← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း (၂၀၆)

ဆံပင်ညှပ်ဆိုင်၏ လှည့်ကွက်များ

အယ်လ်မြို့တော်သို့ ပြန်ရောက်ပြီးနောက် လျန်ထျန်းသည် ဆေးရုံသို့ ချက်ချင်း သွားခဲ့လေသည်။

လူနာခန်းအတွင်း၌ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော မိခင်ဖြစ်သူ ထျန်ဝမ်၊ ဘေးတွင်ရှိနေသော ဖခင် ဖြစ်သူ လျန်သရှန်းနှင့် မျက်ရည်များဝဲကာ ကုတင်ဘေးတွင် မှောက်လျက် ငိုနေသော ညီမဖြစ်သူ ရှောင်ကျင်း တို့ကို မြင်တွေ့လိုက်ရလေသည်။

လျန်ထျန်း ပြန်ရောက်လာသောအခါ ညီမဖြစ်သူ ရှောင်ကျင်းက ငိုယိုလျက် သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာခဲ့ လေသည်။ ဖခင်ဖြစ်သူကလည်း သက်ပြင်းချကာ ဖြစ်ပျက်ခဲ့သမျှကို သူ့အား ပြောပြလေတော့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ထျန်ဝမ်သည် သူမ၏ ဆံပင်များ ရှည်လွန်းပြီး ထိန်းသိမ်းရ ခက်ခဲလာသည်ဟု

ခံစားရသဖြင့် ဆံပင်ညှပ်ရန် ဆုံးဖြတ်ခဲ့လေသည်။

အမြဲတမ်း ခြွေတာတတ်သော ထျန်ဝမ်သည် ယခုအခါ ဗီလာအိမ်ကြီးတွင် နေထိုင်ရသော်လည်း ဆံပင်ညှပ် ခြင်းနှင့် ပတ်သက်၍ အလွန်ရိုးရှင်းသော တောင်းဆိုမှုသာ ရှိလေသည်။ ဆံပင်ကို တိုအောင် ညှပ်လိုက်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။

သူမသည် ပုံမှန်သွားနေကျ ဆံပင်ညှပ်ဆိုင်လေးဆီသို့ လျှောက်သွားခဲ့သော်လည်း လမ်းတစ်ဝက်တွင် အသစ်ဖွင့် ထားသော ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရလေသည်။

ဆိုင်ဝန်ထမ်းများသည် ဆိုင်ပေါက်ဝမှနေ၍ ဆိုင်ကို ပရိုမိုးရှင်းလုပ်နေကြပြီး လက်ကမ်းစာစောင်များကို ဝေငှ နေကြလေသည်။ ထိုစာစောင်များတွင် 'ဆိုင်သစ်ဖွင့်ပွဲ အထူးအစီအစဉ်။ အခမဲ့ ဆံပင်ညှပ်ပေးပြီး အခမဲ့ ပုံသွင်းပေးမည်။' ဟု ရေးသားထားလေသည်။

ဤဆိုင်ကို သေချာကြည့်လိုက်သောအခါ မကြာသေးမီကမှ အသစ်ဖွင့်ထားခြင်း ဖြစ်ကြောင်း သိသာလေသည်။ ဆိုင်အတွင်းပိုင်းမှာ အသစ်စက်စက် ဖြစ်နေပြီး လူတော်တော်များများလည်း ဆံပင်ညှပ်ခြင်းနှင့် ပုံသွင်းခြင်းများ ကို ပြုလုပ်နေကြလေသည်။

ထိုစဉ်က ထျန်ဝမ်သည် ဤဆံပင်ညှပ်ဆိုင်အသစ်တွင် စမ်းကြည့်မည်ဟု တွေးလိုက်လေသည်။ မည်သို့ပင်ဖြစ်စေ သူမသည် ဆံပင်ကို တိုအောင် ညှပ်ချင်ရုံသာ ဖြစ်သဖြင့် မည်သည့်ဆိုင်တွင် ညှပ်သည်ဖြစ်စေ ကိစ္စမရှိဟု ယူဆခဲ့ လေသည်။

