← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄)

လမ်းလျှောက်အဖွဲ့

အက်စ်မြို့ရှိ ဈေးကွက်အတွင်းမှ မမှန်ကန်သော လုပ်ရပ်အချို့ကို ဖြေရှင်းပြီးနောက် လျန်ထျန်းသည် အက်စ်မြို့၌ နေထိုင်သည်မှာ တစ်လနီးပါးခန့် ရှိနေပြီ ဖြစ်၏။ ဤကာလအတွင်း မည်သည့် ပြဿနာမျှ မရှိခဲ့ချေ။ လျန်ထျန်း သည် နေ့စဉ် အစားအသောက် ပို့ဆောင်ရေး အလုပ်ကို ကြိုးစားပမ်းစား လုပ်ကိုင်နေခဲ့လေသည်။

သို့သော် ထိုနေ့၌ သူ၏ အိမ်မှ ဖုန်းခေါ်ဆိုမှု တစ်ခုကို ရုတ်တရက် လက်ခံရရှိလိုက်၏။ ဖခင်ဖြစ်သူထံမှ ဖြစ်ပြီး မိခင်ဖြစ်သူ ဆံပင်သွားညှပ်ရာမှ လိမ်လည်ခံလိုက်ရကြောင်း ပြောလာခဲ့လေသည်။

၎င်းက သာမန် ဆံပင်ညှပ်ခြင်းမျိုးသာ ဖြစ်ပြီး ငွေအနည်းငယ်မျှသာ ကျသင့်မည် ဖြစ်၏။

ဆံပင်ညှပ်ပြီးနောက် ထိုဆံပင်ညှပ်ဆိုင်မှ "တိုနီ" က သူသည် မည်သည့်စတိုင်လ်ကို ပြုလုပ်ပေးထားကြောင်းနှင့် ဈေးကြီးသော ဆေးရည်များ အသုံးပြုထားကြောင်း အတင်းအကျပ် ပြောဆိုကာ ငွေပိုတောင်းခဲ့သည်။ ကမ္ဘာလုံး ဆိုင်ရာ ကုန်ဈေးနှုန်းများ မကျဆင်းမီက ယခုခေတ် ငွေအနည်းငယ်သည် ယခင်က ငွေကြေးသန်းပေါင်း များစွာ နှင့် ညီမျှကြောင်း သတိပြုရမည် ဖြစ်၏။

ထျန်ဝမ် ဆံပင်ညှပ်စဉ် လိမ်လည်ခံလိုက်ရသည်မှာ သိသာထင်ရှားလှပေသည်။ လျန်ထျန်း ချန်ထားရစ်ခဲ့သော ငွေများကြောင့် သူ၏ မိသားစုမှာ ငွေကြေး ပြတ်လပ်မှု ရှိမည်မဟုတ်သည်မှာ သေချာလှ၏။ သို့သော် လျန်ထျန်း ၏ မိခင် ထျန်ဝမ်သည် ဆင်းရဲနွမ်းပါးစွာ နေထိုင်လာခဲ့ရပြီး ပြားစေ့ကအစ ချွေတာသုံးစွဲတတ်သည့် အကျင့် ရှိ သည်။

ယခုအခါ သူမ၏ သားဖြစ်သူမှာ အလွန် ချမ်းသာနေပြီ ဖြစ်ကြောင်း သိထားသော်လည်း သူမသည် တတ်နိုင်သမျှ ငွေကို ချွေတာရန် ကြိုးစားနေဆဲဖြစ်ပြီး မည်သည့်အခါမျှ အလဟဿ မသုံးစွဲတတ်ချေ။ သူမ တစ်ခါတစ်ရံ ပစ္စည်း တစ်ခုခု ဝယ်လိုက်ပြီး ကုန်ကျစရိတ်မှာ သူမ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားပါက အချိန်ကြာ မြင့်စွာ စိတ်မကောင်း ဖြစ်နေတတ်၏။

တခြား နည်းလမ်း မရှိချေ။ နှစ်ပေါင်းများစွာ ကြာလာသောအခါ ထိန်းချုပ်၍ မရနိုင်သော အကျင့်တစ်ခု ဖြစ်လာ ခဲ့ခြင်းသာ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ထျန်ဝမ်သည် ရိုးရှင်းသော ဆံပင်ညှပ်ခြင်းကိုသာ အလိုရှိခဲ့သော်လည်း ဆံပင်ညှပ်ဆိုင်က ငွေအမြောက်အမြား တောင်းဆိုခဲ့လေသည်။

