ဘယ်ခွေးကောင်က အစ်ကိုချန် အရက်တု ရောင်းတယ်ဆိုပြီး တိုင်ရဲတာလဲ... အဲဒီကောင်ကို ငါဖမ်းမိလို့ကတော့ သွားကျိုးတဲ့အထိ ထိုးပစ်မယ်..."
လဲ့ချင်းကလည်း မျက်မှောင်ကြုတ်သွား၏။
"အစ်ကိုချန်... အဲ့တိုင်စာက ပြိုင်ဘက်တွေရဲ့ လက်ချက်များ ဖြစ်နေမလား... အစ်ကို့ရဲ့ မြွေအရက်လုပ်ငန်းက အခု အရမ်း အောင်မြင်နေတော့ မနာလိုတဲ့သူ သေချာပေါက်ရှိမှာပဲ..."
"ငါလည်း အဲလိုပဲ တွေးမိတယ်... ဒါပေမဲ့ ငါတို့က ဘာမှဖုံးကွယ်စရာမရှိဘူးလေ... ဆေးခန်းကလည်း စစ်ဆေးပြီးသွားပြီ... တိုင်းရင်းဆေးဆရာကလည်း အာမခံထားတာဆိုတော့ ငါတို့ ဘာမှမကြောက်ဘူး..."
ချီလန်က အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်ကာ လဲ့ချန်ကို ကြည့်လိုက်၏။
"ချန်ဇီ... ရှင်ပြောတာ မှန်ပေမဲ့ နောင်ကျရင် ဘယ်လိုလုပ်မလဲ... လူတွေက အမြဲတမ်း ပြဿနာလာရှာနေရင် လုပ်ငန်းကို ဘယ်လို ဆက်လုပ်မလဲ..."
လဲ့ချန်က ပြုံး၍ နှစ်သိမ့်လိုက်သည်။
"ကိစ္စမရှိပါဘူး... မိန်းမ... ချင်းချင်း... အားကော်... မင်းတို့ ဘာမှမစိုးရိမ်ကြနဲ့... ဒ္ကိစ္စက အလကား ကြော်ငြာပေးသလို ဖြစ်သွားပြီး ငါ့ရဲ့ မြွေအရက်ကို လူတွေ ပိုသိသွားတာပေါ့... ငါ့ကို တိုင်တဲ့ အဲဒီခွေးကောင်ကိုလည်း တစ်နေ့မဟုတ် တစ်နေ့ ငါ ဆွဲထုတ်ပြမယ်..."
သူက ခေတ္တမျှ ရပ်တန့်၍ ထပ်ပြောလိုက်၏။
"ဒါပေမဲ့ ချင်းချင်း ပြောတာ မှန်တယ်... နောင်ကျရင်လည်း အလားတူကိစ္စမျိုးတွေ သေချာပေါက် ထပ်ဖြစ်လာဦးမှာပဲ... ငါတို့ အရည်အသွေးကိုလည်း အာမခံနိုင်အောင်၊ ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်အောင်၊ ဆေးစွမ်းကိုလည်း ပိုကောင်းလာအောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခု စဉ်းစားဖို့ လိုတယ်..."
လဲ့ချင်း၏ မျက်လုံးများ အရောင်လက်သွားသည်။
"အစ်ကို... ကျွန်မမှာ အကြံရှိတယ်... ဆေးဖက်ဝင်အပင်တွေကို အမှုန့်ကြိတ်လိုက်ရင် ခန္ဓာကိုယ်က ပိုပြီး စုပ်ယူရ လွယ်ကူသွားတော့ ဆေးစွမ်းလည်း ပိုကောင်းသွားမှာပေါ့..."
လဲ့ချန်က ကြားသည်နှင့် ရုတ်ခြည်း သဘောပေါက်သွား၏။
"ဟေ... အကြံကောင်းပဲ... အမှုန့်ကြိတ်လိုက်ရင် ဆေးဖက်ဝင်အပင် အသုံးပြုရတဲ့ ပမာဏ တော်တော်လေး သက်သာသွားပြီး ကုန်ကျစရိတ်လည်း ကျသွားမှာပဲ..."
လဲ့အားကော်က ခေါင်းကို ကုတ်လိုက်သည်။
"အမှုန့်ကြိတ်ရမယ်... အဲဒါဆို အားတော်တော် စိုက်ရမှာပေါ့..."