ထို့ပြင် ဤဆိုင်သည် သူမ ပုံမှန်သွားနေကျ ဆိုင်ထက် ပို၍ နီးလေသည်။ အကယ်၍ ဆံပင်ညှပ်ကောင်းပြီး ဈေးနှုန်းလည်း သင့်တင့်ပါက နောင်တွင် ထိုဆိုင်အဟောင်းသို့ လမ်းလျှောက်သွားရသည့် ဒုက္ခမှ ကင်းဝေးမည် ဖြစ်သည်။

ထို့ပြင် ဆိုင်သစ်ဖွင့်ပွဲ အထူးလျှော့ဈေးဖြစ်နေသဖြင့် ထျန်ဝမ်က လက်ကမ်းစာစောင် ဝေနေသော ဝန်ထမ်းအား အသေးစိတ် မေးမြန်းလိုက်လေသည်။

"မင်းတို့ရဲ့ အခမဲ့ ဆံပင်ညှပ်တာနဲ့ အခမဲ့ ပုံသွင်းတာက ဘာတွေ ပါဝင်တာလဲ...။ အခမဲ့ မဟုတ်တာကရော ဘာတွေလဲ...၊ ပြီးတော့ အခမဲ့ မဟုတ်တဲ့ အပိုင်းအတွက် ဘယ်လောက် ကျသင့်မှာလဲ...။"

တစ်စုံတစ်ယောက်က လက်ကမ်းစာစောင်အကြောင်း မေးလာသောအခါ ဆိုင်ဝန်ထမ်းက ချက်ချင်းပင် ပြုံးကာ ပြန်ဖြေလိုက်လေသည်။

"အစ်မကြီး...၊ ကျွန်တော်တို့ဆိုင်က ယနေ့မှ စဖွင့်တာမို့လို့ အရာအားလုံးက အခမဲ့ပါ...။ ပိုက်ဆံ တစ်ပြားမှ ကုန်ကျမှာ မဟုတ်ပါဘူး...။"

"အစ်မကြီး ကျေနပ်တယ်ဆိုရင် ကျွန်တော်တို့ဆိုင်ကို လူသိများအောင် ကူညီပြီး ပြောပေးပါ...။ ကျွန်တော်တို့က နာမည်ရဖို့အတွက် အရှုံးခံပြီး လုပ်ပေးနေတာပါ...။"

ဤအဖြေကို ကြားရသောအခါ ထျန်ဝမ်သည် အခမဲ့ အစီအစဉ်၏ မှန်ကန်မှုကို ပို၍ပင် ယုံကြည်သွားလေသည်။ ဆိုင်အသစ်တစ်ဆိုင် အနေဖြင့် ဖောက်သည်များကို ဆွဲဆောင်ရန် ဤကဲ့သို့ အစီအစဉ်မျိုး ပြုလုပ်ခြင်းမှာ လုံးဝ အဓိပ္ပာယ်ရှိသည်ဟု သူမ တွေးထင်ခဲ့လေသည်။

ထို့ကြောင့် ထျန်ဝမ်သည် ဤဆံပင်ညှပ်ဆိုင်၏ တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။

သို့သော် ထျန်ဝမ် ထိုင်လိုက်ပြီးနောက် ဆံပင်ညှပ်နေစဉ် တစ်ဝက်ခန့်အရောက်တွင် ဆံပင်ညှပ်ဆရာက သူမအား ပြောလာမည်ဟု လုံးဝ မထင်ထားခဲ့ပေ။

"မင်္ဂလာပါ...၊ လူကြီးမင်းရဲ့ အခမဲ့ စမ်းသပ်ကာလ ကုန်ဆုံးသွားပါပြီ...။ ဆက်ပြီး ညှပ်ချင်သေးတယ်ဆိုရင် (၆.၈) မီလီ ပေးရပါမယ်...။"

ဤစကားကို ကြားသောအခါ ထျန်ဝမ်မှာ အလွန် အံ့အားသင့်သွားလေသည်။

"ဘာ အခမဲ့ စမ်းသပ်ကာလလဲ...။ ဒီနေ့ ဆိုင်ဖွင့်တာမို့လို့ အကုန်လုံး အခမဲ့ဆို...၊ ပြီးတော့ ဆံပင်ညှပ်တာကို ဘာလို့ (၆.၈) လီ တောင် ပေးရတာလဲ...။"