ထိုအချိန်က ထျန်ဝမ် မည်မျှ နောင်တရနေမည်ကို တွေးကြည့်နိုင်ပေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့၏။ သူမ၏ စိတ်ဓာတ်ကျဆင်းမှုကြောင့် ယခင်က ပျောက်ကင်းသွားခဲ့ သော ရောဂါဟောင်း ပြန်လည် ဖောက်လာခဲ့လေသည်။

လျန်ထျန်းသည် ငွေကြေးနှင့် ပတ်သက်၍ ဂရုမစိုက်သော်လည်း သူ၏ မိခင် ရောဂါဟောင်း ပြန်ဖောက်လာ ကြောင်း ကြားလိုက်ရသောအခါ တစ်မုဟုတ်ချင်း စိုးရိမ်ပူပန်သွားသည်။ ချက်ချင်းပင် သူ၏ အလုပ်များ အားလုံး ကို ချထားခဲ့ပြီး အယ်လ်မြို့သို့ ညတွင်းချင်း ကားမောင်းပြန်နိုင်ရန် ကားတစ်စီး စီစဉ်ပေးရန် ဟယ်ရှန်ကို တောင်း ဆိုလိုက်လေသည်။

ည (၇) နာရီခန့်တွင် ခရီးစတင်ခဲ့ပြီး ညသန်းခေါင်ခန့်တွင် ခရီးဆုံးသို့ ရောက်ရှိမည်ဟု လမ်းညွှန်စနစ်က ခန့်မှန်း ပြသထားလေသည်။ သို့သော် လျန်ထျန်း မြို့ပြင်သို့ ကားမောင်းထွက်လာပြီး ပင်မလမ်းမကြီးတစ်ခုပေါ်သို့ ရောက်ရှိချိန်တွင် လမ်းလျှောက်နေသော သက်ကြီးရွယ်အို အုပ်စုတစ်စုနှင့် ရုတ်တရက် ဆုံတွေ့လိုက်ရ၏။

အဖွဲ့ခေါင်းဆောင်ဟု ယူဆရသော အမျိုးသမီး တစ်ဦးက ချက်ချင်း ရှေ့ထွက်လာပြီး ချဉ်းကပ်လာသော ကားကို ရပ်တန့်ရန် လက်ဝှေ့ယမ်း ပြလိုက်သည်။ ကားမောင်းနေသော လျန်ထျန်းမှာ ရှေ့ဆက်မသွားနိုင်ဘဲ ရပ်တန့်လိုက် ရလေသည်။ သူက မိုင်ပေါင်းများစွာ ရှည်လျားပြီး လူရာပေါင်းများစွာ ရှိမည်ဟု ခန့်မှန်းရသော လမ်းလျှောက် အဖွဲ့ကို လှမ်းကြည့်လိုက်လေသည်။

ထို့အပြင် ဤသက်ကြီးရွယ်အိုများသည် သာမန် လမ်းလျှောက်နေကြခြင်း မဟုတ်ပေ။ အတန်း၏ အရှေ့ဆုံးတွင် တေးဂီတ ဖွင့်ထားသော အသံချဲ့စက် ပါသည့် လက်တွန်းလှည်း တစ်စီး ရှိသည်။ သူတို့က ဂီတစည်းချက်နှင့်အညီ လှုပ်ရှားကာ လက်မြှောက်ခြင်း၊ လက်ခုပ်တီးခြင်း၊ ခြေထောက်ကန်ခြင်းများ ပြုလုပ်၍ အလွန် ဖြည်းညင်းစွာ လမ်းလျှောက်နေကြခြင်းဖြစ်လေ၏။

ဤနှုန်းအတိုင်းဆိုလျှင် လူတိုင်း ထိုနေရာမှ ဖြတ်သွားရန် အနည်းဆုံး မိနစ် (၂၀) သို့မဟုတ် (၃၀)၊ သို့မဟုတ် ထို ထက်ပို၍ အချိန်ကြာမြင့်နိုင်ပေသည်။