လဲ့ချန်က တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်၏။
“အားကော်... မင်း မေ့နေတာလား... ငါတို့ဆီမှာ ရွှေရှန်း၊ ယွမ်ပေါင်နဲ့ ထျဲ့နျူဆိုတဲ့ ကောင်လေးတွေ ရှိသေးတယ်လေ... သူတို့ကို အလေ့အကျင့် ရသွားအောင် ခိုင်းလိုက်ပေါ့... သူတို့ရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းကိုလည်း လေ့ကျင့်ပေးရာ ရောက်တာပေါ့..."
"အစ်ကိုချန်... အစ်ကိုကတော့ တကယ်ပါပဲ..."
လဲ့အားကော်က လက်မထောင်ပြလိုက်သည်။
"ကျွန်တော်လည်း ဒ္အခွင့်အရေးကိုယူပြီး အဲဒီကောင်စုတ်လေးတွေကို ပညာပေးလို့ ရတာပေါ့... ပိုက်ဆံရှာရတာ မလွယ်ဘူးဆိုတာ သူတို့ကို သိစေရမယ်..."
"ကောင်းပါပြီ... အစ်ကိုချန်... ဆေးထောင်းတဲ့ ကိစ္စကို ကျွန်တော့်ကိုသာ လွှဲထားလိုက်..."
လဲ့အားကော်က ကြားသည်နှင့် တစ်မုဟုတ်ချင်း စိတ်အားထက်သန်လာပြီး အင်္ကျီလက်ကို ပင့်တင်ကာ အလုပ်စလုပ်ရန် ပြင်လိုက်၏။
လဲ့ချန်က ပြုံး၍ ခေါင်းခါလိုက်သည်။
"မလောပါနဲ့... အားကော်ရ... ငါတို့ အရင်ဆုံး ကျောက်ဆုံနဲ့ ထောင်းကြည့်ပြီး အခြေအနေကို စမ်းကြည့်ကြတာပေါ့..."
ထို့ကြောင့် လဲ့အားကော်က သူ၏ တပည့်သုံးယောက်ဖြစ်သော ရွှေရှန်း၊ ယွမ်ပေါင်နှင့် ထျဲ့နျူတို့ကို ခေါ်၍ ခြံနောက်ဘက်သို့ တစ်ခဲနက် ထွက်သွားကြပြီး အိမ်ရှိ အကြီးဆုံး ကျောက်ဆုံကြီးကို သယ်ထုတ်လာကြ၏။ လူငယ်လေးများက အလှည့်ကျ နေရာယူကာ နေလှန်းထားသော ဆေးဖက်ဝင်အပင်များကို ချွေးတလုံးလုံးဖြင့် ထောင်းကြသည်။
"ဟေးယိုး... ဟေးယိုး..."
တစ်၊ နှစ်၊ သုံး... ကျောက်ဆုံထဲမှ ထိုင်းမှိုင်းသော ထောင်းသံကြီး ထွက်ပေါ်လာပြီး ခြံဝန်းထဲတွင် ပဲ့တင်ထပ်သွား၏။
လဲ့ချန်နှင့် လဲ့ချင်းတို့က ဘေးမှ ရပ်ကြည့်နေကြပြီး လဲ့ချင်းက အောင့်မထားနိုင်ဘဲ ရယ်ချလိုက်သည်။
"အစ်ကို... သူတို့တွေကို ကြည့်ပါဦး... ဆန်မုန့် ထောင်းနေသလိုပဲ... အဲဒါကို ဘယ်အချိန်ထိ ထောင်းနေရမှာလဲ..."
လဲ့ချန်ကလည်း အချိန်ကုန်လွန်းသည်ဟု ခံစားမိ၏။ အတန်ကြာအောင် ထောင်းပြီးသောအခါ အမှုန့်အနည်းငယ်သာ
ရရှိပြီး အမှုန့် အရွယ်အစားများကလည်း မညီမညာ ဖြစ်နေသည်။
"ဒီကျောက်ဆုံက အဆင်မပြေလောက်ဘူး..."
လဲ့ချန်က မေးစေ့ကို ပွတ်၍ တွေးတောနေလိုက်၏။
"ချန်ဇီ... ရှင်သဘောတူရင် ကွန်မြူနစ်ရုံးကို သွားပြီး အသုံးပြုလို့ရမယ့် စက်ယန္တရားတွေရှိမရှိ မေးကြည့်ပေးရမလား..."