ထျန်ဝမ် ဤမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ ပထမအချက်အနေဖြင့် အခမဲ့ဟု ပြောထားပြီးမှ ဆံပင်ညှပ်နေစဉ် တစ်ဝက်အရောက်တွင် အဘယ်ကြောင့် ရုတ်တရက် ပိုက်ဆံပေးရမည်ဟု ပြောင်းသွားရသနည်း။

သူမ၏ ဆံပင်မှာ တစ်ဝက်သာ တိုနေပြီး ကျန်တစ်ဝက်က မညှပ်ရသေးသဖြင့် အလွန် အရုပ်ဆိုးနေကာ အပြင် ထွက်ရန်ပင် ရှက်စရာ ကောင်းနေလေသည်။

ဒုတိယအချက်အနေဖြင့် ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက (၆.၈)လီ ဆိုသည်မှာ ယွမ် (၆၈၀) နှင့် ညီမျှနေခြင်းပင် ဖြစ်သည်။

ဤမျှ ရိုးရှင်းသော ဆံပင်ညှပ်ခြင်းအတွက် ထိုမျှများပြားသော ငွေကြေးကို ပေးရမည်ဆိုခြင်းမှာ လက်ခံရန် အလွန် ခက်ခဲလှလေသည်။

ထိုမျှလောက် ငွေကုန်မည်ဟု ကြားသောအခါ အမြဲတမ်း ခြွေတာတတ်သော ထျန်ဝမ်က ဆံပင်ဆက်မညှပ် တော့ကြောင်း ချက်ချင်းပင် ပြောလိုက်လေသည်။

ယခုအချိန်တွင် ဆံပင်တစ်ဝက်သာ တိုနေပြီး ကျန်တစ်ဝက်က မညှပ်ရသေးသဖြင့် အရုပ်ဆိုးနေကာ လမ်းပေါ် ထွက်လျှောက်ရန် ရှက်စရာကောင်းနေမည် ဖြစ်သော်လည်းပင် ဖြစ်သည်။

သို့သော် ဆံပင်ညှပ်ရန်အတွက် ထိုမျှလောက် ငွေအများကြီး သုံးရမည့်အစား ထျန်ဝမ်သည် လှည့်စားမခံရန်သာ ရွေးချယ်ခဲ့လေသည်။

သို့သော် ထျန်ဝမ် မတ်တတ်ရပ်၍ မထွက်ခွာမီမှာပင် ဆံပင်ညှပ်ဆရာက လေသံချက်ချင်း ပြောင်းသွားလေ သည်။

"တကယ်လို့ ဒီဈေးနှုန်းက မြင့်လွန်းတယ်လို့ ထင်ရင် ကျွန်တော်တို့ဆိုင်ရဲ့ အသင်းဝင် လုပ်လို့ရပါတယ်...။"

"အသင်းဝင်တွေက ဝန်ဆောင်မှုအားလုံးအတွက် (၉၀) ရာခိုင်နှုန်း လျှော့ဈေးရမှာမို့လို့ ဒီဆံပင်ညှပ်ခက (၆.၈)လီ ပဲ ကျသင့်မှာပါ...။"

"ပြီးတော့ ဒီနေ့မှ စဖွင့်တာမို့လို့ ငွေဖြည့်တဲ့ ပမာဏအတိုင်း အပို ထပ်ဆောင်းပေးဦးမှာပါ...။ ဒါကြောင့် ဒီဆံပင် ညှပ်ခက (၃) မီလီ ဒါမှမဟုတ် (၄) မီလီ လောက်ပဲ ကျတော့မှာပါ...။"

ထိုစကားကို ကြားသောအခါ ထျန်ဝမ် တွေဝေသွားလေသည်။

ဆံပင်ညှပ်ခ (၃) မီလီ သို့မဟုတ် (၄) မီလီ ဆိုသည်မှာ လက်ခံနိုင်စရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယွမ် (၃၀)၊(၄၀) ခန့်နှင့် ညီမျှနေသဖြင့် အတော်လေး သင့်တင့်သောကြောင့် ဖြစ်ချေသည်။