သူ၏ မိခင် ဖျားနာနေမှုကို စိုးရိမ်နေသောကြောင့် လျန်ထျန်းက ကားမှန်ကို ကမန်းကတန်း ချ၍ ခေါင်းပြူကာ အော်ဟစ်လိုက်လေသည်။

"တောင်းပန်ပါတယ်...။ ကျွန်တော့်အိမ်က လူကြီး ရုတ်တရက် နေမကောင်းဖြစ်နေလို့ အိမ်ကို မြန်မြန်ပြန်ဖို့ လိုနေလို့ပါ...။ လမ်းလေး နည်းနည်းလောက် ဖယ်ပေးလို့ ရမလား...။"

သို့သော် လမ်းပိတ်ရပ်နေသော သက်လတ်ပိုင်း အမျိုးသမီးက မတုန်မလှုပ် ရှိနေပြီး လျန်ထျန်းကို ရိုင်းစိုင်းစွာပင် ပြန်ပြောလိုက်၏။

"ဘာတွေ လောနေတာလဲ...၊ မိနစ်အနည်းငယ်လောက် စောင့်လေ...။ ငါတို့ လမ်းလျှောက်လို့ ပြီးမှ မင်းသွား...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ စိုးရိမ်ပူပန်နေသော ရင်ထဲတွင် ဒေါသများ ပိုမို ပြည့်နှက်လာသည်။

သို့သော်လည်း မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်နှင့် မိခင်ဖြစ်သူကို အမြန်ဆုံး သွားရောက် တွေ့ဆုံနိုင် ရန်အတွက် သူ၏ စိတ်ကို တတ်နိုင်သမျှ ထိန်းချုပ်၍ ပြောလိုက်၏။

"ကျွန်တော့်အိမ်က လူကြီး နေမကောင်းလို့ အမြန်ဆုံး သွားတွေ့ချင်လို့ပါ...။ မဟုတ်ရင် ကျွန်တော်လည်း ညတွင်း ချင်း ကားမောင်းပြန်လာမှာ မဟုတ်ဘူး...။"

"အန်တီတို့ ခဏလောက် ရပ်ပြီး ကားတစ်စီးစာ ဖြတ်သွားလို့ရမယ့် နေရာလေး ဖယ်ပေးပါလား...။ ကျွန်တော် အမြန် မောင်းသွားမှာပါ...။ အန်တီတို့ကို အနှောင့်အယှက် မပေးပါဘူး...။"

လျန်ထျန်း၏ စကားများက တစ်ဘက်လူကို ယဉ်ကျေးစွာ ညှိနှိုင်းပြောဆိုခြင်း ဖြစ်သည်ဟု ယူဆနိုင်သည်။

သို့သော် လူတိုင်း၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်စွာပင် အဖွဲ့ခေါင်းဆောင်၏ လေသံမှာ အလွန် ရန်လိုနေဆဲ ဖြစ်၏။

"မင့်အိမ်ကလူ နေမကောင်းရင် (၁၂၀) ကို ခေါ်လေ...။ အမြန်ပြန်သွားတော့ရော ဘာထူးမှာလဲ...၊ မင်းက လူနာကို ကုတတ်လို့လား...။"

"ပြီးတော့ အဲဒီလောက်တောင် အချိန်လိုနေလို့လား...။ ငါတို့ လျှောက်သွားတာကို စောင့်ရင် အလွန်ဆုံး မိနစ်အ နည်းငယ်လောက်ပဲ ကြာမှာ...။ လူငယ်တွေဆိုတာ အမြင်ကျယ်ကျယ် ထားရတယ်ကွ သိလား...။"

"နောက်ဆုံးအနေနဲ့ မင်းကို သင်ခန်းစာ ပေးချင်သေးတယ်...။ မင်းက ကားသာ မောင်းတတ်တာ လမ်းသွားလမ်း လာတွေကို ဦးစားပေးရမယ် ဆိုတာတောင် မသိဘူးလား...။ ယာဉ်စည်းကမ်းတွေကိုတောင် အလွတ်မကျက်ထား ဘဲနဲ့ မင်းက ဘယ်လို ကားမျိုး မောင်းနေတာလဲ...။"