ချီလန်က ဘေးမှ အကြံပြုလိုက်သည်။
လဲ့ချန်၏ မျက်လုံးများ အရောင်လက်သွား၏။
"ဟေ... မိန်းမ... အကြံကောင်းပဲ... မင်း သွားစုံစမ်းကြည့်လိုက်ဦး... စွန့်ပစ်ထားတဲ့ ဆန်ကြိတ်စက်တွေ ဘာတွေများ ရှိမလားလို့လေ... တစ်ခုခု ပြောင်းလဲသုံးလို့ ရချင်ရနိုင်တယ်..."
ချီလန်က ခေါင်းညိတ်၍ အပြင်ဘက်သို့ ထွက်ရန် လှည့်လိုက်သည်။
"မိန်းမ... နေဦး..."
လဲ့ချန်က သူမကို လှမ်းခေါ်လိုက်ပြီး အိတ်ကပ်ထဲမှ သကြားလုံးတစ်ဆုပ်ကို ထုတ်၍ သူမလက်ထဲသို့ ထည့်ပေးလိုက်၏။
"ဒါလေး ယူသွား... လူတွေနဲ့ စကားပြောရင် ချိုချိုသာသာပြော..."
ချီလန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ညင်သာစွာ အပြစ်တင်လိုက်သည်။
"ကျွန်မကို ဘယ်လိုလူ မှတ်နေတာလဲ... ရှင်က သင်ပေးနေစရာ လိုသေးလို့လား..."
ထိုသို့ပြောပြီးနောက် ပြုံး၍ အိမ်ပြင်သို့ ထွက်သွား၏။
လဲ့ချန်က ချီလန်၏ ကျောပြင်ကို ကြည့်ရင်း ရင်ထဲတွင် နွေးထွေးသွားသည်။ သူ၏ ဇနီးက အလွန် အိမ်ထောင်ရှင်မပီသပြီး သူ့အတွက် အဘက်ဘက်မှ တွေးတောပေးသည်။
"အစ်ကိုချန်… မရီးက ဘယ်သွားတာလဲ..."
လဲ့အားကော်က ချွေးတလုံးလုံးနှင့် ပင်ပန်းနေပြီး မောကြီးပန်းကြီး မေးလိုက်၏။
"ကွန်မြူနစ်ရုံးမှာ ဆန်ကြိတ်စက် သွားငှားလို့ ရမလားဆိုပြီး သွားကြည့်တာ..."
လဲ့ချန်က ရှင်းပြလိုက်သည်။
"ဆန်ကြိတ်စက်..."
လဲ့အားကော်၏ မျက်နှာတွင် နားမလည်နိုင်သည့် အမူအရာများ ပေါ်လာ၏။
"အဲဒီအရာက ဆေးထောင်းလို့ ရလို့လား..."
လဲ့ချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
"ငှားလို့ ရလာတဲ့အခါ မင်း သိသွားမှာပါ..."
ချီလန်က အလျင်အမြန် ပြန်ရောက်လာပြီး မျက်နှာပေါ်တွင် ဝမ်းသာသည့် အမူအရာများ အပြည့် ရှိနေ၏။
"ချန်ဇီ... အဆင်ပြေတယ်... ကွန်မြူနစ်ရုံးမှာ စွန့်ပစ်ထားတဲ့ ဆန်ကြိတ်စက်တစ်လုံး တကယ်ရှိတယ်... အတွင်းရေးမှူးက ငါတို့ကို ငှားသုံးခွင့်ပေးလိုက်တယ်..."
"ကောင်းလိုက်တာ..."
လဲ့ချန်က ဝမ်းသာအားရဖြင့် သူ၏ ပေါင်ကို ရိုက်လိုက်သည်။
"မိန်းမ... မင်းက ငါ့ရဲ့ ကံကောင်းစေတဲ့ နတ်သမီးလေးပဲ..."