မှန်ထဲမှ တစ်ဝက်ရှည် တစ်ဝက်တို ဖြစ်နေသော သူမ၏ ဆံပင်ကို ကြည့်ရင်း ထျန်ဝမ်သည် ခေတ္တမျှ တွေဝေ သွားပြီးနောက် ဆံပင်ညှပ်ဆိုင်၏ အသင်းဝင်ဖြစ်ရန် ကမ်းလှမ်းချက်ကို လက်ခံလိုက်လေသည်။

ပထမဆုံးအနေဖြင့် အနည်းဆုံး သတ်မှတ်ချက်ဖြစ်သော တစ်လီကို ငွေဖြည့်လိုက်ရာ အပိုဆုအနေဖြင့် နောက် ထပ် တစ်လီ ရရှိသဖြင့် သူမ၏ ကတ်ထဲတွင် နှစ်လီ ရှိသွားလေသည်။ ၎င်းမှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆ တစ်သန်း မကျဆင်းမီက ယွမ် (၂,၀၀) နှင့် ညီမျှလေသည်။

နောင်တစ်ချိန်တွင်လည်း ဤဆိုင်၌ပင် ဆံပင်လာညှပ်ရန် သူမ တွေးလိုက်လေသည်။ အသင်းဝင် ဈေးနှုန်းမှာ သင့်တင့်သဖြင့် ငွေကုန်ရကျိုးနပ်သည် မဟုတ်ပါလား။

ကိစ္စပြီးဆုံးသွားပြီဟု သင် ထင်ကောင်း ထင်နိုင်သော်လည်း တကယ်တမ်းတွင် ဤဆံပင်ညှပ်ဆိုင်၏ အကြံ အစည်မှာ ယခုမှ စတင်ခြင်းသာ ဖြစ်ပြီး ထောင်ချောက်များစွာ စောင့်ကြိုနေသေးလေသည်။

ဆံပင်ညှပ်ခြင်း ပြီးဆုံးခါနီးတွင် ဆံပင်ညှပ်ဆရာက အခြားစကားတစ်ခွန်းကို ဆိုလာပြန်သည်။

"အစ်မကြီး...၊ အစ်မကြီးမှာ ဆံပင်ဖြူတွေ အများကြီးရှိနေတော့ အသက်ပိုကြီးသလို ဖြစ်နေတယ်...။"

"အခု အစ်မကြီးက ကျွန်တော်တို့ဆိုင်ရဲ့ အသင်းဝင် ဖြစ်နေပြီဆိုတော့ မိတ်ဆွေဈေးအနေနဲ့ တစ်မီလီတည်းနဲ့ ဆံပင်ဆေးဆိုးပေးပါ့မယ်....။"

ယခင်က တစ်ကြိမ် လှည့်စားခံခဲ့ရသဖြင့် ဤတစ်ကြိမ်တွင် ထျန်ဝမ်သည် သိသိသာသာ ပို၍ သတိထားလာကာ မေးလိုက်လေသည်။

"တကယ်ပဲ တစ်မီလီတည်းလား...။ ကျွန်မ အခုလေးတင် ငွေဖြည့်ထားတဲ့ အသင်းဝင်ကတ်ထဲကနေ ဖြတ်လို့ ရမလား...။"

ဆံပင်ညှပ်ဆရာက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။

"ရတာပေါ့...၊ စောစောက နားလည်မှု လွဲမှားတာတွေ ရှိခဲ့ပေမဲ့ တကယ်တော့ ကျွန်တော်တို့က သြတ္တပ္ပစိတ် ရှိပါတယ်...။ ကျွန်တော်တို့မှာလည်း အခက်အခဲတွေ ရှိလို့ နားလည်ပေးပါဦး...။"

"ဒီတစ်မီလီဆိုတာက မိတ်ဆွေဈေးဖြစ်သလို အစ်မကြီးကို တောင်းပန်တဲ့အနေနဲ့ လုပ်ပေးတာပါ...။ ဒီတစ်ကြိမ် တော့ စိတ်ချလက်ချသာ နေပါ…။ ကျွန်တော် ဘယ်လောက်ကောင်းအောင် လုပ်ပေးမလဲဆိုတာ စောင့်ကြည့် လိုက်ပါ...။"