ဤစကားများက လျန်ထျန်း၏ ကျန်ရစ်နေသော သည်းခံနိုင်စွမ်းကို လုံးဝ ပေါက်ကွဲသွားစေပြီး ချက်ချင်းပင် ဒေါသတကြီး ပြန်လည် ချေပလိုက်သည်။

"ခင်ဗျားတို့ မိသားစုထဲက တစ်ယောက်ယောက် ရုတ်တရက် နေမကောင်းဖြစ်ရင်ရော အိမ်မပြန်ခင် လမ်းကြောင်းဆုံးတဲ့အထိ လမ်းလျှောက်နေဦးမှာလား...။"

"ပြီးတော့ ခင်ဗျားတို့များ တစ်ခုခုဖြစ်လို့ လူနာတင်ယာဉ်ပေါ် ရောက်သွားရင် ကားသမားကို ကားဖြည်းဖြည်း မောင်းဖို့နဲ့ မီးနီမဖြတ်ဖို့ သေချာပေါက် ပြောလိုက်ဦး...။"

"ခင်ဗျားတို့ အသက်ရှင်ဖို့၊ မရှင်ဖို့က အရေးမကြီးဘူး...။ ယာဉ်စည်းကမ်း လိုက်နာဖို့က အဓိကပဲလေ... ၊ ခင်ဗျား တို့က စည်းကမ်းကြီးတဲ့လူတွေဆိုတော့...။"

လျန်ထျန်း တကယ်ကို ဒေါသထွက်သွားသဖြင့် ထိုစကားများကို စိတ်လိုက်မာန်ပါ ပြောဆိုလိုက်ခြင်း ဖြစ်၏။

သူ ၏ စကားများက အဖွဲ့ခေါင်းဆောင် အသက်ကြီးကြီး အမျိုးသမီးကို အမှန်တကယ်ပင် ဒေါသထွက်သွား စေပြီး သူမ၏ ပါးစပ်မှာ ဒေါသကြောင့် ရွဲ့စောင်းသွားကာ လျှာထွက်မတတ် ပြန်လည် အော်ဟစ်လိုက်သည်။

"မင်း ဘယ်သူ့ကို ကျိန်ဆဲနေတာလဲ...။ မင်းလို လူငယ်တစ်ယောက်က ဘယ်လိုလုပ် အဲဒီလောက် အဆိပ်ပြင်းတဲ့ လျှာမျိုး ရှိရတာလဲ...။"

"မင်းကို ငါ ပြောမယ်...၊ မင်းတို့ ခေတ်မှာ ရရှိထားတဲ့ အောင်မြင်မှုတွေ အားလုံးက ငါတို့ခေတ်ကလူတွေ ကြိုးစားအားထုတ်ခဲ့ရတဲ့ ရလဒ်တွေပဲ...။ ငါတို့က လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့ကြတယ်...။"

"အခု ငါတို့ အနားယူသွားတဲ့အချိန်မှာ လေ့ကျင့်ခန်း လုပ်တာကိုတောင် မင်းက တားမြစ်ဦးမလို့လား...။ ငါတို့ ကျန်းမာရေးတွေ ချို့ယွင်းသွားရင် မင်း တာဝန်ယူနိုင်လို့လား...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းက ဒေါသတကြီး ရယ်မောလိုက်၏။

"ခင်ဗျားတို့ ကျန်းမာရေးတော့ ကောင်းလာလောက်ပါတယ်...။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ကိုယ်ကျင့်တရားတွေက တော့ ပျောက်ဆုံးသွားပြီ...။"

"ခင်ဗျားတို့က မနက်ပိုင်း တိုက်ချိကစားရင် ကျန်းဆန်းဖုန်း၊ မနက်ပိုင်း ဘတ်စ်ကားပေါ်မှာဆို လင်တိုင်ယု၊ နေ့လယ်ပိုင်း ပန်းခြံထဲမှာဆို ဟွမ်ဖေးဟုန်၊ ညပိုင်း လမ်းပေါ်မှာဆို ဧကရာဇ်ရဲ့ သက်တော်စောင့်တွေလိုပဲ...။ ခင်ဗျားတို့ကို ဘယ်သူမှ မထိရဲဘူး...၊ မတို့ရဲဘူး...၊ သွားမရှုပ်ရဲဘူး...။"