နောက်တစ်နေ့ နံနက်စောစောတွင် လဲ့ချန်က လဲ့အားကော်နှင့် တပည့် သုံးယောက်ကို ခေါ်၍ ကွန်မြူနစ်ရုံးသို့ တစ်ခဲနက် သွားရောက်ကာ ထိုစွန့်ပစ်ထားသော ဆန်ကြိတ်စက်ကို သယ်ယူလာကြ၏။
ဤဆန်ကြိတ်စက်က အနည်းငယ် ဟောင်းနွမ်းနေသော်လည်း ခိုင်ခံ့နေဆဲဖြစ်သည်။ သို့သော်လည်း အချို့သော အစိတ်အပိုင်းများက သံချေးတက်နေသဖြင့် သေချာစွာ သန့်စင်ပေးရန် လိုအပ်နေ၏။
လဲ့ချန်က လဲ့အားကော်တို့ကို ဆန်ကြိတ်စက်အား ဖြုတ်ချရန် ညွှန်ကြားလိုက်ပြီး သေချာစွာ သန့်စင်ဆေးကြော၍ အစိတ်အပိုင်း အသစ်အချို့ကို လဲလှယ် တပ်ဆင်လိုက်သည်။
"အစ်ကိုချန်... ဒီဟာက တကယ် ဆေးထောင်းလို့ ရမှာလား..."
လဲ့အားကော်က သံသယ ဝင်နေဆဲဖြစ်၏။
"စိတ်ချပါ... အားကော်ရ... ငါ့မှာ အစီအစဉ် ရှိပါတယ်..."
လဲ့ချန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သူက ဆန်ကြိတ်စက်၏ အတွင်းပိုင်း ဖွဲ့စည်းပုံကို အနည်းငယ် ပြုပြင်ပြောင်းလဲလိုက်သည်။ မူလက ဆန်ကြိတ်ရန် အသုံးပြုသည့် ဒလိမ့်တုံးကို ဆေးဖက်ဝင်အပင်များ ကြိတ်ရန် ပို၍ သင့်တော်သော ကျောက်ကြိတ်ဆုံဖြင့် လဲလှယ်လိုက်ပြီး ဆေးဖက်ဝင်အပင်များ လောင်းထည့်ရန် လွယ်ကူစေရန် ကတော့ တစ်ခုကို တပ်ဆင်လိုက်၏။
အားလုံး ပြင်ဆင်ပြီးသွားသောအခါ လဲ့ချန်က ကတော့ထဲသို့ ဆေးဖက်ဝင်အပင် အနည်းငယ်ကို လောင်းထည့်၍ ဆန်ကြိတ်စက်ကို စက်နှိုးလိုက်သည်။
ဂျုန်း..ဂျုန်း
စက်ကြီးထံမှ ကြီးမားသော အသံကြီး ထွက်ပေါ်လာပြီး ခြံဝန်းတစ်ခုလုံး တုန်ခါသွား၏။
လဲ့အားကော်နှင့် တပည့် သုံးယောက်က စက်ချို့ယွင်းသွားမည်ကို စိုးရိမ်တကြီးဖြင့် ဆန်ကြိတ်စက်ကို စိုက်ကြည့်နေကြသည်။
မကြာမီမှာပင် ထွက်ပေါက်မှ မီးခိုးညိုရောင် ဆေးမှုန့်များ စီးကျလာ၏။
"ထွက်လာပြီ... ထွက်လာပြီ..."
လဲ့ချန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
လဲ့အားကော်တို့ကလည်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး အနားသို့ ဝိုင်းအုံလာကြ၏။ ဆန်ကြိတ်စက်က ဂြုန်းဂြုန်းမြည်ကာ လည်ပတ်နေပြီး မီးခိုးညိုရောင် အမှုန့်များကို ထုတ်ပေးနေသည်။ လဲ့အားကော်က အနားသို့ ကပ်၍ အနံ့ခံကြည့်လိုက်ရာ ဆေးရနံ့က ခေါင်းထဲသို့ တန်းဝင်သွား၏။
"အစ်ကိုချန်... အနံ့က အတော်လေး ပြင်းတာပဲ... ကျောက်ဆုံနဲ့ ထောင်းတာထက် အများကြီး ပိုကောင်းတယ်..."
"ဒါပေါ့..."
လဲ့ချန်က စက်ကို ပုတ်၍ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဒါက ခေတ်မီနည်းပညာရဲ့ စွမ်းအားပဲ..."
သို့သော်လည်း မျှော်လင့်ချက်က ကြီးမားခဲ့သော်လည်း လက်တွေ့တွင် အဆင်မပြေခဲ့ပေ။ ပထမဆုံး ထွက်လာသည့် ဆေးမှုန့်များက အရွယ်အစား မညီညာဘဲ အချို့က အလွန် ညက်နေပြီး အချို့မှာ အစေ့များအတိုင်း ကျန်ရှိနေသေး၏။