ထျန်ဝမ်သည် အခြားသူများ၏ စိတ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုများကို အလွယ်တကူ ယုံကြည်တတ်သူ ဖြစ်သည်။ ဆိုင်ဖွင့်သူများအနေဖြင့် ပရိုမိုးရှင်း လှည့်ကွက်များ မရှိဘဲ ဖောက်သည်များကို ဆွဲဆောင်ရန် တကယ်ပင် မလွယ် ကူလှဟု သူမ တွေးမိလေသည်။

ယခုအခါ မိတ်ဆွေဈေးဖြင့် ကမ်းလှမ်းကာ တောင်းပန်လာသဖြင့် ပျောက်ဆုံးသွားသော ယုံကြည်မှုများက တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာလေသည်။

အဓိကအချက်မှာ ဤတစ်ကြိမ်တွင် 'ရှင်းလင်းစွာ သတ်မှတ်ထားသော ဈေးနှုန်း' ရှိနေပြီး ယခုလေးတင် ငွေဖြည့် ထားသော အသင်းဝင်ကတ်ထဲမှ ဖြတ်တောက်နိုင်ခြင်းပင် ဖြစ်သည်။

သူမ၏ အဖြူနှင့် အမည်း ရောနှောနေသော ဆံပင်များကို နောက်ဆုံးတစ်ကြိမ် ကြည့်ပြီးနောက် ထျန်ဝမ်သည် နောက်ဆုံးတွင် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ ပြုံးလျက် ဆိုလိုက်လေသည်။

"ကျွန်မ တစ်ခါမှ ဆံပင်မဆိုးဖူးဘူး...။ အကုန်လုံးကို အမည်းရောင် ဆိုးလိုက်ရင် ပိုပြီး လန်းဆန်းသွားမယ် ထင် တယ်...။"

ဆံပင်ညှပ်ဆရာ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး သူ၏ ရင်ဘတ်ကိုပုတ်ကာ ပြောလိုက် လေသည်။

"အစ်မကြီး... အစ်မကြီး ဆံပင်ကို အမည်းရောင် ဆိုးလိုက်ရင် အနှစ်နှစ်ဆယ်လောက် ပိုငယ်သွားမယ်ဆိုတာ ကျွန်တော် အာမခံတယ်...။ ပြီးတော့ ဟိုမိန်းကလေးငယ်လေးတွေထက် ဆွဲဆောင်မှု လျော့သွားမှာ မဟုတ် ဘူး...။"

ထျန်ဝမ်မှာ မြှူဆွယ်ခံရသဖြင့် ယခင်က ကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် အတွေ့အကြုံကို မေ့သွားကာ ဆံပင် ဆိုးခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေတော့သည်။

သူမ၏ ခေါင်းပေါ်သို့ ဆံပင်ဆိုးဆေး ဘူးများစွာကို ညှစ်ချလိုက်လေသည်။ သို့သော် ဤတစ်ကြိမ်တွင်လည်း လုပ်ငန်းစဉ် တစ်ဝက်အရောက်၌ ဆံပင်ညှပ်ဆရာက ရုတ်တရက် အသိပေးလာပြန်သည်။

"အစ်မကြီး...၊ အစ်မကြီးရဲ့ အသင်းဝင်ကတ်ထဲမှာ ပိုက်ဆံ ကုန်သွားပြီ...။ ဒီဆိုင်သစ်ဖွင့်ပွဲ ပရိုမိုးရှင်းကို အခွင့် ကောင်းယူပြီး နည်းနည်းလောက် ထပ်ဖြည့်လိုက်ပါလား...။"

ဤစကားကို ကြားသောအခါ ထျန်ဝမ်မှာ လန့်သွားပြီး ဗြုန်းစားကြီး အော်ပြောလိုက်လေသည်။

"ကျွန်မ ခုနလေးတင် တစ်လီ ဖြည့်ထားတာ မဟုတ်ဘူးလား...။ ပြီးတော့ အပိုဆုအနေနဲ့ နောက်ထပ် တစ်လီ ရသေးတာဆိုတော့ စုစုပေါင်း နှစ်လီလေ...။"

"ဆံပင်ညှပ်ခက (၆.၈) လီ၊ ဆံပင်ဆိုးခက တစ်လီဆိုတော့ အကုန်လုံးပေါင်းမှ (၁) လီနဲ့ (၆.၈) လီပဲ ရှိတာ လေ...။ ကျွန်မ ကတ်ထဲက ပိုက်ဆံတွေ ဘယ်လိုလုပ် ကုန်သွားရတာလဲ...။"