"ခင်ဗျားတို့ တကယ် လေ့ကျင့်ခန်း လုပ်ချင်ရင် ဘာလို့ တံမြက်စည်းတစ်ချောင်း ယူပြီး သန့်ရှင်းရေး အလုပ် သမားတွေကို လမ်းကူလှဲမပေးတာလဲ...။ အဲဒါက ဒီအတိုင်း လမ်းလျှောက်နေတာထက် ပိုပြီး လေ့ကျင့်ခန်း ဖြစ်မနေဘူးလား...။"

"အလုပ်စလုပ်ပြီဆိုတာနဲ့ ခါးနာ၊ ကိုက်ခဲလာကြပြီး အလုပ်မလုပ်ရရင်တော့ အားအင်တွေ ပြည့်ဝနေကြတာပဲ...။ ခင်ဗျားတို့က အစိုးရဆီက ပင်စင်လစာ အများကြီး ရထားပေမဲ့ အစိုးရကပဲ အကြွေးတင်နေသလို လိုက်ပြော နေကြသေးတယ်...။"

"နောက်ဆုံးတော့ လေ့ကျင့်ခန်းဆိုတဲ့ ခေါင်းစဉ်ကို ဓားတစ်လက်လို သုံးပြီး ယာဉ်အသွားအလာတွေကို ညွှန်ကြား နေကြတယ်...။ လမ်းသွားလမ်းလာတွေကို ဦးစားပေးရမယ် ဆိုတာရဲ့ အဓိပ္ပာယ်အစစ်အမှန်ကိုရော သူတို့ သိကြ ရဲ့လား...။"

"လမ်းသွားလမ်းလာကို ဦးစားပေးရမယ် ဆိုတဲ့ အခြေခံအချက်က လမ်းသွားလမ်းလာဟာ လူသွားစင်္ကြံ ဒါမှ မဟုတ် လူကူးမျဉ်းကျားပေါ်မှာ လမ်းလျှောက်နေမှသာ လမ်းသွားလမ်းလာလို့ သတ်မှတ်တာ...။"

"လမ်းကို စည်းကမ်းမဲ့ ဖြတ်ကူးပြီး ကားလမ်းမကြီးကို နေရာယူထားတဲ့ သူတွေကိုတော့ သေလမ်းရှာနေတဲ့ လူတွေလို့ပဲ ခေါ်ရမယ်...။"

လျန်ထျန်း၏ စကားများက အနည်းငယ် ကြမ်းတမ်းသော်လည်း အားလုံးက ကျိုးကြောင်းဆီလျော်ပြီး အထောက်အထား ခိုင်လုံလှပေသည်။

သို့သော် ဤနေရာ၌ ဖြစ်ပွားနေသော အဖြစ်အပျက်များက လမ်းလျှောက်အဖွဲ့မှ အခြား သက်ကြီးရွယ်အိုများကို အလျင်အမြန် ဆွဲဆောင်သွားခဲ့ပြီး ကားရှေ့တွင် စုရုံလာကာ လျန်ထျန်းကို လက်ညှိုးထိုး၍ ပြောဆိုလာကြ၏။

"အစောက မင်းပြောတဲ့စကားတွေကို ငါတို့ ကြားတယ်...။ မင်းက နေမကောင်းတဲ့ မိသားစုဝင်ကို သွားကြည့် မယ့် လူငယ်တစ်ယောက်ပါ...၊ အဲဒီလောက်ထိ ပြဿနာကြီးအောင် လုပ်ဖို့ တကယ် လိုအပ်လို့လား...။"

"ဟုတ်တယ်...၊ မင်းကားက ဘာလို့ အရင် သွားရမှာလဲ...။ ဘီးလေးဘီး ပါရုံနဲ့လား...၊ မင်းလို လူငယ်မျိုးက အတွေးအခေါ်ပိုင်းမှာ ပြဿနာ နည်းနည်း ရှိနေတယ်...။"