ထိုအခိုက်တွင် ဆံပင်ညှပ်ဆရာ၏ အပြုံးသည် တဖြည်းဖြည်း မကောင်းဆိုးဝါးဆန်လာကာ ပြောလိုက်လေ သည်။

"ဆံပင်ဆိုးတာက တစ်လီဆိုပေမဲ့ ဧရိယာအသေးလေး တစ်ကွက်ကို တစ်လီပါ...။ အစ်မကြီးက တစ်ခါမှ ဆံပင်မဆိုးဖူးဘူးလို့ ခုနကပဲ ပြောတယ်မလား...။ ဒါဆို ကျွန်တော် သင်ပေးမယ်...။"

"လူတိုင်းရဲ့ ဦးရေပြားကို ဧရိယာအကြီး (၁၂) ကွက်နဲ့ ဧရိယာအသေး (၁၂၀) ကွက် ခွဲခြားလို့ရပါတယ်...။ ဒါ ကြောင့် ဦးရေပြားတစ်ခုလုံးကို ဆိုးဖို့အတွက် (၁.၂) ဖန် ကျသင့်မှာပါ...။"

"ကျွန်တော်က အစ်မကြီးအတွက် တစ်ဝက်လောက် ဆိုးပေးပြီးသွားပြီလေ...။ ကတ်ထဲက နှစ်လီဆိုတာက ကုန်သွားတာ ကြာပေါ့....။ ဒါကြောင့် ဆက်ပြီး ဆိုးချင်တယ်ဆိုရင် ကတ်ထဲကို ငွေထပ်ဖြည့်ရပါမယ်...။"

"ဒါပေမဲ့ အရင်က ပြောခဲ့သလိုပဲ...။ ငွေဖြည့်တဲ့ ပမာဏအတိုင်း ပြန်ရမယ့် ဒီဆိုင်သစ်ဖွင့်ပွဲ ပရိုမိုးရှင်းနဲ့ဆိုရင် (၀.၅) ဖန် လောက် ဖြည့်လိုက်ရုံနဲ့ တစ်ဖန်နဲ့ ညီမျှမှာပါ...။ အရမ်း တန်တယ် မဟုတ်ဘူးလား...။"

ဤမျှ အဓိပ္ပာယ်မရှိသော စကားများကို ကြားပြီးနောက် ထျန်ဝမ်မှာ လုံးဝ လက်မခံနိုင်တော့ပေ။ သူမက ခေါင်း ပေါ်ရှိ အရာများကို သုတ်ပစ်ရန် လက်လှမ်းလိုက်ရင်း အော်ဟစ်လိုက်လေသည်။

"ငါ ဆံပင်ဆက်မဆိုးတော့ဘူး...။ နင်တို့က ဈေးကြီးပေးရအောင် လုပ်နေတာ...၊ လိမ်လည်နေတာ...၊ လူတွေကို လိမ်စားနေတာပဲ...။"

ဆံပင်ညှပ်ဆရာက သူမအား ချက်ချင်း ပြန်တားလိုက်လေသည်။

"ခင်ဗျားရဲ့ ဆံပင်ကို မထိခင် သေချာစဉ်းစားနော်...။ ကျွန်တော်တို့ရဲ့ ဆံပင်ဆိုးဆေးက အထူးပြုလုပ်ထားတာ...။ အကယ်၍ လုပ်ငန်းစဉ် တစ်ဝက်တစ်ပျက်မှာ ဖယ်ရှားလိုက်ရင် ဆံပင်တွေ ကျွတ်ပြီး ထိပ်ပြောင်သွားလိမ့်မယ်.။"

"ပြီးတော့ ခင်ဗျား ပိုက်ဆံ ပေးရဦးမယ်လေ...။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ခင်ဗျားအတွက် ပစ္စည်းတွေ သုံးထား ပြီးပြီ...။ ခင်ဗျား ပိုက်ဆံမပေးရင် ဒီနေ့ ဒီအခန်းထဲကနေ ထွက်မသွားရဘူး မှတ်...။"

လုပ်ငန်းစဉ် တစ်ဝက်တစ်ပျက်တွင် ဖယ်ရှားလိုက်ပါက ဆံပင်ကျွတ်မည်ဟု ကြားသောအခါ ထျန်ဝမ်မှာ ထိတ် လန့်သွားပြီး သူမ၏ ဆံပင်ကို မထိရဲတော့ပေ။

သူမ လိမ်လည်ခံရမှန်း သိသော်လည်း ဘာဖြစ်နေသည်ကို သိသွားပြီးနောက် ဆိုင်အတွင်းရှိ ဆံပင်ညှပ်ဆရာ ဆယ်ယောက်ကျော်ခန့် သူမထံ လျှောက်လာသည်ကို မြင်သောအခါ အကြောက်တရား ဝင်သွားခဲ့လေသည်။

ထို့ပြင် ဆံပင်ညှပ်နေကြသော ဖောက်သည်များဆိုသည်မှာလည်း သရုပ်ဆောင်များသာ ဖြစ်ကြသည်။ ၎င်းတို့ သည် တကယ်တမ်း၌ ဆံပင်ညှပ်ဆိုင်မှ လူများသာဖြစ်ပြီး အားလုံးက ခြိမ်းခြောက်နေသည့်ပုံစံ ပေါက်နေကာ တချို့က ၎င်းတို့၏ တက်တူးများကိုပင် ရည်ရွယ်ချက်ရှိရှိ ထုတ်ပြနေကြလေသည်။

လုံခြုံရေး အကြောင်းပြချက်များကြောင့် ထျန်ဝမ်မှာ သူမ၏ မိုဘိုင်းဖုန်းကို အသုံးပြု၍ နောက်ထပ် (၀.၅) ဖန် ပေးချေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

သူမက ထို (၀.၅) ဖန် ကို အလွယ်တကူ ပေးလိုက်သည်ကို မြင်သောအခါ ဆံပင်ညှပ်ဆရာ၏ မျက်နှာ အမူအရာ မှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ နှုတ်ခမ်းထောင့်များက ပို၍ ကျယ်ပြန့်သော အပြုံးတစ်ခု အဖြစ် ကွေး တက်သွားလေသည်။

နောက်ဆုံးတွင် ဆံပင်ဆိုးခြင်း ပြီးစီးသွားသောအခါ ထျန်ဝမ်သည် ဤလိမ်လည်သည့် ဆိုင်မှ အမြန်ဆုံး ထွက်ပြေးရန်သာ ချက်ချင်း တွေးလိုက်လေသည်။

သို့သော် သူမသည် ထပ်မံ တားဆီးခံရပြန်ပြီး ဆံပင်ညှပ်ဆရာက သူမအား ပြောလိုက်လေသည်။

"ဘာလို့ ထွက်ပြေးနေတာလဲ...။ ခင်ဗျား ဆံပင်ပေါင်းတင်ခ မပေးရသေးဘူးလေ...။ ပိုက်ဆံ မရှင်းဘဲ ပြေးဖို့ ကြိုးစားနေတာလား...။"

ထျန်ဝမ်မှာ တုန်လှုပ်သွားလေသည်။

"ဘာ...၊ ဘာ ပေါင်းတင်ခလဲ...။ ငါ ဘာပေါင်းတင်တာမှ မလုပ်ခဲ့ဘူးလေ...။"

ဆံပင်ညှပ်ဆရာက တခစ်ခစ် ရယ်မောလိုက်လေသည်။

"ခင်ဗျားရဲ့ ဆံပင်ကို ဆိုးပြီးလို့ အကာအကွယ်အလွှာကို ဖယ်ရှားတုန်းက ဆံပင်ပေါင်းတင်တာကို တစ်ပြိုင်နက် တည်း လုပ်ပေးခဲ့တာလေ...။ ဘာလဲ...၊ ခင်ဗျားက ပိုက်ဆံမပေးဘဲ ငြင်းချင်လို့လား...။"

ထျန်ဝမ်မှာ ငိုလုမတတ် ဖြစ်သွားလေသည်။

"ငါ...၊ ငါက ဆံပင်ပေါင်းတင်ဖို့ မတောင်းဆိုခဲ့ဘူးလေ...။ ပြီးတော့ နင်...၊ နင်က ကြိုတင်ပြီးလည်း မပြောခဲ့ ဘူး...။"