"ဒါပေါ့...၊ မင့်အိမ်ကလူ နေမကောင်းတာ ငါတို့နဲ့ ဘာဆိုင်လို့လဲ...။ ယာဉ်စည်းကမ်းမှာ လမ်းသွားလမ်းလာတွေ ကို ဦးစားပေးရမယ်လို့ ပါတယ်...။ အဲဒီအဓိပ္ပာယ်က မင်း ဘယ်နေရာ ရောက်နေနေ၊ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်နေနေ လမ်းသွားလမ်းလာကို ဦးစားပေးရမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ...။"

"မင်းက မင့်မိသားစုဝင်ကို ဆေးရုံသွားကြည့်ဖို့ အရေးကြီးတယ် ထင်နေတာ...။ ဒါပေမဲ့ ငါတို့က လေ့ကျင့်ခန်း လုပ်ဖို့က ပိုအရေးကြီးတယ်လို့ ထင်တယ်...။ မင့်မိသားစုဝင်တွေ နေမကောင်းဖြစ်တာ သေချာပေါက် လေ့ကျင့် ခန်း သေချာ မလုပ်လို့ပဲ...။ သူတို့ နေမကောင်းဖြစ်တာ မှန်တယ်...။"

"ဟုတ်တယ်...။ ကျန်းမာအောင် နေတာက ဖျားနာမှုကို ရှောင်ရှားနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပဲ...၊ ပြီးတော့ လူ့အဖွဲ့အစည်းအတွက် ငါတို့ ပေးစွမ်းနိုင်တဲ့ အကြီးမားဆုံး အကျိုးပြုမှုက ကျန်းမာအောင် နေတာပဲ...။"

သက်ကြီးရွယ်အို အမျိုးသားများနှင့် အမျိုးသမီးများ၏ ပူးပေါင်း တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် လျန်ထျန်း မှာ တုံ့ပြန်ရန် အခက်တွေ့သွားသည်။

အဆိုးဆုံးမှာ ဤသက်ကြီးရွယ်အိုများသည် ပိုမို ရိုင်းစိုင်းလာပြီး လမ်းဖယ်ပေးမည့် အရိပ်အယောင် လုံးဝ

မပြခြင်း ဖြစ်သည်။ သူတို့က လျန်ထျန်းကို ဤနေရာတွင် ထာဝရ ပိတ်လှောင်ထားရန် စီစဉ်နေပုံရ၏။

လျန်ထျန်းသည် အယ်လ်မြို့ရှိ နေမကောင်းဖြစ်နေသော သူ၏ မိခင်ကို သတိရသွားပြီး သူ့ကိုရော သူ၏ မိသားစု ကိုပါ ဆဲရေးတိုင်းထွာနေကြသည့် ဤနှလုံးသားမဲ့သော သက်ကြီးရွယ်အိုများကို လှမ်းကြည့်လိုက်လေသည်။

နောက်ဆုံး တွင် လျန်ထျန်းက သွားကြိတ်၍ ဂီယာထည့်ကာ လီဗာကို တအားနင်းလိုက်၏။

“ဝုန်း...။”

ဖရီးဂီယာဖြင့် နင်းထားသော အင်ဂျင်သံကြီးက သက်ကြီးရွယ်အိုများကို လန့်ဖြတ်သွားစေပြီး အားလုံးက အရပ် မျက်နှာ အနှံ့သို့ သွက်လက်စွာ လူစုခွဲ ထွက်ပြေးသွားကြသည်။

လျန်ထျန်း ဒေါသထွက်နေသော်လည်း သူ၏ စိတ်ကို လုံးဝ မလွတ်သွားသေးဘဲ ကားကို ဖရီးဂီယာ ထည့်ထားခဲ့ ခြင်း ဖြစ်၏။ မည်မျှပင် လီဗာနင်းစေကာမူ အင်ဂျင်က လည်ပတ်နေရုံသာ ဖြစ်ပြီး ကားမှာ လက်မတစ်ဖျားမျှ ရွေ့မည် မဟုတ်ပေ။

သက်ကြီးရွယ်အိုများ အလောတကြီး ဖယ်ရှားပြီးနောက် ကားမှာ ရွေ့မသွားကြောင်း တွေ့လိုက်ရသောအခါ သူတို့မှာ ဒေါသထွက်သွားပြီး ကားကို ပြန်လည် ဝိုင်းရံရန် ကြိုးစားကြပြန်သည်။