ဆံပင်ညှပ်ဆရာက သူမအား ခြိမ်းခြောက်သည့် ဟန်ဖြင့် ကြားဖြတ် ပြောလိုက်လေသည်။

"ဒီဆံပင်ဆိုးတာနဲ့ ပေါင်းတင်တာက အစုံလိုက် လုပ်ရတာလေ...။ ကျွန်တော် ထပ်ပြောစရာ လိုသေးလို့လား... ။ ခင်ဗျား တစ်ခါမှ ဆံပင်မဆိုးဖူးဘူး ဆိုတာနဲ့ပဲ ပိုက်ဆံပေးဖို့ ငြင်းလို့ မရဘူးလေ...။"

သူသည် ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် လေသံကို ပြော့ပျောင်းသွားစေကာ ချော့မော့ဖြားယောင်းရန် စတင် လိုက်လေသည်။

"ဆံပင်ပေါင်းတင်တာက မဈေးကြီးပါဘူး...။ ပြီးတော့ ကျွန်တော်က နာမည်ကြီး အနုပညာရှင် တော်တော် များ များရဲ့ ဆံပင်တွေကို ပုံသွင်းပေးခဲ့တာ...။ မယုံရင် စုံစမ်းကြည့်လိုက်...၊ ဖျော်ဖြေရေးလောကမှာ ကျွန်တော် တိုနီ ကို မသိတဲ့သူ ဘယ်သူရှိလဲလို့...။"

"အစ်မကြီး...၊ အစ်မကြီးက ဒီပိုက်ဆံလေး နည်းနည်းသုံးရုံနဲ့ ဟိုနာမည်ကြီး အနုပညာရှင်တွေလိုမျိုး တူညီတဲ့ ဝန်ဆောင်မှုကို ခံစားရမှာနော်...။ အဲ့ဒါ အရမ်း မတန်ဘူးလား...။"

"ကောင်းပြီ...၊ အလုပ်ကိစ္စကိုပဲ ဆက်ပြောကြရအောင်...။ ဆံပင်ပေါင်းတင်ခက တစ်မိုက်ခရို ပါ...။"

'တစ်မိုက်ခရို ဆိုသော စကားလုံးကို ကြားသောအခါ ထျန်ဝမ်သည် တစ်ဖက်လူက ရုတ်တရက် စိတ်ပြောင်း သွား လေ သလားဟု ခဏတာ တွေးမိသွားလေသည်။

အဘယ်ကြောင့်ဆိုသော် တစ်မိုက်ခရို ဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက တစ်ယွမ် နှင့်သာ ညီမျှသောကြောင့် ဖြစ်သည်။

သို့သော် ထိုသို့ဖြစ်ရန် မဖြစ်နိုင်ပေ။ အမှန်တကယ်မှာ ဆံပင်ညှပ်ဆရာ တိုနီက သက်ပြင်းချကာ ဆက်ပြောလိုက် ခြင်း ဖြစ်သည်။

"တစ်မိုက်ခရို ဆိုတာ ဆံပင်တစ်ပင်ကို ပြောတာပါ...။"

"ပုံမှန်လူတစ်ယောက်မှာ ဆံပင်ပေါင်း တစ်သိန်းလောက် ရှိတာဆိုတော့ စုစုပေါင်း တစ်ဖန်လောက် ကျသင့် မှာ ပါ...။"

"ပြီးတော့ အစ်မကြီးက အရမ်း ကံကောင်းတယ်... ဘာလို့လဲဆိုတော့ အစ်မကြီးက ကျွန်တော်တို့ဆိုင်ရဲ့ အသင်း ဝင် ဖြစ်နေလို့ ဆိုင်သစ်ဖွင့်ပွဲ ပရိုမိုးရှင်းက အစ်မကြီးအတွက် အကျုံးဝင်နေတုန်းပဲလေ...။"

"ဒါဆိုရင် အစ်မကြီးအနေနဲ့ နောက်ထပ် (၀.၅) ဖန် ထပ်ဖြည့်ဖို့ပဲ လိုတော့တယ်...။ ကျွန်တော့်ရဲ့ လေးစားရပါ သော အသင်းဝင်ကြီးခင်ဗျာ...။"

All Chapters