သို့သော် ကားထဲမှ လျန်ထျန်းက သရော်ပြုံး ပြုံးလိုက်ပြီး သူ၏ ပါးစပ်မှ တီးတိုး ရေရွတ်လိုက်၏။

"ခင်ဗျားတို့လည်း သေရမှာ ကြောက်ကြတာပဲလား...။ တကယ်တော့ ခင်ဗျားတို့လည်း သေရမှာ မကြောက်တဲ့ သူတွေမှ မဟုတ်တာ...။"

ထိုသို့ ပြောပြီးနောက် လျန်ထျန်းက မောင်းမည့် ဂီယာသို့ ပြောင်းလိုက်ပြီး လီဗာကို နင်းကာ သက်ကြီးရွယ်အို များ ရှောင်ဖယ်သွားသည့် ကွက်လပ်မှတဆင့် ကားကို မောင်းထွက်လိုက်သည်။ ယခုတစ်ကြိမ် ကားရွေ့သွား သည်ကို မြင်သောအခါ သက်ကြီးရွယ်အိုများမှာ အံ့သြခြင်း၊ ဒေါသထွက်ခြင်းတို့ ဖြစ်သွားကြပြီး အမျိုးမျိုးသော ဆဲရေးတိုင်းထွာမှုများ ပြန်လည် စတင်လာကြသော်လည်း မည်သူကမျှ ရှေ့သို့ထွက်၍ မတားဆီးရဲကြချေ။

အခြေအနေကို ကြည့်ရသလောက် လျန်ထျန်းသည် အဆင်ပြေချောမွေ့စွာ မောင်းနှင်သွားနိုင်မည် ဖြစ်၏။ အနည်းဆုံးတော့ သူ အချိန် သိပ်မဖြုန်းတီးလိုက်ရဘဲ ဤသက်ကြီးရွယ်အိုများနှင့်လည်း ထပ်မံ မပတ်သက် ချင်တော့ပေ။

သို့သော် သူ ထွက်ခွာတော့မည့် ဆဲဆဲတွင်။

“ဒုတ်... ဒုတ်... ဒုတ်...။”

လေကာမှန်မှ ကျယ်လောင်သော အသံအချို့ ရုတ်တရက် ထွက်ပေါ်လာသည်။ အတော်လေး ဒေါသထွက်နေ သော သက်ကြီးရွယ်အို အချို့က မြေကြီးပေါ်မှ ကျောက်ခဲများကို ကောက်ယူ၍ လျန်ထျန်း၏ ကားကို ပစ်ပေါက် လိုက်ခြင်း ဖြစ်၏။

လေကာမှန် ရုတ်တရက် တိုက်ခိုက်ခံလိုက်ရချိန်တွင် လျန်ထျန်းက စတီယာရင်ကို ဗီဇအရ ချိုးကွေ့လိုက်သည်။

ဤသို့ ချိုးကွေ့လိုက်ခြင်းက ဗီဇအရ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး လုံးဝ ထိန်းချုပ်၍ မရနိုင်ချေ။ ကားမကြာခဏ မောင်းသူတိုင်း ဘေးဘက်မှ တစ်စုံတစ်ခု ရုတ်တရက် လွင့်ထွက်လာပြီး လေကာမှန်ပေါ်သို့ အတိအကျ ကျလာပါ က မည်သို့ ဖြစ်မည်ကို သိကြပေမည်။

သစ်ရွက် သို့မဟုတ် ပလပ်စတစ်အိတ် တစ်လုံးကပင် သူတို့ကို လန့်သွားစေနိုင်ပြီး လမ်းကြောင်းမှ အနည်းငယ် သွေဖည်သွားစေနိုင်သည်။

လေကာမှန်ကိုပင် အက်ကွဲသွားစေသည့် ကျောက်ခဲဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။

“ဘုန်း...။”

ထိုသို့ စတီယာရင် ချိုးကွေ့လိုက်မှုကြောင့် လျန်ထျန်းက သူ၏ ကားကို လမ်းဘေးရှိ ဓာတ်တိုင်တစ်ခုနှင့် ဝင်တိုက် မိသွားစေခဲ့လေသည်။

ကား၏ အရှေ့ပိုင်းမှာ ချက်ချင်း ချိုင့်ဝင်သွားပြီး ယာဉ်မောင်းခန်းမှ လေအိတ်များ ပွင့်ထွက်လာခဲ့လေတော့၏။

ကံကောင်းထောက်မစွာဖြင့် လျန်ထျန်းက ထိုင်ခုံခါးပတ် ပတ်ထားသည်။ သူ၏ မျက်နှာက လေအိတ်နှင့် ဝင် ဆောင့်သွားပြီးနောက် သတိပြန်မရလာမီ အချိန်အနည်းငယ်မျှ မူးဝေသွားခဲ့၏။ စစ်ဆေးကြည့်သောအခါ သူ အပြင်းအထန် ဒဏ်ရာရထားခြင်း မရှိကြောင်း တွေ့လိုက်ရသည်။

အကယ်၍ လျန်ထျန်းသာ ထိုင်ခုံခါးပတ် မပတ်ထားပါက ဤမတော်တဆမှုက သူ့ကို ပြင်းထန်စွာ ဒဏ်ရာရ စေနိုင်ပြီး အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်ပေသည်။

လျန်ထျန်း၏ ကား ဓာတ်တိုင်နှင့် ဝင်တိုက်သွားသည်ကို မြင်သောအခါ သက်ကြီးရွယ်အိုများက နောက်ဆုံးတွင် ကြီးမားသော ပြဿနာ တစ်ခုခု ဖြစ်သွားပြီဟု သိရှိသွားကြပြီး စတင် ထိတ်လန့်လာကြသည်။

အချို့က "ငါတို့နဲ့ မဆိုင်ဘူး" ဟု ပြောဆိုကာ ငှက်များနှင့် သားရဲများကဲ့သို့ လူစုခွဲ ထွက်ပြေးသွားကြပြီး၊ အချို့က ဆွံ့အလျက် ရပ်နေကြကာ၊ အချို့ကမူ အခြေအနေကို စောင့်ကြည့်ရန် ဘေးဘက်သို့ ဆုတ်ခွာသွားကြ၏။

သို့သော် ကျောက်ခဲများနှင့် ပစ်ပေါက်ခဲ့သူများမှာမူ သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ လမ်းတစ် လျှောက်လုံးတွင် စောင့်ကြည့်ကင်မရာများ ရှိနေပြီး သူတို့က ဥပဒေအကြောင်းကို အနည်းငယ်မျှ သိထားကြ သည်။ ထို့အပြင် သူတို့၏ ခြေထောက်များမှာ အလွန် ကြောက်ရွံ့နေသဖြင့် မရွေ့လျားနိုင်ကြပေ။

ထို့အတူ အဖွဲ့ခေါင်းဆောင် ဖြစ်သော အသက်ကြီးကြီး အမျိုးသမီးကလည်း ဤကိစ္စမှ ကင်းလွတ်ခွင့် ရနိုင်မည် မဟုတ်ပေ။ ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သော သက်ကြီးရွယ်အို အမျိုးသားများနှင့် အမျိုးသမီးများမှာ အလွန် ကြောက်ရွံ့နေသဖြင့် ခြေထောက်များ ပျော့ခွေနေကြပြီး အားလုံးက သူမကို ဖမ်းဆွဲကာ မည်သို့ လုပ်ရမည်ကို မေးမြန်းနေကြ၏။

အဖွဲ့ခေါင်းဆောင်နှင့် စီစဉ်သူ တစ်ဦးအနေဖြင့် မမျှော်လင့်ထားသော အခြေအနေများ ဖြစ်ပေါ်လာပါက တိကျ သော တာဝန်များကို ယူရမည် ဖြစ်သည်။

သက်ကြီးရွယ်အိုများ ထိတ်လန့်နေချိန်တွင် ကားထဲမှ သတိပြန်လည်လာသော လျန်ထျန်းက တိန့်ကော်ဟွာ၏ ဖုန်းနံပါတ်ကို ချက်ချင်း ခေါ်ဆိုလိုက်၏။

မကြာမီမှာပင် ဥသြသံများ တစ်ဆက်တည်း ထွက်ပေါ်လာကာ ချဉ်းကပ်လာတော့သည်။

All Chapters